အခန်း (၁၆၆)
Vol. 12 Ch. 166
မုန့်ချီက အားရပါးရ ရယ်လိုက်မိသည်။ ရွမ်ယုရှုနှင့် ပေါင်းသင်းဆက်ဆံရသည်မှာလည်း ပို၍အဆင်ပြေလာသည်ဟု ရုတ်တရက် ခံစားလိုက်ရ၏။
"စောနတုန်းက နင့်ရဲ့နည်းလမ်းတွေကို လုံးဝခန့်မှန်းလို့မရဘူး။ နင်က တကယ်ကြောက်စရာကောင်းတာပဲ…"
သူမအပေါ် အမြင်ပြောင်းလဲလာပြီးနောက် မုန့်ချီက ယခင်တုန်းကကဲ့သို့ ထိန်းချုပ်ထားခြင်း မရှိတော့ပဲ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။
သို့သော် ရွမ်ယုရှုကတော့ နှိမ့်ချခြင်း မရှိဘဲ သူမ၏ မျက်နှာလေးပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှုများ ပေါ်လာခဲ့သည်။ သူမက ပါးစပ်ထဲတွင် စားနေသော အရာကို မြိုချလိုက်ပြီး လက်သုတ်ပုဝါတစ်ထည်ကို ယူ၍ ပါးစပ်ကို သုတ်လိုက်သည်။
"ငါက အခုအချိန်ထိ နင့်ရဲ့စွမ်းရည်ကို မမြင်ရသေးတာ ကံဆိုးတာပဲ…"
"ဘာလို့လဲ…"
မုန့်ချီက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး ပြန်မေးလိုက်၏။
"ငါတို့က အသက်အတူတူပဲလေ…။ ဒါပေမဲ့ နင်ကတော့ တံခါး(၄)ပေါက်ပဲ ရှိသေးပေမဲ့ လူငယ်မှတ်တမ်းမှာ ရောက်နေပြီ…"
မုန့်ချီ၏ ညစာကြောင့် ရွမ်ယုရှုကလည်း သူနှင့် အနည်းငယ်ပို၍ ရင်းနှီးလာပုံရ၏။
"အော်…"
မုန့်ချီက အလွန်သက်သောင့်သက်သာ ရှိသလို ခံစားနေရ၏။
ရေခဲတုံးပမာ အေးစက်သော ရွမ်ယုရှုက ပြောလိုက်သည်။
"မိုးကြိုးဓားဒေါသကိုယ်တော် ဒါမှမဟုတ် မဆင်မခြင်ကိုယ်တော်က တိုက်ပွဲထဲမှာ ဘယ်လိုပုံစံရှိလဲ ဆိုတာ ငါတကယ် သိချင်နေတာ…"
မုန့်ချီကတော့ ပို၍ပင် ကျယ်လောင်စွာ ရယ်လိုက်မိ၏။
"သိုင်းလောကသားတွေရဲ့ စကားက မှားနေပြီ။ ငါက တကယ်ပဲ ဒေါသကိုယ်တော်နဲ့ တူနေလို့လား။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါက လူကြီးလူကောင်း တစ်ယောက်ပဲလေ…"
သူကတော့ မျက်နှာနီနီနှင့် ပြန်၍ ပြောလိုက်ရသည်။
ရွမ်ယုရှုက တူကိုကိုင်ပြီး စားစရာများကို ဆက်၍စားနေ၏။ သူမက ခေါင်းငုံ့နေပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"လူနာမည်ပေးတာက မတိကျနိုင်ပေမဲ့ သိုင်းလောကနာမည်တွေက မှားစရာမရှိဘူး.."
