လုပ်ကြံမယ့် အခိုက်အတန့်
Vol. 97 Ch. 1453
“ နင်က အခုသင် အခုတတ်တယ် ဟုတ်လား…”
အန်းနင် သရော်သံ ပြုလိုက်ပြီး “ ငါတောင်မှ နည်းနည်းလေး စီးတတ်ဖို့ကို ဆောင်းနှစ်ခုလောက် ဆက်တိုက် သင်ခဲ့ရတာ သိလား… နင့်ကိုယ်နင် ဘေးကနေ ကြည့်တာနဲ့ပဲ သူ့အလိုလို စီးတတ်သွားမယ်များ ထင်နေလား….”
“ အင်း အဲ့လိုပဲပေါ့…”
စနစ်၏ ဆုလဒ်ကြောင့် လင်းရီတွင် နယ်ပယ်မျိုးစုံ၌ ဗဟုသုတ မျိုးစုံကို အနည်းအကျဉ်း သိရှိထားပြီး နှင်းစကိတ်စီးသည့် အတတ်သည်လည်း ခြွင်းချက် မဟုတ်ပေ။ ဤအတိုင်း သူတစ်ခါမျှ လက်တွေ့ လက်ကျင့်မှု မရှိသောကြောင့်သာ အနည်းငယ် စိမ်းသက်သယောင် ဖြစ်နေခြင်းပင်။
“ တော်စမ်းပါ… ကြွားမနေစမ်းနဲ့… နင်သာ နှင်းစကိတ်စီးတာကို တစ်ချက်ကြည့်တာနဲ့ တတ်သွားမယ်ဆိုရင် ငါ အထင်ကြီးပေးလိုက်မယ်…”
“ မင်း အထင်ကြီးတော့ရော ဘာအသုံးဝင်သွားလို့… တစ်ခုခု လုပ်မယ်ဆို စိတ်ဝင်စားဖို့ကောင်းအောင် လုပ်မှပေါ့… မဟုတ်ရင် ငါမင်းနဲ့ လိုက်ပြီး မကစားပေးနိုင်ဘူး..”
အန်းနင်၏ မျက်လုံးတို့ ရွေ့လျားသွားခဲ့ပြီး ထို့နောက် အကြံတစ်ခု လင်းလက်လာသည်။
“ ဒါဆို ဒီလိုလုပ်ရအောင် … နင်ပြောတာ နင် တစ်ချက်ကြည့်တာနဲ့ တတ်မယ် ပြောတယ်မလား… နင် အဆင်သင့် ဖြစ်ရင် ပြိုင်စီးကြမယ်… အနိုင်ရတဲ့သူက ရှုံးတဲ့သူရဲ့ အင်္ကျီထဲ နှင်းလက်တစ်ဆုပ် ထည့်ကြေး… နင် ဘယ်လို စိတ်ကူးရလဲ…”
လီစီကျင်း “ ??? “
“ အစ်မနင် … နင်ဒါ နည်းနည်းတော့ မလွန်လွန်းဘူးလား…”
“ ဘာကိုလွန်ရမှာ… အဲ့ဒီနေ့ ငါတို့ နှင်းဘောလုံးတွေနဲ့ တိုက်ခိုက်ကြတုန်းက အဲ့အကောင် ငါ့အင်္ကျီထဲ နှင်းတွေ သိပ်ထည့်သွားခဲ့တာလေ… ခု အခွင့်အရေး ရှိလာပြီဆိုတော့ လက်စား ပြန်ချေရမှာပေါ့…”
အန်းနင် လင်းရီကို ကြည့်လိုက်ပြီး “ နင် စိန်ရဲလား… နင် မစိန်ရဲဘူးဆိုလည်း ပြောလိုက်နော်… ပြီးမှ ငါ့ကို အနိုင်ကျင့်တယ်လေး ဘာလေးဆိုပြီး လာမပြောနဲ့…”
“ ဘာလို့ မစိန်ရဲရမှာ…” လင်းရီ မောင်းရင်းဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ငါသိချင်တာ အဲ့ဒီ နှင်း လက်တစ်ဆုပ်စာက အပေါ်ကို ထည့်မှာလား အောက်ကို ထည့်မှာလား…”
“ အာ….”
