← Chapters

အခန်း (၁၅၅)

Vol. 11 Ch. 155

အခန်း (၁၅၅)

Vol. 11 Ch. 155

မှောင်မည်းနေသော ညအချိန်တွင် လေလှိုင်းများက တဖြူးဖြူး တိုက်ခိုက်နေသည်။ မုန့်ချီက ဟွာလွန်ကို နောက်ကျောတွင် သယ်ဆောင်ပြီး လေနတ်ဘုရား ခြေလှမ်းသိုင်းကိုသုံး၍ အနီးဆုံးလမ်းမှနေ၍ မြို့ဆီသို့ ပြန်သွားနေခဲ့သည်။

"သခင်လေးမုန့်ရဲ့ ကိုယ်ဖော့ပညာက တော်တော်လေးကို ထူးချွန်တာပဲ…."

ကျန်းရီဂိုဏ်းတွင် ကြီးပြင်းသော ဟွာလွန်က ကိုယ်ဖော့ပညာများ၏ အဆင့်ကို အလွယ်တကူ ပြောပြနိုင်သည်။ လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်၏ ကြောက်စရာစွမ်းရည်ကို နားလည်သွားသည့်အတွက် သူ့စိတ်ထဲတွင် မုန့်ချီကိုကြိတ်၍ ချီးကျူးလိုက်မိ၏။

သို့သော် ပျက်စီးနေသော ကျောင်းဆောင်ထဲရှိ သူရဲကောင်းဆန်သော အပြုအမူကို စဉ်းစားမိသည့်အချိန်တွင် သူက အနည်းငယ် မကျေမနပ် ဖြစ်နေမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ သခင်လေးမုန့်၏စွမ်းရည်က တံခါး (၄) ပေါက်နှင့် တံခါး (၆)ပေါက်ကြား ရှိနေသော်လည်း လော်အဖွဲ့အစည်းတွင် ထိုကဲ့သို့ အဆင့်ရှိနေသော ပညာရှင် နည်းပါးမှု မရှိချေ။ သူ၏အပြုအမူက မောက်မာနေသလိုဖြစ်နေ၏။

"သူ့ရဲ့ကိုယ်ဖော့ပညာက တော်တော်လေး ကောင်းနေတာ ကံကောင်းသွားတယ်... "

ဟွာလွန်က တစ်ယောက်တည်း တွေးလိုက်မိသည်။ မုန့်ချီ၏ လက်ရှိကိုယ်ဖော့ပညာ စွမ်းရည်အရ အနည်းဆုံး သူတို့က ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် ထွက်ပြေး၍ ရနိုင်သေးသည်။

မုန့်ချီက တံခါး (၄) ပေါက်ကို အသက်သွင်းထားပြီး မျက်လုံးတံခါးနှင့် နားတံခါးကို သတိထားနေသည့်အတွက် အလစ်ချောင်း တိုက်ခိုက်မှုများကို ကာကွယ်နိုင်သည်။ ညအချိန်တွင် သစ်တောထဲ၌ ရှိနေသော ကျောက်တုံးကြီးများကတော့ ပုန်းအောင်းနေသော မကောင်းဆိုးဝါးများကဲ့သို့ ဖြစ်နေကြသည်။ သူတို့ကို ခြောက်လှန့်နိုင်၏။

ရုတ်တရက်ဆိုသလို သစ်တောထဲမှနေ၍ ထူးဆန်းသောလက်နက်များ ကိုင်ထားသည့် လူ (၂) ယောက် ထွက်လာပြီး မုန့်ချီကို ဘေးနှစ်ဖက်မှ တိုက်ခိုက်လိုက်ကြသည်။

"သတိထား... "

ဟွာလွန်က ပတ်ပတ်လည်ကို သတိထား၍ စောင့်ကြည့်နေခဲ့၏။

သူ့အသံ ပျောက်ကွယ်မသွားသေးခင် မုန့်ချီကတော့ အရက်မူးသမား တစ်ယောက်ကဲ့သို့ ဓားကို ဝှေ့ယမ်းတိုက်ခိုက်လိုက်သည်။ သူက ဘယ်ဘက်သို့ လှမ်းထိုးလိုက်ပြီး ညာဘက်သို့ ခုတ်ချလိုက်သည်။

