အခန်း (၁၅၉)
Vol. 11 Ch. 159
မုန့်ချီက သတိထားနေခြင်းကို ကူရှောင်စမ်းက သတိမပြုမိဘဲ အလွန်လှပသော အမူအရာနှင့် သူမ၏ဆံနွယ်လေးများကိုသပ်၍ ဆက်ပြောနေခဲ့သည်။
"လောကသခင် ပျက်သုဉ်းခြင်းဓားက အချိန်တော်တော်ကြာ အိပ်စက်နေခဲ့တယ်..။ လေဟာနယ်မိန်းမပျိုဂိုဏ်းမှာရှိတဲ့ လူတစ်ယောက်မှ လောကသခင်ဓားသိုင်း(၆)ကွက်နဲ့ မိုးကြိုးနတ်ဘုရားရဲ့ စိတ်ဝိညာဉ်လွှဲပြောင်းခြင်းဖြစ်တဲ့ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်ကို အဖြေမရှာနိုင်ခဲ့ကြဘူး..။ ဖြစ်နိုင်တာ တစ်ခုကတော့ အဲဒီထိပ်တန်းသိုင်းပညာတွေက သူတို့ရဲ့ကျင့်စဉ်တွေနဲ့ ပဋိပက္ခဖြစ်နေတာပဲ…”
“လေဟာနယ်မိန်းမပျိုဂိုဏ်းရဲ့ အုတ်မြစ်သိုင်းကျမ်းတွေက လေဟာနယ်မိန်းမပျို သိုင်းကျမ်းနဲ့ မိန်းမပျိုချာရဲ့ လက်ရေးမူတွေပဲ ။ အဲဒီအရာတွေက ကောင်းကင် (၉)သွယ် နတ်သမီးနဲ့ ပျော်ရွှင်ခြင်းဗောဓိတဗ္ပရွှေခန္ဓာကို စုစည်းနိုင်တဲ့ အစွမ်းမျိုးရှိတယ်လို့ ပြောကြတယ်...။ ပထမတစ်ခုကတော့ နတ်သမီးလမ်းစဉ်လို့ ပြောလို့ရတယ်။ ယောကျ်ားနှင့်မိန်းမ အတူတူယှဉ်တွဲပြီး အင်မော်တယ်လမ်းစဉ်ကို တက်လှမ်းချင်တဲ့သူတွေ လေ့ကျင့်ရတာ... ။ ဒါပေမဲ့ ဒုတိယတစ်ခုဖြစ်တဲ့ ဗုဒ္ဓလမ်းစဉ်ကတော့ လောကသခင် ပျက်သုဉ်းခြင်းဓားနဲ့ ပဋိပက္ခဖြစ်နိုင်တယ်... "
မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
လောကသခင် ပျက်သုဉ်းခြင်းဓားက ကြောက်စရာကောင်းသည့်နေရာတွင် ပြိုင်ဘက်ကင်းသည်ဟု သံသရာအရှင်သခင်က မှတ်ချက်ပေးထားခဲ့သည်။ ထိုအရာက ယင်နှင့်ယန်ကို ပေါင်းစပ်ရသည့် လေဟာနယ်မိန်းမပျိုဂိုဏ်း၏ နည်းလမ်းနှင့် ဆန့်ကျင်ဘက် ဖြစ်နေနိုင်သည်။
ကူရှောင်စန်းက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။
"အဲဒီမိန်းမပျက်တွေက တခြားလူရဲ့ယောကျ်ားကို ဘယ်လိုမြူစွယ်ရမလဲဆိုတာပဲ သိတယ်... ။အချစ်ကလေး ကျေးဇူးပြုပြီး သူတို့နဲ့ ကပ်မနေနဲ့ ။ သူတို့က နင့်ရဲ့စွမ်းအားတွေအားလုံးကို စုပ်ယူသွားလိမ့်မယ်. ။ နင်က သူတို့ကို တွေ့တဲ့အချိန်ကျရင် အရာအားလုံး ပျက်စီးသွားရလိမ့်မယ်... "
ထိုအချိန်တွင် သူမက အရူးတစ်ယောက်ကဲ့သို့ ရယ်လိုက်သည်။
"ငါက နင့်အရွယ် ရောက်လာတဲ့အချိန်ထိ စောင့်နေနိုင်ပါသေးတယ်...။ ငါတို့ရဲ့ မင်္ဂလာပွဲကျရင် နင့်ဆီမှာ သန့်စင်တဲ့ခန္ဓာကိုယ်တစ်ခု သေချာပေါက်ရှိနေဖို့လိုတယ်... "
