← Chapters

ဝမ်မြန်ရဲ့ လျှို့ဝှက် အကြံအစည်

Vol. 97 Ch. 1451

ဝမ်မြန်ရဲ့ လျှို့ဝှက် အကြံအစည်

Vol. 97 Ch. 1451

ဝမ်မြန် ဖုန်းခေါ်လာသည်ကို မြင်တော့ စွန်းမန်လုံ၏ စိတ်ထဲ စိုးရိမ်မှုတို့ ပြည့်နှက်လာသည်။

နာရီ အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ၉ နာရီ ၂၀ မိနစ်ပင် ရှိနေပြီ ဖြစ်ကြောင်း တွေ့ရှိလိုက်ရပြီး ချိန်းဆိုထားသည့် အချိန်အား ကျော်လွန်နေတော့သည်။

“ သခင်လေးဝမ်…” စွန်းမန်လုံ ခက်ခက်ခဲခဲ ဖုန်းကိုင်လိုက်၏။

“ ခင်များ ဘယ်အချိန်ရှိပြီလဲ သိလား…”

“ ဒီမှာ ထင်မှတ်မထားတဲ့ ကိစ္စတစ်ခု ဖြစ်သွားခဲ့လို့.. ခု မင်းဆီ လာနေပြီ…”

“ မလိုဘူး… ကျုပ် အခု ဟိုတယ်အောက်ထပ်မှာ ရောက်နေပြီ… ခင်များ ဆင်းသာ လာခဲ့လိုက်….”

“ ကောင်းပြီ… အဟွတ် အဟွတ် အဟွတ်…..”

“ ဟင်… ဘာဖြစ်တာလဲ…”

ဖုန်းထဲတွင် တစ်ခုခု မူမမှန်နေသည်ကို ဝမ်မြန် ကောင်းကောင်းကြီး ပြောနိုင်သည်။ ပုံမှန် ဆိုပါက စွန်းမန်လုံသည် ယခုလို အခြေအနေမျိုး ဖြစ်နေလိမ့်မည် မဟုတ်ချေ။

“ ငါ လူတစ်ယောက်နဲ့ တွေ့ပြီး သူ့လက်ထဲမှာ ရှုံးသွားခဲ့တယ်…”

“ ခင်များတောင် ရှုံးသွားတယ် ဟုတ်လား…”

ဝမ်မြန် အံ့အားသင့်သွားခဲ့၏။

စွန်းမန်လုံ၏ တိုက်ခိုက်နိုင်စွမ်းကို သူ မသိဘဲ ဘယ်နေပါ့နည်း။ ထိုသူက C အဆင့်သို့ ရောက်ရှိနေပြီး သူပင် အနိုင်ယူဖို့ အတော်လေး ခက်ခဲလိမ့်မည်။ မြောက်ပိုင်းကဲ့သို့သော နေရာမျိုး၌ ထိုကဲ့သို့သော လူစားမျိုးကို အနိုင်ယူနိုင်သည့်လူဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

“ တစ်ဖက်က ဘယ်နှယောက်မို့လို့…”

“ တစ်ယောက်…”

ထိုစကားကို ကြားတော့ ဝမ်မြန်၏ စိတ်ထဲ ပို၍ပင် အံ့အားသင့်မိသွားခဲ့သည်။ မသိလိုက်စွာဖြင့် သူ၏ နှလုံးခုန်နှုန်းတို့ ပိုမို မြန်ဆန်လာသည်။

တစ်ဖက်က စွန်းမန်လုံကို တစ်ယောက်တည်း အမှောက်သိပ်သွားခဲ့တယ်ပေါ့…..

ဒါဆို တစ်ဖက်သူလည်း အနည်းဆုံး C အဆင့်လို့ ပြောချင်နေတာပဲ မလား… အဲ့ထက် ပိုရင်တောင် ပိုနေလိမ့်ဦးမယ်… ဘယ်အချိန်ကတည်းက အဲ့လိုလူစားမျိုး မြောက်ပိုင်းမှာ ထွက်ပေါ်လာတာပါလိမ့်…

“ တစ်ဖက်သူက --- ”

“ သခင်လေး …”

ဝမ်မြန် ပြောတော့မည့် အချိန်မှာပဲ လီနာက ရုတ်ချည်းဆိုသလို သူ့အား ကြားဖြတ်ပြောလာသည်။

“ ဟိုတယ် ဝင်ပေါက်ဝကို ကြည့်လိုက်ဦး…”

