ဟန်ဆောင်နေတာ တော်လိုက်တော့
Vol. 97 Ch. 1444
“ ဟင်…”
အန်းနင် သူမ၏ လှပသော မျက်ရွှန်းစိုကြီးများဖြင့် ငေးကြည့်လိုက်မိသည်။
ငါ နင့်ကို ဒီတိုင်း သရုပ်ဆောင်ဖို့ပဲ ပြောခဲ့တာလေ.. နင့်ကို တခြား အပိုစာသားတွေ ပြောဖို့ ပြောခဲ့လို့လား….
နင်က ဒီတိုင်း ချမ်းသာတဲ့ ဒုတိယမျိုးဆက် သခင်လေး တစ်ယောက် ၊ နင့်မိဘတွေ နှစ်ယောက်လုံးက အငြိမ်းစား ပါမောက္ခကြီးတွေ... အဲ့လို ပြောလိုက်လည်း ရနေတာကိုပဲ။ ဒီခုလို လုပ်နေတာက နင့်ကိုယ်နင် ဖော်ထုတ်နေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား။
လင်းရီ၏ ကိုယ်ရေး အချက်အလက်များက နီမိသားစု၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။
သူက သူတို့ကို တိုက်ရိုက် စိန်ခေါ်နေတာပဲ။
နီကျန်းရန်၏ မိခင် ဖန်ရှုလန်က ပင်းချိန် တက္ကသိုလ်၌ စပိန် ဘာသာ သင်ကြားပေးသူ တစ်ဦး ဖြစ်ပြီး သူ၏ ဖခင် ၊ နီကျုံးကျွင်းက လုံကျန်း တက္ကသိုလ်၌ ရိုမန် ဘာသာကို သင်ကြားပေးနေသူ ဖြစ်သည်။ ထို့ပြင် သူတို့၏ အင်္ဂလိပ်စာ စွမ်းရည်ကလည်း မဆိုးကြပေ။ သူတို့ မိသားစုက တကယ့် ပညာတတ် အသိုင်းအဝိုင်းမှန်း သိသာလေသည်။
လင်းရီက သူ့ကိုယ်သူ ပြည်ပ ဘွဲ့ရဟုဆိုကာ ဘာသာစကား ရှစ်မျိုးကို တတ်ကျွမ်းသည်ဟု လေလုံးထွားနေလျက် ရှိ၏။
ဟမ့်… မင်း ကြွားလို့တော့ရတယ်… ဘာမှ မဖြစ်သွားဘူး… ဒါပေမယ့် စကားတည်နိုင်ဖို့တော့ မဖြစ်နိုင်ဘူး…
“ အဟက်…” နီကျုံးကျွင်း နှာခေါင်းရှုံ့လိုက်ပြီး “ မင်းပြောတာ မင်းက ပြည်ပကနေ ဘွဲ့ရထားတာဟုတ်လား.. မင်း ဘယ်ကျောင်းကနေ ဘွဲ့ရပြီး ဘာမေဂျာနဲ့လဲ သိချင်တယ်…”
အန်းနင် ရင်တစ်ချက် ထိတ်သွားခဲ့၏။
သူမ အကြောက်ရွံ့ဆုံး ကိစ္စက ဖြစ်ပျက်လို့ လာနေလေပြီ။
အကယ်လို့ လင်းရီက သူ့ကိုယ်သူ သန်းကြွယ်သူဌေးကြီး တစ်ဦးဟု ပြောလိုက်လျှင် ထွေထူး ပြဿနာ မရှိချေ။ အဘယ်ကြောင့်ဆိုသော် အပြင်လူများက စေ့စေ့စပ်စပ် မေးနေမှာ မဟုတ်သောကြောင့်ပင်။
လင်းရီ၏ စိတ်နေစရိုက်ကိုပါ ထည့်ပေါင်းကြည့်လိုက်မည်ဆိုပါက တကယ်လည်း သူက လူချမ်းသာတစ်ဦး၏ ကြန်အင် ရှိလေသည်။
သို့သော် သူက နာမည်ကြီး ကျောင်းကနေ ဘွဲ့ရခဲ့ပြီး ဘာသာစကား ရှစ်မျိုးကို ကျွမ်းကျင်သူဟု ပြောလိုက်တော့ တစ်ဖက်သူက ဤအခွင့်အရေးကို လုံးဝ လက်လွှတ်ခံလိမ့်မည် မဟုတ်ချေ။
“ ပန်တနီးယား တက္ကသိုလ်က… ကွန်ပျူတာ သိပ္ပံ မေဂျာနဲ့…”
ဤသည်က ပီကင်း တက္ကသိုလ်၏ ထူးချွန်သည့် ကျောင်းဆင်းတို့အား ပွင့်ပွင့်လင်းလင်း စိန်ခေါ်မှု ပြုလိုက်ခြင်းပင်။
