အခန်း (၁၅၄)
Vol. 11 Ch. 154
"လော်အဖွဲ့အစည်း. ဟုတ်လား.."
မုန့်ချီက ကူရှောင်စန်းနှင့် နှစ်ကြိမ်တိတိ တိုက်ခိုက်ခဲ့ဖူးသည့်အတွက် ထိုစကားလုံးအပေါ် ခံစားချက်အတော်လေး ပြင်းထန်လှသည်။
တစ်ချိန်တည်းတွင် မုန့်ချီက ဟွာလွန်ကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်၏။ ဟွာလွန်၏ ရုပ်ရည်က ဟွာတျန်းကီနှင့် အတော်လေးတူညီနေကြောင်း သေချာသွားခဲ့သည်။ မဟုတ်လျှင် သူနှင့်မတွေ့ဖူးသော လူတစ်ယောက်က သူ့ကိုယ်သူ ဟွာလွန်ဟု ပြောနေခြင်းကို မည်သို့ယုံကြည်နိုင်မည်နည်း။
ဟွာလွန်ကတော့ အလွန်စိုးရိမ်နေသည့်အတွက် သတင်းပို့ပေးရန် လူတစ်ယောက်ကို လိုအပ်နေသည်။ သူက မုန့်ချီနှင့် မရင်းနှီးသော်လည်း တိမ်တိုက်ပုံသဏ္ဍာန် အမှတ်အသား ထွင်းထုထားသည့် ခရမ်းရင့်ရောင် တံဆိပ်ပြားလေးကို ထုတ်ပြလိုက်သည်။ ထိုတံဆိပ်ပြားပေါ်တွင် ဟွာလွန်ဟူသော နာမည်ကို ရေးသားထား၏။
သူ့လက်ထဲတွင် ထိုတံဆိပ်ပြားလေးက ခရမ်းရောင်အလင်းတန်းအနည်းငယ် တောက်ပလာခဲ့သည်။
"တိမ်တိုက်ပုံစံနဲ့ ခရမ်းရောင်တံဆိပ်ပြား…ဒါက အစစ်ပဲ…"
ဟွာလွန်က ဟွာတျန်းကီ၏ သားဖြစ်ကြောင်း သေချာသွားသည့်အတွက် မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ ဂိုဏ်းကြီးများ သို့မဟုတ် အထက်တန်းလွှာ မိသားစုများတွင် သူတို့၏ နာမည်ကို အတည်ပြုနိုင်သည့် တံဆိပ်ပြားများ သလင်းကျောက်များ ရှိတတ်ကြသည်။
ထိုအရာများကို သူတို့ဓားလက်ကိုင်တွင်ဖြစ်စေ သူတို့၏ခါးတွင်ချိတ်ထားသော ဓားငယ်လေးများတွင်ဖြစ်စေ သတ်မှတ်ထားကြသည်။ သူတို့ကို ထူးခြားသော နည်းလမ်းများနှင့် ဖန်တီးထားခြင်းဖြစ်၏။
ထိုအရာများကို ဝေ့ကျင်းအဆင့် ပညာရှင်များက ဖန်တီးထားသော အမှတ်အသားများ ဖြစ်သည့်အတွက် ပုံတူကူးရန် ခက်ခဲသည်။ ထုဆစ်နေစဉ် အတောအတွင်း ပိုင်ရှင်က သူတို့၏သွေးကို တံဆိပ်ပြားပေါ်သို့ ချကြရသည်။
သူတို့က တံဆိပ်ပြားကို ကိုင်ထားသည့်အချိန်တွင် သို့မဟုတ် သူတို့၏ ချီစွမ်းအင်များကို သုံးလိုက်သည့်အချိန်တွင် သူတို့၏ သွေးများ ဆူပွက်လာပြီး တံဆိပ်ပြားဆီမှ အလင်းတန်း အနည်းငယ် ထွက်ပေါ်လာနိုင်သည့်အတွက် သူတို့ဟုတ်မဟုတ် ခွဲခြားပေးနိုင်သည်။
ရှောင်လင်၏ တံဆိပ်ကတော့ သူတို့၏ ကိုယ်ပိုင်ဓမ္မနာမည် ထွင်းထုထားသော ပုတီးဖြစ်သည်။ တောင်အောက်ကို ဆင်းရသော တပည့်များက ထိုအရာများကို ရရှိကြ၏။ မုန့်ချီနှင့် ကျန်းဟွေတို့ကတော့ ယခုတစ်ကြိမ် သူ့ဆရာနှင့်အတူ သွားရခြင်း ဖြစ်သည့်အတွက် သူတို့၏ ကိုယ်ပိုင်ပုတီးများကို မရခဲ့ကြပေ။
