နင့်ရဲ့ အကြိုက်က ဒီလောက် ထူးခြားလိမ့်မယ်လို့ ထင်ကို ထင်မထားတာ..
Vol. 97 Ch. 1446
“ အဲ့တာက….”
လူနာခန်းထဲရှိ လေထုသည် ပုံမှန်မဟုတ်စွာဖြင့် ကိုးရို့ကားယား ဖြစ်လာပြီး နီမိသားစုဝင်များအားလုံး တီကောင် ဆားတို့ခံရသကဲ့သို့ ရိုးတိုးရွတတွေ ဖြစ်ကုန်ကြ၏။
နိုင်ငံခြားက နာမည်ကြီးကျောင်း တစ်ခုကနေ ကျောင်းပြီးလာတယ်။
ဆေးပညာ ကျွမ်းကျင်သူ တစ်ယောက်လည်းဖြစ်။
ဘာသာစကားတွေလည်း အများကြီး ပြောတတ်တယ်။
ပြီးတော့ ယွမ် တစ်ဘီလီယမ်ကျော် ပိုင်ဆိုင်မှုတွေ ရှိထားတဲ့ တိုင်ကွန်းကြီးလည်း ဟုတ်သေးတယ်။
ဘယ်လိုပဲ ကြည့်ကြည့် တို့ရဲ့ ကျန်းရန်က တစ်ဖက်သားရဲ့ ပြိုင်ဘက် ဟုတ်ကို မဟုတ်တာ။
“ ကွေ့ချင် … ငါ ကိစ္စလေး တစ်ခု သွားဖို့ ရှိသေးတာ ခုမှ သတိရတယ်… အရင် သွားနှင့်ပြီနော်…” ဖန်ရှုလန် ကိုးရို့ကားယား ပြောလိုက်ပြီ “ ကလေးတွေရဲ့ ကိစ္စ ကလေးတွေပဲ ဖြေရှင်းကြပါစေ… သူတို့တွေက မဖြစ်နိုင်တော့ဘူးဆိုရင်တောင် တို့ လူကြီးတွေရဲ့ ဆက်ဆံရေး အပေါ်ကိုတော့ မသက်ရောက်စေနဲ့ပေါ့…”
“ ဒါပေါ့ရှင် ဒါပေါ့…”
“ ဒါဆိုလည်း ငါတို့ အရင်ပြန်နှင့်ပြီ….. အစ်ကိုအန်း အနားယူတာကို မနှောင့်ယှက်တော့ဘူး….”
ထိုသို့ပြောပြီးနောက် နီမိသားစုဝင်များ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားခဲ့ကြသည်။
နီကျန်းရန်ပင် ကြက်နာကြီးကဲ့သို့ ခေါင်းငိုက်စိုက်ကျလျက် အန်းနင်ကို မျက်လုံးချင်း မဆုံဝံ့ဖြစ်နေသည်။
နီမိသားစု ထွက်ခွာသွားပြီးနောက် လူနာခန်းသည်လည်း တစ်ဖန်ပြန်ပြီး တိတ်ဆိတ်သွားခဲ့တော့သည်။
အန်းမိသားစု၏ အကြည့်က လင်းရီပေါ် ကျရောက်လာလေသည်။
သူတို့အားလုံး လင်းရီ ချမ်းသာမှန်း သိကြသော်လည်း ဤမျှ ချမ်းသာနေလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့ချေ။
သူ ဝတ်ဆင်နေသည့် ကျပန်း နာရီလေး တစ်လုံးကပင် ယွမ် ၁၀ သန်းကျော် ပေးနေရပြီး သူ့ဖုန်းထဲ ထည့်ထားသည့် လက်ကျန်ငွေပင် ယွမ် တစ်ဘီလီယမ် ရှိနေသည်။ သူက တကယ်ကြီး သာမန်လူရော ဟုတ်မှ ဟုတ်ရဲ့လားဟင်။
“ နင်က ပန်တနီးယားကနေ ကျောင်းပြီးတယ်ပေါ့…”
“ လျှောက်ပြောနေတာလေ… မင်းငါ့ကို ယုံတယ်ပေါ့…”
“ အာ…”
အန်းနင်၏ ရင်ဘက်က အနည်းငယ် တည်ငြိမ်သွားခဲ့ရ၏။ ကြည့်ရသည်မှာ သူမ မသိသည့် လှည့်ကွက်တစ်ခုခု ရှိနေသည့်ဟန်ပင်။ လင်းရီက နီမိသားစုကို တစ်ပတ်ရိုက်လိုက်ခြင်း ဖြစ်လောက်မည်။
“ နင် ငါ့ကို သေအောင် ခြောက်လန့်လိုက်တာပဲ သိလား… နင် ဝတ်ထားတဲ့ နာရီက တကယ်ကြီး ယွမ် ၁၀ သန်းကျော် ပေးရတယ်လို့ ထင်သွားတာ ..” အန်းနင် သူမ၏ ရင်ဘက်ကို ဖိထားရင်း ပြောလိုက်သည်။
