← Chapters

အခန်း (၁၅၂)

Vol. 11 Ch. 152

အခန်း (၁၅၂)

Vol. 11 Ch. 152

“ကောင်းပြီလေ စမ်းကြည့်တာပေါ့…”

မုန့်ချီ၏အဖြေကြောင့် ဝူချင်းရှင်၊ ရှန့်ကွမ်းဟန်နှင့် တခြားသူများအားလုံးလည်း ထူးဆန်းသွားသလို ခံစားလိုက်ကြရသည်။ ပုံမှန်အားဖြင့်ဆိုလျှင် မုန်ချီသည် စိန်ခေါ်သူထံမှ သင်ယူရန် အခွင့်အရေးတစ်ခု ရရှိသည့်အတွက် နှိမ့်ချ၍ ပြောဆိုသင့်ပေသည်။ သို့သော် သူ၏အဖြေမှာ စိန်ခေါ်မှုကို တိုက်ရိုက်လက်ခံသည့် သဘောမျိုးဖြစ်နေ၏။

လော်ချိုးရှန့်က မုန့်ချီကို ဖိတ်ခေါ်လိုက်ခြင်းအတွက် သူတို့အနေဖြင့် ထူးဆန်းသည်ဟု မခံစားရချေ။ ချင်တောင်ဓားဂိုဏ်းအနေဖြင့် ၎င်းတို့ဂိုဏ်း၏ ဓားသိုင်းပညာများအား တခြားသော ဂိုဏ်းများ မြင်တွေ့ခွင့်ရနိုင်စေရန် တပည့်(၃)ယောက်ကို ခွင့်ပြုပေးထားကြောင်း သိနေကြပေသည်။

ထို့ကြောင့် ဤနေရာတွင် ရှိနေသည့် လူတိုင်းက ထို(၃)ယောက်၏ ရွေးချယ်ခြင်းကို ခံရမည်မှာ ပုံမှန်သာ ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ ချင်တောင်ဓားဂိုဏ်မှ တပည့်(၃)ယောက်နှင့် လက်ရည်စမ်းခွင့်မရရှိခဲ့သည့်အတွက် လူတော်တော်များများ စိတ်ပျက်နေကြ၏။ သူတို့အနေဖြင့် ထိုကဲ့သို့ ပြိုင်ပွဲတစ်ခုကို ရှုံးနိမ့်သွားခဲ့လျှင်လည်း ရှက်စရာ မရှိချေ။

မုန့်ချီ၏အဖြေကြောင့် ဟွမ်ယွင်ကလည်း အနည်းငယ် အံ့သြသွားခဲ့ရသည်။ သို့သော် နေရာဒေသအလိုက် လေသံများ မတူညီနိုင်ကြောင်း သူက နားလည်ထားသည်။ သူ၏စကားသံအရ နယ်မြေခံတစ်ဦး မဟုတ်ကြောင်း သိသာနေ၏။

နင်ကျိတောင်နှင့် ကျန်းကျိဖန်းတို့ကတော့ ဟွာတျန်းကီနှင့် ကောင်းကင် ဆန်းကြယ်ကျောက်တုံးတို့ကိုသာ အလေးထားနေကြသည့်အတွက် သိုင်းပြိုင်ပွဲကို ဂရုမစိုက်ကြပေ။

ခဏကြာ မှင်တက်သွားပြီးနောက် လော်ချိုးရှန့်က ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး သူ၏ဓားနှင့် ဖိတ်ခေါ်သည့် ပုံသဏ္ဍာန် လုပ်ဆောင်လိုက်သည်။

“ဒီကသခင်လေး …ငါတို့စပြီး ယှဉ်ပြိုင်ကြတာပေါ့… “

မုန့်ချီက “ချွင်”ကနဲ အသံတစ်ခုနှင့်အတူ ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်လိုက်သည့် အတွက် အနီးအနားရှိ လူတိုင်း အေးစက်သွားသလို ခံစားလိုက်ရသည်။

မုန့်ချီက သက်တောင့်သက်သာ အမူအရာဖြင့် ပြောလိုက်၏။

“ကောင်းပြီလေ စကြတာပေါ့…”

