← Chapters

အခန်း (၁၅၈)

Vol. 11 Ch. 158

အခန်း (၁၅၈)

Vol. 11 Ch. 158

"ဘယ်လို…"

ထိုစကားကို ကြားသည့်အခါ ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေသော ဟွာလွန်က အနည်းငယ် မျက်နှာပျက်သွားခဲ့သည်။

"သူက ဘယ်လိုဖြစ်ပြီး ထွက်သွားမှာလဲ။ ငါတို့အရမ်းတန်ဖိုးထားတဲ့ ကောင်းကင်ဆန်းကြယ်ကျောက်တုံးက သူ့ကို မဆွဲဆောင်နိုင်ဘူးလား။ ဒါမှမဟုတ် သူကိုယ်တိုင်က ပိုပြီးအဆင့်အတန်းမြင့်တယ်လို့ တွေးနေတာလား…."

သို့သော် သူ့ရှေ့တွင် ရှိနေသော ကောက်ကျစ်စဉ်းလဲသည့်လူငယ်က အနှစ်သာရများကို ရရှိပြီးသွားပြီဖြစ်ပြီး ကျောက်တုံးဆီမှ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို တစ်ပိုင်းတစ်စ ရရှိသွားခဲ့သည်။ ထိုကျောက်တုံးက တန်ဖိုးရှိသေးသော်လည်း မုန့်ချီအတွက်တော့ တန်ဖိုးမရှိနိုင်တော့ပေ။

မုန့်ချီက အလေးအနက် ပြောလိုက်၏။

"ငါက မင်းနဲ့ကျောင်းဆောင်ပျက်ကြီးထဲမှာ မတွေ့ခင်ကတည်းက အရေးကြီးကိစ္စတချို့ရှိတယ်။ အခု မင်းရဲ့ပြဿနာတွေ ဖြေရှင်းပြီးသွားပြီဆိုတော့ ငါက ဆက်ပြီး အချိန်မဖြုန်းတော့ဘူး…"

ထို့နောက် မုန့်ချီက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ဟွာလွန်ဆီသို့ ပြန်ပေးလိုက်သည်။

ကျောက်တုံးကို ယူလိုက်ပြီးနောက် မုန့်ချီက ထိုကျောက်တုံးကို အမှန်တကယ် တပ်မက်မှု မရှိကြောင်း ဟွာလွန်က နားလည်သွားခဲ့သည်။ သူက လေးလေးစားစား ပြောလိုက်၏။

"သခင်လေးမုန့်…

ကျွန်တော်တွေ့ခဲ့တဲ့ လူတွေအားလုံးထဲမှာ သခင်လေးကမှ အကျိုးအမြတ်ထက် မိတ်ဆွေကို တန်ဖိုးထားတဲ့ ဓားသမားတစ်ယောက်လို့ ခေါ်ရမှာ။ ပြီးတော့ သခင်လေးက ဘယ်က ရောက်လာမှန်းမသိတဲ့ လူစိမ်းတစ်ယောက်ကိုတောင် ကူညီပေးသေးတယ်။ သခင်လေးက အသက်ကို စွန့်စားခဲ့ပေမဲ့ အကျိုးမမျှော်ကိုးဘဲ တိတ်တဆိတ် ထွက်သွားဖို့ရွေးချယ်ခဲ့တယ်။ သခင်လေးရဲ့ အကျင့်စရိုက်ကို ကျွန်တော် တကယ်ပဲ လေးစားမိပါတယ်…"

"အဲဒါတွေ စဉ်းစားမနေပါနဲ့။ ငါ့ကို စိတ်ကောင်းရှိတဲ့ လူတစ်ယောက်လို့ပဲ သတ်မှတ်လိုက်ပါ…"

မုန့်ချီက အလွန်ရင်းနှီးသော စကားလုံးတစ်ခုကို မနေနိုင်ဘဲ စဉ်းစားမိလိုက်သည်။

"အကျိုးမမျှော်ကိုးဘဲ တိတ်တဆိတ် ထွက်ခွာသွားခြင်း…"

"သခင်လေးဟွာ… သခင်လေးဟွာက ငါ့ကို တကယ်ချီးကျူးနေတာပဲ…"

ဟွာလွန်က ဦးညွတ်၍ ထပ်ပြောလိုက်သည်။

"သခင်လေးက ကျွန်တော်တို့အဖွဲ့အစည်းကို ကျောက်တုံးပြန်ယူပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်က သခင်လေးကို အ‌‌ကြွေးတင်နေတယ်ဆိုတာ လုံးဝမမေ့ပါဘူး။ တစ်နေ့နေ့မှာ ကျွန်တော်တို့အဖွဲ့အစည်းရဲ့ အကူအညီကို လိုအပ်လာမယ်ဆိုရင် ကိုယ်တိုင်ပဲဖြစ်ဖြစ် စကားနဲ့ပဲဖြစ်ဖြစ် ပြောသာ ပြောလိုက်ပါ…"