ဝမ်မြန် အကြည့်ပို့လိုက်တော့ သူ၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့လေသည်။ သူ ဘာမြင်လိုက်ရတာပါလိမ့်။ လင်းရီ ဟိုတယ်ထဲကနေ ထွက်လာခဲ့တယ်ဟုတ်လား။

ဤနေရာ၌ လင်းရီ ရှိနေလိမ့်မည်လို့ သူ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။

ရုတ်ချည်းဆိုသလို ဘာဖြစ်နေလဲဆိုတာကို သူ ချက်ချင်း နားလည်သွားခဲ့လေသည်။

သူ မမှားယွင်းဘူးဆိုပါက စွန်းမန်လုံနှင့် တိုက်ခိုက်ခဲ့သည့်လူမှာ လင်းရီသာလျှင် ဖြစ်ရမည်။

ဆိုလိုသည်မှာ သူက လအနည်းငယ်အတွင်း စွန်းမန်လုံကိုပင် အနိုင်ယူနိုင်လောက်သည်အထိ တိုးတက်လာနေပြီ ဟူသည့် သဘောပင် မဟုတ်လော။ အထင်ကြီးလောက်စရာပင်။

“ အရင်ဆုံး ဆင်းလာခဲ့… ကျုပ်တို့ တွေ့ပြီးမှ စကားပြောကြမယ်…”

“ ငါအခု ဆင်းလာနေပြီ..”

ဝမ်မြန် ဖုန်းချပြီး လီနာထံ ပြောလိုက်၏။

“ လိုင်စင်နံပါတ်ကို မှတ်မိလိုက်လား…”

“ အနက်ရောင် A8 ***78”

“ အဲ့ကားရဲ့ လှုပ်ရှားမှုတွေကို လူလွှတ်ပြီး စစ်ဆေးခိုင်းလိုက်…. သူ့ရဲ့ တည်နေရာ အတိအကျကို လိုချင်တယ်..”

“ အင်း… နားလည်ပြီ… ကျွန်မ အခုပဲ စီစဉ်ထားလိုက်မယ်…” လီနာ ပြောလိုက်၏။ ထို့နောက် ဆက်လက်၍ “ ဒါပေမယ့် လုပ်တဲ့လူက လင်းရီဆိုတာ သိပြီးတာတောင်မှ ကျွန်မတို့ ဒီကိစ္စ ဆက်ပြီး ကိုင်တွယ်ဖြေရှင်းဖို့ လိုသေးလို့လား…”

“ အလျင်လို စရာ မလိုပါဘူး… စွန်းမန်လုံ ရောက်လာတာကို အရင် စောင့်ကြတာပေါ့…”

မိနစ် အနည်းငယ် ကြာပြီးနောက် စွန်းမန်လုံ ဟိုတယ်ထဲကနေ ခပ်သွက်သွက် ပြေးထွက်လာပြီး ဝမ်မြန်၏ ကားထဲသို့ ဝင်လိုက်သည်။

“ ဘာတွေ ဖြစ်ခဲ့တာ … ခင်များ ဘာလို့ ဒီလောက်တောင် ဒဏ်ရာတွေ ရထားရတာလဲ…” ဝမ်မြန် မေးမြန်းလိုက်ပြီး “ ဒီလို ဖြစ်အောင် ဘယ်သူ လုပ်သွားခဲ့တာလဲ..”

“ သူ့ နာမည်က လင်းရီ… သူက လင်းယွင် အုပ်စုရဲ့ ဥက္ကဌ…” စွန်းမန်လုံ အံတင်းတင်းကြိတ်၍ ပြောလိုက်ပြီး “ ငါထင်ထားတာ သူ့ကို သာမန် စီးပွားရေး သမား တစ်ယောက်လို့ပဲ ထင်ထားခဲ့တာ ဒီလောက်ထိ ကျွမ်းကျင်တဲ့ မာစတာ တစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး..”

ပြောပြီးသည်နှင့် စွန်းမန်လုံ ဝမ်မြန်ကို ကြည့်လိုက်သည်။

“ သခင်လေး ဝမ်… မင်းရော ဒီလူကို သိလား..”