အန်းနင် ခေတ္တမျှ တုံ့ဆိုင်းသွားခဲ့ပြီး “ အပေါ်ကို လက်တစ်ဆုပ် ၊ အောက်ကို လက်တစ်ဆုပ် ဆိုရင်ကော…”
လီစီကျင်း ကြက်သေသေသွားခဲ့၏။
ဒီလောက်ထိ ရက်စက်ဖို့ လိုလို့လား…
အပေါ်ပိုင်းကို နှင်းထည့်တာတော့ အဆင်ပြေပါရဲ့… ဒါပေမယ့် အောက်ထဲ ထည့်မယ်ဆိုရင်တော့…..
ဟစ်… ဒီ နှစ်ယောက်က အရမ်း ရက်စက်ကြတာပဲ…
“ အိုကေပြီ..”
နာရီဝက်ကြာပြီးနောက် သုံးယောက်သား ရာဘာလီ နှင်းစကိတ်စီးသည့် အပန်းဖြေစခန်းသို့ ရောက်ရှိလာခဲ့ကြသည်.
ကြယ်လေးပွင့် သတ်မှတ်ထားခြင်း ခံရသည့် အပန်းဖြေစခန်း တစ်ခုဖြစ်သည်နှင့်အညီ အပြင်အဆင်တို့က ခမ်းနားထည်ဝါနေပြီး ဒေသတွင်း ထိပ်တန်း အပန်းဖြေစခန်း တစ်ခု အဖြစ် မှတ်ယူနိုင်သည်။ သို့သော် ဈေးကလည်း မသေးလှပေ။
သို့ပေမယ့် လင်းရီကဲ့သို့ ATM စက်ကြီး တစ်ခုလုံး ပါလာနေမှတော့ အဆိုပါ စရိတ်စကများအား အဘယ်ကြောင့် ဦးနှောက်ခြောက်ခံ၍ စဉ်းစားနေဦးမည်နည်း။
အန်းနင်က နှင်းစကိတ်စီးရတာ ဝါသနာပါသည့် ဝါသနာအိုး တစ်ယောက်ဖြစ်ပြီး လီစီကျင်းကလည်း ဤသို့သော နေရာမျိုးသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်ရာ နှစ်ယောက်လုံးက အကြောင်းပြချက် ကိုယ်စီဖြင့် စိတ်လှုပ်ရှားနေကြသည်။ လင်းရီကသာ မိန်းကလေးနှစ်ယောက် ဘေးကနေ စိတ်အေး လက်အေးဖြင့် လိုက်ပါနေလျက် ရှိပြီး ဘေးပတ်ဝန်းကျင်အား သေချာလေး ရှုစားနေတော့၏။
သူတို့ သုံးယောက် နှင်းစကိတ် အပန်းဖြေ စခန်းသို့ ဝင်သွားသည်နှင့် နောက်မှ နီးကပ်စွာ လိုက်ပါလာလျက် ရှိသည့် အနက်ရောင် ဗော့ဆွာဂန် တစ်စင်းနှင့် ဝူလင်းဟုန်ကွမ်း အီးဗွီကား အသေးလေးကလည်း နှင်းစကိတ် အပန်းဖြေစခန်း၏ ပါကင်နေရာတွင် ကားထိုးရပ်လိုက်သည်။
ဂျက်ကတ်အထူစားကြီးဖြင့် သက်လတ်ပိုင်း အမျိုးသား နှစ်ဦး ကားထဲကနေ ထွက်လာသည်။ တစ်ယောက်က ဆံပင်အတိုနှင့် ဖြစ်ပြီး ကျန်တစ်ယောက်ကတော့ ဆံပင်ကို ညာသို့ ခွဲထား၏။ နှစ်ယောက်လုံးက မည်သို့ပဲ ကြည့်ကြည့် သာမန်လူများပင်။
“ ဒီကောင်ကတော့ သူ့ကိုယ်သူ ဘယ်လိုပျော်ရမလဲ တကယ်သိသားပဲ … အလှလေး နှစ်ယောက်ခေါ်လာပြီး နှင်းစကိတ် စီးမယ်ပေါ့…”
