← Chapters

အခန်း (၁၆၁)

Vol. 11 Ch. 161

အခန်း (၁၆၁)

Vol. 11 Ch. 161

ပုံမှန်အားဖြင့် ကျန်းယွင်ရှန်၏ ဆံပင်များကို ဂရုတစိုက် စည်းထားတတ်သည်။ သို့သော် ယခုတော့ အနည်းငယ်ရှုပ်ထွေးနေ၏။ သူ၏မျက်နှာပေါ်တွင် စိုးရိမ်မှု ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှု ၊ နာကျင်မှုနှင့် တခြားသော ခံစားချက်မျိုးစုံ ပြည့်နှက်နေသည်။

ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်၏ မျက်နှာက အလွန်အံ့ဩစရာကောင်းကြောင်း မုန့်ချီလည်း နားလည်သွားခဲ့၏။ သူက တည်ငြိမ်မှု ပျက်ပြားနေပြီး ပုံမှန်ရှိနေသော အခြေအနေမျိုး မရှိတော့ပေ။

မုန့်ချီ၏ စကားကို ကြားသည့်အခါ ကျန်းယွင်ရှန်၏ မျက်လုံးများက တောက်ပလာပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို အမူအရာနှင့် သီလရှင်ကျောင်းရှိရာကို ဒေါသတကြီး လှမ်းကြည့်ခဲ့သည်။

သူက တွေဝေနေသည့် အမူအရာနှင့် နောက်ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပါပြီ…"

သူတို့က ကျောက်တုံးလမ်းလေးပေါ်သို့ လျှောက်လာကြပြီး လမ်းမကြီးပေါ်သို့ ထွက်ခွာသွားကြ၏။ သိပ်မကြာခင် လူသူစည်ကားသော မြို့လေးတစ်မြို့ကို မြင်လိုက်ရသည်။ လူအများစုက ပါးကွ(၈)ကွက် အင်္ကျီကို ဝတ်ဆင်ထားသည့်အတွက် ကျန်းဝူဂိုဏ်းမှ လူများဖြစ်ကြောင်း သိသာသည်။

တချို့ကတော့ တာအိုသခင်ဝတ်စုံများကို ဝတ်ဆင်ထားပြီး တချို့ကတော့ နာမည်ကျော်ကြားသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

လမ်းတလျှောက်တွင် ကျန်းယွင်ရှန်က တိတ်ဆိတ်နေပြီး မည်သည့်အရာများ စဉ်းစားနေမှန်း မသိရပေ။ မုန့်ချီကလည်း အလျင်စလို မမေးခဲ့ပေ။

"မှန်တယ်ထင်တဲ့အခြေအနေမျိုးမှာတောင် မိသားစုပြဿနာက ဖြေရှင်းဖို့ခက်တယ်။ ငါကတော့ နှစ်ယောက်စလုံးရဲ့ မိတ်ဆွေဖြစ်နေမှတော့ ဒီလိုအခြေအနေကို ဘယ်လိုလုပ်ရမလဲ မသိသေးဘူး….."

"ဒါက ကျန်းဝူတောင်ရဲ့ အနောက်ပိုင်းမှာရှိတဲ့ ထုန်လုံမြို့ပဲ။ တောင်ပေါ်က တပည့်တွေက သောက်ဖို့စားဖို့အတွက် ဒီနေရာကို မကြာမကြာ ရောက်လာတတ်တယ်…"

ကျန်းယွင်ရှန်က စကားအနည်းငယ် ပြောလိုက်သည်။

"ကျွန်တော်တို့က နာမည်မကြီးတဲ့ စားသောက်ဆိုင်တစ်ခုကို ရှာကြတာပေါ့…"

မုန့်ချီက တိုးတိုးလေးပြောလိုက်ပြီး ကျန်းယွင်ရှန်ကို နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ မည်သို့ဖြစ်စေကာမူ ကျန်းယွင်ရှန်၏ ခံစားချက်များ ထွက်ပေါ်လာမည်ဆိုရင် အကြောင်းအရာများစွာက ပို၍ခက်ခဲသွားနိုင်၏။

စားသောက်ဆိုင်ထဲတွင် ကျန်းယွင်ရှန်ကို သိနေသော လူများ သေချာပေါက် ရှိနိုင်သည်။ အကယ်၍ သူတို့ကသာ တစ်စုံတစ်ခု ကြားသွားမည်ဆိုလျှင် သို့မဟုတ် ကျန်းယွင်ရှန်က နာနာကျင်ကျင် အရက်သောက်နေကြောင်း မြင်သွားကြမည်ဆိုလျှင် သတင်းပျံ့သွားနိုင်သည်။

