ခုမှ သင်လိုက်တယ်လို့ ပြောရင် ယုံမှာလား
Vol. 97 Ch. 1454
ပြောပြီးနောက် အန်းနင်သည် လင်းရီကို ကုန်းဆင်း၏ အလယ်နေရာသို့ ခေါ်လာပြီး သူ၏ စကေးတို့အား စမ်းသပ်တော့၏။
လင်းရီ ရင်ထဲ၌ တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ဒီ အန်းနင်က သိပ်ဉာဏ်များလွန်းတယ်
ဤသည်က အခြေခံအဖြစ်ဆုံး ကုန်းဆင်းဖြစ်ပြီး လာကစားကြသည့် လူများစုကလည်း ကလေးသူငယ်များပင်။
ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ဤကလေးများမှာ နှင်းစကိတ်စီးရန်ပင် မဟုတ်ဘဲ နှင်းများဖြင့် ကစားရန်သာ ဖြစ်သည်။ သူ ကြည့်ပြီး သင်ယူရအောင်လည်း မည်သူမျှ ရှိမနေချေ။
ချီးပဲ … ခက်တော့ ခက်နေပြီ…
“ ဝေ့.. ဒီတိုင်း ရပ်ပြီး ဘာလုပ်နေတာ … ဆင်းတော့လေ..”
“ တစ်မိနစ်လောက် စောင့်ဦး… ငါ အသင့်ဖြစ်အောင် လုပ်လိုက်ဦးမယ်..”
နှစ်ယောက်သား မရပ်တမ်း ငြင်းခုန်နေကြသည်ကို မြင်တော့ လီစီကျင်း သူမ၏ ပါးစပ်ကို လက်ဖြင့်ကွယ်၍ တခစ်ခစ် ရယ်မောလိုက်၏။
မြောက်ပိုင်းသူနဲ့ တွေ့တော့ အစ်ကိုရီလည်း ဘာတတ်နိုင်သေးလဲ… အခွင့်ကောင်း မယူနိုင်တော့ဘူးမလား…
ထင်ထင်တုန်းကဆို အစ်ကိုရီရဲ့ရှေ့မှ အပြတ်သတ် ချေမှုန်းခံရလု နီးပါးပဲ… ဒါပေမယ့် အစ်မနင်နဲ့ တွေ့တော့ကျ ကွာခြားသွားပြီ…
အထင်ကြီးစရာပါပဲ..
နှင်းထူသည့် လမ်း၌ လင်းရီ အဆုတ်တွင်းသို့ အသက်ပြင်းပြင်း ရှူသွင်းလိုက်ရင်း နှင်းစကိတ်စီးခြင်းနှင့် ပတ်သက်သည့် ဗဟုသုတများအား စိတ်ထဲတွင် ပြန်ပြီး စီစစ်လိုက်သည်။ ထို့နောက် အောက်သို့ စီးဆင်းသွားရန် ကြိုးစားလိုက်သည်။
ကုန်းဆင်းက အရမ်း မချော်ဘူးဆိုပါက သူ အဆင်ပြေနိုင်လောက်၏။ သို့သော် လက်တွေ့ စီးကြည့်တော့မှ ကုန်းဆင်း၏ ချော်ထွက်နေမှုကြီးက သူ့ကို ရှော့ခ်ရလောက်စေသည်အထိပင်။
ထိုအချိန်၌ သီအိုရီနှင့် လက်တွေ့ကြားရှိ ဧရာမ ကွာဟမှုကြီးကို လင်းရီ မျက်မြင်ကြုံတွေ့လိုက်ရသည်။
သူ ခြေထောက်ပင် မလှုပ်ရဲချေ။ ဦးတည်ရာဘက်ကို မည်သို့ ထိန်းကျောင်းရမှန်း ဦးနှောက်က သိနေသော်လည်း ခန္ဓာကိုယ်က လိုက်မလှုပ်နိုင်ချေ။ ပါလာသည့် ski pole နှစ်ချောင်းကလည်း သူ့အတွက် အလှဆင်သည့် အရာထက် မပိုချေ။
“ ချီးတဲ့မှ…”
အောက်ဆုံးနားလေးရောက်တော့ ကိုယ်ကို အတင်း လိမ်တွန့်၍ မူကြိုအရွယ် ကလေးတစ်ယောက်ကို အတင်းရှောင်ရှားလိုက်ရပြီး ဘေးရှိ နှင်းပုံထဲသို့ ခေါင်းစိုက်သွားခဲ့တော့၏။
“ ဟားဟား…”
လင်းရီ၏ မရှုမလှ အခြေအနေကို မြင်တော့ အန်းနင် အပေါ်ကနေ အားပါးတရ ရယ်မောနေလျက် ရှိ၏။
