← Chapters

အခန်း (၁၆၀)

Vol. 11 Ch. 160

အခန်း (၁၆၀)

Vol. 11 Ch. 160

“အစ်ကိုကြီးကျန်း… ဟုတ်လား ..”

ဖူကျန်းကျန်းက နားကြားမှားလေသလားဟု မျှော်လင့်ပြီး ပြန်မေးလိုက်သည်။ ယခုတော့ သူမ၏မျက်နှာလေးက ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်လုံးများက ညှိုးငယ်နေသည်။

တာအိုသခင်ကတော့ တစ်စုံတစ်ခု ထူးဆန်းနေကြောင်း ခံစားမိနေ၏။ တာအိုသခင် တစ်ယောက် ဖြစ်သည့်အတွက် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်၏ ကြားထဲတွင် ရှိနေသော ခံစားချက်များကို သေချာမသိချေ။

“ကျန်းယွင်ရှန်က ကျန်းဝူဂိုဏ်းရဲ့လက်ရှိမျိုးဆက် လူငယ် (၇)ယောက်ထဲမှာ တစ်ယောက် အပါအဝင်ပဲ။ သူ့ရဲ့အဆင့်က အောက်ဆုံးမှာ ဖြစ်ပေမယ့် သူ့ရဲ့ အရေးပါမှုကိုတော့ လက်လျူရှုလို့မရဘူး။ ဒါကြောင့် မိသားစုနှစ်ခုကသာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပူးပေါင်းလိုက်မယ်ဆိုရင် စုန့်မိသားစုကို ကျေနပ်စေနိုင်တဲ့သူက ကျန်းယွင်ရှန်ပဲ ဖြစ်နိုင်တယ်..”

မူလတုန်းကတော့ ကျန်းယွင်ရှန်က သတို့သား ဟုတ်မဟုတ် သူတို့က သံသယ ဝင်နေကြသေးသည်။ မုန့်ချီက သူ့ကို ဆက်မဖြေရန် တားဆီးချင်သေးသော်လည်း အလွန်နောက်ကျသွားပြီ ဖြစ်၏။

“ကောင်းပါတယ်… လှည့်စားခံလိုက်ရတာပဲ…”

ဖူကျန်းကျန်းက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ပြီး အဝေးသို့ စိတ်ပျက်လက်ပျက်နှင့် ထွက်သွားခဲ့သည်။

သူမက အဖွဲ့ထဲမှ ထွက်သွားပြီးနောက် ကိုယ်ဖော့ပညာကိုသုံး၍ အဝေးသို့ ထွက်ပြေးသွားခဲ့၏။ သူမက ဝမ်းနည်းမှုများကို ဖယ်ရှားရန် ကြိုးစားနေပုံရသည်။

မုန့်ချီကလည်း တစ်ယောက်တည်း တောင်ပေါ်သို့ ဆက်တက်မသွားနိုင်တော့ပေ။ ထို့ကြောင့် သူလည်း သက်ပြင်းချလိုက်ပြီး လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်ကိုသုံး၍ ဖူကျန်းကျန်း၏ နောက်မှ လိုက်သွားခဲ့၏။

အဖွဲ့ထဲတွင် ရှိနေသော တစ်ခြားသူများကတော့ သူတို့ကို ကြည့်နေပြီး ရှုပ်ထွေးနေကြသည်။ တစ်ချို့ကတော့ ပြဿနာတက်နေသည်ဟု ခန့်မှန်းနေကြပြီး တစ်ချို့ကတော့ ကျန်းမိသားစု၏ ဧည့်ဝတ်ကျေပွန်မှုကို မကျေနပ်ခြင်းကြောင့်ဟု တွေးနေကြသည်။

တာအိုသခင်ကတော့ မျက်မှောင်ကြုတ်၍ တစ်ယောက်တည်း ပြောလိုက်၏။

“ကျန်းသခင်လေး ပြဿနာရှာခဲ့တဲ့ အကျိုးဆက်များလား..”