ထိုအရာက ကျန်းယွင်ရှန်အပေါ် မကောင်းသော လွှမ်းမိုးမှုတစ်ခု ရှိလာနိုင်ပြီး ကျန်းမိသားစုနှင့် စုန့်မိသားစုတို့၏ လက်ထပ်မင်္ဂလာပွဲကိုပင် သက်ရောက်သွားစေနိုင်သည်။

"ငါက တကယ်ကို စဉ်းစားတတ်တာပဲ…"

မုန့်ချီက အိမ်နီးနားချင်းအဒေါ်တစ်ယောက်ကဲ့သို့ တွေးပေးနေမိသည်။

"တကယ်လို့ ငါသာ ယောကျ်ားတစ်ယောက်မဟုတ်ရင် မျက်ရည်တွေ ကျနေလောက်ပြီ.."

ကျန်းယွင်ရှန်က တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကို ခေါ်၍ လမ်းကြားလေးတစ်ခုထဲသို့ ချိုးဝင်သွားခဲ့သည်။

နောက်ဆုံးတွင်တော့ ရိုးရှင်းပြီး စုတ်ပြတ်နေသော စားသောက်ဆိုင်လေး တစ်ခုကို တွေ့လိုက်ရသည်။ နံရံပေါ်တွင်တော့ ခြေရာများ ရွှံ့များပြည့်နေပြီး တချို့နေရာများတွင်တော့ သွေးစွန်းနေသည်ကို မြင်နေရသည်။

ထိုစားသောက်ဆိုင်လေးက အိမ်ငယ်လေးတစ်လုံးထဲတွင် စားပွဲဝိုင်းများ ချထားခြင်းဖြစ်ပြီး အော်ဟစ်ဆဲဆိုသံများ ၊ ဆူညံသံများ ပြည့်နှက်နေသည်။ ထိုနေရာတွင် သိုင်းလောကသားများ ပြည့်နှက်နေပြီး ကျန်းဝူဂိုဏ်းမှ တပည့် တစ်ယောက်မျှ မရှိကြပေ။

စားပွဲဝိုင်းနှစ်ခုတွင်တော့ အေးတိအေးစက် လူနှစ်ယောက် အရက်သောက်နေကြ၏။ နောက်ဆုံးတော့ ထောင့်နေရာတွင် စားပွဲဝိုင်းအလွတ်တစ်ခုကို တွေ့လိုက်ရသည်။

မုန့်ချီက ခါးတွင် ချိတ်ထားသော ဓားကို စားပွဲပေါ်တွင် ကန့်လန့်ဖြတ် တင်ထားလိုက်သည်။ ထိုအရာက အလွယ်တကူ ဓားကို ဆွဲထုတ်တိုက်ခိုက်နိုင်ရန် ဖြစ်၏။

ပုံမှန်ဆိုလျှင် ထိုင်ပြီးသွားသည်နှင့် ဓားက စားပွဲအောက်တွင် ထောက်မိနေနိုင်သည့်အတွက် ဆွဲထုတ်ရန် မသင့်တော်လှပေ။ ထိုကဲ့သို့ အကြောင်းအရာလေးကပင် သေရေးရှင်ရေး အခြေအနေ၌ ကွာဟသွားနိုင်သည်။ အချိန်ကြာမြင့်စွာ စွန့်စားခန်း ထွက်လာပြီးနောက် မုန့်ချီက သိုင်းလောကသားများ၏ အခြေခံအချက်အလက်များကို နားလည်ထားခဲ့၏။

မုန့်ချီက ထိုသို့ပြုလုပ်လိုက်သည်ကို မြင်သည့်အခါ ကျန်းယွင်ရှန်ကလည်း သူ၏ မြွေပျံဓားကို ရုတ်တရက် ယူလိုက်သည်။ ပုံမှန်အားဖြင့် သူက အလေးမဲ့နေတတ်သော လူတစ်ယောက် မဟုတ်သော်လည်း ယနေ့တော့ စိတ်လွတ်နေ၏။

သူတို့က အချင်းချင်း တိတ်တဆိတ် စိုက်ကြည့်နေသည့်အချိန်တွင် စားပွဲထိုးကောင်လေး ရောက်လာပြီး အရက်အိုးတစ်လုံး ၊ မြေပဲစေ့များနှင့် သူတို့မှာထားသော စားစရာများကို ယူလာပေးခဲ့သည်။

မုန့်ချီက အရက်အိုးကို မြှောက်လိုက်ပြီး အရက်နှစ်ခွက် ထည့်လိုက်၏။ ထို့နောက် သူက အရက်ခွက်ကို မြှောက်ပြီး ပြောလိုက်သည်။

