အခန်း (၁၆၄)
Vol. 11 Ch. 164
ကမ္ဘာမြေကြီး၏ ပြောင်းလဲမှုနှင့် ပတ်သက်နေပြီး အနှစ်သာရများနှင့် နီးစပ်သော ဓားပညာတစ်ခုကို စဉ်းစားနေသည့်အချိန်တွင် မုန့်ချီ၏ခေါင်းထဲတွင် ပထမဆုံး ပေါ်လာသည်မှာ ကောင်းကင်ဓားသိုင်းကျမ်း ဖြစ်သည်။
ကောင်းကင်ဓား သိုင်းကျမ်းတွင် စုန့်ချွယ်က ဓားမောက်သိုင်းပညာ၏ အနှစ်သာရများအားလုံး ပေါင်းစပ်ထားခဲ့သည်။ သာမန်ခုတ်ချက်တစ်ခုတည်းကပင် အလွန်အစွမ်းထက်သည်ဟု ဆိုနိုင်၏။ တစ်ခါတစ်ရံ ပုံမှန်တိုက်ခိုက်မှုကလည်း ခန့်မှန်း၍ မရနိုင်ဘဲ ကမ္ဘာမြေပြင်နှင့် ပေါင်းစပ်နေသည့်အလား ထင်မှတ်ရသည်။
ထိုဓားသိုင်းပညာက တူကူးဓား(၉)ကွက်နှင့် တူညီနေ၏။ တစ်ခုကွဲပြားသွားသည်မှာ တူကူးဓား(၉)ကွက်က ခန့်မှန်း၍ မရနိုင်ဘဲ ရန်သူ၏ အားနည်းချက်များကို ပစ်မှတ်ထားခြင်းဖြစ်သည်။ ကောင်းကင်ဓား သိုင်းကျမ်းကတော့ ဓားသွား၏ အရှိန်ကိုသာ အာရုံစိုက်ရပြီး အလွန်ကြောက်စရာကောင်းသည်။
သူတို့က ဓားမောက်နှင့် ဓားရှည်တို့၏ ထူးခြားသော စွမ်းရည်များကို ပြီးပြည့်စုံစွာ ပြသနိုင်ကြ၏။ သို့သော် သူတို့၏ပုံစံက အတော်လေးကို ကွဲပြားသည်။ သူတို့က အချင်းချင်း ပြောင်းလဲပေးနိုင်ပြီး ယင်နှင့် ယန်ကဲ့သို့ မျှချေကို ဖော်ဆောင်နိုင်ကြသည်။
မုန့်ချီက ယောင်ရှင်းလျှူနှင့် စိန်ခေါ်တိုက်ခိုက်ခဲ့ပြီးနောက် ထိုအရာကို နားလည်လာခဲ့သည်။ အကယ်၍ သူကသာ ဓားနှစ်လက် သုံးချင်သည် ဆိုလျှင် ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာများ ရွေးချယ်မှုကို စဉ်းစားရန် လိုအပ်သည်။
အကယ်၍ သူသာ ဓားမောက် သိုင်းပညာ၏ အနှစ်သာရနှင့် ဓားရှည်သိုင်းပညာများ၏ အနှစ်သာရများကို ပြည့်ပြည့်ဝဝ နားလည်သွားမည်ဆိုလျှင်တော့ သူ့အတွက် အလွန်လွယ်ကူလာပါလိမ့်မည်။ သို့သော် သူက ထိုကဲ့သို့ အဆင့်မျိုးကို ရောက်ရန် အတော်လေး အလှမ်းကွာနေသေးသည်။ ကျန်းကျိဝေ၏ ဆရာဖြစ်သော စုဝူမင်ကပင် ထိုကဲ့သို့ ယုံကြည်ချက် မရှိခဲ့ပေ။
“ငါက ကောင်းကင် ဓားသိုင်းကျမ်းကို ရွေးမယ်…”
ရိုးရိုးသားသား ပြောရမည်ဆိုလျှင် မုန့်ချီက ဓားမောက်သိုင်းပညာ အနည်းငယ်ကို သိထားသည်။ အများစုက အသုံးမဝင်ဘဲ အနည်းစုကတော့ ဝေ့ကျင်းအဆင့် ဓားသိုင်းများ ဖြစ်ကြ၏။ ဉာဏ်အလင်းပွင့်မှုအဆင့်တွင် သူက အနည်းငယ်ကိုသာ လိုချင်ခဲ့သည်။ ကျင်းကျုံး ဓား(၈)လက် သိုင်းပညာကဲ့သို့သော တခြား ဓားသိုင်းပညာများနှင့် ယှဉ်လိုက်မည်ဆိုလျှင် လျင်မြန်သွက်လက်သော ကောင်းကင်ဓားသိုင်းက သူ့အတွက် အသင့်တော်ဆုံးဖြစ်သည်။
