ဖိနှိပ်ထားခြင်း
Vol. 97 Ch. 1450
တိုးတောင်းသည့် ဖလှယ်မှုပြီးနောက် နှစ်ဦးကြား အကွာအဝေးက တစ်ဖန် ဝေးကွာသွားခဲ့၏။ သို့သော် တစ်စက္ကန့်ကြာပြီးနောက် စွန်းမန်လုံ ထပ်မံ၍ တိုးဝင်လာပြန်သည်။
ဘန်း ဘန်း ဘန်း ဘန်း
စက္ကန့်အနည်းငယ် အတွင်းမှာပဲ နှစ်ယောက်သား ဆယ်ကွက်ကျော်မျှ လက်သီးချင်း ဖလှယ်ပြီးသွားခဲ့၏။
စွန်းမန်လုံက သူ၏ တရစပ် တိုက်ခိုက်မှုဖြင့် လင်းရီအပေါ် အသာစီး ယူချင်သော်လည်း စိတ်ပျက်သွားစေရလောက်သည်အထိ လင်းရီက တိုက်ခိုက်ချက်တိုင်းကို ခုခံ ကာကွယ်နေသည်။
မည်သူကမျှ ယခုချိန် ဖြစ်ပေါ်နေသည့် စွန်းမန်လုံ၏ ခံစားချက်တို့ကို နားလည်ပေးနိုင်လိမ့်မည် မဟုတ်ချေ။
သူ၏ အမြင်၌ လူငယ် မျိုးဆက်ထဲတွင် ဝမ်မြန်သည်သာလျှင် အတော်ဆုံး ဖြစ်ပြီး ဝမ်မြန်က သူနှင့် ရွယ်သူတိုင်းကို နောက်၌ ချန်ထားရစ်ခဲ့လေသည်။
သို့သော် လင်းရီ၏ ခွန်အားက သူ့ကို ရှော့ခ်ရသွားစေခဲ့သည်အထိပင်။
သူက ၂၀ ကျော်မျှသာ ရှိသေးသော်လည်းပဲ ဝမ်မြန်နှင့် နှိုင်းယှဉ်လောက်သည်အထိ ဒါမှမဟုတ် ဝမ်မြန်ထက်ပင် ပို၍ သန်မာနေလေသည်။
ဤ ငနဲသား၏ ပါရမီ အလားအလာက ဝမ်မြန်ထက်ပင် ကြီးမားနေသေးသည်။
စွန်းမန်လုံနှင့် နှိုင်းယှဉ်မည် ဆိုပါက လင်းရီက အများကြီး ပိုတည်ငြိမ်နေသည်။ သူ၏ အာရုံစူးစိုက်မှု အကုန်လုံးကို စွန်းမန်လုံ အပေါ်၌သာ စုပြုံထား၏။
လင်းရီ သူ့ကိုယ်သူ နှိုင်းယှဉ်ကြည့်လိုက်သည်။
စွန်းမန်လုံက သန်မာသော်လည်းပဲ သူ၏ ခွန်အား အုတ်မြစ်က ထင်သလောက် ခိုင်ခံသန်မာနေခြင်း မရှိချေ။
သူ့ကြည့်ရသည်မှာ C အဆင့်သို့ ကနေဦး ဝင်ခါစဟုသာ ထင်ရပြီး သူ ထင်ထားသလောက်လည်း ကိုင်တွယ်ရ ခက်ခဲမနေချေ။
၎င်း၏ လက်ရှိအဆင့်က ဒဏ်ရာ ရထားသည့် အနက်ဝတ်နှင့် လူ၏ အဆင့်လောက်သာ ရှိသည်။
ယင်းက လင်းရီ ကိုင်တွယ်နိုင်သည့် အတိုင်းအတာအတွင်း ရှိနေပြီး တသမှတ်တည်းတော့ ပြောမရ။ သူ နိုင်လျှင်လည်း နိုင်သွားသည်။ သို့သော် လွယ်ကူသည့် နိုင်ပွဲတော့ ဖြစ်လိမ့်မည် မဟုတ်ချေ။
စွန်းမန်လုံ၏ လက်သီးနှင့် ခြေထောက်တို့က တစ်ခုပြီး တစ်ခု လာနေသော်လည်းပဲ လင်းရီဘက်က တိုက်ခိုက်မှုတိုင်းကို အောင်အောင်မြင်မြင်နှင့် ရှောင်ရှား ပိတ်ဆို့နိုင်နေဆဲပင်။