"ချွင် ချွင် ချွင်... "

အသံနှစ်ခုနှင့်အတူ လူနှစ်ယောက်က သူတို့၏လက်နက်ကို ခန္ဓာကိုယ်ပေါ်တွင် ကန့်လန့်ဖြတ် တားဆီးထားလိုက်သည်။

ထိုလူနှစ်ယောက်ထဲတွင် တစ်ယောက်က အနက်ဝတ်ထားပြီး တစ်ယောက်က အဖြူဝတ်ထားသည်။ ဆံပင်များက ရှုပ်ပွနေပြီး ချိတ်ပါသော တုတ်ရှည် တစ်ချောင်းဆီကို ကိုင်ထားသည့်အတွက် သူတို့၏ပုံစံက လမ်းသရဲများကဲ့သို့ ထင်မှတ်ရသည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်လိုက်ပြီးနောက် မုန့်ချီဆီသို့ ပြန်၍ ချဉ်းကပ်လာကြသည်။

ဟွာလွန်က အနည်းငယ် စဉ်းစားနေပြီးနောက် မုန့်ချီကို လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"သူတို့တွေကို ကျိုးရှန်တစ္ဆေနှစ်ကောင်လို့ခေါ်ကြတယ်..။ သူတို့က တံခါး (၄)ပေါက် ပွင့်နေတဲ့ ပညာရှင်တွေပဲ ။ သူတို့ရဲ့ အထူးသော့တုတ်တံတွေက ရန်သူရဲ့လက်နက်ကို လုယူတဲ့နေရာမှာ အသာစီးရတယ်... "

သူကတော့ ပြိုင်ဘက်များ၏အကြောင်းကို မုန့်ချီသိအောင် ရှင်းပြနေခဲ့သည်။ ထိုအရာက သူတို့အနိုင်ရနိုင်သည့် အခွင့်အရေးကို တိုးမြှင့်လာစေနိုင်၏။

သူက စကားပြောနေသည့်အချိန်တွင် မုန့်ချီနှင့် ကျိုးရှန်တစ္ဆေ (၂) ကောင်ကတော့ တိုက်ခိုက်နေကြ၏။ သိပ်မကြာခင် သော့တုတ်တံနှင့် မုန့်ချီ၏ဓားကို ဆွဲယူလိုက်သည်။

"သူတို့က ပူးပေါင်းတိုက်ခိုက်တာကို သဘောကျပြီး တံခါး (၆)ပေါက် ပညာရှင်တွေကိုတောင် အနိုင်ရနိုင်တယ်... "

မုန့်ချီ၏ဓားကတော့ လွတ်ထွက်သွားခြင်းမရှိဘဲ သော့တုတ်တံကသာ အလိုလို လွတ်သွားခဲ့သည်။ ထို့နောက် တုတ်တံက လေထဲသို့ မြောက်လာခဲ့၏။ တုတ်တံ (၂)ချောင်းက တစ်လှည့်စီ ဝင်လိုက်ထွက်လိုက် ပြောင်းလဲနေပြီး တခြားတစ်ခုက သူ့ဆီကို ကျရောက်လာခဲ့သည်။

"ချွင် ချွင်... "

အသံ (၂) ခုနှင့်အတူ တုတ်တံ (၂) ခုက နောက်ပြန်လည်သွားကြသည်။ မုန့်ချီကတော့ ဘယ်နှင့်ညာကို တစ်လှည့်ဆီ တိုက်ခိုက်လိုက်သည့်အချိန်တွင် ကျိုးရှန်တစ္ဆေ (၂)ကောင်က သစ်တောထဲသို့ စိုးရိမ်တကြီး ထွက်ပြေးသွားကြ၏။

ကျိုးရှန်တစ္ဆေ (၂) ကောင်က ရှုံးနိမ့်သွားသည်ကို မြင်သည့်အခါ ဟွာလွန်က စကားကို ရပ်လိုက်ရသည်။ သူက ချီးကျူးလိုက်၏။

"သခင်လေးမုန့်ရဲ့ ဓားပညာက တော်တော်အံ့သြဖို့ကောင်းတာပဲ…"

"မင်းရဲ့ချီးကျူးမှုကို ကျေးဇူးတင်ပါတယ်...”