သူ၏ဓားသိုင်းကွက်ကို မြင်တွေ့လိုက်ရချိန်တွင် ရပ်ကြည့်နေကြသူများက မျက်မှောင်ကြုတ်လိုက်မိကြသည်။ ဓားကွက်များမှာ လျော့တိလျော့ရဲဖြင့် ဓားသိုင်းတစ်ခုဟုပင် သတ်မှတ်၍ မရနိုင်ပေ။

ရေခဲပေါ်တယ်ဓားကို မြင်လိုက်ရသည့် အချိန်တွင် ဟွမ်ယွင်က လျှို့ဝှက်အသံပို့နည်းဖြင့် လော်ချိုးရှန့်ကို ချက်ချင်း ပြောလိုက်သည်။

“သတိထား.. သူ့မှာ သန့်စင်လက်နက် တစ်ခုရှိတယ်။ သူက မင်းထင်ထားသလို ပေါ့သေးသေးထဲက မဟုတ်နိုင်ဘူး…”

သန့်စင်လက်နက်ဟူသည်မှာ အဖိုးတန်လက်နက်များကဲ့သို့ ရှားပါးမှု မရှိသော်လည်း သိုင်းလောက၌ နာမည်ကျော်များသာ သုံးကြသည်။ ချင်တောင်ဓားဂိုဏ်းထဲရှိ ခေါင်းဆောင်၊ အကြီးအကဲများနှင့် သူ့လို လက်ရင်းတပည့်အနည်းငယ်ကသာ သန့်စင်လက်နက်များ ပိုင်ဆိုင်ထားခြင်းကြောင့် သူတို့အတွက် သာမန်သာဖြစ်သည်။

အခြားသူများကတော့ မီးတစ်ရာလက်နက် သို့မဟုတ် ငွေစ တစ်ရာပေး၍ ဝယ်ရသော လက်နက်များကိုသာ ပိုင်ဆိုင်ထားကြသည်။ ထိုလူငယ်က ပျော့ညံ့သယောင် ထင်မှတ်ရသော်လည်း သန့်စင်လက်နက်တစ်ခု ပိုင်ဆိုင်ထားသည်မှာ သာမာန်မဟုတ်ချေ။

သို့တိုင်အောင် သူ့အနေဖြင့် အလွန်အကျူးသတိထားနေခြင်း မရှိပေ။ သူက သူ၏ ဂိုဏ်းတူညီလေး လော်ချိုးရှန့်အပေါ် အလွန်ယုံကြည်ချက်ရှိသည်။ သူတို့၏ ခေါင်းဆောင်က ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို အားကိုးပြီး တိမ်ပျံဓားသိုင်း၊ အရိပ်တန်ပြန်ဓားသိုင်းနှင့် လက်ညှိုးလေလှိုင်း ဓားသိုင်းတို့ကို ပြန်လည်မွမ်းမံပေးထားသည့်အတွက် ချင်တောင်ဓားဂိုဏ်း၏ သိုင်းပညာများမှာ ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေပြီဖြစ်သည်။

ထို့ပြင် သူ၏ဂိုဏ်းတူညီလေးကလည်း အရိပ်တန်ပြန်ဓားသိုင်းကို ပြီးပြည့်စုံစွာ ကျွမ်းကျင်နေပြီဖြစ်၏။ သာမန်သိုင်းပညာရှင် တစ်ယောက်နှင့် ရင်ဆိုင်ရမည်ဆိုလျှင် သူက အလွယ်တကူ အနိုင်ရသွားပါလိမ့်မည်။

မုန့်ချီ၏ နောက်ထပ်လှုပ်ရှားမှုကြောင့် သူက မျက်မှောင်ကြုတ်လိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ ဓားကွက်မှာ ရိုးရှင်းပြီး အားနည်းသော်လည်း အနည်းငယ် ထူးဆန်းနေ၏။

ပထမတွင် မုန့်ချီက သန့်စင်လက်နက် ထုတ်လိုက်သည့်အတွက် ဝူချင်းရှင်နှင့် ရှန့်ကွမ်းဟန်တို့က သူ့ကို အထင်ကြီးနေကြသည်။ သို့သော် ကလေးဆန်သည့် ဓားကွက်ကို မြင်သည့်အခါ သူတို့၏စိတ်ထဲတွင် ရှုပ်ထွေးသွားကြ၏။