ဟွာလွန်က သက်သေပြလိုက်ပြီးနောက် သူက မေးလိုက်၏။
"သခင်လေးရဲ့ နာမည်က ဘယ်သူလဲ။ သခင်လေးက ဘယ်ကျောင်း ဘယ်ဂိုဏ်းကလဲ…"
"ငါက လော့ရန်က မုန့်ချီ။ ငါက ကျိလျန်မှာ နေထိုင်ခဲ့တယ်။ ငါက သိုင်းလောကမှာ ဘာမှမဟုတ်ပါဘူး။ ဒါပေမယ့် ဘိုးဘေးတစ်ယောက်ရဲ့ ဓားပညာကို ကံကောင်းပြီး သင်ယူခွင့်ရခဲ့တယ်။ အခု ငါက သိုင်းလောကမှာ လှည့်ပြီး သွားလာနေတာ…"
သူက ပြောခဲ့ဖူးသော စကားလုံးများကိုသာ ပြန်၍ အစီအစဉ်တကျ ပြောပြလိုက်သည်။
မုန့်ချီက လူကောင်းလား လူဆိုးလား တိတိကျကျ မပြောနိုင်သည့်အတွက် ဟွာလွန်က မျက်မှောင်ကြုတ်မိ၏။
“ငါက သူ့ကို ဘယ်လို ယုံရမလဲ…”
သူက မုန့်ချီကို ခြေဆုံးခေါင်းဆုံး သေချာကြည့်နေ၏။ မုန့်ချီ၏ ပုံစံက သိမ့်မွေ့နူးညံ့ပုံ ရသော်လည်း အားနည်းပုံမရချေ။ တည်ငြိမ်ခန့်ညားပုံရသော်လည်း ကြောက်စရာကောင်းသည်။
ဟွာလွန်က အံကြိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်၏။
"ကျေးဇူးပြုပြီး ကျန်းရီကျောင်းမှာ အကူအညီတောင်းပေးလို့ရမလား…"
"အလျင်မလိုပါနဲ့။ ဖြစ်ခဲ့တဲ့အရာတွေကို အသေးစိတ်ပြောပြပါဦး…. "
မုန့်ချီက ကူညီသင့်သည့်အရာကို မဆုံးဖြတ်ရသေးခင် သေချာစဉ်းစားချင်နေသေးသည်။
မုန့်ချီ၏ စိုးရိမ်မှုများကို နားလည်နေသည့်အတွက် ဟွာလွန်က လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
“လွန်ခဲ့တဲ့ ရက်ပေါင်းများစွာလောက်က လုံနန် ကျန်းမိသားစုက ဟွမ်ယွင်ကို လာပြီး ကူညီပေးမယ်ဆိုတာ ငါကြားခဲ့တယ်။ သူတို့က ငါတို့ကို အနိုင်ကျင့်မှာစိုးတဲ့အတွက် ငါက ငါ့အဖေကို သတင်းပို့လိုက်ပြီး ကျောင်းက အကြီးအကဲတွေနဲ့ ဆရာတူအစ်ကိုကြီးကို အကူအညီတောင်းဖို့ အမြန်ပြန်သွားခဲ့တာ…”
“ဒါပေမယ့် တောင်တန်းထဲမှာရှိတဲ့ လျှို့ဝှက်နေရာတစ်ခုမှာ ဟွမ်ယွင်က ထူးဆန်းတဲ့ကျောက်တုံးအကြောင်း ကျန်းမျိုးနွယ် တပည့်တစ်ယောက်နဲ့ ပြောနေတာကို တွေ့လိုက်ရတယ်။ သူတို့ပြောတဲ့စကားတွေကို သေချာနားထောင်ပြီး ငါက အရမ်းထိတ်လန့်သွားခဲ့တယ်။ အဲဒီလူက လော်အဖွဲ့အစည်းရဲ့ လျှို့ဝှက်တမန်တော်ပဲ။ သူတို့တွေက လုံနန် ကျန်းမိသားစုနဲ့ တောင်တန်းချင်ဓားဂိုဏ်းတို့အတွက် ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို အပိုင်သိမ်းဖို့ စီစဉ်နေကြတာ…”