သူက ကောင်းကင်ဓားသိုင်းနှင့် ပတ်သက်သောအရာများကို ဖတ်ကြည့်လိုက်ရာ အစွမ်းထက်ဆုံး ဓားသိုင်းကွက်က ကောင်းကင်တောင်းဆို ဓား(၉)ချက် ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သို့သော် ထိုအရာက ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခု ဖြစ်၏။ သူ၏ကံကြမ္မာအမှတ်များက လုံလောက်သော်လည်း သူက နောက်ထပ် သိုင်းပညာတစ်ခုကို လိုချင်နေသေးသည်။
သူက ကောင်းကင်ဓားသိုင်းနှင့် ပတ်သက်သောအရာများကို ဆက်၍ ဖတ်ကြည့်လိုက်ရာ ကံကြမ္မာအမှတ် (၉၈၀)ပေးလိုက်လျှင် ဓားသိုင်း၏ မူလညွှန်ကြားချက်များ၊ ကောင်းကင်ဓား၏ အနှစ်သာရ(၈)မျိုးနှင့် ဓား(၉)မျိုးအကြောင်း ရနိုင်ပါလိမ့်မည်။
မုန့်ချီ၏ စိတ်ထဲတွင်တော့ စုန့်ချွယ်၏ ကောင်းကင်ဓားသိုင်းကျမ်းက မကောင်းဆိုးဝါး ကျောက်တုံးနှင့် တူညီနေသည်။ သူက တံခါး(၉)ပေါက်အတွက် စဉ်းစားနေသည့် အချိန်တွင် အသက်နှင့် စွမ်းအင်လျှို့ဝှက်တံခါးများ ပွင့်လာပါလိမ့်မည်။ သူက မျက်ခုံးကြား ပင်မတံခါးကို ဖွင့်လှစ်နိုင်ပြီး သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖြတ်ကျော်နိုင်မည် ဖြစ်၏။ ထို့ပြင် သူ၏ ဓားသိုင်းပညာကလည်း ခန္ဓာကိုယ်ထက် ပို၍မြင့်မားလာနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ကောင်းကင်ဓား သိုင်းကျမ်းက အလွန်ဈေးကြီးနေသည်မှာ အံ့ဩစရာမရှိချေ။ မုန့်ချီဆီတွင် ကံကြမ္မာအမှတ် (၉၈၀)ရှိသော်လည်း သူက ထိန်းချုပ်ရေးကျင့်စဉ်တစ်ခုကို လိုချင်နေသေး၏။
တူကူးဓား(၉)ကွက်နှင့် ဆင်တူနေသည့်အတွက် ကောင်းကင်ဓားသိုင်းကျမ်းကိုလည်း နှစ်ပိုင်း ခွဲထားသည်။ တစ်ပိုင်းကတော့ ပင်မလမ်းညွှန်ချက်များဖြစ်ပြီး အရာအားလုံးကို ကံကြမ္မာအမှတ် (၄၀၀)သာ ရှိသည်။ တခြားပေါင်းစပ်ထားသည့် အပိုင်းတွင်တော့ ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာများကို စုစည်းထားခြင်းဖြစ်ပြီး ကံကြမ္မာအမှတ် (၅၀၀)တန်ကြေး ရှိသည်။