အချိန်အနည်းငယ် ကြာလာသည်နှင့် စွန်းမန်လုံသည် စိတ်ထဲ အားမလိုအားမရ ဖြစ်လာပြီး အလောကြီးလာခဲ့ကာ ဟာကွက်တစ်ခုကို ဖွင့်ပေးလိုက်မိသလို ဖြစ်သွားခဲ့၏။
ထိုဟာကွက်ကို လင်းရီ ချက်ချင်း မြင်တွေ့သွားခဲ့ပြီး သူ၏ လက်ကို ဆန့်ထုတ်၍ လက်မောင်းကို ဆွဲပြီး ညာဘက်ခြေထောက်နှင့် ရင်ဘက်ကို ကန်ကျောက်လိုက်သည်။
သို့သော် လက်မောင်း ပါသွားပြီးကတည်းက စွန်းမန်လုံသည် ခုခံသည့် ကိုယ်ဟန်ကို ယူထားပြီး ဖြစ်သဖြင့် ဤတိုက်ခိုက်မှုက သူ့အဖို့ ပြောပလောက်သည်အထိ ထိခိုက်သွားခြင်း မရှိခဲ့ချေ။
“ ချီးပဲ… ဒီ ခံစားချက်က မဆိုးဘူးပဲ… “
စွန်းမန်လုံ ကျိန်ဆဲ၍ လင်းရီထံ ထပ်မံပြီး တိုးဝင်လာသည်။ သူ၏ အရှိန်အဝါက ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သွေးဆာ ကြမ်းကြုတ်နေတော့၏။
“ မင်းက C အဆင့် ဆိုရင်တောင် ငါ့ကို ရပ်တန့်ဖို့ မလုံလောက်သေးဘူး..”
“ ငါ မင်းကို ရှုံးသွားခဲ့ရင် ငါ့ကိုယ်ငါ စွန်းမန်လုံလို့ မခေါ်တော့ဘူး…”
“ ယုံကြည်ချက် သိပ်ရှိနေတယ်ပေါ့…”
လင်းရီ၏ အမူအရာ အေးစက်သွားခဲ့ပြီး သူ၏ ခွန်အားများ အားလုံးကို လက်သီးအတွင်းသို့ လောင်းထည့်ကာ လက်ဦးမှု ရယူ၍ စွန်းမန်လုံကို တိုက်ခိုက်လိုက်သည်။
တစ်ဖက်သူကလည်း တုံ့ဆိုင်းခြင်း မရှိ၊ ရှောင်ရှားခြင်း မပြုပါဘဲ လက်သီးချင်း ရင်ဆိုင်တွေ့ရန် ဟန်ပြင်သည်။
သို့သော် ဤတစ်ကြိမ်တွင်တော့ စွန်းမန်လုံ ထင်ထားသလို ကိစ္စများက ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ချေ။
လင်းရီ၏ ခွန်အားက သိသိသာသာကြီး တိုးတက်လာသည်ကို သူ သတိပြုမိလိုက်လေသည်။ သူ၏ လက်သီးက လင်းရီနှင့် ထိတွေ့သည့် အခါ၌ ကျောက်ဆောင် ကျောက်တုံးကြီးတစ်ခုအား ထိတွေ့မိသည့်နှယ် ခံစားလိုက်ရ၏။
လင်းရီ၏ တိုက်ခိုက်မှုများက မိုးပေါက်များနှယ် အဆက်မပြတ် ကျဆင်းနေပြီး ရေအလျဉ်ကဲ့သို့ ချောမွေ့နေသည်။ ထိုအခိုက်အတန့်တွင် စွန်းမန်လုံသည် ခုခံရန် ခွန်အား ကင်းမဲ့နေခဲ့တော့၏။
လင်းရီ ဟာကွက် တစ်ခုအား တွေ့ရှိသွားခဲ့ပြီး စွန်းမန်လုံကို ထပ်မံ၍ ကန်ကျောက်လိုက်ပြန်သည်။
ခပ်အုပ်အုပ် ညည်းညူသံ တစ်ခု ထွက်ပေါ်လာခဲ့၏။