"နင်က ငါရှင်းပြတာ နားထောင်လို့မရဘူးလား။ ဒါက အမှန်မဟုတ်ဘူးလေ…"
မုန့်ချီကတော့ ရင်ထဲတွင် ကျယ်လောင်စွာ အော်ဟစ်နေမိသည်။
သူတို့က ပထမဆုံးရောက်လာသည့် အခန်းဆီသို့ ပြန်လာသည့်အချိန်တွင် လုကျုံးချီက သူတို့ကို စောင့်နေကြောင်း တွေ့လိုက်ရသည်။ သူက သူတို့ကို ခေါင်းညိတ်ပြပြီး ပြောလိုက်၏။
"ကောင်းတုံက ရုတ်တရက် နှလုံးဖောက်ပြီး သေသွားတယ်လို့ သတင်းကြားရတယ်။ ဒါပေမဲ့ ဒီလောက် တိုက်ဆိုင်နေမယ်လို့ ငါတော့ မယုံဘူး။ ညီလေးမုန့်နဲ့ မိန်းကလေးရွမ် ငါတို့ရဲ့စိုးရိမ်စရာတွေကို ဖယ်ရှားပေးလို့ ကျေးဇူးတင်ပါတယ်။ ငါက အခုပဲ တပ်မှူးလုဆီကို ခေါ်သွားပေးမယ်…"
လုကွမ်က ဤနေရာတွင် နှစ်ပေါင်းများစွာ အဆင့်ချခံထားရခြင်း ဖြစ်သည်။ သူနှင့်အတူ ပါလာသော လုမိသားစုမှ သားသမီးများကပင် လက်ထပ်ထိမ်းမြားပြီး ကလေးများ ရှိနေကြသည်။ သူတို့က ဤနေရာတွင် အချိန်ကြာမြင့်စွာ ပုန်းအောင်းနေကြသော်လည်း ယွဲ့ကျိတွင် အရှင်သခင်ဖြစ်သည့် ကောင်းတုံက သူတို့ကို နှောင့်ယှက်၍ ရနိုင်၏။
အကယ်၍ သူ့ကိုသာ ရှင်းမပစ်လျှင် လုကျုံးချီနှင့် တခြားလူများက လုကွမ်ကို မြို့တော်ဆီသို့ စိတ်အေးအေး ခေါ်ဆောင်သွား၍ မရနိုင်ပေ။ သူတို့က စကားပြောနေစဉ် လုကျုံးချီ၏မျက်လုံးများက ရွမ်ယုရှု၏ (၇)ကြိုးတပ် ဗျတ်စောင်းကို ကြည့်လိုက်မိသည်။ စိတ်ထဲတွင်လည်း တစ်စုံတစ်ကို တွေးမိသွားပုံရ၏။
လုကွမ်၏ အကြံပေးတစ်ယောက်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့သည့်အတွက် သူ့ဆီတွင် အလွန်ထူးချွန်သောအမြင် ရှိသည်။ တိတ်တဆိတ်နေတတ်ပြီး ဓားသမား တစ်ယောက် ဖြစ်သည့် ညီလေးမုန့်က ကောင်းတုံကို ထိုမျှထူးဆန်းစွာ သတ်နိုင်မည်ဟု မထင်ခဲ့ပေ။
အမှန်အတိုင်းပြောရလျှင် သိုင်းလောကသားတွင် (၇)ကြိုးတပ် ဗျတ်စောင်းကဲ့သို့သော လက်နက်တစ်ခုကို မြင်တွေ့ရန် ခက်ခဲလှသည်။ မိန်းကလေးရွမ်ဆီတွင် အလွန်ထူးခြားသော လက်နက်များ ရှိနိုင်၏။
"ဒါက ထူးဆန်းလို့ပဲ နေမှာပါ…"
မုန့်ချီက တိုးတိုးလေး ပြန်ဖြေလိုက်ပြီး ရွမ်ယုရှုကတော့ အေးတိအေးစက် အမူအရာနှင့် ဆက်၍ ရှိနေခဲ့သည်။ သူမက ခေါင်းညိတ်ပြလိုက်ပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
လုကျုံးချီကလည်း သူတို့ကို စကားများများ မပြောခဲ့ပေ။ သူတို့နှစ်ယောက်ကို ရှေ့မှနေ၍ ဦးဆောင်ခေါ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ လမ်းကျဉ်းလေးတစ်ခု အနားတွင် ရှိနေသော စားသောက်ဆိုင်ထဲသို့ ဝင်သွားခဲ့၏။ သူတို့က စားသောက်ဆိုင်ကို ဖြတ်ကျော်ပြီး အနောက်ဘက်ခြံဝန်းထဲသို့ ဝင်သွားခဲ့ရသည်။