“ ကွန်ပျူတာ ကျောင်းသားတစ်ယောက်က တကယ်ကြီး ဘာသာ စကား ရှစ်မျိုး ပြောတတ်နေတယ်ပေါ့…” နီကျုံကျွင်း ပြောလိုက်ပြီး “ ငါတော့ မင်း ဘာသာစကားတစ်မျိုးမှာ စကားတစ်လုံး သိနေတယ်လို့ပဲ ယူဆတယ်… ပြီးတော့ အဲ့တာကို မင်းက ဘာသာစကား ရှစ်မျိုး တတ်ပါတယ်ဆိုပြီး လိုက်ကြွားနေတာပဲ …. ငါပြောတာ မှန်တယ်မလား…”
အခြေအနေ မဟန်သည်ကို မြင်တော့ အန်းနင် လင်းရီ၏ အင်္ကျီလက်ကို ညင်သာစွာ ဆွဲလိုက်ပြီး ထောင်ချောက်ထဲ မရောက်စေဖို့ အတန်တန် သတိပေးနေသည်။
လင်းရီ သူမကို နားလည်တယ်ဟူသည့် အကြည့်တစ်ချက် ပေးလိုက်၏။
အန်းနင် စိတ်သက်သာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်၏။
သူမ စိုးရိမ်စရာ အကြောင်း မရှိတော့ချေ။
လင်းရီက ထက်မြက်သည့် လူစားမျိုးပင်။ ယခုလို ထောင်ချောက်မျိုးဖြင့် သူ့အား မဖမ်းနိုင်သည်မှာ သံသယ ရှိရန် မလိုပေ။
“ ကျုပ်က စကားတစ်လုံး ၊ နှစ်လုံးပဲ သိတယ်လို့ ဘယ်သူပြောလဲ…” လင်းရီ ပြောလိုက်ပြီး “ တကယ်လို့ အဲ့လို ပြောကြေးသာဆိုလို့ကတော့ ကျုပ် တစ်ကမ္ဘာလုံးက ဘာသာစကားတွေ ပြောတတ်တယ်ဆိုပြီးတောင် လုပ်လို့ရနေပြီ….”
ဟင်…
အန်းနင် သွေးအန်လုနီးပါး ဖြစ်သွားခဲ့ရသည်။
ငါနင့်ကို ကြွားပြောတာ ရပ်တော့လို့ ပြောနေတာ… ဆက်ကြွားခိုင်းနေတာ မဟုတ်ဘူး လဒရဲ့…
နင် ထောင်ချောက်ကလေးကိုတောင် မမြင်နိုင်ဘူးလားဟာ…
“ ကောင်လေး… ငါ သိနေတယ်… မင်းက ဒီကို နင်နင်ရဲ့ ဟန်ဆောင် ရည်စား လာလုပ်ပေးတာ မလား… ငါမင်းကို မျက်နှာသာ တစ်ချို့ ပေးလိုက်မယ်.. ဒါပေမယ့် ဒီလာပြီး ကြီးကြီးကျယ်ကျယ်တွေ လာမပြောနဲ့… ပျင်းဖို့ကောင်းတယ်… မင်း လစ်လိုက်တော့…” နီကျုံးကျွင်း စိတ်မရှည်စွာ လက်ကို ဝှေ့ယမ်းလိုက်ပြီး လင်းရီကို တူတူတန်တန်ပင် မကြည့်တော့ချေ။
“ ခင်များတို့ မိသားစုက တစ်ခုခု မှားနေကြတာလား.. ကျုပ် ဒီလောက် ရှင်းပြပေးနေတာတောင် ကျုပ်ကို သရုပ်ဆောင်နေတယ်ဆိုပြီး ထင်နေကြတယ်ပေါ့… ခင်များတို့ရဲ့ နားတွေက *တွေနဲ့ ပြည့်နေကြသလား…”
“ ကောင်းပြီလေ… မင်းက သရုပ်ဆောင်နေတာ မဟုတ်ဘူးဆိုတော့ ဒီကလည်း မင်းရဲ့ ဘာသာစကားရှစ်မျိုးက ဘယ်လောက်တောင် ကျွမ်းလဲ မင်းကို စမ်းကြည့်မယ်… ”
နီကျုံးကျွင်း ဘေးဘီကို လှည့်ပတ်ကြည့်လိုက်ပြီး နံရံပေါ်၌ ကြေညာချက် တစ်ခုကို မြင်တွေ့သွားခဲ့သည်။ ခေါင်းစဉ်က လူနာသို့ ပေးစာဆိုသည်ပင်။
ဆေးရုံတိုင်း၌ ယခုလို အသိပေးစာများက လူနာခန်းထဲတွင် ကပ်ထားလေ့ ရှိသည်။ အကြောင်းအရာတို့ကလည်း တူညီလုနီးပါးပင်။
“ ဒီလိုလုပ်… မင်းက မင်းကိုယ်မင်း ဘာသာ စကား ရှစ်မျိုး ပြောတတ်တယ်မလား… အဲ့ဒီ ဘာသာစကား ရှစ်မျိုးကို သုံးပြီး ဒီရဲ့ နံရံပေါ်က ‘ လူနာသို့ ပေးစာ ‘ ကို ဖတ်ပြ…”
“ ဒါကကျ….”