သူမ ယခုတော့ ယုံကြည်သွားချေပြီ။ လင်းရီက တကယ်ကြီး စကိတ် လုံးဝ မစီးတတ်ချေ။
ယခုလို အရာမျိုးက ဟန်ဆောင်နိုင်သည်မျိုး မဟုတ်ဘဲ သူက လုံးဝ လူသစ်လေးဆိုသည်မှာ သံသယ ဖြစ်ရန် မလိုချေ။ သူမ သူ့ကို အနိုင်ယူနိုင်ရန်အတွက် ယုံကြည်ချက် အပြည့် ဖြစ်သွားခဲ့၏။
ဟီးဟီး… နောက်ဆုံးတော့ ကလဲ့စား ပြန်ချေခွင့် ရတော့မယ်…
“ အစ်ကိုရီက တကယ်ကြီး စကိတ်မစီးတတ်ဘူးပဲနော်… “
လီစီကျင်းက လင်းရီ၏ ကိုယ်ပေါ်ရှိ နှင်းများအား ကူ၍ ခါခပ်ပေးလိုက်ပြီး အနည်းငယ် အံ့အားသင့်နေပုံရသည်။
“ ငါ မပြောခဲ့ဘူလား… နှင်းတောင် မြောက်ပိုင်းရောက်မှ မြင်ဖူးပါတယ်လို့ ဆိုနေတာကို မင်းတို့မှ မယုံကြတာ…”
“ ဒါဆိုလည်း အစ်မနင်နဲ့ ဘာလို့ စိန်ခေါ်နေသေးလဲ… တမင်သပ်သပ် ကိုယ့်ဒုက္ခကိုယ် ရှာနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား… “
“ ဒီတိုင်းပဲ အရင်က စီးသင်ဖို့ အခွင့်အရေး မရခဲ့လို့လေ.. ကမ္ဘာပေါ်မှာ ဘယ်သူက မွေးလာတာနဲ့ စကိတ်စီးတတ်တဲ့လူ ရှိလို့…”
“ ဒီလိုအရာမျိုးဆိုတာ နေ့ချင်းညချင်း သင်လို့ တတ်သွားတဲ့ အရာမှ မဟုတ်တာ … “ လီစီကျင်း ပြောလိုက်ပြီး “ အစ်မနင်တောင် ပြောနေတာ သူတောင်မှ နှစ်နှစ်လောက် လေ့ကျင့်ပြီးမှ ကောင်းကောင်းစီးတတ်တာပါဆိုနေ ခဏလောက်လေး သင်လိုက်တာနဲ့ တတ်ဖို့ ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ …”
“ သူ့ ဦးနှောက် အိုင်ကျူနဲ့ အချိန် ၂ နှစ် ယူရတာ သာမန်ပဲ… ငါက သူနဲ့ မတူဘူး…”
“ နင့်ဘာနင် ပြောချင်သလိုသာပြော… ငါတော့ ဂရုကို မစိုက်တာ…” အန်းနင် ပခုံးတွန့်လိုက်ပြီး “ ငါ နင့်ကို အချိန် တစ်နာရီ ပေးမယ်… ခဏနေရင် တွေ့မယ်…”
လီစီကျင်း လင်းရီကို ကူကယ်ရာမဲ့လျက် ကြည့်မိလိုက်၏။
“ အစ်ကိုရီ.. ကျွန်မလည်း တခြား ဘာမှမပြောပေးတတ်တော့ဘူး… ကံကောင်းပါစေလို့ပဲ ဆုတောင်းပေးတော့မယ်…”
“ သူ့ကို ကံကောင်းအောင် ဆုတောင်းပေးနေလို့လည်း အပိုပဲ..” အန်းနင် ပြောလိုက်ပြီး “ သူ အအေးမိပြီး မဖျားပါစေနဲ့လို့ ဆုတောင်းပေးသင့်တာ..”
“ အေးပါ ကြည့်ကြသေးတာပေါ့…” “ အရည်အချင်းက စကားပြောတယ်.. ငါ့ စကေးနဲ့ ငါ ရှုံးချင်ရင်တောင် ရှုံးနိုင်ပါ့မလား မသိဘူး…”
“ နင်လည်း ကိုယ့်ငါးချဉ်ကိုယ် ချဉ်ချင်ရင်တောင်မှ ကိုယ့်လွတ်လမ်းကိုယ်တော့ ဖန်တီးထားသင့်တယ်နော်… စကားကို အကုန်မပြောနဲ့… နင့်ရဲ့ အနေအထားကို ကြည့်လိုက်တာနဲ့ ငါသိပြီးသား… နင် ငါ့ကို နိုင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး..”