“ ကျုပ် သူ့ကို မသိဘူး.. ဒါပေမယ့် လင်းယွင် အုပ်စုအကြောင်းတော့ ကြားဖူးတယ်… ဒါပေမယ့် ခင်များကိုတောင် ထိပါးဝံ့တယ်ဆိုတော့ သူ့သတ္တိတွေ တော်တော်ကောင်းနေလို့ ဖြစ်လိမ့်မယ်…”

ဝမ်မြန်၏ အဖြေက စွန်းမန်လုံကို သတင်းအချက်အလက်တစ်ချို့ ရရှိသွားစေခဲ့သည်။

ဝမ်မိသားစု၏ လက်ရှိ အဆင့်အတန်းဖြင့် ဝမ်မြန်က သူ့ကို မသိရှိဘူး ဆိုသည်က လင်းရီ၏ လွှမ်းမိုးမှုမှာ ဟွာရှတွင် အတော်လေး အကန့်အသတ်နှင့် ဖြစ်ပုံပင်။

တနည်းအားဖြင့် ဟွာရှ ဗျူရိုကရေစီရှိ သူ၏ အဆက်အသွယ်တို့က အကန့်အသတ်နှင့် ဖြစ်လောက်၏။ မဟုတ်ပါက ဝမ်မြန် သူ့ကို ကောင်းကောင်း သိလောက်ပေသည်။

ထို့ကြောင့် လင်းရီကို တိုင်ကွန်းတစ်ယောက်အဖြစ်သာ မှတ်ယူ၍ရပြီး အစိုးရနောက်ခံ ပေးထားသည့် စီးပွားရေး တစ်ယောက်တော့ မဖြစ်တန်ရာ။ သို့ဖြစ်လေရာ သူ မည်သည်ကိုမျှ ကြောက်စရာ မလိုတော့ချေ။

သို့သော် စွန်းမန်လုံ မသိလိုက်သည်က သူ ဝမ်မြန်၏ လှည့်စားခြင်းကို ခံလိုက်ရပြီ ဆိုတာကိုပင်။

ဝမ်မိသားစု၏ အဆင့်အတန်းက လင်းရီ လက်ချက်ကြောင့် ကျဆင်းသွားရခြင်း ဖြစ်ရာ သူတို့ လင်းရီကို မသိဘဲ ဘယ်နေပါ့နည်း။

“ သူက သတ္တိကောင်းရုံတင် မကဘူး… စကေးလည်း သိပ်ကောင်းတယ်…”

သူ၏ ရင်ဘက်ထဲတွင် မလိုလားမှုတို့ဖြင့် ပြည့်နှက်နေသော်လည်းပဲ လင်းရီက အမှန်ပင် သန်မာသည်ကိုတော့ စွန်းမန်လုံ မလက်ခံချင်လည်း လက်ခံရလိမ့်မည်။

သူက ၎င်း၏ ပြိုင်ဘက် မဟုတ်ချေ။

“ ငါ့ညီ သူ့ကို သေနတ်နဲ့ ချိန်ထားတဲ့ နောက်ဆုံး အချိန်မှာတောင် သူ တစ်စက်လေးတောင် မကြောက်သွားဘူး.. အဲ့ဒီအစား ကျည်ဆံကိုတောင် ရှောင်ပြလိုက်သေးတယ်… သူ့ခွန်အားက သွားရှုပ်လို့တော့ မရဘူး…”

“ ဒါ ခွန်အားနဲ့ မဆိုင်ပါဘူးကွာ.. ဒီတိုင်း စိတ်ကို ကစားသွားရုံလေးပါပဲ..” ဝမ်မြန် ပြောလိုက်ပြီး “ ခင်များညီ သေနတ်ခလုတ် ဆွဲတော့မယ့် အချိန်မှာ သူက ကြိုပြီး ရှောင်ထားနှင့်လိုက်တာ … လီနာနဲ့ ကျုပ်လည်း အဲ့လို လုပ်နိုင်တယ်… ခင်များသာ သူ့ကို နောက်ကနေ ပစ်ကြည့်လိုက်… အဲ့ကောင် သေချာပေါက် ရှောင်နိုင်မှာ မဟုတ်ဘူး…”

ဝမ်မြန်၏ လေသံက သာမန် အကြောင်းအရာ တစ်ခုကို ပြောဆိုနေသကဲ့သို့ တည်ငြိမ်နေသည်။

သူ့စကားလုံးများကို စွန်းမန်လုံ မည်သို့ ယူဆသွားမလဲ ဆိုတာကတော့ စွန်းမန်လုံ၏ အပိုင်းဖြစ်၏။ ယင်းက သူနှင့် မပတ်သက်ချေ။

စွန်းမန်လုံ ရုတ်ချည်းဆိုသလို နားလည်သွားခဲ့တော့သည်။

“ ဆိုတော့ အဲ့လိုမျိုးကိုး…”