ဖူကျန်းကျန်းက တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်သွားပြီး မည်သည့်နေရာကို ဦးတည်သွားနေမှန်း မသိနိုင်ချေ။ သူမက ထိုနေရာနှင့် ဝေးဝေးသွားချင်နေသည့် စိတ်ကူးတစ်ခုသာရှိသည်။

မုန့်ချီ လုပ်နိုင်သည်မှာတော့ သူမ၏ နောက်မှ လိုက်သွားရန်သာဖြစ်၏။ ထိုသို့သော အခြေအနေမျိုးတွင် သူ့ဆီ၌ မည်သည့်အတွေးမျှ မရှိချေ။ သူကတော့ မိတ်ဆွေတစ်ယောက် အနေဖြင့် သူမကို စောင့်ကြည့်ပေးရန် တာဝန်ရှိသည်။ သူမက ဒေါသထွက်ပြီး လုပ်ချင်ရာလုပ်ခွင့် မပေးနိုင်ချေ။

ခဏကြာပြီးနောက် ဖူကျန်းကျန်းက အရှိန်လျှော့လိုက်ပြီး အနည်းငယ် ပင်ပန်းသွားသလို ခံစားလိုက်ရသည်။ အဝေးတွင်တော့ အလွန် တိတ်ဆိတ်အေးချမ်းသော တောင်ကုန်းတစ်ခု ရှိနေ၏။ တောင်ကုန်းပေါ်တွင်တော့ ကျောင်းဆောင်များကို တွေ့လိုက်ရ၏။

မုန့်ချီက သူမကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည့်အချိန်တွင် သူမက မျက်နှာကို လက်နှင့်အုပ်ပြီး ငိုချလိုက်၏။ သူမ၏ဘဝတွင် မျှော်လင့်ချက်များ မဆုံးရှုံးသေးကြောင်း သူက ပြောချင်နေသည်။ သူမက ချစ်သူကို ဆုံးရှုံးလိုက်ရသော်လည်း သူမ၏ဂိုဏ်းနှင့် မိသားစုရှိနေသေးသည်။

ရုတ်တရက်ဆိုသလို အလွန်ကျယ်လောင်သော ခေါင်းလောင်းသံတစ်ခုကို ကြားလိုက်ရသည်။

“ဒေါင်…….”

ကျောင်းဆောင်ဆီမှ ထွက်ပေါ်လာသော ခေါင်းလောင်းသံက လူတိုင်းရင်ထဲတွင် ပျံ့နှံ့လာပြီး ဝမ်းနည်းမှုများကို ကုစားပေးလိုက်သည်။

ဖူကျန်းကျန်း၏ ခန္ဓာကိုယ်လေးက တုန်လှုပ်သွားခဲ့ပြီး သူမက လက်ကို ပြန်ချလိုက်၏။ သူမက ခေါင်းလောင်းသံ ကြားရာကို လှည့်ကြည့်လိုက်ပြီး လှေကားပေါ်သို့ တက်သွားခဲ့သည်။

မုန့်ချီကတော့ ခေါင်းခါရုံသာ တတ်နိုင်ပြီး နောက်မှ လိုက်သွားခဲ့၏။ သူက သူမ၏ နောက်သို့ လိုက်လာရင်း နှစ်သိမ့်ပေးနိုင်မည့် စကားလုံးတစ်ချို့ကို စဉ်းစားနေခဲ့သည်။

ထိုတောင်ကုန်းပေါ်တွင် ဗုဒ္ဓကျောင်း‌ဆောင်တစ်ချို့ ရှိနေသည်။ ထိုဗုဒ္ဓကျောင်းဆောင်များတွင် အမွှေးတိုင်ထွန်းညှိပူဇော်သူများနှင့် ရှုပ်ထွေးနေခြင်း မရှိချေ။ ကျောင်းဆောင်က အနည်းငယ် စုတ်ပြတ်နေပြီး ကျောင်းဆောင်ထဲတွင် ရှိနေသော ဘုန်းတော်ကြီးများက သာမန်လူများ ဖြစ်သည့်အတွက် သိုင်းပညာမတတ်ကြချေ။

ဖူကျန်းကျန်းက ကျောင်းဆောင်အနည်းငယ်ကို ဖြတ်ကျော်သွားပြီးနောက် သီလရှင်ကျောင်း တစ်ခုဆီကို ရောက်လာခဲ့သည်။ သူမက မုန့်ချီကို ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် သူမ၏မျက်လုံးထဲရှိ မျက်ရည်များကို မမြင်စေချင်ခဲ့ပေ။

သူမ၏မျက်နှာပေါ်တွင် ခံစားချက်များ ပျောက်ကွယ်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမက ပြောလိုက်၏။