ဂိုဏ်းတူအစ်ကိုကြီး၏ သတိပေးချက်ကို ကြားသည့်အခါ လော်ချိုးရှန့်က အနည်းငယ် ထူးဆန်းသွားမိသည်။ သို့သော် ထိုလူ၏ ဓားကွက်မှာ သာမန်ဓားသိုင်းတစ်ခုသာ ဖြစ်နေ၏။ သူ၏ဓားကွက်တွင် အားနည်းချက်များ ရှိနေပုံရသည်။

သူက ထိုအားနည်းချက်ကို ဖြေရှင်းတော့မည့်အချိန်တွင် ဓား၏ဦးတည်ချက်က လျင်မြန်စွာ ပြောင်းလဲသွားသည်။ သူက စတင်တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် ဓား၏ ဦးတည်ချက်က ဆက်တိုက်ပြောင်းလဲနေသည့်အတွက် နဖူးမှ ချွေးစေးများပင် ကျလာနေ၏။ မုန့်ချီ၏ဓားက သူ့အနားသို့ ချဉ်းကပ်လာချိန်ထိအောင် သူက ဆုံးဖြတ်ချက်ကို ပြတ်သားစွာ မချနိုင်သေးချေ။

ဟွမ်ယွင်နှင့် အခြားသူအားလုံးကလည်း အံ့ဩမှင်တက်နေကြသည်။ လော်ချိုးရှန့်က မုန့်ချီ၏ ဓားသိုင်းကွက်ကို တုန့်ပြန်နိုင်ခြင်းမရှိဘဲ ရပ်နေခဲ့ခြင်းကြောင့် ဖြစ်၏။

“အဟမ်း …..”

ဟွမ်ယွင်က ချောင်းဟန့်လိုက်သည့်အတွက် လော်ချိုးရှန့်လည်း အိပ်မက်ဆိုးထဲမှ ရုတ်တရက် နိုးထလာနိုင်ခဲ့သည်။ လော်ချိုးရှန့်က သူ့အနားသို့ ရောက်လာသော ဓားကိုကြည့်ပြီး ပြိုင်ဘက်၏ ထူးခြားသော လှုပ်ရှားမှုအပေါ် အလေးမထားတော့ဘဲ သူ၏ ကိုယ်ပိုင်သိုင်းကွက်နှင့် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချလိုက်၏။

လော်ချိုးရှန့်က သူ့ဓားကို စက်ဝိုင်းသဖွယ် လှည့်ပတ်လိုက်ပြီး မုန့်ချီ၏ဓားကို ကာကွယ်ရန် ကြိုးစားလိုက်၏။ သူ့ဓားက စက်ဝိုင်းတစ်ခုသဖွယ် ဖြစ်နေပြီး ပြောင်းလဲမှုများစွာဖြင့် အလွန်လှပနေသည်။ ထို့ကြောင့် ဝူချင်းရှင်၊ ရှန့်ကွမ်းဟန်နှင့် ဟွာတျန်းကီတို့ကပင် တိတ်တဆိတ် ချီးကျူးလိုက်မိကြသည်။

လော်ချိုးရှန့်သင်ယူထားသော အရိပ်တန်ပြန် ဓားသိုင်းက ကောင်းကင်ဆန်းကြယ် ကျောက်တုံးကိုသုံးပြီး နင်ကျိတောင် ပြန်လည်အဆင့်မြှင့်တင်ထားသည့် ဓားသိုင်းတစ်ခု ဖြစ်ပေသည်။ ခန္ဓာကိုယ်မှာ ငှက်တစ်ကောင်းအလား ပေါ့ပါးသွက်လက်၍ သူ၏ အရှိန်က ဆက်တိုက်ပြောင်းလဲနေ၏။

တောင်(၃)လုံး မြစ်(၄)သွယ်တွင် ရှိနေသော ပညာရှင်များစွာကို ဆက်တိုက်အနိုင်ရခဲ့ပြီးနောက် သူက နာမည်ကျော်ကြားလာခဲ့ခြင်း ဖြစ်သည်။ ယခုတော့ သူက မုန့်ချီနှင့် တိုက်ခိုက်ရန် အစွမ်းကုန်ကြိုးစားနေရ၏။ ထို့ကြောင့် အခြားလူများ အမြင်ကျယ်လာရသည်။