အန်းနင် သူမ၏ ပစ္စည်းကိရိယာများအား ပြင်ဆင်ရင်း ပြောလိုက်၏။ ထို့နောက် ဆက်လက်၍ “ ခု နင့်ရဲ့ အဆင့်နဲ့ဆိုရင် ကံကောင်းထောက်မလို့ နင် ငါ့ကို အနိုင်ယူနိုင်ရင်တောင် နှင်းလက်တစ်ဆုပ်ကို ငါ့ အင်္ကျီထဲ ထည့်ခံရရုံတင်ပဲမလား… ဒါပေမယ့် ငါ နင့်ကို ထပ်ဆောင်း ဒယ်ဒီလို့တောင် ခေါ်လိုက်ဦးမယ်… ဒါပေမယ့် နင် ရှုံးခဲ့ရင် နင်လည်း ငါ့အတိုင်း လုပ်ရမယ်… နင် စိန်ရဲလား…”
“ ဘာလို့ မစိန်ရဲရမှာ…”
လီစီကျင်း နှုတ်ခမ်းတို့ တွန့်ကွေးသွားခဲ့၏။ ပြစ်ဒဏ်ပေးမှုတို့က တဆထက် တဆ ပြင်းထန် ကြမ်းတမ်း လာချေလေပြီ။
“ ဒါဆို အခု ဒီလောက်ပဲ… ငါ စီကျင်းကို ခေါ်ပြီး သွားကစားတော့မယ်… နင့်ဘာနင် ဒီမှာနေပြီး ကြိုက်သလိုသာလုပ်… နောက်တစ်နာရီကျရင် တွေ့မယ်…”
“ အိုကေ…”
လင်းရီ နောက်သို့လှည့်၍ ထွက်ခွာသွားခဲ့ပြီး သူတို့နှင့် အတူ မကစားချင်ပေ။
သူ၏ လက်ရှိ အဆင့်ဖြင့် ဆိုပါက အဆင့်မြင့် ကုန်းဆင်းသို့ သွား၍ ဖြစ်နိုင်သမျှ များများ သင်ယူဖို့ လိုအပ်သည်။
မဟုတ်ပါက အန်းနင်ကို အနိုင်ယူဖို့ရာအတွက် အမှန်ပင် ခက်ခဲနိုင်သည်။
သို့သော် ထိုအခိုက်အတန့်တွင် လင်းရီ၏ စိတ်က ယခု နှင်းစကိတ်စီးသည့် ကိစ္စရပ်ကိုသာ အာရုံစိုက်နေခြင်း မဟုတ်ဘဲ သူ့စိတ်ထဲ အချိန်အတော်ကြာကတည်းက ခံစားနေရသည့် အခြား ကိစ္စ တစ်ခုလည်း ရှိသေး၏။
လမ်းတစ်လျှောက် သူ့နောက်သို့ တစ်စုံတစ်ယောက် လိုက်ပါလာနေသည်ဟု သူ့စိတ်က ခံစားနေရလေည်။
သို့သော် ယခုက နှင်းစကိတ်စီးလို့ အကောင်းဆုံးဖြစ်သည့် ရာသီ အချိန်အခါ ဖြစ်ပြီး နေ့တိုင်းနီးပါးတွင် နိုင်ငံအနှံ့အပြားက ခရီးသွား ဧည့်သည်တို့ ရောက်လာနေကြပြီး သူတို့နှင့် တစ်ခရီးတည်း လာနေကြသည့် ကားတို့ကလည်း အများအပြားပင်။ ထို့ကြောင့် သူ့စိတ်က ခံစားနေရသော်လည်းပဲ တပ်အပ်ကြီး ကောက်ချက်မချနိုင်ချေ။
ထိုအကြောင်း စဉ်းစားမိတော့ လင်းရီစိတ်ထဲ ဖြစ်နိုင်ချေများကို စစ်ထုတ်ကြည့်လိုက်၏။
သူ မြောက်ပိုင်းသို့ ရောက်လာပြီးနောက် ဆုံတွေ့ခဲ့ရသည့် အကြီးမားဆုံး ရန်သူမှာ စွန်းမန်လုံပင်။ သို့သော်လည်း ယမန်နေ့ညက တစ်ဖက်သူကို နှိမ်နှင်းထားပြီး ဖြစ်သည်။
၎င်း၏ စိတ်နေစရိုက်အရ သူ့အား ထပ်မံ၍ တိုက်ခိုက်လာရန်မှာ မဖြစ်နိုင်ချေ။
ထို့ကြောင့်ပဲ လင်းရီ စိတ်ထဲ ထားမနေတော့ကာ စိတ်ကူးယဉ်နေသည်များအား ချေဖျက်ပစ်လိုက်တော့၏။
