အခန်း (၁၆၇)
Vol. 12 Ch. 167
ထိုစားစရာများကို မစားရသေးသော သိုင်းလောကသားများကတော့ သူတို့၏စားစရာ သောက်စရာများကို လွှတ်ပစ်လိုက်ကြသည်။ သူတို့၏ပုံစံကို ကြည့်ရသည်မှာ မြွေများ ၊ ကင်းမြီးကောက်များကို ကိုင်ထားရသလို ထင်မှတ်ရ၏။ ချက်ချင်းဆိုသလိုပင် ခြံဝန်းထဲတွင် စားစရာသောက်စရာ ရနံ့များ ပြည့်သွားခဲ့သည်။
"တုဝူချန်... "
လုကျုံးချီ အပါအဝင် လူတိုင်းက တပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ထိုအထဲတွင် မုန့်ချီနှင့် ရွမ်ယုရှုတို့တော့ မပါဝင်ကြပေ။ သူတို့၏အသံထဲတွင် ကြောက်လန့်မှုများ ပါဝင်နေပြီး သတိထားသည့် အခြေအနေမျိုး ပြည့်နှက်နေသည်။
ခွေးနက်ကြီးကတော့ မည်သည့်အရာမျှ ထူးထူးဆန်းဆန်း မဖြစ်သည့်အလား မြေပြင်ပေါ်တွင် ကျနေသော စားစရာများကို ဝမ်းသာအားရ စားနေခဲ့သည်။ သို့သော် မြေပေါ်သို့ လဲကျသွားသော သိုင်းလောကသားများကတော့ သူတို့၏ ခန္ဓာကိုယ်ထဲမှနေ၍ သွေးများ စီးကျလာနေပြီး အသက်မရှူနိုင်ကြပေ။ အလွန်ဆိုးရွားသော မြင်ကွင်းတစ်ခု ဖြစ်သည်။
ထိုအသံကို ကြားသည့်အခါ လုကွမ် ၊ ကျောင်းချုံနှင့် တာအိုသခင်ဟူတို့က ခြံဝန်းထဲသို့ ပြေးလာခဲ့ကြသည်။ သူတို့က မြေပေါ်တွင် ရှိနေသော အလောင်းများကိုကြည့်ပြီး အတော်လေး မျက်နှာပျက်နေကြ၏။
အချိန်တော်တော်ကြာ ပြောင်းလဲမှုမရှိကြောင်း မြင်လိုက်ရသည့်အခါ သူတို့က လူသေအလောင်းများကို စစ်ဆေးပြီး စတင်ရှင်းလင်းနေကြသည်။ သို့သော် သူတို့၏ မျက်လုံးထဲတွင် ရှိနေသော အကြောက်တရားများ ၊ စိုးရိမ်မှုများကို ဖုံးကွယ်ထားနိုင်ခြင်း မရှိချေ။
“အစ်ကိုကျုံးချီ …တုဝူချန်ဆိုတာ ဘယ်သူလဲ... "
ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက အေးတိအေးစက် မေးလိုက်သည်။ ထိုကဲ့သို့ ရန်သူတစ်ယောက်ကို ရင်ဆိုင်ရသည့်အချိန်တွင် သူလည်း အလေးမဲ့နေ၍ မရနိုင်ပေ။
လုကျုံးချီကတော့ အံ့သြသွားခဲ့ခြင်း မရှိချေ။ ညီလေးမုန့်နှင့် မိန်းကလေးရွမ်တို့ (၂)ယောက်လုံးက ငယ်ရွယ်ပြီး သိုင်းပညာထူးခြားသည်။ ထို့ကြောင့် သူတို့က သိုင်းလောကကိစ္စများကို မသိသည်မှာ သူတို့အမှားတော့ မဟုတ်ချေ။ သူက သက်ပြင်းချလိုက်၏။
"တုဝူချန်ဆိုတာက တောင်ပိုင်းမှာ နာမည်ကျော်တဲ့ မကောင်းဆိုးဝါးတစ်ယောက်ပဲ ။ သူက ထူးဆန်းပြီး ခန့်မှန်းလို့မရနိုင်တဲ့ နည်းလမ်းတွေကိုသုံးပြီး ပုန်းကွယ်တဲ့နေရာနဲ့ အဆိပ်သုံးတဲ့နေရာမှာ အရမ်းကို ထူးချွန်တယ်..။ ဒါကြောင့် ကာကွယ်ဖို့လည်း အရမ်းခက်တယ်.။ ဥပမာအနေနဲ့ပြောရရင် ဒီစားစရာတွေကို ခွေးနက်ကြီးက စားလိုက်ပေမယ့် ဘာမှမဖြစ်ဘူး... ။ ဒါပေမဲ့ လူအတွက်တော့ အရမ်းကို အဆိပ်ပြင်းထန်လွန်းတယ်...”
