← Chapters

အခန်း (၁၆၂)

Vol. 11 Ch. 162

အခန်း (၁၆၂)

Vol. 11 Ch. 162

"တကယ်ပဲ ကျုပ်အမှားပါ... "

မုန့်ချီက ထိုလူကို ခေါင်းညိတ်၍ တောင်းပန်လိုက်သည်။ ထို့နောက် သူက စားပွဲကို ဆက်၍ ခေါက်မနေတော့ပဲ လက်ကို ပြန်ရုပ်သိမ်းလိုက်၏။ သို့သော် ဓားသမားကတော့ သူ့ကို အလွတ်မပေးနိုင်သေးပေ။

သူက ဆဲဆိုနေသေး၏။

"ခွေးကောင် …

မင်းက တောင်းပန်လိုက်ရုံနဲ့ ပြီးသွားပြီလို့ ထင်နေသေးတာလား... ။ တကယ်လို့ ငါက မင်းခေါင်းကို ဖြတ်လိုက်မယ်ဆိုရင်ကော အရာအားလုံး ပြီးသွားနိုင်မှာလား... "

သူက သူ့ဓားနဲ့အတူ မုန့်ချီဆီသို့ ပြေးဝင်လာခဲ့သည်။ ထို့နောက် မုန့်ချီကို တိုက်ခိုက်ပြီး သင်ခန်းစာပေးရန် ပြင်ဆင်လိုက်၏။

မုန့်ချီကတော့ ခေါင်းခါလိုက်မိပြီး စားပွဲပေါ်တွင် တင်ထားသော သူ့ဓားကို လှမ်းယူလိုက်သည်။

သူ့ဓားက မရောက်သေးခင် လူငယ်က သူ့ကို ဓားအိမ်နှင့် တိုက်ခိုက်လိုက်ကြောင်း ထိုလူက နားလည်သွားခဲ့၏။ အကယ်၍ သူသာ အတင်းဆက်တိုးလာမည်ဆိုလျှင် သူ့ဓားက ပြိုင်ဘက်ဆီကို မရောက်ခင် သူ့ဗိုက်ကို ထိုးဖောက်ခံရပါလိမ့်မည်။

သူက ချက်ချင်းပင် သိုင်းကွက်ပြောင်းလိုက်ပြီး ဓားကို ဝှေ့ယမ်း၍ မုန့်ချီ၏ ဓားအိမ်ကို ရှောင်တိမ်းလိုက်သည်။ သူက အရက်မူးနေသည့်အတွက် ဒယိမ်းဒယိုင်နှင့် ရှောင်တိမ်းနေရ၏။ လူတိုင်းက သူ့ကိုကြည့်ပြီး ရယ်နေကြသည်။

ထိုအခါ အရက်သမားက အလွန်ဒေါသထွက်သွားပြီး မုန့်ချီ၏ နောက်ကျောကို ဓားနှင့်ထိုးရန် ကြိုးစားလိုက်သည်။ သူက ရှေ့ထွက်လာသည့်အချိန်တွင် ဓားအိမ်က ဦးတည်ချက် ပြောင်းသွားပြီး သူ့ဗိုက်ကို တည့်တည့်ထိုးလိုက်မိ၏။ ဓား (၂) ချောင်းက အရွယ်အစား တူညီနေသော်လည်း မုန့်ချီက အရင်ဆုံး တိုက်ခိုက်မိမည် ဖြစ်သည်။

တစ်ချိန်တည်းတွင် မုန့်ချီက ကျန်းယွင်ရှန်ကိုကြည့်ပြီး သိမ်မွေ့စွာ ပြောလိုက်၏။

"အစ်ကိုကြီးကျန်း …

တကယ်လို့ ရှင်းရှင်းလင်းလင်း မစဉ်းစားနိုင်ဘူးဆိုရင် ပြန်သွားပြီး ကောင်းကောင်းအိပ်လိုက်... ။ ပြီးမှ ဆုံးဖြတ်ချက်ချလိုက်ပါ... ။ ကျွန်တော်က အစ်ကိုကြီးရဲ့ မိတ်ဆွေတစ်ယောက်ဆိုမှတော့ အစ်ကိုကြီးက မိသားစုကိုပဲရွေးရွေး မိန်းကလေးကျန်းကျန်းကိုပဲရွေးရွေး အစ်ကိုကြီးနဲ့အတူ ရှိနေမှာပါ... "

ဓားသမားက ဦးတည်ချက်ပြောင်းပြီး မုန့်ချီ၏ဘယ်ဘက်သို့ ရွှေ့လိုက်သည်။ ထို့နောက် ဓားကို ဝှေ့ယမ်းတိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။ ရုတ်တရက်ဆိုသလို သူ့ခါးတွင် ထုံကျင်သွားခဲ့သည်။ သူက နေရာတွင် ရပ်သွားလိုက်ရ၏။