“ဆရာက ငါ့ကို ခေါင်းရိတ်ပြီး သီလရှင်ဝတ်စေချင်ခဲ့တာ.။ ဒါဆိုရင် ငါက ရင်ဟွာသီလရှင်ကျောင်းရဲ့ အစစ်အမှန် ဆက်ခံသူတစ်ယောက် ဖြစ်လာနိုင်တယ်လေ.။ ဒါဆိုရင်တော့ ငါက စွဲလမ်းမှုတွေအားလုံးကို ဖယ်ရှားပြီး လူကယ်ကျင့်စဉ်ကိုပဲ အာရုံစိုက်လေ့လာလို့ ရနိုင်တယ်.. ။ ဒါပေမယ့် ငါကတော့ အမြဲတမ်း တွေဝေနေခဲ့တာ။ ဘာလို့လဲဆိုတော့ ငါ့ရဲ့ဘဝလက်တွဲဖော်ကို ရှာဖွေပြီး ငါ့ရဲ့မိဘတွေလို သိုင်းလောကမှာ အတူတူ လျှောက်သွားချင်ခဲ့တာ..”

“အခုတော့ ငါ့ဆရာက လိမ်မပြောခဲ့ဘူးဆိုတာ နားလည်သွားပြီ…။ ဒီကမ္ဘာကြီးထဲမှာ ငါ့မိဘတွေလို ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာမျိုးရှိတဲ့ လက်တွဲဖော်တွေက နည်းနည်းလေးပဲရှိတယ်..။ ကတိတွေ၊ သစ္စာတွေ၊ ချစ်မေတ္တာတွေ၊ အရာအားလုံးက လေထဲမှာပဲ။ အဲဒီစကားလုံးတွေ ကတိတွေကို ငါ့နားထဲမှာ ကြားနေရသေးပေမယ့် သူကတော့ တခြားတစ်ယောက်နဲ့ လက်ထပ်ဖို့ ဆုံးဖြတ်ပြီးသွားပြီ..။ ဒီကမ္ဘာကြီးထဲမှာ အစစ်အမှန်ဆိုတာမရှိဘဲ နာကျင်မှုတွေ ၊ ခံစားမှုတွေပဲ ဖြစ်နေတယ်၊ ဒီလိုဆိုမှတော့ ဘာလို့ ငါက သီလရှင်တစ်ယောက် မဖြစ်နိုင်ရမှာလဲ…”

မုန့်ချီက စကားပြောပြီး တားရန် ပြင်လိုက်သော်လည်း သူမကို ပြောရန် စဉ်းစားထားသည့် စကားလုံးများက အသုံးမဝင်တော့သလို ခံစားလိုက်ရသည်။ သူက သက်ပြင်းချလိုက်မိ၏။

အဘယ်ကြောင့်ဆိုသော် သီလရှင်ဝတ်လိုက်ခြင်းက လက်တုန့်ပြန်ခြင်းထက် ပို၍ကောင်းမွန်နေသေး၏။ မဟုတ်လျှင် ဖူကျန်းကျန်း၏ အဆိပ်စွမ်းရည်အရ ကျန်းယွင်ရှန်၏ မင်္ဂလာပွဲက တစ္ဆေလက်ထပ်ပွဲတစ်ခု ဖြစ်သွားနိုင်သည်။

အမှန်အတိုင်း ပြောရလျှင် ဖူကျန်းကျန်းက နားထောင်သူ တစ်ယောက် လိုအပ်နေခြင်းသာ ဖြစ်သည်။ မုန့်ချီဆီမှ နှစ်သိမ့်သည့်စကားကို နားထောင်လိုခြင်း မဟုတ်ချေ။

ထိုစကားများ ပြောလိုက်ပြီးနောက် သူမက သီလရှင်ကျောင်းဆီသို့ လျှောက်သွားပြီး သီလရှင်ကျောင်းထိုင်ကို သွားရှာခဲ့သည်။

မုန့်ချီကတော့ လေပူများကို မှုတ်ထုတ်လိုက်မိပြီး သူမ၏နောက်မှ လိုက်သွားခဲ့၏။ သီလရှင်ကျောင်းက ကြီးမားခြင်း မရှိသလို အသစ်လည်း မဟုတ်ပေ။ ရိုးရှင်းစွာ ဝတ်ဆင်ထားသော သီလရှင် အနည်းငယ်သာ ရှိသည်။

သီလရှင်များက မတူညီသော အသက်အရွယ် ရှိကြသော်လည်း အလွန်တည်ငြိမ် အေးချမ်းကြသည်။ သူတို့က ခန်းမထဲတွင် ဗုဒ္ဓကို တည်ငြိမ်အေးချမ်းစွာ ပူဇော်နေကြသည်။