အန်းနင်၏ မိဘများလည်း စိတ်သက်သာရစွာ သက်ပြင်းချမိလိုက်ကြသည်။
အကယ်၍ ဤလူငယ်လေးသာ ထိုမျှ ချမ်းသာနေမည်ဆိုပါက သူတို့လည်း သူတို့ သမီးလေးကို စိတ်မချနိုင်ပေ။
“ ဒါပေမယ့် ငါသိချင်တာက နင် နီမိသားစုတစ်ခုလုံးကို ဘယ်လိုများ လှည့်စားလိုက်နိုင်တာလဲ…”
“ အင်း…” လင်းရီ ခေတ္တမျှ ရပ်တန့်၍ “ ပန်တနီးယား ကျောင်းဆင်းဆိုတာကတော့ ငါလိမ်ထားတာ … ဒါပေမယ့် နာရီနဲ့ ပိုက်ဆံကတော့ တကယ် အစစ်တွေ … ငါ လိမ်ထားတာ မဟုတ်ဘူး…”
အန်းမိသားစုဝင်များ၏ အမူအရာသည် ချက်ချင်း တောင့်တင်းသွားခဲ့၏။
“ ဒါ … ဒါတွေက အစစ်တွေပေါ့….”
“ ဒါပေါ့ …. ဒါတွေက အတုလုပ်လို့မှ မရတာ…”
အန်းနင် တစ်ဖန်ပြန်ပြီးမှ လင်းရီ၏ အထောက်အထားကို အကဲဖြတ်မိသွားခဲ့သည်။
ဒီကောင်က မရိုးရှင်းဘူးပဲ။ သူမ မသိသေးတဲ့ တခြား အထောက်အထားတွေ ရှိရင် ရှိသေးလောက်တယ်။
အန်းနင်မှာတော့ မိုးနတ်မင်းကြီးက သူမကို မျက်လှည့်ပြနေသည်ဟု ခံစားနေရတော့သည်။
သူမက သူ့ကို ကြွားပြီး ပြောစေချင်သော်လည်း သူ၏ အရောင် အစစ်အမှန်ကို ပြသခိုင်းလိုက်သလို ဖြစ်သွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။
“ သမီး… နင်တို့ နှစ်ယောက်က တကယ်ကြီး….”
လျိုကွေ့ချင် စကားအစ်ကြည့်လိုက်၏။
“ ဘယ်နားကသာ အမေကလည်း … သမီးတို့က ဒီတိုင်း သူတို့ကို အရူးလုပ်နေတာ…” အန်းနင် ပြောလိုက်ပြီး “ မဟုတ်ရင် နီမိသားစုက လုံးဝ လက်လျော့မှာ မဟုတ်ဘူး…”
လျိုကွေ့ချင် ခေါင်းညိမ့်လိုက်သည်။ ယခုလို ရလဒ်မျိုးကို သူမ ကျေနပ်မိ၏။
ဤသူငယ်လေးက အင်မတန် ချမ်းသာလှပြီး သူမတို့ သမီးလေးက သူနှင့် ထိုက်တန်ခြင်း မရှိပေ။ အကယ်၍ သူငယ်ချင်း ဆက်ဆံရေးဆိုပါက အဆင်ပြေသည်။ သို့သော် သမီးရည်းစား ဆက်ဆံရေး ဆိုလျှင်တော့ သူတို့ သတိထားရတော့မည်။
“ အဖေ ဘယ်လိုနေသေးလဲ…”
ယခု နီမိသားစုနှင့် ပြဿနာက ဆုံးခန်းတိုင်သွားပြီ ဖြစ်ရာ အန်းနင် နောက်ဆုံးတော့ စိတ်ချလက်ချ အနားယူနိုင်ချေပြီ။ သူမ၏ ဆံပင်ကို ဖြီးသပ်လိုက်ရင်း အနားယူရန် အခြား ကုတင် တစ်ခုပေါ်၌ သာမန်လျှံကာ ထိုင်ချလိုက်၏။
“ အကုန် ကောင်းတယ်..” လျိုကွေ့ချင် အပြုံးလေးဖြင့် “ မနက်တုန်းကတောင် ဆေးရုံ ဒါရိုက်တာက လာပြီး တစ်ပတ်အတွင်း ဆေးရုံက ဆင်းလို့ ရပြီတောင် ပြောနေသေးတယ်… အိမ်မှာပဲ နေပြီး အားမွေးရုံပဲ… ပြီးတော့ အမေတို့ ဘာလို့ ဒစ်စကောင့်တွေ အများကြီး ရလဲ သိလား…”
“ နင် ဒီအတွက် လင်းရီကို ကျေးဇူးတင်ရမှာပဲ… သူ့ကြောင့်မို့ မဟုတ်ရင် အမေတို့ မိသားစုက ဒီလိုမျိုး ဆက်ဆံပေးခံရမှာ မဟုတ်ဘူး..”