မုန့်ချီက သူ့စကားကို လက်ခံလိုက်ပြီး ခဏကြာစဉ်းစား၍ ပြောလိုက်သည်။

"တကယ်လို့ ဒီကောင်းကင်ဆန်းကြယ် ကျောက်တုံးထဲမှာ လျှို့ဝှက်ချက် တချို့ရှိနေတယ်ဆိုတာ လော်အဖွဲ့အစည်းက သိသွားမယ်ဆိုရင် တခြားလူတွေကလည်း အလားတူ တွေးနေကြမှာပဲ။ ဒါကြောင့် မင်းတို့က သေချာသတိထားဖို့ လိုအပ်တယ်။ တခြားပညာရှင်တွေကလည်း ဒီအရာကို လိုချင်တဲ့အတွက် ရောက်လာနိုင်တယ်။ သတိထားရုံတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ လော်အဖွဲ့အစည်းက လျှို့ဝှက်ဆန်းကြယ်ပြီး ရက်စက်ကြမ်းကြုတ်တယ်။ သူတို့ကို ဘယ်သူမှ မယှဉ်နိုင်ဘူး။ ပြီးတော့ သူတို့ဆီမှာ ထိပ်တန်းပညာရှင်တွေ အများကြီးရှိတယ်…"

ဟွာလွန်က သက်ပြင်းချပြီး ပြောလိုက်သည်။

"ကျွန်တော်တို့ အဖွဲ့အစည်းထဲမှာ ရှိတဲ့ အကြီးအကဲတွေကသာ ရှေ့ထွက်လာပြီး ဦးမဆောင်ဘူးဆိုရင် အဆင်မပြေနိုင်ဘူး…"

လော်အဖွဲ့အစည်းအတွက်ကတော့ ကျောက်တုံးကို သယ်ဆောင်ရန်အတွက် ဝေ့ကျင်းအဆင့် ထိပ်သီးပညာရှင် တစ်ယောက်ကို စေလွှတ်ရန် ခက်ခဲနေခြင်း မရှိပေ။ ထိုသို့ဆိုလျှင် တောင်(၃)လုံး မြစ်(၄)သွယ်မှ လူတစ်ယောက်မျှ သူတို့ကို တားဆီးနိုင်မည်မဟုတ်ချေ။

မုန့်ချီက ထိုစကားများကို စောင့်ဆိုင်းနေခြင်း ဖြစ်သည့်အတွက် အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"လော်အဖွဲ့အစည်းက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲက အဖွဲ့တစ်ခုပါ။ နာမည်ကျော်ဂိုဏ်းမှာရှိတဲ့ လူတိုင်းက အဲဒီအရာကို သိကြတယ်။ တကယ်လို့ သက္ကတဓမ္မာရာဂျ၊ နတ်ဆရာနှင့် တခြားထိပ်သီး ပညာရှင်တွေသာဆိုရင် ကျန်းရီကျောင်းက နည်းနည်းတော့ ကြောက်သွားနိုင်တယ်။ ဒါပေမယ့် ကျန်းဝူဂိုဏ်းက ကြောက်မှာမဟုတ်ဘူး…”

“လော်အဖွဲ့အစည်းက ပညာရှင်တွေကသာ ဒီကိုလာနေမယ်ဆိုရင် သူတို့က မကောင်းဆိုးဝါး သုတ်သင်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သေချာပေါက် ရောက်လာနိုင်တယ်။ အဲဒီအချိန်ကျရင် သူတို့က လော်အဖွဲ့အစည်းက ပညာရှင်ကို မျှားခေါ်ပြီး သင်ခန်းစာပေးလို့ရနိုင်တယ်။ ပြီးတော့ မင်းတို့အဖွဲ့အစည်းနဲ့ ကျန်းဝူဂိုဏ်းရဲ့ ပတ်သက်မှုကလည်း တိုးမြင့်နိုင်တယ်။ သူတို့ရဲ့အကူအညီရှိနေရင် မင်းတို့က လော်အဖွဲ့အစည်းရဲ့ လက်တုံ့ပြန်မှုကိုလည်း ကြောက်စရာမလိုတော့ဘူး…”

အခွင့်အရေးပေါ်လာသည့်အချိန်တွင် သူက ကူရှောင်စန်းကို မျှားခေါ်ရန် ထောင်ခြောက်တစ်ခု ဆင်ချင်နေခဲ့၏။

"အဲဒါလည်း အဓိပ္ပာယ်ရှိတယ်…"

ဟွာလွန်က ခဏကြာစဉ်းစားပြီး မျက်မှောင်ကြုတ်၍ ပြောလိုက်၏။

"တိုက်ပွဲက (၃)ရက်နေရင် တိုက်ခိုက်ရတော့မယ်။ ဒါပေမယ့် ကျွန်တော်က ဟွမ်ယွင်ကို အနိုင်ရဖို့ယုံကြည်ချက်မရှိဘူး…"