တစ်ဖက်လူ၏ဓားက ထိုနေရာတွင် ရှိနေသည်။ သို့သော် ယခုတစ်ကြိမ်တော့ ချွန်ထက်သော ဓားအိမ်ကသာ သူ့ကို စောင့်နေ၏။ သူက အလွန်ကြောက်လန့်သွားခဲ့ပြီး မျက်လုံးထဲတွင် အကြောက်တရားများ ပြည့်နှက်လာသည်။

သူ့ပြိုင်ဘက်က ဓားကိုပင် ဆွဲထုတ်ခဲ့ခြင်း မရှိသလို လက်နှင့် ခြေထောက်များကိုလည်း လှုပ်ရှားခဲ့ခြင်း မရှိချေ။ သို့သော် သူကတော့ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။

စားသောက်ဆိုင်ထဲတွင် ကြည့်နေသော လူအုပ်ကြီးကလည်း မရယ်ရဲကြပေ။ ထိုဓားသမား၏ သိုင်းပညာက မဆိုးလှကြောင်း စားသောက်ဆိုင်သို့ ရောက်လာသော သိုင်းလောကသားများက အသိအမှတ် ပြုထားကြသည်။ သူက မူးနေသည့်အတွက် လက်နှင့် ခြေထောက်က မတည်မငြိမ် ဖြစ်နေသော်လည်း သူ့ဆီတွင် ခိုင်မာသောစွမ်းအား ရှိနေသေးသည်။ သူ့ကို တိုက်ခိုက်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။

သို့သော် တိုက်ခိုက်ခြင်းထက် စကားပြောရာကို အားစိုက်နေသော လူငယ်လေးက ဓားကွက်အနည်းငယ်တွင် ထိုဓားသမား၏ သွေးကြောမှတ်များကို ပိတ်ဆို့နိုင်ခဲ့သည်။

"ဒါက တော်တော်လေးကို ထူးခြားဆန်းကြယ်တဲ့ဓားပညာပဲ…"

ခဏကြာ ထုံကျင်သွားပြီးနောက် ဓားသမားက ပုံမှန်ပြန်ဖြစ်သွားသည်။

မုန့်ချီက အတွင်းအားများကို အသုံးမပြုခဲ့ပေ။ မုန့်ချီက သူ့ကို လျစ်လျူရှုနေကြောင်း တွေ့လိုက်ရသည့်အခါ သူလည်း စားသောက်ဆိုင်ထဲမှ အလျင်အမြန် ထွက်ပြေးသွားခဲ့၏။

"ငါနဲ့အတူ လမ်းလျှောက်ကြရအောင်... "

ကျန်းယွင်ရှန်က အံကြိတ်လိုက်ပြီး သူ့ဓားကိုကိုင်၍ မတ်တပ်ရပ်လိုက်၏။ သူက စားပွဲပေါ်တွင် ငွေတုံးတစ်တုံး တင်ခဲ့ပြီး စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ သူက နောက်ဆုံး ဆုံးဖြတ်ချက်ချရန် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားရဦးမည် ဖြစ်သည်။

သူ၏အတွင်းအားများက မုန့်ချီထက် ပို၍အစွမ်းထက်သည့်အတွက် အရက်အိုး တစ်ဝက်ခန့် သောက်ပြီးသွားသော်လည်း တည်တည်ငြိမ်ငြိမ် လမ်းလျှောက်နိုင်သေးသည်။

မုန့်ချီကတော့ များများစားစား မသောက်ခဲ့သည့်အတွက် သက်ရောက်ခံရခြင်း မရှိချေ။ သူလည်း သူ့ဓားကိုယူပြီး လိုက်လာခဲ့သည်။ အပြင်ဘက်တွင် အလင်းရောင် မှိန်ပျပျရှိနေပြီး နေလုံးကြီးက အနောက်ဘက်တွင် ပျောက်ကွယ်သွားသည်။

"အစ်ကိုကြီးရဲ့စေ့စပ်ပွဲက ပြီးသွားပြီလား... "

မုန့်ချီက မေးလိုက်သည်။

ကျန်းယွင်ရှန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ရင်ထဲတွင် လွန်ဆွဲနေပုံရ၏။ သူတို့နှစ်ယောက်လုံးက ထုန်လုံမြို့ထဲသို့ ဖြည်းညင်းစွာ လျှောက်လာကြသည်။

လေပြေလေညှင်းလေးက မုန့်ချီ၏မျက်နှာသို့ တိုက်ခိုက်သွားသည့်အချိန်တွင် အရက်သောက်ထားသည့်အတွက် ပူလောင်နေသော အရာများက အေးမြသွားခဲ့သည်။