သူ ဆောင်းထားသည့် ဦးထုပ်ကို ချွတ်လိုက်တော့ လေအေးတို့က သူ၏ ကော်လာကို လာရောက် တိုက်ခတ်နေသည်။ လင်းရီ ချက်ချင်းပဲ စိတ်ကို ပြင်ဆင်၍ စကိတ်စီးရန် ကြံရွယ်လိုက်၏။
သူ အန်းနင်ကို ကျိန်းသေပေါက် အနိုင်ယူရမည်။
အဆင့်မြင့် ကုန်းဆင်းနေရာ၌ လူဦးရေ သိပ်မများပေ။ စကိတ်သမား အယောက် ၂၀ လောက်သာ ရှိ၏။ သို့သော် အားလုံးက ကျွမ်းကျင်သူများ ဖြစ်ကြလေသည်။ ၎င်းတို့၏ အရည်အချင်းနှင့် ပတ်သက်၍တော့ သံသယ ရှိနေရန် မလိုအပ်ချေ။
နောက် မိနစ် ၂၀ လောက် ကြာသည်အထိ လင်းရီ ဤလူများ၏ နည်းစနစ်ကို အသေးစိတ် ဂရုစိုက် မှတ်သားနေပြီး သူ့စိတ်ထဲ ရှိထားသည့် အသိပညာများနှင့် ပေါင်းစည်းလိုက်တော့ လင်းရီ သူ့ကိုယ်သူ တော်တော်လေး သင်ယူလိုက်ရသည်ဟု ခံစားလိုက်ရပြီး မသိမဖြစ် လိုအပ်သည့် စကေးများအားလုံးကို သင်ယူတတ်မြောက်သွားခဲ့ချေပြီ။ ကျန်ရှိတော့သည်က လက်တွေ့ လေ့ကျင့်ဖို့သာ လိုအပ်တော့သည်။
သို့သော် စိတ်ကူးနှင့် လက်တွေ့ကြား ထပ်တူကျဖို့က လင်းရီထင်ထားသလောက် ချောချောမွေ့မွေ့တော့ မဖြစ်ချေ။
နောက် တစ်ကြိမ် ထပ်ကြိုးစား၍ စီးကြည့်သည့်အခါ လုံးလုံးလျားလျား လိုက်လျောညီထွေ ရှိလာသည်တော့ မဟုတ်ပေမယ့် အများအပြား တိုးတက်လာသည်ကတော့ အမှန်ပင်။ သူ၏ ဦးတည်ရာလမ်းကြောင်းကို ထိန်းချုပ်နိုင်လာပြီး ski pole များကို အသုံးပြု၍လည်း အရှိန်မြင့်နိုင်လာခဲ့၏။
အားမရမိသည့် တစ်ခုတည်းသောအရာက နောက်ဆုံး ဘရိတ်အုပ် ရပ်တန်လိုက်သည့်အခါ ထင်သလို ဖြစ်မလာခဲ့ခြင်းပင်။ ရပ်တန့်သည့် အချိန်၌ တော်တော်လေး ခက်ခဲလှ၏။
သို့တိုင် နှစ်ခါမျှသာ စကိတ်စီးရသေးသည့် လူသစ် တစ်ယောက်အဖို့ ဤသည်က တော်တော်လေးကို အံ့ဩဘနန်း ဖြစ်ဖွယ်ရာပင်။
ထို့နောက် လင်းရီ နောက်ထပ် အကြိမ်ရေ အနည်းငယ်ခန့် ကြိုးစားကြည့်လိုက်ပြီး သူ၏ နည်းစနစ်တို့ကလည်း တဖြည်းဖြည်းနှင့် တိုးတက်ကောင်းမွန်လာသည်။ ယခုဆို အဆင့်မြင့် ကုန်းဆင်း၌ ကစားနေကြသည့် စကိတ်သမားတို့နှင့် ယှဉ်နိုင်နေပြီး လူတစ်ချို့ ထက်ပင် သာလွန်ကောင်း သာလွန်နိုင်ပေသည်။
သူ၏ လက်ရှိ အဆင့်ဖြင့် အန်းနင်ကို အနိုင်ယူဖို့ ဆိုသည်က မဖြစ်နိုင်သည့် စိတ်ကူး တစ်ခု မဟုတ်တော့ချေ။
သူ ဘာများ ပြောနိုင်ဦးမှာ။
စနစ်က စောက်ရမ်းအံ့ဩဖို့ကောင်းတယ်။
“ ဟမ်… မင်း ဒီကို ဘာလာလုပ်တာလဲ..”