မုန့်ချီက ဟွာလွန်ကို နှစ်သိမ့်၍ ပြောလိုက်သည်။

"အဲဒီအတွက်ကို ဘာမျှမစိုးရိမ်နဲ့။ ကောင်းကင်ဆန်းကြယ်ကျောက်တုံးထဲမှာရှိတဲ့ သိုင်းပညာတွေက နှစ်အနည်းငယ်လောက် မင်းတစ်ယောက်တည်း ဖြည်းဖြည်းချင်း လေ့ကျင့်ဖို့ လုံလောက်တယ်။ ကိုယ်လုပ်နိုင်တဲ့ အရာထက်ပိုပြီးတော့ မလုပ်မိစေနဲ့။ တကယ်လို့ ချင်တောင်ဓားဂိုဏ်းက ကျောက်တုံးကို ဆုံးရှုံးရတဲ့ အချိန်မျိုး ရောက်လာတဲ့ အချိန်ကျရင် မင်းက သူတို့ဆီကို လျော်ကြေးတောင်းလို့ရနိုင်မယ်…"

ထိုကျောက်တုံးကို ကျန်းရီဂိုဏ်းဆီသို့ ‌ပေးလိုက်ခြင်းက ရွေးချယ်မှုတစ်ခုဖြစ်သည်။ သို့သော် ထိုအရာက ကျောင်းနှစ်ကျောင်း သတ်မှတ်ထားသော ပြိုင်ပွဲအစီအစဉ်ကို ဖျက်ဆီးပစ်နိုင်သည်။

ဟွာလွန်က ခေါင်းညိတ်ထောက်ခံလိုက်ပြီး ထိုအတွက် စိုးရိမ်နေခြင်းမရှိတော့ပေ။

"ကျွန်တော်က နည်းနည်းလေး လောဘကြီးသွားတယ်။ တကယ်လို့ ကျွန်တော်သာ သခင်လေးရဲ့အကြံဉာဏ်ကို လိုက်နာခဲ့မယ်ဆိုရင် ချင်တောင်ဓားဂိုဏ်းက ကျောက်တုံးကို အလွယ်တကူ ဆုံးရှုံးရမှာ မဟုတ်ဘူး။ သူတို့ဆုံးရှုံးခဲ့ရတဲ့ ဖြစ်စဉ်ကိုလည်း ကျွန်တော်ကိုယ်တိုင် ဖြေရှင်းချက် တောင်းလို့ရတယ်။ သံသယတွေနဲ့တင် လုံလောက်သွားပါပြီ…”

"ဟွမ်ယွင်နဲ့ တိုက်ပွဲမှာ အကောင်းဆုံးကြိုးစားပြီး ရှိသမျှအရာအားလုံးကို ထုတ်သုံးလိုက်…"

မုန့်ချီက အားပေးလိုက်၏။ အကယ်၍ ဟွာလွန်ကသာ သူ၏ ဝန်ထုတ်ဝန်ပိုးများကို ဖယ်ရှားလိုက်မည်ဆိုလျှင် သူ၏အားနည်းချက်များကို ရှင်းထုတ်ပစ်နိုင်ပါလိမ့်မည်။ ထိုအချိန်ကျလျှင် သူက ဟွမ်ယွင်ကို တိုက်ခိုက်ရန် အခွင့်အရေးရှိနိုင်ပြီး ရှုံးပြီဟု အတပ်ပြော၍ မရနိုင်တော့ပေ။

"ငါက ဒီနေရာမှာ အဲဒီအရာတွေကို ဆက်ပြီး တွန်းအားပေးဖို့ မလိုတော့‌ဘူး။ တကယ်လို့ ကူရှောင်စန်းကို ဒီနေရာထောင်ခြောက်ဆင်ဖို့ အခွင့်အရေးရှိရင် အကောင်းဆုံးပဲ။ တကယ်လို့ အခွင့်အရေးမရှိရင်လည်း ကိစ္စမရှိပါဘူး။ ငါ့အတွက် အဲဒီလောက်မှ မလိုအပ်တာ…"

ဟွာလွန်က မုန့်ချီကိုကြည့်၍ နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

"ဒါဆိုရင်လည်း ကျွန်တော်က သခင်လေးမုန့်ကို ထပ်ပြီး အချိန်မဖြုန်းတော့ပါဘူး။ သခင်လေးမုန့်က ကျွန်တော်တို့ကို အများကြီး ကူညီပေးပြီးသွားပြီ…"

မုန့်ချီက ခြေထောက်တွင် အားစိုက်၍ လှေပေါ်သို့ ပျံသန်းသွားခဲ့သည်။ ထို့နောက် ရယ်လိုက်၏။