သူတို့က အပြင်ဘက်ကွင်းပြင်ကြီးသို့ ရောက်လာသည့်အချိန်တွင် သစ်ပင်တစ်ပင်၏ နောက်မှနေ၍ ဓား (၂) လက် ကိုင်ထားသော လူတစ်ယောက် ထွက်လာပြီး သူတို့၏ရှေ့တွင် ရပ်နေခဲ့သည်။

လရောင်အောက်တွင် မုန့်ချီက သူ့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သူက အနည်းငယ် အရပ်ပုပြီး ချောမောခန့်ညားသော်လည်း ကလေးဆန်သည်။ သူ၏မျက်လုံးများက အနည်းငယ်ထူးခြားပြီး မာနကြီးသော လူငယ်တစ်ယောက် ဖြစ်ပုံရ၏။

"ညီလေးယောင် ဘာလို့ငါတို့ကို တားလိုက်ရတာလဲ... "

ကျန်းယွင်ရှန်က ပြန်မေးလိုက်သည်။ ယခုအချိန်တွင် သူက ခံစားချက် ဆိုးရွားနေသည့်အတွက် ပုံမှန်အခြေအနေမျိုး မဟုတ်ချေ။

"ညီလေးယောင်ဟုတ်လား... ။ ဒါက ယောင်ညီအစ်ကိုတွေထဲက ယောင်ရှင်းလျှူလား... "

မုန့်ချီက ကျန်းယွင်ရှန်၏ မိတ်ဆက်ပေးမှုကို ကြားထားခဲ့သည်။ ထို့ကြောင့် ထိုလူငယ်၏ အသက်ကိုကြည့်၍ သူက ယောင်ရှင်းဟန် မဟုတ်ကြောင်း ပြောနိုင်သည်။ ယောင်မိသားစုထဲတွင် တပည့်များစွာ ရှိနေသော်လည်း အနည်းငယ်ကသာ ကျန်းယွင်ရှန် အလေးအနက်ထားရန် လုံလောက်၏။

"သူက အသက် (၁၇) လား... ။ ဘာလို့ သူက ခေါင်းတစ်လုံးလောက်ပိုပြီးတော့ အရပ်ပုနေရတာလဲ... ။ သူ့ပုံစံက အသက် (၁၃) (၁၄) နှစ်အရွယ် ကလေးတစ်ယောက်လိုပဲ ။ သူက ဖွံ့ဖြိုးမှုနောက်ကျတာပဲ ဖြစ်နိုင်ပါတယ်... "

မုန့်ချီက စိတ်ထဲတွင် တခြားအရာများ စဉ်းစားနေခဲ့သည်။

ယောင်ရှင်းလျှူက သူတို့ကိုကြည့်ပြီး ပြောလိုက်၏။

"အစ်ကိုကြီးကျန်း …

ကျွန်တော်က စားသောက်ဆိုင်ကို ဖြတ်လာတဲ့အချိန်မှာ အစ်ကိုကြီးမိတ်ဆွေရဲ့ ဓားပညာက တော်တော်လေး ထူးခြားတာကိုတွေ့ခဲ့တယ်... ။ ကျွန်တော်က သူနဲ့လက်ရည်စမ်းချင်တာ... "

"တကယ့်ကို သိုင်းရူးတစ်ယောက်ပဲ ။ ဒါပေမယ့် စားသောက်ဆိုင်ထဲကနေ ဖြတ်သွားတဲ့အချိန် ငါက အရက်သမားနဲ့ တိုက်ခိုက်နေတာကို မြင်သွားတာကတော့ တော်တော်လေး တိုက်ဆိုင်နေတယ်... "

မုန့်ချီက အတော်လေး ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ကျန်းယွင်ရှန်က မုန့်ချီ၏သဘောကို လှမ်းမေးလိုက်၏။ သူကတော့ မုန့်ချီအတွက် ဆုံးဖြတ်ချက် ချပေးလိုခြင်း မရှိချေ။

"ဒီကောင်လေးက တံခါး (၄) ပေါက်ပွင့်နေပြီး ငါ့လို ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုလည်း ရှိတယ်... ။ ဘယ်သူက ပိုသာမလဲဆိုတာတော့ ငါလည်းမသိဘူး... "

မုန့်ချီဆီတွင် တိုက်ခိုက်ချင်စိတ်များ ရှိနေသည်။ သူကလည်း ပင်မသိုင်းဂိုဏ်းကြီးတစ်ခု၏ ဆက်ခံသူတစ်ယောက်နှင့် တိုက်ခိုက်လိုစိတ် ရှိ၏။ ထိုအရာက သူ၏အစစ်အမှန် စွမ်းရည်ကို စစ်ဆေးကြည့်နိုင်သည်။