မုန့်ချီက ပြုံးလိုက်သည်။ သူကတော့ တောင်အောက်ကိုဆင်းရန် လိုအပ်နေသည့်အတွက် ထို (၂) ယောက်၏နောက်ကို လိုက်မသွားခဲ့ပေ။

သစ်တောထဲမှ ထွက်လာသည့် အချိန်တွင်တော့ အလွန်အန္တရာယ်များသော လမ်းတစ်ခုကို ရောက်လာခဲ့သည်။ ညာဘက်ခြမ်းတွင် တောင်ကမ်းပါးရံကြီးရှိပြီး ဘယ်ဘက်ခြမ်းတွင် ချောက်ကမ်းပါးများ ရှိသည်။ လေထဲတွင်တော့ မြူခိုးများ လွှမ်းခြုံနေခဲ့၏။

ထိုလမ်း၏အဝင်ဝတွင် လူတစ်ယောက်က လက်ပိုက်၍ ရပ်နေပြီး သူ့လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားသည်။ သူက မုန့်ချီနှင့် ဟွာလွန်တို့ကို အေးစက်စွာ စိုက်ကြည့်နေပြီး အလစ်ချောင်း တိုက်ခိုက်ရမည့်အစား သူတို့ကို ဖြည်းညင်းစွာ ချဉ်းကပ်လာခွင့် ပေးလိုက်သည်။

"သူ့ကို မိုးကြိုးအသံဓား မိုချန်းလို့ခေါ်တယ်..။ သူက တံခါး (၆) ပေါက်အဆင့် ဒါမှမဟုတ် တံခါး (၇)ပေါက်အဆင့် ရောက်နေလောက်ပြီ ။ သူက တောင်(၃)လုံး မြစ်(၄)သွယ်မှာ နာမည်ကျော် ဓားသမားတစ်ယောက်ပဲ ။ သူက အလစ်ချောင်း တိုက်ခိုက်တာတွေ ဝိုင်းဝန်းတိုက်ခိုက်တာတွေကို အရမ်းအထင်သေးတယ်... ။ သူက လော်အဖွဲ့အစည်းက လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး... "

အဝေးတွင် ရှိနေသေးသည့်အတွက် ဟွာလွန်က အလေးအနက် ရှင်းပြနေခဲ့သည်။

"သခင်လေးမုန့် …

သခင်လေးက သူ့ရဲ့မိုးကြိုးအသံဓား (၇) ချက်ကို သတိထားရလိမ့်မယ်... ။ အဲဒီဓားပညာက တောင် (၃)လုံး မြစ်(၄)သွယ်မှာ တော်တော်လေးရှားပါးတဲ့ ဓားပညာမျိုးပဲ ။ ပြီးတော့ သူကိုယ်တိုင်ကလည်း ဂိုဏ်းကြီးများစွာရဲ့ ထိပ်တန်းပညာရှင်တစ်ယောက်လို့ အသိအမှတ်ပြုတာကို ခံထားရတယ်... "

ဟွာလွန်က တတ်နိုင်သမျှ မြန်မြန် ပြောပြနေခဲ့သည်။

မိုချန်းက သူ့ဓားကို ဆွဲထုတ်လိုက်သည့် အချိန်တွင် ပြောင်းလဲသွားခြင်း မရှိချေ။ သို့သော် သူ့ဓားက လေလှိုင်းနှင့် မိုးကြိုးများပမာ လျင်မြန်လွန်းလှ၏။

"မိုးကြိုးအသံဓား (၇) လက် .ပထမတန်းစား ဓားမြန်သိုင်း... "

