← Chapters

စွန်းမန်လုံ စလှုပ်ရှားပြီ

Vol. 97 Ch. 1449

စွန်းမန်လုံ စလှုပ်ရှားပြီ

Vol. 97 Ch. 1449

သီးသန့်ခန်း၏ တံခါးပေါက်ဝနားတွင် ရပ်နေရင်း လင်းရီ အမျက်ချောင်းချောင်း ထွက်နေသည့် ကျိုးထျန်းကျင်းကို ကြည့်လိုက်သည်။ သို့တိုင် မတုန်မလှုပ် ရှိနေဆဲ ဖြစ်၏။

“ စိတ်ဝင်စားစရာပဲ… မင်းတို့ပဲ ပြောတော့ စကားပြောကြမယ်ဆို… ဘာလို့ အခု တိုက်ခိုက်ချင်နေရပြန်တာ…” လင်းရီ ပြောလိုက်ပြီး “ ကျားသစ်တစ်ကောင်က ဘယ်တော့မှ သူ့ အစက်အပြောက်ကို ပြောင်းနိုင်မှာ မဟုတ်ဘူး.. တိုက်ခိုက်ပြီးတော့မှပဲ ပြဿနာကို ဖြေရှင်းတတ်ကြတယ်…”

“ ငိုးပဲ မျိုးမစစ်… ငါ မင်းကို သတ်မယ် …”

ကျိုးထျန်းကျင်း၏ ဝမ်းထဲ ဒေါသတို့ စုပြုံနေပြီး ဖြစ်၏။ လင်းရီ ထိုမျှ စော်ကား မောက်မာလိမ့်မည်လို့ သူ ထင်မှတ်မထားခဲ့ပါချေ။

သူ့ ရင်ထဲရှိ ဒေါသတို့က သည်းခံနိုင်သည့် ရေဆူမှတ်ထက် ကျော်လွန်သွားပြီး ချက်ချင်းဆိုသလို လင်းရီထံ ကမူးကရှူး တိုးဝင်လာတော့သည်။

ကျိုးထျန်းကျင်း အရှိန်နှင့် တိုးဝင်လာသည်ကို မြင်တော့ လင်းရီ သူ၏ မျက်ခုံးကို ပင့်၍ စိတ်ထဲ ရေရွတ်လိုက်၏။

“ D အဆင့်လား… မဆိုးပါဘူး..”

ကျန်းခွန်ဖန်နှင့် ကျန်သူများက အထင်သေးသည့် အပြုံးဖြင့် ပွဲကို ကြည့်ရှုလို့ နေသည်။

အဘိုးကြီးကျိုး၏ အဆင့်ကို သူတို့အားလုံး ကောင်းစွာ နားလည်ထားကြ၏။

ဤကောင်စုတ်လေးကို ဆုံးမပေးဖို့ဆိုသည်က အလွယ်လေးပင်။

ကျိုးထျန်းကျင်းက အလွန်တရာ မြန်ဆန်သည်။ မျက်တောင် တစ်ခတ်အတွင်းမှပဲ လင်းရီ ရှေ့သို့ ရောက်ရှိလာခဲ့၏။

၎င်းကို မြင်တော့ သီးသန့်ခန်းထဲရှိ လူတိုင်း ရှော့ခ်ရသွားခဲ့ကြသည်။ လွန်ခဲ့သည့် နှစ်ဝက်ကနှင့် ယှဉ်ကြည့်မည်ဆိုပါက အဘိုးကြီးကျိုးသည် ထပ်မံ၍ တိုးတက်လာခဲ့ပြန်ပြီ။

တစ်ချိန်တည်းတွင် ကျိုးထျန်းကျင်း လင်းရီ၏ မျက်နှာသို့ တည့်လက်သီး တစ်လုံး ပစ်သွင်းလာခဲ့၏။

သူ့စိတ်ထဲတွင်တော့ လင်းရီ အထိုးခံလိုက်ရပြီး မြေပြင်သို့ မှောက်သွားခဲ့သည့် မြင်ကွင်းကို ကြိုတင်၍ မြင်ယောင်နေသည်။

သို့သော် သူ မသိလိုက်သည်က လင်းရီ၏ မျက်လုံးထဲတွင် သူ၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက အနှေးကွက်နှင့် ပြနေသကဲ့သို့ ဖြစ်နေသည် ဆိုတာကိုပင်။

