← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

ကျင်းတုံမှ ဝမ်မိသားစုက ဤကမ္ဘာကြီးထဲမှာ အကြီး‌ဆုံးအထက်တန်းလွှာ မိသားစု(၁၄)ခုထဲမှ တစ်ခုဖြစ်သည်။ သိုင်းလောကသားများ၏ မျက်လုံးထဲတွင်တော့ သူတို့က လုံနန် ကျန်းမိသားစုထက်ပင် ပို၍အဆင့်မြင့်သေး၏။

ထို့ကြောင့် လောင်ကျွမ်းခြင်းနေလက်ဝါး ကျန်းကျိဖန်း၏ မေးခွန်းကို ကြားသည့်အချိန်တွင် ဝူချင်းရှင်နှင့် တခြားလူများအားလုံးက ပထမဆုံး ထိတ်လန့်အံ့ဩသွားကြသည်။ သူတို့ကလည်း စဉ်းစားနေကြ၏။

နာမည်ကျော် အနှစ်သာရ ဓားသိုင်းပညာက ဓားနိယာမများ အားလုံးကို အခြေခံထားသော ဝေ့ကျင်းအဆင့်ဓားပညာတစ်ခုဖြစ်သည်။ ထို့ကြောင့်လည်း သူတို့က အားနည်းချက်ကို ရှာမတွေ့နိုင်ခြင်းဖြစ်၏။ ထိုအရာက သာမန်သာ ထင်မှတ်ရသော်လည်း သူတို့၏ အဆင့်က အတော်လေးကို ကွာခြားနေသည်။

"မောင်လေးမုန့်က မြစ်အရှေ့ခြမ်းမှာရှိတဲ့ ဝမ်မိသားစုကလား…"

ပထမတွင်တော့ ဝူချင်းရှင်၏ မျက်လုံးထဲတွင် မုန့်ချီက ချောမောခန့်ညားသော လေလွင့်သိုင်းသမား တစ်ယောက်သာ ဖြစ်သည်။

သို့သော် ယခုတော့ သူ့ပုံစံက အလွန်တည်ငြိမ်အေးချမ်းကြောင်း ဝိုးတဝါး ခံစားမိလာ၏။ မုန့်ချီအ‌ပေါ် သူတို့၏ အမြင်များကလည်း ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ သူက ဝမ်မိသားစု၏ တိုက်ရိုက်မျိုးဆက် တစ်ယောက်ဖြစ်နေမှသာ အနှစ်သာရ ဓားသိုင်းပညာကို သင်ယူခွင့် ရှိပေသည်။

အထက်တန်းလွှာမိသားစုများတွင် တိုက်ရိုက်မျိုးဆက်ဟူသည်မှာ မျိုးရိုးနာမည် ဝမ် ရှိသူများကိုသာ သတ်မှတ်ထားခြင်း မဟုတ်ချေ။ တခြားသော သိုင်းဂိုဏ်းကြီးများနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် သူတို့၏မြေးတပည့်များကိုလည်း သိုင်းပညာ သင်ပေးထားပြီး အပြင်သို့ ပြန်သင်မပေးရန် သစ္စာဆိုခိုင်းတတ်ကြသည်။ သူတို့ကိုလည်း မျိုးဆက်များအဖြစ် သတ်မှတ်နိုင်ကြ၏။

အကယ်၍ သူကသာ ထူးချွန်နေမည်ဆိုလျှင် သားမက်လောင်းအဖြစ်လည်း သတ်မှတ်နိုင်သေးသည်။ ထို့ကြောင့် နှစ်စဉ်နှစ်တိုင်း ထူးချွန်ထက်မြက်သော လူငယ်စာရင်းတွင် မိသားစုများစွာက သူတို့၏ သားမက်များကို ရွေးချယ်တတ်ကြသည်။

"သခင်လေးကျန်း… သခင်လေးက ကျွန်တော့်ကို အထင်လွဲနေပြီ…"

မုန့်ချီက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ထိုကဲ့သို့ အရာမျိုးကို ရှင်းရှင်းလင်းလင်း ပြောရန် လိုအပ်၏။ အကယ်၍ သူကသာ ဝမ်မိသားစုဝင် တစ်ယောက်အဖြစ် ဟန်ဆောင်လိုက်မည်ဆိုလျှင် သို့မဟုတ် သူတို့၏ သိုင်းပညာကို လျှို့ဝှက်သင်ကြားနေသည်ဟု အထင်လွဲသွားမည်ဆိုလျှင် အလွန်အမင်း ပြဿနာများနိုင်သည်။

