အခန်း (၁၅၆)
Vol. 11 Ch. 156
အေးမြသော လရောင်အောက်တွင် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်း၏ အဆောက်အဦးများက အကာအကွယ် မရှိသည့်အတွက် ငွေရောင်ကဗ္ပလာကြီးတစ်ခု လွှမ်းခြုံထားသလို ထင်မှတ်ရသည်။
စွမ်းအားအနည်းငယ် ပြန်ရလာသည့်အတွက် ဟွာလွန်က မုန့်ချီ၏ နောက်ကျောပေါ်မှ ခုန်ဆင်းလိုက်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။ သူက တံခါးတွင် ရှိနေသော ကြေးနီလက်ကိုင်ကွင်းကို ကိုင်ပြီး ကျယ်လောင်စွာ ခေါက်လိုက်၏။
သူကတော့ မုန့်ချီ၏ အံ့အားသင့်ဖွယ် ဓားသိုင်းကို မြင်လိုက်ရပြီးနောက် ဆန်းကြယ်ကျောက်တုံးကို ပြန်ယူရန် အလွန်ယုံကြည်ချက်ရှိနေသည့်အတွက် စောင့်မနေနိုင်တော့ပေ။
ထိုအချိန်တွင် ကြေးနီတံခါးကြီး၏ ဘေးတွင် ရှိနေသော အပေါက်လေးက ပွင့်လာပြီး စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းမှ တပည့်တစ်ယောက်က ခေါင်းပြူ၍ ထွက်လာသည်။
"သခင်လေး…သခင်လေး ပြန်လာတာလား…"
ဟွာလွန်ကတော့ သူပြန်လာသည့်အကြောင်းကို လူတစ်ယောက်မျှ မသိစေချင်ပေ။ ထိုသို့ဆိုလျှင် ဟွမ်ယွင်ကို အလစ်ချောင်းတိုက်ခိုက်၍ မရနိုင်တော့ချေ။
ထို့ကြောင့် သူက ထိုတပည့်ကို တိတ်တိတ်နေရန် အချက်ပြပြီး မေးလိုက်သည်။
"ငါ့အဖေ ဘယ်မှာလဲ။ တခြားအကြီးအကဲတွေရော…"
ထိုတပည့်ကလည်း အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
"သခင်လေး…
ဆန်းကြယ်ကျောက်တုံးက အခိုးခံလိုက်ရတယ်။ ကျောင်းအုပ်က တခြားအကြီးအကဲတွေနှင့်အတူ ပိုင်တောင်တန်းကို လိုက်သွားတယ်။ ပြီးတော့ ချင်တောင်ဓားဂိုဏ်းက လူတွေနဲ့ သူရဲကောင်းတွေက လိုက်ရှာနေကြတယ်။ အကြီးအကဲ (၃)ယောက်ပဲ ဒီမှာကျန်နေခဲ့တယ်…"
ထိုကဲ့သို့အခြေအနေမျိုးတွင် သူခိုးဓားပြများ၏ရန်ကို ကြောက်လန့်ရသည့်အတွက် ဂိုဏ်းထဲတွင် အကြီးအကဲများ ကျန်နေတတ်သည်။
မုန့်ချီကတော့ တိုးတိုးလေး ရယ်လိုက်မိ၏။ ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို နေ့ခင်းပိုင်းတွင် လုယူသွားခြင်းဖြစ်သည်။ ယခုတော့ အတော်လေး ညဉ့်နက်နေပြီဖြစ်၏။