လျိုကွေ့ချင် အန်းကော်ဟွားကို အပြုံးလေးဖြင့် ကြည့်၍ “ အဘိုးကြီး … ဒီလူငယ်လေးက လင်းရီတဲ့… သူက ရှင့်ကို ခွဲစိတ်ပေးခဲ့တဲ့လူလေ… သူသာ မရှိရင် ရှင်အခု ဘာဖြစ်လို့ ဖြစ်နေမှန်းတောင် ကျုပ်မသိတော့ဘူး.. သူက ဒီ ဆေးရုံရဲ့ ခေါင်းဆောင်ဆိုလားပဲ… မဟုတ်ရင် ဆေးရုံရဲ့ ဒါရိုက်တာက ကျုပ်တို့ဆီ မနက် အစောကြီး လာကြည့်ပေးမှာ မဟုတ်ဘူး သိလား…”
“ လူငယ်လေး … ကျေးဇူးတင်ပါတယ်…”
ခွဲစိတ်မှုက အောင်မြင်သော်လည်း အန်းကော်ဟွားမှာ ဟုတ်တိပတ်တိ စကားပြောနိုင်ခြင်း မရှိသေးချေ။ သို့တိုင် အားထုတ်၍ လင်းရီကို ကျေးဇူးတင် စကား ပြောခဲ့လေသည်။
“ အသေးမွှားလေးပါဗျာ.. စိတ်ထဲ ထားမနေပါနဲ့…” လင်းရီ ပြုံးလိုက်ပြီး “ ဒါပေမယ့် အန်ကယ် ဆေးရုံက ဆင်းပြီးရင်တော့ ကျန်းမာရေး ဂရုစိုက်ရမယ်နော်…”
“ ကောင်း ပြီ…”
အန်းကော်ဟွား ခေါင်းညိမ့်ပြီး ပြုံးပြလိုက်သည်။ သူက ကြင်နာတတ်သည့် လူတစ်ယောက်ပင်။
“ အမေ … ဒီနေ့ သမီးအလှည့်… အမေ ဆေးရုံမှာ စောင့်နေတာ ဘယ်နှရက် ရှိနေပြီတုန်း…” အန်းနင် ပြောလိုက်သည်။
“ နင် အဲ့ကိစ္စ စိုးရိမ်စရာ မလိုပါဘူး.. နင့် အဖေက ဒီမှာ VIP လို ပစားပေးခံထားရတာ … လုပ်ပေးမယ့်သူတွေက အဆင်သင့်… အမေ အိပ်ရေး မပျက်ပါဘူးကွယ်… နင်သာ အိမ်ပြန်ပြီး သန့်ရှင်းတွေ ဘာတွေ လုပ်ထား…”
လျိုကွေ့ချင်၏ စကားက အဓိပ္ပာယ် နှစ်ခုဖြင့်ပင်။ သူမက အန်းနင်ကို ညကျ အိမ်သို့ ပြန်ချင်စေပြီး လင်းရီနောက် လိုက်သွားမည်ကို စိုးရိမ်နေသည်။
“ သမီးကို မလိုတာ သေချာလို့လား…”
“ မလိုဘူး… နင် လုပ်စရာရှိတာကိုသာ သွားလုပ်…” လျိုကွေ့ချင်း ပြောလိုက်ပြီး “ လင်းလေးက အမေတို့ မိသားစုကို အများကြီး ကူညီပေးထားတာ သူ့ကို ထမင်းလိုက်ကျွေးပေးဖို့လည်း မေ့မနေနဲ့…”
“ သမီးနားလည်ပါတယ် အမေကလဲ ….” အန်းနင် ပြောလိုက်ပြီး “ အရင် ရက်တွေတုန်းကလည်း သူ စားဖို့သောက်ဖို့ သမီးပဲ စီစဉ်ပေးတာ…”
“ အဲ့တာကောင်းတယ်…”
၎င်းနောက် လင်းရီနှင့် အန်းနင်တို့က လူနာခန်းထဲတွင် ခေတ္တမျှ ဆက်နေပေးပြီး ဆေးရုံထဲကနေ ထွက်လာခဲ့ကြသည်။
“ နင် အဲ့လောက် စကားအများကြီး ဘယ်လိုများ တတ်ခဲ့လဲ ငါသိချင်လိုက်တာ…” အန်းနင် ပြောလိုက်သည်။