"လာ သောက်ကြမယ်…"

ကျန်းယွင်ရှန်က သက်ပြင်းချလိုက်မိပြီး မုန့်ချီနှင့် ခွက်ချင်းတိုက်လိုက်သည်။ ထို့နောက် သူ့ခွက်ကို တစ်ရှိန်ထိုး မော့သောက်ပစ်လိုက်၏။ မုန့်ချီလည်း ထိုကဲ့သို့သာ လုပ်ဆောင်လိုက်သည်။

ထိုအချိန်တွင် သူ၏ လည်ချောင်းထဲ၌ ပူဆင်းသွားသလို ခံစားလိုက်ရပြီး နောက်ထပ်တစ်ခွက် ထပ်ငှဲ့လိုက်သည်။ အရက်က မပြင်းသော်လည်း (၇)ခွက်တိတိ ဆက်တိုက်သောက်လိုက်ပြီးနောက် အချိန်အတော်အကြာ အရက်မသောက်ခဲ့သော မုန့်ချီ၏ ခေါင်းထဲ၌ ရီဝေဝေဖြစ်လာသည်။ စိတ်ထဲတွင်လည်း အန်ချင်လာသည့်အတွက် မြေပဲစေ့ အနည်းငယ်ကို ကောက်ယူပြီး စားလိုက်ရသည်။

ကျန်းယွင်ရှန်ကတော့ လျင်မြန်စွာ သောက်နေခဲ့၏။ သူ၏မျက်နှာကလည်း နီရဲနေခဲ့သည်။ သူ့ရှေ့တွင် ရှိနေသော မြေပဲစေ့များကို စိုက်ကြည့်ပြီး ရုတ်တရက် ပြောလိုက်၏။

"ညီလေးမုန့်…

မင်းက ပထမဆုံး အရက်သောက်ခဲ့တဲ့ အချိန်ကို မှတ်မိသေးလား။ အဲ့ဒီအချိန်တုန်းက မင်းက အရက်သီးသွားပြီး ချောင်းတောင်ဆိုးခဲ့သေးတယ်…"

"ကျွန်တော် မှတ်မိပါတယ်…"

မုန့်ချီက ပြန်ပြောလိုက်သည်။ ဒိုအာချာ၏ စမ်းသပ်မှုတွင် ထိုခန္ဓာကိုယ်က အရက်မသောက်ဖူးကြောင်း သူက မေ့လျော့သွားခဲ့၏။ ဝမ်းသာအားရ သောက်လိုက်ပြီးနောက် အတော်လေး မသက်မသာ ခံစားလိုက်ရပြီး ချောင်းဆိုး၍ သီးပါသီးသွားခဲ့သည်။

ထိုအရာကို မြင်သည့်အချိန်တွင် ကျန်းယွင်ရှန်က သူ့အတွက် လက်ဖက်စိမ်‌းရေနွေးတစ်ခွက်ကို ငှဲ့ပေးပြီး သူ့ကို ကောင်းကောင်းဂရုစိုက်ခဲ့၏။ ထိုအပြုအမူကြောင့် တည်ငြိမ်အေးချမ်းသော ကျန်းယွင်ရှန်က ခေါင်းဆောင်ကောင်းတစ်ယောက် မိတ်ဆွေကောင်းတစ်ယောက် ဖြစ်လာမည်တွေးထားခဲ့သည်။

"အဲဒီအချိန်တုန်းက အသက်အန္တရာယ်တွေ ဖိအားတွေရှိနေပေမဲ့ အခုထက်တော့ ပိုပြီးတော့ ပျော်ရွှင်ခဲ့ရတယ်…"

ကျန်းယွင်ရှန်က နာကျင်စွာ ပြောလိုက်ပြီး နောက်ထပ်အရက်ခွက်တစ်ခုကို ငှဲ့လိုက်ပြန်သည်။

မုန့်ချီ ပြန်ဖြေသည့်အချိန်ကို စောင့်‌မနေဘဲ သူက ထပ်ပြောလိုက်၏။

"ငါက ကျန်းကျန်းနဲ့ မတွေ့ခဲ့သင့်ဘူး။ သူလည်း ငါ့လိုပဲ အရမ်းဝမ်းနည်းပြီး နာကျင်နေရမယ်ဆိုတာ ငါသိတယ်။ ငါက ကျန်းဝူဝင်္ကပါကို ချိုးဖောက်ပြီး တောင်အောက်ကို ဆင်းချင်နေတာ။ ပြီးရင်တော့ မြောက်ပိုင်းကျိုးအင်ပါယာကို သွားပြီး သူ့ကို သွားခေါ်ဖို့ စဉ်းစားထားခဲ့တာ။ အဲဒီနောက်မှာတော့ ငါက သူ့ကို လမ်းမှာ အသိအကျွမ်းဖြစ်ခဲ့တာလို့ ဆင်ခြင်ပေးပြီး အိမ်ကို ခေါ်လာလို့ ရနိုင်တယ်။ ဒါပေမဲ့ မိသားစုခေါင်းဆောင်နှင့် ငါ့အဖေက ငါ့ကို ညီမလေးမင်ကျိနဲ့ ရုတ်တရက် စေ့စပ်ပေးခဲ့တယ်…"