ဤနယ်မြေတွင် တောင်တန်းများ၊ မြစ်များ ပြည့်နှက်နေပြီး မြူခိုးများ သိပ်သည်းစွာ လွှမ်းခြုံနေသည်။ အကယ်၍ ကျောက်တုံးကို နေ့အချိန်၌ ရှာမတွေ့လျှင် ညအချိန်၌ ရှာတွေ့ရန် သေချာပေါက်မဖြစ်နိုင်တော့ပေ။ လုယူသွားသူများက ဆိုးဆိုးရွားရွား ဒဏ်ရာရသည့်အဖြစ်မျိုးသာ မရှိလျှင် အခွင့်အရေးက ပို၍ နည်းပါးသွားနိုင်သည်။
ဟွာလွန်က ပင့်သက်ရှိုက်ပြီး မေးလိုက်၏။
"ကျန်နေခဲ့တဲ့ အကြီးအကဲတွေက ဘယ်သူတွေလဲ…"
အစောပိုင်း ကျောင်းဆောင်ပျက်ကြီးထဲတွင် သူက မုန့်ချီနှင့် ဖြစ်နိုင်ချေရှိသော အရာများကို ပြောခဲ့သည်။ ထိုကြောင့်လည်း အိမ်တွင် သူ့အဖေမရှိကြောင်း သိလိုက်ရသည့်အချိန်တွင် အံ့ဩသွားခြင်း မရှိပေ။
"သူတို့က အကြီးအကဲလီ ၊ အကြီးအကဲဖန်းနဲ့ ခန်းမသခင်ပိုင်တို့ပါ…"
သခင်လေးက ထိုကိစ္စနှင့် ပတ်သက်ပြီး ဆက်၍မေးနေကြောင်း သတိထားမိသည့်အခါ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းမှ တပည့်က တစ်စုံတစ်ခု လွဲမှားနေကြောင်း နားလည်သွားသည်။
ဟွာလွန်က ခေါင်းညိတ်ပြလိုက်၏။
"ငါ့ကို ခန်းမသခင်ပိုင်ဆီ ခေါ်သွားပေးပါ…."
တခြားသော ကျောင်းများကဲ့သို့ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်း၏ အတွင်းထဲတွင်လည်း အဖွဲ့အစည်းများစွာ ခွဲခြားထားသည်။ ကျန်းရီကျောင်းက ဟွာတျန်းကီနှင့် ဟွာလွန်တို့၏ နောက်တွင် ရှိနေသည့်အတွက် အစွမ်းထက်သော အင်အားများရှိနေလျှင်ပင် သူတို့ကို လက်မခံနိုင်သော အကြီးအကဲများ ရှိနေသေးသည်။ ကျန်းရီကျောင်းက စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းအပေါ်လွှမ်းမိုးမှုကို လက်မခံနိုင်သူများ ရှိနေကြသေး၏။
ခန်းမသခင်ပိုင်ကတော့ ဟွာတျန်းကီနှင့် အတူတူဖြစ်ပြီး ကျန်ရှိနေသော အကြီးအကဲ(၃)ယောက်ထဲတွင် အယုံကြည်ရဆုံး ဖြစ်သည်။ သူက တံခါး(၈)ပေါက် ပွင့်နေပြီး ရန်ဝူခန်းမ၏ ခန်းမသခင်လည်းဖြစ်နေ၏။
အကြီးအကဲလီနှင့် အကြီးအကဲဖန်းတို့ထဲတွင် တစ်ယောက်က ကြားနေဖြစ်ပြီး တခြားတစ်ယောက်ကတော့ စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းကို ဟွာလွန်ဆက်ခံသည့်အပေါ် မကျေမနပ်ဖြစ်နေသူဖြစ်သည်။
ထိုတပည့်က အတော်လေးမျက်နှာပျက်သွားသော်လည်း မမေးရဲပေ။ သူက ဟွာလွန်နှင့် မုန့်ချီတို့ကို ရှေ့မှခေါ်ဆောင်သွားခဲ့၏။ ခြံဝန်းနှစ်ခုကို ဖြတ်ကျော်သွားပြီးနောက် ခန်းမသခင်ပိုင်၏ ခြံဝန်းထဲသို့ ရောက်လာခဲ့သည်။