“မြစ်ထဲကနေ ဖမ်းလာတဲ့ ငါးတွေကို မြစ်ရေနဲ့ ပြုတ်လိုက်တဲ့အချိန်မှာတောင် စားတဲ့သူတွေက အဆိပ်သင့်သွားတာမျိုး ဖြစ်တတ်တယ်..။ သူက နာမည်ကျော် ထိပ်တန်းပညာရှင်တွေထက်တောင် ပိုပြီးကြောက်စရာကောင်းသေးတယ်... ။ ဒါပေမယ့် သူကလည်း ဒီလိုမကောင်းဆိုးဝါးတွေနဲ့ ပေါင်းနေမယ်လို့ မထင်ထားခဲ့ဘူး..”
“မသိခြင်းက ကြောက်စရာအကောင်းဆုံးပဲ…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူ၏မျက်ခုံးကြားထဲတွင် လှုပ်ရှားလာပြီး သူ၏စိတ်ဝိညာဉ်ကို ဖြန့်ကျက်လိုက်၏။ သူက ပတ်ဝန်းကျင်ကို စစ်ဆေးကြည့်လိုက်သော်လည်း တုဝူချန်၏ အငွေ့အသက်ကို ရှာမတွေ့ခဲ့ပေ။ ထို့ကြောင့် သူက အနီးအနားတွင် မရှိကြောင်း ပြသနေ၏။
တုဝူချန်အကြောင်းကို ပြောပြလိုက်ပြီးနောက် လုကျုံးချီက သေချာပြောလိုက်၏။
"တော်ဝင်အကြံပေးနဲ့ မကောင်းဆိုးဝါးဘုရင်မဆိုတာက ထိပ်သီးအဆင့် သိုင်းသခင်တွေပဲ (၄)ယောက် (၅)ယောက်လောက်ပဲ ရှိတယ်။ သူတို့ကို ကောင်းကင်တာအိုကတောင် လက်ခံထားကြတယ်..။ မကောင်းဆိုးဝါးမင်းသား ၊ တစ္ဆေဘုရင် ၊ ယုရီဘုန်းတော်ကြီးနဲ့ လရောင်တာအိုသခင်တို့ကတော့ သူတို့ထက် တစ်ဆင့်နိမ့်တယ်.။ သူတို့လို အဆင့်မျိုးကလည်း အများဆုံး (၁၀)ယောက်လောက်ပဲရှိတယ်.။ သူတို့ရဲ့အစွမ်းကလည်း တစ်ယောက်နဲ့တစ်ယောက် မတူဘူး...”
“မကောင်းဆိုးဝါးမင်းသားကတော့ သိုင်းသခင်တစ်ယောက် ဖြစ်လာမယ်လို့ မျှော်လင့်ထားကြတယ်..။ အဲဒီလူတွေက တော်တော်လေးကို ကြောက်စရာကောင်းပြီး ရင်ဆိုင်ဖို့လည်း ခက်ခဲတယ်..။ သူတို့တွေက နာမည်ကျော်ထိပ်တန်းပညာရှင်တွေနဲ့ပဲ တိုက်ခိုက်တတ်ကြတယ်..။ ဒါကြောင့် မတူညီတဲ့သူတွေနဲ့ တိုက်ခိုက်တဲ့အချိန်မှာ သူတို့ရဲ့စွမ်းအားတွေပေါ် မူတည်ပြီး ကွာဟမှုတွေရှိတယ်..။ ပြောရမယ်ဆိုရင် တိုက်ပွဲရလဒ်ကိုကြည့်ပြီးမှပဲ အနိုင်ရသူကို အကြမ်းမျဉ်း ခွဲခြားနိုင်ကြတယ်..”