ထိုနေရာတွင် ရှိနေသော ကုန်သည်များနှင့် စားပွဲထိုးကောင်လေးများက သူ့ကို အလေးထားနေပုံ မရချေ။ ထိုခြံဝန်းထဲတွင် ဓားရှည်များ ၊ ဓားမောက်များ ကိုင်ထားသည့် သိုင်းလောကသားများစွာ ရှိနေသည်။ သူတို့ကတော့ (၃)ယောက် (၄)ယောက် တစ်ဖွဲ့ချင်းဆီ ဖြစ်နေပြီး အချင်းချင်း စကားပြောနေကြ၏။
မုန့်ချီနှင့် ရွမ်ယုရှုတို့က လုကျုံးချီနှင့်အတူ ရောက်လာကြောင်းမြင်သည့်အခါ သူတို့က အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်မိကြသည်။ သူတို့၏ မိတ်ဆွေအသစ်များက အလွန်ငယ်ရွယ်လိမ့်မည်ဟု သူတို့လည်း လုံးဝမထင်ထားခဲ့ကြပေ။
တစ်ယောက်က အသက်(၁၇)အရွယ် ကောင်လေးတစ်ယောက်ဖြစ်ပြီး တခြားတစ်ယောက်က အသက်(၁၅)နှစ်အရွယ် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူတို့၏အစွမ်းက အလွန်အစွမ်းထက်နေခြင်းပေလော။
လုကျုံးချီက သူတို့ကို ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီနှင့်ရွမ်ယုရှုတို့ကို စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့၏။
"အနောက်ပိုင်းကျူးကျော်သူတွေကို အကြိမ်ပေါင်းများစွာ အနိုင်ရခဲ့ပြီး တော်ဝင်မျိုးနွယ်ဝင်တွေ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ယူပေးခဲ့ပေမဲ့ တပ်မှူးလုက စွပ်စွဲခံရပြီး ဒီနေရာကို နှင်ထုတ်ခံရတယ်။ ဒါကြောင့် သိုင်းလောကသားတွေက တော်တော်လေးကို မကျေမနပ် ဖြစ်နေကြတာ။ သူ မြို့တော်ကို သွားမဲ့သတင်း ပျံ့နှံ့သွားတဲ့အချိန်မှာ သူ့ရဲ့မိတ်ဆွေတွေကလည်း သူ့ကို လိုက်ပို့ဖို့ ရောက်လာကြတယ်…”
“လူများတော့ ပါးစပ်များတာပဲလေ။ ဒီတော့ သတင်းက အလွယ်တကူ ပြန့်သွားတယ်။ အဲဒီမိတ်ဆွေတချို့မှာတော့ စွမ်းအားသိပ်မရှိကြဘးူး။ တကယ်လို့ သူတို့သာ ငါတို့နဲ့ ပူးပေါင်းလာမယ်ဆို သူတို့ရဲ့အသက်တွေကို အချည်းနှီး ဆုံးရှုံးရလိမ့်မယ်.."
စာကြည့်ခန်းသို့ သွားသော လမ်းတလျှောက်တွင် လုကျုံးချီက လက်ရှိအခြေအနေကို အသေးစိတ် ပြောပြနေသည်။
"ဒါကြောင့် သူတို့ရဲ့အစွမ်းကို စစ်ဆေးဖို့အတွက် ငါက သူတို့ရဲ့စမ်းသပ်မှုတချို့ လုပ်ဆောင်ထားခဲ့တယ်။ တချို့ကိုတော့ ဆန္ဒရှိပေမဲ့ ယဉ်ယဉ်ကျေးကျေးပဲ ငြင်းဆန်ခဲ့တယ်။ ယုံကြည်ရတဲ့ ထိပ်တန်းပညာရှင် အနည်းငယ်လောက်ပဲ ဒီနေရာမှာ ကျန်နေခဲ့တယ်…"
"ဒါကမှ တကယ်အဓိပ္ပါယ်ရှိတာ…"
မုန့်ချီကလည်း တွေးတွေးဆဆနှင့် ခေါင်းညိတ်ပြလိုက်သည်။
အကယ်၍ တပ်မှူးလုကို မြို့တော်သို့ လိုက်ပို့မည်ဆိုလျှင် သူက မည်မျှ အစွမ်းထက်စေကာမူ အလွန်များပြားသော လူများကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။ လုမိသားစုဝင်များ ကာကွယ်ထားသည့်လမ်းကြောင်းကို ဖြတ်ကျော်လာပြီးနောက် သူတို့က စာကြည့်ခန်းသို့ ရောက်လာကြသည်။ လုကျုံးချီက တံခါးကို ယဉ်ယဉ်ကျေးကျေးခေါက်လိုက်၏။