“ဒကာမလေးက ခေါင်းရိပ်ပြီး သီလရှင်ဝတ်ချင်တာလား …”

လူသစ်ယောက်က ဗုဒ္ဓလမ်းစဉ်သို့ ပြောင်းလဲလာသည့်အတွက် သီလရှင်ကျောင်းထိုင်က အလွန် ဝမ်းသာနေခြင်း မရှိသလို စိတ်လှုပ်ရှားနေခြင်းလည်း မရှိချေ။ တစ်ဖက်တွင်တော့ သူမက ဖူကျန်းကျန်း၏ ဆုံးဖြတ်ချက်ကို တည်ငြိမ်စွာ ပြန်မေးနေခဲ့၏။

ဖူကျန်းကျန်းက ခေါင်းငုံ့ပြီး ဒူးထောက်လိုက်သည်။

“ဟုတ်ပါတယ် …”

“ဒကာမလေးရဲ့ မျက်ရည်တွေနဲ့ နောက်က လိုက်လာတဲ့ လူငယ်ကို ကြည့်ပြီး ထင်မြင်ချက်တစ်ခု ပေးပါရစေ…။ တကယ်လို့ ဒကာမလေးက သီလရှင် ဝတ်ချင်တယ်ဆိုရင်တောင် မဆင်မခြင်လုပ်ရပ်မျိုး ဖြစ်နေနိုင်တဲ့အတွက် သေချာ စဉ်းစားဖို့ အကြံပေးချင်တယ်…”

သီလရှင်ကြီးက ဖူကျန်းကျန်းကို အကြံပေးလိုက်၏။

ထိုစကားကို ကြားသည့်အခါ မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။

“ဒါက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူး။ ကျွန်တော်က မိတ်ဆွေဟောင်း တစ်ယောက် ဖြစ်ပေးချင်ရုံ သက်သက်ပဲ..”

ဖူကျန်းကျန်းက မုန့်ချီကို ပြောခဲ့သော စကားများအတိုင်း ပြန်ပြောလိုက်ပြီး သီလရှင်ကြီးကို တောင်းပန်လိုက်သည်။

“ကျွန်မက ချစ်ခြင်းတရားကို လက်လျှော့လိုက်ပါပြီ…။ အဲဒါက ဖြစ်မှမဖြစ်တာ..။ ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါ သီလရှင်ကြီး…”

သီလရှင်ကြီးက သက်ပြင်းချလိုက်မိပြီး နောက်ဆုံးတော့ ပြန်ဖြေလိုက်၏။

“ဒကာမလေးကလည်း ဗုဒ္ဓရဲ့တပည့်တစ်ယောက်ဖြစ်နေမှတော့ ဒကာမလေးရဲ့ ဆန္ဒကို လက်ခံပေးလိုက်ပါမယ်။ ဒကာမလေးက ဗုဒ္ဓရဲ့လမ်းညွှန်မှုတွေကို လေ့လာပြီး အစစ်အမှန် တရားဓမ္မကို နားလည်သွားဖို့ မျှော်လင့်ပါတယ်…”

ဖူကျန်းကျန်းက ရင်ဟွာသီလရှင်ကျောင်းမှ ဖြစ်သည့်အတွက် အချိန်မရွေး ထိုနေရာသို့ ပြန်သွား၍ ရနိုင်သည်။ ထိုအရာလွဲလျှင် အရာအားလုံးက အလွန်အမင်း ရှုပ်ထွေးနေခြင်း မရှိချေ။ ထို့ကြောင့် ဖူကျန်းကျန်းက ဒူးထောက်လိုက်၏။

မုန့်ချီကတော့ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးကို စိုက်ကြည့်နေခဲ့သည်။ သီလရှင်ကြီးက မုန့်ချီကိုကြည့်ပြီး ထွက်သွားရန် မတောင်းဆိုခဲ့ပေ။

ထို့နောက် သူမက ခေါင်းရိတ်ဓားကို ကိုင်ပြီး ဖူကျန်းကျန်း၏ ရှေ့တွင် ရပ်လိုက်၏။ သူမက တည်ငြိမ်စွာ မေးလိုက်သေးသည်။

“ဒကာမလေးကို နောက်ဆုံးတစ်ကြိမ် မေးဦးမယ်…။ ဒကာမလေးက သီလရှင်ဝတ်ချင်တာ သေချာပြီလား…”

ဖူကျန်းကျန်းက သူမ၏ရှေ့တွင် ရှိနေသော အဆောက်အဦးကိုကြည့်ပြီး ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့… သေချာပါတယ်…”

