← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

မုန့်ချီက လက်ထဲတွင် ဓားကိုကိုင်၍ ရှေ့သို့ တစ်လှမ်း လှမ်းလိုက်ရာ လေလှိုင်းထဲတွင် ပျံသန်းနေသည့် ပျံလွှားငှက်ကလေးတစ်ကောင်ပမာ ထင်မှတ်ရသည်။ သူက လှေပေါ်မှ ဆင်း၍ ဆိပ်ကမ်းဆီသို့ လျှောက်သွားလိုက်၏။

သူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော လော်အဖွဲ့အစည်းမှ လူဆီသို့ ဖြည်းဖြည်းမှန်မှန် လျှောက်သွားလိုက်သည်။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေသလို ထင်မှတ်ရ၏။

လော်အဖွဲ့အစည်းမှ လူက သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်ပြီး သူ၏နှုတ်ခမ်းများက အတော်လေးကို ပါးလွှာလွန်းသည်။ ထို့ပြင် မုန့်ချီက အနားကပ်လာလေလေ အထွဋ်အမြတ် ဝိညာဉ်စွမ်းအားများက သိသာလေလေ ဖြစ်သည့်အတွက် သူ့ဆီတွင် ကောင်းကင်ဆန်းကြယ်ကျောက်တုံး ရှိနေသည်ဟု ဆိုလိုနေသည်။

“ငါက မိန်းကလေး ရှောင်စန်းနဲ့ တွေ့ခဲ့ရတာ တော်တော်လေးတောင် ကြာနေပြီပဲ။နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တာက မကောင်းဆိုးဝါးအုတ်ဂူမှာ ဖြစ်မယ်ထင်တယ်။ ငါက သူ့ကို တော်တော်လေး သတိရနေတာ။ သူ့ရဲ့မျက်လုံး၊ မျက်နှာတွေ အားလုံးက ငါ့အတွက်တော့ မနေ့ တစ်နေ့ကလိုပဲ။ သူက မကောင်းဆိုးဝါးသခင်ရဲ့ ထိပ်တန်း သိုင်းပညာကို လေ့ကျင့်နိုင်သွားပြီလား။ သူက တိုက်ရိုက် စိတ်ဝိညာဉ်လွှဲပြောင်းမှု မရခဲ့တာတော့ နှမြောဖို့ကောင်းတယ်…”

မုန့်ချီက အေးအေးဆေးဆေး လျှောက်လှမ်းလာရင်း ပြောလိုက်သည်။

“အာရုံထွေပြားအောင် လုပ်တာက ကူရှောင်စန်းရဲ့ စွမ်းရည်ပဲ…။ ဒါပေမယ့် ငါလည်း လုပ်နိုင်တယ်…”

“သူက မကောင်းဆိုးဝါးအုတ်ဂူထဲမှာ ဖြစ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ ပြောမပြလောက်ဘူး..။ ဒါပေမယ့် ငါကတော့ ငါ့ဆရာကို ပြောခဲ့တယ်။ အခုအချိန်မှာ ငါက ဘာနာမည်မှ မရှိတဲ့ အမည်မသိ လူတစ်ယောက်ဖြစ်နေမှတော့ လျှို့ဝှက်ထားရင်လည်း ဘာမှအသုံးမဝင်ဘူး။ ပြီးတော့ ငါက မကောင်းဆိုးဝါးသခင်နဲ့ ဘာမှမပတ်သက်ဘူး…။ တကယ်လို့ ငါက ရှေ့မှာ ရပ်နေတဲ့ လော်အဖွဲ့အစည်းက လူကို သတ်လိုက်မယ်ဆိုရင်တောင် ဟွာလွန်က ဒီသတင်းကို ဖြန့်ပေးနိုင်မှာပဲ …။ ဒါဆိုရင် လော်အဖွဲ့အစည်းက နတ်သမီးနဲ့ သက္ကတဓမ္မရာဂျ၊ နတ်ဆရာတွေရဲ့ ကြားထဲမှာ သံသယမျိုးစေ့တစ်ခု စိုက်ပေးနိုင်တယ်…။ အကျိုးသက်ရောက်မှုက မသိသာဘူး ထင်ရပေမယ့် ကူရှောင်စန်းရဲ့ အားနည်းချက်ကို ထိုးနှက်လိုက်တဲ့ လက်သီးတစ်လုံးလိုပဲ…”