ထိုစကားကို မပြောခင်ထိအောင် သူမ၏ပုံစံက သူတော်စင်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။ သို့သော် ယခုတော့ သူမက လျှာထုတ်၍ ပြောင်ပြနေပြီး အလွန်ဆွဲဆောင်မှု ရှိနေခဲ့၏။
"ဒီအရူးမကတော့ကွာ... "
မုန့်ချီက စိတ်ထဲတွင်ကြိတ်၍ ကျိန်ဆဲလိုက်မိသော်လည်း ကူရှောင်စန်းဆီတွင် လှည့်ကွက်များစွာ ရှိနေကြောင်း သိနေသည်။
သူမ၏ စကားလုံးများကို ယုံကြည်၍ မရနိုင်ပေ။ သူမ၏ရည်ရွယ်ချက်ကို သိသွားမည်ဆိုလျှင် ချက်ချင်းဆိုသလို သနားညှာတာမှု ကင်းမဲ့သွားနိုင်၏။ ကူရှောင်စန်း၏ မျက်နှာအမူအရာက ရာသီဥတုထက်ပင် ပို၍ အပြောင်းအလဲ မြန်နေသည်။
အစောပိုင်းတွင် သူမက အလွန်ဆွဲဆောင်မှုရှိသော်လည်း ချက်ချင်းဆိုသလိုပင် ကြီးကျယ်မြင့်မြတ်သည့်ပုံစံ ပြောင်းလဲသွားသည်။
"လေဟာနယ်မိန်းမပျိုဂိုဏ်းမှာ သက်ကြီးပိုင်း ယောကျ်ားတပည့်တစ်ယောက်ရှိတယ်..။ မူလတုန်းကတော့ သူ့ကို လူသားမီးဖိုအဖြစ် ရည်ရွယ်ထားခဲ့တာ..။ ဒါပေမယ့် သူက လောကသခင်ပျက်သုဉ်းခြင်းဓားဆီကနေ ဝေ့ကျင်းအဆင့် ဓားသိုင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ သတင်းကြားခဲ့တယ်...။ တဖြည်းဖြည်းနဲ့သူလည်း ပင်မတပည့်အနည်းငယ်ထဲက တစ်ယောက်ဖြစ်လာတယ်... ။ အခုသူ့ကို လျှော့တွက်လို့ မရနိုင်တော့ဘူး... ။ ဘာလိုလဲဆိုတော့ သူက ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက် ဖြစ်နေလို့ပဲ…"
"သူက လောကသခင် ပျက်သုဉ်းခြင်းဓားကနေ ဓားသိုင်းကွက်တစ်ခုကို ဖော်ထုတ်နိုင်ခဲ့တာလား... "
မုန့်ချီက အနည်းငယ် မှင်တက်စွာ မေးလိုက်မိသည်။
"အဲဒီဓားက အိပ်စက်နေတယ်လို့ ပြောခဲ့တာမဟုတ်လား... "
ကူရှောင်စန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ အဲဒါက လောကသခင်ဓားသိုင်း(၆)ကွက် မဟုတ်သလို ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်လည်း မဟုတ်ဘူး... ။ သူက အဲဒါကို ခရမ်းမိုးကြိုးဓား(၇) ချက်လို့ ခေါ်တယ်... "
သူမက အလွန်တည်ငြိမ်စွာ ပြောပြနေခဲ့၏။
သို့သော် မုန့်ချီ၏စိတ်ထဲတွင်တော့ ခံစားချက်များစွာ ရောထွေးနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ကျယ်လောင်စွာ ရယ်လိုက်မိပြီး တစ်ယောက်တည်း တွေးလိုက်မိ၏။
"သူကလည်း သံသရာခရီးသွားတစ်ယောက်များလား... ။ သူက ငါအရမ်းလိုချင်နေခဲ့တဲ့ ခရမ်းမိုးကြိုးဓား (၇) ချက်ကိုတောင် သင်ပြီးသွားပြီ…."