"ကျုံးချီ… ဝင်လာခဲ့ပါ…"
လုကွမ်က တည်ကြည်ခိုင်မာသော အသံနှင့် ပြောလိုက်သည်။ သူက ပညာရှင် တစ်ယောက် မဟုတ်သော်လည်း ခိုင်မာသော သိုင်းပညာ အခြေခံရှိသည်။
လုကျုံးချီက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်ပြီး သူတို့ကို အပြင်တွင် ခဏစောင့်နေရန် အချက်ပြလိုက်သည်။ လုကွမ်ကို သတင်းပို့လိုက်ပြီးနောက် သူတို့ကို အထဲသို့ ဖိတ်ခေါ်လိုက်၏။
"မင်းတို့တွေဆီမှာ တရားမျှတတဲ့စိတ်ဓာတ်မျိုးရှိတာ တကယ့်ကိုချီးကျူးမိပါတယ်…"
လုကွမ်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်သည်။ သူက အရပ်(၇)ပေခန့်ရှိပြီး အသားညိုညိုနှင့် မုတ်ဆိတ်ရှည်များ ရှိသည်။ သူ၏ မျက်နှာပေါ်တွင် အထူးခြားဆုံးအရာကတော့ ကြည်လင်တောက်ပပြီး စူးရှသော မျက်လုံးများ ဖြစ်သည်။
ခန္ဓာကိုယ်တစ်ခုလုံး ခြုံကြည့်လိုက်ရမည်ဆိုလျှင် သူက စာသင်သားတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း တပ်မှူးတစ်ယောက် ဖြစ်နေသည်။
မုန့်ချီက လက်နှက်ဖက်ဆုပ်၍ ပြောလိုက်၏။
"တပ်မှူးလုက ဒီကမ္ဘာကြီးထဲမှာ သူရဲကောင်း တစ်ယောက်ပါပဲ။ တပ်မှူးက တိုင်းပြည်နဲ့ နိုင်ငံသားတွေအတွက် ကိုယ်ကျိုးစွန့်ပြီး အနစ်နာခံထားတာ။ ကျွန်တော့်ရဲ့အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင် တွေဝေမနေပါဘူး…"
သူကတော့ သူ၏သဘောထားကို ရိုးရိုးရှင်းရှင်းပြောပြလိုက်သည်။
"တိုင်းပြည်နှင့် နိုင်ငံသားတွေအတွက် သူရဲကောင်းတစ်ယောက်လား…"
လုကွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားပြီး ထိုစကားလုံးများကို လိုက်ရွတ်ကြည့်လိုက်သည်။
"ဟုတ်တယ်။ တပ်မှူးလုက တိုင်းပြည်နှင့် နိုင်ငံသားတွေအတွက်တော့ သူရဲကောင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်…"
ဤနေရာတွင် တခြားသော လူနှစ်ယောက် ရှိနေသည်။ တစ်ယောက်ကတော့ ပိုးဖဲဝတ်စုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်ဖြစ်ပြီး တခြားတစ်ယောက်ကတော့ နောက်ကျောတွင် ဓားတစ်ချောင်း လွယ်ထားသည့် တာအိုသခင်တစ်ယောက်ဖြစ်သည်။ ထိုစကားကိုတော့ တာအိုသခင်က ပြောလိုက်ခြင်းဖြစ်၏။
လုကျုံးချီက တာအိုသခင်ကို အပြုံးနှင့် လက်ညှိုးထိုးပြလိုက်သည်။
"ဒါကတော့ တာအိုသခင် ဟူကျင်းရန်ပါ။ သူ့ကို ဘိုးဘေးကျင်းလို့လည်း ခေါ်ကြတယ်…"
ထို့နောက် သူက ပိုးဖဲဝတ်စုံနှင့်အဘိုးကို လက်ညှိုးထိုးပြလိုက်၏။