“တုဝူချန်က အရမ်းအားနည်းတယ်..။ ဒါကြောင့် သူက ထိပ်တန်းပညာရှင်အဆင့်မှာ မပါဘူး..။ ဒါပေမယ့် သူ့ရဲ့အဆိပ်စွမ်းရည်နဲ့ ပုန်းအောင်းခြင်းစွမ်းရည်တို့ကတော့ တော်တော်လေးကို ကြောက်စရာကောင်းတယ်..။ ညအချိန် သူ့နာမည်ကိုကြားရင် ငိုနေတဲ့ကလေးတွေတောင် တိတ်သွားတယ်ဆိုပြီး နာမည်ကျော်တယ်... ။ တောင်ပိုင်းမှာရှိတဲ့ လူတိုင်းကတော့ သူ့ကိုအရမ်းကြောက်ကြတယ်... ။ ဘာလို့လဲဆိုတော့ သူနဲ့တိုက်ခိုက်တဲ့လူတိုင်းက စိတ်ဓာတ်ကျပြီး စိုးရိမ်ထိတ်လန့်စွာ သေဆုံးသွားကြရတာပဲ…”
“အစွမ်းထက်တဲ့အဆိပ်တွေကသာ အလွယ်တကူ သက်ရောက်ခံရပြီး အားနည်းတဲ့ အဆိပ်တွေကိုတော့ပညာရှင်အများစုက အတွင်းအားနဲ့ ပြန်ထုတ်လိုက်လို့ရတယ်..။ မဟုတ်ရင် တုဝူချန်က တစ္ဆေဘုရင်နဲ့ မကောင်းဆိုးဝါးမင်းသားတို့ရဲ့အဆင့်မှာ စာရင်းဝင်နေလောက်ပြီ…"
သူက မုန့်ချီနှင့် ရွမ်ယုရှုတို့ကို သတိပေးနေပြီး တုဝူချန်နှင့် ဝေးဝေးနေရန် ပြောခဲ့သည်။
သို့သော် သူကတော့ သူ၏အကြောက်တရားများကို ဖယ်ရှားရန် ကြိုးစားရမည် ဖြစ်ကြောင်း မုန့်ချီက နားလည်နေ၏။ သူက လမ်းတလျှောက်တွင် ရှိနေသော အတားအဆီးများ ၊ အန္တရာယ်များအတွက် ပြင်ဆင်ထားသော်လည်း သိပ်မကြာခင် အလွန်ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို တွေ့ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မုန့်ချီက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်၏။ သူက ရွမ်ယုရှုကို ပြန်လှည့်ကြည့်လိုက်ပြီး လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"ငါတို့က တုဝူချန်ကို ရှင်းပစ်ရမယ်..။ မဟုတ်ရင် ငါတို့အတွက် အန္တရာယ်ရှိတယ်... "
"ကောင်းပြီလေ…"
ရွမ်ယုရှုက အေးစက်စွာ ပြန်ဖြေလိုက်၏။
အလောင်းများ ၊ စားစရာများကို စစ်ဆေးကြည့်လိုက်ပြီးနောက် တာအိုသခင်ဟူက လူသားများ၏ ခန္ဓာကိုယ်ပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိသော ထူးဆန်းသည့် အဆိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအဆိပ်က ပြင်းထန်မှုမရှိသော်လည်း သိုင်းလောကတွင် ရှိနေသော သာမန်လူများကို သတ်ပစ်ရန်အတွက် လုံလောက်သည်ထက် ပိုနေခဲ့သည်။
အဆိပ်ထပ်မိမှာ စိုးသည့်အတွက် နောက်တစ်နေ့မနက်အထိ မည်သူကမျှ စားစရာ ထပ်မစားတော့ပေ။ မုန့်ချီက တင်ပျဉ်ခွေထိုင်နေပြီး အလွန်သတိထားနေခဲ့သည်။ သူက ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး လှုပ်ရှားမှုသေးသေးလေးကိုပင် လက်လွှတ်ခံလိုခြင်း မရှိပေ။ သူက တုဝူချန် ပေါ်လာသည်နှင့် ချက်ချင်း သတ်ပစ်ချင်နေခဲ့သည်။