သူမက လူသားမီးဖိုတစ်ခုကို ဖန်တီးထားသည်မှာ တခြား အကြောင်းအရင်းများ ရှိနိုင်ကြောင်း မုန့်ချီက တွေးနေမိခဲ့သည်။ မုန့်ချီက အရင်ဘဝရှိ ရုပ်ပြစာအုပ်ထဲတွင် ခရမ်းမိုးကြိုးဓား (၇) ချက်အကြောင်းကို ဖတ်ခဲ့ဖူးသည်။ ထိုအရာက ထိပ်သီးသိုင်းပညာတစ်ခု ဖြစ်၏။
ကူရှောင်စန်းကတော့ လောကသခင် ပျက်သုဉ်းခြင်းဓားနှင့် ပတ်သက်ပြီး သူမ၏ ရည်ရွယ်ချက်ကို လုံးဝမပြောခဲ့ပေ။ သူမက မုန့်ချီကို အပြုံးနှင့် ကြည့်လိုက်၏။ သူမ၏ပုံစံက ဘေးအခန်းတွင် နေထိုင်သော မိန်းမပျိုတစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။
"အချစ်ကလေးက လှေပေါ်မှာ ပေါ်လာတဲ့အချိန် ငါ့နောက်လိုက်က အရမ်းကြောက်သွားခဲ့တယ်..။ နင်က သူ့ကို ဓားကွက်တစ်ခုတည်းနဲ့ အဆုံးသတ်လိုက်တဲ့အချိန်မှာ ငါ့ရဲ့မျက်နှာက နီရဲသွားပေမဲ့ စိတ်ထဲမှာတော့ အားကိုးချင်စိတ်တွေ ပေါ်လာတယ်။ အဲဒီလိုသိုင်းကွက်က တကယ့်ကို ကျွမ်းကျင်တဲ့ ပညာရှင်မျိုးမှ သုံးနိုင်တာ..။ ငါက နင့်ရင်ခွင်ထဲ တိုးဝင်နေချင်စိတ်တောင် ပေါ်လာခဲ့တယ်... "
မုန့်ချီကတော့ ဓားရှည်နှင့် ဓားကောက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသေးပြီး အချိန်မရွေး တိုက်ခိုက်ရန် ပြင်ဆင်ထားနေသေးသည်။
ကူရှောင်စန်းက ရုတ်တရက်ဆိုသလို ငြိမ်သက်သွားခဲ့၏။
"ချောမောခန့်ညားတာက တော်တော်လေး ဆွဲဆောင်မှုရှိပါတယ်..။ ဒါပေမယ့် သတ္တိရှိပြီး ရက်စက်တာကလည်း သူရဲကောင်းတစ်ယောက်ရဲ့ လက္ခဏာပဲ ။ တကယ်လို့ အချစ်ကလေးကသာ လမ်းမှာ ပြဿနာရှာနေတဲ့ အတားအဆီးတွေကို ဖယ်ရှားလိုက်မယ်ဆိုရင် အချစ်ကလေးရဲ့ ခြေဖျားအောက်မှာ အလောင်းတွေ တောင်လိုပုံလာလိမ့်မယ်... ။ အချစ်ကလေးရဲ့ရှေ့မှာလည်း သွေးတွေက ရေကန်တစ်ခုလို ပြည့်နေလိမ့်မယ်... ။ အဲဒီအချိန်ကျရင် ကောင်းကင် (၉) သွယ်နဲ့ ကမ္ဘာ(၁၀)ခုမှာ ဘယ်သူကမှ အချစ်ကလေးကို အထင်သေးရဲမှာ မဟုတ်တော့ဘူး... ။ အဲဒီအချိန်ကျရင်တော့ ငါက လက်ရှိအဆင့်အတန်းကို စွန့်လွတ်ပြီး အချစ်ကလေးရဲ့အနားမှာ အိမ်ရှင်မတစ်ယောက်အဖြစ် တသက်လုံးနေတော့မယ်... "
သူမ၏ရည်ရွယ်ချက်က အတော်လေးကို ပြည့်စုံလှသည်။
သို့သော် မုန့်ချီကတော့ သူမ၏စကားလုံးများကို တစ်ခုမျှ မယုံကြည်ခဲ့ပေ။
"ဒီမကောင်းဆိုးဝါးမက လောကသခင် ပျက်သုဉ်းခြင်းဓားကိုယူဖို့အတွက် ငါ့ကိုဖျားယောင်းနေတာ... "