လင်းရီ ပြန်သွား၍ သူ၏ စကေးများကို သုံးလေးကြိမ်ခန့် တောက်ပြောင်လာအောင် ပြုလုပ်တော့မည့် အချိန်မှာပဲ ရုတ်တရက် ဆိုသလို တစ်စုံတစ်ယောက်၏ အသံအား ကြားလိုက်ရ၏။
သူ နောက်လှည့်ကြည့်လိုက်တော့ ပြောလိုက်သူက သူ့ကိုယ်သူ အဝတ်အထူကြီးဖြင့် တင်းကြပ်စွာ ထုပ်ထားသည့် သက်လတ်ပိုင်း အမျိုးသား တစ်ယောက် ဖြစ်ကြောင်းကို သတိပြုမိလိုက်သည်။ ၎င်းမှ တဆင့် သူက စကိတ်စီး အပန်းဖြေစခန်းမှ ဝန်ထမ်းတစ်ယောက် ဖြစ်ကြောင်း ခန့်မှန်းဖို့ မခက်ခဲလှချေ။
“ အိုး ကျွန်တော့်ကို ပြောနေတာလား…”
သက်လတ်ပိုင်း အမျိုးသားက ခေါင်းညိမ့်လိုက်သည်။
“ ကောင်လေး … ဒီနေရာက အဆင့်မြင့် ကုန်းဆင်း… ခုမှ စီးတတ်တဲ့လူတွေကို ဒီမှာ ကစားခွင့် မပြုထားဘူး… သွားပြီး ဟိုမှာ သွားကစားချည်… သူများကို မနှောင့်ယှက်နဲ့…”
ယခု စည်းမျဉ်းနှင့် ပတ်သက်လို့ လင်းရီ ငြင်းစရာ အကြောင်း မရှိချေ။ သို့သော် သူ့အား စကိတ်မစီးတတ်သည့် လူဆိုပြီး ကောက်ချက်ချ ပြောလိုက်သည်ကိုတော့ စိတ်ထဲ နည်းနည်း အချဉ်ပေါက်မိ၏။
“ ကျုပ် စကိတ်မစီးတတ်ပါဘူးလို့ ဦးလေး ဘယ်လိုလုပ်ပြီး သိလဲ…”
“ ဟေ့ကောင် … ငါ့လာပြီး ငြင်းမနေနဲ့… ခုလေးတင် ငါလာတုန်းက မင်း လူသစ်တွေ ကစားတဲ့ နေရာမှာ စီးနေတာ တွေ့လိုက်တယ်… မင်း နှင်းပုံကြီးထဲ ဇောက်ထိုးတောင် ပြုတ်ကျသွားသေး… အဲ့တာ မင်းပဲ ဟုတ်တယ်ဟုတ်…”
“ အာ… “
လင်းရီ အနည်းငယ် အရှက်ရသွားခဲ့သည်။ သူ့မှာ ပြန်ချေပပြီး ပြောရန်ပင် စကားရှာမရတော့ချေ။
“ အဲ့လူက ကျုပ်ပဲ ဆိုတာတော့ ဝန်ခံပါတယ်… ဒါပေမယ့် နည်းနည်းလေ့ကျင့်ပြီးတော့ ကျုပ်ရဲ့ စကေးတွေက တိုးတက်လာပြီ… အဲ့ဒီ လူသစ်တွေ ကစားတဲ့ နေရာမှာ ကစားတာက အဓိပ္ပာယ် မရှိတော့ဘူး…”
သက်လတ်ပိုင်း လူကြီးမှာ လင်းရီကို သနားစွာ ကြည့်လိုက်မိ၏။ ရုပ်လေး ချောပေမယ့် ဦးနှောက်တော့ မကောင်းရှာပါလား ဆိုသည့် အကြည့်မျိုးဖြင့်ပင်။
“ ဆိုတော့ မင်းငါ့ကို ပြောချင်နေတာ မင်းက နာရီဝက်အတွင်းမှာပဲ စကိတ်စီး ကျွမ်းသွားတယ်လို့ ငါ့ကို ပြောချင်နေတာလား ဟုတ်လား…”
“ အမ်….” လင်းရီ ခေတ္တ ရပ်တန့်၍ “ တကယ်လို့ ဟုတ်တယ်ပြောရင်ရော ကျုပ်ကို ယုံမှာလား….”