“ပြီးတော့ ဒီလိုလျှို့ဝှက်ချက်ကြီးတစ်ခုကိုသာ အသေးစိတ် ပြောပြလိုက်မယ်ဆိုရင် ပိုပြီးတော့ စစ်မှန်လာနိုင်တယ်.။ ငါက ကူရှောင်စန်းနဲ့အတူ မကောင်းဆိုးဝါးသခင်ရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုအတွက် တိုက်ခိုက်ခဲ့တယ်ဆိုတာကို ငါ့ရှေ့မှာရှိတဲ့လူကလည်း မသိစိတ်ကနေ ယုံကြည်သွားလိမ့်မယ်..။ ငါက စွမ်းအားကွာဟမှုကြောင့် ရှုံးနိမ့်သွားပေမယ့် လူငယ်မှတ်တမ်းမှာ အဆင့်(၄) ရှိနေတဲ့ မကောင်းဆိုးဝါးမရဲ့ လက်ထဲကနေ အေးအေးဆေးဆေး လွတ်မြောက်နိုင်သေးတယ်လေ…”

အလွန်ချောမောခန့်ညားသော အစိမ်းရောင်ဝတ်သခင်လေးက သူ့ဆီသို့ လျှောက်လှမ်းလာပြီး တည်ငြိမ်စွာ ပြောပြနေကြောင်း မြင်သည့်အခါ လော်အဖွဲ့အစည်းမှ လူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။

လရောင်၏ တောက်ပမှုနှင့် ရေပြင်ကြီး၏ တည်ငြိမ်မှုကြောင့် အနားကို ချည်းကပ်လာသော ပြိုင်ဖက်က အရာအားလုံးကို ထိန်းချုပ်ထားသလို ခံစားနေရသည်။ ထို့ကြောင့် သူက အလျင်စလို တိုက်ခိုက်ခဲ့ခြင်းမရှိချေ။

သူက သခင်မလေး၏ မိတ်ဆွေဟောင်းတစ်ယောက် ဖြစ်နေသည့်အတွက် သူတို့က အဆင့်တူ ရှိသည်ဟု ဆိုနိုင်သည်။ သိုင်းပညာလည်း တူညီနေနိုင်၏။ ထို့ကြောင့် သူက အလွန်တည်ငြိမ်နေနိုင်ခြင်း ဖြစ်သည်။

“သခင်မလေးနဲ့ ငါက စွမ်းအား ဒီလောက်ကွာနေတာ…။ ငါက သူ့လို ဓားသမားတစ်ယောက်ကို ဘယ်လိုရင်ဆိုင်ရမှာလဲ…”

မုန့်ချီက အေးအေးဆေးဆေး လျှောက်လှမ်းလာကြောင်း မြင်လိုက်ရသည့်အခါ လော်အဖွဲ့အစည်းမှ လူ၏ရင်ထဲတွင်တော့ ခြေလှမ်းတိုင်းက သူ၏နှလုံးသားကို ဖိနှိပ်နေသလို ခံစားနေရသည်။ မုန့်ချီဆီမှ ဖိအားကလည်း တဖြည်းဖြည်း ပို၍ ကြီးမားလာပြီး နဖူးမှ ချွေးစေးများ ကျလာခဲ့၏။

ထို့နောက် သူက အသက်ရှုသံများကို ရုတ်တရက် ကြားလိုက်ရသည့်အတွက် ကုန်တင် သင်္ဘောပေါ်တွင် ပို၍များပြားသော ရန်သူများ ရှိနေကြောင်း သိလိုက်ရသည်။ နောက်ဆုံးတွင်တော့ သူက ထောင်ချောက်တစ်ခုအတွင်း ကျရောက်သွားခြင်း ဖြစ်ကြောင်း နားလည်လာခဲ့၏။

တခြားသူများက သူ့ကို လာ၍ အကူအညီမပေးသည်မှာ သူ့ရှေ့တွင် ရပ်နေသော သခင်လေးက သူ့ကို အနိုင်ရရန် လုံလောက်သော အစွမ်းရှိသည်ဟု ယုံကြည်နေခြင်းကြောင့် ဖြစ်နိုင်သည်။

မုန့်ချီ၏ပြောကြားထားမှုကြောင့် ကုန်တင်သင်္ဘောပေါ်တွင် ရှိနေသော ဟွာလွန်က အသက်ရှုနည်း လျှို့ဝှက်ကျင့်စဉ်ကို မသုံးခဲ့ပေ။ ထို့ကြောင့် သူ၏ တည်နေရာက ပေါ်သွားခဲ့ပြီး လော်အဖွဲ့အစည်းမှ လူကို ဖိအားများ ပို၍ပေးနိုင်၏။

ထိုအချိန်တွင် မုန့်ချီက မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ရန်သူဆီသို့ လျှောက်သွားကြောင်း ဟွာလွန်က မြင်လိုက်ရသည်။ သူ၏ မျက်နှာလေးက တည်ငြိမ်အေးချမ်းနေပြီး အဝတ်များက လေထဲတွင် လွင့်နေ၏။