မုန့်ချီကတော့ စားပွဲပေါ်တွင် တဒေါက်ဒေါက် ခေါက်နေသည်။ ကျန်းယွင်ရှန်၏ အသံကို အပြင်ဘက်မှ မကြားရစေရန် စည်းချက်ညီညီ လိုက်ခေါက်ပေးနေခြင်းဖြစ်၏။ မုန့်ချီက နောက်ထပ် မူးလာခြင်း မရှိတော့ချေ။

သူက အရက်ကို (၃)ခွက်ဆင့်၍ သောက်လိုက်သည်မှာ ကျန်းယွင်ရှန် သက်သောင့်သက်သာ စကားပြောနိုင်စေရန် သောက်ပေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူက တခြားလူတစ်ယောက်ကို နှစ်သိမ့်ချင်သည်ဆိုလျှင် သူကိုယ်တိုင်လည်း လေိုအပ်သည်။ မဟုတ်လျှင် မျက်နှာပျက်ရနိုင်၏။

ကျန်းယွင်ရှန်က နောက်ထပ် အရက်တစ်ခွက် ထပ်သောက်လိုက်သည့်အခါ မျက်လုံးများက နီရဲလာပြီး ပြောလိုက်၏။

"ငါက သူတို့ရဲ့ ရည်ရွယ်ချက်ကို သိနေတော့ မငြင်းနိုင်ဘူး။ ကျန်းမိသားစုက ချမ်းသာကြွယ်ဝတယ်လို့ ထင်ရပေမဲ့ တကယ်တမ်းတော့ အဲဒီလိုမဟုတ်ဘူး။ နှစ်ပေါင်း(၄၇)နှစ်အတွင်း မြေပြင်မှတ်တမ်းကို ရောက်နိုင်တဲ့ မျိုးနွယ်ဝင် တစ်ယောက်မှ ထွက်မလာခဲ့ဘူး။ ငါတို့အားလုံးက ဘိုးဘေးရဲ့ ထောက်ပံ့မှုတွေကို ရထားတော့ ဂိုဏ်းထဲမှာ အခက်အခဲတွေက ပိုပြီးတော့ များတယ်…”

“ဒါပေမဲ့ ယောင်မိသားစုကတော့ တစ်ချိန်လုံး တိုးတက်နေခဲ့တာ။ သူတို့က မျိုးဆက်(၃)ခု ဆက်တိုက် မြေပြင်မှတ်တမ်းမှာ အဆင့်ဝင်တဲ့ သိုင်းသခင်တွေ ထွက်လာခဲ့တယ်…အခု ယောင်ညီအစ်ကိုကလည်း ကျန်းဝူတပည့် (၇)ယောက်ထဲမှာ အဆင့်ဝင်နေပြီ…”

“ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လက်အောက်ခံမိသားစုတွေရဲ့ ရုန်းကန်မှုတွေက ကန့်သတ်ချက်ကို ကျော်လွန်လို့မရနိုင်ဘူး။ ပင်မ မိသားစုကြီးတွေကလည်း အဲဒီမိသားစုတွေရဲ့ ပြဿနာတွေကို ဝင်ပြီးတော့ မရှုပ်ကြဘူး။ ဘာလို့လဲဆိုတော့ သူတို့က ဦးဆောင်နိုင်ပြီး ရည်မှန်းချက်ကြီးတဲ့ လူနည်းနည်းကိုပဲ လိုချင်တာလေ..”