မုန့်ချီက ရှေ့ကို တစ်လှမ်းတိုးသွားပြီး တစ်စုံတစ်ခု ပြောချင်နေသော်လည်း စကားတစ်ခွန်းမျှ ထွက်မလာခဲ့ပေ။ သီလရှင်ကြီးက ဖူကျန်းကျန်း၏ခေါင်းကို ခေါင်းရိတ်ဓားနှင့် ရိတ်ပေးနေသည်ကိုသာ ကြည့်နေလိုက်ရသည်။ ဆံနွယ်များက မြေပေါ်သို့ စတင်ကျဆင်းလာခဲ့၏။

သီလရှင်ကြီးက ဖူကျန်းကျန်း၏ ဆံနွယ်များကို ဖြတ်တောက်နေသည့် အချိန်တွင် သူမက တီးတိုးရွတ်ဆိုနေခဲ့သည်။

“မင်းရဲ့ဒုက္ခတွေ ဝမ်းနည်းမှုတွေအားလုံးက မင်းရဲ့ဆံပင်တွေနဲ့အတူ ပျောက်ကွယ်သွားခဲ့ပြီ။ အခုမင်းက ရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးနဲ့ မသက်ဆိုင်တော့ဘူး…”

ဖူကျန်းကျန်းက တဖြည်းဖြည်း ပျောက်ကွယ်သွားသော ဆံပင်များကို ကြည့်ပြီး အံကြိတ်လိုက်၏။ သူမက ပို၍စိတ်အေးသွားပုံရပြီး ငြိမ်းချမ်းသွားသလို ထင်မှတ်ရသည်။

“မင်းရဲ့ဒုက္ခတွေ ဝမ်းနည်းပူဆွေးမှုတွေက မင်းရဲ့ဆံပင်နဲ့အတူ ကျဆင်းသွားပြီ…။ မင်းက ရှုပ်ထွေးလှတဲ့ ကမ္ဘာကြီးနဲ့ မသက်ဆိုင်တော့ဘူး” ဟူသော စကားကို ကြားသည့်အခါ မုန့်ချီကတော့ သူ့ဆရာနှင့် ဆရာတူညီလေးကို စဉ်းစားမိသွားသည်။ သူ၏ရင်ထဲတွင်လည်း တည်ငြိမ်အေးချမ်းမှုတစ်ခု ခံစားလိုက်ရ၏။

သိပ်မကြာခင် ဖူကျန်းကျန်းက ဆံပင်များအားလုံးကို ဆုံးရှုံးလိုက်ရပြီး သီလရှင်ဝတ်စုံကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမက မုန့်ချီဆီသို့ တည်ငြိမ်အေးချမ်းစွာ လျှောက်လာခဲ့၏။

ခန်းမကြီးထဲတွင် လင်းလက်နေသော မီးအိမ်လေးများနှင့် သီလရှင်ဝတ်စုံ ဝတ်ဆင်ထားသော ဖူကျန်းကျန်းကို မြင်သည့်အခါ မုန့်ချီ၏ ရင်ထဲတွင် ခံစားချက်များ ပြောင်းလဲလာသည်။

သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

“နာကျင်မှုတွေအားလုံးနဲ့ ဒီကမ္ဘာကြီးထဲက ဆူညံမှုတွေအားလုံးကို ထားခဲ့လိုက်ပါ။ ကျောင်းတော်ထဲကို ရောက်သွားတာနဲ့ ခံစားချက်တွေဆိုတာက ပိုက်ဆံမပေးဘဲ ဝယ်ထားတဲ့ စာအုပ်တစ်အုပ်လိုပါပဲ…”

မုန့်ချီ၏ စကားကို ကြားသည့်အခါ ဖူကျန်းကျန်းက အားတင်း၍ ပြုံးလိုက်မိသည်။ သို့သော် ထိုစကားကို ကြားသည့်အခါ သူမက မျက်ရည်စများ စီးကျလာပြန်၏။ အလင်းရောင်အောက်တွင် သူမ၏မျက်နှာလေးက အေးစက်ပြီး တည်ငြိမ်နေခဲ့သည်။

သူမ၏ မျက်နှာကို မြင်သည့်အခါ မုန့်ချီက စကားထပ်မပြောတော့ဘဲ သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

ဖူကျန်းကျန်းက အားတင်း၍ မေးလိုက်သည်။

“နင်က ဘယ်လိုဖြစ်ပြီး ဒီလိုစကားလုံးမျိုးကို သိနေရတာလဲ…”