တစ်ဖက်တွင်တော့ ရန်သူက အစွမ်းထက် ပြိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရတော့မလို ဖြစ်နေပြီး အတော်လေး ကြောက်ရွံ့တုန်လှုပ်နေသည့်အတွက် အရင်ဆုံး တိုက်ခိုက်ခဲ့ခြင်းပင် မရှိချေ။ ကြည့်ရသည်မှာ သခင်လေးမုန့်၏ အရှိန်အဝါက သူ့ကို လွှမ်းမိုးထားသလို ထင်မှတ်ရသည်။

“ဒါက ဆရာသခင်တစ်ယောက်ရဲ့ အရှိန်အဝါကို ပြသလိုက်တာပဲ…”

ဟွာလွန်က စိတ်ထဲတွင် ချီးကျူးလိုက်မိသည်။

“ဒါကြောင့်လည်း သူက လော်နတ်ဘုရားမရဲ့ လက်ထဲကနေ အသက်ရှင်နိုင်ခဲ့တာ..။ သခင်လေးမုန့်က လူငယ်မှတ်တမ်းထဲ ရောက်တော့မှာပဲ…”

ကူရှောင်စန်းက အလွန်ကျော်ကြားပြီး သူမ၏ တိုက်ပွဲမှတ်တမ်းကို လူတိုင်းက သိနေသည်။ ထို့ပြင် သူမက ဓမ္မကာရအဆင့် ပညာရှင်၏ စိတ်ဝိညာဉ်လွှဲပြောင်းမှုကိုလည်း ရရှိထား၏။ ထို့ကြောင့် တံခါး(၄)ပေါက်နှင့် တံခါး(၆)ပေါက်ကြား ရှိနေသော မုန့်ချီက သူမ၏ ပြိုင်ဖက်ဖြစ်မည်ဟု ဟွာလွန်က မယုံကြည်နိုင်ခဲ့ပေ။

သို့သော် သူမ၏လက်ထဲမှ ဘေးမသီ ရန်မခ ထွက်လာနိုင်သည့်အတွက် မုန့်ချီ၏အစွမ်းက အတော်လေး ကြောက်စရာကောင်းကြောင်း ပြသနေသည်။ သူ့နာမည်က လူငယ်မှတ်တမ်း၏ အောက်ခြေသို့ ရောက်နိုင်သော အဆင့်မျိုး ရှိသည်။

သို့သော် အလွန်ကြောက်စရာကောင်းသော ကူရှောင်စန်း ရှိနေသည့်အတွက်ကြောင့် မုန့်ချီက မကောင်းဆိုးဝါးအုတ်ဂူသို့ သွားသော ခရီးလမ်းတွင် အကျိုးအမြတ် အမြောက်အများ ရခဲ့မည်ဟု ဟွာလွန်က မထင်ထားခဲ့ချေ။ သူ၏ အကြီးမားဆုံးသော အကျိုးကျေးဇူးကတော့ အသက်ရှင်ခွင့်ရခြင်းသာ ဖြစ်နိုင်သည်။

ထို့ပြင် သူကသာ မကောင်းဆိုးဝါးအုတ်ဂူသို့ စွန့်စားခန်းတွင် အကျိုးများခဲ့မည်ဆိုလျှင် ဘာကြောင့် လူတိုင်းသိအောင် ပြောပြနေသနည်း။ ဘာကြောင့် တစ်ယောက်တည်း လျှို့ဝှက်မထားရသနည်း။

မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး လေထဲတွင် လှုပ်ရှားလိုက်သည်။ ထိုအသံက နဂါးတစ်ကောင်၏ အော်သံကဲ့သို့ ထင်မှတ်ရ၏။ ထို့နောက် သူက အပြုံးနှင့် ပြောလိုက်သည်။

“မိန်းကလေးရှောင်စန်းက အဂတိလက်ညှိုးနဲ့ လေဟာနယ်ပိုက်ကွန်တွေကြောင့် တော်တော်လေး ကြောက်ဖို့ကောင်းတယ်…။ သူက အဲဒီအစွမ်းတွေကိုရော မင်းကို သင်ပေးထားသလားဆိုတာ ကြည့်ချင်သေးတယ်..”