အန်းနင် မျက်နှာ ပျက်ယွင်းသွားခဲ့၏။
သူက အလွန်ဆုံးသိလှ အင်္ဂလိပ်စကားပေါ့… ဘာသာစကား ရှစ်မျိုး ပြန်ပြဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ..
“ ဦးလေးနင် .. ကျွန်မတော့ လိုအပ်တယ် မထင်ဘူးနော်…” အန်းနင် ပြောလိုက်ပြီး “ ကျန်းရန်နဲ့ ကျွန်မက ဘယ်လိုမှ အတူ ဆက်ရှိဖို့ မဖြစ်နိုင်တော့တာ … ဦးလေး နားလည်ပေးနိုင်ဖို့ မျှော်လင့်တယ်…”
“ တူမတို့ နှစ်ယောက်ကြားမှာ သဘောထား ကွဲလွဲမှု အသေးစားလေး ရှိမှန်း ဦးလေးသိတယ်… ဒါပေမယ့် နင်တို့ နှစ်ယောက်က တွဲခဲ့တာလည်း ကြာလှပြီ… သိကျွမ်းခဲ့တာလည်း ဟိုး ငယ်ငယ်လေးကတည်းကရင်… အသေးမွှား ကိစ္စလေး အတွက်နဲ့ လမ်းခွဲမယ်ဆိုတာတော့ မဟုတ်သေးဘူးလေ… ပြီးတော့ ဦးလေးတို့အားလုံးလည်း ဒီရောက်လာခဲ့တာကို ဦးလေးနီကို မျက်နှာသာ တစ်ချို့ပေးပါဦးလား… တူမနင် ဘယ်လိုထင်လဲ…”
“ မျက်နှာသာ ပေးရမှာက ကိစ္စ မရှိဘူး… ဒါပေမယ့်….”
“ ကောင်းပြီ… အဲ့ကိစ္စ နောက်မှ ဆက်ပြောကြတာပေါ့… ခုတော့ ဒီလူငယ်လေးကို အရင်ဆုံး ဘာသာပြန်ခိုင်းလိုက်..”
နီကျုံးကျွင်းက ကျောင်းသားများနှင့် တစ်နှစ်ပတ်လုံး ထိတွေ့ဆက်ဆံနေရသဖြင့် တစ်ချက်ကြည့်လိုက်သည်နှင့် လင်းရီ ကြွားဝါပြီး ပြောနေသလားဆိုတာကို သူ တပ်အပ် သိလေသည်။
ဘာသာစကား ရှစ်မျိုး ပြောနိုင်သည်က လုံးဝ ဟာသပင်။
“ မကောင်းဘူးနော်…. ကျုပ် ကြွားသလို ဖြစ်နေမှာ စိုးရတယ်…”
“ ဘာမှ ကြွားသလို ဖြစ်စရာ အကြောင်း မရှိဘူး… မင်းမှာ အစွမ်းအစ ရှိတယ်… အဲ့တာကို ပြသတယ်.. ဒါပဲ…” နီကျုံးကျွင်း ပြောလိုက်ပြီး “ ပြီးတော့ ခုလေးတင် မင်းပြောခဲ့တာ မင်းက နိုင်ငံခြားကနေ ကျောင်းပြီးခဲ့ပြီးမှ ဘာသာစကား ရှစ်မျိုးကို ပြောတတ်တယ် ပြောတယ်… အဲ့ကတည်းကနေ မင်းက သိုသိုသိပ်သိပ်နေဖို့ ရည်ရွယ်ချက် နေဖို့ မရှိဘူးဆိုတာပဲ…”