မုန့်ချီကတော့ လော့ချိုးရှန့်၏ အရှိန်အဟုန်အား သူ့ဓားနှင့် အေးအေးဆေးဆေး ရင်ဆိုင်နေသည်။ ထို့နောက် လော်ချိုးရှန့်ဆီသို့ သူ၏ဓားနှင့် ဆတ်ခနဲ လှမ်းထိုးလိုက်သည်။ ထိုလှုပ်ရှားမှုက လော်ချိုးရှန့်၏ ဓားအရှိန် ပျက်ပျယ်သွားချိန်ကို တိတိကျကျ ထိုးလိုက်ခြင်းဖြစ်၏။

လည်ပတ်နေသော ဓားစက်ဝိုင်းက ချက်ချင်း ပျောက်ကွယ်သွားသည့်အတွက်လော်ချိုးရှန့်က သူ့ဓားကို ရုတ်သိမ်းပြီး အလျင်အမြန် ခုခံလိုက်ရသည်။ တဖန် မုန့်ချီက ဓားကို ဝှေ့ယမ်းပြီး လက်ကောက်ဝတ်ကို ထိုးလိုက်ခြင်းကြောင့် သူက နောက်သို့ပြန်ဆုတ်သွားလိုက်ရပြီး နောက်တစ်ကြိမ် ဓားကွက်ပြောင်းလိုက်ရပြန်သည်။

သူက သိုင်းကွက်များ ပြောင်းလဲနေသော်လည်း မုန့်ချီက သူ့ဓားကို ထူးဆန်းစွာ လှုပ်ရှားလိုက်ပြီး ဘေးနှစ်ဖက်တွင် ပေါ်နေသော သူ၏ဟာကွက်များသို့ တည့်မတ်စွာ တိုက်ခိုက်လိုက်သည်။

ထိုအရာကို မြင်သည့်အခါ လော်ချိုးရှန့်က အရိပ်တန်ပြန် ဓားသိုင်း၏ ထူးခြားသော အကာအကွယ်သိုင်းကွက်များကို သုံးပြီး ခုခံနေရသည်။ သူက ဓားစက်ဝိုင်းသဖွယ် ဖန်တီးပြီး သူ၏ဟာကွက်များကို ကာကွယ်ချင်နေခဲ့၏။

နောက်ဆုံး သူက နောက်သို့ တစ်ဝက်သာ ဆုတ်ရသေးသည့်အချိန်တွင် ရောက်တတ်ရာရာ ထိုးလိုက်သည်ဟု ထင်မှတ်ရသော မုန့်ချီ၏ ဓားက သူ့လက်ကောက်ဝတ်သို့ တည့်တည့် ရောက်လာခဲ့သည်။

“ချွမ် …….”

မုန့်ချီ၏ဓားဦးက လော်ချိုးရှန့်၏ လက်ကောက်ဝတ်ကို ထိုးစိုက်မိသွားပြီး လက်ထဲမှ ဓားလွတ်ကျသွားသည်။

ဓားလွတ်ကျသွားရာမှ ထွက်ပေါ်လာသောအသံက ပွဲကြည့်ပရိတ်သတ်များ၏ နှလုံးသားကို ထိုးစိုက်သွားသကဲ့သို့ ခံစားလိုက်ကြသည်။ သူတို့အားလုံးက ပုံရိပ်ယောင်တစ်ခုထဲမှ နိုးထလာသူများသကဲ့သို့ ခံစားနေကြရသည်။

ငယ်ရွယ်သော ဓားသမားတစ်ယောက်ဖြစ်သည့် လော်ချိုးရှန့်က ငန်းတက်ဓား ဟူသော နာမည်ကို ရရှိထား၏။ သို့တိုင်အောင် ထူးဆန်းစွာ ရှုံးနိမ့်သွားခဲ့ပေသည်။

“သူက အရိပ်တန်ပြန်ဓားသိုင်းကို ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်လေ။ လျင်မြန်ဖြတ်လတ်ပြီး ကြောက်စရာ အရှိန်အဟုန်လည်း ရှိတယ် ။ အခုတော့ သူ့ပုံစံက လှည့်ပတ်ပြေးနေတဲ့ ကြက်မကြီးလိုပဲ။ မုန့်ချီကတော့ ခံစစ်တောင် မသုံးလိုက်ရဘူး…”