လော်အဖွဲ့အစည်းမှ လူက မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူကိုယ်တိုင်ပင် မသိလိုက်ဘဲ သူ့ကိုယ်သူ ခုခံကာကွယ်ထားခဲ့မိ၏။

“သူက တကယ်ပဲ သခင်မလေးနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်…”

သခင်မလေး၏ အဂတိလက်ညှိုးအကြောင်းကို လူတိုင်းက သိနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက ယပ်တောင်(၆)လက်ကျောင်း၏ လူငယ်မှတ်တမ်းတွင် ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ သို့သော် သူမက လေဟာနယ်ပိုက်ကွန်ကို ပိုင်ဆိုင်ထားကြောင်း အတွင်းလူများကသာ သိနေ၏။ လျှို့ဝှက်တမန်တော်နှင့်အထက် ပညာရှင်များကသာ ထိုအရာကို သိနေကြသည်။

“သူက သခင်မလေးနဲ့ တိုက်ခိုက်ခဲ့ပြီး တကယ်ပဲ အသက်ရှင်ခဲ့တယ်…”

အလွန်တည်ငြိမ်အေးချမ်းသော မုန့်ချီ၏ အမူအရာကို မြင်သည့်အခါ လော်အဖွဲ့အစည်းမှ လူကတော့ ရင်ထဲတွင် ထိတ်လန့်လာခဲ့ပြန်သည်။

သူ့ရှေ့တွင် ရှိနေသော သခင်လေးက အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အလွန်ကျက်သရေရှိသည်။ သူ့ပုံစံက အင်မော်တယ် တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ သူက ရင်ထဲတွင် ရှိနေသော အကြောက်တရားများကို ဖိနှိပ်လိုက်ပြီး အသာစီးရနိုင်ရန်အတွက် အရင်ဆုံး တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ထူးဆန်းသော ခြေလှမ်းကို သုံး၍ အစွမ်းမရှိသလို ထင်မှတ်ရသော လက်သီးနှင့် တိုက်ခိုက်လိုက်သည်။ ထိုလက်သီးချက်ကြောင့် မုန့်ချီက လေလှိုင်းများကို ခံစားလိုက်ရ၏။

ထိုလက်သီးချက်က မတူညီသော ပုံသဏ္ဍာန် (၂)မျိုးအဖြစ် ပြောင်းလဲသွားခဲ့သည်။ စမ်းချောင်းများက မြစ်ထဲသို့ စီးဆင်းလာခြင်းနှင့် မြစ်များက သမုဒ္ဒရာထဲသို့ စီးဆင်းသွားခြင်းဟူသော ပြောင်းလဲမှု (၂)မျိုး ဖြစ်သည်။ အဆုံးသတ်တွင်တော့ လက်သီး၏အစွမ်းက ယန်ကျိမြစ်ထဲတွင် ရှိနေသော လှိုင်းလုံးများကဲ့သို့ ရပ်တန့်၍ မရနိုင်တော့ပေ။

သူ့လက်သီးကို အဝေးမှ ကြည့်နေသော ဟွာလွန်ကပင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုလက်သီးချက်၏ တိုက်ခိုက်မှုနှင့် ဝေးကွာသော သူကိုယ်တိုင်ကပင် လှိုင်းလုံးကဲ့သို့ ရိုက်ခတ်လာသော လက်သီးလှိုင်းများကို ခံစားမိနေသည်။ ထို့ကြောင့် ထိုလက်သီးသိုင်းက ဝေ့ကျင်းအဆင့် သိုင်းပညာတစ်ခု ဖြစ်ကြောင်း သိသွားခဲ့၏။

သူက ကျွမ်းကျင်အဆင့်ကို ရောက်နေပြီး လက်သီးနှင့်လူ တစ်သားတည်းအဆင့်သာ လိုအပ်တော့သည်။ လက်သီး၏ လက်ရှိအခြေအနေတွင်ပင် သူ့အစွမ်းကို လျှော့တွက်၍ မရနိုင်ပေ။

လော်အဖွဲ့အစည်းက မကောင်းဆိုးဝါး လမ်းစဉ်(၉)သွယ်တွင် အမှန်တကယ်လည်း နေရာတစ်ခု ရထားသင့်သည်။ သာမန်တပည့်တစ်ယောက်ကပင် ထိုကဲ့သို့ အစွမ်းမျိုး ပိုင်ဆိုင်ထား၏။ သူ၏လှုပ်ရှားမှုကို ခန့်မှန်း၍ သူက တံခါး(၇)ပေါက် ပွင့်နေသည့်အပြင် ဝေ့ကျင်းအဆင့် လက်သီးသိုင်းပညာကို ကျွမ်းကျင်ထားသည်။

“သခင်လေးမုန့်က ဒီလိုတိုက်ခိုက်မှုကို ခံနိုင်ရည်ရှိပါ့မလား…”

ထိုကဲ့သို့ တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရချိန်တွင်ပင် မုန့်ချီကတော့ တည်ငြိမ်နေသေး၏။ ပုံမှန်အခြေအနေမျိုးတွင် သူက နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲထုတ်ပြီး အနတ္တကျိန်စာဖျက် ဓားပညာနှင့် တိုက်ခိုက်မှုကို တားဆီးလိုက်မည် ဖြစ်သည်။ ထို့နောက် ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို သုံးပြီး ပြိုင်ဘက်ကို သတ်ပစ်မည်ဖြစ်၏။