သန်းခေါင်ယံအချိန်သို့ ရောက်သည့်အချိန်တွင် လူတစ်ယောက်က တိတ်တဆိတ် ထလာပြီး နံရံပေါ်သို့ ကျော်တက်သွား၏။ ထို့နောက် အလျင်အမြန် ထွက်သွားခဲ့သည်။ မုန့်ချီလည်း အံ့ဩသွားခဲ့၏။ သူက သက်ပြင်းချမိသော်လည်း တားဆီးခဲ့ခြင်း မရှိချေ။
ထို့နောက် ဒုတိယတစ်ယောက် ၊ တတိယတစ်ယောက် …
လူ (၂၀) ခန့်က တစ်နာရီအတွင်း နံရံကိုကျော်ပြီး ထွက်ပြေးသွားကြသည်။
နောက်တစ်နေ့မနက်တွင် မုန့်ချီက လုကျုံးချီ၏ ဒေါသတကြီး ပြောဆိုနေသော စကားသံများကို ကြားလိုက်ရ၏။
"ငကြောက်တွေ .. တုဝူချန်နဲ့ တိုက်ခိုက်ရမယ်ဆိုတာနဲ့ပဲ ချက်ချင်းကို ထွက်ပြေးသွားကြပြီ။ ဘာမှသတ္တိမရှိကြဘူး... "
ထိုအချိန်တွင် အစေခံနှင့် အစောင့်တချို့ကလွဲလျှင် တာအိုသခင်ဟူ ၊ ကျောင်းချုံနှင့် ရဲစွမ်းသတ္တိရှိသော သိုင်းလောကသား (၂) ယောက် ၊ (၃) ယောက်သာ လုကွမ်၏ အနားတွင် ကျန်နေတော့သည်။
လုကွမ်ကတော့ တည်ငြိမ်နေပုံရ၏။
"မင်းတို့တွေက အခုအချိန်ထိ သစ္စာရှိရှိနဲ့ ငါ့အနားမှာ ရှိနေသေးတာ တကယ့်ကို ဂုဏ်ယူမိပါတယ်... ။ တကယ်လို့ သူတို့က ထွက်သွားတယ်ဆိုရင်တောင် သူတို့ကို အပြစ်မတင်ပါနဲ့ ။ သူတို့က ဘာမှမမှားပါဘူး... "
သူက မုန့်ချီ ၊ တာအိုသခင်ဟူနှင့် တခြားသော သိုင်းလောကသားများကို အရိုအသေပေးလိုက်သည်။
"ဒီလိုအန္တရာယ်များတဲ့ခရီးစဉ်မှာ ငါတို့က သေခြင်းတရားကနေ သီသီလေး လွတ်မြောက်လာတာ..။ ဒီတော့ ငါ့နောက်ကို မလိုက်ခင် သေချာစဉ်းစားကြပါဦး...”
“အခုငါက ဒီကိုရောက်နေပြီဆိုမှတော့ ငါ့ရဲ့အသက်ကို ဘာမှစဉ်းစားစရာမလိုဘူး... "
တာအိုသခင်ဟူက ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်သည်။
မုန့်ချီကတော့ လက်ထဲတွင် ဓားကို တင်းတင်း ဆုပ်ကိုင်ပြီး ပြောလိုက်၏။
"ဘာမှမကြောက်ဘူး... "
ရွမ်ယုရှုက စကားမပြောသော်လည်း ခေါင်းညိတ်ပြလိုက်သည်။ သူမကလည်း ထွက်သွားမည် မဟုတ်ချေ။
လုကွမ်ကတော့ ရင်ထဲတွင် လှုပ်ရှားသွားပြီး နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။
"ငါက မင်းတို့ရဲ့အကူအညီတွေကို လုံးဝမမေ့ပါဘူး... "
ထို့နောက် သူတို့က နောက်တစ်ကြိမ် ခရီးဆက်လာကြသည်။ သို့သော် ယခုတစ်ကြိမ်တော့ ယမန်နေ့ကနှင့် ယှဉ်လိုက်လျှင် လူ (၇၀) (၈၀) ရာခိုင်နှုန်းခန့် ပိုနည်းသွား၏။ ကြည့်ရသည်မှာ အတော်လေး ဝမ်းနည်းစရာကောင်းသည်။
လမ်းတွင် လုကျုံးချီက မုန့်ချီနှင့် ရွမ်ယုရှုတို့ကိုကြည့်ပြီး သက်ပြင်းချလိုက်၏။