ထို့နောက် ကူရှောင်စန်းက သူမ၏ပုလွေကို နောက်တစ်ကြိမ် ဆွေးဆွေးမြေ့မြေ့ မှုတ်လိုက်ပြန်သည်။ ပုလွေသံက မခွဲနိုင်မခွာရက်သော အသံမျိုး ဖြစ်နေ၏။ ထို့နောက် သူမ၏လှေက မြစ်ထဲသို့ စုန်ဆင်းသွားခဲ့ပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့လေသည်။ ပုလွေသံကိုတော့ လေထဲတွင် ကြားနေရသေး၏။
သူမက ထိုကဲ့သို့ လှပစွာ ရောက်လာပြီး လှပစွာ ထွက်ခွာသွားသည်ကို မြင်သည့်အခါ မုန့်ချီက အံ့သြနေခဲ့သည်။ ထိုကဲ့သို့ တူရိယာတစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ခြင်းက သူမ၏ ထူးခြားမှုတစ်ခုဟု ပြောနိုင်၏။
"ဒါပေမဲ့ ငါကတော့ သင်ဖို့အချိန်မရှိခဲ့ဘူး... "
အကယ်၍ မုန့်ချီက သူမ၏ဂီတစွမ်းရည်ကိုသာ ဂရုစိုက်ကြောင်း သိရမည်ဆိုလျှင် ကူရှောင်စန်းက မည်သို့ ခံစားရမည်နည်း။
နောက်ထပ် ကုန်သင်္ဘောတစ်စီးပေါ်သို့ ပြောင်းလိုက်ပြီးနောက် မုန့်ချီက (၂)ရက်အကြာတွင် ရွှမ်ဝူမြို့သို့ ရောက်လာခဲ့သည်။ သူတို့က ရေစုန်ကို ဆင်းလာခြင်း ဖြစ်သည့်အတွက် အတော်လေးကို လျင်မြန်၏။
ကျန်းဝူဂိုဏ်း၏ ဝင်ပေါက်ကတော့ မြို့၏မြောက်ဘက် မိုင် (၂၀) အကွာတွင် ရှိနေသည်။ သိုင်းလောကသားများက ရွှမ်ဝူမြို့ကို ကျန်းဝူဂိုဏ်း၏ အိမ်နောက်ဖေးဟု ခေါ်ကြသည်။ ထိုမြို့ထဲတွင် နန်းတော်မှ စည်းမျဉ်းများ သက်ရောက်ခြင်း မရှိချေ။
မုန့်ချီက လှေပေါ်မှ ဆင်းလိုက်သည်နှင့် တပြိုင်နက် ပျားပန်းခပ်မျှ လှုပ်ရှားနေသော လူများကို တွေ့လိုက်ရသည်။ ထိုနေရာက တောင် (၃)လုံး မြစ် (၄)သွယ်နှင့် အတော်လေးကို ကွဲပြား၏။ လူပေါင်းများစွာက ဥဒဟိုသွားလာနေကြသည်။
တချို့က ကုန်သည်များသဏ္ဍာန် ဝတ်ဆင်ထားပြီး တချို့က သက်သောင့်သက်သာ ဝတ်ဆင်ထားသည်။ တချို့က နူးညံ့ပြီး ကောင်းမွန်သော အဝတ်အစားများ ဝတ်ဆင်ထားပြီး တချို့ကတော့ ဖျင်ကြမ်းအင်္ကျီများသာ ဝတ်ဆင်ထား၏။ တချို့က ချမ်းသာပြီး တချို့က ဆင်းရဲသည်။ အသံမျိုးစုံကလည်း နားထဲသို့ဝင်လာ၏။
မုန့်ချီက လေကိုတဝကြီး ရှူရှိုက်လိုက်ရာ စားသောက်ဆိုင်မျိုးစုံမှ ရနံ့မျိုးစုံ ရောက်လာသည်။ ထိုအထဲတွင် ကြက်ကင်ရနံ့လေးကလည်း သင်းနေခဲ့၏။ ရွှမ်ဝူမြို့က ကြက်ကင်နှင့် ငါးကင် နာမည်ကျော်ကြောင်း သူက မှတ်မိနေခဲ့သည်။
ယခုသူက ဗိုက်ဆာနေသည့်အတွက် စားစရာတစ်ခုခု ထိုင်စားချင်နေခဲ့၏။ သို့သော် အလျင်မလိုသေးပေ။ သူက ကျန်းယွင်ရှန်ကို သွားရှာရန်သာ ဆုံးဖြတ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် နယ်မြေခံတစ်ယောက်ကသာ အကောင်းဆုံးစားစရာ ရနိုင်သည့်နေရာကို သိပါလိမ့်မည်။