မုန့်ချီက သူမကို အပြုံးနှင့်လှည့်ကြည့်လိုက်သည်။

“အဲဒါကို ထားလိုက်ပါတော့ ။ ငါက ကျမ်းစာတစ်ခု ရွတ်ပေးရမလား…”

“နာကျင်မှုဆိုတာ ချစ်ခြင်းတရားကို မြစ်ဖျားခံတယ်။ ကြောက်လန့်မှုဆိုတာလည်း ချစ်ခြင်းတရားကို မြစ်ဖျားခံတယ်။ ချစ်ခြင်းတရားကို စွန့်ပစ်လိုက်မယ်ဆိုရင် နာကျင်မှုနဲ့ ကြောက်ရွံ့မှုတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်…”

သူက ထိုကျမ်းစာကို ခန်းမကြီးထဲတွင် တည်ငြိမ်စွာ ရွတ်ဆိုနေခဲ့သည်။ အစစ်အမှန် ကမ္ဘာကြီးက အိပ်မက်တစ်ခုပမာ ခံစားနေရ၏။

“နာကျင်မှုဆိုတာ ချစ်ခြင်းတရားကို မြစ်ဖျားခံတယ်။ ကြောက်လန့်မှုဆိုတာလည်း ချစ်ခြင်းတရားကို မြစ်ဖျားခံတယ်။ ချစ်ခြင်းတရားကို စွန့်ပစ်လိုက်မယ်ဆိုရင် နာကျင်မှုနဲ့ ကြောက်ရွံ့မှုတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်…”

ဖူကျန်းကျန်းက ထိုစကားလုံးများကို လိုက်ရွတ်ကြည့်နေပြီး စိတ်ထဲတွင် ပို၍ ရှုပ်ထွေးလာပုံရသည်။

“ဟူး……တော်တော်ရိုးတဲ့ ကောင်မလေးပဲ…”

မုန့်ချီက စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။

ခဏကြာပြီးနောက် ဖူကျန်းကျန်းက သတိပြန်ဝင်လာပြီး ခေါင်းစဉ်ပြောင်း၍ ပြောလိုက်မိသည်။

“နင်က ငါ့ကို သီလရှင်မဝတ်ဖို့ တိုက်တွန်းမယ်လို့ ထင်နေတာ…”

မုန့်ချီနှင့် ကျန်းယွင်ရှန်တို့က မိတ်ဆွေများ ဖြစ်ကြသည်။ မည်သို့ ဖြစ်စေကာမူ မုန့်ချီက ကျန်းယွင်ရှန်၏ဘက်တွင် ရပ်တည်ပေးမည်ဟု သူမက တွေးထားခဲ့၏။

“နှလုံးသားက မအေးချမ်းဘူးဆိုရင် ဗုဒ္ဓကျောင်းဆောင်ထဲမှာ ရှိနေရင်လည်း ရုပ်အနေနဲ့ပဲ ရှိနေလိမ့်မယ်…။ အလားတူပဲ နှလုံးသားကသာ အေးချမ်းနေမယ်ဆိုရင် ရှုပ်ထွေးနေတဲ့ လူတွေကြားထဲမှာ နေရင်တောင် ကိုယ့်ကိုယ်ကိုယ် ဘုန်းတော်ကြီးတစ်ပါးလို့ သတ်မှတ်နိုင်သေးတယ်…”

မုန့်ချီက အလေးအနက်ပြောလိုက်သည်။

“ဗုဒ္ဓဆိုတာက အပြင်ဘက်မှာ ရှိနေတာ မဟုတ်ဘူး..။ နှလုံးသားထဲမှာပဲရှိတာ။ ပြောရမယ်ဆိုရင် ဗုဒ္ဓနဲ့ အစစ်အမှန်ကမ္ဘာကြီးက နင့်ရဲ့နှလုံးသားထဲမှာပဲရှိတာ။ ငါက နင့်ကို သီလရှင်မဝတ်ဖို့ ဘယ်လိုပြောရမှာလဲ…”

ဖူကျန်းကျန်းက ထိုစကားလုံးများကို စဉ်းစားကြည့်ခဲ့သည်။ ခဏကြာပြီးနောက် သူမက ခါးသီးစွာ ရယ်လိုက်မိ၏။

“အရင်တုန်းကတော့ နင်က ကိုယ်တော်တစ်ပါးဖြစ်ဖို့ မသင့်တော်ဘူးလို့ အမြဲတမ်း စဉ်းစားနေမိခဲ့တာ။ ရှောင်လင်ကနေ ထွက်လာပြီးတဲ့နောက် နင်က သိက္ခာတော်ရ ကိုယ်တော်တစ်ပါးလို ဖြစ်လာနေပြီ…”

“သေချာတာပေါ့….”