သို့သော် မုန့်ချီကတော့ ထိုအရာကို အလွန်စိုးရိမ်နေခြင်းမရှိချေ။ ကျင်းတုံမှ ဝမ်မိသားစုက နာမည်ကျော်သည့်အတွက် သူလည်း အနှစ်သာရဓားသိုင်းပညာကို ကြားခဲ့ဖူးသည်။ ထိုအရာက တုကူးဓား(၉)ကွက်နှင့် အတော်လေးကို ဆင်တူ၏။

ကျင်းတုံမှ ဝမ်မိသားစု၏ ဘိုးဘေးက ရှေးဟောင်း ဒဏ္ဍာရီကာလတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ သူက မထင်မှတ်ဘဲ ပြိုင်ဘက်ကင်းလက်နက် သိုင်းကျမ်းကို ရရှိခဲ့သည်။ ထိုအချိန်တွင် ကမ္ဘာလောကကြီး၏ အနှစ်သာရများကို နားလည်လာပြီး အလွန်မှော်ဆန်သော သိုင်းပညာတစ်ခုကို ဖန်တီးနိုင်ခဲ့သည်။

ထိုအရာက ဖူဟွမ်ပါးကွ (၈)ကွက် စက်ဝိုင်းကို ယှဉ်နိုင်ပြီး ထိုနာမည်ကိုတော့ အရင်းအမြစ်သိုင်းကျမ်းဟု နာမည်ပေးထားသည်။ ထိုအရာက ကမ္ဘာမြေကြီး၏ အနှစ်သာရများ ၊ အတွေးအခေါ်များနှင့် လူသားများ၏ အတွေးများကို ရှာဖွေဖော်ထုတ်ထားခြင်းဖြစ်၏။

ထို့ကြောင့် ရှေးဟောင်းကာလနှင့် အလယ်ခေတ်တွင် ကျင်းတုံမှ ဝမ်မိသားစုက ကံကြမ္မာများ ပြောင်းလဲလာခဲ့ပြီး သမိုင်းကြောင်း အရှည်ဆုံး အထက်တန်းလွှာ မိသားစုတစ်ခုအဖြစ် တိုးတက်လာခဲ့သည်။

သူတို့က ရှေးဟောင်းလျှို့ဝှက်ချက် အများအပြားကို သိနေသော်လည်း အရင်းအမြစ်သိုင်းကျမ်းကို ရရှိ‌ထားသော သူတို့၏ မျိုးဆက်များက အားနည်းပြီး နာမကျန်းဖြစ်တတ်သည်။ အကယ်၍ သူတို့က အသက်(၅၀)မတိုင်ခင် ဓမ္မကာရအဆင့်ကို မရောက်နိုင်လျှင် ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားတတ်ကြ၏။ အရင်းအမြစ်သိုင်းကျမ်းက အလွန်ပြင်းထန်လွန်းလှသည့်အတွက် ကောင်းကင်ဘုံကပင် သူတို့ကို မနာလိုသည်ဟု ပြောတတ်ကြသည်။

သို့သော် ယခုအချိန်တွင် လူသားများ၏ သက်တမ်းက တဖြည်းဖြည်း လျော့ကျလာခဲ့သည်။ ဝေ့ကျင်းအဆင့် ပညာရှင်များကပင် အသက်(၅၀)အရွယ်၌ အောင်မြင်မှုကို ရနေခြင်းဖြစ်သည်။ ရှေးကာလနှင့် အလယ်ခေတ်တွင်တော့ ထိုအရာက ဘဝအစသာရှိသေးသည်။

ထို့ကြောင့် ဝမ်မိသားစုတွင် သက်တမ်းရှည်ကြာပြီး ကြောက်စရာကောင်းသော သိုင်းပညာများ ရှိနေသော်လည်း အလယ်အလတ် မိသားစုတစ်ခုသာ ဖြစ်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထူးချွန်ထက်မြက်သော သူတို့၏ တပည့်အများစုက ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားကြပြီး မျိုးဆက်တိုင်းတွင် ဓမ္မကာရအဆင့်ကို မအောင်မြင်ခဲ့ကြပေ။