သို့သော် ယခုတော့ မုန့်ချီက သူတို့၏ စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲတွင် အသာစီးရထားသည့်အတွက် ပြိုင်ဖက်၏ စိတ်ဝိညာဉ်က အားနည်းနေသည်။ ပထမဦးဆုံး သူ၏တိုက်ခိုက်ရေးအာရုံများက ရှုပ်ထွေးနေသည့်အတွက် အားနည်းချက် မရှိသယောင် ဖုံးကွယ်ထားခြင်းသာ ဖြစ်၏။

မုန့်ချီကတော့ နောက်ပြန်ဆုတ်ရမည့်အစား ရှေ့ကို တစ်လှမ်းတိုးသွားပြီး လက်သီးကို ဓားရှည်နှင့် ရင်ဆိုင်လိုက်သည်။

မုန့်ချီ၏ တုန့်ပြန်မှုကြောင့် ဟွာလွန်က အနည်းငယ် အံ့ဩသွားခဲ့၏။

“ဒီလိုကြောက်စရာကောင်းတဲ့ လက်သီးမျိုးနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ဘာလို့ သူက တိုက်ခိုက်ဖို့ ရွေးချယ်ရတာလဲ…”

အလွန်ကြည်လင်တောက်ပသော ဓားအလင်းတန်းတစ်ခုက ကောင်းကင်(၉)သွယ်မှ ဆင်းသက်လာသည့်အလား ထွက်ပေါ်လာပြီး ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ဟွာလွန်၏ မျက်လုံးများကလည်း ဝင်းလက်တောက်ပလာပြီး သူက ချက်ချင်းပင် မတ်တပ်ရပ်လိုက်မိ၏။ သူက အလွန်ထိတ်လန့် အံ့ဩပြီး စိတ်လှုပ်ရှားနေခဲ့သည်။

“ဒါက ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသိုင်းပညာကို အမြင့်ဆုံး သုံးလိုက်တာလား…”

ဓားအလင်းတန်း ပျောက်ကွယ်သွားချိန်တွင် မုန့်ချီက လော်အဖွဲ့အစည်းမှ လူ၏ အနားတွင် ရပ်နေပြီး သူ့ဓားကို ရုတ်သိမ်းလိုက်၏။ သူက ထိုနေရာတွင် လက်နောက်ပစ်ပြီး ရပ်နေခဲ့သည်။

လော်အဖွဲ့အစည်းမှ လူကတော့ ထိုနေရာတွင် သူ မရှိသည့်အလား သူ့ကို ဖြတ်ကျော်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် မြေပေါ်သို့ လဲကျသွားခဲ့သည်။ သူ၏ နဖူးမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။

“စိတ်ဝိညာဉ်တိုက်ပွဲမှာ အသာစီးရတာက အတော်လေး အကျိုးရှိတာပဲ…”

မုန့်ချီကတော့ ထိပ်သီးပညာရှင်တစ်ယောက်ကဲ့သို့ ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ သူကတော့ ထိုက်တန်သော ပြိုင်ဘက်တစ်ယောက်ကို ရှာမတွေ့သော ဓားသမားတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ သူက သက်ပြင်းချလိုက်မိသည်။

“ငါက ကိုယ်ပိုင်နာမည်တစ်ခုကို ဖန်တီးနိုင်တော့မှာပဲ…”

ဟွာလွန်ကတော့ တိတ်ဆိတ်ငြိမ်သက်နေပြီး သင်္ဘောကုန်းပတ်ပေါ်တွင် ရပ်နေခဲ့သည်။ ထိုမျှ ကြောက်စရာကောင်းလောက်သော လက်သီးပညာ ပိုင်ဆိုင်ထားသည့် ပြိုင်ဘက်က မုန့်ချီ၏ဓားချက်တစ်ချက်ကိုပင် ခံနိုင်ရည် မရှိခဲ့ပေ။ ထို့ကြောင့် ယခုအချိန်တွင် ဟွမ်ယွင်ကပင် မုန့်ချီကို ရင်ဆိုင်ရန် အခွင့်အရေးမရှိကြောင်း သေချာသွားခဲ့၏။ လောင်ကျွမ်းခြင်းနေလက်ဝါး ကျန်းကျိဖန်းကသာ အနည်းငယ် ရင်ဆိုင်နိုင်ပါလိမ့်မည်။

ခဏကြာပြီးနောက် မုန့်ချီက ဟန်ဆောင်ရခြင်းကို ပင်ပန်းလာပြီး ဟွာလွန်ကို အပြုံးနှင့် လှည့်ပြောလိုက်သည်။

“သခင်လေးဟွာ…

သူ့ဆီမှာ ကျောက်တုံး ရှိမရှိ လာပြီး စစ်ဆေးကြည့်လိုက်ပါဦး…”

ဟွာလွန်က ခေါင်းညိတ်ပြလိုက်ပြီး ကုန်သင်္ဘောပေါ်မှ ခုန်ဆင်း၍ လော်အဖွဲ့အစည်းမှ လူ၏ အလောင်းဆီသို့ လျှောက်သွားခဲ့သည်။ သူက ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်ရာ ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ရှာတွေ့ခဲ့၏။

“ဒီကျောက်တုံးပဲ….”