“ ပြောပြီးပြီ မလား… ဇာတ်ကားတွေ ကြည့်ရင်းနဲ့ပါဆို…”
“ ရှီး… ငါတော့ နင်ငါ့ကို အရူးလုပ်ဖို့ ကြိုးစားနေတယ်လို့ပဲ ထင်တယ်…”
“ ဘယ်လိုဖြစ်နိုင်မှာ…” လင်းရီ ပြောလိုက်ပြီး “ ခုခေတ် လူငယ်တွေကိုပဲ ကြည့်လေ… ဘယ်သူမဆို ကိုးရီးယားနဲ့ ဂျပန်စကား နည်းနည်းပါးပါးလောက်တော့ ပြောတတ်ကြတာပဲ… တီချယ်ချန်နဲ့ တီချယ်အီမီရဲ့ သင်ကြားမှုစွမ်းရည်တွေကို သံသယ မရှိလိုက်နဲ့…”
“ ဥရောပ၊ အမေရိကန်၊ ဂျပန်နဲ့ တောင်ကိုးရီးယား ဇာတ်ကားတွေ ကြည့်ကြတာတော့ ထွေထူး မပြောလိုပါဘူး… ဒါပေမယ့်နင်က တိဗက် ဇာတ်ကားတွေ တကယ်ကြီး ကြည့်နေတယ်ပေါ့… “ ပြောပြီးနောက် အန်းနင်သည် လင်းရီကို အထင်သေးစွာ ကြည့်လိုက်ပြီး “ ငါ့ကို အထင်ကြီးအောင် လုပ်လိုက်တာပဲ… နင့်ရဲ့ အကြိုက်က တမူထူးနေမယ် ထင်မထားဘူး…”
“ အာ…”
အန်းနင် ယခုလို သူ့အား ထူးဆန်းသည့် ရှုထောင့်ကနေ ဝေဖန်လာလိမ့်မည်လို့ လင်းရီ ထင်မထားခဲ့ချေ။
“ မဟုတ်ဘူးလေ.. အမှန်ကကျ အားစန်က တော်တော်လေး အရည်အချင်း ရှိတဲ့သူပါဟ… သူ့ ဇာတ်ကားတွေကနေ ပုံမှန်မဟုတ်တဲ့ နည်းစနစ်တွေ လေ့လာသင်ယူလို့ ရတယ်… ဘာပဲဆိုဆို ဒါတွေကလည်း အနုပညာပဲလေ.. ဗဟုသုတက ဆည်းပူးဖို့ အရေးကြီးတယ်…”
လင်းရီ၏ လေသံထဲကနေ ဤကိစ္စကို ဆက်မပြောချင်မှန်း အန်းနင် ရိပ်စားမိသောကြောင့် သူမလည်း ဆက်ပြီး မပြောရန် ဆုံးဖြတ်လိုက်၏။
“ ဟုတ်သားပဲ .. နင် ဗိုက်ဆာနေပြီလား…”
“ လေးနာရီပဲ ရှိသေးတာ မဆာသေးဘူး…”
“ ဒါဆိုလည်း ဈေးဝယ်ထွက်ကြစို့… နောက်ရက် နည်းနည်းလောက်ဆို နှင်းတွေသည်းတော့မှာ… နင် ဒီ သိုးမွေးလောက်နဲ့ နေမယ်ဆိုရင် ကျိန်းသေပေါက် အအေးမိမှာပဲ… ငါနင့်ကို ဂျက်ကတ် အထူကြီးတွေ လိုက်ဝယ်ပေးမယ်…”
“ မလိုဘူး… ငါက ငယ်ရွယ်ပြီး ယန်ဓာတ်အပြည့်ရှိတယ်… ဂျက်ကတ် အထူကြီးတွေ မလိုဘူး…”
“ အဲ့လို ကြပ်ကြပ်နေ … နင် အသက်ကြီးလာမှ ဒုက္ခရောက်လိမ့်မယ်…” အန်းနင် ပြောလိုက်ပြီး “ သွားစို့… နင် ဒီရောက်နေတာ တော်တော်ကြာပြီမလား… စင်ထရယ်လမ်းကို သွားကြည့်ကြတာပေါ့… မဟုတ်ပဲ နင် မရောက်ဖြစ်လိုက်ရင် နှမြောစရာကြီး…”
“ မင်း သဘောပဲလေ..”