ခြေကန်ချက်ကြောင့် စွန်းမန်လုံ လွင့်ပျံသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်မှုအောက်မှ လွတ်ကင်းသွားခဲ့ကာ နောက်ရှိ အရာဝတ္ထုများက အစိပ်စိပ် အမြွှာမြွှာ ဖြစ်သွားခဲ့၏။ သူ့ ဘေးနားရှိ လူများအားလုံး အလျင်အမြန် ပြန့်ကျဲသွားခဲ့ကြပြီး ဝိုင်နှင့် ဟင်းရည်များက စွန်းမန်လုံပေါ် ဖိတ်စင်သွားခဲ့လေသည်။ တစ်ကိုယ်လုံး ဟင်းများနှင့် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တော့၏။
လင်းရီ ခြေကို တစ်လှမ်းချင်း လှမ်းလာနေပြီး အသက်ကို မောဟိုက်စွာ ရှူရှိုက်နေရသည်။ သို့သော် သူ၏ အကြည့်တို့ကတော့ မြဲမြံနေလျက်ပင်။စွန်းမန်လုံကို အနိုင်ယူနိုင်ခဲ့သော်လည်း လွယ်ကူခြင်းတော့ မရှိခဲ့ချေ။ အကယ်လို့ သကေတစ်ဖက်သူ၏ ခွန်အားအုတ်မြစ်ကသာ တောင့်တင်းခိုင်မာနေခဲ့မည် ဆိုပါက ရှုံးနိမ့်သွားခဲ့သူမှာ သူကိုယ်၌ ဖြစ်သွားနိုင်လေသည်။
လင်းရီ သူ၏ ခြေထောက်ကို မြောက်၍ စွန်းမန်လုံ၏ ကိုယ်ပေါ် ခပ်ပြင်းပြင်းဆောင့်နင်းလိုက်သည်။ ထို့နောက် သူ့ကို ငုံ့ကြည့်လိုက်၏။
“ ခု မင်း ဘာထပ်ပြောချင်သေးလဲ…”
“ ငါ့ အစ်ကိုကြီးကို လွှတ်လိုက်စမ်း…”
စွန်းမန်လုံ စကားပြောသည်ကိုပင် စောင့်ဆိုင်းခြင်း မရှိပဲ စွန်းမန်ကျား ဟိန်းဟောက်၍ သူ၏ သေနတ်ကို လင်းရီထံ ချိန်ရွယ်ထားလိုက်သည်။
“ ဟက်…”
စွန်းမန်လုံ နှာမှုတ်လိုက်၏။ သူ၏ ပုံစံက အရှုံးသမား တစ်ယောက်နှင့် လားလားမျှ သက်ဆိုင်ခြင်း မရှိချေ။
“ မင်းငါ့ကို အနိုင်ယူနိုင်လိမ့်မယ်လို့ မထင်ထားခဲ့တာ မှန်တယ်… ဒါပေမယ့် ငါ ဒီနေ့ မင်းကို မဆုံးမနိုင်ရင် ငါ့ရဲ့ ဒီရာထူးမှာ ဆက်ပြီး ရှိနေဖို့ မထိုက်တန်တော့ဘူး…”
“ ငါ့ကို ဒီ သေနတ် အစုတ်ပလုတ်လေး တစ်လက်နဲ့ ခြိမ်းခြောက်ချင်တယ်ပေါ့….”
“ ငါ မင်းရဲ့ အဆင့်ကို သိပြီးသွားပြီ… မင်းက ခုမှ D အဆင့်ပဲ ရှိသေးတယ်…”
စွန်းမန်လုံ အထင်သေးစွာဖြင့် တဟားဟား ရယ်မောလိုက်ပြီး သူ၏ ရယ်သံထဲတွင် မောက်မာမှုနှင့် ဟားတိုက်မှု အပြည့် ဖြစ်နေသည်။
“ အဲ့တော့ ဘာဖြစ်လဲ… ကျည်တစ်တောင့်က မင်းကို အဆုံးသတ်ပစ်လိုက်လို့ရတယ်…”
“ ဒါဆိုလည်း မင်းညီကို ကြိုးစားခိုင်းလိုက်ပေါ့….”
လင်းရီ တစ်ဖက်သို့လှည့်ပြီး စွန်းမန်ကျား၏ မျက်လုံးထံ တည့်တည့်ကြည့်လိုက်သည်။
“ မင်းက သစ္စာရှိတဲ့လူဆိုတာ ငါသိတယ်… ဒီနေ့ မင်းရဲ့ အစ်ကိုကြီးကို ကယ်တင်မယ်ဆိုတာလည်း ငါသိပြီးသားပဲ.. ဒါပေမယ့် မင်းမှာ အစွမ်းအစရှိတယ်ဆိုရင် ကြိုးစားကြည့်လို့ရတယ်..”