မုန့်ချီကတော့ ပင်မလမ်းညွှန်ချက်ကိုသာ လဲလှယ်ရန် ဆုံးဖြတ်လိုက်၏။ သူ့ဆီတွင် ဓားမောက်သိုင်းပညာ ရှားပါးခြင်း မရှိချေ။ သူကတော့ အနှစ်သာရများကိုသာ လိုချင်နေခြင်း ဖြစ်သည်။ သူသာ ပင်မအနှစ်သာရများကို ပြည့်ပြည့်ဝဝ နားလည်သွားမည်ဆိုလျှင် ဓား(၉)မျိုးကိုလည်း အလွယ်တကူ နားလည်နိုင်ပါလိမ့်မည်။
တခဏအတွင်း မုန့်ချီ၏ လက်ထဲတွင် သိုင်းကျမ်းတစ်ခု ပေါ်လာခဲ့သည်။ ထိုသိုင်းကျမ်းပေါ်တွင် ဖုန်များတင်နေပြီး သာမန်သာ ထင်မှတ်ရသော်လည်း အစွမ်းထက်သည်။
မုန့်ချီက ထိုအရာကို စစ်ဆေးကြည့်လိုက်ပြီးနောက် အင်္ကျီထဲတွင် သိမ်းလိုက်ပြီး ကျင့်စဉ်တစ်ခု ရှာဖွေလိုက်ပြန်သည်။ သူက ရှောင်လင်၏ ထိပ်တန်းသိုင်းပညာ (၇၂)ခုထဲမှ တစ်ခုဖြစ်သော ခြင်္သေ့ဟိန်းသံကို လဲလှယ်ရန် စဉ်းစားထားခဲ့၏။
ထိုကျင့်စဉ်တွင်လည်း ဉာဏ်အလင်းပွင့်မှုအဆင့်နှင့် ဝေ့ကျင်းအဆင့် သိုင်းကျမ်းဟူ၍ ရှိသည်။ မည်သို့ ဖြစ်စေကာမူ ထိုအရာက ရိုးရှင်းသော ကျင့်စဉ်တစ်ခု မဟုတ်ချေ။ ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်တွင် ချီစွမ်းအင်များ လှည့်ပတ်ရသည့် နည်းလမ်းနှင့် ပါးစပ်တံခါးကို အသုံးချရသည့် နည်းလမ်း ပါဝင်နေသည်။
ဝေ့ကျင်းအဆင့် ကျင့်စဉ်တွင်တော့ ခန္ဓာကိုယ်နှင့် ကမ္ဘာမြေကြီးကို ဆက်သွယ်ရမည့် နည်းလမ်းများ ပါဝင်နေပြီး ဗုဒ္ဓသန့်စင်နယ်မြေကို အသုံးပြုရန်နည်းလမ်းများ ပါဝင်နေသည်။
ဉာဏ်အလင်းပွင့်မှု အဆင့်တွင် ခြင်္သေ့ဟိန်းသံက အကွာအဝေးတစ်ခုအတွင်း ရှိနေသော ရန်သူများကို ထိတ်လန့်သွားစေနိုင်ပြီး သူတို့၏ နားတံခါးကို ထိခိုက်သွားစေနိုင်သည်။ သူတို့ကို မူးဝေပြီး သတိလစ်သွားစေနိုင်၏။ ထိုအရာက မုန့်ချီအတွက် အလွန်ကောင်းမွန်သော ထိန်းချုပ်ရေးနည်းလမ်းတစ်ခုဖြစ်သည်။
သို့သော် သူက ရှောင်လင်မှ ထွက်လာသည့်အတွက် ရှောင်လင်သိုင်းပညာ အသုံးပြုခြင်းကို ရှောင်တိမ်းသင့်သည်။ သူက ဒုက္ခရောက်မှာ ကြောက်၍မဟုတ်ဘဲ သူ့ဆရာကို ဒုက္ခမပေးလိုခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် မုန့်ချီက ခြင်္သေ့ဟိန်းသံနှင့် တူညီနေသော ကျင့်စဉ်တစ်ခုကို စတင်ရှာဖွေကြည့်လိုက်သည်။ သူ့ဆီတွင် ကံကြမ္မာအမှတ် အလုံအလောက် ရှိနေသည့်အတွက် စဉ်းစားမနေဘဲ သူလိုချင်သောအရာကိုသာ လျင်မြန်စွာ ရှာဖွေနေခဲ့သည်။ သိပ်မကြာခင် မုန့်ချီက သင့်တော်သော သိုင်းကျမ်းတစ်ခုကို တွေ့လိုက်ရသည်။
