ရှေ့နားမှာ တောအုပ်လေးရှိတယ်
Vol. 97 Ch. 1443
“ အင်း ဒါပေမယ့် ငါ့အတွက်ကျ နည်းနည်း …. “
“ လင်းရီ … ငါ နင့်ကို သေအောင် ညှစ်သတ်ပစ်မယ်ဆိုတာ ယုံလား…”
ခရီးသည် ထိုင်ခုံတွင် ထိုင်နေသည့် အန်းနင်သည် ရုတ်တရက် ဆိုသလို လင်းရီအပေါ်သို့ ဆာလောင်နေသည့် ကျားမ တစ်ကောင်နှယ် ခုန်အုပ်လာခဲ့သည်။
မျက်နှာ သို့မဟုတ် ခါး ဖြစ်စေ ၊ သူမ ထိတွေ့နိုင်သည့် နေရာ မှန်သမျှ ဆွဲဆိတ် ကုတ်ခြစ်နေတော့၏။
အကယ်၍များ အန်းနင် လက်ထဲတွင် ဓားတစ်လက် ရှိနေမည် ဆိုပါက လင်းရီ အပိုင်းပိုင်း ဖြစ်နေလောက်ချေပြီ။
“ နင် ငါ့ကောင်းကြောင်းလေးတွေ ပြောပေးလို့ မရဘူးလား.. ဘာပဲဆိုဆို ငါ့ရဲ့ ကိုယ်လုံးကိုယ်ပေါက် ကောက်ကြောင်းက လှပြီးသားနော်… နင် ပြောသလောက်ချည်းလည်း ဟုတ်မနေဘူး… “
“ ဒါပေမယ့် နည်းနည်းလေး ရှေးခေတ် တအား ဆန်နေသလားလို့လေ…”
“ ငါ ကြိုက်တယ်…”
“ ဟုတ်တယ် ဟုတ်တယ်… မင်းကြိုက်တာ မင်းဝတ်… ပြီးတော့ ချည်သားစစ်ဆိုတော့ ရေလည်း စုပ်….”
“ နင် ထပ်ပြောပြန်ပြီလား… ငါ နင့်ကို တကယ်ကြီး လုပ်တော့မှာနော်…”
ဒေါက် ဒေါက် ဒေါက်…
အန်းနင် နောက်တစ်ကြိမ် လှုပ်ရှားတော့မည့် အချိန်မှာပဲ ရုတ်တရက်ဆိုသလို တစ်စုံတစ်ယောက်က ကားပြတင်းပေါက်မှန် လာခေါက်သည့် အသံကို ကြားလိုက်ရသည်။
ယင်းက အစိမ်းရောင် စစ်ဝတ်ကုတ်အရှည်နှင့် သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ဖြစ်ပြီး အပြင်ဘက်၌ တစ်စုံတစ်ယောက် ရှိနေသည်ကို မြင်တော့ အန်းနင် သူမ ထိုင်ခုံသို့ အလျင်အမြန် ပြန်ထိုင်လိုက်ကာ လင်းရီ ကားမှန်ကို ချလိုက်၏။
“ ဟုတ် အစ်ကိုကြီး ဘာကူညီပေးရမလဲ..”
“ အဲ့တာက….”
