← Chapters

လင်းရီနဲ့ ကစားမယ်

Vol. 97 Ch. 1455

လင်းရီနဲ့ ကစားမယ်

Vol. 97 Ch. 1455

“ ဘာကိစ္စ ယုံရမှာ… မင်း ပေါက်တတ်ကရတွေ လာပြောမနေနဲ့ ကောင်လေး…” သက်လတ်ပိုင်း အမျိုးသားက ပြောလိုက်ပြီး “ နာရီဝက်တည်းနဲ့ စကိတ်စီး ကျွမ်းကျင်သွားတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ… ငါက မူလတန်းကျောင်းပဲ ပြီးချင်ပြီးမယ်… ဒါပေမယ့် တုံးအတယ်လို့တော့ မထင်လိုက်နဲ့…”

“ အဲ့ဒါက…”

ငြင်းခုန်နေသည့် အသံများကို ကြားတော့ လူတစ်ချို့က လင်းရီကို အာရုံစိုက်လာကြသည်။

“ အယ် ကြည့်… ချောလိုက်တာနော်…”

ပြောလိုက်သူက နှင်းကဲ့သို့ ဖြူဆွတ်နေသည့် ဝတ်စုံနှင့် ဆံပင် အရှည်ထားထားသည့် ကောင်မလေး တစ်ယောက်ပင်။ သူမ နာမည်က လီရှီ ဖြစ်၏။

သူမနောက်တွင် အမျိုးသားနှစ်ယောက်နှင့် ဘေးတွင်တော့ အမျိုးသမီး တစ်ယောက် ရှိပြီး သူတို့ လေးယောက်လုံးက နှင်းစကိတ်စီး ဝါသနာအိုးများ ဖြစ်ကြလေသည်။ နှစ်စဉ်နှစ် ယခုလို အချိန်ရောက်တိုင်း ဤနေရာသို့ လာပြီး စကိတ်စီးတတ်ကြ၏။ အပျော်တမ်းသမားများ အဖို့တော့ သူမတို့၏ အဆင့်က အင်မတန် ကောင်းသည်ဟု မှတ်ယူ၍ရသည်။

“ ချောရုံတင် မကသေးဘူး.. အရပ်လည်း ကောင်း… နင် ကြည့်လိုက် အနည်းဆုံး ၁၈၅ စင်တီမီတာလောက်တော့ ရှိလောက်တယ်.. ကိုယ်လုံးကိုယ်ပေါက်လည်း မဆိုးဘူးဟ… ဟယ်… ပြီးပြည့်စုံတဲ့ နတ်သားလေးများလားဟင်…” ဆံပင် အညိုရောင် ဆိုးထားသည့် အခြား မိန်းကလေးကနေပြီး ပြောလိုက်သည်။

သူမနာမည်က မုန့်ရှင်းရန်ဖြစ်ပြီး လီရှီထက်လည်း အရပ်မြင့်သည်။ မျက်နှာ လုံးလုံးလေးနှင့် ချစ်စရာကောင်းသည့် ကောင်မလေး ပုံစံပင်။

“ ဒါပေမယ့် သူ့ကြည့်ရတာ ပြဿနာ တက်နေတဲ့ ပုံပဲနော်… အဲ့ ဝန်ထမ်း ဦးလေးကြီးက သူ့ကို ဒီမှာ ပေးမဆော့လောက်ဘူး…” လီရှီ နှုတ်ခမ်းတင်းတင်းကိုက်ထားရင်း နောင်တရသလို ခံစားနေရသည်။

“ အဲ့တာက ထုံးစံပဲလေ… အဆင့်မြင့် ကုန်းဆင်းဆိုတာ ခုမှ စီးတတ်ကာစ လူတွေ အတွက်မှ မဟုတ်တာ… သူ့ကို ပေးမဆော့တာ မဆန်းပါဘူး…”