“မိုးကြိုးအော်သံ…”
ကံကြမ္မာအမှတ် (၄၂၀)တန်ကြေးရှိသော ထိုကျင့်စဉ်တွင် အသံထွက်(၉)ခုပါဝင်ပြီး ခြင်္သေ့ဟိန်းသံကဲ့သို့ တူညီသော အကျိုးသက်ရောက်မှု ရှိသည်။ ထို့ပြင် တစ္ဆေ၊ သရဲများကိုပင် တိုက်ခိုက်နိုင်စွမ်း ရှိ၏။
သူ့ဆီတွင် မိုးကြိုးအမှတ်အသားနှင့် မိုးကြိုးနတ်ဘုရား၏ စိတ်ဝိညာဉ် လွှဲပြောင်းမှု တစ်စိတ်တစ်ပိုင်းရှိနေသည့်အတွက် ထိုကျင့်စဉ်က တိုးတက်ပြီး ပြောင်းလဲလာနိုင်လိမ့်မည်ဟု မုန့်ချီက ယူဆမိခဲ့သည်။
ထို့ကြောင့် သူက စဉ်းစားမနေဘဲ မိုးကြိုးအော်သံကို ချက်ချင်း လဲလိုက်သည်။ အလွန်ပါးလွှာသော သိုင်းကျမ်းလေးထဲတွင် ချီစွမ်းအင်အသုံးပြုပုံ၊ ပါးစပ်တံခါးအသုံးပြုပုံနှင့် အသံထွက် (၉)ခုအကြောင်းကို သေချာရှင်းပြထား၏။
“ဟူး…”
မုန့်ချီလည်း ယခုမှ စိတ်အေးသွားခဲ့၏။ သူက သံသရာတာဝန်မစခင် လဲလှယ်မှု ပြီးဆုံး သွားခဲ့သည်။ အလွန်များပြားသော ကံကြမ္မာအမှတ်များကို သုံးလိုက်ရသည့်အတွက် သူလည်း ငွေကို ရေလိုသုံးနေသလိုလည်း ခံစားနေရသေးသည်။ သို့သော် သူ့ဆီတွင် ကံကြမ္မာအမှတ် (၃၂၁)ကျန်နေသေး၏။
ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက ကံကြမ္မာအမှတ်များကို သိမ်းမထားတော့ပေ။ သူက ဂိုဏ်းကြီးတစ်ခု၏ ဆက်ခံသူတစ်ယောက် မဟုတ်သည့်အတွက် သူ့ဆီတွင် အရင်းအမြစ်များ မရှိချေ။ ထို့ပြင် ပို၍များများ လဲလိုက်ခြင်းက သံသရာတာဝန်တွင် အသက်ရှင်ရန် အခွင့်အရေး ပိုများသည်ဟု ဆိုလိုနေသည်။
ယခုတစ်ကြိမ် သူက ကံကြမ္မာအမှတ်(၂၀၀)တန်ကြေးရှိသော ဘယ်လက် ကျွမ်းကျင်မှု ကျင့်စဉ်ကို ရွေးချယ်လိုက်သည်။ ထိုအရာက ဘယ်လက် တိုက်ခိုက်မှုအတွက် ခိုင်မာသောအုတ်မြစ်တစ်ခု ဖြစ်နိုင်ပြီး အနာဂတ်တွင် ဓားနှစ်လက် အသုံးပြုရန် အဆင်ပြေနိုင်သည်။
သူက ယောင်ရှင်းလျှူကဲ့သို့ ကျွမ်းကျင်မှုမရှိသေးကြောင်း မုန့်ချီက သိနေ၏။ သူက ဓားမောက်နှင့် ဓားရှည်ကို တစ်ချိန်တည်း အသုံးမပြုနိုင်ဘဲ တလှည့်ဆီ သုံးနေရခြင်းဖြစ်သည်။ ကျန်ရှိနေသော ကံကြမ္မာအမှတ်ကိုတော့ ထာဝရ ယိဟွာဆေးရည် (၂)ပုလင်း လဲလှယ်လိုက်သည်။
သူက ဤတာဝန်အတောအတွင်း ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို စတင်လေ့ကျင့်ရန် စဉ်းစားနေပြီး နှာခေါင်းတံခါးနှင့် သက်ဆိုင်သော သွေးကြောမှတ်များကို စုစည်းရန် စဉ်းစားနေခဲ့သည်။