သက်လတ်ပိုင်း အမျိုးသား၏ အမူအရာက အနည်းငယ် ကိုးရို့ကားယား နိုင်နေသည်။ သူ မပြောခင် အချိန်အတော်ကြာသည်ထိတိုင်အောင် စဉ်းစားရကြပ်နေခဲ့၏။
“ ဒီနေရာက ဆေးရုံဝင်ပေါက်ဝ …. အများပြည်သူ သွားလာတဲ့ နေရာ… ဝင်ထွက်သွားလာနေတဲ့ လူတွေမှ အများကြီး… အဲ့တာ မင်းတို့ တခြား လူပြတ်တဲ့ နေရာ သွားဖို့ အကြံလာပေးတာ…”
ပြေပြီးနောက် သက်လတ်ပိုင်း အမျိုးသားသည် နောက်သို့ ညွှန်ပြလိုက်ပြီး “ ငါ့နောက်က လမ်းအတိုင်း တည့်တည့် မောင်းသွားရင် ဟော်ရှင်းလမ်းကို ရောက်မယ်… အဲ့မှာ တက္ကသိုလ် တစ်ခုက လက်တွေ့စမ်းသပ်မှုတွေလုပ်တဲ့ သစ်တောအုပ် သေးသေးလေး တစ်ခု ရှိတယ်… အဲ့မှာ လူသိပ်မများဘူး…”
“ အာ….”
ဒီလူက ဘယ်လိုနေထိုင်ရမလဲ သိတဲ့ လူပဲ…
“ ဟုတ် အစ်ကိုကြီး ကျေးဇူးပါ…”
လင်းရီက ပူးပေါင်းဆောင်ရွက်ပေးနေသည်ကို မြင်တော့ သက်လတ်ပိုင်း အမျိုးသားသည် အားရကျေနပ်သွားခဲ့ပြီး ပြုံးလျက် ခေါင်းညိမ့်လိုက်၏။
“ ဒီရဲ့ A4 က နည်းနည်းသေးတယ်… အမှန်ဆို မင်း SUV ပြောင်းသင့်တာ… အိုး ပြီးတော့ ဟီတာလည်း ဖွင့်ဖို့ မမေ့နဲ့ဦး…. အအေးမိလိမ့်မယ်…”
အန်းနင် “ …. “
“ ဟုတ်ကဲ့ ဟုတ်ကဲ့… ကျေးဇူးနော် အစ်ကိုကြီး…”
“ ငါ သွားနှင့်ပြီ… မင်းတို့ ဆက်လုပ်ကြဦး…”
“ ဒါပေါ့… ဒါပေါ့... ”
သက်လတ်ပိုင်း အမျိုးသား ထွက်ခွာသွားပြီးနောက် လင်းရီ ပြတင်းပေါက်မှန်ကို ပြန်တင်လိုက်လေသည်။
“ မင်းမြင်လား… ပင်းချိန်မြို့က လူတွေက ဘဝနေနည်းတွေ သိပ်သိကြတာပဲ…”
ခရီးသည်ထိုင်ခုံတွင် ထိုင်နေသည့် အန်းနင်မှာ သူမ မျက်နှာတစ်ဝက်ကို လက်ဖြင့် ဖုံးအုပ်ထားနေမိ၏။ မျက်နှာတစ်ပြင်လုံးလည်း နီရဲနေပြီး မည်သူနှင့်မျှ မျက်နှာချင်း မဆိုင်ဝံ့လောက်အောင်ကို ရှက်ရွံ့နေလေသည်။
Blue fairy က ဘာလဲဆိုတာကို သိသည့် မိန်းကလေး တစ်ယောက်အနေနှင့် သက်လတ်ပိုင်း အမျိုးသား ပြောချင်နေသည့် ဆိုလိုရင်းကို သဘာဝအလျောက် နားလည်သည်။
“ မြန်မြန် ထွက်တော့… ဒီလာပြီး နင့်ကိုယ်နင် အရှက်ခွဲမနေနဲ့…”
“ အယ်… မင်းပဲ လူပေါ် ခုန်အုပ်လာတာလေ… ငါက ဘာမှ လုပ်တာ မဟုတ်ဘူး..”