"တူလေး… နောက်ဆုံးတော့ မင်းက ပြန်လာပြီပဲ…"
သတင်းကောင်းကို ကြားလိုက်ရပြီးနောက် ခန်းမသခင်ပိုင်က အတော်လေးကျေနပ်သွားခဲ့သည်။
အမှန်အတိုင်းပြောရလျှင် သူက ဟွာတျန်းကီထက် ပို၍အသက်ကြီး၏။ သို့သော် သူ့ဆီတွင် ဆံပင်အနက်များ ရှိနေပြီး ခန္ဓာကိုယ်က ကြံ့ခိုင်သန်စွမ်းနေသေးသည်။
ဟွာလွန်က လက်နှစ်ဖက်ဆုပ်၍ တည့်တည့်သာ ပြောလိုက်၏။
"ဦးလေးပိုင် …
ကောင်းကင်ဆန်းကြယ်ကျောက်တုံးက ဘယ်နေရာမှာရှိလဲဆိုတာ ကျွန်တော်သိတယ်…"
"တကယ်ပဲလား…"
ခန်းမသခင်ပိုင်က အံဩသွားခဲ့သည်။ ဟွာလွန်က သူနှင့်တွေ့တွေ့ချင်း ထိုစကားမျိုး ပြောလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ခိုးယူခံရသည့်အချိန်တွင် သူရှိမနေခဲ့ပေ။
ဟွာလွန်က သူ၏ အတွေ့အကြုံများနှင့် အစီအစဉ်ကို ပြောပြလိုက်၏။ အဆုံးတွင်တော့ မုန့်ချီကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"သခင်လေးမုန့်က အချိန်မီ အကူအညီပေးခဲ့တာကို ကျေးဇူးတင်ရမယ်။ ဒါကြောင့် ကျွန်တော်က လုံလုံခြုံခြုံ ထွက်ပြေးလာနိုင်ပြီး ဒီသတင်းကို ဦးလေးသိအောင် ပြောပြနိုင်တာ။ ဦးလေးက တောင်တန်းထဲကို လူလွှတ်ပြီး အဖေ့ကို တိတ်တဆိတ် သတင်းပို့လိုက်ပါ။ ဒါဆိုရင် ကျွန်တော်တို့က ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ပြန်ရနိုင်တယ်… "
နင်ကျိတောင်၊ ဟွမ်ယွင်နှင့်ကျန်းကျိဖန်းတို့က တောင်တန်းထဲတွင် ဆက်ရှိနေကြသော်လည်း လော်အဖွဲ့အစည်းမှ လူ၏အစွမ်းက သေချာပေါက် အစွမ်းထက်နိုင်သည်။ ထို့ကြောင့် တံခါး(၉)ပေါက် ပွင့်နေသော သူ့အဖေက ဤနေရာတွင် ရှိနေလျှင် ပိုကောင်း၏။
"ငါတို့က သခင်လေးမုန့်ရဲ့ ကျေးဇူးကို သေချာပေါက်ပြန်ပြီး ပေးဆပ်ပါ့မယ်…"
ခန်းမသခင်ပိုင်က မုန့်ချီကို ကျေးဇူးတင်စကားပြောလိုက်သည်။ သို့သော် လော်အဖွဲ့အစည်း၏ အကြောင်းကို ကြားသည့်အချိန်တွင် ထိတ်လန့်သွားသည့်အတွက် ချက်ချင်း ပြန်မေးလိုက်၏။
"ကောင်းကင်ဆန်းကြယ်ကျောက်တုံးက ဘယ်နေရာမှာလဲ…"
"ပိုင်တောင်တန်းရဲ့ အောက်ခြေမှာရှိတဲ့ ချင်တောင်ဓားဂိုဏ်းရဲ့ရွာထဲမှာ…"