“ ဒါပေမယ့် ခုဟာက လူမြင်ကွင်းကြီးမှာလေ… တိုးတိုးတိတ်တိတ် ပြောလည်း ရနေတာကို ခုတော့ ကိုလူချောကို တမင် အရှက်ခွဲနေသလိုပဲ…”

“ ဝန်ထမ်း ဦးလေးကြီးက ဂရုစိုက်တဲ့ပုံလည်း မပေါ်ဘူး… သူသာ သဘောမကောင်းဘူးဆိုရင် အစောကြီးကတည်းက အကြမ်းပတမ်း မောင်းထုတ်ပြီးလောက်ပြီ…”

“ ဝေ့ မင်းတို့နှစ်ယောက်.. အချောလေးမြင်တိုင်း သနားတတ်တဲ့ စိတ်ကလေး ပြင်ကြလို့ မရဘူးလားဟ…” မိန်းကလေး နှစ်ယောက်၏ အနောက်၌ ရှိနေသည့် သိုက်ချိန်ဟောင်ဆိုသူမှ ဆွံ့အစွာ ပြောလိုက်မိသည်။

သူက အနက်ရောင် နှင်းဝတ်စုံနှင့် အဖြူရောင် ဦးထုပ်ကို ဆောင်းထားသည်။ သူ၏ သွင်ပြင်က မဆိုးသာလှသော်လည်းပဲ လင်းရီနှင့် ယှဉ်လိုက်လျှင်တော့ ဝေးကွာနေသေးသည်။ ထို့ကြောင့် သူ့စိတ်ထဲ မိန်းကလေးတိုင်း ကြင်နာကြမည့် လင်းရီ၏ ရုပ်ရည်ကို ကြိတ်၍ မနာလိုတော့ ဖြစ်မိ၏။

“ ဒီလောက်ချောတဲ့ အစ်ကိုလေးကို မြင်မှတော့ ဘယ်သူက ထိန်းချုပ်နိုင်မှာလဲ… ဒါ ပုံမှန်ပဲ ဟုတ်ပြီလား… “ လီရှီ ပက်ခနဲ ပြန်ပြောလိုက်သည်။

“ ရုပ်ချောတာက ဘာမှ ထူးဆန်းသွားတာ မဟုတ်ဘူး… အဲ့ဒီ ရုပ်ချောတိုင်းလည်း အားကိုးလို့ရတာ မဟုတ်ဘူး… မင်းဘာမင်း ဘယ်လောက်ပဲ ရုပ်ချောနေပါစေ မင်းရဲ့ စကိတ်စွမ်းရည်က ဖျင်းရင် ဒီမှာ ကစားလို့ မရတာ သဘာဝပဲ… ဒီမှာ နေရင် တခြားသူတွေရဲ့ စကိတ်စီးရတဲ့ အတွေ့အကြုံကို အနှောင့်အယှက် ဖြစ်စေတာပဲ ရှိလိမ့်မယ်… ဒီတော့ မောင်းထုတ်တာက မမှားဘူး…” သိုက်ချိန်ဟောင် ထူးမခြားနားစွာ ပြောလိုက်ရင်း လင်းရီကို အထင်သေးသည့် မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။

“ ထားလိုက်စမ်းပါကွာ.. အဲ့ကောင်ကို လျစ်လျူရှုထားလိုက်… ငါတို့ လေးယောက် ဒီလို ဆုံဖြစ်တာ ရှားတယ်… အချိန်ဖြုန်းမနေကြနဲ့… သွားကစားကြစို့…”

ပြောလိုက်သူက ကျိုးချောင်ဟု ခေါ်သည့် အမျိုးသားပင်။ သူက ဒေါင်လည်း မကောင်းသလို ရုပ်ဆင်းသွင်ပြင်ကလည်း သာမန်ထဲတွင် ပါသည်။ လူအုပ်ထဲ ရောသွားပါက ပြန်ရှာလို့ မတွေ့မည့် အမျိုးအစားပင်။