“ ရပြီ.. ဒီတိုင်း သွားကြစို့…”
အန်းနင်၏ တိုက်တွန်းလောဆော်မှုအောက်တွင် နှစ်ယောက်သား အန်းကော်ဟွား၏ လူနာခန်းထဲသို့ ရောက်ရှိလာခဲ့ကြ၏။
ထိုအခိုက်အတန့်တွင် လျိုကွေ့ချင် တစ်ဦးတည်းသာ ဤနေရာ၌ ရှိနေပြီး အန်းကော်ဟွားရဲ့ အခြေအနေကလည်း တည်ငြိမ်ကောင်းမွန်နေသည်။ မည်သို့သော ဖောက်ပြန်သည့် အခြေအနေမျိုးကိုမှ ပြသမနေချေ။
သို့သော် တစ်ဖက်သို့ လှည့်လိုက်တော့ အန်းနင်၏ မိဘများအပြင် လူငါးယောက်က အခန်းထဲ ရှိနေကြောင်းကို လင်းရီတို့ မြင်တွေ့လိုက်ရ၏။
သူတို့အနက် တစ်ဦးက နီကျန်းရန်ပင် ။ အခြား လေးယောက်မှာတော့ အမျိုးသား သုံးယောက်နှင့် အမျိုးသမီး တစ်ယောက် ဖြစ်ပြီး သူတို့ အားလုံးက သက်ကြီးပိုင်းများ ဖြစ်ကြ၏။
လင်းရီနှင့် အန်းနင်တို့ အထဲဝင်လာသည်ကို မြင်တော့ အုပ်စုမှာ မသာယာသည့် အမူအရာများဖြင့် သူ့ကို စုန်ချည်ဆန်ချည် အကဲခတ်နေကြသည်။
“ နီကျန်းရန် ဘေးမှာ ထိုင်နေတဲ့လူက သူ့မိဘတွေ … တခြား နှစ်ယောက်က သူ့ ဒုတိယနဲ့ တတိယ ဦးလေးတွေပဲ…” အန်းနင် နူးညံ့သည့် အသံဖြင့် မိတ်ဆက်ပေးလိုက်၏။
“ နင်နင် …. လာပါဦး… ဒေါ်လေးနား ထိုင်လှည့်ပါဦး…” နီကျန်းရန်၏ မိခင် ဖန်ရှုလန်က ပြောလိုက်ပြီး “ သမီး အိမ်ကို မလာဖြစ်တာတောင် ဘယ်လောက် ကြာနေပြီလဲ… ဒေါ်လေး သမီးကို အရမ်း သတိရနေတာ…”
ဖန်ရှုလန်သည် အန်းနင်၏ လက်ကို ကိုင်ထားရင်း အန်းနင်အား သူမ၏ ချွေးမလေး တစ်ယောက်ကဲ့သို့ ရှုမြင်နေသည်။
“ သမီး ခုတလော အလုပ်တွေ အရမ်းများနေလို့လေ… အဲ့တာကြောင့် အချိန်သိပ်မရလို့…”
“ ဒါပေါ့ ဒါပေါ့… အလုပ်များနေမှာပဲ… သမီးတို့ နှစ်ယောက် နောင်ကျ လက်ထပ်ပြီးသွားရင် ဒေါ်လေး သမီးတို့ဖို့ နေ့တိုင်း ထမင်းဟင်းချက်ပေးမယ် ဟုတ်ပြီလား… တစ်နှစ် သုံးနပ် စားလို့ ဟင်းနှစ်မျိုး မထပ်စေရဘူး ဒေါ်လေး ကတိပေးတယ်…”
“ ဒေါ်လေး …. ဒေါ်လေး မသိသေးတဲ့ ကိစ္စတစ်ချို့ ရှိသေးတယ်… ဒီနေ့ လူတိုင်းလည်း ဒီမှာရှိနေတယ်ဆိုတော့ ကျွန်မ ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပါရစေ..” အန်းနင် ပြောလိုက်ပြီး “ ကျွန်မနဲ့ ကျန်းရန်ကြားမှာ ထပ်ပြီး မဖြစ်နိုင်တော့ဘူး.. ဒီတိုင်း ခုတလော ဖြစ်သွားခဲ့တာတွေက အရမ်းများလွန်းလို့ ဒေါ်လေးကို ပြောဖို့ အချိန်မရလိုက်တာ.. ရှင်တို့ လာခဲ့ရတဲ့ ခရီးက အချည်းနှီး ဖြစ်သွားခဲ့တာကိုတော့ ကျွန်မလည်း အားနာရပါတယ်…”
“ ဟင် ဒါက….”