"ဒါကတော့ ကျောင်းဆောင်သခင်ကျောင်းလို့ ခေါ်တယ်။ သူက ရေလမ်းစောင့်ကြည့်ရေးကျောင်းဆောင်က ကျောင်းချုံပါ…"
တာအိုသခင်ဟူနှင့် ကျောင်းချုံတို့က သိုင်းလောကသားများထဲတွင် ထိပ်တန်းအဆင့်ပညာရှင် နှစ်ယောက်ဖြစ်ကြောင်း မုန့်ချီက အလွယ်တကူ စစ်ဆေးကြည့်နိုင်သည်။ သူတို့နှစ်ယောက်က ဤနေရာတွင် ဂုဏ်သတင်း အတော်လေး ကြီးမားပုံရ၏။
ထို့ကြောင့် သူတို့နှစ်ယောက် သိုင်းလောကသားများ၏ ခေါင်းဆောင်ဖြစ်လာပြီး လုကွမ်၏ အနားတွင် အစောင့်အရှောက်အဖြစ် ကာကွယ်ပေးနေခြင်းဖြစ်သည်။
အချင်းချင်း မိတ်ဆက်ပေးလိုက်ပြီးနောက် တာအိုသခင်ဟူက ချီးကျူးလိုက်၏။
"မင်းတို့လို လူငယ်လေးတွေက တော်တော်အဆင့်မြင့်တဲ့ သိုင်းပညာတွေ တတ်မြောက်ထားတာပဲ။ မင်းတို့က တကယ့်ကို ထူးခြားတယ်။ ပိုပြီးလေးစားမိတာကတော့ မင်းတို့က သစ္စာတရားကို အလေးထားတာပဲ။ မင်းတို့က တပ်မှူးလုကို ကူညီပြီး မင်းတို့ရဲ့ရဲစွမ်းသတ္တကို ပြသလိုကြတယ်။ တကယ့်ကို လူငယ်သူရဲကောင်းတွေပါပဲ…"
ကျောင်းချုံကလည်း အပြုံးနှင့် ပြောလိုက်သည်။
"ငါက ဒီလိုထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို မမြင်ရတာ နှစ်ပေါင်းများစွာ ကြာနေပြီ။ မင်းတို့နှစ်ယောက်စလုံးက တကယ့်ကို ထူးခြားပါတယ်…"
ထိပ်တန်းသိုင်းပညာရှင် နှစ်ယောက်ဖြစ်သော သူတို့က ချီးကျူးလိုက်သည့်အချိန်တွင် မုန့်ချီနှင့် ရွမ်ယုရှုတို့ကတော့ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ လူစိမ်းများက ချီးကျူးလိုက်သော်လည်း သူတို့ကတော့ ရိုးရှင်းစွာ နေခဲ့၏။
လုကွမ်က သက်ပြင်းချလိုက်သည်။
"တိုင်းပြည်နဲ့နိုင်ငံသားတွေအတွက် သူရဲကောင်းတစ်ယောက်ဆိုတဲ့ ဂုဏ်ပုဒ်ကတော့ ငါနဲ့ထိုက်တန်တယ်လို့ မခံစားရသေးပါဘူး။ ငါက ရှေ့တန်းတိုက်ပွဲ အခြေအနေတွေနဲ့ ကိုယ့်တိုင်းပြည်လုံခြုံရေးကိုပဲ ဂရုစိုက်တယ်။ ဒါပေမဲ့ ငါ့ကို စွန့်ပစ်ခံလိုက်ရတယ်။ နန်းတော်အပေါ် ငါ့ရဲ့အနစ်နာခံမှုတွေကို ဘယ်သူမှ ထည့်မတွက်ကြတော့ဘူး…"
တာအိုသခင်ဟူက ကျယ်လောင်စွာ ပြောလိုက်သည်။
"တပ်မှူးလု.…
ဒီတစ်ကြိမ် တပ်မှူးက မြို့တော်ကို သွားမယ်ဆိုတော့ တပ်မှူးရဲ့အိပ်မက်အတိုင်း ဖြစ်လာနိုင်တယ်။ တပ်မှူးက အနောက်ပိုင်းကျူးကျော်သူတွေကို ဖယ်ရှားပြီး နန်းတော်ထဲမှာရှိတဲ့ သစ္စာဖောက်တွေကို သုတ်သင်ရှင်းလင်းပစ်ရမယ်။ ပြီးရင်တော့ ကျွန်တော်တို့ရဲ့ဘုရင်ကြီးနဲ့ တိုင်းသူပြည်သားတွေအတွက် ငြိမ်းချမ်းတဲ့ ကမ္ဘာကြီးတစ်ခုကို ဖန်တီးပေးပါ…"
လုကွမ်က ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။
"ဘယ်လောက်ပဲ ခက်ခဲပါစေ။ ငါ့ရဲ့ အသက်ကို စွန့်ရမယ်ဆိုရင်တောင် လုံးဝနောင်တမရဘူး.."