“ နင်တို့ အရင်သွားနှင့်ကြ… ငါ ဒီရဲ့ အစ်ကိုလေးကို ကူပြီး သူနဲ့ စကားပြောလိုက်ဦးမယ်…” လီရှီက အပြုံးလေးဖြင့် ပြောလိုက်၏။

ထို့နောက် လင်းရီထံသို့ သော့သော့ကလေး ပြေးသွားလေသည်။

“ အစ်ကိုလေး…”

လင်းရီ ရှင်းပြတော့မည့် အချိန်မှာပဲ ကောင်မလေး တစ်ယောက် သူ့ထံ ပြေးလာနေသည်ကို မြင်တွေ့လိုက်ရသည်။

လင်းရီနှင့် သက်လတ်ပိုင်း အမျိုးသားတို့ သူမအား ပြိုင်တူ လှမ်းကြည့်လိုက်ကြ၏။

“ အစ်ကိုကြီး … ဒီ အစ်ကိုလေးက ကျွန်မရဲ့ သူငယ်ချင်းပါ… ကျွန်မတို့ သူနဲ့ အတူ ကစားကြမှာ သူ့ကို ပေးနေလို့ မရဘူးလား…”

လူတို့ပြောကြသည်က အမျိုးသားနှင့် အမျိုးသမီးတို့ တက်ညီလက်ညီ ပူးပေါင်းမည်ဆိုပါက အပင်ပန်း သက်သာသည်ဆိုပင်။ ထိုစကားနှင့် ဆိုင်မဆိုင် မသိပေမယ့် သက်လတ်ပိုင်း အမျိုးသားမှာ လီရှီနှင့် စကားပြောတော့ သူ၏ အမူအရာမှာ အများအပြား ပျော့ပျောင်းသွားခဲ့ရသည်။

လင်းရီနှင့် မျက်နှာချင်းဆိုင်တုန်းကကဲ့သို့ အေးတိအေးစက် ခက်ထန်သည့် မျက်နှာထားမျိုး မဟုတ်တော့ချေ။

“ ဒါပေမယ့် မိန်းကလေး … ငါတို့ဆီက စည်းကမ်းတွေက ခုမှ စီးတတ်ကာစဆိုရင် အဆင့်မြင့် ကုန်းဆင်းမှာ ကစားခွင့် မပေးထားဘူးလေ… ငါလည်း ဘာမှ မတတ်နိုင်ဘူး…”

“ စည်းမျဉ်းတွေက အသေလေ… လူတွေက သက်ရှိကိုပဲ… “ လီရှီ သက်လတ်ပိုင်း အမျိုးသား၏ လက်မောင်းကို လှုပ်ခါ၍ ချစ်စဖွယ်လေးလုပ်ပြီး ပြောလိုက်သည်။

“ ခြွင်းချက် ထားပေးလို့ မရဘူးလား….. ပြီးတော့ ဒီမှာ လူတွေကလည်း အများကြီးမှ မရှိတာကို တခြား သူတွေကို ပြဿနာ မရှာပါဘူးလို့ ကတိပေးတယ်… နော်လို့ အစ်ကိုကြီး.... ”

“ ဒါက…..”

သက်လတ်ပိုင်း အမျိုးသားမှာ စဉ်းစားရ ကြပ်သွားတော့၏။ မည်သူကများ ယခုလို အလှလေး တစ်ယောက်က ချစ်စဖွယ် မေတ္တာရပ်ခံလာသည်ကို ငြင်းပယ်ရက်နိုင်ပါလိမ့်မည်နည်း။