နီမိသားစုလည်း အန်းနင်တို့ နှစ်ယောက်ကြားတွင် သဘောထား မတိုက်ဆိုင်မှု အသေးမွှားလေး ရှိထားသည်ကို သိသည်။ သို့သော် လမ်းခွဲရလောက်သည့် အခြေအနေထိ ရောက်သွားလိမ့်မည်လို့တော့ မျှော်လင့်မထားခဲ့ပါချေ။
“ နင်နင် … မင်း ဘာတွေ လျှောက်ပြောနေတာလဲ… ဘာလို့ ငါနဲ့ လမ်းခွဲမှာလဲ…” နီကျန်းရန် သူ၏ စိတ်ခံစားချက်များကို ထိန်းမချုပ်နိုင်စွာဖြင့် ကျယ်လောင်စွာ ဟစ်အော်မိလိုက်၏။
“ အကြောင်းပြချက်ကို နင်သိပြီးသားပါ… နင် ငါ့ကို မေးနေစရာ မလိုပါဘူး…”
“ ငါမင်းကို ရှင်းပြခဲ့ပြီးပြီပဲလေ… ငါက အန္တရာယ် အကင်းဆုံး ရွေးချယ်မှုကို ပြုခဲ့ရုံပဲ… မဟုတ်ရင် ပိုပြီး ဆိုးရွားတဲ့ တစ်ခုခုတောင် ဖြစ်ပျက်သွားနိုင်တယ်…” နီကျန်းရန်၏ အမူအရာသည် ကြမ်းတမ်းခက်ထန်နေပြီး စိတ်ရူးပေါက်နေသကဲ့သို့ ဖြစ်နေတော့၏။
“ ပြီးတော့ အခု… ငါ မင်းကို ကတိပေးတယ်… တကယ်လို့ နောင်ကျ အဲ့လို ဖြစ်ရပ်မျိုး နောက်တစ်ကြိမ် ရှိလာခဲ့ရင် ငါ ချက်ချင်း မင်းရှေ့ကနေ မားမားမတ်မတ် ရပ်တည်ပြီး မင်းဆီ ဘယ်လို နာကျည်းမှုမျိုးမှ မဖြစ်စေရဘူး..”
အန်းနင် နောက်သို့ ဆုတ်ခွာလိုက်ပြီး သူနှင့် သူမကြား အကွာအဝေးကို ကန့်သတ်လိုက်သည်။
“ အဲ့တာက အရေးမကြီးဘူး… အဲ့တာပြီးတော့ နင် ဘာဆက်လုပ်ခဲ့လဲဆိုတာ နင့်ကိုယ်နင် သိမှာပါ…”
အန်းနင် ဆံပင်ကို ဖြီးသပ်၍ အသက်ပြင်းပြင်း ရှူရှိုက်လိုက်သည်။
“ ဘယ်လိုပဲ ဖြစ်ဖြစ် … ငါတို့နှစ်ယောက်က တစ်နှစ်ကျော်လောက် အတူတွဲခဲ့ကြတယ်.. နင့်ကို အရှက်ကွဲစေမယ့် တချို့ ကိစ္စတွေကို ငါ ထုတ်မပြောချင်ဘူး… ဒီတော့ ဒီနေ့ ဒီမှာပဲ အဆုံးသတ်လိုက်ကြစို့… ငါ့ အဖေကို လာကြည့်ပေးလို့ ကျေးဇူးပဲ…”
“ နင်နင် မင်း…”
“ ငါ့ကို အဲ့လို လာမခေါ်နဲ့…. ငါတို့နှစ်ယောက်ကြားမှာ ဘာပတ်သက်မှုမှ မရှိတော့ဘူး…”
အန်းနင် လင်းရီ၏ လက်မောင်းကို ဖက်လိုက်ပြီး “ သူက ငါ့ရဲ့ ကောင်လေး အသစ်ပဲ… ငါအဖေ သက်သာလာတာနဲ့ ငါတို့ နှစ်ယောက်က လက်ထပ်ကြတော့မှာ… ဒီတော့ နင် အရှုံးပေးလိုက်တော့…”