“ စွန်းမန်လုံ … အိုး စွန်းမန်လုံ….” ဝမ်မြန် သက်ပြင်းချလိုက်ပြီး “ ဝမ်မိသားစုက ခင်များကို ဒီလောက် နှစ်တွေ အကြာကြီး ထောက်ပံ့ပေးလာတာ ဒါပေမယ့် နောက်ဆုံးကျတော့ တကယ်ကြီး ဒီလိုမျိုး ဖြစ်လာခဲ့တယ်ပေါ့… ဒီနှစ်တွေထဲမှာ ခင်များက အားနည်းတဲ့ကောင်တွေလောက် အနိုင်ကျင့်ပြီး သန်မာတဲ့ လူကိုကျတော့ ရှိခိုးလုမတတ် ကြောက်နေခဲ့တာပဲ… ဒီတိုင်း နည်းနည်းလေး သန်မာတဲ့ လူတစ်ယောက်ကတောင် ခင်များကို ဖျက်ဆီးလုနီးပါး ဖြစ်သွားခဲ့တယ်ဆိုတော့ ဝမ်မိသားစုက ခင်များကို မြောက်ပိုင်းမှာ ထားတာက အလကားသပ်သပ်လား…”

“ မဟုတ်ဘူး…”

စွန်းမန်လုံ၏ နှလုံးခုန်နှုန်းတို့ မြန်ဆန်လာခဲ့သည်။ ဝမ်မြန်က ဝမ်မိသားစု၏ အနာဂတ် ဆက်ခံသူ ဖြစ်လာမည်မှာ မလွဲမသွေပင်။

အကယ်၍ စွန်းမန်လုံသာ ၎င်း၏ စိတ်ထဲ ထင်မြင်ချက်ကောင်းတို့ ချန်ထားရစ်နိုင်ခဲ့ခြင်း မရှိဘူးဆိုပါက သူ၏ အနာဂတ်အဆင့်အတန်းသည်လည်း ရင်တထိတ်ထိတ်နှင့် ဖြစ်နေရလိမ့်မည်။

ထိုအကြောင်းကို ကြိုတွေးမိလိုက်တော့ ချွေးအေးတို့က စွန်းမန်လုံ၏ နဖူးထက် စီးကျလာလေသည်။

နှစ်ပေါင်း ဆယ်စုနှစ် တစ်ခုကြာညောင်းပြီးနောက်တွင် သူ၏ မြောက်ပိုင်း ကြီးမြတ်သူ စွန်းမန်လုံဟူသည့် အမည်က ခိုင်မာစွာ တည်ရှိထားပြီး ဖြစ်သည်။

သို့သော် သူသာလျှင် နောက်ကွယ်ရှိ အဖြစ်အပျက်များကို ကောင်းစွာ နားလည်ထားလေသည်။

အကယ်၍ ဝမ်မိသားစု၏ ပံ့ပိုးထားပေးမှုသာ မရှိဘူးဆိုပါက သူသည်လည်း ယနေ့လို ဤနေရာသို့ ရောက်ရှိလာနိုင်လိမ့်မည် မဟုတ်ချေ။

ဝမ်မိသားစုက ဤနေရာသို့ ရောက်အောင် တွန်းတင်ပေးနိုင်ခဲ့သဖြင့် သူ့နေရာကို အခြားတစ်ယောက်နှင့် အစားထိုးနိုင်စွမ်းလည်း ရှိသည်။

သူ၏ ရာထူးနေရာကို ဆက်လက် ထိန်းထားနိုင်ခြင်း ရှိမရှိက သူ မည်မျှ အသုံးဝင်လဲ ဆိုသည့် အပေါ် မူတည်နေလေသည်။

“ ကောင်းပြီ… ခင်များ သွားလို့ရပြီ… ဒီနေ့ည ကျုပ်နဲ့ လိုက်လာခဲ့စရာ မလိုဘူး..” ဝမ်မြန် အေးစက်စွာ ပြောလိုက်၏။

“ ဒါပေမယ့် ဒါက --- “

“ ထွက်သွား…”

“ နားလည်ပြီ သခင်လေးဝမ်…”

စွန်းမန်လုံ ကားတံခါးဖွင့်၍ ထွက်ခွာသွားခဲ့၏။ သူ နည်းနည်းလေးမျှပင် အချိန်မဆွဲဝံ့ချေ။ အေးစက်သည့် လေများ တိုက်ခတ်နေသည်ကို ခံစားရင်း ဝမ်မြန် ထွက်ခွာသွားသည်အား ငေးကြည့်နေမိ၏။ သူ့အတွေးထဲ မည်သည်တို့ဖြင့် ပြည့်နှက်နေသည်ကိုတော့ မည်သူကမျှ မသိရှိနိုင်ချေ။