“ ကောင်းပြီ… သူ မင်းတို့နဲ့ ကစားလို့ ရတယ်… ဒါပေမယ့် စည်းမျဉ်းတွေအတိုင်း မင်း သူ့ကို သင်ပေးလို့ မရဘူးနော်.. အဲ့ဒီအတွက် တာဝန်ယူထားတဲ့ နည်းပြသပ်သပ် ရှိတယ်… မဟုတ်လို့ တစ်ခုခု မှားယွင်းသွားရင် ဘယ်သူကမှ တာဝန်ခံနိုင်မှာ မဟုတ်ဘူး…”

စည်းမျဉ်းစည်းကမ်းတို့က အနည်းငယ် ထူးဆန်းသော်လည်းပဲ ၎င်းတို့ကိုယ်၌ တိုက်ရိုက်ပါဝင် ပတ်သက်နေမှု မရှိသရွေ့တော့ မည်သူကမျှ အထူးတလှယ် လုပ်၍ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

“ အွန်း အွန်း … ကျွန်မ နားလည်ပြီ..”

နောက်တစ်ခေါက် သတိပေးပြီးနောက် သက်လတ်ပိုင်း အမျိုးသားက ထွက်ခွာသွားခဲ့သည်။ လီရှီ ပြုံးလျက် သူမ၏ လက်ကို လင်းရီထံ ဆန့်တန်းလိုက်၏။

“ ငါတို့ တွေ့ကြတာ ရေစက်ပါလို့နော်… အစ်ကိုလေး.. နင် အတူ မကစားချင်ဘူးလား…”

“ ရှီ… မင်း သူ့ကို တကယ်ကြီး ခေါ်ခဲ့မလို့လား… “ သိုက်ချိန်ဟောင် မကျေနပ်သည့် အမူအရာဖြင့် ဖြစ်နေပြီး သူ၏ လေသံထဲတွင် ၎င်းကို ထင်ထင်ရှားရှားကြီး မြင်တွေ့နိုင်သည်။

“ လူများလေ ပျော်ဖို့ကောင်းလေပဲလေ… ရေစက်ပါလို့ ဆုံကြမှတော့ အတူသွားကြမှာ ပြဿနာ ရှိလို့လား…”

“ ဒါပေမယ့် ငါတို့ချင်းက သိမှမသိကြပဲ … ဘာလို့ အတူသွားရမှာ…”

“ ခဏလောက် အတူသွားပြီးရင် အချင်းချင်း သိသွားကြမှာပဲမလား… နင် ဘာလို့ အရမ်း စာအုပ်ဟောင်းကြီး ဆန်နေရတာလဲ ဟမ်…”

“ ဒါပေမယ့်… “

သိုက်ချိန်ဟောင် တစ်စုံတစ်ရာကို ပြောလိုက်ချင်သော်လည်း ကျိုးချောင်၏ ရပ်တန့်ခြင်းကို ခံလိုက်ရ၏။

“ ခုလောလောဆယ် မပြောသေးနဲ့ဦး… မဟုတ်ရင် မင်းကိုယ်မင်း ဒုက္ခရှာသလို ဖြစ်သွားမယ်…”

သိုက်ချိန်ဟောင် ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ “ မင်း ဘာပြောချင်နေတာ…”

“ အခု ပြောပြလို့ မကောင်းသေးဘူး… နောက်ကျမှ ပြောပြမယ်…” ကျိုးချောင် ပြောလိုက်ပြီး “ ရှီလေးက သူ့ကို အတူခေါ်ခဲ့ဖို့ ဆုံးဖြတ်ပြီးမှတော့ ထားလိုက်တော့… တားမနေနဲ့… လူသစ်တစ်ယောက်ကို အတူခေါ်လာခဲ့တာလည်း မင်း အတွက် အခွင့်ကောင်း တစ်ခု ဖြစ်နိုင်တာပဲလေ…”

သိုက်ချိန်ဟောင် နားမလည်နိုင်သေးချေ။ သို့သော် ယခုက မေးလို့ကောင်းသည့် အချိန်မဟုတ်သေးသဖြင့် စကား ပြောဆိုနေခြင်းကို ရပ်တန့်လိုက်၏။