သူပြန်မဖြေခင် ယောင်ရှင်းလျှူက ပြောလိုက်သည်။

"လွယ်ပါတယ်... ။ ငါက ယန်စွမ်းအားနဲ့ ယင်စွမ်းအားတွေကို မသုံးဘူး... ။ ဉာဏ်အလင်းပွင့်မှုအဆင့် ဓားသိုင်းတစ်ခုကိုပဲသုံးမှာ... "

"ကောင်းပြီလေ... "

မုန့်ချီကလည်း နေမင်းနီမကောင်းဆိုးဝါးဓားကို ဆွဲမထုတ်ခဲ့ပေ။ ထိုအရာက သူ၏အဆင့်အတန်းကို ပေါ်သွားစေနိုင်၏။

ကျန်းယွင်ရှန်က နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူလည်း စိတ်ကို ထိန်းချုပ်လိုက်ပြီး ဘေးဘက်မှနေ၍ စောင့်ကြည့်နေ၏။ လိုအပ်လျှင် မတော်တဆဖြစ်ရပ်များကို တားဆီးရန်အတွက် ဝင်ပါရန် ဆုံးဖြတ်ထားသည်။

ယောင်ရှင်းလျှူက ဓား (၂) လက်ကို ဆွဲထုတ်လိုက်ပြီး ညာလက်တွင် ဓားရှည်ကိုကိုင်၍ ဘယ်လက်တွင် ဓားတိုကို ကိုင်ထားသည်။ သူက စကားတစ်ခွန်းမျှ မပြောဘဲ မတူညီသော ဓား (၂) လက်ကို လေထဲတွင် လှည့်ပတ်၍ အလွန်ထူးခြားသော သိုင်းကွက်နှင့် မုန့်ချီကို တိုက်ခိုက်လိုက်၏။

ညာလက်တွင် ရှိနေသော ဓားရှည်က ယန်စွမ်းအားဖြစ်ပြီး မာကျောသည်။ ဘယ်လက်တွင် ကိုင်ထားသော ဓားတိုက အေးစက်ပြီး နူးညံ့သိမ်မွေ့၏။ နှစ်ခုပေါင်းစပ်လိုက်သည့် အချိန်တွင် အလွန်ထူးခြားသော မျှချေတစ်ခု ရှိနေခဲ့သည်။ အကယ်၍ ဂရုမစိုက်ဘဲ တိုက်ခိုက်လိုက်မယ်ဆိုလျှင် လက်နက်များအားလုံးက အဝေးကို လွင့်သွားနိုင်၏။

"အားနည်းချက်မရှိဘူး... ။ မဟုတ်သေးဘူး... ။ အားနည်းချက်တွေက ယင်နဲ့ယန်ကြားထဲမှာ ဆက်တိုက်ပြောင်းလဲနေတာ... "

မုန့်ချီက မျက်နှာပျက်ပျက်နှင့် နောက်ကိုတစ်လှမ်း ဆုတ်လိုက်ရ၏။ ရေခဲပေါ်တယ်ဓားကတော့ ဓားအိမ်ထဲတွင် ရှိနေသေးသည်။

မုန့်ချီက နောက်ဆုတ်သွားသည့် အချိန်တွင် ယောင်ရှင်းလျှူက ရှေ့တက်လာသည်။ သူ၏ဓား (၂) ချောင်းကလည်း ရုတ်တရက် ကန့်လန့်ဖြတ်ဖြစ်သွားပြီး စက်ဝိုင်းခြမ်းပုံသဏ္ဍာန် နောက်ပြန် လှည့်ပတ်လိုက်သည်။ လေလှိုင်းများကလည်း ကြမ်းတမ်း၍ လျင်မြန်လာပြီး ယင်စွမ်းအားများက တိတ်တဆိတ် ပေါင်းစပ်လာခဲ့သည်။

မုန့်ချီက ယခုအချိန်ထိ သူ့ဓားကို မထုတ်သေးပေ။ သူက နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး ထိုဓား၏ တိုက်ခိုက်မှုနယ်မြေထဲမှ ရှောင်တိမ်းလိုက်၏။

ယောင်ရှင်းလျှူက အသာစီးရနေပြီး ရှေ့ကို (၇) လှမ်းတိတိ လှမ်းလာနိုင်ခဲ့သည်။ မုန့်ချီကတော့ ဓားကိုလုံးဝ ဆွဲမထုတ်သေးပဲ နောက်သို့ (၇) လှမ်း ပြန်ဆုတ်သွားခဲ့၏။ သို့သော် ထိုခြေ (၇) လှမ်းအတွင်း သူက ယောင်ရှင်းလျှူ၏ တိုက်ခိုက်ရေးနယ်မြေအတွင်းမှ တိတိကျကျ လွတ်မြောက်နေခဲ့သည်။