အရာအားလုံးကို ပြီးဆုံးလိုက်ပြီးနောက် သူ့ဆီတွင် ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံး တစ်လုံးသာ ကျန်နေတော့၏။ သူက နှာခေါင်းတံခါးကို ဖွင့်ရန်ကြိုးစားနေချိန် အရေးပေါ်အခြေအနေဆိုလျှင် ဆေးရည် အသုံးပြု၍ အရှိန်မြှင့်ရန် စဉ်းစားထားသည်။
ထိုအရာများကို လဲလှယ်လိုက်ပြီးနောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၂၁)ခုသာ ကျန်နေတော့သည့်အတွက် မုန့်ချီက အတော်လေး ဝမ်းနည်းသွားခဲ့သည်။ သူကတော့ ချမ်းသာနေရာမှ ဆင်းရဲသွားသလို ခံစားမှုမျိုးကို လေးလေးနက်နက် နားလည်သွားခဲ့၏။ သူက ကောင်းကင်ပေါ်မှ ရွှံ့အိုင်ကြီးထဲကို ပြုတ်ကျလာသလိုမျိုး ဖြစ်သည်။
ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက အလွန်လျှို့ဝှက်ဆန်းကြယ်သော အနက်ရောင် သားရေပြားလေးကို ထုတ်လိုက်ပြီး အလင်းတိုင်လုံးထဲတွင် စစ်ဆေးကြည့်လိုက်သည်။
ရုတ်တရက် ဆိုသလို သံသရာ အရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
“ကျန်းဝူ အင်ပါယာ သေဆုံးမှုနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့်တာဝန် အသက်ဝင်လာပြီ…။ မင်းရဲ့စွမ်းဆောင်ရည်ပေါ် မူတည်ပြီး ဆုလာဘ်တွေရမယ်…။ ပထမဆုံး သံသရာတာဝန်ကို စောင့်ပါ… ဒါမှမဟုတ် သံသရာ တံဆိပ်ကိုသုံးပြီး ကျန်းဝူအင်ပါယာရဲ့ အုတ်ဂူအတုရှိနေတဲ့ ကမ္ဘာကြီးထဲကို ဝင်လို့ရတယ်…။ ဒါက ကျန်းဝူအင်ပါယာရဲ့ အုတ်ဂူအတုဆီ သွားလို့ရတဲ့ မြေပုံပဲ…. သူ့ရဲ့ အတွင်းပိုင်း တစ်စိတ်တစ်ပိုင်းက ပေါ်နေပြီ…”
မုန့်ချီကတော့ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။
“ငါက ကျန်းဝူအင်ပါယာနဲ့ ပတ်သက်နေတဲ့ သီးခြားတာဝန်ကို အသက်သွင်းလိုက်မိမယ်လို့ မထင်ထားခဲ့ဘူး။ ကျန်းဝူအင်ပါယာ ဆိုတာက ဒဏ္ဍာရီထဲမှာ အကြီးမြတ်ဆုံး တာအိုအင်ပါယာတွေထဲက တစ်ယောက်ပဲ…”
ဗုဒ္ဓနှင့် ကောင်းကင်ဧကရာဇ်တို့ကလွဲလျှင် ကျန်းဝူအင်ပါယာက ဒုတိယ အမြင့်ဆုံး ဖြစ်သည်။ သူက မကောင်းဆိုးဝါးသခင်ကဲ့သို့ တူညီသော ဂုဏ်သတင်းမျိုး ရှိနေ၏။ သူက ကောင်းကင်ကွဲလွဲချက် (၇)မျိုး ဟူသော ဓား(၃)ချောင်းကို ရရှိခဲ့သည်။