လက်ရှိမျိုးဆက်တွင်တော့ အသက်ထိန်းသိမ်းသူ ဝမ်စစ်ယွမ်က သူ့မိသားစု၏ မျှော်လင့်ချက်ဖြစ်သည်။ အသက်(၂၂)နှစ်အရွယ်တွင် တံခါး(၉)ပေါက် ပွင့်နိုင်ပြီး ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ခါနီးနေသည်။ ထို့ကြောင့် သူက အသက်(၅၀)မတိုင်ခင် ဓမ္မကာရအဆင့်ကို ရောက်နိုင်မည်ဟု မျှော်လင့်ထားကြ၏။

အနှစ်သာရ ဓားသိုင်းပညာကတော့ အရင်းအမြစ်ဓားသိုင်းပညာမှ ဆင်းသက်လာသော ဝေ့ကျင်းအဆင့် ထိပ်တန်းဓားသိုင်းပညာတစ်ခုဖြစ်သည်။ ထိုအရာနှင့်အတူ တောင်တန်းလက်ဝါးသိုင်းနှင့် တိဗက်တန်ပြန်ခြေလှမ်းသိုင်းတို့လည်း ရှိနေသေး၏။

မုန့်ချီက အပြုံးနှင့် ပြောလိုက်သည်။

"ငါ့နာမည်က မုန့်ချီ။ ငါ့ရဲ့ဓားပညာက ဆရာကြီးတုကူးဆီကနေ ရလာတာ။ သူက ဂိုဏ်းပေါင်း(၁၀၀)ကျော်ရဲ့ ဓားပညာကို လေ့လာပြီး ဓားနဲ့ပတ်သက်တဲ့ အနှစ်သာရတွေ အားလုံးကို အဖြေရှာနိုင်ခဲ့တယ်။ ပြီးတော့ ဒီတုကူးဓား(၉)ကွက်ကို ဖန်တီးထားခဲ့တယ်။ ဒါက ဓားသိုင်းတွေအားလုံးရဲ့ ပြောင်းလဲမှုတွေကို အလေးထားပြီး အရိုးရှင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားတာ။ ငါသုံးလိုက်တဲ့ အရာတွေကတော့ ဓားသိုင်းချေဖျက်ခြင်း တိုက်ကွက်တွေပဲ…"

သူကတော့ ဓားသိုင်းအားလုံးချေဖျက်ခြင်း တိုက်ကွက်ဟု မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာကြီးထဲတွင် နတ်ဆိုးနှင့် အစွမ်းထက် ထိပ်သီးဂိုဏ်းပေါင်းများစွာ ရှိနေသည်။ တုကူးဓား(၉)ကွက်က ဓားသိုင်းကွက်များအားလုံးကို ချေဖျက်ရန် လုံလောက်သည့်အစွမ်းမျိုး ရှိမရှိမသေချာပေ။ ထို့ကြောင့် အနာဂတ်တွင် မည်မျှတိုးတက်လာနိုင်ကြောင်း စောင့်ကြည့်ရဦးမည်ဖြစ်သည်။

"ဓားသိုင်းချေဖျက်တိုက်ကွက်လား…"

မုန့်ချီ ပြောလိုက်ပြီးနောက် သူတို့၏ ရင်ထဲတွင် အတွေးပေါင်းစုံ ပေါ်လာကြသည်။ ဝူချင်းရှင်၊ ရှန့်ကွမ်းဟန် ၊ ဟွာတျန်းကီနှင့် တခြားလူများအားလုံးက စဉ်းစားနေကြ၏။

ဓားသိုင်းချေဖျက်ခြင်း တိုက်ကွက်ဟူသည်မှာ ဓားသိုင်းပညာများကို ချေဖျက်ရန် အထူးဖန်တီးထားသော သိုင်းကွက်တစ်ခုဟု ဆိုလိုခြင်း ဖြစ်နိုင်သည်။ သိုင်းလောကတွင် ဓားသိုင်းများစွာ ရှိနေပြီး သူက အရာအားလုံးကို မည်သို့ချေဖျက်နိုင်မည်နည်း။

သို့သော် မည်သူကမျှ သူတို့၏ စိတ်ထဲတွင် ရှိနေသော အတွေးများကို ထုတ်မပြောရဲကြပေ။ ယခုလေးပင် အရိပ်တန်ပြန်ဓားသိုင်းက ရေလှိုင်းဓားသိုင်းအဖြစ် ပြောင်းလဲသွားခဲ့ရပြီး လက်ညှိုးလေလှိုင်းဓားသိုင်းကလည်း မုန့်ချီ၏ လက်ထဲတွင် သိုင်းကွက်တစ်ကွက်အတွင်း ပျက်စီးသွားခဲ့ရသည်။