နီကျန်းရန်နှင့် လမ်းခွဲခြင်းက မယုံကြည်နိုင်စွာ သတင်း တစ်ပုဒ်ဆိုလျှင် လင်းရီနှင့် လက်ထပ်ခြင်းက နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်ခြင်း ဖြစ်၏။
“ မဖြစ်နိုင်ဘူး… မင်းငါ့ကို လာလိမ်မနေနဲ့… မင်းငါ့ကို စိတ်ဆိုးလို့ သူ့ကို ရည်ရွယ်ချက် ရှိရှိ ဒီဆွဲခေါ်လာတယ်ဆိုတာ ငါသိတယ်…” နီကျန်းရန် ပြောလိုက်ပြီး “ နင်နင် … ငါ မင်းကို တောင်းပန်ပြီးပြီလေကွာ… ဒီကိစ္စကို မေ့လိုက်ကြရအောင်လေနော်… မြန်မြန် သူ့ကို လွှတ်လိုက်တော့… ငါတို့ မိသားစုတွေက ဒီမှာ ရှိနေကြတာ.. မင်းသူ့ကို အဲ့လိုလုပ်နေလို့ မသင့်တော်ဘူး…”
“ ငါ နင့်ကို ညာတယ်ဆိုပြီး ဘာကိစ္စ ထင်နေတာလဲ…” အန်းနင် ပြောလိုက်ပြီး “ ငါတို့နှစ်ယောက်က တကယ်ကြီး အတူနေပြီးသွားပြီ… ဒီလို ကိစ္စကြီးကို ဘာကိစ္စ ငါက နောက်ရမှာလဲ…”
“ မင်းတို့နှစ်ယောက်က သိတာ ရက်ပိုင်းလေးပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး အတူနေပြီးရမှာ… ငါတို့နှစ်ယောက်က ငယ်ကတည်းကရင် သိကျွမ်းလာခဲ့ကြတဲ့ လူတွေလေ… ငါတို့နှစ်ယောက်ရဲ့ သံယောစဉ်က သူ့ထက် အကြိမ်တစ်ထောင်မက ခိုင်မာတယ်လေ…”
“ အကြည့်တစ်ချက်က အချစ်ကို ပေါက်ဖွားစေတယ်… ငါတို့နှစ်ယောက်က သိကြတာ ရက်ပိုင်းလေးပဲ ရှိသေးတယ်ဆိုပေမယ့် သူက ငါ ရှာဖွေနေတဲ့ လူစားမျိုးပဲ ဆိုတာ ငါသိလိုက်ပြီ…” အန်းနင် ပြောလိုက်ပြီး “ ပြီးတော့ အဲ့ဒီညမှာ ငါတို့နှစ်ယောက် ဟိုတယ်ကို အတူသွားကြတယ်… နောက်ဆက်တွဲ ဘာဆက်ဖြစ်လဲဆိုတာတော့ အကုန်လုံးက လူကြီးတွေကိုပဲ… နားလည်ကြမှာပါ…”
“ မဟုတ်ဘူး…. မင်း ငါ့ကို လိမ်ညာနေတာ… မင်း လျှောက်ပြီးပြောနေတာ… ငါမင်းရဲ့ စရိုက်ကို အသိဆုံး … မင်း သူနဲ့ အတူ အိပ်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး…”
နီကျန်းရန် လင်းရီဘက် လက်ညိုးထိုး၍ ကယောင်ချောက်ချား ဖြစ်စွာဖြင့် “ သူက ဒီတိုင်း ငါ့ထက် နည်းနည်းလေးပဲ ပိုတော်သွားတာ မဟုတ်လား… ဒါပေမယ့် မင်း အိမ်ထောင်ဘက် ရွေးတဲ့ အခါ မိသားစုနောက်ခံကိုရော ထည့်ပြီး စဉ်းစားရမယ်လေ… ငါတို့တစ်မိသားစုလုံးက ပညာတတ် အသိုင်းအဝိုင်း…… ဒီကောင်က ငါနဲ့ အဲ့ဒီအပိုင်းမှာ ယှဉ်နိုင်မှာလား…”