"ငါတို့က ကံမကုန်ရင် ပြန်ဆုံရဦးမှာပါ။ ပြီးတော့ သခင်လေးဟွာက လှေသမားကို ကျသင့်ငွေပေးဖို့ မမေ့ပါနဲ့ဦး…"

လှေက ရေစုန်သို့ ဆင်းသွားသည့်အချိန်တွင် မုန့်ချီကတော့ လှေပေါ်တွင် ရပ်နေခဲ့သည်။ သူက လှုပ်ရှားနေသော လှိုင်းလုံးများကို ကြည့်ပြီး ယနေ့ညဖြစ်ခဲ့သည့် အကြောင်းအရာများကို ပြန်လည်စဉ်းစားနေခဲ့၏။ သူကတော့ အတော်လေးကို စိတ်အေးနေပြီး ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသည်။ ထို့နောက် ကျယ်လောင်စွာ ရွတ်ဆိုလိုက်၏။

"လူငယ်ဓားသမားတစ်ယောက်က ဘဝတစ်လျှောက်လုံး သိုင်းလောက သူရဲကောင်းတွေနဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ သူတို့အားလုံးက ရဲရင့်တက်ကြွပြီး ရဲဘော်ရဲဘက်အတွက် သေမှာကိုတောင် မကြောက်ကြဘူး။ သူတို့ရဲ့ စကားတွေကလည်း အရမ်းကို တန်ဖိုးရှိတယ်…"

ဆိပ်ကမ်းမှ ခွာသွားသော မုန့်ချီကိုကြည့်ပြီး ဟွာလွန်ကလည်း တစ်ယောက်တည်း ရေရွတ်နေခဲ့သည်။

"သူတို့အားလုံးက ရဲရင့်တက်ကြွပြီး ရဲဘော်ရဲဘက်အတွက် သေမှာကိုတောင် မကြောက်ကြဘူး။ သူတို့ရဲ့ စကားတွေကလည်း အရမ်းကို တန်ဖိုးရှိတယ် "

ထိုအချိန်တွင် သူ၏ရင်ထဲ၌ စစ်မှန်၍ သူရဲကောင်းဆန်သော ခံစားမှုတစ်ခုပေါ်လာပြီး မုန့်ချီကို ချီးကျူးလိုက်မိသည်။

"သခင်လေးမုန့်က တကယ့်ကို အစစ်အမှန် ဓားသမားတစ်ယောက်ပဲ…"

………….

အေးမြသော လမင်းကြီးက ကောင်းကင်တွင် ထိန်ထိန်သာနေပြီး မြစ်ရေပြင်ပေါ်တွင် လှိုင်းလုံးလေးများ ရိုက်ခတ်လာသည့်အချိန်တိုင်း အလင်းတန်းများ လှုပ်ရှားလာခဲ့သည်။ ထိုမြင်ကွင်းက အလွန်လှ‌ပနေခဲ့၏။

မုန့်ချီက သူ့ရှေ့တွင် ရှိနေသော မြင်ကွင်းကို ခံစားနေရင်း သိပ်မကြာခင် ပုလွေသံတစ်ခုကို ကြားလိုက်ရသည်။ ထိုပုလွေသံက တစ်စုံတစ်ခုကို တမ်းတနေသည့်အလား လွမ်းဆွေးဖွယ် ကောင်းသည်။ ပုလွေသံစဉ် တစ်ခုချင်းဆီကလည်း ရင်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်လာခဲ့၏။

မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ အလွန်အံ့ဩသွားခဲ့သည်။ လှေငယ်လေးတစ်စီးက အမှောင်ထဲ‌မှနေ၍ ထွက်ပေါ်လာခဲ့၏။ လှေပေါ်တွင် အဖြူရောင်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုလေးတစ်ယောက် ရှိနေပြီး သူမ၏ဝတ်စုံက လေလှိုင်းထဲတွင် တဖျတ်ဖျတ် လွင့်နေသည်မှာ ကချေသည်များ ကခုန်နေသည့်ပမာ ထင်မှတ်ရ၏။

သူမ၏ လက်ထဲတွင် ကျောက်စိမ်းပုလွေတစ်ခုကို ကိုင်ထားပြီး နီရဲနေသော နှုတ်ခမ်းလေးတစ်စုံနှင့် ပုလွေကို မှုတ်နေခဲ့၏။ အလွန်သာယာနာပျော်ဖွယ်ရှိသော တေးဂီတသံက သူမ၏ ဆွတ်ပျံ့ကြည်နူးဖွယ် မေတ္တာတရားကို ဖော်ကြူးနေသယောင် ထင်မှတ်ရသည်။ လက်ရှိပတ်ဝန်းကျင် အခင်းအကျင်းနှင့် ပေါင်းစပ်လိုက်မည်ဆိုလျှင် သူမက က‌မ္ဘာမြေပေါ်သို့ ကျရောက်လာသော နတ်သမီးလေးပမာ ခံစားရနိုင်သည်။