ထို့နောက် ကောင်းတုံကို သတ်ပေးခဲ့သည့်အတွက် လူငယ်နှစ်ယောက်ကို ကျေးဇူးတင်ပြီး သူတို့နေထိုင်ရန်အတွက် လုကျုံးချီကို သေချာစီစဉ်ပေးရန် မှာကြားလိုက်သည်။
လုကျုံးချီက မုန့်ချီနှင့် ရွမ်ယုရှုတို့ကို တခြားသော သိုင်းလောကသားများနှင့်အတူ ကင်းလှည့်ရာတွင် ပူးပေါင်းစေချင်ခဲ့၏။ သို့သော် တစ်ယောက်က အေးစက်ပြီး တစ်ယောက်က တိတ်ဆိတ်နေသည်ကို စဉ်းစားမိသည့်အခါ သူတို့နှစ်ယောက်စလုံးက မလွယ်ကူကြောင်း နားလည်သွားသည်။ ထို့ကြောင့် သူနှင့်အတူ ခေါ်သွားရန်သာ ဆုံးဖြတ်လိုက်၏။
ရက်အနည်းငယ်ကြာပြီးနောက် မုန့်ချီတို့အဖွဲ့က ယွဲ့ကျိမှနေ၍ တိတ်တဆိတ် ထွက်လာကြပြီး လုကွမ်ကို မြို့တော်ဆီသို့ ခေါ်ဆောင်လာကြသည်။
ညအချိန်တွင် မုန့်ချီက သူ၏မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဆွဲထုတ်လိုက်ပြီး ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်း သိုင်းကျမ်းနှင့် သွေးဓားသိုင်းကျမ်းတို့ကို ဖြည်းညင်းစွာ လေ့ကျင့်နေခဲ့သည်။ ထိုဓားသိုင်းပညာနှစ်ခုက သူ့အတွက် အခြေခံကောင်းများ ရှိသည်။
ကောင်းကင်ဓားကျင့်စဉ်၏ မူလလမ်းညွှန်ချက်ကို ဖတ်ကြည့်ခဲ့ပြီးနောက် ထိုသိုင်းကွက်များကို နောက်တစ်ကြိမ် လေ့ကျင့်ကြည့်သည့်အချိန်တွင် ခံစားချက်အသစ်များ ပေါ်လာခဲ့သည်။ သူက တစ်စုံတစ်ခု အသစ်နားလည်သွားသလို ထင်မှတ်ရသော်လည်း မည်သည့်အရာမျှ နားမလည်ခဲ့ပေ။
သူ၏ လှုပ်ရှားမှုက အလွန်နှေးကွေးပြီး တစ်ခါတရံ ရပ်သွား၏။ သူက စဉ်းစားနေရင်း စာတွေ့နှင့် လက်တွေ့ကို ပေါင်းစပ်ရန် ကြိုးစားနေသည်။ သူ၏ ဓားသိုင်းပညာကလည်း ယခုမှ စတင်လေ့ကျင့်နေသူ တစ်ယောက်ကဲ့သို့ဖြစ်နေ၏။
“ကောင်းကင်ဓားသိုင်းကျမ်းရဲ့ မူလလမ်းညွှန်ချက်ထဲမှာ စုန့်ရွှယ် တစ်ဘဝလုံးစာ နားလည်ထားတဲ့ ဓားမောက်အနှစ်သာရတွေ အားလုံးပါဝင်နေတယ်။ ဒါကြောင့် သူကိုယ်တိုင်တောင် နားလည်ဖို့ ခက်တယ်…”
လက်ရှိအချိန်တွင် မုန့်ချီကတော့ ကောင်းကင်ဓားစုန့်ရွှယ်နှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သော ဓားနှစ်လက်သူရဲကောင်း ကုကျုံးကို အလွန်လေးစားသွားခဲ့သည်။ သူကတော့ စုန့်ရွှယ်နှင့် တိုက်ခိုက်ခဲ့သည့်အတွက် အနှစ်သာရများကို အချိန်တိုလေးအတွင်း ဖမ်းဆုပ်မိခဲ့၏။