ကျိုးထျန်းကျင်း၏ လက်သီးက သူ့ရှေ့သို့ ရောက်လာသည့် အချိန်တွင်ပဲ လင်းရီသည် လက်သီးရောက်ရှိနိုင်သည့် နေရာနှင့် စင်တီမီတာ နည်းနည်းလောက် ဝေးကွာသည် အထိ နောက်ဆုတ်ပြီး လူတိုင်းကို ကြက်သေသေသွားစေခဲ့၏။

“ ဟမ်... မင်း မျိုးမစစ်လေးက ဆိုးတော့ မဆိုးဘူးပဲ…”

ကျိုးထျန်းကျင်း အနည်းငယ် မျက်မှောင်ကြုတ်မိသွားခဲ့၏။ လင်းရီ လွယ်ကူစွာ ရှောင်တိမ်းသွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ပါချေ။

“ လျှောက်လုပ်နေတာတွေ တော်တော့… ဘာဖြစ်နေလဲ မင်း ခုထိ နားမလည်သေးဘူးလား…” စွန်းမန်လုံ အက်ရှရှ အသံဖြင့် သတိပေးလိုက်၏။

“ ဟုတ်ကဲ့ပါ အစ်ကိုကြီး..”

ကျိုးထျန်းကျင်း မျက်လုံး ကျဉ်းမြောင်းရင်းဖြင့် ပြန်ဖြေလိုက်သည်။ ထို့နောက် သူ၏ ကိုယ်ဟန်ကို ပြန်ယူလိုက်ပြီး လင်းရီကို အသက်ရှူခွင့်ပင် မပေးဘဲ တရစပ် ထိုးစစ်ဆင်တော့သည်။

ကျိုးထျန်းကျင်း သူ၏ စွမ်းအား အစစ်အမှန်ကို အသုံးပြုနေလျက် ရှိ၏။ သို့သော် လင်းရီမှာ ပြန်ပြီး တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသေးချေ။ သူ၏ ကိုယ်ကို လိမ်တွန့်၍ ဝင်လာသည့် တိုက်ခိုက်မှုတိုင်းကို ရှောင်ရှားနေပြီး ပြိုင်ဘက်၏ အဆင့်ကို အကဲခတ်နေလေသည်။

သူက D အဆင့်သို့ ရောက်ရှိပြီး ဖြစ်သော်လည်းပဲ နင်ချဲ သို့မဟုတ် ချိုးယွီလော့တို့နှင့် နှိုင်းစာမည်ဆိုပါက ကွာဟချက် အကြီးကြီး ရှိနေသေး၏။

အကယ်လို့ မျှမျှတတ နှိုင်းစာမည် ဆိုပါက ယွီစီယင်၊စွေ့ချန်တို့၏ အဆင့်နှင့် တူညီပေသည်။

“ ဘာလဲ… မင် ကျင်းပေါင်နဲ့ တိုက်ခိုက်တုန်းက မိုးမမြင် လေမမြင် မောက်မာနေတာ မဟုတ်ဘူးလား… မင်း သူ့ကို ဓားနဲ့တောင် ထိုးလိုက်သေးတယ်.. ဘာလို့ ငါနဲ့တွေ့တော့ကျ ရှောင်ပဲ ရှောင်နေတာ… မတိုက်ခိုက်ရဲတော့ဘူးလား ဟုတ်လား… မင်းမှာ ဘောမရှိဘူးဆိုလည်း စကားကြီး စကားကျယ်တွေ မပြောနဲ့ကွ…” ကျိုးထျန်းကျင်း နှာမှုတ်လိုက်သည်။

“ ငါက ဒီတိုင်း မင်းရဲ့ စကေးတွေကို စမ်းသပ်ကြည့်နေတာ ခုလို အထင်လွဲသွားလိမ့်မယ်လို့ ထင်မထားဘူး… ငါ မှားသွားတယ်…”

လင်းရီ၏ ညာလက်က တစ္ဆေအရိပ်ကဲ့သို့ ဖြစ်ပေါ်လာပြီး ကျိုးထျန်းကျင်း၏ ဆံပင်ကို မယုံကြည်နိုင်လောက်သည့် ထောင့်ကနေ ဆွဲလိုက်၏။ထို့နောက် သကောင့်သားကို ဘေးရှိ ကိုယ်လုံးပေါ်မှန်နှင့် ဆောင့်ပေးလိုက်လေသည်။