ဆံပင်ကို ညာသို့ ခွဲထားသည့် အမျိုးသားက ပြောလိုက်ပြီး စီးကရက်ကို ဖွာနေလျက် ရှိကာ သူ့မျက်နှာထက်တွင် မည်သို့သော အမူအရာကိုမျှ မတွေ့ရချေ။ စကားပြောရင်းဖြင့် မျက်လုံးက ပတ်ဝန်းကျင်ကို အဆက်မပြတ် လေ့လာနေလျက် ရှိပြီး လှုပ်ရှားလို့ကောင်းမည့် နေရာကို ရှာဖွေနေသည်။
“ ကားထဲက ဟာတွေ အရင်ချ… အထဲသွားပြီး အခြေအနေ တစ်ချက် စုံစမ်းကြည့်ကြစို့… ငါတို့ အမြင်ကောင်းကောင်းကွယ်တဲ့ နေရာတွေ့ရင် ဒီနေ့ပဲ လှုပ်ရှားကြမယ်… မတွေ့လည်း နောက်တစ်နေ့ပေါ့…”
“ ကောင်းပြီ…”
စိတ်ပိုင်းဖြတ်ကြပြီးနောက် သူတို့နှစ်ယောက် လင်းရီတို့ သွားသည့် နေရာသို့ လိုက်လာခဲ့ကြသည်။ သာမန် ခရီးသွားဧည့်သည်များကဲ့သို့ ပြုမူနေလျက် ရှိပြီး မည်သူကမျှလည်း ၎င်းတို့ကို သင်္ကာမကင်း မဖြစ်ကြချေ။
ထိုအချိန်တွင် လင်းရီနှင့် ကျန်နှစ်ယောက်က နှင်းအဝတ်အစားများ ငှားသည့် နေရာသို့ ရောက်နေကြလေသည်။ သူတို့ တစ်ခါမျှ ယခုလို အဝတ်မျိုး မဝတ်ဖူးသဖြင့် လီစီကျင်းမှာ စိတ်ထဲ အနည်းငယ် မြူးနေပြီး ထိုအဝတ်အစားဖြင့် ဓာတ်ပုံ ဆယ်လ်ဖီ အနည်းငယ်ပင် ရိုက်လိုက်သေးသည်။
ထို့ပြင် အန်းနင်က တွေးပေးတတ်စွာဖြင့် ဧရာမ လိပ်အကာတစ်ခုနှင့် ဒူးတံတောင်ကာများ လေးခု ဝယ်လာခဲ့ပေးပြီး အကြီးဆုံးကို သူမ၏ တင်ပါးအောက်၌ ထားပေး၍ ကျန်သည့် အသေးလေးများကိုတော့ သူမ၏ ဒူးတံတောင်ဆစ် နေရာများတွင် တပ်ထားလိုက်သည်။ သို့မှသာ လဲကျသည့် အခါ၌ အကျသက်သာမှာ ဖြစ်၏။
“ သွားစို့ စီကျင်း… ငါ နင့်ကို စကိတ် ဘယ်လို စီးရမလဲ သင်ပေးမယ်…”
လီစီကျင်း ပျော်ရွှင်စွာ ခေါင်းညိမ့်လိုက်၏။ “ ငါ တကယ်ကြီး ဘယ်လို စီးရမှန်း မသိတာ… လဲကျရင် ရှက်စရာကြီး ဖြစ်သွားမလားမသိဘူးနော်…”
“ သာမန်ပါပဲ… အဲ့ ကုန်းဆင်းတဲ့ နေရာနားက လူတွေကို ကြည့်လိုက်လေ… ဘယ်သူကများ နှင်းတွေ မပေပွဘဲနေတဲ့လူ ရှိလို့… ဒီမှာ ဘယ်သူမှ နင့်ကို ရယ်မှာ မဟုတ်ဘူး…”
လီစီကျင်း ရယ်မောလိုက်ပြီး “ ငါတော့ မျက်နှာ မာ့စ်တပ်ထားမှနဲ့တူတယ်.. အဲ့လိုမှ ငါ လဲကျရင် ဘယ်သူမှ ငါ့မျက်နှာကို မမှတ်မိတော့မှာ… အဲ့ဒါဆို ရှက်စရာလည်း မလိုတော့ဘူး…”
“ မှန်တယ်… လဲကျမှာ ကြောက်နေရင် တစ်သက်လုံး စကိတ်စီးတတ်ဖို့ကို မေ့လိုက်တော့…”
“ အမ်ဟမ့်…”