သို့သော် မုန့်ချီ၏ မျက်နှာအမူအရာကတော့ ရုတ်တရက်ဆိုသလို ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက ညာလက်ကို ဓားလက်ကိုင်ပေါ်သို့ တင်မိလိုက်သည်။ ထို့နောက် သူ့အိတ်ကို ဆုတ်ဖြဲလိုက်ပြီး နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲထုတ်လိုက်၏။

ရေခဲပေါ်တယ်ဓားကိုလည်း ဘယ်လက်နှင့် ကိုင်လိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားလိုက်၏။ တစ်ချိန်တည်းတွင် သူက ခန္ဓာကိုယ်ကို ကာကွယ်ရန် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။

ယခု မုန့်ချီက ကမ္ဘာမြေပေါ်သို့ ကျရောက်လာသော သူတော်စင်တစ်ပါးကဲ့သို့ ဖြစ်နေသော်လည်း အလွန်ကြောက်စရာကောင်း၍ အစွမ်းထက်သည်။

"သေစမ်း…။ မြင်ကွင်းတွေက နောက်တစ်ကြိမ် ပြောင်းလဲသွားပြီ။ သူ့ကို ဘယ်သူမှ မတွေ့တာ ကံကောင်းသွားတယ်…"

မုန့်ချီက သူ၏ အတွင်းအား၊ ချီစွမ်းအင်၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများကို စုစည်းလိုက်ပြီး တည်ငြိမ်စွာမေးလိုက်၏။

"မိန်းကလေးရှောင်စန်း မတွေ့ရတာတောင် ကြာပြီပဲ။ နေကောင်းရဲ့လား…"

အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုက လော်အဖွဲ့အစည်းမှ နတ်ဘုရားမ ကူရှောင်စန်းဖြစ်သည်။

"သူက ဒီနေရာကို ရောက်နေပြီး ဘာလို့မလှုပ်ရှားခဲ့ရတာလဲ…"

ယခုသူ့အစွမ်းက တိုးတက်လာနေသော်လည်း သူက မြစ်ထဲတွင် ရှိနေသော လှေ‌တစ်စင်းပေါ်တွင် ဖြစ်နေသည်။ ထိုအခြေအနေတွင် အနည်းဆုံးတော့ မုန့်ချီက ထွက်ပြေးနိုင်မည်ဟု သေချာသိနေ၏။

ကူရှောင်စန်းက ပုလွေမှုတ်နေရာမှ ရပ်လိုက်ပြီး မုန့်ချီကို ကြည့်လိုက်သည်။

"အချစ်ကလေး…

ဒီကိုရောက်နေတာတောင် ငါ့ကို တွေ့မသွားတော့ဘူးလား။ ဒီလိုဆိုရင် ငါက ဘယ်လိုလုပ်ပြီး နေလို့ကောင်းတော့မှာလဲ…"

"အချစ်ကလေး… ဟုတ်လား။ ငါ့ကို တစ်ခါတွေ့တိုင်း နာမည်တစ်ခါ ပြောင်းခေါ်နေတယ်။ နောက်တစ်ကြိမ် ငါ့ကိုတွေ့ရင် ကလေးအဖေလို့များ ပြောင်းခေါ်ဦးမလားမသိဘူး…"

မုန့်ချီက မျက်နှာပျက်သွားခဲ့၏။

"အရူးတွေကို နားလည်ဖို့ တော်တော်ခက်တာပဲ…"

မုန့်ချီက ပြန်‌မဖြေခင် ကူရှောင်စန်းက သက်ပြင်းချ၍ ပြောလိုက်သည်။

"စွမ်းရည်ထိန်းသိမ်းခြင်းကျောင်းနဲ့ ချင်တောင်ဓားဂိုဏ်းတို့က မိုးကြိုးနတ်ဘုရားရဲ့ သွေးစက်ရှိနေတဲ့ ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ထိန်းသိမ်းထားတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ငါ့ရဲ့လက်အောက်‌ငယ်သားတွေကို စေလွှတ်ခဲ့တဲ့အပြင် ကျောက်တုံးကို ယူဖို့ ငါကိုယ်တိုင် ရောက်လာခဲ့တယ်။ အဲဒီကျောက်တုံးကို နင့်ဆီပေးချင်လို့လေ။ ဒါပေမယ့် နင်လည်း ဒီမှာ ရှိနေမယ်လို့ မထင်ထားခဲ့ဘူး။ နင်က ကျောက်တုံးကို ကိုယ့်အစွမ်းနဲ့ကိုယ်ရသွားပြီဆိုမှတော့ ငါလည်း နောက်ဆုတ်လိုက်တာပေါ့။ ဒါပေမယ့် အချစ်ကလေးကတော့ ငါ့ကိုတောင် မတွေ့ရသေးဘဲ ဘာလို့ အလျင်စလို ထွက်သွားချင်နေရတာလဲဆိုတာ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး…"