ယန်ဓားက အပေါ်မှရောက်လာပြီး ယင်ဓားက အောက်မှရောက်လာသည်။ ယင်နှင့်ယန် လှည့်ပတ်လိုက်သည့်အချိန်တွင် ထိုက်ကျိစက်ဝိုင်းတစ်ခု ပေါ်လာခဲ့၏။ ယောင်ရှင်းလျှူက (၁၀) ကွက်မြောက် သိုင်းကွက်ကို သုံးလိုက်သည်။

ရုတ်တရက်ဆိုသလို မုန့်ချီက သူ့ဓားကို ဆွဲထုတ်လိုက်၏။ ထိုဓားက ထိုက်ကျိစက်ဝိုင်း၏ ယင်နှင့်ယန် မျက်လုံးတည့်တည့်ကို ထိုးစိုက်လိုက်သည်။

"ချွင်... "

အသံတစ်ခုနှင့်အတူ ယောင်ရှင်းလျှူ၏ ဓား (၂)လက်က စွမ်းအားများ ပျက်ပြယ်သွားခဲ့သည်။ ယောင်ရှင်းလျှူ၏ ဗိုက်နေရာတွင်လည်း ဟာကွက်တစ်ခု ပေါ်သွားခဲ့၏။

မုန့်ချီကတော့ သူ့ကိုဆက်၍ မတိုက်ခိုက်တော့ပဲ ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်သည်။ သူက လက် (၂) ဖက်ဆုပ်၍ ပြောလိုက်၏။

"ကျေးဇူးတင်ပါတယ်... "

ယောင်ရှင်းလျှူကတော့ ဓား (၂)လက်ကို မင်သက်စွာ စိုက်ကြည့်နေမိသည်။ တိုက်ပွဲတွင် ရှုံးနိမ့်သွားသည့်အတွက် သူလည်း မယုံကြည်နိုင်ခဲ့ပေ။ စက္ကန့်ပိုင်းလေးအတွင်း တိုက်ခိုက်မှုနှင့် ခုခံမှုက ပြောင်းလဲသွားပြီး အနိုင်ရသူကို ဆုံးဖြတ်နိုင်ခဲ့သည်။

သူ့ဆီတွင် သူ့အသက်ကို ကယ်တင်ပေးနိုင်သော လျှို့ဝှက်သိုင်းကျမ်း တစ်ခုရှိနေပြီး အသေခံတိုက်ခိုက်ရန် သိုင်းကွက်များစွာ ရှိနေသေးသည်။ သူက ထိုတိုက်ပွဲကို သေချာပေါက် အနိုင်ရနိုင်၏။

ကျန်းယွင်ရှန်ကတော့ ယောင်ရှင်းလျှူထက်ပင် ပို၍ အံ့သြနေသေးသည်။ တံခါး (၄)ပေါက် အဆင့်တွင် သူက ယောင်ရှင်းလျှူထက်ပင် အနည်းငယ် ပိုသာ၏။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် တိုက်ခိုက်ရေး အတွေ့အကြုံများစွာ ရှိနေခြင်းကြောင့် ဖြစ်သည်။ ယောင်ရှင်းလျှူက အလွယ်တကူ ရှုံးနိမ့်သွားနိုင်၏။ အကယ်၍ သူက စလာကတည်းက ထိုက်ကျိစက်ဝိုင်းကို ထိန်းသိမ်းထားမည်ဆိုလျှင်ပင် ရှုံးနိမ့်ရဦးမည်သာ ဖြစ်သည်။

ထို့ပြင် သူတို့ (၂) ယောက်လုံးတွင် လျှို့ဝှက်ချက်အဖြစ် ထိပ်တန်း ဝေ့ကျင်းအဆင့် ဓားသိုင်းပညာများ ရှိနေသော်လည်း မုန့်ချီက ပိုသာသည်။ ပို၍အရေးကြီးသည်မှာ သူ၏ဓားမောက်သိုင်းပညာက ပိုကောင်းခြင်း ဖြစ်၏။

တုကူးဓား (၉) ကွက်က အလွန်အစွမ်းထက်လွန်းလှသည့်အတွက် ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ရှိနေသော ကန်ရှု ဓားသိုင်းကိုပင် ယှဉ်နိုင်ခြင်းပေလော။

မုန့်ချီက အလွယ်တကူ အနိုင်ရသွားသည့်အတွက် တည်ငြိမ်နေသလို ထင်မှတ်ရသော်လည်း သူ့စိတ်ထဲတွင် အတော်လေး ပင်ပန်းခဲ့ရသည်။ ယောင်ရှင်းလျှူနှင့် တိုက်ပွဲက တုကူးဓား (၉) ကွက်ကို စတင်တတ်မြောက်ခဲ့သည့် အချိန်ကတည်းကစပြီး တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများထဲတွင် အပင်ပန်းဆုံး ဖြစ်သည်။