ခလွမ်း…

နှစ်မီတာမျှ ရှည်လျားသည့် ကိုယ်လုံးပေါ် မှန်ကြီးသည် ချက်ချင်းဆိုသလို အစိပ်စိပ် အမြွှာမြွှာ ဖြစ်သွားခဲ့ပြီး ကျိုးထျန်းကျင်း၏ ဦးခေါင်းသည်လည်း သွေးတို့ ယိုစီးကျလာကာ မျက်နှာတစ်ခုလုံးလည်း သွေးသံတရဲရဲနှင့် ဖြစ်ပျက်သွားခဲ့သည်။

မြင်ကွင်းက ကြောက်မက်ဖွယ်ရာပင်။

“ အားးးးးးး “

“ အားးးးးးး “

အော်ဟစ်သံများက သီးသန့်ခန်းထဲတွင် ထွက်ပေါ်လာပြီး ကျိုးထျန်းကျင်းသည် ညည်းညူစွာဖြင့် ကြမ်းပြင်တွင် လူးလိမ့်နေသည်။

“ အစ်ကိုကျိုး…”

အခြေအနေက မဟန်လှပေ။ စွန်းမန်ကျား ချက်ချင်း ရှေ့သို့ ပြေးတက်လာပြီး ကျိုးထျန်းကျင်းကို သူ့ဘက်ခြမ်းသို့ ဆွဲခေါ်လာခဲ့လိုက်၏။

ကျိုးထျန်းကျင်း၏ သနားစဖွယ် အခြေအနေက ထမင်းစားပွဲရှိ လူတိုင်းကို ကြက်သေသေသွားစေခဲ့၏။

လင်းရီက တန်းထျန်းမှ အတွင်းအားထုတ်သည့် နည်းလမ်းကို တတ်မြောက်ပြီး ဖြစ်ကြောင်း သူတို့ သိထားပြီး ဖြစ်သည်။ သို့ကြောင့်သာလျှင် ကျင်းပေါင်အား အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်လေသည်။

သို့သော် မထင်မှတ်ထားခဲ့သည်က ယခုလို အင်အားကြီးမားနေလိမ့်မည် ဟူ၍ပင်။

သူ တကယ်ကြီး အဘိုးကြီးကျိုးကို တစ်ချက်တည်းနဲ့ အမှောက်သိပ်ပစ်လိုက်တယ်….

သူလည်း D အဆင့်ပဲပေါ့…

“ လာကြစမ်း… သူ့ကို ဒီထဲကနေ ထုတ်သွားလိုက်…”

ပထမဆုံး အသိပြန်လည်လာသည့်လူက စွန်းမန်လုံပင်။ သူက တစ်စုံတစ်ယောက်ကို အမိန့်ပေး၍ ဒဏ်ရာရထားသည့် ကျိုးထျန်းကျင်းကို အပြင်သို့ ခေါ်ထုတ်သွားခိုင်းလိုက်သည်။

ထိုအချိန်တွင် သီးသန့်ခန်းထဲရှိ လေထုက အုံ့မှိုင်းလို့ လာခဲ့၏။

လင်းရီ၏ ခွန်အားက သူတို့ကို တပ်လှန့်သွားစေခဲ့သည်။

သူက အဘိုးကြီးကျိုးကို တစ်ချက်တည်း အမှောက်သိပ်လိုက်နိုင်တယ်ဆိုတော့ သဘောက အစ်ကိုကြီးစွန်းကလွဲရင် အခန်းထဲ ဘယ်သူကမှ သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူးဆိုတာပဲ…

စွန်းမန်လုံလည်း ၎င်းကို သတိထားမိသည်။ သူ၏ နေရာထိုင်ခုံကနေ မတ်တပ်ရပ်ပြီး လင်းရီနှင့် မျက်နှာချင်း ဆိုင်လိုက်၏။

“ မင်း ဒီလောက် မောက်မာဝံ့နေတာ မဆန်းတော့ပါဘူး… လက်စသတ်တော့ မင်းမှာလည်း မောက်မာနိုင်တဲ့ ခွန်အား ရှိနေတာကိုး…” စွန်းမန်လုံ ပြောလိုက်ပြီး “ မင်းမှာ ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဒီလို ခွန်အားမျိုး ပိုင်ဆိုင်ထားပြီး နေပြီ… စီးပွားရေး လောကမှာလည်း မင်းကိုယ်မင်း နာမည် တစ်လုံးနဲ့ ဖြစ်အောင် လုပ်ထားပြီးပြီ… မင်းက ငါတွေ့ဖူးသမျှထဲမှာ ဒုတိယပဲ…”