မိုချန်း၏ မိုးကြိုးအသံဓားသိုင်းကို ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီ၏ တန်ပြန်တိုက်ခိုက်မှုကတော့ မိုချန်း၏ လက်ကောက်ဝတ်ကို ဦးတည်သွားခဲ့သည်။

မိုချန်း၏မျက်နှာက အနည်းငယ် ရှုံ့မဲ့သွားခဲ့ပြီး မုန့်ချီ၏တိုက်ခိုက်မှုကို တားဆီးရန် သူ၏ဓားကွက်ကို ပြောင်းလိုက်ရသည်။ မဟုတ်လျှင် သူ၏လက်ကောက်ဝတ်က ဖြတ်ပစ်ခံရမည်ဖြစ်ပြီး ပြိုင်ဘက်ကို မတိုက်ခိုက်ရသေးခင် သူ့ဓားကိုပင် ကိုင်နိုင်တော့မည် မဟုတ်ချေ။

သူက ယပ်တောင်တစ်ချောင်းကို ဖွင့်လိုက်သည့်အလား ဓားကို ဝှေ့ယမ်းလိုက်ချိန်တွင် မုန့်ချီ၏ ရေခဲပေါ်တယ်ဓားက ရုတ်တရက် အပေါ်သို့ မြောက်လာခဲ့သည်။ ထို့နောက် မထင်မှတ်ထားသော ပုံစံနှင့် ဦးတည်ချက်ပြောင်းသွားပြီး သူ့လည်ပင်းကို ဦးတည်လာခဲ့၏။

မိုချန်းကတော့ သူ၏သိုင်းကွက်ကို ပြောင်းလဲရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက နောက်ကို (၂) လှမ်း ပြန်ဆုတ်လိုက်ပြီး မုန့်ချီ၏ဓားချက်ကို ရှောင်တိမ်းလိုက်ရ၏။

သူ နောက်ဆုတ်သွားသည့် အချိန်တွင် မုန့်ချီကတော့ ထိုသို့ဖြစ်လာနိုင်ကြောင်း ကြိုတွေးထားမိသည့်အလား သူ့နောက်သို့ ကပ်ပါလာခဲ့သည်။ သူတို့ (၂)ယောက်ကိုသာ တိုင်းတာထားမည်ဆိုလျှင် အကွာအဝေးက တစ်ထပ်တည်း တူညီနေကြောင်း တွေ့ရပါလိမ့်မည်။

ထိုကဲ့သို့ တိုက်ပွဲကို မြင်သည့်အခါ ဟွာလွန်က မိုးကြိုးအသံဓား (၇) ချက်အကြောင်းကို ဆက်မပြောတော့ပေ။

သူ၏လည်ပင်းကို ဓားနှင့် ချိန်ထားသည့်အချိန်တွင် လွတ်မြောက်ရန် ခက်ခဲကြောင်း နားလည်နေသည့်အတွက် မိုချန်းကလည်း မုန့်ချီ၏ လည်ပင်းကို ဓားနှင့်ထိုးရန် ကြိုးစားလိုက်သည်။

သူကတော့ သူသေကိုယ်သေ တိုက်ခိုက်ရန် မျှော်လင့်ထားခြင်း ဖြစ်၏။ အကယ်၍ ပြိုင်ဘက်ကသာ ရှုံးနိမ့်လိုခြင်းမရှိလျှင် နောက်ပြန်ဆုတ်ရပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူလည်း လွတ်မြောက်သွားနိုင်၏။

ထိုအချိန်တွင် မုန့်ချီ၏ဓားချက်က ရုတ်ခြည်း ပြောင်းလဲသွားခဲ့ပြီး မိုချန်း၏ ဘယ်ဘက်ပုခုံးကို ခုတ်ချလိုက်သည်။ စွမ်းအားက အလွန်များပြားလှသည့်အတွက် သူလည်း ဟန်ချက်ပျက်သွားပြီး ဒယိမ်းဒယိုင် ဖြစ်သွားခဲ့သည်။ သူ၏ဓားချက်ကလည်း မုန့်ချီကို တိုက်ခိုက်မိခြင်း မရှိတော့ချေ။