"မင်းတို့(၂) ယောက်က ဒီလောက်အသက်ငယ်ငယ်လေးနဲ့ သူရဲကောင်းဆန်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး...။ အခုတော့ တပ်မှူးလုကို မြို့တော်ဆီခေါ်သွားဖို့ မင်းတို့ကိုပဲ ဒုက္ခပေးရတော့မယ်... "
လူပေါင်းများစွာ လျော့နည်းသွားမှုကြောင့် သူက မုန့်ချီနှင့် ရွမ်ယုရှုတို့ကို အလေးထားလာရသည်။ သူတို့က ကုန်သည်များကဲ့သို့ ဝတ်ဆင်ပြီး မြို့ထဲမှ ထွက်လာကြ၏။ သိပ်မကြာခင် သစ်တောထဲသို့ ရောက်လာကြ၏။
ဤနေရာတွင်တော့ သစ်ပင်များ ပို၍များပြားပြီး တချို့နေရာတွင် သစ်သီးများရှိသည်။ နေ့ဝက်ခန့် မည်သည့်အရာမျှ မစားခဲ့ရသည့်အတွက် အစေခံများ သိုင်းလောကသားများက မခံနိုင်ကြတော့ပေ။ သူတို့က ဗိုက်ဖြည့်ရန် သစ်သီးများကို ခူးလိုက်ကြသည်။
"ဒီလိုသဘာဝသစ်သီးတွေကတော့ အဆိပ်မမိနိုင်ဘူးမဟုတ်လား... "
သစ်သီးများကို စစ်ဆေးကြည့်လိုက်ပြီးနောက် တစ်လုံးစားကြည့်ပြီး လုကွမ် ၊ မုန့်ချီနှင့် တခြားလူများဆီသို့ ပြန်ယူသွားကြသည်။
ရုတ်တရက်ဆိုသလို တစ်ယောက်ပြီးတစ်ယောက် မြေပေါ်သို့ လဲကျသွားပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာကြသည်။ ထို့နောက် သူတို့က တွန့်လိမ်ပြီး ချက်ချင်း သေဆုံးသွားကြ၏။
"သဘာဝသစ်သီးတွေတောင် အဆိပ်မိနေတာလား... "
ကျောင်းချုံက မြေပေါ်တွင် ရုန်းကန်နေသော လူတစ်ယောက်ကို သူ၏ချီစွမ်းအင်နှင့် ကယ်တင်ရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် သူနှင့် မျက်နှာချင်းဆိုင် သစ်တောထဲမှာနေ၍ အဆိပ်အပ် (၃) ချောင်း ရောက်လာခဲ့၏။
ကျောင်းချုံက အရှေ့သို့ လှိမ့်ချလိုက်ပြီး အဆိပ်အပ်များကို ရှောင်တိမ်းရန် ကြိုးစားလိုက်သည်။ ထိုအချိန်တွင် အပြာရောင်အလင်းတန်းတစ်ခုက အမှောင်ထဲမှ ရောက်လာပြီး သူ၏ဘယ်လက်ကို စိုက်သွားခဲ့၏။
ကျောင်းချုံက ဓားကို ဆွဲထုတ်ပြီး သူ့ဘယ်လက်ကို ဖြတ်ချပစ်လိုက်သည်။ ထိုအခါ သွေးများ ပန်းထွက်လာပြီး ဒဏ်ရာကို သွေးတိတ်အောင် လုပ်ဆောင်ရန်အတွက် သွေးကြောမကြီးများကို ပိတ်လိုက်ရ၏။
"တုဝူချန်က အနားမှာရှိတယ်... "
မုန့်ချီ၏ မျက်ခုံးကြားထဲတွင် လှုပ်ရှားသွားသည်။ သူက ပြောင်းလဲမှုကျင့်စဉ်ကို အမြင့်ဆုံး အသုံးချနေပြီး အဆိပ်အပ် ထွက်လာသည့်နေရာနှင့် ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့သည်။
သူက အာရုံခံနေသည့်အချိန်တွင် ရွမ်ယုရှုက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။
"သူက အသက်ရှူသံနဲ့ လှုပ်ရှားမှုကို ဘယ်လောက်ပဲဖုံးကွယ်ထားပါစေ တစ်ယောက်ယောက်ကို သတ်ချင်တယ်ဆိုရင် လူသတ်ချင်တဲ့အကြည့်မျိုး ကြည့်နေမှာပဲ.."