“ အိုး… ငါက ငါ့ကိုယ်ငါ အတော်ဆုံး ဖြစ်မယ်လို့ ထင်ထားတာ…”

“ အဲ့တာကတော့ မင်းငါ့ကို အနိုင်ယူနိုင်ခြင်း ရှိမရှိပေါ် မူတည်နေတယ်…”

စွန်းမန်လုံ သူ၏ ရှပ်အင်္ကျီကို ကြယ်သီးဖြုတ်လိုက်ပြီး သူ၏ အကြည့်တို့က စွန်ငှက်သားရဲကဲ့သို့ ထက်ရှနေသည်။ သူက လင်းရီကို သေတော့မည့် သားကောင်ကို ကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်ရှုနေခြင်းပင်။

“ အစ်ကိုကြီး ကိုယ်တိုင် လှုပ်ရှားတော့မယ်….”

ထမင်းစားပွဲရှိ လူတိုင်း စိတ်လှုပ်ရှားလာခဲ့ကြ၏။

သူတို့အားလုံး စွန်းမန်လုံ၏ ခွန်အားကို ကောင်းစွာ သိရှိထားကြပြီး အထူးသဖြင့်တော့ ကျန်းခွန်ဖန်ပင်။ စွန်းမန်လုံ မည်မျှ ကြောက်ဖို့ ကောင်းလဲဆိုတာကို သူ အသိဆုံးပင်။

ဒီရဲ့ လင်းရီ ဆိုတဲ့ကောင်ကတော့ တစ်ခုခု မချန်ထားခဲ့ဘဲ ဒီနေ့ ဒီဟိုတယ်ထဲကနေ ထွက်သွားဖို့ မဖြစ်နိုင်တော့ဘူး…

“ မင်းဘယ်သူလဲ ဆိုတာကို ငါကောင်းကောင်းကြီး သိတယ်.. ငါတို့တွေ အချင်းချင်း အသေအကြေ တိုက်ခိုက်ဖို့ မလိုပါဘူး… ငါ မျှော်လင့်တာက မင်း ငါ့ကို ဖြေရှင်းချက် ကောင်းကောင်းတစ်ခုလောက် ပေးဖို့လေးပဲ.. အဲ့ဒါဆို ငါ ဒီကိစ္စ ဒီမှာတင် ရပ်လိုက်တော့မယ်….”

လင်းရီ သူ့အင်္ကျီ အဝတ်စားပေါ်ရှိ ဖုန်မှုန့်များအား ခါသပ်လိုက်ရင်း စွန်းမန်လုံကို ကြည့်လိုက်သည်။

“ မင်း ပြောတဲ့ လေသံကို နားထောင်ရရင် မင်းငါ့ကို တကယ်ကြီး မသိသေးပါဘူး…”

စွန်းမန်လုံ၏ မျက်ဝန်းအကြည့်တို့ ကျဉ်းမြောင်းသွားခဲ့၏။ သူ၏ သတ်ဖြတ်လိုစိတ်တို့အား ဆက်လက် ဖုံးကွယ်ထားခြင်း မပြုနိုင်တော့ချေ။

“ အဲ့လိုဆိုရင်တော့ ငါလည်း ဘာမှထပ်ပြောစရာ မရှိတော့ဘူး…”

စွန်းမန်လုံ ရှေ့သို့ တက်လာပြီး ဘက်ခြေကို အားပြု၍ ညာဘက်ခြေထောက်ကို ကြာပွတ်သဖွယ် လင်းရီထံ ကန်ကျောက်လာသည်။

ဤလှုပ်ရှားမှုက မဆန်းလှချေ။ သို့သော် လင်းရီကို အံ့အားသင့်သွားစေသည်က သူ၏ အမြန်နှုန်းနှင့် တိုက်ခိုက်လာခဲ့သည့် ခွန်အားရှုထောင့်တို့က D အဆင့်ကို ကျော်လွန်ပြီး C အဆင့်ထဲသို့ ဝင်ရောက်နေခြင်းပင်။