မိုချန်း၏ ညာဘက်တွင် တောင်ကမ်းပါးရံကြီးရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူက နောက်သို့ ဒယိမ်းဒယိုင် ပြန်ဆုတ်သွားသည့် အချိန်တွင် ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားခဲ့၏။

ကျယ်လောင်သော အော်သံကြီးကြောင့် ငှက်များကပင် အဝေးသို့ ပျံသန်းသွားခဲ့သည်။ ထိုတိုက်ပွဲက အတော်လေးကို လျင်မြန်လှ၏။ စက္ကန့်ပိုင်းလေးသာ ကြာလိုက်သည်။

မိုချန်းက ရှုံးနိမ့်သွားခဲ့သည့်အတွက် ဟွာလွန်က မိုးကြိုးအသံဓား (၇) ချက်ကို အသေးစိတ် ပြောပြရန်ပင် အချိန်မလောက်ခဲ့ပေ။ သူက တိတ်ဆိတ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူလည်း မည်သို့ပြောရမှန်းပင် မသိခြင်းကြောင့် ဖြစ်သည်။

မုန့်ချီက အချိန်ဆွဲမနေဘဲ တောင်ခြေသို့ဆက်၍ ပြေးသွားခဲ့သည်။ တောင်တက်လမ်းက အလွန်ကျဉ်းမြောင်းနေသည့်အတွက် ဘေးကိုကပ်၍ လျှောက်နေရ၏။ ထိုသို့ဆိုရာတွင် အလွန်ထူးချွန်သော ကိုယ်ဖော့ပညာ ရှိနေသည့် မုန့်ချီအတွက်တော့ ပြဿနာကြီးတစ်ခု မဟုတ်ခဲ့ပေ။

လမ်းတစ်ဝက်တွင် မုန့်ချီနှင့် ဟွာလွန်တို့က သူတို့ဆီသို့ ပြေးလာသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။ မိုချန်း၏ ကျယ်လောင်သော အော်သံကြီးက သူ့အဖော်များကို သတိပေးလိုက်သလို ဖြစ်သွား၏။ ထိုလူက သူတို့ကိုလမ်းတွင် ဖမ်းဆီးရန် ကြိုးစားချင်နေပုံရသည်။

ဟွာလွန်က လေးလေးနက်နက် ပြောလိုက်၏။

"အဲဒါက လော်အဖွဲ့အစည်းရဲ့ လျှို့ဝှက်တမန်တော်လေ... ။ သူက အနည်းဆုံး တံခါး(၇) ပေါက် ပွင့်နေပြီ ။ ငါ့ကို ဒဏ်ရာရအောင် လုပ်လိုက်တာလည်းသူပဲ ။ သူ့ရဲ့ မဟူရာနတ်ဘုရားလက်သည်းက တော်တော်လေး ကြောက်စရာကောင်းတယ်... ။ သူ့အစွမ်းက မိုချန်းထက်တောင် ပိုပြီးသာနေသေးတယ်... "

သူက ထိုလျှို့ဝှက်တမန်တော်ကို အနည်းငယ် ကြောက်လန့်နေသည့်အတွက် မုန့်ချီကို တစ်ကြိမ်ထက်မနည်း သတိပေးနေခဲ့သည်။ ထို့နောက် ပြိုင်ဘက်၏ သိုင်းပညာများကိုလည်း အသေးစိတ် ပြောပြနေခဲ့၏။

မုန့်ချီက လက်ထဲတွင် ကိုင်ထားသောဓားနှင့် သူ့ဆီသို့ ပြေးဝင်သွားပြီး တိုက်ခိုက်လိုက်သည်။ သူ၏ဓားချက်များက ရောက်တတ်ရာရာ တိုက်ခိုက်လိုက်သည့်အတွက် သေချာကြည့်လိုက်မည်ဆိုလျှင် သိုင်းမတတ်သော လူတစ်ယောက် တိုက်ခိုက်လိုက်သလို ထင်မှတ်ရ၏။