“သူတို့ရဲ့အစီအစဉ်က ဆန်းကြယ်ကျောက်တုံးအတွက် ဟန်ဆောင်တိုက်ခိုက်မယ်။ အမှန်အတိုင်းပြောရရင်တော့ လော်ကျောင်းက ကျောက်တုံးကို ခိုးယူဖို့ အခွင့်အရေး ဖန်တီးပေးလိုက်တာပဲ။ ဒီလိုဆိုရင် လုံနန် ကျန်းမိသားစုနဲ့ တောင်တန်းချင်ဂိုဏ်းတို့က သံသယဝင်ခံရမှာ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ သူတို့က လော်အဖွဲ့အစည်းရဲ့ နောက်ကို လိုက်ဖမ်းရင်း လော်အဖွဲ့အစည်းက တပည့်တွေကို ရှုံးချင်ယောင်ဆောင်ကြလိမ့်မယ်… "
မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်မှ တစ်ခုဖြစ်သည့်အတွက် လော်အဖွဲ့အစည်းက ရှောင်လင်ကဲ့သို့ ဂိုဏ်းကြီးများ၏ ဖိနှိပ်မှုကို အမြဲလိုလိုခံကြရသည်။ ထို့ကြောင့် သူတို့၏ ကြီးစဉ်ငယ်လိုက် အဆင့်အတန်းများက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး အပြင်လူများက မသိကြပေ။
ရှောင်လင်မှ တပည့်များကပင် သူတို့၏ခေါင်းဆောင်က သက္ကတဓမ္မရာဂျာ ဟု သိထားကြသည်။ နတ်ဆရာ(၁၂)ယောက်က ဒုတိယအဆင့်ဖြစ်ပြီး လျှို့ဝှက်တမန်တော်များကတော့ အောက်ဆုံးအဆင့်ဖြစ်ကြသည်။ တခြားသော အရာများကိုတော့ မည်သည့်အရာမျှ မသိကြပေ။
"ဒါဆိုရင် မင်းက ဘယ်လိုဖြစ်ပြီး ပေါ်သွားတာလဲ… "
မုန့်ချီက ဟွာလွန်၏ နောက်ကျောမှ တစ်စက်စက်ကျနေသော အနက်ရောင် သွေးများကို ကြည့်လိုက်သည်။
ဟွာလွန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
"ငါတို့ရဲ့အဖွဲ့အစည်းက လျှို့ဝှက်အသက်ရှူကျင့်စဉ်ကို ကျွမ်းကျင်ထားတယ်။ ဒါကြောင့် ပထမတုန်းက ငါ့ကို သတိထားမမိကြဘူး။ ဟွမ်ယွင် ပြောပြီးသွားတဲ့အချိန်မှာ ကျန်းမျိုးနွယ် တပည့်နှင့် လော်အဖွဲ့အစည်းက လျှို့ဝှက်တမန်တော်လည်း ထွက်သွားကြတယ်။ အဲဒါကြောင့် ငါလည်း လှုပ်ရှားဖို့ စဉ်းစားလိုက်တာ။ ဒါပေမယ့် လော်အဖွဲ့အစည်းက လျှို့ဝှက်တမန်တော် ပြန်ရောက်လာတဲ့အတွက် ငါ့ကိုတွေ့သွားတယ်။ ငါက သူ့ရဲ့မဟူရာ နတ်ဘုရားလက်သည်းကြောင့် ဒဏ်ရာရသွားခဲ့ပေမဲ့ ငါ့ရဲ့ဓားသိုင်းပညာကြောင့် ကံကောင်းပြီး လွတ်သွားခဲ့တယ်…"
သူက နောက်ကျောအလယ်တွင် ရှိနေသော အနက်ရောင်လက်သည်းရာကြီးကို ပြသလိုက်သည်။ လက်သည်းရာ၏ ပတ်ပတ်လည်တွင် ရှိနေသော အဝတ်အစားများက တိုက်စားခံနေရပြီး အသားအရေက မည်းညစ်ညစ်ဖြစ်၍ ဖူးယောင်နေခဲ့သည်။ ထိုအရေပြားကို ကိုင်ကြည့်လိုက်ရုံနှင့် ပုပ်ပွနေပြီး အနက်ရောင်သွေးများ စီးကျလာနေခဲ့၏။
"တကယ့်ကို လော်အဖွဲ့အစည်းပဲ..."
မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
မဟူရာနတ်ဘုရားလက်သည်းက လော်အဖွဲ့အစည်းတွင် ရှိနေသော လျှိ့ဝှက်တမန်တော်၏ ထိပ်တန်း သိုင်းပညာတစ်ခု ဖြစ်သည်။ ထိုအရာက လျှိ့ဝှက်ဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်သည်။ တိုက်ခိုက်ခံလိုက်ရမည်ဆိုလျှင် ဒဏ်ရာ၏ ပတ်ပတ်လည်တွင် ရှိနေသော အသားအရည်က လျင်မြန်စွာ ပုပ်ပွလာပါလိမ့်မည်။
အကယ်၍ လက်ဝါးထဲတွင် ရှိနေသော မကောင်းဆိုးဝါးစွမ်းအားများနှင့် အဆိပ်များကိုသာ အချိန်မီ ဖြေရှင်းနိုင်ခြင်းမရှိလျှင် ကိုယ်တွင်းကလီစာများဆီသို့ အဆိပ်က ပျံ့နှံ့သွားပါလိမ့်မည်။ ရလဒ်အနေနှင့် ဒဏ်ရာရသူက နာကျင်စွာ သေဆုံးသွားရမည်ဖြစ်၏။
မုန့်ချီက ပြောလိုက်သည်။
"သခင်လေးဟွာ …
မင်းရဲ့ဒဏ်ရာကို အခုချက်ချင်းဖြေရှင်းဖို့လိုတယ်…"
ဟွာလွန်က ဒဏ်ရာရနေသည်မှာ နှစ်ရက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ နောက်တစ်ရက် အချိန်ဆွဲလိုက်မည်ဆိုလျှင် သူ့အသက်ကို ကယ်တင်နိုင်သော်လည်း သူ့ရဲ့သိုင်းပညာများအားလုံးကို ဆုံးရှုံးသွားရပါလိမ့်မည်။
ဟွာလွန်ကလည်း သူ့အခြေအနေကို သိနေ၏။ မဟုတ်လျှင် မုန့်ချီကို အကူအညီတောင်းလိမ့်မည် မဟုတ်ချေ။ သူက တောင်းပန်လိုက်၏။
"သခင်လေးမုန့် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပေးပါ… "
မုန့်ချီက ညာလက်နှင့်ဓားကို ကိုင်ပြီး ဘယ်လက်နှင့် သူ၏အင်္ကျီပေါ်သို့ ဖိနှိပ်လိုက်သည်။ ထိုအချိန်တွင် သူ၏အတွင်းအားများ စီးဆင်းလာပြီး ဟွာလွန်၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားကာ မကောင်းဆိုးဝါးစွမ်းအင်များနှင့် အဆိပ်များကို ဖယ်ရှားရန် ကူညီပေးလိုက်သည်။
ဟွာလွန်ကလည်း သူ၏ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသော ချီစွမ်းအားများကို ခံစားမိခဲ့သည်။ ထိုစွမ်းအားများက အလွန်အမင်းကို စစ်မှန်နေပြီး အသန့်စင်ဆုံး ယန်စွမ်းအားများ ဖြစ်၏။
ရုတ်တရက်ဆိုသလို သူ့ဆီတွင် စွမ်းအားများ ပြည့်လာသလို ထင်မှတ်ရပြီး ထိုချီစွမ်းအင်များ၏ အကူအညီနှင့် အတွင်းအားများကို စုဆောင်းနိုင်ခဲ့သည်။ သူက မဟူရာမကောင်းဆိုးဝါးလက်သည်း၏ မကောင်းဆိုးဝါး စွမ်းအားများနှင့် အဆိပ်များကို အတင်းအကြပ် တွန်းထုတ်လိုက်သည်။
“သူ့ရဲ့ချီစွမ်းအင်တွေအရ သူက အမှန်တရားဘက်တော်သားပဲ…”
ဟွာလွန်က အတွေးနှင့် ခေါင်းညိတ်လိုက်မိသည်။
ပုံမှန်အားဖြင့် ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များက အပြင်ဘက်တွင် ပေါ်မလာတတ်ကြပေ။ ထူးခြားသော စွမ်းရည်များကိုသုံးမှသာ ထွက်ပေါ်လာတတ်၏။ ထို့ပြင် ဉာဏ်အလင်းပွင့်မှုအဆင့် အတောအတွင်း ချီစွမ်းအင်များ၏ အရည်အသွေးကို ခွဲခြားရန်လည်း ခက်ခဲသည်။