“ဒါပေမဲ့ ယောင်မိသားစုကတော့ အရမ်းကို ဖိနှိပ်လွန်းတယ်။ သူတို့က တစ်ဆင့်ချင်းဆီ ဖိနှိပ်နေပြီး ငါတို့ကို အသက်ရှူဖို့ အခွင့်အရေးတောင် မပေးခဲ့ဘူး။ ငါတို့နဲ့ အခြေအနေတူတဲ့ စုန့်မိသားစုနဲ့ ပေါင်းစပ်လိုက်တာက အကျိုးသက်ရောက်မှု အရှိဆုံး အဖြေတစ်ခုပဲ…"

ကျန်းဝူဂိုဏ်းက ပင်မမျိုးဆက်နှင့် လက်ခွဲများအဖြစ် ခွဲခြားထားသည်။ ခေါင်းဆောင်က ပင်မမျိုးဆက်ကို အလေးထားသော်လည်း လက်ခွဲမျိုးဆက်များမှ တပည့်များကိုလည်း အခြေခံသိုင်းပညာများ သင်ကြားခြင်းကို တားမြစ်ထားခြင်း မရှိချေ။ ထို့ကြောင့် တာအိုဂိုဏ်း (၃)ခုထဲတွင် ထူးဆန်းသည်ဟု သတ်မှတ်နိုင်သည်။

ကျန်းယွင်ရှန်က ဆက်ပြောနေသော်လည်း သူ၏ အာရုံများကတော့ လွတ်မသွားသေးပေ။ သို့သော် သူ၏ ခံစားချက်များကတော့ တဖြည်းဖြည်း ပို၍ ရှုပ်ထွေးလာခဲ့၏။

"ငါက ကျန်းမိသားစုရဲ့ မျှော်လင့်ချက်လေ။ ငါ့ရဲ့အသွေးအသားတွေကို ငါ့မိဘတွေက ပေးထားတာ။ အရာအားလုံး သူတို့ကပဲ ငါ့ကို ပေးထားခဲ့တာ။ စားစရာ ၊ သိုင်းပညာ ၊ ဆေးလုံးတွေနဲ့ အဝတ်အစားတွေ အားလုံးပဲ။ အခုငါ့မိသားစုက ဒီလိုပြဿနာမျိုး ရင်ဆိုင်နေရတဲ့အချိန်မှာ ငါက အချစ်ကို ကိုးကွယ်ပြီး သူတို့ကို ဘယ်လိုဒုက္ခခံခိုင်းရမှာလဲ…"

“မိသားစုချစ်ခြင်းမေတ္တာက တောင်တန်းကြီးတစ်ခုလို နက်ရှိုင်းတာပဲ…”

မုန့်ချီက သက်ပြင်းချလိုက်မိသည်။

ကျန်းယွင်ရှန်က နောက်ထပ်အရက်တစ်ခွက် ငှဲ့လိုက်ပြီး ဝမ်းနည်းစွာ ပြောလိုက်၏။

"ဒါပေမဲ့ ငါက ကျန်းကျန်းကိုလည်း မထားခဲ့နိုင်ဘူး။ ငါက သူ နာကျင်နေရတာကိုလည်း မမြင်ချင်ဘူး။ ငါက သူနှင့်အတူ သိုင်းလောကမှာ လျှောက်သွားပြီး အရှေ့ပင်လယ်မှာ သီချင်းတွေ အတူတူဆိုချင်သေးတာ…"

မုန့်ချီက စကားနားထောင်ရင်း စားပွဲကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့ရင်ထဲ၌ အတွေးတစ်ခုပေါ်လာခဲ့၏။

"အချစ်ဆိုတဲ့ စကားလုံးက ကမ္ဘာပေါ်မှာ အနာကျင်ရဆုံးပါပဲလား…"

အစ်ကိုကြီးကျန်း၏ ထူးခြားသော အပြုအမူများကို သူလည်း လုံးဝမမြင်ဖူးချေ။ ပုံမှန်အားဖြင့် ပြောရလျှင် သူက တည်ငြိမ်ပြီး ခေါင်းဆောင်မှုအတွက် မွေးဖွားလာသူ တစ်ယောက်ပမာ ထင်မှတ်ရသည်။ ယခုတော့ သူ့လို လူတစ်ယောက်က အချစ်ကြောင့် အရက်သမားကဲ့သို့ ဖြစ်နေသည်ကို ကြည့်နေရ၏။

ကျန်းယွင်ရှန်က အနည်းငယ်တည်ငြိမ်သွားသည်ကို စောင့်ပြီး မုန့်ချီက ပြောလိုက်သည်။

"အစ်ကိုကြီးကျန်း…

အစ်ကိုကြီးကျန်းကလည်း ကျန်းကျန်းလိုပဲ ကျွန်တော့်ရဲ့မိတ်ဆွေ တစ်ယောက်ပဲလေ။ အစ်ကိုကြီးရဲ့ အခြေအနေက အရမ်းကို ရှုပ်ထွေးနေတယ်။ တစ်ဖက်မှာ မိသားစုအရေး ရှိနေတယ်။ မိသားစုမေတ္တာတရားကလည်း အရမ်းကို ကြီးမားလွန်းတယ်။ တစ်ဖက်မှာလည်း ကျန်းကျန်းနဲ့ အစ်ကိုကြီးက အချင်းချင်း သဘောကျနေတယ်။ အစ်ကိုကြီးတို့က သေခြင်းရှင်ခြင်းကိုတောင် အတူတူရင်ဆိုင်မယ်လို့ ဆုံးဖြတ်ချက်ချထားကြတာပဲ….”