"သူရဲ့ခန္ဓာလှုပ်ရှားမှုတွေက တော်တော်လေးကို လျှို့ဝှက်တယ်..။ ပြီးတော့ သူက ညာဘက်မှာရှိတဲ့ ဟာကွက်တွေကို တမင်တကာပြပြီး ရန်သူကို မျှားခေါ်တတ်တယ်... "

မုန့်ချီ၏ ဓားသိုင်းပညာက သာမန်စည်းမျဉ်းများနှင့် ဖောက်ထွက်နေသည့်အတွက် လျှို့ဝှက်တမန်တော်က အနည်းငယ် တွေဝေနေခဲ့သည်။ ထို့နောက် သူ့လက်ဖဝါးနှင့် မုန့်ချီ၏ ဓားကို ရိုက်ချလိုက်သည်။

မုန့်ချီကတော့ ဓားကို ချက်ချင်းပင် ရေပြင်ညီအတိုင်း ပြောင်းလဲလိုက်ပြီး လျှို့ဝှက်တမန်တော်၏ လက်ဖဝါးကို တိုက်ခိုက်လိုက်သည်။ ထို့နောက် ထိုအရှိန်ကို အားယူပြီး လေထဲသို့ ခုန်လိုက်သည်။ ထိုအချိန်တွင် သူ၏ဓားချက်က လှုပ်ရှားသွားပြီး ကြည်လင်တောက်ပသော အလင်းတန်းတစ်ခု ပေါ်လာခဲ့၏။

"သူ့ရဲ့ညာလက် မဟူရာနတ်ဘုရားလက်သည်းက စွမ်းအားကို (၂)ဆတိုးမြှင့်ပေးနိုင်တယ်... "

ဟွာလွန်၏ စကားမဆုံးသေးခင် မုန့်ချီက သိန်းငှက်တစ်ကောင်ကဲ့သို့ လျှို့ဝှက်တမန်တော်၏ ခေါင်းကိုကျော်ပြီး သူ့နောက်ကျောဘက်တွင် ကျသွားကြောင်း တွေ့လိုက်ရသည်။

သူက အလျင်အမြန် လှည့်ကြည့်လိုက်ရာ လျှို့ဝှက်တမန်တော်က ဘေးသို့ လဲကျသွားပြီး တောင်ထိပ်ပေါ်မှ ပြုတ်ကျသွားခဲ့သည်။ သူ၏မျက်ခုံးကြားထဲတွင် သွေးစီးကြောင်းတစ်ခုရှိနေပြီး မျက်လုံးပြူး၍ သေဆုံးသွားခြင်း ဖြစ်၏။

"ဒါက အရမ်းကိုမြန်လွန်းတယ်... "

ဟွာလွန်ကတော့ မယုံကြည်နိုင်သလို ဖြစ်နေခဲ့သည်။

ထိုလှုပ်ရှားမှုကိုတော့ မုန့်ချီက ရာမဖိတ်ခေါ်ခြင်းသိုင်းပညာကို တုကူးဓား (၉) ကွက်နှင့် ပေါင်းစပ်ထားခြင်းဖြစ်ပြီး ပြည့်စုံမှုတော့ မရှိသေးပေ။ သို့သော် ဟာကွက်ပြထားသော ပြိုင်ဘက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်တော့ လျှို့ဝှက်တမန်တော်ကို တိုက်ခိုက်ရန် လုံလောက်သည်။

မြေပေါ်သို့ ဆင်းလာပြီးနောက် မုန့်ချီက ဓားကို အလျင်အမြန် ရုတ်သိမ်းလိုက်သည်။ သူက လျှို့ဝှက်တမန်တော်ကို ပြန်လှည့်ကြည့်ခဲ့ခြင်းပင် မရှိချေ။ သူက ကြောက်စရာကောင်းသော ဓားချက်၏အစွမ်းကို သေချာယုံကြည်နေပုံရ၏။

တောင်တက်လမ်းက အလွန်မတ်စောက်ပြီး ရှည်လျားသည်။ သိပ်မကြာခင် မုန့်ချီက တောင်ခြေသို့ လျင်မြန်စွာ ရောက်လာခဲ့၏။