ဟွာလွန်က အံကြိတ်ပြီး ပြောလိုက်သည်။
နင်ကျိတောင်၊ ဟွမ်ယွင်နှင့် ကျန်းကျိဖန်းတို့က ပိုင်တောင်တန်းပေါ်မှနေ၍ တောင်အောက်သို့ဆင်းရန် လော်အဖွဲ့အစည်းမှ လူကို တိတ်တဆိတ် လမ်းဖွင့်ပေးမည်ဖြစ်ကြောင်း သူက မုန့်ချီကို ပြောပြခဲ့သည်။
ထိုအချိန်တွင် သိုင်းလောကမှ လူများကလည်း အလွန်များပြားပြီး နေရာတိုင်းတွင် ရှိနေသည့်အတွက် မည်သူကမျှ သတိထားမိမည် မဟုတ်ချေ။ သူတို့က လော်အဖွဲ့အစည်းမှ လူကို တည်ငြိမ်နေရန် တိုက်တွန်းထားနိုင်ပြီး နောက်တစ်နေ့ မိုးမလင်းခင်အချိန်အထိ ချင်တောင်ဓားဂိုဏ်း၏ ရွာထဲတွင် ပုန်းနေခိုင်းထားနိုင်သည်။
ထို့နောက် သူတို့တွေက မြို့ထဲသို့ ဈေးဝယ်သွားသော အစေခံများနှင့် ရောနှော၍ ထွက်သွားနိုင်၏။ သူတို့က ညအချိန်တွင် ထွက်ပြေးရန် ရွေးချယ်ခဲ့ခြင်း မရှိသည်မှာ ထိုနေရာတွင် လူများနေခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် အခွင့်အရေး ပို၍နည်းနိုင်၏။
သူက ချင်တောင်ဓားဂိုဏ်း၏ ရွာထဲမှ ခိုးထွက်နိုင်သော စွမ်းရည်မျိုး ရှိနေလျှင်ပင် တိတ်ဆိတ်နေသော ညအချိန်၌ ထွက်သွားခြင်းက အလွန်သိသာထင်ရှားသည်။ သူတို့က သူ့ကို သေချာပေါက် သံသယဝင်နိုင်၏။
ခန်းမသခင်ပိုင်က တိတ်ဆိတ်သွားခဲ့ပြီး မုန့်ချီကို ကြည့်လိုက်သည်။
"သခင်လေးမုန့်မှာရော အကြံအစည်တစ်ခုခုရှိလား…"
ဟွာလွန်၏ စကားအရ ထိုလူငယ်က နေ့ခင်းပိုင်းတွင် မြင်ခဲ့ရသော အစွမ်းထက်ပို၍ အစွမ်းထက်နိုင်သည်။ ထို့ကြောင့် သူ၏ အမြင်ကိုလည်း လျစ်လျူရှု၍ မရနိုင်ပေ။
"ကျွန်တော်က ဘယ်လိုမျိုးအကြံပေးနိုင်ဦးမှာလဲ။ သူတို့ထွက်ပြေးမဲ့ရွာရဲ့ အပြင်ဘက်မှာ စောင့်နေပြီး ကျောင်းအုပ်ရောက်လာတဲ့ အချိန်ထိအောင် ဆူဆူညံညံအသံတွေ ပေးနေလို့ပဲ ရမှာပေါ့…"
မုန့်ချီက အပြုံးနှင့်ပြောလိုက်သည်။
ထိုအရာက ခန်းမသခင်ပိုင် စဉ်းစားနေသော အရာလည်းဖြစ်၏။ ထို့ကြောင့် သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကောင်းတယ်။ သခင်လေးမုန့် ပြောတဲ့အတိုင်းလုပ်လိုက်…"
ခန်းမသခင်ပိုင်က အစွမ်းထက်ပြီး ယုံကြည်ရသော တပည့်အနည်းငယ်ကို တိတ်တဆိတ် ရှာဖွေလိုက်သည်။ ထို့နောက် စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းထဲမှ တိတ်တဆိတ် ထွက်လာပြီး ပိုင်တောင်တန်းဆီသို့ ဦးတည်သွားခဲ့ကြသည်။