ထို့နောာက် ဟွာလွန်က နောက်ပြန်ဆုတ်လိုက်သည်။ တခြားအရာများအားလုံးကတော့ သခင်လေးမုန့် ပိုင်ဆိုင်ရမည့် အရာများဖြစ်သည်။

“မင်းက ငါ့ကို အဲဒီအရာတွေအားလုံး ယူခိုင်းမလို့လား…။ အလောင်းတစ်ခုကို ထိရတာက ငါ့ရဲ့ပုံစံကို ပျက်ယွင်းစေတယ်လေ..”

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သော်လည်း ရှာဖွေကြည့်လိုက်၏။

“ဒီနေ့ ငါက ကံမကောင်းပါလား…”

မုန့်ချီက တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ထိုအရူးက ကျောက်တုံးကို လာလုခြင်း ဖြစ်သည့်အတွက် သူနှင့်အတူ မည်သည့်သိုင်းကျမ်းမှ သယ်လာခြင်း မရှိပေ။ ထို့ပြင် သူ၏တိုက်ခိုက်မှုက လက်သီးသိုင်း ဖြစ်သည့်အတွက် သန့်စင်လက်နက်တစ်ခုလည်း မရှိချေ။ ငွေစများ၊ ဓားပျံလက်နက်များကလွဲလျှင် ဆေးရည်တစ်ချို့သာ ရှိသည်။

မုန့်ချီက ဆေးရည်များနှင့် သာမန်ဓားပျံများကို အိတ်ထဲသို့ ထည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“ဘာမှမရတာထက်စာရင်တော့ ကောင်းပါသေးတယ်…”

ဟွာလွန်က ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို မုန့်ချီဆီသို့ပေး၍ ပြောလိုက်၏။

“ဒီတစ်ကြိမ် သခင်လေးရဲ့ အကူအညီအတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့ရဲ့လေးစားမှုအဖြစ် ဒီကျောက်တုံးကို လက်ခံပေးပါ…။ သခင်လေးက သူ့ရဲ့မှော်ဆန်မှုတွေကို လေ့လာဖို့အတွက် (၃)ရက်အချိန်ရပါတယ်..”

သူက ထိုကဲ့သို့ အခြေအနေမျိုးတွင် သူ့အဖေ၏ ခွင့်ပြုချက်ကို လိုအပ်သည်ဟု မထင်ခဲ့ပေ။

မုန့်ချီကတော့ သူ၏လုပ်ဆောင်ခဟု သတ်မှတ်ထားသည့်အတွက် ငြင်းဆန်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူက ကျောက်တုံးကို ညာလက်နှင့် ယူလိုက်ပြီး ကျောက်တုံးကို စစ်ဆေးရန် စိတ်ဝိညာဉ် ပို့ဆောင်လိုက်သည်။

သူ၏စိတ်ဝိညာဉ်က ကျောက်တုံးနှင့် ဆက်သွယ်သွားသည့် အချိန်တွင် မုန့်ချီကတော့ အလွန်ပြင်းထန်လွန်းသော ဆွဲငင်အားတစ်ခုကို ခံစားလိုက်ရသည်။ ကျောက်တုံးက ခရမ်းရောင်မိုးကြိုး အမှတ်အသား ရှိနေသော ဘယ်ဘက်လက်ခုံကို ဆွဲယူလိုက်သည်မှာ အလွန်သိသာနေသည်။

ဆွဲငင်အားက အလွန်အစွမ်းထက်သည့်အတွက် မုန့်ချီ၏ စိတ်ဝိညာဉ်တစ်ခုလုံး ဆွဲယူခံလိုက်ရ၏။ မုန့်ချီကတော့ မယုံကြည်နိုင်သလို ခံစားနေရပြီး အံဩနေခဲ့သည်။

“ဘာတွေ ဖြစ်နေတာလဲ…”

သူ၏မျက်စိရှေ့တွင်တော့ မိုးကြိုးများက စပါးအုံးမြွေကြီးများကဲ့သို့ လှုပ်ရှားကခုန်နေသော ကမ္ဘာကြီးတစ်ခု ရှိနေသည်။ မိုးကြိုးများက အပြာ၊ ခရမ်းနှင့် မတူညီသော အရောင်များ ရှိနေကြပြီး သူတို့ကို ကြည့်လိုက်လျှင် ရင်ထဲတွင် တုန်လှုပ်သွားစေနိုင်သည်။