“ သခင်လေး … နင် တကယ်ကြီး လင်းရီကို တိုက်ခိုက်ချင်နေတာလား… ကျွန်မ ကူညီပေးဖို့ရော လိုသေးလား…”

“ တိုက်ခိုက်မယ် ဟက်…” ဝမ်မြန် အေးစက်စက် ရယ်မောလိုက်ပြီး “ ငါ လင်းရီကို တိုက်ခိုက်မယ်လို့ ဘယ်တုန်းက ပြောမိလို့…”

“ ဒါဆို စွန်းမန်လုံကို ချောက်ချတော့မလို့လား…”

ဝမ်မြန် ခေါင်းညိမ့်လိုက်သည်။ “ ငါ လင်းရီကို သတ်ပစ်ချင်လောက်တဲ့အထိ မုန်းတီးမိတယ်ဆိုပေမယ့် သူ့နောက်မှာ လျန်မိသားစုက ကျောထောက်နောက်ခံ လုပ်ထားပေးထားတာ… ပြီးတော့ သူက အမျိုးသားရေး အဆင့် ပုံရိပ်တွေကြားထဲမှာလည်း နာမည်ကောင်းတွေ ရှိထားသေးတယ်… တကယ်လို့ ဝမ်မိသားစုကသာ သူ့အပေါ် လျှို့ဝှက်ပြီး အကွက်တွေ ရွေ့ခဲ့မယ်ဆိုရင် လျန်မိသားစုက စဉ်းစားနေမှာ မဟုတ်ဘူး.. ငါတို့အပေါ် ခုန်အုပ်လာနိုင်တယ်… ဒီတော့ ဒီကိစ္စ စွန်းမန်လုံနဲ့ ထားပစ်ခဲ့လိုက်တာ အကောင်းဆုံးပဲ….”

“ ဒါပေမယ့် တစ်ချို့လူတွေကတော့ ဝမ်မိသားစုနဲ့ သူ့ကြားက ဆက်ဆံရေးကို သိထားကြမှာပဲလေ…”

“ သိတော့ရော ဘာဖြစ်တုန်း… ငါ သူ့ကို အဲ့လို လုပ်ပါလို့ တောင်းဆိုခဲ့လား… သူ့ဘာသူ လျှာရှည်ပြီး လုပ်တာတော့ မတတ်နိုင်ဘူး..” ဝမ်မြန် ပြောလိုက်ပြီး “ ပြီးတော့ တကယ်လို့ စွန်းမန်လုံသာ အောင်အောင်မြင်မြင်နဲ့ လင်းရီကို သုတ်သင်နိုင်ခဲ့မယ်ဆိုလည်း ကောင်းသားပဲ.. အဲ့ခါကျ မင်းသွားပြီး သူ့ကို နှုတ်ပိတ်လိုက်… ငါတို့ဆီ မြှားဦးလှည့်လာမယ့် ဘယ်လို သဲလွန်စကိုမှ မချန်ခဲ့နဲ့… သူတို့ ငါတို့ ဝမ်မိသားစုကို အပြစ်တင်ချင်ရင်တောင် သူတို့ အရမ်းကာရော လုပ်ဝံ့ကြမှာ မဟုတ်ဘူး…”

“ ဒါပေမယ့် စွန်းမန်လုံရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့မှာ တကယ်ရော လင်းရီကို သတ်နိုင်တဲ့ အစွမ်းအစရှိပါ့မလားနော်…”

လီနာ သူမ၏ စိုးရိမ်မှုကို ထုတ်ပြောလိုက်၏။

“ မရှိနိုင်ဘူး… လင်းရီက ငါ လေးစားရတဲ့ ပြိုင်ဘက် .. ဉာဏ်ရည်ဉာဏ်သွေးချင်းယှဉ်ရင် စွန်းမန်လုံက နောက်မှာ အပြတ်သတ် ကျန်နေရစ်ပြီ…” ဝမ်မြန် ပြောလိုက်ပြီး “ ဒါပေမယ့် သူသာ လင်းရီကို ခြေတစ်ချောင်းပဲ ဖြစ်ဖြစ် ဒါမှမဟုတ် လက်တစ်ဖက်လောက်ပဲ ဖြစ်ဖြစ် ဒုက္ခိတ ဖြစ်အောင် လုပ်နိုင်မယ်ဆိုရင် ငါ့ဒေါသတွေလည်း စိတ်ထွက်ပေါက်ရတာပေါ့ မဟုတ်ဘူးလား….”

All Chapters