“ ကောင်းပြီလေ… ကျုပ် စမ်းကြည့်တာပေါ့…”
ပြောပြီးနောက် လင်းရီသည် နောက်သို့လှည့်၍ နံရံပေါ်တွင် ကပ်ထားသည့် စာကို ဖတ်လိုက်သည်။
“ ချစ်ခင်ရပါသော လူနာခင်ဗျ… မင်္ဂလာပါ.. “
“ ဟေ့ ဟေ့ ဟေ့ … မင်း ဘာတွေ ပြောနေတာလဲ…” နီကျုံးကျွင်း ဖြတ်ပြောလိုက်ပြီး “ ငါမင်းကို ဘာသာစကား ရှစ်မျိုး ပြောခိုင်းနေတာလေ… ဘာလို့ ဟွာရှန့် စကား လာပြောနေတာ… မင်းက အတန်းရှင်းရှာနေတာလား ဟုတ်လား…”
ဤသည်ကလည်း အန်းနင်၏ မျှော်လင့်ထားသည့် အတိုင်းအတာအတွင်း တည်ရှိသည်။
လင်းရီက အလွန်ဆုံးသိလှ နိုင်ငံခြား ဘာသာ စကား တစ်ခုပင်။ သူက ကျောင်းသားဆိုး တစ်ယောက်ပင် ဖြစ်ကောင်း ဖြစ်နိုင်လေသည်။ သို့ဖြစ်လေရာ စာတမ်းကို မည်သို့ ဘာသာပြန်နိုင်လိမ့်မည်နည်း။
အန်းနင် ရုတ်တရက် တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ပြီး သူမ အမေကို လှည့်ကြည့်လိုက်၏။
သူမတွင် ထွက်ပြောရန် အင်အား မရှိမှတော့ သူမ အမေကို ဝင်ပြောခိုင်းရပေမည်။ ဘာပဲဆိုဆို သူမ အမေက သူမကို အသိဆုံးပဲလေ။
အန်းနင် ထိုသို့ လှည့်ကြည့်လာသည်နှင့် လျိုကွေ့ချင် သူမ သမီး ဘာဆိုလိုချင်နေလဲဆိုတာကို သိသည်။
“ အစ်ကိုကျုံးကျွင်း… ထားလိုက်ပါ… ကလေးတွေ ကိစ္စ ကလေးတွေဘာသာပဲ ဖြေရှင်းပါစေလေ…”
“ အစ်မအန်း… ခင်များ ပြောတာ အဓိပ္ပာယ် ရှိပါတယ်.. ဒါပေမယ့် ကျုပ်က နင်နင်လေး လက်ဝါးပေါ်မှာ ကြီးပြင်းလာတာကို ကြည့်ခဲ့ရတဲ့သူလေ… ဒီတော့ ဒီနေ့ ကိစ္စကို လွယ်လွယ်နဲ့ အလျော့မပေးနိုင်ဘူး… တကယ်လို့ ဒီကောင်က လူလိမ် ဖြစ်နေရင် ဘယ်လိုလုပ်မှာ… ဂရုစိုက်တာက မမှားဘူး…”
“ ဒါပေမယ့်……”
“ ဘာ ဒါပေမှ မယ့်မနေနဲ့ … သူ ပြောတာ သူ ဘာသာ စကားရှစ်မျိုး ပြောတတ်တယ်လို့ ပြောထားတာ … ကျုပ်ကလည်း သူ့ကို ခက်ခဲအောင် မလုပ်ချင်ပါဘူး… ဒီတိုင်း အတည်ပြုချင်ရုံလေးပဲ..”