တာအိုဂိုဏ်း(၃)ခုထဲမှ တစ်ခုဖြစ်သော ကျန်းဝူဂိုဏ်းကို လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ သူတို့၏ တည်ထောင်သူက ကောင်းကင်ကွဲလွဲချက် (၇)မျိုးထဲမှ တစ်ခုဖြစ်သည့် တာအိုလောကဓံ ဟူသောအရာကို မတော်တဆ စိတ်ဝိညာဉ်လွှဲပြောင်းမှု ရရှိသွားခဲ့သည်။ ထို့ကြောင့် သူက ကျန်းဝူဂိုဏ်းဟု နာမည်ပေး၍ သူ၏သဘောထားကို ပြသခဲ့၏။
သို့သော် ကောင်းကင်ဧကရာဇ်နှင့် မကောင်းဆိုးဝါးသခင်တို့၏ တိုက်ပွဲမစခင် ကျန်းဝူအင်ပါယာက ပျောက်ကွယ်သွားခဲ့သည်။ သူက သေဆုံးရတော့မည် ဖြစ်ကြောင်းသိနေသည့်အတွက် ကိုယ်ပိုင်အုတ်ဂူတစ်ခု တည်ဆောက်ပြီး သေဆုံးသွားလျှင် ထာဝရရှင်သန်ခြင်းတာအိုကို ရှာဖွေခွင့်ရရန် မျှော်လင့်နေခဲ့သည်။
သို့သော် ထိုအချိန်ကတည်းကစပြီး ကျန်းဝူအင်ပါယာကို လုံးဝ မမြင်ရတော့ပေ။ သူက မအောင်မြင်ဘဲ သေဆုံးသွားသည်ဟု ပြောခဲ့ကြသည်။ သို့သော် သံသရာ အရှင်သခင်၏ သီးခြားတာဝန်ကို ကြားလိုက်ရသည့်အချိန်တွင် ကျန်းဝူအင်ပါယာ၏ သေဆုံးမှုက လူအများ ထင်ထားသလို ရိုးရှင်းမှုမရှိကြောင်း နာလည်သွားသည်။
မုန့်ချီကတော့ အလွန်ထိတ်လန့်သွားခဲ့၏။
“ကျန်းဝူအင်ပါယာရဲ့ သေဆုံးမှုကို ထုတ်ဖော်ဖို့လား…။ ဝေ့ကျင်းအဆင့် အစွမ်းမျိုးရှိမှပဲ နောက်ဆုံးခြေလှမ်းတွေကို ပြီးနိုင်လိမ့်မယ်။ ဒါက ကောင်းကင်(၉)သွယ် အပျက်အစီးကို ရှာဖွေရတဲ့ ကူရှောင်စန်းရဲ့တာဝန်လိုပဲ…။ တကယ်လို့ ငါသာ ဒီတာဝန်ကို ပြီးချင်တယ်ဆိုရင် ဝေ့ကျင်းအဆင့် အစွမ်းမျိုး ရှိဖို့လိုတယ်… မဟုတ်ရင် ဒီလိုအင်အားကြီးတွေနဲ့ ပတ်သက်တဲ့ တာဝန်က ငါ့ရဲ့လုံခြုံမှုကို အာမ မခံနိုင်ဘူး။ ငါက အကူအညီတွေ လိုအပ်တယ်… မဟုတ်ရင် ငါတစ်ယောက်တည်း အောင်မြင်ဖို့ မဖြစ်နိုင်ဘူး…”
မုန့်ချီဆီတွင် သံသရာတံဆိပ်တစ်ခု မရှိသေးပေ။ ထို့ကြောင့် ထိုအရာကို သူက စဉ်းစားကြည့်ရုံသာ ရှိသည်။ သို့သော် ရင်ထဲတွင်တော့ တွန်းအား အနည်းငယ် ရှိနေ၏။ ထိုသီးခြားတာဝန်၏ ပထမအဆင့် ဆုလာဘ်များက မြင့်မားမှုမရှိကြောင်း သူလည်း ရှင်းရှင်းလင်းလင်း သိနေသည်။
ထို့ကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သော်လည်း ကျန်းကျိဝေ၊ ချီကျန်းရန်နှင့် ကျန်းယွင်ရှန် တို့ကို မတွေ့ရသေးပေ။ ထို့ကြောင့် သူလည်း ပို၍ ဇဝေဇဝါ ဖြစ်နေခဲ့၏။