သူက နောက်တစ်ကြိမ် သူ၏လက်နက် (၃) ခုကို အိတ်ထဲတွင် ဖွက်လိုက်ပြီး ရေခဲပေါ်တယ်ဓားကို ဘယ်လက်ထဲတွင် ဓားသမားတစ်ယောက်ကဲ့သို့ ကိုင်ထားခဲ့သည်။ သူ၏ညာလက်ကိုသုံးပြီး ခေါင်းဆောင်းနှင့် ကြိုးကို တင်းတင်းချီလိုက်သည်။ မဟုတ်လျှင် လေတိုက်သည်နှင့် ခေါင်းဆောင်းက မတော်တဆ လွင့်သွားနိုင်၏။
မုန့်ချီက ကျယ်ပြန့်သော လမ်းမအတိုင်း မြို့ထဲသို့ ဝင်လာသည့်အချိန်တွင် လူများက ပို၍ရှုပ်ထွေးလာကြောင်း တွေ့နေရသည်။ သူက ကျန်းရဲတိုက်၏ တည်နေရာကို မေးလိုက်ပြီးနောက် လေလွင့်သိုင်းသမားတစ်ယောက်ပမာ အေးအေးဆေးဆေး လျှောက်လှမ်းလာခဲ့သည်။
လမ်းတွင် သူခိုးများက မုန့်ချီကို သတိထားမိပြီး သူ၏ငွေကြေးများကို ခိုးယူရန် ကြိုးစားခဲ့ကြသည်။ သို့သော် သူတို့က မုန့်ချီ၏အနားသို့ ကပ်လာသည့်အချိန်တိုင်း သူတို့၏လက်ကို အရိုက်ခံလိုက်ရ၏။ ဆရာတစ်ယောက်က တပည့်များကို ပေတံနှင့် ဆုံးမနေသလို ဖြစ်နေသည်။
ထိုလူငယ်က သာမန်လူတစ်ယောက်သာ ထင်မှတ်ရသော်လည်း ကျွမ်းကျင်သော ပညာရှင် တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည့်အချိန်တွင် သူခိုးများက ပြဿနာမရှာရဲတော့ပေ။
ဤနေရာကို ကျန်းဝူဂိုဏ်းက ထိန်းချုပ်ထားခြင်း ဖြစ်သည့်အတွက် သူခိုးများက ပြဿနာ ကြီးကြီးမားမား မရှာရဲကြပေ။ သူတို့က တိတ်တဆိတ် ထွက်ခွာသွားကြ၏။
မုန့်ချီက ထိုသူခိုးလေးများကို သင်ခန်းစာပေးလိုက်ပြီးနောက် ခြံစည်းရိုးနှင့် အိမ်ကြီးအိမ်ကောင်းများ ရှိနေသော လမ်းကြားတစ်ခုတည်းသို့ လှည့်ဝင်လာခဲ့သည်။ သိပ်မကြာခင် ရွှမ်မြစ်ကြီး၏ဘေးတွင် ကျန်းရဲတိုက်ကို တွေ့လိုက်ရ၏။ ထိုအဆောက်အဦးများက အလွန်ကြီးကျယ်ခမ်းနားပြီး အရာအားလုံးကို အလှဆင်ထားသည်။
ကျန်းယွင်ရှန်က ကျန်းဝူဂိုဏ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိသာ၏။ အမှန်အတိုင်းပြောရလျှင် ကျန်းမိသားစုတွင် အရေးကြီးဆုံးအရာက သူ ဖြစ်သည်။
"တကယ်လို့ ငါသာ ရှောင်လင်ကတပည့်တစ်ယောက်ဆိုတာ ပြောလိုက်မယ်ဆိုရင် သူ့ကို ဖိတ်ခေါ်လို့ ရနိုင်တယ်..။ ဒါဆိုရင် ကျန်းဝူဂိုဏ်းရဲ့ ထုံးတမ်းအစဉ်အလာအရ ကျန်းယွင်ရှန်ကို ခေါ်ပေးလိမ့်မယ်..။ ဒါပေမယ့် အခုချိန်မှာ ငါ့ရဲ့နောက်ကြောင်းက တော်တော်လေးကို အဆင်မပြေဘူး။ ငါက ရဲတိုက်ဆီ အရင်ဆုံးသွားပြီး သူတို့ရဲ့ မိသားစုဝင်တစ်ယောက်နဲ့ တွေ့ပြီးမှ တောင်ပေါ်ကိုသွားတာ အကောင်းဆုံးဖြစ်မယ်... "