“ ဒါဆိုလည်း မင်း သဘောပဲဟာ…”

မုန့်ရှင်းရန် အံ့အားသင့်စွာဖြင့် နောက်သို့ လှည့်ကြည့်လိုက်မိ၏။ သိုက်ချိန်ဟောင်က လီရှီကို လိုက်ပိုးပန်းနေတာ မဟုတ်ဘူးလား။ ဘာလို့ ရုတ်တရက်ကြီး သဘောတွေ ကောင်းသွားရတာ။

သူ ကြိုက်နေတဲ့ ကောင်လေး သူများနောက် ပါသွားမှာကို မကြောက်ဘူးလား မသိဘူးနော်။

“ ဟုတ်တယ် ဟုတ်တယ်… လူများလေ ပျော်ဖို့ကောင်းလေ… "

ပြီးနောက် လီရှီက လင်းရီကို ပြုံးလျက် “ အစ်ကိုလေး … ငါနင့်ကို ကေဘယ်ကားဆီ အရင်ခေါ်သွားပေးမယ်… နှင်းစကိတ်စီးရတာက လွယ်လွယ်လေး… ငါ နင့်ကို သေချာသင်ပေးမယ်…”

လင်းရီ “ …”

သူ့ကို တကယ်ကြီး ဘာမှ မသိတဲ့ကောင်လို့ တကယ်ကြီး ထင်နေတာလား…

စိတ်ထဲ ထိုကဲ့သို့ တဒင်္ဂမျှ တွေးမိသွားသည့်တိုင် လင်းရီ ထုတ်တော့ မပြောချေ။ မည်သို့ပင်ဆိုစေ သူမက သူ့ကို အကြပ်အတည်းထဲကနေ ကူညီပေးခဲ့လေသည်။ မဟုတ်ပါက ဝန်ထမ်းဦးလေးကြီးမှာ သူ့ကို ကစားခွင့် မပေးဘဲ ခေါင်းမာနေမည်မှာ သေချာသည်။

လင်းရီနှင့် အခြား မိန်းကလေး နှစ်ယောက်က ကေဘယ်ကားထဲသို့ ဝင်သွားခဲ့ပြီး သိုက်ချိန်ဟောင်နှင့် ကျိုးချောင်တို့ကတော့ ရည်ရွယ်ချက်ရှိရှိ နောက်၌ ချန်နေရစ်ခဲ့ကာ နောက်တစ်စင်း၌ လိုက်စီးရန် ဟန်ပြင်လိုက်သည်။

“ ကျိုးကြီး … မင်း ခုနတုန်းက ဘာကို ပြောချင်နေတာလဲ… ဘာလို့ ရှီလေးကို မတားဘဲ နေခိုင်းလိုက်တာလဲ…”

“ ဒီလိုကွာ… မင်းသူ့ကို အဲ့လိုမျိုး တားမယ့်အစား သူ့သဘောနဲ့သူ ထွက်သွားခိုင်းလိုက်တာ ပိုမကောင်းဘူးလား…” ကျိုးချောင် တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“ ဟင်… မင်း ဘာကို ပြောချင်နေတာတုန်း.. ရှင်းအောင် ပြောစမ်းပါဟ…”

“ သူက အသစ်လေးလေ… ဒီတော့ သူ့ စကေးတွေက လုံးဝ အမှိုက်ဖြစ်နေမှာ သေချာတယ်… အချိန်ကျလာရင် မင်းက စေတနာ့ ဝန်ထမ်းလုပ်ပြီး သူ့ကို စကိတ်စီး သင်ပေးလိုက် ၊ ပြီးရင် သူ့ကို အခွင့်အရေးယူပြီး နည်းနည်းလောက် အနိုင်ကျင့်လိုက် ၊ အဲ့သာဆို ဘယ်လိုတွေ ဖြစ်လာမယ်ထင်လဲ…”

“ ဒါ သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ…”