သူတို့က အားနည်းချက်နှင့် တွေ့သွားသလို ဖြစ်နေခဲ့၏။ ထိုအချိန်တွင် သူ၏ ဓားပညာကို သက်သေပြရန် မည်သူကရော ဒုက္ခရှာဦးမည်နည်း။

မုန့်ချီက စာသင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင်ဓားကို ချိတ်ထားသည်။ သူ့ပုံစံက လွတ်လပ်ပေါ့ပါးသည့်အတွက် တစ်နေ့နေ့တွင် သူ၏ ဓားသိုင်းချေဖျက်သိုင်းကွက်က ဓားသိုင်းပညာများအားလုံးကို ချေဖျက်နိုင်မည်ဟု သူတို့က ထူးဆန်းစွာ ခံစားမိနေကြသည်။

မုန့်ချီပြောသည့်စကားများက အတော်လေး အံ့ဩစရာကောင်းကြောင်း လောင်ကျွမ်းခြင်းနေလက်ဝါး ကျန်းကျိဖန်းကလည်း တွေးလိုက်မိသည်။ သူက ဝမ်စစ်ယွမ်၏ စွမ်းအားကို ကိုယ်တိုင်ကြုံခဲ့ဖူး၏။ သူတို့၏သိုင်းကွက်များကြားတွင် ကွဲလွဲချက် အနည်းငယ် ရှိနေကြောင်း သူသိနေ၏။

ထို့ကြောင့် သူက ခေါင်းညိတ်ပြလိုက်သည်။

"ငါ့ရဲ့ မသိနားမလည်မှုကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ဒါပေမယ့် မင်းရဲ့ သိုင်းလောကနာမည်ကို ပြောလို့ရမလား။ မင်းရဲ့ ဓားသိုင်းပညာက မူလသဘာဝကို ပြန်ရောက်နေသလိုပဲ…"

တူညီသော ဓားသိုင်းပညာများက ရှားပါးသော်လည်း ဂိုဏ်းပေါင်းများစွာ ရှိနေသည်။

မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။

"ငါက အခုမှ နားလည်ထားတာပါ။ ဒီတော့ နာမည်တစ်ခု မရသေးပါဘူး…."

သူက သစ္စာဓားဟုပြောရန် စဉ်းစားထားခဲ့သော်လည်း ထိုနာမည်က အလွန်အာရုံစိုက်ခံရနိုင်သည်။ ထို့ကြောင့် ထိုနာမည်ကို မပြောခဲ့ပေ။

"ညီလေးမုန့်ရဲ့ ဓားသိုင်းပညာက မမြင်နိုင်တဲ့ အဆင့်ကို ရောက်နေပြီ။ ဒီတော့ သေချာပေါက် သိုင်းလောကမှာ နာမည်ကျော်ကြားလာမှာပါ…"

မုန့်ချီက သူ့တပည့်၏ ရှုံးနိမ့်မှုကို အာရုံလွှဲပေးနိုင်ကြောင်း မြင်လိုက်ရသည့်အခါ ဟွာတျန်းကီက တလေးတစား ချီးကျူးလိုက်မိသည်။ သူက မုန့်ချီကို ကယ်တင်ရှင်တစ်ယောက်ပမာ သတ်မှတ်ခဲ့၏။

မုန့်ချီကတော့ ရင်ဘတ်ပေါ်တွင် လက်တင်ပြီး ဦးညွတ်လိုက်သည်။ စိတ်ထဲတွင်တော့ တစ်ယောက်တည်း တွေးလိုက်မိသည်။

"ကျုပ်က ကျုပ်ရဲ့ဓားသိုင်းပညာကို ပြသမှတော့ လျှို့ဝှက်ထားစရာ မလိုဘူးလေ။ ကျုပ်က လူငယ်မှတ်တမ်းဝင်ချင်နေတဲ့ တိမ်ပျံဓား ဟွမ်ယွင်ကို တုကူးဓား(၉)ကွက်နဲ့ ယှဉ်ပြိုင်ချင်နေတာ… "