အလွန်ရှုပ်ထွေးသော ဆံပင်များနှင့် ဧရာမလူကြီးတစ်ယောက်က ထိုမိုးကြိုးများ ကြားထဲမှ ထွက်လာခဲ့၏။ သူ၏ပုံသဏ္ဍာန်ကို တိတိကျကျ ပြော၍မရသော်လည်း သူ၏ ခန္ဓာကိုယ်က ကြံ့ခိုင်သန်စွမ်းပြီး မိုးကြိုးများကြောင့် တစ်ကိုယ်လုံး အမှတ်အသားများ ပြည့်နှက်နေသည်။

သူ၏ခန္ဓာကိုယ်တစ်ခုလုံးက မိုးကြိုးများထဲမှ ဖြစ်ပေါ်လာသလို ထင်မှတ်ရ၏။ သူ့လက်ထဲတွင်တော့ ခရမ်းရောင်မိုးကြိုးများ လွှမ်းခြုံနေသော လှံတစ်ချောင်းကို ကိုင်ထားသည်။ သူက ထိုလှံကို ကန့်လန့်ဖြတ် လှုပ်ရှားလိုက်ရာ အလင်းတန်းများ ထွက်ပေါ်လာပြီး အရှုပ်အထွေးများကြားထဲကို တိုက်ခိုက်လိုက်သည်။

ထို့နောက် အလွန်ထူးခြားသော လှုပ်ရှားမှုများက တစ်ခုပြီးတစ်ခု ပေါ်လာပြီး လှံက အလင်းတန်းများကို ဖြတ်လိုက်ပြီးနောက် တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားသည်။ ကမ္ဘာပျက်ဖွယ် အခြေအနေတစ်ခုက လွှမ်းခြုံနေသည့်အတွက် အတွင်းထဲသို့ ဆွဲငင်ခံလိုက်ရသော မုန့်ချီ၏ စိတ်ဝိညာဉ်ကပင် ပျက်စီးသွားခဲ့သည်။ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားခဲ့၏။

ဟွာလွန်က ပတ်ပတ်လည်တွင် နောက်ထပ်ရန်သူများ ရှိမရှိ စစ်ဆေးနေခဲ့သည်။

မုန့်ချီကတော့ ခေါင်းထဲတွင် ပြင်းတန်သော နာကျင်မှုကို ခံစားလိုက်ရပြီး အစောပိုင်းတွင် တစ်ပိုင်းတစ်စ ရရှိခဲ့သော သိုင်းကွက်များကို ပြန်လည် စစ်ဆေးနေခဲ့သည်။ သိုင်းကွက်များက တစ်ပိုင်းတစ်စ ဖြစ်နေသည့်အတွက် မုန့်ချီက သိုင်းကွက်တစ်ချို့နှင့် မိုးခြိမ်းသံကဲ့သို့ အော်သံတစ်ချို့ကိုသာ မှတ်မိခဲ့၏။

“ကောင်းကင်ည သုတ်သင်ရေးရှင်းလင်းရေး(၉)သွယ်၊ ကောင်းကင်မိုးကြိုး တိုက်ခိုက်မှု (၅)မျိုး…”

ထိုတောင်တန်း၏ အတွင်းပိုင်းထဲတွင်တော့ မြူခိုးများ လွှမ်းခြုံနေပြီး သူနှင့် မသက်ဆိုင်သော နယ်ပြေတစ်ခု ရှိနေခဲ့သည်။ ထိုနေရာတွင်တော့ အနက်ရောင် ဓားရှည်တစ်ချောင်း စိုက်နေသည့် ခန်းမကြီးတစ်ခု ရှိ၏။ အနက်ရောင်ဓားရှည်က မိုးကြိုးနှင့် လျှပ်စီးအလင်းရောင်များ တောက်ပနေသည်။ ထိုမိုးကြိုးများကိုတော့ ခရမ်းရောင်မိုးကြိုးများမှ ဖန်တီးထားခြင်း ဖြစ်ပုံရ၏။

မိုးကြိုးများ၏ အလယ်တွင်တော့ မတူညီသော အရာများကို တွေ့နေရသည်။ ခန်းမကြီး၏ အလယ်တွင် အဖြူဝတ်ကလေးမလေးတစ်ယောက် ထိုင်နေ၏။ သူမ၏ ပုံစံက အလွန်သိမ်မွေ့လှသည်။ သို့သော် ဓားရှည်က သူမကို မှင်တက်နေစေခဲ့၏။