ဥပမာအနေနှင့် ပြောရလျှင် မုန့်ချီ၏ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က သန့်စင်သော ယန်စွမ်းအားများ ရှိနေသည်။ ဝေ့ကျင်းအဆင့်ကို မရောက်ခင် ထိုအရာက ဗုဒ္ဓလမ်းစဉ်အတွင်းအားဟု ပြသနိုင်မည် မဟုတ်ချေ။ ထိုအရာက တခြားသော ချီစွမ်းအင်များနှင့် တူညီနေ၏။
မုန့်ချီက သူ၏ ချီစွမ်းအားကို အသုံးပြုသည့်အချိန်မှသာ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ လက္ခဏာများက ပေါ်လာပြီး တခြားလူများက ခွဲခြားနိုင်ပါလိမ့်မည်။
ဟွာလွန်ဆီမှ အနက်ရောင်သွေးများ စီးကျလာပြီး ယောင်ကိုင်းနေသည့် ဒဏ်ရာကလည်း လျော့ကျသွားသည်။ အသားအရည်ကလည်း ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ပုံမှန်အခြေအနေကို ပြန်ရောက်စွားခဲ့၏။
"ဝေါ့…"
ဟွာလွန်က အနက်ရောင် သွေးများကို အန်ချလိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ဆီတွင် စွမ်းအားများ ပြည့်လာသလို ခံစားလိုက်ရ၏။
သူက လက်နှစ်ဖက်ဆုပ်၍ ဦးညွတ်လိုက်သည်။
"ကျေးဇူးပြုပြီး ငါ့ရဲ့စိတ်ဆန္ဒကို လက်ခံပေးပါ…”
မုန့်ချီက သူ၏ဘယ်လက်ကို ရုတ်သိမ်းလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"လော်အဖွဲ့အစည်းက မင်းနောက်ကို လိုက်သတ်ဖို့ လူလွှတ်ထားတာလား…"
"ဟုတ်တယ်။ သူတို့တွေက တောင်(၃)လုံး မြစ်(၄)သွယ်မှာရှိတဲ့ နောက်လိုက်တွေ အများကြီးကို တိတ်တဆိတ် ခေါ်ထားကြတယ်။ သူတို့တွေထဲမှာ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေလည်း အများကြီးပါတယ်။ သူတို့က ငါ့ကို ဒီနေရာမှာ ပိတ်ထားကြတာ။ တကယ်လို့ ငါကသာ ကလေးဘဝကတည်းက ဒီရုပ်ပွားတော်ကြီးထဲမှာ လျှို့ဝှက်တံခါးတစ်ခုကို တွေ့မထားဘူးဆိုရင် ငါ့ကို ဖမ်းမိသွားလောက်ပြီ။ သူတို့တွေက တောင်အောက်ကို ဆင်းတဲ့လမ်းကို ပိတ်ထားနိုင်တယ်။ အခုငါ့ကို ရှာနေလောက်ပြီ…"
ဟွာလွန်က အလေးအနက် ပြောလိုက်၏။
"သခင်လေးမုန့် …
ကျန်းရီကျောင်းကို သွားတဲ့အချိန်ကျ တည်တည်ငြိမ်ငြိမ်နဲ့ ဆင်းသွားရင် ရနိုင်မယ် ထင်တယ်။ မဟုတ်ရင် သူတို့က သခင်လေးကို သတ်ပစ်လိမ့်မယ် ထင်တယ်။ တကယ်လို့ သူတို့ဂိုဏ်းက လော်အဖွဲ့အစည်းကို ရင်မဆိုင်ချင်ဘူးဆိုရင်တော့ ကျန်းဝူဂိုဏ်းကို သွားပါ။ ကျန်းဝူဂိုဏ်းက တပည့်တစ်ယောက်နဲ့ ကျွန်တော်က မိတ်ဆွေတွေပါ။ ကျွန်တော့်ရဲ့ တံဆိပ်ပြားကို ပြပြီး သူတို့ကို အကူအညီတောင်းလို့ရတယ်…"
"တော်တော်လေး တိုက်ဆိုင်တာပဲ…"
မုန့်ချီက သူ့ကိုကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။