သူက စကားပြောရန်ပြင်လိုက်စဉ် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်လာခဲ့သည်။ ကောင်းကင်ဆန်းကြယ်ကျောက်တုံး၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော အမိုးအုတ်ချပ်များက ပျက်စီးသွားပြီး လေထဲတွင် ဖုန်မှုန့်များ ပြည့်နှက်လာခဲ့သည်။

ထိုအချိန်တွင် လူတစ်ယောက်က မြေပေါ်သို့ ကျရောက်လာပြီး ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို တိုက်ရိုက်လုယူသွားခဲ့၏။ သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လေထဲသို့ ခုန်တက်သွားသည်မှာ လျှပ်စီးကြောင်းသဖွယ် ထင်မှတ်ရသည်။ သူက အမိုးပေါ်သို့ ပျံသန်းသွားခဲ့၏။

ထိုဖြစ်စဉ်က တခဏလေးသာ ကြာလိုက်သည်။ သူ၏အာရုံက ပြောင်းလဲနေသည့်အတွက် ဟွာတျန်းကီက သူ့ကို တားဆီးရန် မအောင်မြင်ခဲ့ပေ။ သူက ထိုဝတ်စုံနက်၏ အင်္ကျီကိုသာ စုတ်ဖြဲမိခဲ့သည်။

"လိုက်ကြ…."

သူက အလွန်ဒေါသထွက်နေသည့် အမူအရာနှင့် အော်ပြောလိုက်သည်။ သူ၏ ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို လူအများရှေ့တွင် လုယူခံလိုက်ရမည်ဟု သူလည်း မထင်ထားခဲ့ပေ။ သူက လေကိုခုန်လိုက်ပြီး ထုပ်တန်းကို နင်း၍ အနက်ဝတ်လူ၏ နောက်သို့ လိုက်သွားခဲ့သည်။

နင်ကျိတောင်၊ ကျန်းကျိဖန်း၊ ဟွမ်ယွင်နှင့် တခြားသူများကလည်း သတိပြန်ဝင်လာကြပြီး ခန်းမထဲမှ ပြေးထွက်သွားကြ၏။

"သူ့နောက်ကို လိုက်ကြ……"

နေရာတွင် ရှိနေသော သိုင်းလောကသားများ အားလုံးကလည်း ဒေါသတကြီး ခန်းမထဲမှ ပြေးထွက်သွားကြသည်။ သူတို့အားလုံး၏ ရင်ထဲတွင် မျှော်လင့်ချက်တစ်ခု ရှိနေ၏။ အကယ်၍ နှစ်ဖက်အဖွဲ့ကသာ တိုက်ပွဲ၌ မတော်တဆ ရှုံးနိမ့်သွားမည်ဆိုလျှင် သူတို့က ကောင်းကင်ဆန်းကြယ် ကျောက်တုံးကို တိတ်တဆိတ် ယူဆောင်သွား၍ ရနိုင်သည်။ ထိုအရာက သူတို့ကို တစ်ညတည်းနှင့် နာမည်ကျော်ကြားအောင် ကူညီပေးနိုင်၏။

အကယ်၍ ထိုကဲ့သို့ ကံမကောင်းလျှင်ပင် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနှင့် ချင်တောင်ဓားဂိုဏ်းတို့ကို ကူညီပေးမှုအတွက် သူတို့က အကျိုးအမြတ်များရနိုင်သည်။ အနာဂတ်တွင် ပို၍များပြားသောအရာများ ဖြစ်လာနိုင်၏။

"သခင်…သခင်လေးမုန့်…

ဘာလို့ သူ့နောက်ကို လိုက်မသွားတာလဲ…"

မုန့်ချီက စားပွဲဆီသို့ တည်ငြိမ်စွာ ပြန်လျှောက်လာကြောင်း မြင်လိုက်ရသည့်အခါ ဝူချင်းရှင်က ပြောလိုက်သည်။

"ငါ့ကို မောင်လေးဆိုတဲ့ နာမည်ကနေ သခင်လေးဆိုပြီး ပြောင်းခေါ်နေပါလား…"

မုန့်ချီက ရယ်လိုက်မိသည်။

"ကျောင်းအုပ်ဟွာ၊ ခေါင်းဆောင်နင်၊ သခင်လေးကျန်းနဲ့ ဓားသမားဟွမ်တို့က ထိပ်တန်းပညာရှင်တွေပဲလေ။ သူတို့က ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ပြန်ယူလာနိုင်ပါလိမ့်မယ်။ ဒီတော့ လိုက်သွားဖို့မလိုပါဘူး… "