“ ငါ မလုပ်ဝံ့ဘူးလို့ မင်းထင်နေတာလား..” စွန်းမန်ကျား အေးတိအေးစက် ပြောလိုက်၏။
“ ငါက ငါ့အစ်ကိုကြီးလောက် ခွန်အား မကြီးဘူးဆိုပေမယ့် ငါ ဦးဆောင်နေတဲ့ လူတွေက အများကြီးပဲ… မင်းငါ့ကို တိုက်အားပေးနေတာက ငါ့ကို အထင်သေးနေတယ်လို့ ပြောချင်တာနဲ့ အတူတူပဲ….”
လင်းရီ သူ၏ ဦးခေါင်းကို ညွှန်ပြလိုက်ရင်း “ မင်း မပစ်ရဲဘူးဆိုရင် ငါမင်းကို တကယ်ကြီး အထင်သေးမိမှာ…”
စွန်းမန်ကျား အံကို တင်းတင်းကြိတ်ထားလျက်ရှိပြီး နဖူးထက်ကနေ ချွေးအေးတို့ စီးကျလာသည်။
အကယ်လို့ သာမန်လူတစ်ယောက် ဖြစ်မည် ဆိုပါက သူ ကျိန်းသေပေါက် တုံ့ဆိုင်းခြင်း မရှိ သတ်ပစ်ပြီး အလောင်းဖျောက်ပစ်လိုက်မည်။
သို့သော် လင်းရီက မတူညီပေ။ သူက လင်းယွင် အုပ်စု၏ ဥက္ကဌကြီး ဖြစ်ပြီး ကမ်းရိုးတန်းတစ်လျှောက် ထူးခြားသည့် အဆင့်အတန်းတစ်ရပ်ကိုလည်း ပိုင်ဆိုင်ထားသေးသည်။ အကယ်လို့ သူသာ သေအောင် ပစ်ခတ်လိုက်မည် ဆိုပါက စွန်းမန်ကျား ကိုယ်၌ကလည်း မကြာမီ ၎င်း ခြေလှမ်းအတိုင်း လိုက်ရဖို့ များလေသည်။ မည်သူကမျှ သူ့ကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
သို့သော် လက်ရှိ အခြေအနေက သူ့ကို အတွေးလွန်နေခွင့် မပြုချေ။
“ ငါ မလုပ်ဝံ့ဘူးလို့ မထင်လိုက်နဲ့…. ငါ့ အသက်က ဘာတန်ဖိုးမှ မရှိဘူး… ငါ့မှာ ဘာကြောက်စရာမှလည်း မရှိဘူး..”
“ ဒါဆိုလည်း ငါ့ကို ပစ်လေ….”
“ သေစမ်း… ဒီလိုဖြစ်အောင် မင်းလုပ်တာပဲ…”
ဘန်း
စွန်းမန်ကျား ခလုတ်ကို ဆွဲလိုက်၏။
သို့သော် သူ ပစ်ခတ်တော့မည့် အခိုက်အတန့်၌ ပြောင်းဝက လင်းရီ၏ ခြေထောက်ထံသို့ အနည်းငယ် စိုက်သွားခဲ့သည်။
လင်းရီ၏ ခြေထောက်တော့ သွားပြီဟု လူတိုင်း ထင်နေစဉ်မှာပဲ ကြောက်ဖို့ကောင်းသည့် မြင်ကွင်းတစ်ခုက ၎င်းတို့ မျက်စိရှေ့မှာပဲ ဖြစ်ပေါ်လာသည်။
လင်းရီ သူ၏ ကိုယ်ကို ပေါ့ပါးစွာ လှည့်၍ သေနတ်ထံက ကျည်ဆံကို ပြီးပြည့်စုံစွာ ရှောင်ရှားလိုက်သည်။
“ ဒါ …. မဖြစ်နိုင်ဘူး…”
လူတိုင်း အံ့အားသင့်သွားခဲ့ကြပြီး မေးရိုးများက ကြမ်းပြင်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့ကြ၏။
ဤ မြင်ကွင်းက စွန်းမန်လုံ အနိုင်ယူခံလိုက်ရသည့် မြင်ကွင်းထက်ပင် ရှော့ခ်ရဖို့ ကောင်းနေလေသည်။
လူတစ်ဦးက မည်မျှ လျှင်မြန်နေစေကာမူ ကျည်ဆံကို ရှောင်ရှားဖို့ ဆိုသည်မှာတော့ မည်သို့မျှ မဖြစ်နိုင်ချေ။