“သူက အမိန့်ပေးနေစဉ် အတောအတွင်း လုံးဝပေါ်မလာခဲ့တဲ့အတွက် လော်အဖွဲ့အစည်း၏ နတ်ဘုရားမက အမှောင်ထဲမှာ ပုန်းအောင်းတယ်ဆိုတာ ဟွမ်ယွင်နဲ့ တခြားလူတွေက လုံးဝမသိနိုင်ဘူး။ပြီးတော့ သူက ဒီနေရာကို ရောက်နေတဲ့အတွက် ကောင်းကင်ဆန်းကြယ် ကျောက်တုံးက သူ့အတွက် အရမ်းအရေးကြီးတယ်လို့ ဆိုလိုနေတာပဲ။ ဒီကျောက်တုံးက ကောင်းကင်(၉)သွယ် အပျက်အစီးနဲ့ တစ်ခုခု ပတ်သက်နေနိုင်တယ်…”

“ဒါပေမယ့် ငါက မိုးကြိုးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရသွားတဲ့အချိန်မှာ သူက ရပ်ကြည့်နေခဲ့တယ်။ သူ့လူတွေကိုလည်း ဘာမှမညွှန်ကြားခဲ့ဘူး။ ဒါက သာမန်တော့ မဟုတ်ဘူး…”

မုန့်ချီ၏ ခေါင်းထဲတွင် မေးခွန်းများ ဆက်တိုက် ပေါ်လာခဲ့သည်။

“ထိုမိုးကြိုးနတ်ဘုရားရဲ့အမှတ်အသားရှိနေတဲ့သူကပဲ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို လက်ခံနိုင်တာများလား။ ကူရှောင်စန်းက ကောင်းကင်ဆန်းကြယ်ကျောက်တုံးကို ငါ့ဆီပေးမယ်ဆိုတာကလည်း တစ်ခုခုအကြောင်းရှိလို့များလား…”

ထိုအရာက သူတို့၏ ထူးဆန်းသော တွေ့ဆုံမှုကိုတော့ ရှင်းပြနိုင်ပါလိမ့်မည်။ ကြည့်ရသည်မှာ ကောင်းကင်(၉)သွယ် အပျက်အစီးကို ဖွင့်လှစ်ရန် နည်းလမ်းက ကောင်းကင်ဧကရာဇ်၏ လက်အောက်တွင် ရှိနေသော မိုးကြိုးနတ်ဘုရား၏ မျိုးဆက်တစ်ယောက် လိုအပ်နေနိုင်သည်။ သို့မဟုတ် တိကျသော စွမ်းရည်တစ်ခု လိုအပ်နေနိုင်၏။

ယခုမုန့်ချီက ပို၍ သေချာသွားခဲ့သည့်အတွက် ပို၍ပင် သတိထားနေမိသည်။ အဘယ်ကြောင့်ဆိုသော် သူ့ရှေ့တွင် ရှိနေသော ကူရှောင်စန်းက သူ့ကို အချိန်မရွေး အန္တရာယ်ပေးနိုင်သည်။ သူကတော့ အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားပြီး ရေထဲသို့ ခုန်ဆင်းပြေးရန် ပြင်ဆင်ထားခဲ့သည်။

"ကောင်းကင်(၉)သွယ် အပျက်အစီးကို ဖွင့်ဖို့နည်းလမ်းက မိုးကြိုးနတ်ဘုရားရဲ့ မျိုးဆက်လိုအပ်တာလား…"

မုန့်ချီက တည့်တည့်သာ မေးလိုက်သည်။

ကူရှောင်စန်း၏ နှုတ်ခမ်းလေးများက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူမက လှည့်ဖြားတတ်သော မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ ပြုံးလိုက်သည်။

"ကောင်းကင်ဆန်းကြယ်ကျောက်တုံးထဲမှာ မိုးကြိုးနတ်ဘုရားရဲ့ သွေးစက်တစ်စက်ပဲ ပါတယ်။ အဲဒီ တစ်ပိုင်းတစ်စ စိတ်ဝိညာဉ်လွှဲပြောင်းမှုက ပြီးပြည့်စုံတဲ့သိုင်းကွက်တစ်ခု မရနိုင်ဘူး။ ဓမ္မကာရအဆင့် သိုင်းပညာတစ်ခုကို ရဖို့ဆိုတာက အဲဒီလောက် မလွယ်ဘူးလေ… "

သူမက မုန့်ချီ၏ မေးခွန်းကို ဝန်ခံခဲ့ခြင်းမရှိသလို ငြင်းပယ်ခဲ့ခြင်းလည်း မရှိပေ။ ထိုအစား ခေါင်းစဉ်ပြောင်းလိုက်၏။

"ဓမ္မကာရအဆင့်သိုင်းပညာ… ဟုတ်လား…"