သို့သော် မုန့်ချီကတော့ သိုင်းကျမ်းကိုသာ အာရုံစိုက်၍ ဖတ်နေပြီး နေ့ရော ညပါ လေ့ကျင့်နေရသည်။ တစ်ဖက်တွင်တော့ သူ လေ့ကျင့်နေသော မိုးကြိုးအော်သံက သိသိသာသာ တိုးတက်လာခဲ့၏။ ထိုအရာက ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မိုးကြိုးနတ်ဘုရားအမှတ်အသားနှင့် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး(၉)သွယ်၏ တစ်ပိုင်းတစ်စ စိတ်ဝိညာဉ်လွှဲပြောင်းမှုကြောင့်လည်း ဖြစ်နိုင်၏။
"ညီလေးမုန့်…
မင်းက အခုမှ ဓားမောက်သိုင်းပညာကို လေ့ကျင့်နေတာလား…"
တာအိုသခင်ဟူက မေးလိုက်သည်။
ကျောင်းချုံနှင့် သူက လုကွမ်၏ အနားတွင် တစ်လှည့်ဆီ စောင့်ကြပ်ပေးနေခြင်း ဖြစ်သည်။ သူက ခဏအနားယူရန် ထွက်လာသည့်အချိန်တွင် မုန့်ချီက ဓားမောက်သိုင်းပညာ လေ့ကျင့်နေကြောင်း တွေ့လိုက်ရ၏။ ထိုအခါအလွန်အရည်အသွေးကောင်းသော သူ့ဓားက အချည်းနှီးဖြစ်နေသည်ဟု တွေးမိသွားခဲ့၏။
"မဟုတ်ဘူး။ ကျွန်တော်က အနှစ်သာရကို ရှားဖွေနေတာ…"
မုန့်ချီက တလေးတစား ပြန်ဖြေလိုက်သည်။
တာအိုသခင်ဟူကတော့ အပြုံးနှင့် ဆက်မေးလိုက်၏။
"ညီလေးမုန့်…
မင်းက ဓားရှည် ဓားမောက်နှစ်ခုစလုံးကို လေ့ကျင့်နေတာ ထင်တယ်။ ဘာလို့ ဓားရှည်သိုင်းလေ့ကျင့်တာကို မမြင်ရတာလဲ…"
မုန့်ချီက ခေါင်းမော့ပြီး ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ကျွန်တော့်ဓားက ဓားအိမ်ထဲက ထွက်သွားရင် သွေးစွန်းဖို့ လိုအပ်လို့လေ…"
သူ့စကားတွင် ဓားသမားတစ်ယောက်၏ မောက်မာမှုက လုံးဝကို ပေါ်လွင်နေသည်။
တာအိုသခင်ဟူက မျက်နှာပျက်သွားပြီး အဝေးသို့ ထွက်သွားခဲ့၏။ တခြားသော သိုင်းလောကသားများနှင့် အနီးအနားတွင် ရှိနေသော လုမိသားစုဝင်များကတော့ ပြုံး၍ကြည့်နေကြ၏။
မုန့်ချီကတော့ ဂရုမစိုက်ပေ။ သူတို့က မည်သို့စဉ်းစားစေကာမူ အနည်းဆုံးတော့ သူတို့၏မျက်လုံးထဲတွင် သူ၏ဓားရှည်သိုင်းပညာက ပို၍မြင့်မားသည်ဟု တွေးလာကြပါလိမ့်မည်။ သူ၏ဓားရှည်သိုင်းပညာက သူလက်ရှိလေ့ကျင့်နေသော ဓားမောက်သိုင်းပညာထက် ပိုကောင်းသည်ဟုလည်း သေချာပေါက် ယုံကြည်လာမည်ဖြစ်၏။ ထိုအရာက သူလိုချင်သော ရလဒ်လည်းဖြစ်၏။
ရွမ်ယုရှုက အနားသို့ ရောက်လာသည့်အချိန်တွင် ဓားရှည်သိုင်းပညာကို ဖြည်းညင်းစွာ လေ့ကျင့်နေသော မုန့်ချီကို တွေ့လိုက်ရသည်။ သူမက ခဏကြာ ကြည့်နေပြီးနောက် လျှို့ဝှက်အသံပို့ဆောင်မှုနှင့် မေးလိုက်၏။
"နင့်ရဲ့ဓားမောက်သိုင်းပညာမှာ အတားအဆီးတစ်ခု တွေ့နေတာလား.."