သူ့အနေနှင့် ပြောရလျှင်တော့ သူတို့ကပင် အနက်ဝတ်လူကို မဖမ်းနိုင်လျှင် သူလည်း ဖမ်းနိုင်မည်မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ ဟွာတျန်းကီနှင့် နင်ကျိတောင်တို့ နှစ်ယောက်စလုံးက တံခါး(၉)ပေါက် ပွင့်နေသူများ ဖြစ်ကြသည်။ ဉာဏ်အလင်းပွင့်မှု အတောအတွင်း သူတို့က လှုပ်ရှားမှုများကို အာရုံစိုက်နိုင်၏။

သူ၏ တုကူးဓား(၉)ကွက်က ဓားသိုင်းကွက်များ၏ အားနည်းချက်ဖြစ်သော်လည်း သူတို့သာ ပေါင်းစည်းလိုက်မည်ဆိုလျှင် ကောင်းကင်ပေါ်၌ အစွမ်းထက်မိုးကြိုးများ မရှိသရွေ့ သူတို့ကို အနိုင်ရနိုင်မည်မဟုတ်ချေ။

ထို့ပြင် သူက ကံကောင်း၍ ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ရရှိသွားမည်ဆိုလျှင်ပင် သူ၏ အကျင့်စရိုက်အရ ယူထားလိမ့်မည်မဟုတ်ချေ။ ထိုသို့ဆိုလျှင် ဘာကြောင့် အချိန်ဖြုန်းနေရဦးမည်နည်း။

"ဟုတ်ပါတယ်လေ…"

ဝူချန်းရှင်နှင့် ရှန့်ကွမ်းဟန်တို့ကလည်း တည်ငြိမ်စွာ ရပ်နေကြပြီး မုန့်ချီနှင့်အတူ ခန်းမထဲမှ ထွက်လာကြသည်။ သူတို့နှစ်ယောက်စလုံးက တိတ်ဆိတ်နေကြပြီး ရုတ်တရက် ဓားပညာရှင်တစ်ယောက်ဖြစ်လာသော မုန့်ချီနှင့် မည်သို့စကားပြောရမှန်း မသိတော့ပေ။

"စားသောက်ပွဲပြီးသွားပြီဆိုတော့ ငါက ကျင်းတုံကို သွားဖို့ရှိတယ်။ ဒီတော့ နှုတ်ဆက်ဖို့ အချိန်ရောက်ပြီ…"

မုန့်ချီက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။

ဝူချင်းရှင်ကတော့ အားတင်းလိုက်ပြီး စိတ်ဝင်တစားမေးလိုက်၏။

"သခင်‌လေးမုန့်…

တုကူးဓား(၉)ကွက်က ဓားကွက်(၉)ကွက်ကြောင့် နာမည်ကျော်ကြားတယ်။ ဒါက ဓားချေဖျက်ခြင်း သိုင်းကွက်ဆိုမှတော့ ဓားမောက်ချေဖျက်ခြင်း သိုင်းကွက်ရော ရှိနေသေးလား…"

"နင်က တော်တော်ဉာဏ်ကောင်းတာပဲ…"

မုန့်ချီက သူမကို ချီးကျုးလိုက်သည်။

ရှန့်ကွမ်းဟန်က အနည်းငယ်ရှက်ရွံ့စွာ မေးလိုက်၏။

"ဆရာကြီးတုကူးရဲ့ သိုင်းလောက နာမည်ကို မကြားဖူးဘူး။ သူနဲ့ပတ်သက်ပြီး ကြားဖူးနားဝသတင်းတွေရှိလား…"

"ဆရာကြီးတုကူးရဲ့ သိုင်းလောကနာမည်ကိုတော့ ငါလည်း မသိဘူး။ သူ့ကိုယ်သူတော့ အရှုံးရှာဖွေသူလို့ ခေါ်ကြတယ်။ သူက သိုင်းပြိုင်ပွဲတွေမှာ အရှုံးကို ရှာဖွေခဲ့ပေမဲ့ လုံးဝမရှုံးခဲ့ဘူး…"