"ဘာလို့ ငါက ကျန်းရီကျောင်းကို သွားသင့်တာလဲ။ သူတို့က အကူအညီပေးနိုင်မှာလား…"
ဟွာလွန်က စိတ်ထဲတွင် ရှုပ်ထွေးနေခဲ့သည်။
"အခု ဆန်းကြယ်ကျောက်တုံးက ပျောက်သွားပြီ။ တကယ်လို့ ငါသာ ဟွမ်ယွင်နဲ့ သူတို့ဆိုရင် မင်းက နှစ်ရက်တိတိ ပျောက်နေတဲ့အတွက် မင်းကို အပြစ်တင်ကြမှာပဲ။ မင်းအဖေနဲ့မင်းက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို မပေးချင်တဲ့အတွက် ပျောက်ချင်ယောင်ဆောင်တာလို့ စွပ်စွဲနိုင်တယ်။ မင်းက အပြင်လူနဲ့ပူးပေါင်းပြီး ကျောက်တုံးကို လုခိုင်းလိုက်တာလို့တောင် သူတို့က တခြားလူတွေကို ပြောပြနိုင်တယ်။ မင်းအဖေရဲ့မွေးနေ့ပွဲမှာ မင်းကိုယ်တိုင်ရော ကျန်းရီကျောင်းက လူတွေရော တစ်ယောက်မှ မရှိခဲ့တဲ့အတွက် မင်းမှာ သူတို့ကို ငြင်းဆန်ဖို့ အခွင့်အရေးမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဆန်းကြယ်ကျောက်တုံးက မင်းတို့ရဲ့လက်ထဲမှာ ရှိနေတုန်း ပျောက်သွားတာလေ… "
မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။
ဟွာလွန်က သေချားစဉ်းစားကြည့်လိုက်ပြီး သူ၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက အံကြိတ်ပြီး တောင်းပန်လိုက်သည်။
"သခင်လေးမုန့် …
သခင်လေးက ကျွန်တော့်ကို ဖမ်းလိုက်လို့ရတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ နောက်ကျောမှာ မဟူရာနတ်ဘုရားလက်သည်းရဲ့ အကြွင်းအကျန်တွေ ရှိနေသေးတယ်…"
"တကယ်လို့ မင်းက ဆန်းကြယ်ကျောက်တုံးကို လုယူဖို့အတွက် လော်အဖွဲ့အစည်းနဲ့ ပူးပေါင်းမယ်ဆိုရင် မဟူရာနတ်ဘုရားလက်သည်းနဲ့ တမင်တကာ တိုက်ခိုက်ခိုင်းလို့ ရနိုင်တယ်လေ။ ဒါက ဖြစ်နိုင်ချေရှိတဲ့အရာတစ်ခုပဲ…"
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ပြီးတော့ ကျောက်တုံးပျောက်သွားပြီးမှ ငါက မင်းကို တွေ့တာလေ။ ငါက မင်းကို ဘယ်လိုဖမ်းလို့ရနိုင်မှာလဲ… "
ဟွာလွန်၏ မျက်နှာအမူအရာက ပို၍ပင် ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့၏။ သူကတော့ သူ၏ အခြေအနေကို ခန့်မှန်းမိသွားပုံရသည်။ သူက နောက်ဆုံးမျှော်လင့်ချက်အဖြစ် ပြောလိုက်၏။
"သခင်လေးမုန့် ကျွန်တော်ဘာလုပ်သင့်လဲ…"
မုန့်ချီက စိုးရိမ်နေခြင်းမရှိဘဲ တည်ငြိမ်နေသည်။ သူ့ဆီတွင် အစီအစဉ်တစ်ခု ရှိနေပုံရ၏။
"မင်းက ကျန်းဝူဂိုဏ်းမှာရှိတဲ့ ကျန်းယွင်ရှန်ကို သိလား…"
မုန့်ချီက သူ့မေးခွန်းကို ပြန်မဖြေဘဲ နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်သည်။
ဟွာလွန်က ခဏကြာ မှင်တက်သွားခဲ့၏။ သူက အားတင်းပြီး ပြောလိုက်သည်။