သူနောက်ဆုတ်သွားခဲ့သော ခြေလှမ်း (၉) လှမ်းကလည်း ယောင်ရှင်းလျှူ၏ ခြေလှမ်းနှင့် တသားတည်းဖြစ်အောင် လုပ်ဆောင်နေခြင်း ဖြစ်သည်။ နောက်ဆုံးတိုက်ခိုက်မှုတွင် အချိန်နှင့် ပြောင်းလဲမှုများအားလုံး ပါဝင်နေသည်။ ထိုအရာက သူ့ဓားချက်၏ အနှစ်သာရများလည်း ဖြစ်၏။

ထို့ကြောင့် ထိုတိုက်ခိုက်မှုက ရာမဖိတ်ခေါ်ခြင်း သိုင်းကွက် ထက်ပင် ပို၍ ပင်ပန်းနေသေးသည်။

သူက ငြိမ်းချမ်းစွာ ပြောလိုက်၏။

"တကယ်လို့ မင်းက ယန်ဓား ဒါမှမဟုတ် ယင်ဓားတစ်ခုတည်းကိုပဲ သုံးမယ်ဆိုရင်တော့ ငါက သိုင်းကွက်တစ်ကွက်တည်းနဲ့ အနိုင်ရမှာမဟုတ်ဘူး... ။ ဒါပေမယ့် မင်းရဲ့ ယင်နဲ့ယန်ပေါင်းစပ်မှုက ပျော့ပျောင်းမှု မရှိသေးဘူး..။ သူတို့တွေက အချင်းချင်း သဟဇာတ မဖြစ်သေးဘူး... ။ ဒါကြောင့် ငါက ဖျက်ဆီးဖို့ အခွင့်အရေးရခဲ့တာ... ။ ဘယ်လိုပဲဖြစ်ဖြစ် ငါလည်း ဒီတိုက်ပွဲကနေ အများကြီးသင်ယူခွင့်ရခဲ့ပါတယ်... "

ထိုအရာက အမှန်တရားသာ ဖြစ်သည်။ ယောင်ရှင်းလျှူ၏ဓား (၂) လက် ပေါင်းစည်းမှုက သူ့အတွက် ဓားရှည်ဓားမောက် ပေါင်းစပ်မှုကို လမ်းညွှန်ပေးလိုက်သလို ဖြစ်နေသည်။

ယောင်ရှင်းလျှူက ဓားများကို နောက်ကျောတွင် ရှိနေသော ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်ပြီး ရှုံ့မဲ့သွားခဲ့၏။

"ရှုံးတာကရှုံးတာပဲ ။ ငါက လက်ခံတယ်...။ ဒါပေမယ့် အရူးတစ်ယောက်ကို ရှုံးတာတော့ နည်းနည်းလေး ရှက်ဖို့ကောင်းတယ်... "

"ဘယ်သူက အရူးလဲ... "

မုန့်ချီက အနည်းငယ် မျက်နှာပျက်သွား၏။ ထိုကလေးက အတော်လေးကို ရိုင်းစိုင်းလှသည်။

ယောင်ရှင်းလျှူက သက်ပြင်းချလိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်၏။

"တကယ်လို့ ငါသာ အစ်ကိုကြီးကျန်းဆိုရင် မိန်းကလေးကို ကျေနပ်အောင်ပြောမယ်..။ စေ့စပ်ပွဲကိုလည်း ဒီအတိုင်းပဲ ဆက်ထားမယ်..။ ပြီးတော့ ကျန်းဝူဝင်္ကပါကို ချိုးဖောက်ပြီး တောင်အောက်ကိုဆင်းတဲ့အချိန်မှာ မတော်တဆ သေသွားချင်ယောင်ဆောင်လိုက်မှာပဲ…"

"ဘယ်လို... "

မုန့်ချီနှင့် ကျန်းယွင်ရှန်တို့ (၂) ယောက်လုံးက ယောင်ရှင်းလျှူကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်။

"သူက ငါတို့ဆီကို မတော်တဆ ဖြတ်သွားတာမဟုတ်ဘူး... ။ သူက ဒီစကားတွေကို ဘယ်လိုဖြစ်ပြီး ကြားရတာလဲ... "

သို့သော် ယောင်ရှင်းလျှူ၏စကားက မုန့်ချီကို လုံ့ဆော်ပေးနိုင်ခဲ့သည်။ သူက ရှုပ်ထွေးနေခဲ့သည့်အတွက် ထိုအရာကို မတွေးမိခဲ့ပေ။