“ကျွန်တော်လည်း ဘယ်လိုအကြံပေးရမလဲ မသိတော့ဘူး။ ကျွန်တော်က နားထောင်ပေးလို့ပဲ ရတယ်။ ဒါပေမဲ့ အစ်ကိုကြီးမှာ ဘယ်လိုအခက်အခဲပဲ ရှိရှိ ကျွန်တော်က ဖြေရှင်းဖို့ ကူညီပေးနိုင်ပါတယ်။ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်တော်က အဲဒါပဲလုပ်ပေးနိုင်တယ်…"

“ငါက မင်းကို ဘာလို့ဒုက္ခပေးရမှာလဲ…"

ကျန်းယွင်ရှန်က ယခင်တုန်းကထက် အနည်းငယ်ပို၍ သက်သာလာပုံရသည်။ သူက အားတင်း၍ ပြောလိုက်၏။

"စုန့်မိသားစုက ငါ့ကို တည့်တည့်ဦးတည်နေတာ။ ဘာလို့လဲဆိုတော့ ညီမလေး‌မင်ကျိကလည်း ကျန်းဝူတပည့် (၇)ယောက်ထဲက တစ်ယောက်အပါအဝင်ပဲလေ။ သူတို့တွေက ကျန်းမိသားစုထဲမှာ ငါ့ကိုပဲ လက်ခံချင်ကြတယ်။ ငါက တံခါး(၆)ပေါက် ပွင့်နေပြီ။ ပြီးတော့ ထိပ်တန်းဝေ့ကျင်းအဆင့် ဓားပညာတစ်ခုကို ကျွမ်းကျင်ထားတယ်။ ပြီးတော့ ကျန်းဝူတပည့်(၇)ယောက်ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်နေတယ်လေ"

မုန့်ချီက စဉ်းစားနေရင်း‌ ခေါင်းညိတ်ပြလိုက်သည်။ မိသားစု၏ လွှမ်းမိုးမှုကျေန်းယွင်ရှန်က ကောင်းကင်မျက်လုံး‌ မြေပြင်နား ဆေးလုံးကို သောက်လိုက်ရပြီး နှာခေါင်းတံခါးကို အတင်းအကြပ် ဖွင့်လိုက်ရသည်။

ကျန်းယွင်ရှန်က ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်လိုက်မိ၏။

"မဟာမိတ်ဖွဲ့တာရဲ့ အဓိကအကြောင်းအရင်းက စေ့စပ်ကြောင်းလမ်းခြင်း မဟုတ်ဘူးဆိုတာ ငါက ရှင်းရှင်းလင်းလင်း သိတယ်။ အဲဒါက မိသားစုနှစ်ခုလုံးရဲ့ အကျိုးစီးပွားအတွက်ပဲ။ ဒါပေမဲ့ တကယ်လို့ ငါကသာ ညီမလေး မင်ကျိနဲ့ မစေ့စပ်ဘူးဆိုရင် မဟာမိတ်ဖွဲ့တဲ့အပေါ် ငါတို့ရဲ့သဘောထားကို ဘယ်လိုပြနိုင်မှာလဲလို့ ငါ့အဖေ ပြောခဲ့တယ်။ ငါက ဘယ်လိုလုပ်ပြီး ငြင်းဆန်ရမှာလဲ…"

သူက အလွန်အကျွံ အရက်မူးနေပြီး တစ်ယောက်တည်း ပြောနေခဲ့သည်။

"ငါက စေ့စပ်ပွဲကို မငြင်းနိုင်ခဲ့ဘူး။ လက်ရှိ ကျန်းဝူတပည့်(၇)ယောက်ထဲမှာ ရန်ဟယ်က အလားအလာ အရှိဆုံးပဲ။ သူ့နောက်မှာတော့ ရန်တိုင်နဲ့ ယောင်ညီအစ်ကိုတို့ ရှိတယ်။ ဒါပေမဲ့ ညီမလေးမင်ကျိနဲ့ ငါ့မှာတော့ ကွဲပြားမှုတွေ အများကြီးပဲ။ ဒီလိုအခြေအနေမျိုးမှာ မိသားစုနှစ်ခုသာ ပူးပေါင်းလိုက်မယ်ဆိုရင် ငါတို့က ဦးဆောင်နိုင်ပြီး ခေါင်းဆောင်ရဲ့ အာရုံစိုက်မှုကို ပိုပြီးခံရနိုင်တယ်။ ပြီးတော့ ပင်မမျိုးဆက်တွေကို ကိုယ်စားပြုနိုင်လိမ့်မယ်…”