သူတို့က တစ်စုံတစ်ခု ဆိုးဝါးသည့်အရာများ ဖြစ်ခဲ့သည့်အတွက် သံသရာကမ္ဘာကြီး ထဲကို ဝင်မလာခြင်းလည်း မဖြစ်နိုင်ပေ။ သူက ယခုလေးမှ ကျန်းယွင်ရှန်ကို သီလရှင်ကျောင်းဆီသို့ ပို့ခဲ့ခြင်းဖြစ်သည်။ ဖူကျန်းကျန်းက သူမ၏ အချစ်ကို ပြသရန် အဆိပ်သုံးလိုက်မည်ဆိုလျှင်ပင် အဆိပ် အကျိုးသက်ရောက်မှုရှိရန် အချိန်ပေးရဦးမည်ဖြစ်သည်။
“အစ်ကိုလော်…
ဒီတာဝန်က နည်းနည်းထူးဆန်းနေတယ်မဟုတ်လား… “
သူက အလဲအလှယ်လုပ်ပြီးသွားသော လော်ရှန်းကျိကို လှည့်ကြည့်လိုက်သည်။ မုန့်ချီက သူ့ထက် ပို၍ သံသရာအတွေ့အကြုံ ပိုများသော အဖွဲ့သားကို မေးရန် ဆုံးဖြတ်လိုက်၏။
လော်ရှန်းကျိက ကမ္ဘာ(၃)ခုနှင့် သံသရာခရီးသွားများထဲတွင် ထူးခြားသော အရာများကို အများဆုံးတွေ့ခဲ့သော လူများထဲမှ တစ်ယောက်ဖြစ်ကြောင်း မုန့်ချီက ယုံကြည်နေခဲ့သည်။ မဟုတ်လျှင် သူ၏တိုးတက်မှုက ထိုမျှ လျင်မြန်လိမ့်မည် မဟုတ်ချေ။
လော်ရှန်းကျိက သာမန် မိသားစု တစ်ခုမှဖြစ်ပြီး သိုင်းကျောင်းကြီးတစ်ခုမှ မဟုတ်သလို ဂိုဏ်းတစ်ခုမှလည်း မဟုတ်ချေ။ သိုင်းလောကတွင် သူနှင့် ပတ်သက်သော သတင်းများပင် မကြားရချေ။ သို့သော် လူငယ်မှတ်တမ်းတွင် ရှိနေခဲ့၏။ ထို့ကြောင့် သူက သံသရာကမ္ဘာကြီးထဲတွင် သူ့ထက်ပို၍ အတွေ့အကြုံများကြောင်း မုန့်ချီက အဖြေရှာနိုင်ခဲ့သည်။
တောင်မြင့်ကြီး တစ်လုံးကဲ့သို့ ရပ်နေသော လော်ရှန်းကျိကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်များ ပြည့်ဝနေသည်။ သူ့အစွမ်းကလည်း တိုးတက်လာသည်မှာ သိသာနေ၏။
သူက အပြုံးနှင့် ပြောလိုက်သည်။
“ဒါက လူသစ်တွေကို ဦးဆောင်ရမယ့် တစ်ဦးချင်းတာဝန်တွေ ဖြစ်နိုင်တယ်။ ငါတို့ရဲ့ တစ်ဦးချင်း တာဝန်တွေက ကမ္ဘာတစ်ခုထဲမှာပဲ ဖြစ်နိုင်တယ်..။ ဒါကြောင့် ပူးပေါင်းရတဲ့ တာဝန်အဖြစ် ပြောင်းလဲသွားတာ…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ လော်ရှန်းကျိက ဤနေရာ၌ မရှိလျှင်ပင် ထိုအရာက တစ်ဦးချင်း တာဝန်ဖြစ်ကြောင်းနှင့် လူသစ်များကို ဦးဆောင်ရသည့် တာဝန်ဖြစ်ကြောင်း သူလည်း စဉ်းစားမိမည် မဟုတ်ချေ။ မည်သို့ ဖြစ်စေကာမူ ချီကျန်းရန်နှင့် ကျန်းယွင်ရှန်တို့ကလည်း ထိုကဲ့သို့ တာဝန်မျိုးကို တွေ့ခဲ့ဖူး၏။
သို့သော် လော်ရှန်းကျိနှင့်အတူ ရှိနေသည့်အတွက်ကြောင့်သာ သူက အနည်းငယ် ရှုပ်ထွေးနေခြင်း ဖြစ်သည်။
“ကျွန်တော့်ကို ရှင်းပြတဲ့အတွက် ကျေးဇူးတင်ပါတယ်…”