ယောင်ရှင်းလျှူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေခဲ့၏။

"တကယ်လို့ အစ်ကိုကြီးကျန်းသာ မတော်တဆ သေသွားခဲ့မယ်ဆိုရင် စေ့စပ်ပွဲက အလိုလို ပျက်သွားပြီ ။ ဒါဆိုရင် အစ်မစုန့်ကလည်း သတို့သားထွက်ပြေးတာ ဒါမှမဟုတ် အငြင်းခံရတဲ့အဖြစ်မျိုး မကြုံရတော့ဘူး..။ ပြီးတော့ ကျန်းမိသားစုနဲ့ စုန့်မိသားစုကလည်း အချိန်အတိုင်းအတာတစ်ခုအထိ ပူးပေါင်းလုပ်ဆောင်ပြီးသွားပြီ ဖြစ်တဲ့အတွက် လက်ထပ်ပွဲမရှိတော့ရင်တောင် သူတို့ရဲ့ပေါင်းစည်းမှုက တည်ငြိမ်နေမှာပဲ ။ အများဆုံး အစ်ကိုကြီးရဲ့မိဘတွေက ဝမ်းနည်းနေရုံပဲရှိမယ်... ။ ဒါပေမယ့် အစ်ကိုကြီးမှာ တခြားညီအစ်ကိုမောင်နှမတွေ ရှိနေသေးတာပဲ ။ အစ်ကိုကြီးက နာမည်ပြောင်းပြီး သိုင်းလောကမှာ နောက်တစ်ကြိမ် ကျင်လည်လို့ရတယ်...”

“ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုကြီးက မိဘတွေကို တိတ်တဆိတ် ပြန်လာတွေ့လို့ ရနိုင်တာပဲလေ... ။ ကျန်းမိသားစုက ဒီလျှို့ဝှက်ချက်ကို လုံးဝထုတ်ဖော်မှာ မဟုတ်ဘူး.။ တကယ်လို့အစ်ကိုကြီးက ဂုဏ်ယူဝံ့ကြွားစွာ ပြန်လာချင်တယ်ဆိုရင်တော့ သိုင်းသခင်တစ်ယောက်ဖြစ်အောင် အကောင်းဆုံးကြိုးစားပေါ့...”

“တကယ်လို့ တစ်ယောက်ယောက်က ထုတ်ဖော်ချင်တယ်ဆိုရင်တောင် အစ်ကိုကြီး အသက်ရှင်နေတယ်ဆိုတဲ့ သက်သေမရှိသရွေ့ ကျန်းမိသားစုနဲ့ စုန့်မိသားစုရဲ့ ပူးပေါင်းမှုက ပြောင်းလဲမှာ မဟုတ်ဘူး... "

ထိုစကားများကို နားထောင်နေရင်း ကျန်းယွင်ရှန်၏ မျက်လုံးများက ပို၍ တောက်ပလာခဲ့သည်။

မုန့်ချီကလည်း အံ့အားသင့်နေခဲ့၏။ သူ၏ခွဲခြမ်းစိတ်ဖြာမှုများက အလွန်ထူးချွန်နေပြီး မုန့်ချီကိုယ်တိုင် စဉ်းစားသလို ဖြစ်နေသည်။ သူက ပြောလိုက်၏။

"မင်းက သိုင်းရူးတစ်ယောက် မဟုတ်ဘူးလား... "

သိုင်းရူးတစ်ယောက်က ထိုကဲ့သို့စကားမျိုးကို မည်သည့်အချိန်တွင် ပြောနိုင်သနည်း။ ယောင်ရှင်းလျှူက မုန့်ချီကို အထင်သေးစွာ ကြည့်လိုက်သည်။

"ငါက သိုင်းပညာကို ရူးသွပ်တာ ။ ဒါပေမဲ့ မင်းလို အရူးတစ်ယောက်တော့ မဟုတ်ဘူး."

"မင်းက ဘာကိုဆိုလိုချင်တာလဲ... "

မုန့်ချီက ရှုံ့မဲ့သွားခဲ့၏။

ယောင်ရှင်းလျှူက နှာခေါင်းရှုံ့လိုက်သည်။

"အရက်သောက်ဖို့ပဲသိပြီး အဖြေမရှာနိုင်တဲ့သူက အရူးပဲလေ... "

"လာစမ်းပါ ကောင်လေး... ။ ငါတို့က နောက်ထပ်သိုင်းကွက် (၃၀၀) လောက် တိုက်ခိုက်ကြရအောင်... "