မုန့်ချီကတော့ အပြုံးနှင့် ပြောလိုက်သည်။

“ဒါကြောင့် ခေါင်းရိတ်တယ်ဆိုတာက ဘာအဓိပ္ပာယ်မှ မဟုတ်ဘူး…။ တကယ်လို့ တစ်နေ့နေ့မှာ နင်သာ စိတ်ပြောင်းသွားပြီဆိုရင် လူသားကမ္ဘာကြီးကို ပြန်သွားလို့ရသေးတယ်။ တကယ်လို့ နောက်တစ်ကြိမ်ထပ်ပြီး နာကျင်ရမယ်ဆိုရင် နောက်ထပ် သီလရှင်ကျောင်းတစ်ခုကို ရှာပြီး သီလရှင်ဝတ်လို့ရတယ်…။ ဝင်တယ် ထွက်တယ်ဆိုတာက လွယ်လွယ်လေးပါပဲ။ ဆံပင်ပြန်ရှည်ဖို့ပဲ ကြာတာ…”

ထိုစကားကြောင့် ဖူကျန်းကျန်းက ရင်ထဲတွင် နာကျင်နေရသော်လည်း ရယ်လိုက်မိသည်။ အစောပိုင်းတွင် မုန့်ချီက သိက္ခာတော်ရ ဘုန်းတော်ကြီးတစ်ပါးနှင့် တူညီလာသည်ဟု သူမက ချီးကျူးမိခဲ့သော်လည်း သိပ်မကြာခင် မူလပုံစံ ပြန်ပြောင်းသွားသည်။ ထိုအရာကမှ သူမ သိထားသော မုန့်ချီဖြစ်၏။

မုန့်ချီက ဖူကျန်းကျန်းကို ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။

“ပြောရမယ်ဆိုရင်တော့ သီလရှင် ဝတ်လိုက်တာက အကောင်းဆုံး ရွေးချယ်မှုတော့ မဟုတ်ဘူး..”

“အခု နင်က ငါ့ကို တားချင်နေတာလား…”

ဖူကျန်းကျန်းက ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။

မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

“တကယ်လို့ နင်ကသာ ဒီကမ္ဘာကြီးရဲ့ အစိတ်အပိုင်း မဟုတ်ဘူးဆိုရင် ဘာလို့ သီလရှင်ဝတ်ဖို့ ရွေးချယ်လိုက်ရတာလဲ…။ ဆိုလိုတာက သီလရှင်တွေ၊ တာအိုသခင်တွေဆိုတာ အစစ်အမှန်ကမ္ဘာကြီးနဲ့ ဝေးကွာသွားပြီ…။ နင်က ဆံပင်တွေ ဖြတ်လိုက်ဖို့ မလိုအပ်ဘူးလေ။ နင်က လှည့်ပတ်သွားလာနေတာကမှ ပိုကောင်းနိုင်ဦးမယ်…”

ဖူကျန်းကျန်းကတော့ မုန့်ချီနှင့် တဖြည်းဖြည်း ပို၍ ရင်းနှီးလာခဲ့၏။ သခင်လေး မုန့်က အမှန်တကယ်ကို ရင်းနှီးဖော်ရွေတတ်သည်။ အလွန်နာကျင်ရပြီး လေးနက်သော အခြေအနေနှင့် ရင်ဆိုင်ရသည့် အချိန်တွင်ပင် သူကတော့ ဖိအားများကို ဖြေလျော့ပေးနိုင်သေးသည်။

သူမက ခဏကြာ ရယ်လိုက်ပြီးနောက် မျက်လုံးထဲမှနေ၍ မျက်ရည်များ စီးကျလာခဲ့ပြန်သည်။ ထို့နောက် သက်ပြင်းချ၍ ပြောလိုက်၏။

“မုန့်ချီ ….

နှစ်သိမ့်ပေးတဲ့ နင့်ရဲ့စကားတွေအတွက် ကျေးဇူးတင်ပါတယ်…။ အခု ငါက ပိုပြီးနေလို့ ထိုင်လို့ ကောင်းသွားပြီ…”

“အဲဒီစကားလုံးတွေက ရင်ထဲကနေ လာတာပါ…”

မုန့်ချီက အလေးအနက်ပြန်ဖြေလိုက်၏။ သူက သူမကို နှစ်သိမ့်ပေးနေခြင်း မဟုတ်ချေ။

ထိုအချိန်တွင် အပြင်ဖက်မှနေ၍ ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရ၏။

“သီလရှင်ကြီး ..