ပြောပြီးသည်နှင့် နီကျုံးကျွင်းသည် လင်းရီဘက်သို့ လှည့်ကြည့်လိုက်ပြီး “ ကောင်းပြီ… အချိန်ဖြုန်းနေတာ တော်တော့… မင်း မသိဘူးဆိုလည်း ဝန်ခံပြီး ဒီက လစ်လိုက်တော့… လူတိုင်းရဲ့ အချိန်ကို လာဖြုန်းမနေနဲ့…”
“ သူ့ကြည့်ရတာ စိတ်ရှည်တဲ့ပုံလည်း မပေါ်ဘူး… ကျွန်တော် တစ်ချက်ကြည့်လိုက်တာနဲ့ ဘာမှ အောင်မြင်အောင် စွမ်းဆောင်နိုင်မယ့်သူ မဟုတ်ဘူးဆိုတာ သေချာတယ်…”
“ ဒါဆိုလည်း မင်း စတော့… ငါ့ တစ်သက်လုံး ဘာသာစကား ရှစ်မျိုးကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့လူဆိုတာ တစ်ခါမှ မကြုံခဲ့ဖူးဘူး.. မင်းရဲ့ တင်ဆက်မှုလေး စပြီး ငါ့ရဲ့ ပြတင်းပေါက်(အမြင်)ကို ချဲ့ပေးစမ်းပါဦး…”
“ ကောင်းပြီလေ… “
လင်းရီ တကယ်ကြီး ကြိုးစားကြည့်ချင်နေသည်ကို မြင်တော့ အန်းနင် သူ့ကို ဘေးတစ်နေရာသို့ အလျင်အမြန် ဆွဲခေါ်သွား၏။
“ လျှောက်လုပ်နေတာတွေ တော်တော့… သူက နင့်ကို ထောင်ချောက်ဆင်နေတာ အသိသာကြီး… အဲ့တာကို ဘာလို့ ခေါင်းတိုး ဝင်ချင်နေရတာလဲ…”
“ စမ်းကြည့်လို့ တရားမဝင်တာမှ မဟုတ်တာ…” လင်းရီ ပြောလိုက်ပြီး “ ဘာပဲဆိုဆို ငါက တစ်ကမ္ဘာလုံးက ဇာတ်ကား အပိုင်းတိုလေးတွေ ကြည့်ခဲ့ဖူးတဲ့သူလေ… အဲ့ကားတွေကနေ နိုင်ငံခြား ဘာသာစကားကို အများကြီး လေ့လာသင်ယူခဲ့ပြီးသား… ဒီတော့ ကိုယ်ဘယ်လောက်ထိ တတ်ထားလဲဆိုတာ စမ်းသပ်ကြည့်သင့်တာပေါ့…”
“ ခုက ဘယ်အချိန်ရောက်နေတာလဲ… နင်ငါ့ကို ပေါက်တတ်ကရတွေ တော်လိုက်တော့…” အန်းနင် နားထဲကနေ မီးခိုးထွက်မတတ် စိတ်တိုနေသည်။
ဒီငတုံးက ထောင်ချောက်မှန်းတောင် မသိရလောက်တဲ့ အထိ တုံးတယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ..
ဉာဏ်ရှိတဲ့ လူက သူ့ကိုယ်သူ အရူးဖြစ်အောင် လုပ်နေတယ်..
အံ့ရော….
“ ပေါက်တတ်ကရ မဟုတ်ဘူး…”
“ နင့်ကိုယ်နင်ကျ ပေါက်တတ်ကရ ပြောနေတာ မဟုတ်ဘူး ငြင်းရဲသေးတယ်ပေါ့… နင်က စကားရှစ်မျိုး ပြောတတ်တယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”
“ ဟ … ငါတကယ်ကြီး နောက်နေတာ မဟုတ်ဘူး… တကယ်ကြီး ကမ္ဘာ့အနှံ့က ဇာတ်ကားတွေ ကြည့်ဖူးတာ… “ လင်းရီ ပြောလိုက်ပြီး “ ငါ့မှာ နိုင်ငံခြား အရင်းအမြစ်တွေ အများကြီးပဲ… ပြန်ရောက်ရင် မင်းကို ကူးပေးမယ်…”
အန်းနင် ခေါင်းကိုက်လာခဲ့ရသည်။ သူမသာ ဤအကောင်နှင့် ကြာကြာနေရမည် ဆိုပါက ဒေါသကြောင့် သွေးဆုံးပြီး သေနိုင်သည်ဟုတောင် ခံစားလာရ၏။
ခုက အဲ့ဒီ ဇာတ်ကား အကြောင်းတွေ ပြောနေရမယ့် အချိန်လား…
“ နင်နင် … နင်တို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ… သူ လုပ်စမ်းပါစေ… ဦးလေးနီလည်း အမြင်တွေ ကျယ်ဖူးချင်လို့…”
နီကျုံးကျွင်းက ကိုယ့်ကိုယ့်ကို ဟုတ်လှပြီ ထင်နေသည်ဖြစ်ရာ အန်းနင်လည်း ရွေးချယ်စရာ မရှိ ၊ လင်းရီနှင့် ငြင်းခုံခြင်းကို ရပ်တန့်လိုက်ရတော့၏။
လင်းရီ နံရံပေါ်ရှိ စာကို ပီသသည့် အင်္ဂလိပ် လေသံဖြင့် “ ချစ်ခင်ရပါသော လူနာခင်ဗျ… မင်္ဂလာပါ…”