ကျန်းရဲတိုက်၏ တံခါးဝတွင် ရွှေငွေစာရွက်များ ကပ်ထားကြသည်။ တချို့ကိုတော့ ကြိုးများနှင့် ချိတ်ထား၏။ လှပသော မြင်းများကိုလည်း ထိုနေရာတွင် ကြိုးချည်ထားကြသည်။
"ဧည့်သည်တွေ တော်တော်များနေတာပဲ …"
မုန့်ချီက အနည်းငယ် အံ့ဩနေခဲ့၏။
"ဘယ်လိုဖြစ်ပြီး ဧည့်သည်တွေ ဒီလောက်များနေရတာလဲ... "
ဤနေရာတွင် မင်္ဂလာဆောင်တစ်ခု သို့မဟုတ် မွေးနေ့ဧည့်ခံပွဲတစ်ခု ရှိနေခြင်းပေလော။
"ကျန်း….ကိုရင်လေးလား... "
ရုတ်တရက်ဆိုသလို အဆောက်အဦးနားမှနေ၍ အလွန်ရင်းနှီးသော မိန်းမပျိုတစ်ယောက်ရဲ့အသံကို ကြားလိုက်ရသည်။ သူမ၏လေသံက မသေမချာ ဖြစ်နေသလို ထင်မှတ်ရ၏။
မုန့်ချီက ထိတ်လန့်သွားပြီး ဓားလက်ကိုင်ကို တင်းတင်း ဆုပ်ကိုင်လိုက်၏။ သူ၏နာမည် ပေါ်သွားမည်ဆိုလျှင် မထင်မှတ်ထားသော ပြဿနာများ ဖြစ်လာနိုင်သည်။
သူက ပြန်လှည့်ကြည့်လိုက်ရာ ဘဲဥပုံမျက်နှာနှင့် မိန်းမပျိုတစ်ယောက်က အဆောက်အဦး၏ထောင့်တွင် ပုန်းနေကြောင်း တွေ့လိုက်ရသည်။ သူမ၏မျက်နှာလေးက ချစ်စရာကောင်းပြီး ထူးဆန်းသောနေရာတွင် မိတ်ဆွေတစ်ယောက်နှင့် လာတွေ့သလို ထင်မှတ်ရ၏။
နောက်ဆုံးတွင်တော့ သူက သက်ပြင်းချလိုက်မိသည်။
"မိန်းကလေးကျန်းကျန်းလား... "
မုန့်ချီက မျက်ခုံးပင့်လိုက်မိပြီး သူမဆီသို့ လျှောက်သွားခဲ့သည်။ ထိုအရာက သူတို့၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သော ဖူကျန်းကျန်း ဖြစ်သည်။ သူမက မြောက်ပိုင်းကျိုးအင်ပါယာတွင် ရှိနေသော ရင်ဟွာသီလရှင်ကျောင်းမှ တပည့်တစ်ယောက် ဖြစ်သည်။ အဆိပ်နှင့် မှော်ဆေးပညာကိုလည်း ကျွမ်းကျင်၏။
"သူက သူ့ချစ်သူကိုရှာဖို့အတွက် မိုင်ထောင်ပေါင်းများစွာ ခရီးနှင်လာခဲ့တာပဲ ။ နဂိုတုန်းကတော့ ဖူကျန်းကျန်းကို ကြည့်လိုက်ရင် ပျော့ပျောင်းနူးညံ့တယ်လို့ ထင်မှတ်ရတယ်... ။ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ်တွေက တော်တော်လေးကို ဆုံးဖြတ်ချက် ပြတ်သားတာပဲ…"
မုန့်ချီက တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
ထို့နောက် သူက အပြုံးနှင့်ပြောလိုက်၏။
"မိန်းကလေးကျန်းကျန်း အစ်ကိုကြီးကျန်းကို လာတွေ့တာလား... "
"ငါက ဒီကိုရောက်တာ ရက်နည်းနည်း ကြာနေပြီ ။ ဒါပေမဲ့ တံခါးကိုသွားမခေါက်ရဲဘူး.."