မုန့်ချီက တွေးတွေးဆဆနှင့် ပြန်ဖြေလိုက်သည်။

သူက အမှန်တရားကို ပြောနေခြင်းဖြစ်၏။ အမှန်အတိုင်းပြောရရင် သံသရာအရှင်သခင်က ထိုဓားသိုင်းပညာ၏ ထူးခြားချက်များကိုသာ မိတ်ဆက်ပေးခဲ့ခြင်းဖြစ်ပြီး မည်သည့်ကမ္ဘာမှ ရောက်လာခဲ့ကြောင်း ပြောခဲ့ခြင်းမရှိပေ။

ပင်မကမ္ဘာကြီးက အလွန်ကျယ်ပြန့်ပြီး နယ်မြေငယ်လေးများထဲတွင် အောင်မြင်သူများစွာ ရှိနေသည်။ ထို့ကြောင့် တခြားသော သံသရာခရီးသွားများက ထိုနာမည်ကို ကြားသည့်အချိန်တွင် သူတို့၏ ဓားသိုင်းအဖြစ်သာ ပြောတတ်ကြသည်။

"အရှုံးကို ရှာဖွေတာလား…"

မုန့်ချီက စနောက်နေခြင်းဖြစ်မည်ဟု ဝူချင်းရှင်နှင့် ရှန့်ကွမ်းဟန်တို့က ခံစားမိကြသည်။ အဘယ်ကြောင့်ဆိုသော် ဆရာကြီးတုကူးက နှစ်ပေါင်း(၁၀၀)အတွင်း နာမည်ကျော်ကြားသော ဓမ္မကာရအဆင့် အင်မော်တယ်တစ်ယောက် မဟုတ်ချေ။ သူက မည်သည့်အရာကို လိုချင်နေသနည်း။

မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။

"တကယ်လို့ မင်းတို့ကသာ တောင်(၃)လုံး မြစ်(၄)သွယ်ကနေ ထွက်လာနိုင်မယ်ဆိုရင် အရမ်းအံ့ဩစရာကောင်းတဲ့ သိုင်းပညာတွေ စွမ်းရည်တွေအများကြီးကို တွေ့ရပါလိမ့်မယ်။ တကယ်လို့ မင်းတို့က ဒီမှာဆက်နေမယ်ဆိုရင်တော့ အမြင်ကျဉ်းနေပြီး ရှေ့ဆက် တိုးတက်ချင်စိတ်ရှိနေမှာ မဟုတ်ဘူး။ ဒါက မင်းတို့ရဲ့ သိုင်းပညာတိုးတက်မှုကို ကန့်သတ်နိုင်တယ်။ ဒါပေမယ့် အပြင်ဘက်မှာ အရမ်းအန္တရာယ်များတယ်…"

ဝူချင်းရှင်နှင့် ရှန့်ကွမ်းဟန်တို့က လွတ်လပ်စွာ သွားချင်နေကြသည့်အတွက် မုန့်ချီ၏ တောင်းဆိုမှုက သူတို့အတွက် အဆင်သင့်ဖြစ်နေ၏။ သူတို့က စဉ်းစားမနေဘဲ ခေါင်းညိတ်ပြလိုက်၏။

"ငါတို့က သတိထားမှာပါ။ နောက်ပိုင်းကျရင် ဟွမ်ကျိုးကို ခရီးသွားဖို့ ပြင်ဆင်ထားတယ်…"

ရှန့်ကွမ်းဟန်က ပြန်ဖြေလိုက်သည်။

နေဝင်ဆည်းဆာဓားသိုင်းကျောင်းက ဟွမ်ကျိုးတွင် လွှမ်းမိုးမှုရှိသည်။ အကယ်၍ သူတို့သာ ထိုနေရာသို့သွားမည်ဆိုလျှင် အတော်လေး လုံခြုံနိုင်၏။

"ဟွမ်ကျိုး…

ငါတို့က နောက်တစ်ကြိမ်တွေ့ဖို့ အခွင့်အရေရှိနိုင်ပါသေးတယ်…"

မုန့်ချီက ရယ်လိုက်ပြီး သူတို့ကိုနှုတ်ဆက်လိုက်၏။ ထို့နောက် သူက လက်ထဲတွင် ဓားကိုကိုင်ပြီး အဝေးသို့လျှောက်လှမ်းသွားခဲ့သည် ။

သူ့နောက်ကျောကိုကျူးပြီး ဝူချင်းရှင်ကတော့ ချီးကျူးလိုက်မိသည်။

"သခင်လေးမုန့်က တကယ့်ကို မာနမရှိတဲ့ ဓားသမားတစ်ယောက်ပဲ… "