လူငယ်တစ်ယောက်နဲ့ မိန်းမပျိုလေး တစ်ယောက်ကို မြင်လိုက်သေးလား… မိန်းကလေးက ဒီလောက် အရပ်အမြင့်ရှိတယ်…”

“အစ်ကိုကြီးကျန်းလား…၊ သူ့ရဲ့ဧည့်ခံပွဲက ပြီးသွားပြီလား…”

မုန့်ချီက အနည်းငယ် မှင်တက်သွားခဲ့သည်။

ဖူကျန်းကျန်း၏ မျက်နှာလေးကလည်း နောက်တစ်ကြိမ် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူမက မုန့်ချီကို ပြောလိုက်သည်။

“ငါ သူနဲ့ မတွေ့ချင်သေးဘူး။ နင်က သူ့ကို အပြင်ခေါ်သွားပေးပါ…”

“ငါက အစ်ကိုကြီးကျန်းနဲ့ သွားပြီး စကားပြောလိုက်မယ်.. ..”

ထိုအချိန်မျိုးတွင် သူမကို တစ်ယောက်တည်းထားခြင်းက ခံစားချက်များ ပိုကောင်းလာစေနိုင်ကြောင်း မုန့်ချီက သိနေသည်။ အကယ်၍ ကျန်းယွင်ရှန်သာ ရောက်လာပြီး ဝမ်းနည်းစရာကောင်းသော အရာများကို ပြောလိုက်မည်ဆိုလျှင် အခြေအနေက ပို၍ ဆိုးရွားသွားနိုင်၏။

ထို့ကြောင့် သူက ဖူကျန်းကျန်းကို တည်ငြိမ်သွားစေရန် ကျန်းယွင်ရှန်ကို အချိန် အတိုင်းအတာတစ်ခုအထိ အဝေးသို့ ခေါ်သွားရန် စဉ်းစားလိုက်၏။ ထို့ပြင် လက်ရှိအခြေအနေကို ပြောင်းလဲရန် အခွင့်အရေး ရှိမရှိ သူက သိချင်နေသေးသည်။

ထို့နောက် သူက တစ်စုံတစ်ခုကို စဉ်းစားမိသွားပြီး ရင်ထဲတွင် ဝမ်းနည်းသွားခဲ့၏။

“ငါကတော့ အဖြူဝတ်ဓားသမား တစ်ယောက် ဖြစ်လာဖို့ အမြဲတမ်း မျှော်လင့်နေခဲ့တာ။ ဒါပေမယ့် အခုတော့ ခေါင်းကိုင်မိခင်ကြီးလို ဖြစ်နေပါလား…”

ခေါင်းကိုင်မိခင် ဟူသည်မှာ မိသားစုအရေး ကိစ္စများကို ဖြေရှင်ပေးရသည့် လူတစ်ယောက် ဖြစ်သည်။ ထိုအရာကတော့ သူ့အတွက် အတော်လေး ထူးဆန်းနေခဲ့၏။

“ခေါင်းကိုင်မိခင်… ဟုတ်လား….”

ဖူကျန်းကျန်းက ရှုပ်ထွေးသွားခဲ့သည်။

“ဘာမှမဟုတ်ပါဘူး..။ နင်က ငါပြောတာကို သိမှာမဟုတ်ဘူး….”

မုန့်ချီက သီလရှင်ကျောင်းထဲမှ ထွက်သွားပြီး ကျန်းယွင်ရှန်ဆီသို့ လျှောက်သွားခဲ့သည်။

“ကျန်း….. ညီလေးမုန့်..

ကျန်းကျန်းက ဘယ်မှာလဲ…”

မုန့်ချီကို မြင်သည့်အခါ ကျန်းယွင်ရှန်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ဖို့ အချိန်ပေးလိုက်ပါဦး…”

မုန့်ချီက ပြန်ဖြေလိုက်သည်။

ထို့နောက် သူက ပြောလိုက်၏။

“အပြင်မှာ သွားသောက်ကြရအောင်…။ ပြီးတော့ အစ်ကိုကြီးရဲ့ အခြေအနေတွေကို ပြောပြပေါ့…”

Translated by Hein Htet.

All Chapters