သူတို့အားလုံးက လော်ချိုးရှန်ကို ဝိုင်းဝန်းပြောဆိုနေကြသော်လည်း မုန့်ချီ၏ဓားပညာကို အံ့ဩနေကြသည်။ သူ့ပုံစံက ဓားပညာ ကျွမ်းကျင်သည်ဟု မထင်ရဘဲ ကလေးဆန်ဆန် ဟိုခုတ် ဒီခုတ်သာ ထင်မှတ်ရ၏။ ဓားကို ရောက်တတ်ရာရာ ဝှေ့ယမ်း တိုက်ခိုက်နေခြင်းဖြစ်ပြီး ဓားကွက်ပုံသဏ္ဍာန်ပင် ရှိပုံမပေါ်ချေ။ မုန့်ချီ၏ လှုပ်ရှားမှုများကို ဓားသိုင်းကွက်တစ်ခုဟုပင် သတ်မှတ်၍မရပေ။

ထိုကဲ့သို့သော လှုပ်ရှားတိုက်ခိုက်ခဲ့သည့် ဓားချက်က လော်ချိုးရှန့်ကဲ့သို့သော ငန်းတက်ဓား ဘွဲ့ရ ဓားသမားတစ်ယောက်ကို အနိုင်ရသွားခဲ့သည်။ ထိုကဲ့သို့သော ဓားသိုင်းမှာ မည်ကဲ့သို့သော အရာပေနည်း။

မုန့်ချီအနေဖြင့် အဆင့်မြင့်ဓားသမားတစ်ယောက်ကို ကံကောင်းခြင်း တစ်ခုဖြင့် အနိုင်ရရှိသွားသည်ဟု မည်သူမျှ မယုံကြည်နိုင်ကြချေ။ ထိုကဲ့သို့ ဓားသိုင်းကွက်ကို ထိပ်တိုက်ရင်ဆိုင်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။

ဟွမ်ယွင်ကတော့ မျက်နှာပျက်နေပြီး သူတို့၏တိုက်ပွဲကို ပြန်လည် စဉ်းစားပုံဖော်ကြည့်နေခဲ့သည်။ မုန့်ချီ၏ လှုပ်ရှားမှုတိုင်းက ဂိုဏ်းတူညီလေး၏ အားနည်းချက်များကို တည့်တည့် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့ပြင် တိုက်ခိုက်သည့် အချိန်တိုင်း တည့်တိုးတိုက်ခိုက်ခြင်းဖြစ်သည့်အတွက် ဂိုဏ်းတူညီလေးက ကြိုတင်ပြင်ဆင်၍ မရနိုင်ချေ။

“သူက အရိပ်တန်ပြန် ဓားသိုင်းကို သေချာနားလည်ထားတာများလား ….”

ဟွမ်ယွင် စိတ်ထဲတွင် တွေးလိုက်မိသည်။ လော်ချိုးရှန့်က ဓားသိုင်းကွက်များ အသုံးပြုရာတွင် နှေးကွေးကြောင်း သူသိနေသည်။ ထို့ကြောင့် ဤကဲ့သို့သော ပြိုင်ဖက်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် ဝမ်းနည်းဖွယ် အဆုံးသတ်သာ ရရှိနိုင်၏။

နင်ကျိတောင်နှင့် ကျန်းကျိဖန်းတို့ နှစ်ယောက်စလုံးကလည်း သူတို့ကို လှည့်ကြည့်လိုက်ကြသည်။ သူတို့က ပြိုင်ပွဲကို ကြည့်ချင်နေသေးသော်လည်း ပြိုင်ပွဲက အဆုံးသတ်သွားပြီဖြစ်သည်။ ထို့ပြင် သူတို့ မျှော်လင့်ထားခဲ့သော လော်ချိုးရှန့်က တိုက်ပွဲတွင် ရှုံးနိမ့်သွားခဲ့၏။

လော်ချိုးရှန့်အလွန်စိတ်ပျက်နေခဲ့သည်။ သူကတော့ ပြိုင်ဖက်၏ သိုင်းကွက်များကို အဖြေမရှာနိုင်သေးခင် သူ၏သိုင်းကွက်များ ချိုးဖျက်ခံခဲ့ရသည်။ ထို့ကြောင့် သူ့လည်ပင်းပြတ်မသွားသည်မှာပင် အလွန်ကံကောင်းသည်ဟု ဆိုနိုင်၏။

“ငါ့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..”