မူလတုန်းကတော့ မုန့်ချီက ထိုကဲ့သို့ သံသယဝင်ခဲ့သည်။ သို့သော် ကူရှောင်စန်း၏ စကားကို ကြားသည့်အခါ အလွန်ထိတ်လန့်သွားခဲ့သေး၏။

"အချစ်ကလေး…

ရှင်က ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်အကြောင်းကို ဘာမှမသိဘူးလား…"

ကူရှောင်စန်းက အပြုံးနှင့် မေးလိုက်၏။

"သံသရာ ကမ္ဘာကြီးထဲမှာ ဓမ္မကာရအဆင့် သိုင်းပညာတွေ အများကြီးရှိတယ်။ ဒါပေမယ့် ငါက အကုန်လုံးကို တစ်ခုချင်းမဖတ်ခဲ့ဘူး။ ဒါကြောင့် ငါက တစ်ခုမှမသိခဲ့ဘူး…"

မုန့်ချီက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

"ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ် ဆိုတာက ဒဏ္ဍာရီထဲက မိုးကြိုးနတ်ဘုရားရဲ့ ထိပ်တန်းသိုင်းပညာတစ်ခုပဲ။ သူ့ရဲ့အစွမ်းတွေက ပြိုင်ဘက်ကင်းတယ်။ ဒဏ္ဍာရီထဲမှာတောင် အကောင်းဆုံးလို့ ပြောလို့ရတယ်…"

ကူရှောင်စန်းက ပုလွေမှုတ်၍ပင် သံစဉ်လေး ထပ်ပေါင်းပေးလိုက်သေးသည်။

"အထူးသဖြင့် သိုင်းကွက်(၉)ခုထဲမှာ နောက်ဆုံးဖြစ်တဲ့ အဆုံးမဲ့ တုံ့ပြန်တိုက်ခိုက်ခြင်းပဲ။ အဲဒါက အရာအားလုံးကို အမြင့်ဆုံး တုံ့ပြန်တိုက်ခိုက်နိုင်တယ်။ အဲဒီသိုင်းကွက်က ကောင်းကင်တော်ဝင်သိုင်းကျမ်း ဒါမှမဟုတ် ဗုဒ္ဓလက်ဝါးနဲ့တောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ အဲဒီလို ထိပ်တန်းသိုင်းကွက်မျိုးကို ရမယ်ဆိုရင်တော့ တကယ့်ကို အကောင်းဆုံးပဲ…”

“ဒါပေမယ့် မိုးကြိုးနတ်ဘုရားက သဘာဝစွမ်းအားတွေနဲ့ မွေးဖွားလာပြီး ဒဏ္ဍာရီထဲမှာပဲ အသက်ရှင်နေခဲ့တာ။ သူ့ရဲ့အစွမ်းနဲ့ စွမ်းအားတွေကိုလည်း သဘာဝထဲကပဲ ယူဆောင်ထားတာ။ သူက အရာအားလုံးကို သုံးပြီး ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်ကို သုံးနိုင်တာ။ ဒါပေမယ့် သူတို့တွေက သိုင်းကွက် သက်သက်ပဲ။ လေ့ကျင့်နည်းမရှိဘူးဆိုရင် နင်က လှုပ်ရှားမှုတွေကို နားလည်မယ်ဆိုရင်တောင် သူ့ရဲ့စွမ်းအားတွေကိုတော့ နားလည်မှာ မဟုတ်သေးဘူး။ ဒါကြောင့်လည်း သံသရာအရှင်သခင်က ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်ကို ဓမ္မကာရအဆင့် ထိပ်တန်းသိုင်းပညာတွေနဲ့ အဆင့်တူ သတ်မှတ်ထားခဲ့တာပဲ…"

မုန့်ချီကတော့ တစ်ခွန်းမျှ ဝင်မပြောခဲ့ပေ။ သူတစ်ယောက်တည်းသာ စဉ်းစားနေခဲ့၏။

"ငါ အစောပိုင်းမှာ တွေ့ခဲ့ရတဲ့ ကောင်းကင်မိုးကြိုးတိုက်ခိုက်မှု(၅)မျိုးကလည်း ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်ထဲက သိုင်းကွက်တစ်ခုပဲ ဖြစ်နိုင်တယ်…"

ကူရှောင်စန်းက သက်ပြင်းချ၍ ထပ်ပြောလိုက်သည်။

"အမှန်အတိုင်းပြောရရင် အစစ်အမှန်မိုးကြိုးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းမှုကို အလယ်ခေတ်မှာ လူတစ်ယောက်က ရပြီးသွားပြီ။ အမည်မသိ လူတစ်ယောက်က မိုးကြိုးရေကန်နှင့် မိုးကြိုးနတ်ဘုရားရဲ့ ခန္ဓာကိုယ်ကို ရှာတွေ့သွားပြီး ပြီးပြည့်စုံတဲ့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်ကို ရရှိသွားတယ်။ သူက အဲ့ဒီစွမ်းအားတွေ‌ကို သုံးပြီး ကြောက်စရာကောင်းတဲ့ မိုးကြိုးဓားတစ်လက်ကို ထုလုပ်ခဲ့တယ်။ အဲဒါက ဒဏ္ဍာရီအချိန်တွေ‌ ကျော်လွန်သွားတဲ့အချိန်မှာ တစ်ခုတည်းသော ပြိုင်ဘက်ကင်းနတ်ဘုရားလက်နက်ပဲ….”