"ဟုတ်တယ်…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
ရွမ်ယုရှုက အဆင့်အတန်းမြင့်သော မိသားစုမှ လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမက သူ၏လက်ရှိဓားမောက်စွမ်းရည်ကို အလွယ်တကူပြောနိုင်၏။
"တကယ်လို့ နင်သာ အတားအဆီးကို ဖြတ်ကျော်နိုင်မယ်ဆိုရင် နင့်ရဲ့ဓားမောက်သိုင်းပညာက ပြည့်စုံလုနီးပါး ဖြစ်သွားပြီ။ ပြီးတော့ နင်က အနတ္တကျိန်စာဖျက်ဓားပညာကိုလည်း နားလည်ထားသေးတယ်လေ…"
ရွမ်ယုရှုကတော့ မုန့်ချီ၏ ဓားမောက်သိုင်းပညာအပေါ် သံသယဝင်နေခြင်းမရှိပေ။ သူက မုန့်ချီကို အသံပို့ဆောင်မှုနှင့် ဆက်၍ ပြောနေသေး၏။
"ဒါကြောင့်လည်း နင့်ရဲ့နာမည်က လူငယ်မှတ်တမ်းမှာ ရှိနေတာပဲ…"
လူငယ်မှတ်တမ်းဟူသော အရာကို ပြောသည့်အချိန်တွင် မုန့်ချီ၏ စိတ်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသည်။
"ရှောင်လင်ကျောင်းတော်ထဲမှာ ဒီဓားသိုင်းပညာရဲ့အနှစ်သာရကို နားလည်တဲ့သူက သမိုင်းကြောင်းတလျှောက် နည်းနည်းလေးပဲ ရှိခဲ့တာ မဟုတ်လား…"
ရွမ်ယုရှုက အနည်းငယ် စိတ်ဝင်တစား မေးလိုက်သည်။
"ဟုတ်တယ်…"
မုန့်ချီက တိုးတိုးလေး ခေါင်းညိတ်ပြလိုက်၏။ သူကတော့ သူ့ကိုယ်သူ ပို၍ပင် ဂုဏ်ယူလာခဲ့သည်။
ရွမ်ယုရှုကတော့ မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"ကြည့်ရတာ အများစုက ဗုဒ္ဓလမ်းစဉ်ကနေ အရင်ဆုံး ထွက်သွားကြတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ သူတို့က ဘုန်းတော်ကြီးတွေ ပြန်ဖြစ်လာပြီး အကြီးအကဲတွေ ဖြစ်လာတယ်။ နင်ကရော ဘာလုပ်မှာလဲ…"
မုန့်ချီက ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။ ရွမ်ယုရှုကတော့ သူမ၏ (၇)ကြိုးတပ် ဗျတ်စောင်းကို ကိုင်ပြီး ဖြည်းညင်းစွာ ထွက်သွားခဲ့၏။ ထိုအချိန်တွင် စားစရာနှင့် အရက်များ သွားဝယ်သော လုမိသားစုမှ လူငယ်များ ပြန်လာကြသည့်အတွက် သူမ၏ခြေလှမ်းက နှေးသွားခဲ့သည်။
သတိထားသည့်အနေနှင့် စားစရာများတွင် အဆိပ် ရှိမရှိ စမ်းသပ်လိုက်ပြီးနောက် သူတို့က စားစရာများကို ယူပြီး အနက်ရောင် ခွေးတစ်ကောင်ကို ကျွေးကြည့်လိုက်သည်။
ခဏကြာပြီးနောက် အနက်ရောင်ခွေးက အဆင်ပြေနေကြောင်း တွေ့လိုက်ရ၏။ ထိုအချိန်ကျမှသာ တချို့က သူတို့အတွက် စားစရာနှင့် အရက် ခွဲတမ်းကို ယူပြီး ကင်းလှည့်ရန် ထွက်သွားကြသည်။
မုန့်ချီက အနားသို့ ကပ်သွားသည့်အချိန်တွင် ရွမ်ယုရှုက ရပ်နေကြောင်းတွေ့လိုက်ရ၏။
"အစားသရဲတစ်ယောက်က ဒီလိုမျိုး ရပ်နေတာ နည်းနည်းထူးဆန်းနေတယ်…"
မုန့်ချီက သူ၏ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဓားအိမ်ထဲသို့ပြန်ထည့်ပြီး မေးလိုက်သည်။
"မိန်းကလေးရွမ်… ညစာ မစားဘူးလား…"
ရွမ်ယုရှုက မျက်မှောင်ကြုတ်၍ ပြန်ပြောလိုက်၏။
"ငါက မစားချင်သလိုဖြစ်နေတယ်။ ဒါက နည်းနည်းတော့ ထူးဆန်းတယ်…"
သူမ၏ စကားသံမဆုံးသေးခင် လူပေါင်းများစွာက လည်ပင်းကို လက်နှင့်ကိုင်ပြီး တအစ်အစ် အော်သံများ ထွက်လာကြသည်။ သူတို့၏ မျက်နှာများက မည်းနက်ပြီး မြေပေါ်သို့ လဲကျသွားကြ၏။ သို့သော် အနက်ရောင် ခွေးကတော့ အဆင်ပြေနေသေးသည်။
"အဆိပ်လား…ဒီလိုအဆိပ်စွမ်းရည်က…"
မုန့်ချီကတော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိလေသည်။
Translated by Hein Htet