"အစ်ကိုကြီးကျန်းက လက်ရှိမျိုးဆက်မှာ ကျန်းဝူဂိုဏ်းရဲ့ ဆက်ခံသူတစ်ယောက်လေ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး သူ့ရဲ့မိတ်ဆွေဖြစ်နိုင်မှာလဲ။ ဒါပေမယ့် သူ့ရဲ့ညီအစ်ကို နှစ်ယောက်ကိုတော့ ကျွန်တော်က ရင်းနှီးတယ်… "
"ငါနားလည်ပြီ…"
မုန့်ချီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ဒီကိစ္စကို ဖြေရှင်းဖို့က လွယ်ပါတယ်။ အဓိက သော့ချက်ကတော့ ဆန်းကြယ်ကျောက်တုံးကို ပြန်ယူဖို့ပဲ။ ဆန်းကြယ်ကျောက်တုံးရှိနေရင် ဘယ်သူက မင်းကို သိက္ခာချလို့ရမှာလဲ…"
"ဆန်းကြယ်ကျောက်တုံးကို ပြန်ယူမှာလား…"
ဟွာလွန်၏ မျက်လုံးများက ဝင်းလက်တောက်ပသွားသော်လည်း ချက်ချင်းပင် မျက်နှာပျက်သွားခဲ့သည်။
သူက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ငါက ကျောင်းကို ပြန်ရောက်ဖို့ တစ်ရက်အချိန်ပေးရဦးမယ်။ တကယ်လို့ တစ်ယောက်ယောက်က ငါ့ကို ကူညီပေးမယ်ဆိုရင်တောင် လော်အဖွဲ့အစည်းက လူတွေက ဆန်းကြယ်ကျောက်တုံးနဲ့အတူ ထွက်ပြေးသွားလောက်ပြီ…"
"ငါ မင်းကို ကူညီပေးနိုင်တယ်…"
မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။
ဟွာလွန်ကတော့ အံ့ဩသွားခဲ့သည်။
"သခင်လေးမုန့် သေချာစဉ်းစားပါဦး။ ဒါက အရမ်းအန္တရာယ်များလွန်းတယ်…"
မုန့်ချီ၏ ချီစွမ်းအင်များအရ သူ၏အစွမ်းက တံခါး(၄)ပေါက်နှင့် တံခါး(၆)ပေါက်ကြားတွင် ရှိနေကြောင်း ဟွာလွန်က ခန့်မှန်းမိခဲ့သည်။
"ငါက မင်းကို တောင်အောက် ပြန်ခေါ်သွားပြီး စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းဆီ ပြန်ပို့ပေးမယ်။ ပြီးရင်တော့ မင်းက ကျောင်းအုပ်ဟွာကိုပြောပြီး မင်းတို့ရဲ့တပည့်တွေ အားလုံးကို စေလွှတ်လိုက်ပေါ့…"
မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။
သူတို့ဆီတွင် တံခါး(၉)ပေါက် ပွင့်နေသော နင်ကျိတောင် ရှိနေသည့်အတွက် သူက ဟွာတျန်းကီကို သေချာပေါက်ခေါ်သွားရပါလိမ့်မည်။
မုန့်ချီက ပြန်မေးလိုက်၏။
"သခင်လေးဟွာ …
မင်းက သူတို့ရဲ့စကားကို အချိန်အကြာကြီး ခိုးနားထောင်ခဲ့တာဆိုတော့ လော်အဖွဲ့အစည်းက လူတွေက ဘယ်နေရာပုန်းနေတယ်ဆိုတာနဲ့ သူတို့ထွက်ပြေးမဲ့အစီအစဉ်ကို သိတယ်မဟုတ်လား…"
ဟွာလွန်က ခဏကြာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။
"အဲဒါကို သိပါတယ်။ သခင်လေးမုန့် ..ကျွန်တော်သခင်လေးကို ဘာအကူအညီပေးရမလဲ။ တကယ်လို့ ကျွန်တော်ကူညီပေးနိုင်တာရှိရင် ကျေးဇူးပြုပြီးပြောပါ။ ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်…"
"ငါက လော်အဖွဲ့အစည်းနဲ့ ပြဿနာရှိတယ်။ ငါက အဲဒီပဋိပက္ခလေးတွေကို လက်တုံ့ပြန်ချင်ရုံပါပဲ…"