သုံးယောက်သား အင်္ကျီ အဝတ်အစားများလဲပြီး ပစ္စည်းကိရိယာများ ယူဆောင်ကာ ကစားသည့် နေရာသို့ အတူရောက်လာခဲ့ကြ၏။
ယခု နှင်းစကိတ်စီးသည့် အပန်းဖြေစခန်း၌ လျှောဆင်း၍ ရသည့်နေရာ စုစုပေါင်း ခြောက်ခုရှိပြီး လူသစ်၊ အလယ်အလတ်နှင့် အဆင့်မြင့်ဟူ၍ သုံးဆင့် ခွဲာခြားထားသည်။
အလယ်အလတ်နှင့် အဆင့်မြင့်သူတို့ ကစားသည့် ကုန်းဆင်းနေရာများတွင်တော့ အခြေအနေကို အတော်လေး တင်းကြပ်ထား၏။ တစ်စုံတစ်ယောက်၏ စကေးက ကောင်းမွန်ခြင်း မရှိဘူးဆိုပါက ချင်းချင်း လက်ငင်း ဝန်ထမ်းများ၏ ထွက်ခွာရန် အကြံပြုခြင်းကို ခံရလိမ့်မည်။
ယင်းကိုလည်း မှားယွင်းသည်လို့တော့ လင်းရီ မထင်ပေ။ မည်သို့ပင်ဆိုစေကာမူ တစ်ယောက်ကြောင့်နှင့် အများ အနှောင့်အယှက် ဖြစ်စေရသည်ကတော့ သိပ်မဟုတ်သေးချေ။ ထို့ပြင် သူ့နေရာနှင့်သူ အဆင့်လည်း ခွဲထားပေးသေး၏။
လင်းရီ၏ အမူအရာမှာ တည်ငြိမ်နေပြီး မည်သို့သော စိတ်လှုပ်ရှားမှုမျှလည်း ဖြစ်ပေါ်နေခြင်း မရှိချေ။
၎င်းကို မြင်တော့ အန်းနင်၏ အကြည့်တို့ လှုပ်ရှားသွားခဲ့ပြီး မမေးဘဲ မနေနိုင်တော့ချေ။
“ လင်းရီ … နင် တကယ်ကြီး စကိတ်မစီးတတ်ဘူးဆိုတာ သေချာလား…”
“ ငါ ပြောပြီးပြီပဲ မလား…” လင်းရီ ပြောလိုက်ပြီး “ စကိတ်စီးတာတင် မဟုတ်ဘူး… နှင်းတောင် ဒီ မြောက်ပိုင်းရောက်မှ ပထမဆုံး မြင်ဖူးတာလို့…”
“ ဒါပေမယ့် နင့်ကြည့်ရတာ အေးဆေးပဲကော…” အန်းနင် ပြောလိုက်ပြီး “ စီကျင်းကို ကြည့်လိုက်… သူဆို လုံးဝ ခုမှ စသင်ကာစ လူသစ်တစ်ယောက်လိုပဲ…”
“ မတူဘူးလေ… ငါက ကိစ္စတွေ အများကြီးကို တွေ့ကြုံခဲ့ဖူးတဲ့လူဆိုတော့ တော်ရုံ စိတ်မလှုပ်ရှားတတ်တော့ဘူး…”
ယင်းက အမှန်ပင်။ သို့သော် အန်းနင် စိတ်ထဲ စိုးရိမ်နေမိသေး၏။
လင်းရီ၏ အိတ်ထောင်ထဲ၌ လှည့်ကွက်တို့က စုံလင်လှသဖြင့် သူမ သတိထားကာမှ တော်ရာကျလိမ့်မည်။
“ ခုမှ စပြီး စကိတ်စီးသင်မယ့်လူတွေ စီးရမယ့် နေရာက ဟိုမှာ … သွားပြီး နင် ဘယ်လောက်တော်ကြောင်း ငါ့ကို ကြည့်စမ်းပါရစေဦး…”
အန်းနင်က ကျွမ်းကျင်သည့် စကိတ်စီးသမား မဟုတ်သော်လည်းပဲ စကိတ်စီးရတာကို ဝါသနာပါသည့် ဝါသနာအိုး တစ်ယောက် ဖြစ်သဖြင့် သူမ၏ စကေးတို့မှာ လူအများစုထက်တော့ သာသည်။