သူမက လက်တစ်ဖက်တွင် ဗျတ်စောင်းကို လျင်မြန်စွာ တီးခတ်နေသည့်အတွက် မုန့်ချီက တုဝူချန်၏ သတ်ဖြတ်ချင်စိတ်ကို ရှာဖွေနိုင်သည်။ ထိုအချိန်တွင် တောင်ကုန်းလေးတစ်ခုက အနည်းငယ် လှုပ်ရှားသွား၏။
မုန့်ချီက ဆုံးဖြတ်ချက်ပြတ်သားစွာ လှုပ်ရှားလိုက်ပြီး လက်ထဲတွင် ဓားကိုကိုင်၍ လှမ်းခုန်လိုက်သည်။ ထိုအချိန်တွင် တောင်ကုန်းလေးပေါ်မှနေ၍ ညစ်ပတ်ပေရေနေသော အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။
သူက အဆိပ်အပ်တစ်ခုကိုသုံးပြီး အဆိပ်မှုန့်များနှင့် လှမ်းပက်လိုက်၏။
"ဂျိမ်း... "
ရုတ်တရက်ဆိုသလို မုန့်ချီက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံတစ်ခုကို အော်ဟစ်လိုက်သည်။
ထို့ကြောင့် လုကွမ်နှင့် သူ့ကိုကာကွယ်ပေးနေသော တာအိုသခင်ဟူတို့က ခေါင်းမူးသွားကြသည်။ ဒဏ်ရာရနေသော ကျောင်းချုံနှင့် လုကျုံးချီတို့ကပင် နားထဲ၌ အူထွက်သွားပြီး မြေပေါ်သို့ လဲကျသွားခဲ့၏။
တုဝူချန်၏ ခေါင်းထဲတွင်လည်း မူးဝေသွားသည်မှာ သေချာသည်။ ထိုအချိန်တွင် သူ့လက်ထဲ၌ ကိုင်ထားသော အဆိပ်အပ်နှင့် အမှုန့်များက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့၏။
မုန့်ချီက လေထဲသို့ ပျံလွှားတစ်ကောင်ပမာ ခုန်လိုက်သည်။ ထို့နောက် သူ့ဓားကို ဆွဲထုတ်လိုက်ပြီး တုဝူချန်၏နောက်ကျောဘက်တွင် ခုန်ဆင်းလိုက်၏။ ထိုအခါ တုဝူချန်၏ မျက်ခုံးကြားထဲမှနေ၍ သွေးများ စီးကျလာနေပြီး နောက်သို့ အရှိန်ပြင်းစွာ လဲကျသွားခဲ့သည်။
"ကျုပ်က ဓားထုတ်မယ်ဆိုရင် သွေးစွန်းပြီးမှ ဓားအိမ်ထဲကို ပြန်ထည့်လို့ရတယ်... "
ထိုအရာကို မြင်သည့်အခါ တာအိုသခင်ဟူက မုန့်ချီပြောခဲ့သော စကားလုံးများကို အမှတ်ရသွားသည်။ သူ၏ဓားပညာက သူ၏ဓားမောက်ပညာထက် အမှန်တကယ်ကို ပို၍ ကောင်းမွန်နေသည်။
မုန့်ချီက ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး အေးအေးဆေးဆေး ပြန်လှည့်လာခဲ့သည်။ သူ့ပုံစံက အလွန်ထူးခြားသော ဓားသမားတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။
သူက တုဝူချန်၏ ခန္ဓာကိုယ်ဆီသို့ ပြန်လှည့်ကြည့်လိုက်သည့် အချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှာနေ၍ အဖြူရောင်အငွေ့များ ထွက်လာပြီး သစ်တောထဲတွင် ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က သွေးကန်ကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး မီးခိုးငွေ့များကဲ့သို့ ပျောက်ကွယ်သွားသည့် အချိန်တွင် မည်သည့်အရာမျှ မကျန်တော့ပေ။