သူက ချင်တောင်တန်းတွင် တိုက်ခိုက်ခဲ့သည့်အတွက် မုန့်ချီက လှေပေါ်သို့ ချက်ချင်း ပြန်တက်သွားခြင်း မရှိပေ။ သူက ဆိပ်ကမ်းရှိနေသော မြို့တစ်မြို့၏ အနားတွင် ရှိနေသော တောင်ပေါ်သို့တက်သွားခဲ့၏။

တဖြည်းဖြည်းမှောင်လာသည့်အချိန်တွင် သူလည်း အနည်းငယ်ပင်ပန်းနေခဲ့သည်။ ထို့ကြောင့် မုန့်ချီက ပျက်စီးနေသော ကျောင်းဆောင်တစ်ခုထဲသို့ ဝင်သွားပြီး ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ရှေ့တွင် ချီစွမ်းအင်များကို လှည့်ပတ်နေခဲ့သည်။

ရုတ်တရက်ဆိုသလို သူ့နားထဲတွင် ရေစက်ကျသံတိုးတိုးကို ကြားလိုက်ရသည်။ သူကတော့ ဇဝေဇဝါဖြစ်နေသလို ခံစားနေရ၏။ မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ရေခဲပေါ်တယ်ဓားကို ထုတ်၍ ပတ်ပတ်လည်သို့ စိုက်ကြည့်လိုက်သည်။

သူက ရုပ်ပွားတော်၏ အနောက်ဘက်သို့ ရောက်သည့်အချိန်တွင် ရုပ်ပွားတော်၏ အောက်ဘက်တွင် အနက်ရောင် သွေးစက်အနည်းငယ်ကို တွေ့လိုက်ရ၏။ သေသေချာချာ နားထောင်လိုက်ပြီးနောက် မုန့်ချီက ရုပ်ပွားတော်ကြီးထဲတွင် အသက်ရှူသံတိုးတိုးကို ကြားလိုက်ရသည်။

"ဘယ်သူလဲ…"

မုန့်ချီက အသံတိုးတိုးနှင့်‌ မေးလိုက်၏။ ရုပ်ပွားတော်၏ အတွင်းထဲတွင်ရှိနေသော အသက်ရှူသံက ခဏကြာ ရပ်တန့်သွားခဲ့သည်။ မုန့်ချီကတော့ သူ့ကို လှည့်စားနေသည်ဟု တွေးခဲ့မိ၏။

မုန့်ချီက ထိုအရာကို လျစ်လျူရှုနိုင်ခြင်းမရှိချေ။ ခဏကြာ စိုက်ကြည့်နေပြီးနောက် သူက ဓားနှင့်ထိုး၍ ရုပ်ပွားတော်၏ နောက်ကျောတွင် ရှိနေသော လျှို့ဝှက်တံခါးကို ဖွင့်လိုက်သည်။ ထိုနေရာထဲတွင် အပေါက်တစ်ပေါက်ရှိနေပြီး ချည်သားအင်္ကျီ ဝတ်ထားသော လူတစ်ယောက်ရှိနေ၏။ သူ့အောက်တွင် အနက်ရောင်သွေးများ‌ပေနေခဲ့၏။

"မင်းက အဆင်ပြေရဲ့လား… "

မုန့်ချီက မေးလိုက်သည်။ မုန့်ချီက သူ့ကို ထိခိုက်အောင် မလုပ်ကြောင်းမြင်သည့်အခါ ထိုလူက အားတင်း၍ ပြောလိုက်၏။

"ဒီက သခင်လေး… မင်းမြင်တဲ့အတိုင်းပဲ။ ငါက ပြဿနာတက်နေတာ…"

သူက မတ်တပ်ရပ်လိုက်သည်။

"ငါ့နာမည်က ဟွာလွန်လို့ခေါ်တယ်။ ချင်တောင်ဓားဂိုဏ်းက လော်အဖွဲ့အစည်းနဲ့ ပူးပေါင်းနေတာကို ငါက မတော်တဆ တွေ့ခဲ့တယ်။ ဒါကြောင့် ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်နေကြတာ။ ဒါကြောင့် ငါက ဒီရုပ်ပွားတော်ကြီးထဲမှာ ပုန်းနေရတာ။ မင်းလည်း ဂရုစိုက်ပါ…."

Translated by Hein Htet

All Chapters