အန်းနင်၏ ဦးဆောင်မှုအောက်တွင် နှစ်ယောက်သား ပင်းချိန်၏ စင်ထရယ်လမ်းသို့ ရောက်လာခဲ့ကြသည်။
စင်ထရယ်လမ်းက သမိုင်းပုံရိပ် အနှစ်တစ်ရာကျော် တည်ရှိပြီး ရှေးအခါက ထွန်းကားခဲ့သည့် အဆောက်အဦးများနှင့် ယင်းလက်ရာများကို နေရာတိုင်းတွင် မြင်တွေ့နိုင်သည်။ ၎င်းက နယ်နိမိတ်စည်းတွင် တည်ရှိသည့် စီရင်စု အဓိက မြို့တော်အပေါ်၌ ထပ်လောင်း သန်မာအားကောင်းသည့် အနုပညာ အငွေ့အသက်ကို သွန်းလောင်းစေခဲ့သည်။
လမ်းတစ်ဝိုက် လှည့်ပတ်ကြည့်ရှုပြီးနောက် နှစ်ယောက်သား ရာစုနှစ်ဟောင်း စားသောက်ဆိုင်သို့ ရောက်လာခဲ့ကြသည်။ ဟွာမေရှီး အမည်ရသည့် စားသောက်ဆိုင်၌ ရုရှား အစားအစာများ သုံးဆောင်ခဲ့ကြလေသည်။
ညစာစားပြီးသည့်နောက် နှစ်ယောက်မှာ ရုပ်ရှင်အတူသွားကြည့်ကြပြီး ကျေနပ်နှစ်သက်စွာဖြင့် ပြန်လာခဲ့ကြ၏။
သို့သော် ဤတစ်ကြိမ်တွင်တော့ အန်းနင်သည် လင်းရီနှင့်အတူ ဟိုတယ်သို့ လိုက်မတည်းတော့ပေ။ သူ့ကို လိုက်ပို့ပေးပြီးနောက် သူမ၏ မိဘများအိမ်သို့ ပြန်သွားခဲ့လေသည်။
…….
ပင်းချိန် လေဆိပ်တွင် ။
Gulfstream G550 လေယာဉ်သည် လျင်မြန်စွာဖြင့် ဆင်းသက်လာခဲ့၏။
စွန်းမန်လုံ၊ စွန်းမန်ကျားနှင့် အခြားဝန်ထမ်းများ အတူလမ်းလျှာက်လာပြီး လေယာဉ်ပေါ်က ဆင်းလာမည့်လူကို နေရာတွင် စောင့်ဆိုင်းနေကြသည်။
လေယာဉ်တံခါး ဖြည်းညင်းစွာ ပွင့်လာပြီး လူငယ်တစ်ယောက်နှင့် ရင့်ကျက်လှသွေးကြွယ်သည့် အမျိုးသမီးတစ်ဦးတို့ လေယာဉ်ပေါ်ကနေ အတူဆင်းလာခဲ့ကြ၏။
“ သခင်လေး ဝမ်…” စွန်းမန်လုံ သူ့အား နွေးထွေးစွာ ကြိုဆိုနှုတ်ခွန်းဆက်လိုက်၏။
“ အန်ကယ်စွန်း… ကျုပ်တို့ မတွေ့ဖြစ်တာတောင် နှစ်တွေ အတော်ကြာပြီကို ဒါပေမယ့် ခင်များကတော့ အရင်အတိုင်း ငယ်ရွယ်နေဆဲပါပဲလား…” ဝမ်မြန် အပြုံးလေးဖြင့် ပြောလိုက်သည်။