သူတို့၏ ကနဦးအစီအစဉ်အရ ခန်းမသခင်ပိုင်က တပည့်နှစ်ယောက်ကို ခေါ်ပြီး တောင်တန်းပေါ်တွင် ဟွာတျန်းကီကို သွားရှာရမည်ဖြစ်သည်။ ထို့နောက် ကျောင်းတွင် တစ်စုံတစ်ခုဖြစ်နေသည်ဟု အကြောင်းပြပြီး ပြန်ခေါ်လာရမည်ဖြစ်၏။
ဟွာလွန်၊ မုန့်ချီနှင့် တခြားတပည့်နှစ်ယောက်ကတော့ ရွာအပြင်ဘက်တွင် စောင့်ကြည့်ရန် နေခဲ့ရမည်ဖြစ်သည်။ ခဏကြာ လျှောက်လာကြပြီးနောက် ကောင်းကင်ပေါ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာကြောင်း တွေ့လိုက်ရသည်။
မုန့်ချီတို့အားလုံးက မော့ကြည့်လိုက်ရာ ထိုအရာက ဟွာလွန်ပုန်းနေခဲ့သော တောင်တန်းမှ အချက်ပြဖြစ်ကြောင်း တွေ့လိုက်ရ၏။
"သေစမ်း…"
ဟွာလွန်က တီးတိုးရေရွတ်လိုက်မိသည်။ တောင်တန်းကို ပိတ်ဆို့ထားသော လော်အဖွဲ့အစည်းမှ နောက်လိုက်များက သူထွက်လာသည့်သတင်းကို ပေးလိုက်ကြောင်း သိသာနေ၏။ ထိုသို့ဆိုလျှင် လျှို့ဝှက်ချက်များက လူတိုင်းသိသွားနိုင်ပြီး သူခိုးက လျင်မြန်စွာ ထွက်ပြေးသွားနိုင်သည်။ ယခုအချိန်တွင် သူတို့က ထိုနေရာကို သွားရန်လည်း လုံးဝမဖြစ်နိုင်တော့ပေ။
"ဒါက လွယ်ပါတယ်…"
မုန့်ချီက လက်ကို ဝှေ့ယမ်းလိုက်သည်။
သူက ထိုအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်၏။ ထို့ကြောင့် လော်အဖွဲ့အစည်းမှ လျှို့ဝှက်တမန်တော်ကို တွေ့ခဲ့ရသည့်အချိန်တွင် ထွက်ပြေးရန် အခွင့်အရေးမပေးခဲ့ပဲ အစွမ်းကုန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူခိုးကို သတိပေးမည့်အချိန်က နှောင့်နှေးသွားနိုင်၏။ ရလဒ်ကတော့ အတိအကျမရှိချေ။
လျှို့ဝှက်တမန်တော် အသတ်ခံလိုက်ရသည့်အချိန်တွင် တောင်တန်းကို ပိတ်ဆို့ထားသော လော်အဖွဲ့အစည်းမှ နောက်လိုက်များက ခေါင်းဆောင် မရှိတော့သည့်အတွက် တခဏအတွင်း ဖရိုဖရဲ ဖြစ်သွားနိုင်သည်။
ယခုအချိန်ကျမှ အချက်ပြလိုက်သည့်အတွက် သူတို့၏ အခြေအနေက သူထင်ထားသည်ထက် ပို၍ဆိုးရွားနေသေး၏။ မူလတုန်းကတော့ ဟွာလွန်နှင့် သူက တခြားလူများကို ခေါ်ပြီး ရွာအပြင်ဘက်သို့ ရောက်လာ၍ ဟွာတျန်းကီ ရောက်လာမည့်အချိန်ကျမှ အချက်ပြလွှတ်မည်ဟု မုန့်ချီက တွေးထားခဲ့ခြင်းဖြစ်သည်။