မုန့်ချီက ဓားသွားကို အောက်စိုက်လိုက်ပြီး အပြုံးနှင့် ဦးညွှတ်လိုက်သည်။

သူက တုကူးဓား(၉)ကွက်၏ အခြေခံကို နားလည်လာသည့်အချိန်ကစပြီး အကြောင်းအရာတစ်ခုကို နားလည်သွားခဲ့သည်။ တစ်စုံတစ်ခု နားလည်ခြင်းမှသည် အခု(၁၀၀)ကို ရှင်းလင်းသွားစေနိုင်၏။ ထို့ကြောင့် သူ၏ဓားပညာကလည်း လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဟုန်ချိုးဓားသိုင်းကို အပြီးသတ် ကျွမ်းကျင်လာသလို၊ ကျိုးမိသားစု၏ ဓားမြန်သိုင်းကိုလည်း ကျွမ်းကျင်လာခဲ့သည်။

သို့သော် သူနားလည်ထားသော အရာအားလုံးကို သူ၏ ကိုယ်ပိုင်သိုင်းကွက်အဖြစ် ပြောင်းလဲပစ်ခဲ့၏။ ပြိုင်ပွဲ၌ သူ အသုံးချခဲ့သောအရာမှာ သူ၏ကိုယ်ပိုင် ဓားသိုင်းပညာကို သုံးလိုက်ခြင်းပင် ဖြစ်သည်။ ဤအရာက သူ၏အောင်မြင်မှုကို သက်သေပြနိုင်ခြင်းလည်း ဖြစ်၏။

ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း သိုင်းကွက်များက အလွန်အရေးပါသည်။ မုန့်ချီကတော့ သူ၏ကိုယ်ပိုင်ဓားသိုင်းကွက်နှင့် အဆင့်မြင့်သော ပညာရှင်များကိုပင် စိန်ခေါ်နိုင်မည်ဟု တွေးထားခဲ့၏။ အကယ်၍ သူက စိတ်ဝိညာဉ်လွှဲပြောင်းမှု ရရှိထားသော ရန်သူများနှင့် တွေ့ရသည့်အချိန်တွင်တော့ အနတ္တကျိန်စာဖျက် ဓားပညာကို အားကိုး၍ ရနိုင်သေးသည်။

အဘယ်ကြောင့်ဆိုသော် တုကူးဓား(၉)ကွက်တွင် စိတ်ဝိညာဉ်ချေဖျက်ခြင်း သိုင်းကွက်နှင့် ကမ္ဘာမြေချေဖျက်ခြင်း သိုင်းကွက်များ ပါဝင်နေခြင်း မရှိချေ။ အကယ်၍သာ သူကသာ ဓားသိုင်းပညာ၏ အနှစ်သာရများနှင့် နိယာမများ အားလုံးကို နားလည်သွားမည်ဆိုလျှင် သူ၏ကိုယ်ပိုင်ဓားသိုင်းပညာများကိုသာ အားကိုးနိုင်ပေလိမ့်မည်။

“မင်းရဲ့အစွမ်းက ငါ့ထက် အဆပေါင်းများစွာ ပိုသာတယ်…။ မင်းနဲ့ယှဉ်လိုက်ရင် ငါက တော်တော်နိမ့်ကျသေးတယ်လို့ ခံစားရတယ် … “

လော်ချိုးရှန့်က သူ့ဓားကို ပြန်ကောက်ပြီး ဟွမ်ယွင်၏အနားသို့ လျှောက်သွားခဲ့သည်။

ခန်းမကြီးထဲတွင်တော့ တိတ်ဆိတ်နေခဲ့သည်။ ထိုကဲ့သို့သော ရလဒ်တစ်ခု ထွက်လာမည်ဟု ဟွာတျန်းကီနှင့် အခြားသူများကလည်း မထင်ထားခဲ့ကြချေ။ မထင်ထားသောရလဒ်နှင့် ထူးဆန်းသော တိုက်ပွဲကြောင့် သူတို့အစွမ်းကို ခန့်မှန်းကြည့်ရန်ပင် ခက်ခဲနေကြ၏။

ဟွမ်ယွင်က ခန်းမအလယ်တွင် ရပ်နေသော မုန့်ချီကို ကြည့်ပြီး ခဏကြာစဉ်းစား၍ ပြောလိုက်သည်။