ဖူကျန်းကျန်းက အင်္ကျီစကို ကိုင်ထားရင် ရှက်ရွံ့စွာ ပြောလိုက်သည်။ သူမက သူမ၏သတို့သားလောင်းကို ပထမဆုံးအကြိမ် လာတွေ့သကဲ့သို့ ဖြစ်နေ၏။
မုန့်ချီက ရယ်ချင်နေသော်လည်း မရယ်ရဲပေ။ ထိုကဲ့သို့ အရာမျိုးကို ဟာသလုပ်၍ မရကြောင်း သူသိနေ၏။ ဖူကျန်းကျန်းက ရှက်သွားပါလိမ့်မည်။ ထို့ပြင် သူမက အဆိပ်ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူမကို စိတ်ရှုပ်အောင် လုပ်လိုက်ခြင်းက သူ့အတွက် မကောင်းလှပေ။
ထို့ကြောင့် သူက ထပ်ပြောလိုက်၏။
"ကောင်းပြီလေ..။ ငါလည်း ဒီမှာ အစ်ကိုကြီးကျန်းကို လာတွေ့တာ... ။ အတူတူသွားကြစို့ ။ စကားမစပ် နင်က ငါ့ကို အခုကစပြီး မုန့်ချီလို့ပဲခေါ်လို့ရပြီ…"
ဖူကျန်းကျန်း၏ မျက်နှာလေးက နီရဲသွားပြီး ချက်ချင်းပင် သဘောတူလိုက်သည်။ သူမက လူငယ်မှတ်တမ်းကို မြင်ထားခဲ့သည့်အတွက် ကျန်းတင်ဟူသောနာမည်ကို မခေါ်ခဲ့ပေ။ ဖူကျန်းကျန်းက ရှက်ရွံ့နေသည့်အတွက် သူမက စကားတစ်ခွန်းမျှ မပြောဘဲ သူတို့က ကျန်းရဲတိုက်၏ရှေ့ကို ရောက်လာကြ၏။
မုန့်ချီက လှေကားဆီသို့ လျှောက်သွားပြီး တံခါးစောင့်ကို အပြုံးနှင့်ပြောလိုက်သည်။
"ငါ့နာမည်က မုန့်ချီ ။ ဒီက မိန်းကလေး ဖူကျန်းကျန်း …
ငါတို့တွေက အစ်ကိုကြီးကျန်းယွင်ရှန်ဆီကို လာလည်ကြတာ... ။ မင်းက သူ့ကို ငါတို့ရဲ့ နာမည်ပြောလိုက်တယ်ဆိုရင် သူက ငါတို့ကို သေချာပေါက်လာတွေ့မှာပါ... "
သူကတော့ ကျန်းယွင်ရှန်နှင့် မိတ်ဆွေဟောင်း တစ်ယောက်ပမာ ပြောလိုက်သည်။ မဟုတ်လျှင် တံခါးစောင့်၏ မေးခွန်းများကို ဖြေကြားနေရဦးမည် ဖြစ်၏။
တံခါးစောင့်ကတော့ သူတို့ကို မော့ပင်မကြည့်ဘဲ ပြန်ဖြေလိုက်သည်။
"ခဏကြာရင် တောင်ပေါ်ကို ဧည့်သည်တွေပို့ပေးဖို့ လူတစ်ယောက် လာခေါ်ပါလိမ့်မယ်... ။ မင်းတို့က သူတို့ရဲ့နောက်ကို လိုက်သွားရုံပါပဲ…"
"ဒီနေ့ဧည့်သည်တွေလား... "
မုန့်ချီက ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။
သူက မေးရန်ပြင်လိုက်စဉ် သိုင်းလောကသားများကို ခေါ်လာသည့် အစေခံ တစ်ယောက်ကို တွေ့လိုက်ရောက်၏။ သူ့နောက်တွင်တော့ ဘုန်းတော်ကြီးများ ၊ တာအိုသခင်များ ၊ သခင်လေးများနှင့် သူတောင်းစားများ လိုက်လာကြသည်။
တံခါးစောင့်က အစေခံကို တစ်စုံတစ်ခုပြောလိုက်ပြီး မုန့်ချီနှင့် ဖူကျန်းကျန်းတို့ကို လက်ညှိုးထိုးပြလိုက်သည်။ အစေခံက ခေါင်းညိတ်ပြလိုက်ပြီး သူတို့ကို တလေးတစား ဦးညွတ်လိုက်၏။ ထို့နောက် သူ့နောက်ကိုလိုက်ခဲ့ရန် အချက်ပြလိုက်သည်။
ထိုအဖွဲ့က မြို့ထဲမှဖြတ်၍ ကျန်းဝူဂိုဏ်းဆီသို့ ဦးတည်သွားနေကြ၏။
"မုန့်ချီ …
ငါက လူငယ်မှတ်တမ်းမှာ နင့်နာမည်ကို မြင်လိုက်ရတဲ့အချိန် တော်တော်လေး အံ့ဩသွားခဲ့တာ... "
နောက်ဆုံးတွင်တော့ ဖူကျန်းကျန်းက ပြောလိုက်သည်။ သူမက မုန့်ချီထက်ပို၍ အသက်ကြီး၏။ ထို့ကြောင့် သူမက သူ၏နာမည်ကို အပြည့်အစုံသာခေါ်ရန် ရွေးချယ်လိုက်သည်။ သူတို့က အလွန်ရင်းနှီးနေခြင်းလည်း မရှိပေ။
သူမ၏စကားကို ကြားသည့်အခါ မုန့်ချီက ဝမ်းသာသွားသလို စိတ်ပျက်သွားမိသည်။ ဝမ်းသာသွားသည်မှာ သူက လူငယ်မှတ်တမ်းတွင် ပါဝင်နေခြင်းကြောင့် ဖြစ်၏။ စိတ်ပျက်သွားသည်မှာတော့ သူ၏နာမည်ကြောင့် ဖြစ်သည်။
"မိန်းကလေးကျန်းကျန်း…
နင်က ပြင်ပတာဝန်တွေ လုပ်ဆောင်နေရင်း တောင်ဘက်ပိုင်းကို ထွက်လာခဲ့တာလား.."