“ မင်း ကိုင်ထားတာကြီးက အသုံးလည်း မဝင်ပါလား…”
ပြောပြီးနောက် လင်းရီ သူ၏ စကေဘာကို ထုတ်လိုက်၏။ အလင်းတစ်ချက် လက်သွားခဲ့ပြီး အေးစက်စက် အလင်းတန်းနှင့်အတူ စွန်းမန်ကျား၏ လက်မောင်းတည့်တည့်သို့ ထိုးစိုက်သွားခဲ့လေသည်။
ကျယ်လောင်သည့် အော်ညည်းသံနှင့်အတူ စွန်းမန်ကျား လက်ထဲရှိ သေနတ်က အောက်သို့ ပြုတ်ကျသွားခဲ့ပြီး သူ၏ အနာကို ကိုင်ထားလျက် ကြမ်းပြင်တွင် နာကျင်စွာ အော်ဟစ်ဆဲဆိုနေလေသည်။ မတ်တပ်မရပ်နိုင်တော့လောက်သည်အထိ နာကျင်လှ၏။
ဤတစ်ကြိမ်တွင်တော့ စွန်းမန်လုံ မျက်နှာထက်ရှိ အပြုံးက ပျောက်ကွယ်သွားခဲ့ပြီး ထိုအစား ထိတ်လန့်မှုက အစားထိုး ဝင်ရောက်လာသည်။
“ အခု စကား ပြောလို့ရပြီလား…”
“ အင်း အင်း… “ စွန်းမန်လုံ နာကျင်မှုကို ကြိတ်မှိတ်သည်းခံ၍ လေးပင်စွာ ခေါင်းညိမ့်လိုက်သည်။
“ ငါမှားသွားတယ်… ငါမင်းကို နောက်ထပ် ပြဿနာ မရှာတော့ဘူးလို့ ကတိပေးတယ်… ငါ့ကိုယ်ငါ နိမ့်ချပြီး မင်းကို တောင်းပန်ပါ့မယ်… ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြစို့…”
“ တောင်းပန်တဲ့ ကိစ္စတွေ ပြောမနေနဲ့… အဲ့ကိစ္စတွေ ငါ့ခေါင်းထဲမှာ ရှိကိုမရှိတာ… “ လင်းရီ သူ၏ ခြေထောက်ကို စွန်းမန်လုံ၏ ရင်ဝမှ ပြန်ဆုတ်လိုက်ပြီး သူ့ ဘောင်းဘီရှိ ဖုန်များအား ခါခပ်လိုက်သ်ည။
“ ပြီးတော့ မင်းက နာမည် တစ်လုံးနဲ့ ရှိတဲ့လူလေ… ဒီတော့ မင်း စကား မင်းတည်မယ်ဆိုတာ ငါ ယုံတယ်… ဒီနေ့တော့ ဒီလောက်ပဲ… နောက်တစ်ကြိမ် ရှိလာခဲ့ရင် မင်းတို့အကုန်လုံး မနက်ဖြန် နေထွက်တာကို မမြင်စေရဘူး…”
ပြောပြီးနောက် လင်းရီ သူ၏ စကေဘာကို ပြန်သိမ်း၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။
လူတိုင်း၏ မျက်လုံးတို့က လင်းရီ သွားသည့်နောက် တကောက်ကောက် လိုက်ပါနေလျက်ရှိပြီး တိုးညှင်းသည့် အသံသော်မျှ မထွက်ဝံ့ကြချေ။
သီးသန့်ခန်း တံခါး ပြန်ပိတ်သွားသည့်အခါမှသာ သူတို့ ရင်ဘက်ထဲရှိ အစိုင်အခဲကြီး ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရ၏။
ကလင် ကလင် ကလင် ..
ထိုအခိုက်အတန့်တွင် ဖုန်းမြည်သံက အခန်းထဲရှိ တိတ်ဆိတ်နေမှုကို ချိုးဖျက်လိုက်လေသည်။
စွန်းမန်လုံ၏ ဖုန်းသံ မြည်လာခဲ့ခြင်းပင်။
ယင်းက ဝမ်မြန်ထံမှ ဖြစ်၏။