"သူက တော်တော်ရက်စက်ကြမ်းကြုတ်တာပဲ ။ သူ့ကိုယ်သူ အဆိပ်လူသားအဖြစ် ပြောင်းလဲထားတယ်... "
မုန့်ချီကတော့ ယခင်အတွေ့အကြုံများမှ သင်ယူထားခဲ့သည်။ ထို့ကြောင့်လည်း လုံခြုံနေခြင်း ဖြစ်၏။
"ညီလေးမုန့် …
မင်းရဲ့ဓားသိုင်းပညာက ငါထင်ထားတာထက်တောင် ပိုပြီးကြောက်စရာ ကောင်းသေးတယ်... "
လုကျုံးချီက ဒယိမ်းဒယိုင်နှင့် မတ်တပ်ရပ်လိုက်သည်။ လုကွမ်ကလည်း ခေါင်းညိတ်ပြလိုက်ပြီး သေဆုံးသူများကို ကျင်းတူး၍ မြှုပ်နှံပေးနေ၏။
"ငါ့ရဲ့ဓားပညာက ဘယ်လိုနေလဲ... "
မုန့်ချီက ရွမ်ယုရှုကို တိတ်တဆိတ် မေးလိုက်သည်။
"ငါ့ရဲ့ဓားပညာက သဘာဝဆန်ပြီး အချုပ်အနှောင်မရှိဘူး... ။ မဆင်မခြင်ကိုယ်တော် မိုးကြိုးဓား ဒေါသကိုယ်တော်ဆိုတာက ကောလာဟလသက်သက်ပဲ…"
ရွမ်ယုရှုကတော့ တည်ငြိမ်နေသေး၏။
"ကောင်းပါတယ် ။ ဒါပေမဲ့ နင့်ရဲ့အော်သံက ပိုပြီးတော့ အစွမ်းထက်တယ်... "
"အစွမ်းထက်တဲ့အော်သံလား... "
မုန့်ချီက သူမနှင့် စကားမပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
လုကွမ်က သေဆုံးသူများကို မြေမြှုပ်ပေးလိုက်ပြီးနောက် ဆုံးဖြတ်ချက် ပြတ်သားစွာ ပြောလိုက်၏။
"သွားကြစို့…"
ကျောင်းချုံက ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေသည့်အတွက် ကျန်နေခဲ့သည်။ သူက အိမ်ပြန်ပြီး ကုသရဦးမည် ဖြစ်၏။ လုကွမ် ၊ လုကျုံးချီ၊ တာအိုသခင်ဟူ ၊ မုန့်ချီနှင့် ရွမ်ယုရှုတို့သာ ကျန်နေတော့သည်။
စထွက်လာသည့်အချိန်တွင် သူတို့အဖွဲ့ထဲ၌ လူ (၂၀) (၃၀) ခန့်ရှိသည်။ တချို့က ထွက်ပြေးပြီး တချို့က သေသွားကြ၏။ ယခုမှ သူတို့က ပထမဆုံး ပညာရှင်နှင့် တွေ့ရခြင်းဖြစ်ပြီး မြို့တော်သို့ သွားသောလမ်းတွင် ပထမဆုံး အတားအဆီးသာ ရှိသေးသည်။
ကျန်ရှိနေသည့် လူများကိုကြည့်ပြီး လုကျုံးချီကတော့ ဝမ်းနည်းသွားသလို ခံစားရသည့်အပြင် အတော်လေး ရှုပ်ထွေးသွားခဲ့သည်။ ထို့နောက် သူက မုန့်ချီနှင့် ရွမ်ယုရှုတို့ကို လှည့်ကြည့်လိုက်မိ၏။
"ငါတို့က လမ်းကြောင်းပြောင်းရမယ်... ။ ဒါပေမယ့် သူတို့ကို လုံးဝအားကိုးနေလို့လည်း မဖြစ်နိုင်သေးဘူး..။ သူတို့က လမ်းခရီးမှာ တားဆီးနေတဲ့ ပညာရှင်တွေကို ဖြတ်ကျော်ပြီး မြို့တော်ဆီသွားဖို့ ယုံကြည်ချက် ပြည့်ပြည့်ဝဝ ရှိနေတာလား... "
Translated by Hein Htet