“ညီလေးတောင်…

ကျေးဇူးပြုပြီး မုန့်ချီနဲ့ လက်ရည်စမ်းကြည့်နိုင်မလား…”

ညီလေးတောင်၏ လက်ညှိုးလေလှိုင်း ဓားသိုင်းက အလွန်ထူးဆန်းသည်။ မုန့်ချီက မမြင်ဖူးသည့်အတွက် ဟာကွက်များကို ရှာနိုင်လိမ့်မည် မဟုတ်ချေ။

တောင်ကန်ကလည်း သူ့အစ်ကိုကြီး၏ သဘောထားကို နားလည်နေသည်။ သူက ခါးတွင် မြွေတစ်ကောင်ကဲ့သို့ ပတ်ထားသော ဓားပျော့ကို ချွတ်လိုက်ပြီး မုန့်ချီကို ပြောလိုက်၏။

“ငါတို့က လက်ရည်စမ်းဖို့ ဆန္ဒရှိလား…”

“ကောင်းပြီ…”

မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

တောင်ကန်က လော်ချိုးရှန့်၏တိုက်ပွဲမှ သင်ခန်းစာများ ရထားသည်။ သူက မုန့်ချီကို အရင်ဆုံး တိုက်ခိုက်ခွင့်မပေးခဲ့ဘဲ သူ့ဓားနှင့် မုန့်ချီ၏မျက်နှာကို လှမ်းထိုးလိုက်သည်။ သို့သော် လမ်းတစ်ဝက်တွင် ရပ်လိုက်ပြီး မထင်မှတ်ထားသော ပုံစံဖြင့် ဓားကို ကွေး၍ မုန့်ချီ၏ ဘယ်ပုခုံးကို ထိုးစိုက်လိုက်သည်။

“အားးး…”

ဝူချင်းရှင်က ပါးစပ်ကို လက်နှင့်အုပ်ပြီး အော်လိုက်မိသည်။ မုန့်ချီက သူမ၏ဧည့်သည် ဖြစ်နေသည့်အတွက် သူမကတော့ သူ့ဘက်တွင် ရပ်တည်ပေးရမည် ဖြစ်သည်။

မုန့်ချီက သူ့ဓားကို ဆွဲမထုတ်ဘဲ တောင်ကန်၏ဓားချက်ကို ရှောင်တိမ်းရန် နောက်သို့ ခြေတစ်လှမ်းပြန်ဆုတ်လိုက်သည်။

တောင်ကန်ကတော့ ပထမဆုံးဓားချက်ကို အခွင့်ကောင်းယူပြီး သူ၏ဓားပျော့ကို ဖြေချလိုက်သည်။ သူ့ဓားက သာမန်ဓားများနှင့် အတော်လေးကွာခြား၏။ ထူးဆန်းပြီး ခန့်မှန်း၍မရနိုင်ပေ။

မုန့်ချီက အပြုံးနှင့် နောက်တစ်ကြိမ် နောက်ဆုတ်သွားလိုက်ပြန်သည်။ ထို့နောက် သူ့ဓားနှင့် တောင်ကန်၏ဓားပျော့ဆီကို လှမ်းထိုးလိုက်သည်။ သူထိုးလိုက်သည့်နေရာကလည်း ဓား၏ (၃)ပေ (၃)လက်မတိတိ နေရာဖြစ်သည်။

တောင်ကန်၏ဓားပျော့က ခေါင်းကို အဖမ်းခံလိုက်ရသည့် မြွေတစ်ကောင်အလား ဖြစ်သွားပြီး လက်ထဲမှ နာကျင်စွာ လွတ်ကျသွားခဲ့သည်။ ဓား၏အရှိန်အဝါ ပျောက်ကွယ်သွားချိန်တွင် အရာအားလုံးက တည်ငြိမ်သွားခဲ့သည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

တောင်ကန်က နေရာတွင် ကြောင်၍ရပ်နေမိသည်။ သူ၏ လက်ညှိုး လေလှိုင်းဓားသိုင်းက ဘာကြောင့် မုန့်ချီ၏ သာမန်ဓားသိုင်းကွက်လေးကိုပင် ခံနိုင်ရည် မရှိရသနည်း။