“ရန်ဟယ်က ညီမလေးကျန်းလို တံခါး(၄)ပေါက်ပဲ ပွင့်သေးပေမဲ့ အသက်ငယ်ငယ်လေးနဲ့ ဓမ္မကာရအဆင့် ကျန်းဝူလက်ဝါး(၇)ချက်မှာ သတ်ဖြတ်ရေး သိုင်းကွက်တစ်ခုကို နားလည်ထားတယ်။ ရန်ဟယ်က သိုင်းကွက်နည်းနည်းပဲ လေ့လာထားနိုင်ပေမဲ့ သူ့ရဲ့စွမ်းရည်က တော်တော်လေး ကြောက်စရာကောင်းတယ်…"

ကျန်းယွင်ရှန်က ဆက်၍ပြောနေခဲ့သည်။

"ရန်တိုင်က တံခါး(၆)ပေါက်အဆင့်မှာ တော်တော်လေး တည်ငြိမ်နေပြီ။ သူက ထိုက်ကျိကျင့်စဉ်ကို ကျွမ်းကျင်နေပြီး တခြားသိုင်းပညာတွေကို ကျွမ်းကျင်မှုကလည်း တခြားလူတွေထက် မနိမ့်ဘူး။ သူ့ရဲ့အခြေခံက အရင်တုန်းကထက်တောင် ပိုပြီးတော့ တည်ငြိမ်လာသေးတယ်။ အနာဂတ်မှာ ရန်တိုင်က သေချာပေါက် တိုးတက်လာမှာပဲ။ တနေ့တုန်းကပဲ ရန်တိုင်က ကျန်းဝူဝင်္ကပါကို ချိုးဖျက်ပြီး တောင်အောက်ကို ဆင်းသွားနိုင်ခဲ့ပြီ…”

“ယောင်ရှင်းဟန်က တံခါး(၆)ပေါက်အဆင့်မှာ တည်ငြိမ်နေပြီး ငါ့ထက် စွမ်းအားပိုကြီးတယ်။ သူက ဝေ့ကျင်းအဆင့် သတ်ဖြတ်ရေး ပညာနှစ်ခုကိုလည်း နားလည်ထားတယ်။ အခုသူကလည်း ကျန်းဝူဝင်္ကပါကို ချိုးဖျက်ဖို့ ပြင်ဆင်နေပြီ။ ယောင်ရှင်းလျှူက အသက်(၁၇)ပဲရှိသးတယ်။ ဒါပေမဲ့ သူက တံခါး(၄)ပေါက် ပွင့်နေပြီး ဝေ့ကျင်းအဆင့် ထိပ်တန်း ဓားသိုင်းတစ်ခုကို ကျွမ်းကျင်နေတယ်။ ပြီးတော့ သူက သိုင်းပညာကို ရူးသွပ်တဲ့အတွက် အကြီးအကဲတွေက သူ့ကို အရမ်းသဘောကျနေကြတယ်…"

ကျန်းယွင်ရှန်၏ စကားကိုကြားသည့်အခါ မုန့်ချီက စိတ်ထဲတွင် ကြိတ်၍ အံ့ဩသွားမိသည်။ အလွန်နာမည်ကျော်ကြားသော ဂိုဏ်းများထဲတွင် ယှဉ်ပြိုင်မှုက အလွန်ဆိုးရွားလှ၏။ သူကတော့ ရှောင်လင်မှ ထွက်လာခဲ့သည်မှာ ကံကောင်းသွားသည်။

ကျန်းမျိုးဆက်က (၇)နှစ် (၈)နှစ်ခန့်သာ ရှိသေးပြီး ရှောင်လင်၏ သိုင်းပညာကတော့ ဖြည်းဖြည်းချင်းတိုးတက်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ရိတ်သိမ်းရမည့်အချိန်ကို မရောက်သေးပေ။

"ငါက သူတို့ထက်ပိုပြီး အစွမ်းထက်တာ မရှိဘူး။ ဒီတော့ မိသားစုအတွက် အကောင်းဆုံး ကြိုးစားပေးရုံပဲရှိတယ်…"