မုန့်ချီက ဒေါသထွက်သွားပြီး သူ့ကို ဆုံးမချင်နေသည်။

ယောင်ရှင်းလျှူ၏ မျက်နှာက ရှုံ့မဲ့သွား၏။ သူက ပြန်ပြောလိုက်သည်။

"မင်းကမှ ငါ့ထက်ပိုပြီးငယ်သေးတာ... "

အမှန်တကယ်လည်း မုန့်ချီက ယောင်ရှင်းလျှူထက် ပို၍ငယ်သည်။ သူပုံစံက အသက် (၁၇) ၊ (၁၈) ဝန်းကျင် ထင်မှတ်ရသည်မှာ အရပ်ရှည်ပြီး ရင့်ကျက်တည်ငြိမ်ခြင်းကြောင့် ဖြစ်သည်။ မုန့်ချီကတော့ သူစကားကို မုန်းတီးသော်လည်း ပြန်ဖြေရန်မရှိချေ။

ရုတ်တရက်ဆိုသလို သူက တစ်စုံတစ်ခုကို နားလည်သွားခဲ့၏။ သူက ယောင်ရှင်းလျှူကို အပြုံးနှင့် ပြောလိုက်သည်။

"ယောင်မိသားစုဝင်တစ်ယောက်က ကျန်းမိသားစုနဲ့ စုန့်မိသားစုရဲ့ ပေါင်းစပ်မှုကို ဖျက်ဆီးဖို့ဆန္ဒမရှိဘူး.။ စုန့်မိသားစုနဲ့ ကျန်းမိသားစုအတွက်တောင် စဉ်းစားပေးနေသေးတယ်... ။ ဒါက ဘာသဘောလဲ... "

ယောင်ရှင်းလျှူ၏ အမူအရာက ပြောင်းလဲသွားသည်။

"မင်းက ဘာပြောချင်တာလဲ... "

"သိုင်းရူးတစ်ယောက်ဖြစ်တဲ့ မင်းက ဆရာမသိဘဲ ညအချိန် စားသောက်ဆိုင်ကို မတော်တဆ ရောက်လာတယ်... ။ ပြီးတော့ ငါတို့ရဲ့စကားကို ကြားသွားတယ်... ။ ဒါက ဘယ်လိုတိုက်ဆိုင်မှုမျိုးလဲ... "

မုန့်ချီ၏ မျက်နှာပေါ်ရှိ အပြုံးက ပို၍ သိသာလာသည်။

"မင်းသာ စလာကတည်းက ငါတို့နောက်ကို လိုက်မလာဘူးဆိုရင် လုံးဝမဖြစ်နိုင်ဘူး... "

ယောင်ရှင်းလျှူက ချက်ချင်းပင် ပြန်လှည့်သွားခဲ့၏။

"ငါလုပ်စရာရှိသေးတယ် နောက်မှ တွေ့တော့မယ်... "

"ဘာလို့ သူက ငါတို့နောက်ကို လိုက်လာတာလဲ...။ ဘာလို့ သူက ဒီကိစ္စကို ဂရုစိုက်နေရတာလဲ.။ ဘာလို့ သူက သူ့မိသားစုနဲ့ ဆန့်ကျင်နေရတာလဲ... ။ ဘာလို့ သူက ငါတို့အတွက် အဖြေတစ်ခုကို စဉ်းစားပေးနေရတာလဲ... "

မုန့်ချီ၏အသံက တဖြည်းဖြည်း ကျယ်လောင်လာပြီး သူ၏မျက်နှာ အမူအရာက လေးနက်လာခဲ့သည်။

"အမှန်တရားက တစ်ခုပဲရှိတယ်... ။ ယောင်ရှင်းလျှူက စုန့်မင်ကျိကို ကြိုက်နေလို့ပဲ.."

သူက အနည်းငယ် ကျယ်လောင်စွာ အော်ပြောလိုက်၏။

ယောင်ရှင်းလျှူက ဒယိမ်းဒယိုင် ဖြစ်သွားခဲ့ပြီး လဲကျလုမတတ် ဖြစ်သွားသည်။ သူက ပို၍ပင် မြန်မြန်ပင် ထွက်ပြေးသွားခဲ့၏။

ထိုအရာက ကျန်းယွင်ရှန်၏ ပြဿနာကို ဖြေရှင်းရန် အခွင့်အရေးတစ်ခု ဖြစ်သည်။ မုန့်ချီကတော့ အလွန်ဝမ်းသာသလို ခံစားလိုက်ရပြီး လွတ်လပ်သွားသလို ခံစားလိုက်ရသည်။ သူက အားရပါးရ ရယ်လိုက်၏။

"အရူးလေး … လာစမ်းပါ ။ ငါတို့က နောက်ထပ်သိုင်းကွက် (၃၀၀) လောက် တိုက်ခိုက်ကြမယ်လေ... "

Translated by Hein Htet

All Chapters