သိုက်ချိန်ဟောင်၏ မျက်လုံးတို့ အရောင်လက်လာခဲ့သည်။ “ မဆိုးဘူး ငါ့ကောင်… မင်း မဆိုးဘူး… ဒီလို အကြံမျိုးတောင် မင်းစဉ်းစားထွက်တယ်ပေါ့…”

“ ဒါကြောင့်မို့ အရာရာမှာ နည်းဗျူဟာက အရေးကြီးတယ်လို့ ပြောတာပေါ့… မဟုတ်ရင် မင်း ကောင်မလေးတစ်ယောက်ကို ဘယ်လိုလုပ် ရအောင် ပိုးပန်းနိုင်မှာလဲ…”

“ မင်းမှန်တယ်… ငါ မင်းပြောတဲ့ အတိုင်းလုပ်မယ်…” သိုက်ချိန်ဟောင် ပြောပြီးနောက် ဆက်လက်၍ “ သေစမ်း… ငါဒင်းကို သေတဲ့အထိ ဆော့ကစား ပြမယ်…”

“ ဒါပဲလေ… လှည့်ကွက်တွေဆိုတာ ငါတို့ ဘိုးဘေးတွေဆီကနေ လက်ဆင့်ကမ်းလာတဲ့ အရာပဲ… ငါတို့တွေ ဘယ်တော့မှ မမေ့သင့်ဘူး…” ကျိုးချောင် ပြောလိုက်ပြီး “ ပြီးတော့ မင်း အဲ့ဒီကောင်ကို ကြည့်လိုက်… မျက်စိသူငယ် နားသူငယ် ရုပ်နဲ့… စကားကလည်း နည်း… စာဂျပိုးလိုလို ဘာလိုလို ၊ မင်းရဲ့ ဦးနှောက်နဲ့ဆိုရင် သူ့ကို မျောက်ကစားသလို ကစားလိုက်လို့ရတယ်…”

“ သိသာနေတာကြီးပဲ မဟုတ်ဘူးလား… ငါက ဘယ်သူမို့လို့… သိုက်ချိန်ဟောင်လေ….”

မကြာမီ ကေဘယ်ကားက ရပ်တန့်သွားခဲ့ပြီး ကုန်းဆင်းထိပ်သို့ ရောက်ရှိလာသည်။

သူတို့ ငါးဦးလုံး ကေဘယ်ကား အသီးသီးကနေ ဆင်းလိုက်ကြပြီး လီရှီနှင့် မုန့်ရှင်းရန်တို့က လင်းရီကို အားတက်သရောဖြင့် အနည်းငယ် အလှမ်းဝေးသည့် နေရာသို့ ဦးဆောင်လာခဲ့သည်။ သို့မှသာ အနှောင့်ယှက် မခံရမှာဖြစ်၏။

“ အစ်ကိုလေး … ငါတို့ရဲ့ စကေးတွေက မဆိုးဘူး… နင့်ကို သေချာလေး သင်ပေးမယ်…” လီရှီ စိတ်အားထက်သန်စွာဖြင့် ပြောလိုက်သည်။

“ ပြီးတော့ နှင်းစကိတ်စီးတယ်ဆိုတာကလည်း လွယ်တယ်… ကြောက်စရာ မလိုဘူး သိလား…”

“ အွန်း ဟုတ်တယ်… လီရှီနဲ့ ငါတို့ နှစ်ယောက်စလုံး အစ်ကိုလေးကို သေချာလက်ထပ်ပြီး သင်ပေးမယ်…” မုန့်ရှင်းရန် လက်ဝှေ့ရမ်းပြီး ပြောလိုက်ပြီး “ လက်ထပ်သင်တော့ တစ်ထပ်တည်းဆိုတာမျိုးလေ… သေချာတတ်သွားတာပေါ့... ”

စာစဉ် (၉၇) ပြီး၏။

All Chapters