ရင်ဟွာ သီလရှင်ကျောင်းတွင် ဝေ့ကျင်းအဆင့်ပညာရှင် အနည်းငယ် ရှိသည်။ ထိုအရာက ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သော်လည်း တပည့်များက ဉာဏ်အလင်းပွင့်မှုအဆင့်ကိုရောက်လျှင် ပြင်ပသို့ထွက်၍ အတွေ့အကြုံများ ရှာနိုင်ကြသည်။ ထို့ကြောင့်လည်း မုန့်ချီက မေးလိုက်ခြင်း ဖြစ်၏။
ဖူကျန်းကျန်း၏ မျက်နှာလေးက နီရဲသွားပြီး ခဏကြာပြီးမှသာ ပြန်ဖြေလိုက်သည်။
"ငါ ..ငါက ငါရဲ့ပြင်ပတာဝန်တွေကို လုပ်ဆောင်လို့လည်း ဘာမှမထူးဘူးလို့ တွေးလိုက်မိတယ်... ။ ဒါကြောင့် ငါက တောင်ပိုင်းကိုလာဖို့ ဆုံးဖြတ်ခဲ့တာ... ။ ပြီးတော့ ငါက လူကယ်ကျင့်စဉ်ပထမပိုင်းကို လဲပြီးသွားပြီဆိုတော့ သီလရှင်ကျောင်းက လူတွေ သတိထားမိသွားမှာကိုလည်း စိုးရိမ်နေရတယ်... "
"နင်ရဲ့အချစ်အပေါ်ပေးဆပ်မှုကို ငါ တကယ်ပဲလေးစားတယ်... "
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူက သူမနှင့် စကားပြောနေရင်း သိုင်းလောကသားများ၏ စကားကို နားထောင်နေခဲ့၏။
"ကျန်းမိသားစုနဲ့ စုန့်မိသားစုရဲ့မင်္ဂလာပွဲက ကျန်းဝူဂိုဏ်းရဲ့အစီအစဉ်တွေကို ပြောင်းလဲစေလိမ့်မယ်...။ သူတို့တွေက ယောင်မိသားစု အစွမ်းထက်မလာအောင် တားဆီးဖို့ ကြိုးစားနေကြတာပဲ ။ မိသားစုကြီး (၃) ခုက ပူးပေါင်းပြီး မိသားစုကြီးတစ်ခု ဖြစ်လာတော့မယ်... "
မုန့်ချီက သူတို့၏စကားများကို နားထောင်နေရင်း ပို၍ ထူးဆန်းလာခဲ့သည်။ ထို့ကြောင့် သူလည်း မနေနိုင်ဘဲ အနားတွင် ရှိနေသော တာအိုသခင်တစ်ယောက်ကို မေးလိုက်၏။
"နှောင့်ယှက်မိတာ တောင်းပန်ပါတယ် တာအိုသခင် ။ ဒီနေ့က စုန့်မိသားစုနဲ့ ကျန်းမိသားစုရဲ့ မင်္ဂလာပွဲလား... "
တာအိုသခင်က မုန့်ချီကို ထူးဆန်းစွာ စိုက်ကြည့်လိုက်သည်။ မုန့်ချီက ဤနေရာကို ရောက်နေပြီး မည်သည့်အရာကိုမျှ မသိသည့်အတွက် အံ့ဩနေခဲ့၏။ သူက ခဏကြာစဉ်းစားပြီး ပြန်ဖြေလိုက်သည်။
"ဟုတ်တယ်လေ... ။ ဒီနေ့က ကျန်းမိသားစုက ကျန်းယွင်ရှန်နဲ့ စုန့်မိသားစုက စုန့်မင်ကျိတို့ရဲ့ စေ့စပ်ပွဲနေ့လေ... "
ထိုသတင်းကို ကြားသည့်အခါ မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့ပြီး ဖူကျန်းကျန်းကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။
သူမ၏မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်သွားပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူမက သတိလစ်လဲကျသွားတော့မယောင် ထင်မှတ်နေရသည်။
Translated by Hein Htet.