“သူက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကို နမူနာယူပြီး ကိုယ်ပိုင်သိုင်းပညာတစ်ခုကို ဖန်တီးခဲ့တယ်။ သူ့ကိုယ်သူလည်း လောကသခင်လို့ နာမည်ပေးခဲ့တယ်။ သူတစ်ယောက်တည်းနဲ့ ဂိုဏ်းတွေ၊ အထက်တန်းလွှာ မိသားစုတွေ အားလုံးကို ရင်ဆိုင်ခဲ့တယ်…”

“တဖြည်းဖြည်းနဲ့ သူက မြစ်အရှေ့ပိုင်းမှာရှိတဲ့ ဝမ်မိသားစုခေါင်းဆောင်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ သူက ဓမ္မကာရအဆင့်ကို ရောက်နေပြီ။ အဲဒီအချိန်မှာ သူက မိန်းမတစ်ယောက်ရဲ့ သွေးဆောင်ဖြားယောင်းမှုတစ်ခုကို ခံခဲ့ရပြီး ဓမ္မကာရအဆင့် ပညာရှင်တွေအားလုံးရဲ့ အလစ်ချောင်းတိုက်ခိုက်မှုကို ခံခဲ့ရတယ်….”

“အဲဒါက ထောင်ချောက်ဆိုတာကို လောကသခင်က သိခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းကလေးအတွက် သူ သွားခဲ့တယ်။ အဲဒီတိုက်ပွဲမှာ အလယ်ခေတ်က ဓမ္မကာရအဆင့် ပညာရှင်တွေ အကုန်လုံး သေသွားခဲ့တယ်။ လောကသခင်ကတော့ လောကသခင် ပျက်သုဉ်းခြင်းဓားလို့ နာမည်ပေးထားတဲ့ ဓားကို အဲဒီမိန်းမပျိုဆီ ပေးထားခဲ့တယ်…”

“အချစ်ကလေး…

‌တစ်နေ့နေ့မှာ လူတွေက ငါ့ကိုဖမ်းထားမယ်ဆိုရင် နင်လည်း လောကသခင်လိုမျိုး အသက်စွန့်ပြီး ရောက်လာမှာလား…"

မုန့်ချီက ထိုပုံပြင်ကို စဉ်းစားနေခဲ့ပြီး လောကသခင်၏ သူရဲကောင်းဆန်သော တိုက်ပွဲအကြောင်းကို စဉ်စားနေခဲ့သည်။ သို့သော် ကူရှောင်စန်း၏ စကားကြောင့် ရုတ်တရက် နိုးထလာခဲ့၏။

သူက ရှုံ့မဲ့သွားခဲ့သည်။

"ဘယ်လိုမေးခွန်းမျိုးကြီးလဲ…”

“ဒါဆိုရင် ပြီးပြည့်စုံတဲ့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကို လိုချင်တယ်ဆိုရင် သံသရာအရှင်သခင်ဆီမှာ အမှတ်နဲ့ လဲတာကလွဲပြီး လောကသခင် ပျက်သုဉ်းခြင်းဓားကို ရှာမှ ရမှာလား…"

မုန့်ချီက အသံတိုးတိုးနှင့် မေးလိုက်သည်။ သံသရာအရှင်သခင်ကပင် ထိုသိုင်းကျမ်းကို မပြည့်စုံဟု ရေးထားခြင်းဖြစ်၏။

ကူရှောင်စန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"လောကသခင် သဘောကျခဲ့တဲ့ မိန်းကလေးက လေဟာနယ်မိန်းမပျိုဂိုဏ်းမှာရှိတဲ့ ရွှမ်အန်လို့ခေါ်တဲ့ မိန်းကလေးပဲ။ ဒါကြောင့် လောကသခင် ပျက်သုဉ်းခြင်းဓားက လေဟာနယ်မိန်းမပျိုဂိုဏ်းမှာ ရှိတယ်။ လေဟာနယ်မိန်းမပျိုဂိုဏ်းက မကောင်းဆိုးဝါးလမ်းစဉ်(၉)သွယ်ထဲက အဖွဲ့အစည်းတစ်ခုပဲ …"

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

"သူက ငါ့ကို အသုံးချချင်နေတာလား…"

Translated by Hein Htet.

All Chapters