ကျန်းယွင်ရှန်က အက်ရှရှလေသံနှင့် ပြောလိုက်၏။

"တစ်ခါတလေမှာ ငါ့မိဘတွေ ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေ၊ စေ့စပ်ပွဲ ၊ ကျန်းဝူတပည့် (၇)ယောက်၊ မိသားစုခေါင်းဆောင်နဲ့ ဘိုးဘေးတို့လို အရာတွေက ငါ့ရဲ့ပတ်ပတ်လည်မှာ ချုပ်နှောင်ထားတဲ့ ကြိုးတွေလိုပဲ။ သူတို့တွေက ကျောက်တုံးတစ်တုံးနဲ့ ငါ့ရဲ့နှလုံးသားကို ဖိနှိပ်ထားသလို ခံစားနေရတယ်။ ငါက လွတ်လပ်မှု မရှိတဲ့အတွက် အကျဉ်းအကြပ်ထဲရောက်နေသလိုပဲ။ ငါက အဲဒီကြိုးတွေကို ဓားနှင့်ဖြတ်ပစ်ပြီး လွတ်မြောက်ချင်တယ်။ ဒါပေမဲ့ ငါက ဒီလိုအရာမျိုးကို တစ်ခါတစ်လေမှပဲ တွေးမိပါတယ်။ သူတို့က ငါ့ကို ဂရုစိုက်ထားမှတော့ ငါက သူတို့ကို မျက်ရည်ကျအောင် လုပ်လို့ဖြစ်ပါ့မလား။ ဒါပေမဲ့ ….."

ကျန်းယွင်ရှန်က အရက်တစ်ခွက်ကို ထပ်သောက်လိုက်ပြီး သူ၏ မျက်လုံးများက အလွန်နီရဲနေခဲ့သည်။ မုန့်ချီကတော့ ခေါင်းခါ၍ အလေးအနက် ပြောလိုက်၏။

"အစ်ကိုကြီးကျန်း…

ကျွန်တော်က မိတ်ဆွေတစ်ယောက်ဆိုတော့ အစ်ကိုကြီးကျန်းနဲ့ အတူတူသောက်ပေးပြီး အစ်ကိုကြီးရဲ့အလုပ်တွေကို ပြီးဆုံးအောင်လုပ်ဖို့ ကူညီပေးနိုင်တယ်။ ဒီတော့ အစ်ကိုကြီးက ဘယ်လိုဆုံးဖြတ်ချက်ချပါလို့ ကျွန်တော် မပြောချင်ဘူး။ ဒါပေမဲ့ တစ်ခုခုကိုတော့ မြန်မြန်ဆုံးဖြတ်လိုက်မှဖြစ်မယ်။ အဲဒါကိုတော့ တွေဝေနေလို့ မရ‌ဘူး…”

“တကယ်လို့ အစ်ကိုကြီးက မိသားစုဆွေမျိုးတွေကို အရေးကြီးဆုံးအရာလို့ သတ်မှတ်လိုက်မယ်ဆိုရင် ကျန်းကျန်းကို အမှန်အတိုင်း ပြောပြဖို့လိုတယ်။ သူ့ရဲ့အတွေးတွေကို ဖယ်ရှားခိုင်းလိုက်ပြီး သူ့ကို ကုစားဖို့ အခွင့်အရေးတစ်ခု ပေးသင့်တယ်။ တကယ်လို့ အစ်ကိုကြီးက ကျန်းကျန်းကို ရွေးချယ်လိုက်မယ် ဆိုရင်လည်း သတ္တိမွေးပြီး စေ့စပ်ပွဲကို ဖျက်သိမ်းဖို့ နည်းလမ်းရှာရမယ်။ အစ်ကိုကြီးက မိသားစုကို သေချာရှင်းပြဖို့လည်း ပြင်ဆင်ထားသင့်တယ်။ ဒါမှလည်း အပြစ်ကင်းစင်တဲ့ မင်ကျိကို မထိခိုက်စေမှာ… "

ကျန်းယွင်ရှန်ကတော့ အတွေးထဲတွင် နစ်မြောနေခဲ့သည်။ သူ၏ ခေါင်းထဲတွင် လွန်ဆွဲနေခဲ့၏။ မုန့်ချီက စားပွဲကို ဆက်၍ ခေါက်နေခဲ့သည်။

ရုတ်တရက်ဆိုသလို သူတို့၏ ဘေးတွင် ထိုင်နေသော ဓားသမားတစ်ယောက်က ထွက်လာပြီး အော်ပြောလိုက်သည်။

"ကောင်လေး…

စလာကတည်းက စားပွဲကို တဒေါက်ဒေါက်‌ ခေါက်နေတာ ။ အဲဒီအသံက တော်တော်လေးကို ဆိုးတယ်။ မင်းက သစ်တောက်ငှက်လားကွ… ဟမ်…"

Translated by Hein Htet.

All Chapters