မြင်းလား မြည်းလားဆိုတာကိုတော့ လမ်းလျှောက်ကြည့်ရုံမျှနှင့် မသိနိုင်ချေ။
လင်းရီ ကုန်းဆင်းသို့ ရောက်သည်နှင့် သူ၏ အရည်အချင်းတို့ကလည်း သူ့အလိုလို ထွက်ပေါ်လာလိမ့်မည်။ ယင်းကို အတုလုပ်၍ မရချေ။
“ မဟုတ်သေးဘူးလေ… မင်းငါ့ကို အနည်းဆုံးတော့ သင်ယူဖို့ အခွင့်အရေး ပေးဦးမှပေါ့ဟ…”
“ ဒါပေါ့… ငါ နင့်ကို လေ့ကျင့်ဖို့ အခွင့်အရေး ပေးမှာ… ဒါပေမယ့် အရင်ဆုံး နင့်ဘာနင် စီးကြည့်ကြည့်… နင် ဘယ်လောက်ထိ ပါရမီပါလဲ ငါ ကြည့်ကြည့်မယ်…”
သို့နှင့် အန်းနင်သည် လင်းရီနှင့် လီစီကျင်းတို့ နှစ်ယောက်ကို အခြေခံ အကျဆုံး ကုန်းဆင်းနေရာသို့ ခေါ်လာခဲ့ပြီး ယင်းက မီတာ အနည်းငယ်မျှသာ မြင့်မားလေသည်။ ဤနေရာ၌ ကစားနေကြသည့် လူတို့က အရေအတွက် နည်းနည်းလေးသာ ရှိ၏။
ထိုအတောအတွင်း လင်းရီ၏ လမ်းလျှောက်သည့် ပုံစံမှ တဆင့် အန်းနင် တစ်စုံတစ်ရာကို သိရှိလိုက်ရသည်။ သူက ရုန်းကန်နေရခြင်း မရှိသော်လည်း အလွန်အမင်း ဂရုစိုက်နေဆဲပင်။ သူသည်လည်း လီစီကျင်းနှင့် သူမသာ ကိုယ်မသာ အဆင့်လောက်သာလျှင် ရှိ၏။
သို့တိုင် အန်းနင်သည် လင်းရီ၏ အရည်အချင်းကို စမ်းသပ်မည့် စိတ်ကူးအား လက်မလွှတ်သေးချေ။ အကယ်လို့ သူမသာ လင်းရီ၏ လှည့်စားခြင်းကို ခံလိုက်ရမည် ဆိုပါက အကြီးကြီး ဆုံးရှုံးရပေမည်။
အန်းနင် နှင်းရှိသည့် နေရာသို့ ညွှန်ပြလိုက်ပြီး “ အဲ့မှာ သွားစမ်းကြည့်ကြည့်…”
“ ငါ တကယ်ကြီး ဘယ်လိုစီးရမှန်း မသိပါဘူး ဆိုကွာ… တကယ်လို့ လဲကျရင် ကိုယ့်အရှက်ကိုယ် ခွဲသလို ဖြစ်နေမှာပေါ့ … ငါ့ရဲ့ ခန့်ညားတဲ့ ပုံရိပ်ကိုတော့ ထိန်းသိမ်းရဦးမယ်လေ…” လင်းရီ ပြန်ပြောလိုက်သည်။
“ ဒီ နေရာထိတောင် ရောက်လာပြီးမှတော့ နင့် အဲ့ဒီ ပုံရိပ်ကို ခဏ မေ့ထားပြီး စမ်းကြည့်ကြည့်…” အန်းနင် အားပေးလိုက်ပြီး “ မဟုတ်ရင် နင် ရှုံးတယ်လို့ ငါ သတ်မှတ်လိုက်မှာနော်…”
“ သေစမ်း… မင်း အကြံတယ်ကြီးတဲ့ မိန်းမ…”
“ ဟုတ်တယ်… အမျိုးသမီး တစ်ယောက်ရဲ့ နှလုံးသားက အဆိပ်တွေနဲ့ ပြည့်နေတာ.. ဒီတော့ ဆင်ခြေပေးဖို့ မကြိုးစားနဲ့… မြန်မြန်သွားပြီး စမ်းကြည့်တော့…” အန်းနင် သူမ၏ ခေါင်းသေးသေးလေးကို မော်ရင်း ပြောလိုက်သည်။