“ နင် ဘာတွေ လာပြီးပြောနေတာ… လင်းရီက နင့်ထက်သာတယ်.. နင့်ထက်လည်း ချမ်းသာတယ်…. အဲ့တာဆို လုံလောက်ပြီ…”
“ မင်းနောက်နေတာ တော်တော့… သူ့ အနေအထားကို ငါ သိတယ်.. သူက ဒီတိုင်း ကျပန်းကောင်တီက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဒါရိုက်တာ တစ်ယောက်ပဲ… သူ ပင်းချိန်မြို့ကို လာတယ်ဆိုတာ မင်းတို့ဆီက စိုက်ပျိုးရေး နည်းစနစ်ကို သင်ယူဖို့ … ဒီကောင်က ဘာမှ အားကိုးလို့ရတဲ့ကောင် မဟုတ်ဘူး… မင်း သူ့ရဲ့ ကြွားလုံးတွေအောက်မှာ နစ်မြောမသွားနဲ့… နိုးထတော့… “ နီကျန်းရန် ပြောလိုက်ပြီး “ ပြီးတော့ သူ့ စရိုက်က ကြမ်းတယ်… လူကို ဘယ်လိုမျိုး ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့လဲဆိုတာ မင်းလည်း မျက်မြင်ပဲ … သူနဲ့ အတူနေမယ်ဆို မင်းရဲ့ အိမ်ထောင်ရေးက သာယာမှာ မဟုတ်ဘူး… မင်း သူနဲ့ ပျော်နိုင်မှာ မဟုတ်ဘူး…..”
အန်းနင် ဆွံ့အနေလျက်ရှိတော့၏။ အစက သူမ တွေးထားသည်မှာ ယခုလို စကားများ ပြောလိုက်သည်နှင့် နီကျန်းရန်သည် ချက်ချင်း နောက်ဆုတ်လိမ့်မည်ဟူ၍ပင်။ သို့သော် ဤမျှ ခေါင်းမာနေလိမ့်မည်လို့ ထင်မထားခဲ့ပါချေ။
ထို့ကြောင့် သူမ လင်းရီကို မသိမသာတို့၍ သူ ရှေ့ထွက်ရမည့် အချိန်ရောက်ပြီ ဖြစ်ကြောင်း အသိပေးလိုက်သည်။
လင်းရီ သူမ၏ လက်ကို လက်ချောင်းလေးများဖြင့် ခပ်ဖွဖွ ပွတ်၍ “ ငါက ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး ဌာနက ဒါရိုက်တာတစ်ယောက်ဆိုတာ မှန်တယ်…. ဒါပေမယ့် မင်း ငါ့ကို ဖော်ကြူးထားသလောက်လည်း ဆိုးရွားမနေဘူး… ဘာပဲဆိုဆို ငါက ပြည်ပကနေ ဘွဲ့ရထားတဲ့လူ တစ်ယောက်ပဲလေ… ဘာသာ စကား ရှစ်မျိုး ပြောတတ်တယ်… ယွမ် သန်းရာချီတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ်… မင်းလို အမှိုက်မျိုးနဲ့ မယှဉ်နိုင်ဘူးဆိုတာ ဘာစကားတုန်း…”