ထိုဓားကွက်က ကောင်းကင်ဆန်းကြယ်ကျောက်တုံးဆီမှ ရထားသော အသိပညာများနှင့် မွမ်းမံထားသည့် လက်ညှိုးလေလှိုင်းဓားသိုင်းကို ချေဖျက်နိုင်သည့် ဓားသိုင်းကွက်ပေလော…။

ဝူချင်းရှင် ၊ ရှန့်ကွမ်းဟန် နှင့် တခြားလူများအားလုံးကလည်း ကြောင်ကြည့်နေမိကြသည်။ လက်ရည်တူ တိုက်ခိုက်နိုင်သော ပြိုင်ဘက်နှစ်ယောက်က မျက်စိတမှိတ်အတွင်း ပြိုင်ပွဲပြီးဆုံးသွားမည်ဟု သူတို့လည်း လုံးဝမထင်ထားခဲ့ကြချေ။

အကယ်၍ မုန့်ချီက အလွန်ထူးခြားသောဓားသိုင်းကွက်များကို သုံးခဲ့သည့်အတွက် တောင်ကန်က ရှုံးနိမ့်သွားမည်ဆိုလျှင် အနည်းနှင့်အများ သူတို့က လက်ခံနိုင်သေးသည်။ အများဆုံး တောင်ကန်က အမှားလုပ်မိသည့်အတွက် လေလွင့်သိုင်းသမားကို ရှုံးနိမ့်ခဲ့ကြောင်း သတ်မှတ်မိမည်ဖြစ်သည်။ယခုတော့ သူ၏ ဓားပညာက အထင်ကြီးစရာမရှိဘဲ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

ဟွာတျန်းကီကလည်း လက်ထဲတွင် ချွေးများ စိုလာခဲ့သည်။ သူလည်း ထိုကဲ့သို့သော ဓားသိုင်းမျိုးကို လုံးဝမမြင်ဖူးချေ။

ဟွမ်ယွင်က ဓားအိမ်ကို ကိုင်ပြီး ရှေ့ထွက်လာသည်။ သူက တောင်ကန်ကို သရုပ်ပြန်ပေးရန် လိုအပ်သည်ဟု တွေးနေမိ၏။ အကယ်၍ သူသာဆိုလျှင် လက်ညှိုးလေလှိုင်း ဓားသိုင်းကို သိုင်းကွက်တစ်ကွက်တည်းနှင့် ချေဖျက်နိုင်မည်လော။ အကယ်၍ သူက ချေဖျက်ချင်လျှင်ပင် တိကျသောအချိန် ၊ လျင်မြန်သော အရှိန်နှင့် တိုက်ခိုက်မည့်နေရာကို တိတိကျကျ ရွေးချယ်ရန် လိုအပ်သည်။ သို့သော် သူ့ဆီတွင် ထိုကဲ့သို့သော စွမ်းရည်မရှိချေ။

နင်ကျိတောင်ကလည်း ခဏကြာ မှင်တက်သွားခဲ့၏။ ကောင်းကင်ဆန်းကြယ်ကျောက်တုံးဆီမှ သူကိုယ်တိုင် နားလည်ထားသောအရာများနှင့် မွမ်းမံထားသော လက်ညှိုးလေလှိုင်း ဓားသိုင်းက သာမန်ဓားသိုင်းကွက်တစ်ခုပင် ခံနိုင်ရည်မရှိသည့်အတွက် မယုံကြည်နိုင်သလို ခံစားနေရသည်။

မုန့်ချီကတော့ တက်ကြွနေ၏။ သူက ဟွမ်ယွင်ကို ကြည့်ပြီး သူ့ကို စိန်ခေါ်၍ တိမ်ပျံဓားသိုင်းကို စမ်းသပ်ကြည့်ချင်နေပုံရသည်။

ထိုအချိန်တွင် လောင်ကျွမ်းခြင်းနေလက်ဝါး ကျန်းကျိဖန်းက တွေဝေစွာ မေးလိုက်သည်။

“အနှစ်သာရဓားသိုင်းကျမ်းလား…။ မင်းက မြစ်အရှေ့ပိုင်း ဝမ်မိသားစုက ရောက်လာတာလား။ ငါက အစ်ကိုကြီး ဝမ်စစ်ယွမ်နဲ့ တွေ့ခဲ့ဖူးတယ်…”

Translated by Hein Htet.

All Chapters