သူက မြို့ထဲသို့သွားသော လမ်းဖက်သို့ လှည့်လိုက်သည့်အချိန်တွင် ဝဝဖိုင့်ဖိုင့် ဘုန်းတော်ကြီးတစ်ပါးက သူ့ရှေ့တွင် ပိတ်၍ ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူ့လက်ထဲတွင်တော့ အလွန်လေးလံသော သံတုတ်ကြီးတစ်ချောင်းကို ကိုင်ထား၏။

ဟွာလွန်က စကားပြောရန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်တော့ ပါးစပ်ပိတ်ထားလိုက်သည်။ သူက စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။

ထိုခပ်ဝဝကိုယ်တော်က သူ၏သံတုတ်ကြီးကို ဝှေ့ယမ်းလိုက်ရာ လေထဲတွင် တချွင်ချွင် မြည်သံများ ထွက်ပေါ်လာသည်။ မုန့်ချီက ဓားနှင့် သံတုတ်ကြီး၏ အစိတ်အပိုင်း တချို့ကို တိုက်ခိုက်လိုက်သည့် အချိန်တွင် သံတုတ်က ထိန်းချုပ်၍ မရတော့ပဲ ဘေးသို့ သွေဖယ်သွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ဓားက ဦးတည်ချက် ပြောင်းသွားပြီး ခပ်ဝဝကိုယ်တော်ကို လှမ်းထိုးလိုက်သည်။ သူက ထိုကိုယ်တော်ကို ဓားနှင့် ထိုးလိုက်ပြီးနောက် ဓားကို လျင်မြန်စွာ ရုပ်သိမ်းလိုက်၏။ ထိုအချိန်တွင် ဘုန်းတော်ကြီးကတော့ ရင်ဘတ်ကို လက်နှင့်အုပ်ပြီး မြေပေါ်သို့ ဖြည်းညင်းစွာ လဲကျသွားခဲ့လေသည်။

တောင်(၃)လုံး မြစ် (၄) သွယ်တွင် ရှိနေသော လမ်းမများက အတော်လေးကို ပြန့်ပြူးသည်။ မုန့်ချီက လေနတ်ဘုရားခြေလှမ်းသိုင်းကို သုံးလိုက်သည့်အတွက် သိပ်မကြာခင် မြို့ကို ဝိုးတဝါး မြင်လာရသည်။

သူ့နောက်ကျောတွင် ရှိနေသော ဟွာလွန်ကတော့ လမ်းတလျှောက်တွင် တိတ်ဆိတ်နေပြီး အနည်းငယ် ရှုပ်ထွေးနေခဲ့၏။

"သခင်လေးဟွာ ဘာလို့အဲဒီဘုန်းတော်ရဲ့သိုင်းပညာအကြောင်းကို ပြောမပြတော့တာလဲ... "

မုန့်ချီက အပြုံးနှင့် မေးလိုက်သည်။

ဟွာလွန်က တီးတိုးပြန်ဖြေလိုက်၏။

"ငါက သူ့အကြောင်းပြောရင်လည်း အသုံးမဝင်ဘူးလို့ တွေးလိုက်မိလို့ပါ... ။ ပြီးတော့ ငါပြောချင်တယ်ဆိုရင်တောင် ပြောဖို့ အချိန်မရလိုက်ဘူးလေ... "

ထိုအချိန်တွင် ပျက်စီးနေသော ကျောင်းဆောင်ထဲရှိ မြင်ကွင်းက သူ့ခေါင်းထဲတွင် နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ အလွန်သူရဲကောင်းဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်နေသော သခင်လေးမုန့်က ထိုနေရာတွင် ကျယ်လောင်စွာ အော်ပြောခဲ့သည်။

"မင်းတို့တွေက ငါ့ရဲ့ဓားပညာကို စမ်းသပ်ဖို့ စောင့်နေလိုက်တော့... "

Translated by Hein Htet.

All Chapters