ထိုအချိန်ကျလျှင် ရွာထဲတွင် ရှိနေသော သူခိုးက ကြောက်လန့်ပြီး ထွက်ပြေးနိုင်၏။ ထိုအခါသူက လှောင်အိမ်ထဲသို့ ပြေးဝင်သော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပါလိမ့်မည်။
"သခင်လေးမုန့်မှာ အစီအစဉ်တစ်ခုခုများ ရှိလား…"
ခန်းမသခင်ပိုင်က မုန့်ချီကို မျှော်လင့်တကြီး စိုက်ကြည့်လိုက်သည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"ကျွန်တော်တို့က အနည်းဆုံးတော့ သူခိုး ဘယ်ကို ပြေးမလဲဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်သေးတယ်…”
“သူက ပိုင်တောင်တန်းဘက်ကိုတော့ လုံးဝပြေးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အဲဒီမှာ သိုင်းလောက သူရဲကောင်းတွေနဲ့ ငါတို့ကျောင်းက လူတွေ၊ ချင်တောင်ဓားဂိုဏ်းက သာမန်တပည့်တွေရှိတယ်… "
ဟွာလွန်က ဦးတည်ချက် တစ်ဖက်ကို အရင်ဆုံး ဖယ်ရှားလိုက်သည်။
မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်၏။
"စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းဘက်ကိုလည်း ရွေးချယ်လို့မရဘူး။ မဟုတ်ရင် သူက ထောင်ချောက်ထဲ ဝင်မိသွားလိမ့်မယ်…"
ခန်းမသခင်ပိုင်က တီးတိုးရေရွတ်ပြီး ပြောလိုက်၏။
"အချက်ပြ ရောက်လာတဲ့နေရာမှာ ဘာဖြစ်တာလဲဆိုပြီး သိုင်းလောကသားတွေက စစ်ဆေးကြမှာပဲ။ သူသာ ဆက်နေမယ်ဆိုရင် သူ့လက်ထဲမှာ ဆန်းကြယ်ကျောက်တုံး ရှိနေတဲ့အတွက် ကိုင်လိုက်တာနဲ့ ချက်ချင်း အဖြေရှာမိမှာပဲ…”
“အခုဦးတည်ချက်နှစ်ခုပဲ ကျန်တော့တယ်။ တစ်ခုက မြို့နံရံနှင့် တခြားတစ်ခုက ဆိပ်ကမ်းပဲ…."
ဟွာလွန်က မုန့်ချီကို ကြည့်လိုက်မိသည်။
မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"လော်အဖွဲ့အစည်းက လူတွေက ဘာလို့ဒီကို ရောက်လာလဲဆိုတာ သိနိုင်ရင်တော့ အကောင်းဆုံးပဲ။ သူတို့က ကျောက်တုံးကို ယူသွားချင်ရုံပဲလား။ ဒါမှမဟုတ် ချင်တောင်တန်းအနားမှာ ဖွက်ထားမှာလား…"
"ဆိပ်ကမ်း…"