“ကျန်းတင်…
မင်းက လူငယ်မှတ်တမ်းထဲကို ရောက်လာတာ တော်တော်လေး အံ့ဩဖို့ကောင်းတယ်”
လော်ရှန်းကျိက လူငယ်မှတ်တမ်းကို မြင်ထားပြီး သူ့ကို ရှောင်လင်က ထုတ်ပယ်လိုက်ကြောင်း သိနေပုံရသည်။ မုန့်ချီကတော့ အိုးတိုးအန်းတမ်းဖြစ်သွားပြီး တွေဝေစွာ ပြန်ဖြေလိုက်၏။
“ဒါက ကံကောင်းသွားတာပါ…”
“ငါ့ရဲ့သိုင်းလောကနာမည်က မိုးကြိုးဓား ဒေါသကိုယ်တော်၊ မဆင်မခြင်ကိုယ်တော် ဆိုတာကို သူ သိသွားပြီလား…”
သူတို့က မိတ်ဆွေများမဟုတ်သည့်အတွက် အရေးမပါသည့် အရာများကိုသာ ပြောနေကြသည်။ သိပ်မကြာခင် မြူခိုးများ လွှမ်းခြုံလာပြီး အလင်းလုံးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် လူစိမ်း(၃)ယောက် ပေါ်လာခဲ့သည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိ၏။ ထို(၃)ယောက်ထဲတွင် မိန်းကလေး တစ်ယောက် ပါဝင်နေပြီး သူမက အသက်(၁၅)နှစ် (၁၆)နှစ်အရွယ်သာရှိပြီး မျက်လုံးဝိုင်းကြီးများနှင့် အလွန်ချစ်စရာကောင်းသည်။ သူမ၏မျက်နှာလေးက ကျက်သရေရှိပြီး ချောမောလှပ၏။
သူမက ကျန်းကျိဝေနှင့် ကူရှောင်စန်းတို့ထက်ပင် ပို၍လှပနေသေးသည်။ သူမ၏အလှကို ပြစ်မျိုးမှဲ့မထင်အလှမျိုးဟု ဆိုနိုင်၏။ သူမက အဖြူရောင် ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး လက်ထဲတွင်တော့ (၇)ကြိုးတပ် တူရိယာတစ်ခုကို ကိုင်ထားသည်။
သူမ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ကြောက်လန့်သွားခြင်း မရှိချေ။ သူမက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး မုန့်ချီနှင့် လော်ရှန်းကျိတို့ကို မြင်သွား၏။
လူငယ်(၂)ယောက်ထဲတွင် တစ်ယောက်က အသက်(၁၇) (၁၈)ခန့်သာ ရှိသည်။ သူက အစိမ်းရောင် ပိုးဖဲဝတ်စုံကို ဝတ်ဆင်ထား၏။ သူ့ပုံစံက စာသင်သားတစ်ယောက်ကဲ့သို့ နူးညံ့သိမ်မွေ့ပုံပေါ်သည်။ သူက ကြောက်လန့်သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့၏။ ထို့ကြောင့် အလွန်အကျွံ ထိတ်လန့်သွားခြင်း မရှိချေ။
တခြားတစ်ယောက်ကတော့ အသက်(၃၀)အရွယ်ဖြစ်ပြီး လိမ္မာပါးနပ်ပုံရသည်။ ပထမတွင် သူက ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် တည်ငြိမ်သွားခဲ့၏။ သူကလည်း မုန့်ချီနှင့် လော်ရှန်းကျိတို့ကို စိုက်ကြည့်နေခဲ့သည်။
Translated by Hein Htet