မုန့်ချီက လက်နောက်ပစ်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ဟားဟားဟား…။ ငါက နောက်လိုက်တာပါ။ အမှန်အတိုင်းပြောရရင် ငါက သူရဲကောင်းဆန်ပြီး အမှန်တရားလမ်းစဉ် လျှောက်လှမ်းတဲ့ လူတစ်ယောက်လေ…"
ဟွာလွန်ကပင် ထွက်ပြေးနိုင်သည့်အတွက် ဤနေရာတွင် လော်အဖွဲ့အစည်းက အစွမ်းထက်ပညာရှင်များ မရှိနိုင်ကြောင်း မုန့်ချီက ခန့်မှန်းမိခဲ့သည်။
"အမှန်အတိုင်းပြောရရင်တော့ ငါက ပထမစကားကိုပဲ ယုံတယ်…"
ဟွာလွန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"သခင်လေးမုန့် …
တကယ်လို့ ကျွန်တော့်ကို ကူညီပြီး ဆန်းကြယ်ကျောက်တုံးကို ပြန်ရမယ်ဆိုရင် ကျွန်တော့်ရဲ့အဖေကို တောင်းဆိုပြီး သခင်လေးရဲ့လက်ထဲကို (၃)ရက်တိတိ ငှားပေးပါမယ်…”
"ဒါဆိုရင်တော့ ကောင်းတာပေါ့…"
မုန့်ချီက စဉ်းစားမနေဘဲ သဘောတူလိုက်သည်။ အကယ်၍ သူသာ လက်မခံလျှင် ဟွာလွန်က သူ့ကို သံသယဝင်သွားနိုင်သည်။
သူက ပြောလိုက်၏။
"ငါက အခုချက်ချင်းပဲ တောင်ပေါ်ကနေဆင်းပြီး စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းဆီကို ပြန်သွားမယ်…"
ထိုလက်သည်းတွင် ရှိနေသော မကောင်းဆိုးဝါးစွမ်းအားများကို ဟွာလွန်၏ ခန္ဓာကိုယ်ထဲမှ ဖယ်ရှားပေးသော်လည်း သူ့ခန္ဓာကိုယ်ထဲတွင် နှစ်ရက်တိတိ ရှိနေနိုင်သေးသည်။ အနည်းဆုံးတော့ ဟွာလွန်က သူ့အစွမ်းများကို ပြန်ရရန် (၂)နာရီမှ (၄)နာရီခန့်အထိ လိုအပ်၏။
အကယ်၍ မုန့်ချီသာ ဟွာလွန်၏ အကူအညီမရှိဘဲ တစ်ယောက်တည်း လှုပ်ရှားမည်ဆိုလျှင် တားဆီးခံရပါလိမ့်မည်။ ဟွာလွန်၏ နေရာကလည်း ပေါ်သွားနိုင်၏။ ထို့ကြောင့် ဟွာလွန်ကို သူနှင့်အတူ ခေါ်သွားသည်က ပိုကောင်း၏။
ဟွာလွန်က လက်နှစ်ဖက်ဆုပ်၍ မုန့်ချီကို ကျေးဇူးတင်စကားပြောလိုက်၏။ သူက ချက်ချင်းပင် အနည်းငယ် စိုးရိမ်စွာ သတိပေးလိုက်သေးသည်။
"သခင်လေးမုန့် …
လော်အဖွဲ့အစည်းက တပည့်တွေက တောင်အောက်ကို ဆင်းတဲ့လမ်းကို တားဆီးထားတယ်။ သူတို့တွေထဲက တချို့က အရမ်းအစွမ်းထက်တယ်။ တကယ်လို့ သူတို့တွေထဲက တချို့နဲ့ တွေ့ရမယ်ဆိုရင် မဆင်မခြင် မတိုက်ခိုက်ပါနဲ့။ သူတို့နဲ့ ရင်မဆိုင်ပါနဲ့။ သတိထားပါ…"
မုန့်ချီကတော့ ပြုံးရုံသာ ပြုံးလိုက်သည်။ သူက ရေခဲပေါ်တယ်ဓားကို ရင်ဘတ်ရှေ့တွင် မြှောက်လိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"မင်းတို့တွေက ငါ့ရဲ့ဓားပညာကို စမ်းသပ်ဖို့ စောင့်နေလိုက်တော့…”
“ခြေ(၁၀)လှမ်းပြည့်တိုင်း လူတစ်ယောက်ကို သတ်ပစ်မယ်။ မိုင်တစ်ထောင်အတွင်း အကြွင်းအကျန်တစ်ယောက်မျှ မရှိစေရဘူး…"
မုန့်ချီ၏စိတ်ထဲတွင် ရုတ်တရက် ထိုစာသားတစ်ခု ပေါ်လာခဲ့လေသည်။
Translated by Hein Htet