ဟွာလွန်က စဉ်းစားမနေဘဲ ပြောလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"ကျေးဇူးပြုပြီး ကျောင်းအုပ်ဟွာကို သတင်းပို့လိုက်ပါ။ ကျွန်တော်တို့က တပည့်နည်းနည်းပဲ လိုတယ်။ ပြီးတော့ ရွာအပြင်ဘက်မှာလည်း ဆက်ပြီး စောင့်ကြည့်နေပါဦး။ ဒီလိုဆိုရင် ကျွန်တော်တို့ထွက်သွားတဲ့ အချိန်ထိအောင် သူခိုးက လှုပ်ရဲမှာမဟုတ်ဘူး။ ခန်းမသခင်ပိုင်…သခင်လေးဟွာနဲ့ ကျွန်တော်က ဆိပ်ကမ်းကို သွားပြီး သူ့ကိုတားဆီးလိုက်မယ်…"
"ကောင်းပါပြီ…"
ခန်းမသခင်ပိုင်က ချက်ချင်းဆုံးဖြတ်လိုက်သည်။
လူခွဲ လှုပ်ရှားလိုက်ပြီးနောက် ဟွာလွန်က အနည်းငယ်စိုးရိမ်စွာ မေးလိုက်၏။
"သခင်လေးမုန့် သူက ဆိပ်ကမ်းကနေ တကယ်ပဲ ထွက်ပြေးနိုင်လို့လား…"
"ငါက ရှေးဖြစ်ဟောဆရာမှ မဟုတ်တာ။ ဒီတော့ ငါလည်း မပြောတတ်ဘူးလေ။ ပြောနိုင်တာတစ်ခုကတော့ ဆိပ်ကမ်းက ဖြစ်နိုင်ချေ အရှိဆုံးနေရာတစ်ခုပဲ။ ငါတို့လည်း အကောင်းဆုံး ကြိုးစားကြတာပေါ့…"
မုန့်ချီက ထူးဆန်းစွာ ပြန်ဖြေလိုက်သည်။
အကြောင်းအရင်းက ထိုကဲ့သို့ဖြစ်နေသည်။ သူတို့က စိန်ခေါ်မှုများသော အရာများနှင့် ရင်ဆိုင်ကြရသည့်အချိန်တွင် ပိုင်တောင်တန်းသို့ ပြန်သွားခြင်း ဖြစ်နိုင်သလို ဟွမ်ယွင်နှင့် တခြားလူများကို သွားရှာခြင်းလည်း ဖြစ်နိုင်သည်။
ဟွာလွန်က ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် စိုးရိမ်သလို ခံစားမနေရတော့ပေ။ ဆိပ်ကမ်းတွင် လမင်းကြီးက အေးမြနေပြီး ညအချိန်တွင် လှိုင်းများကြောင့် လှုပ်ရှားနေသော သင်္ဘောတစ်စီးသာရှိသည်။
အလွန်နီးကပ်နေသည့်အတွက် သူခိုးက သူတို့ထက်အရင်ရောက်နေမည်ဟု မုန့်ချီက စိုးရိမ်နေခြင်းမရှိပေ။ သူက ဟွာလွန်ကို ကြည့်ပြီးပြောလိုက်၏။
"ငါတို့က သူ့ကိုစောင့်ဖို့ လှေတစ်စီး ရှာရလိမ့်မယ်…"
"ဘာလို့ လှေရှာမှာလဲ…."
ဟွာလွန်က ဇဝေဇဝါ မေးလိုက်သည်။
မုန့်ချီက အပြုံးနှင့်ပြန်ဖြေလိုက်၏။
"သူလာတဲ့အချိန်ကျ ငါတို့ရဲ့လှေက လှေကြီးရဲ့နောက်မှာ ကပ်နေလို့ရတယ်လေ။ အဲဒီအချိန် ငါက ထွက်လာပြီး စကားပြောလိုက်ရင် သူက ဘယ်လောက်တောင် ကြောက်သွားမလဲ…"
ထိုကဲ့သို့ အကြောင်းပြချက်ကို ကြားလိုက်ရသည့်အချိန်တွင် ဟွာလွန်က ယုံကြည်ပေးရန် ခက်ခဲနေခဲ့သည်။ မုန့်ချီက ချောင်းဟန့်ပြီး ပြောလိုက်၏။