ဓားရှည်နှင့် ဖြစ်ခဲ့သောအရာများကို မြင်လိုက်ရပြီးနောက် သူမဆီတွင် ပြောစရာစကားလုံး မရှိခဲ့ပေ။ ဓားရှည်က ငြိမ်သက်သွားသည့်အချိန်မှသာ သူမက အတွေးများကို စုစည်းနိုင်ခဲ့၏။

“ဒါက ပြန်လည်မွေးဖွားလာတဲ့ မိုးကြိုးနတ်ဘုရားများလား…။ ဒါဆိုရင် ဒါက ဒဏ္ဍာရီ မိုးကြိုးနတ်ဘုရားရဲ့သွေးစက်ပေါ့ …”

မုန့်ချီက ရုတ်တရက် နားလည်သွားခဲ့သည်။ ကောင်းကင်ဆန်းကြယ် ကျောက်တုံးထဲတွင် တခြားထူးခြားသည့် အရာမရှိချေ။ သို့သော် ထိုကျောက်တုံးပေါ်တွင် အမှတ်အသား အနည်းငယ် ရှိနေသေးကြောင်း မုန့်ချီက သိနေ၏။ အစစ်အမှန်တန်ဖိုးကတော့ တစ်ပိုင်းတစ်စ စိတ်ဝိညာဉ်လွှဲပြောင်းမှု ဖြစ်ပြီး မိုးကြိုးနတ်ဘုရား၏ လွှဲပြောင်းမှုကို သူက ရရှိခဲ့သည်။

ဟွာလွန်နှင့် တခြားသူများက ထိုတစ်ပိုင်းတစ်စ လွှဲပြောင်းမှုကို လိုချင်နေကြသော်လည်း ရရှိရန် နည်းလမ်းကို မသိကြပေ။

“မိုးကြိုးနတ်ဘုရားရဲ့သွေး ၊ လော်အဖွဲ့အစည်းက အဲဒါကို လိုချင်နေတာပဲ ။ သူ့ကို နတ်ဆိုးမကိုက လွှတ်လိုက်တာ ဖြစ်နိုင်တယ် …”

မုန့်ချီက မကောင်းဆိုးဝါးအုတ်ဂူနှင့် ကောင်းကင်ခုံရုံးအဖြစ်အပျက်များကို စဉ်းစားလိုက်ပြီးနောက် ထိုသို့ ကောက်ချက်ချလိုက်မိသည်။

“လော်အဖွဲ့အစည်းမှာ လူတွေ အများကြီးရှိပေမယ့် ကူရှောင်စန်း ကိုယ်တိုင် ရောက်မလာခဲ့ဘူး။ ဒါပေမယ့် သူက စိတ်ပြောင်းပြီး သတင်းပြန့်အောင် လုပ်လိုက်တယ်။ ကျန်းကျိဝေကတောင် တံခါး(၆)ပေါက်တည်းနဲ့ တံခါး(၉)ပေါက် ပွင့်နေတဲ့ ပညာရှင်ကို သတ်နိုင်တယ်ဆိုတော့ တံခါး(၈)ပေါက်၊ တံခါး(၉)ပေါက် ပွင့်နေတဲ့ ကူရှောင်စန်းက ဟွာတျန်းကီ၊ နင်ကျိတောင်နဲ့ တခြားလူတွေကို ရှင်းပစ်ဖို့ ပြဿနာ မရှိနိုင်ဘူး …။ ကျန်းရီကျောင်းက ဝေ့ကျင်းအဆင့် ပညာရှင်တွေရဲ့ အကူအညီနဲ့ ထောင်ချောက်ဆင်ထားမှာကို ကြောက်နေတာလည်း ဖြစ်နိုင်တယ် ..”

“ဒါပေမယ့် ငါ့ရဲ့လက်ရှိအဆင့်အတန်းအရ ငါက မိုးကြိုးနတ်ဘုရားရဲ့ လွှဲပြောင်းမှု တစ်ချို့ကို ရရှိခဲ့တယ် ။ ပြီးတော့ ကျန်းဝူဂိုဏ်းက ရှောင်လင်နဲ့ အရမ်းကို ရင်းနှီးတယ်… ငါက အဲဒီလိုအရာမျိုးကို လုပ်ဖို့မဖြစ်နိုင်ဘူး …”

ဒါကြောင့် မုန့်ချီက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး လက်နှစ်ဖက်ဆုပ်၍ ဟွာလွန်ကို ပြောလိုက်၏။

“ငါ့မှာ အရေးကြီးသွားစရာကိစ္စတစ်ခု ရှိသေးတယ်…။. ဒီတော့ နောက်တစ်ကြိမ်မှပဲ ဒီကျောက်တုံးကို ကြည့်ပါတော့မယ် ။ အခုတော့ ငါက နှုတ်ဆက်ခဲ့ပါတယ် …”

Translated by Hein Htet.

All Chapters