ယခု အချိန်ထိတိုင် သူ တိုက်ခိုက်ခဲ့ဖူးသည့် ခွန်အား အကောင်းဆုံးလူက အနက်ဝတ်နှင့်လူသာလျှင် ဖြစ်၏။ ထိုအကြောင်း တွေးမိတော့ လင်းရီ အလေးအနက် မထားဘဲ မနေနိုင်တော့ချေ။

သူ ဂျပန်ကနေ အနက်ဝတ်လူနှင့် ခွဲခွာခဲ့ပြီးကတည်းက ထိုက်တန်သည့် ပြိုင်ဘက်ဟူ၍ ကောင်းကောင်း မတွေ့ခဲ့ရသေးသော်လည်းပဲ ယခု နောက်ဆုံး၌ တစ်ယောက် ထွက်ပေါ်လာလေပြီ။

ဘန်း…

စွန်းမန်လုံ၏ တိုက်ခိုက်မှုကို လင်းရီ သူ၏ တံတောင်ဖြင့် ကာကွယ်လိုက်၏။

သို့သော် စွန်းမန်လုံ၏ ညာခြေက သံမဏိချောင်းကဲ့သို့ ပေါက်ကွဲအား အပြည့်နှင့် ဖြစ်ပြီး လင်းရီပင် နာကျင်မှုတစ်ချို့ ခံစားလိုက်ရကာ သုံးလေးလှမ်းခန့် နောက်ဆုတ်မိသွားခဲ့၏။

“ ကောင်းတယ်..”

စွန်းမန်လုံ၏ လက်အောက်ငယ်သားများမှာ လက်ခုပ်တီးပြီး ချီးမွမ်းလိုက်ကြ၏။ သို့သော် စွန်းမန်လုံမှာတော့ မပျော်ရွှင်နိုင်ပဲ သူ၏ အမူအရာက ပို၍ပို၍ လေးနက်တည်ကြည်လာခဲ့လေသည်။

သူ၏ ခြေကန်ချက်က လင်းရီကို ခြေသုံးလေးလှမ်းမျှသာ နောက်ဆုတ်အောင် ပြုလုပ်နိုင်ခဲ့သည်။ ဤသည်က သူလိုချင်သည့် ရလဒ်မျိုး မဟုတ်သေးချေ။

သူ့စိတ်ထဲ၌ လက်ရှိ သူ၏ အဆင့်ဖြင့် ယခု ခြေကန်ချက်က လင်းရီကို နောက်သို့ လွင့်ပျံတက်သွားလောက်သည်အထိ လုံလောက်သည်။

သို့သော် ယခု အနေအထားကို ကြည့်ရသလောက်တော့ သူ လင်းရီအပေါ် မှားယွင်းစွာ အကဲဖြတ်မိခဲ့ပုံရသည်။

တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားခဲ့ပြီးနောက် စွန်းမန်လုံဘက်ကနေ နောက်ထပ် တိုက်ခိုက်မှု တစ်ခု စတင်လာခဲ့၏။ လေပေါ်သို့ ခုန်တက်၍ လင်းရီကို အဟုန် အပြည့်ဖြင့် ခြေကန်ချက်က လင်းရီထံ တိုးဝင်လာသည်။

လင်းရီ ရှောင်ရှားခြင်းမပြုတော့ပဲ ကာကွယ်ရန်အလို့ငှာ လက်နှစ်ဖက်ကို ယှက်သန်း၍ ဖမ်းဆုပ်ထားလိုက်၏။ သို့သော် သူ့ဘက်က ပြန်လည်တိုက်ခိုက်တော့မည့်ဟန် ပြင်နေတုန်းမှာပဲ စွန်းမန်လုံ၏ ခန္ဓာကိုယ်သည် လေထဲတွင် ဦးတည်ရာကို အတင်းပြောင်းလဲလိုက်ပြီး လင်းရီ၏ ချုပ်ကိုင်ထားမှုမှ လွတ်မြောက်သွားခဲ့၏။

ဤသည်က ရိုးရှင်းသည့် လှုပ်ရှားမှုလေးတစ်ခုသာ ဖြစ်သည်။ သို့သော် အန္တရာယ်က ကပ်လျက် တည်ရှိနေခဲ့၏။

အကယ်၍ သူသာ ခြေတစ်လှမ်း နှေးကွေးခဲ့မည် ဆိုပါက လင်းရီ၏ နည်းစနစ်အောက်တွင် သူ၏ ခြေထောက်က ဒုက္ခိတ ဖြစ်သွားနိုင်လေသည်။

All Chapters