"အမှန်အတိုင်းပြောရရင်တော့ အရှိန်အဝါတစ်ခုကို ဖန်တီးလိုက်မလို့ပါ။ သူ့ရဲ့စိတ်ထဲမှာ အရာအားလုံးက ငါ့အစီအစဉ်အတိုင်း ဖြစ်နေပြီလို့ တွေးလာအောင် ဖန်တီးရုံပါပဲ။ အဲဒီအချိန်မျိုးမှာ သူက ကြောက်လန့်သွားပြီး သူ့ရဲ့စွမ်းအား (၇၀)ရာခိုင်နှုန်းကိုတောင် သုံးနိုင်မှာ မဟုတ်တော့ဘူး…"
ပညာရှင်များ၏ ထိပ်တိုက်တိုက်ပွဲတွင် စွမ်းအားနှင့် စိတ်ခွန်အားက အတော်လေး အရေးပါသည်။ အကယ်၍ စိတ်တွင် တစ်စုံတစ်ခု ထိခိုက်သွားလျှင် သူတို့၏ အစွမ်းက တိုးတက်ရန် ခက်ခဲ၏။ ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်များဖြစ်စေ ဝေ့ကျင်းအဆင့် ပညာရှင်များ ဖြစ်စေ အတူတူသာဖြစ်သည်။
ထိုအချက်တွင်တော့ ဟွမ်ရိ၏ ဝတ္ထုထဲတွင် ပါဝင်နေသော သိုင်းပညာများက ပို၍ ကောင်းမွန်နေသည်။ ပင်မကမ္ဘာကြီးထဲတွင်လည်း အလားတူသာဖြစ်၏။
ဟွာလွန်က ခေါင်းညိတ်ပြလိုက်သည်။
"ငါ့ရဲ့ဆရာနဲ့ ငါ့ရဲ့အဖေကလည်း အဲဒီလို ပြောခဲ့ဖူးတယ်။ အရင်တုန်းကတော့ အရှိန်အဝါနဲ့ ပတ်သက်ပြီး ငါက ဇဝေဇဝါဖြစ်နေတာ။ ဒီနေ့တော့ နားလည်သွားပြီ…"
သူက ရပ်လိုက်ပြီး အနည်းငယ် သံသယဝင်စွာ မေးလိုက်၏။
"ဒါပေမယ့် သခင်လေးမုန့်.. သခင်လေးပြောလိုက်တဲ့ အစစ်အမှန်အကြောင်းပြချက်က ပထမဆုံး ပြောလိုက်တဲ့အရာဖြစ်မယ်လို့ ခံစားမိနေတယ်…"
မုန့်ချီက သူ့ကို ကြည့်လိုက်ပြီး ပြောစရာစကားလုံး မရှိတော့ပေ။
ခဏကြာပြီးနောက် …
ဆိပ်ကမ်းတွင် အရိပ်တစ်ခု ပေါ်လာပြီး ထွက်သွားရန် လှေတစ်စီးရှာနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့မျက်လုံးက ဆိပ်ကမ်းမှ ဖြည်းညင်းစွာ ခွာနေသော ကုန်တင် သင်္ဘောတစ်စီးကို တွေ့လိုက်ရ၏။
အေးမြသော လရောင်က သင်္ဘောနှင့် မြစ်ပြင်ပေါ်ကြီးပေါ်တွင် ကျဆင်းနေခဲ့သည်။ ရေလှိုင်းများကလည်း တအိအိ လှုပ်ရှားနေသည်မှာ အိပ်မက်နယ်မြေတစ်ခုထဲသို့ ရောက်နေသလို ထင်မှတ်ရ၏။
ထိုသင်္ဘောပေါ်တွင်တော့ ချောမောခန့်ညားသော လူတစ်ယောက် ရပ်နေပြီး မြစ်ပြင်ပေါ်တွင် ဖြတ်တိုက်လာသော လေလှိုင်းများကြောင့် အဝတ်အစားများက လှုပ်ရှားနေသည်။ သူ့ပုံစံက အလွန်တည်ငြိမ်ခန့်ညားလွန်းလှ၏။
သူကတော့ အပြုံးနှင့် ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ငါက စောင့်နေတာ အရမ်းကြာသွားပြီ။ မိန်းကလေးစန်းက နေကောင်းရဲ့လား…"
Translated by Hein Htet.