← Chapters

အခန်း (၁၆၈)

Vol. 12 Ch. 168

အခန်း (၁၆၈)

Vol. 12 Ch. 168

တောင်တန်းများ ၊ ချိုင့်ဝှမ်းများက မြင့်လိုက်နိမ့်လိုက်နှင့် တစ်လှည့်ဆီ ဖြစ်နေခဲ့သည်။ တောင်ထိပ်ပေါ်တွင် လေလှိုင်းများ တိုက်ခတ်နေသည့်အတွက် အလွန်းအေးချမ်းပြီး တိတ်ဆိတ်ခြောက်ကပ်နေသည်။

တောင်ပေါ်တွင်ရှိနေသော ကျောင်းဆောင်ကြီးက ပျက်စီးနေသည့်အတွက် လေလှိုင်းများကို ကာကွယ်နိုင်ခြင်း မရှိပေ။ ကျောင်းဆောင်၏ အတွင်းထဲတွင် ဖိုထားသော မီးဖိုဆီမှ တဖြောက်ဖြောက်မြည်သံများ ကြားနေရပြီး အရိပ်များ ထွက်ပေါ်လာနေသည်မှာ မကောင်းဆိုးဝါးများ၏ ခြေလက်များကဲ့သို့ ထင်မှတ်ရသည်။

လုကျုံးချီက ပဲဟင်းချက်နေရင်း လှုပ်ရှားကခုန်နေသော မီးတောက်များကိုကြည့်၍ တစ်ယောက်တည်း အတွေးပင်လယ်ဝေနေပုံရသည်။ သူတို့က မူလလမ်းကြောင်းကို ပြောင်းလဲပြီး ရွာများကို ရှောင်၍ သွားခဲ့သည်။ ထိုသို့ဆိုလျှင် လမ်းတွင် သူတို့ကို ကြားဖြတ်တိုက်ခိုက်မည့် ပညာရှင်များကို ရှောင်တိမ်းနိုင်၏။ သူတို့က မြို့တော်ကို ရောက်လုနီးပါး ဖြစ်နေသည်။

သို့သော် သူတို့က စိတ်အေး၍ မရနိုင်သေးကြောင်း သိနေခဲ့၏။ မြို့တော်နှင့် ပိုနီးလာလေလေ ပို၍စိတ်လှုပ်ရှားလာလေလေဖြစ်သည်။ သူတို့က လွန်ခဲ့သော လဝက်ခန့်အတွင်းတည်ငြိမ်အေးချမ်းနေခဲ့သော်လည်း မုန်တိုင်းမလာခင် လေပြေလာနေသလို ခံစားနေရ၏။

နန်းတော်ထဲတွင် ရှိနေသော သစ္စာဖောက်များက တုဝူချန်ကို စေလွှတ်လိုက်ရုံနှင့် လက်လျှော့မည် မဟုတ်ကြောင်း သူတို့က သိနေသည်။ ပို၍အစွမ်းထက်သော ပညာရှင်များ ရောက်လာနိုင်၏။ သူက ထိုအရာကို အလွန်စိုးရိမ်နေခဲ့သည်။

လုကွမ်က မီးဖိုရှေ့တွင် ထိုင်နေပြီး လက်ထဲတွင် စစ်နည်းဗျူဟာစာအုပ်ကို ကိုင်ထားသည်။ သူကလည်း ပဲဟင်းရည်ကို သောက်နေခဲ့၏။ သူကတော့ မည်သည့်စိုးရိမ်မှုမျှ မရှိဘဲ အချိန်မရွေး တိုက်ခိုက်နိုင်သော ရန်သူများကို ကြောက်လန့်မနေခဲ့ပေ။

သူ၏အမူအရာကို ကြည့်ပြီး တာအိုသခင်ဟူက အံ့ဩနေခဲ့သည်။

"တပ်မှူးလုက နောက်ကျောမှာ ရန်သူရှိနေရင်တောင် အကြောက်တရားမရှိတဲ့ လက်ရွေးစဉ်တပ်မှူးတစ်ယောက်ပဲ…"

ထိုအရာကို စဉ်းစားနေသည့်အချိန်တွင် တာအိုသခင်ဟူက ဒူးပေါ်တွင် ဓားရှည်ကို ကန့်လန့်ဖြတ်တင်ထားသော မုန့်ချီကို လှည့်ကြည့်လိုက်မိသည်။ ထို့နောက် တိတ်ဆိတ်အေးချမ်းစွာ ဗျတ်စောင်းတီးနေသော ရွမ်ယုရှုကို ကြည့်လိုက်၏။ သူနှင့်ယှဉ်လိုက်လျှင် ထိုလူငယ်နှစ်ယောက်ကပင် ပို၍ တည်ငြိမ်နေကြောင်း တွေ့လိုက်ရသည်။

"သိုင်းလောကမှာ အချိန်အကြာကြီး ကျင်လည်လေလေ ပိုပြီးတော့ ကြောက်လာလေလေပါပဲလား။ ဒီည ပြီးသွားရင် အရာအားလုံးက အဆင်ပြေပါပြီ…။ မြို့တော်ကို ရောက်သွားရင် သစ္စာ‌ဖောက်တွေကလည်းနေ့ခင်းကြောင်တောင်ကြီး တိုက်ခိုက်ရဲမှာ မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မှူးလုကို ဘုရင်ကိုယ်တိုင် ဆင့်ခေါ်ထားတာလေ။ ပြီးတော့ မြို့ထဲမှာ လူနေအိမ်တွေ၊ လူတွေ အများကြီးရှိနေတယ်။ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားမည်ဆိုရင် မျိုးရိုးစဉ်ဆက် သုတ်သင်ရှင်းလင်းခံရနိုင်တဲ့ ပြစ်မှုကြီးတစ်ခု ဖြစ်နိုင်တယ်…"

တာအိုသခင်ဟူက ထိုအတွေးများနှင့် သူ့ကိုယ်သူ နှစ်သိမ့်ရန် ကြိုးစားနေခဲ့သည်။ ထို့နောက် သူက နောက်ကျောတွင် ရှိနေသော ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ညင်သာစွာ ကိုင်ကြည့်လိုက်သည်။

ထိုကျားဟိန်းသံဓားက သူနှင့်အတူ နှစ်ပေါင်း(၃၀)နီးပါးခန့် အဖော်အဖြစ် ရှိနေခဲ့သည်။ လူဆိုးများစွာ၏ သွေးများလည်း စွန်းထင်နေခဲ့၏။ သူက ဤမုန်တိုင်းကိုလည်း ထိုဓား၏ အကူအညီနှင့် ဖြေရှင်းနိုင်ရန် မျှော်လင့်နေခဲ့သည်။ သူ၏ သေဆုံးမှုက အရေးမပါသော်လည်း တပ်မှူးလုသာ အသတ်ခံလိုက်ရမည်ဆိုရင် လူတိုင်းအတွက် အခြေအနေက ဆိုးရွားသွားနိုင်သည်။

သူက ဓားလက်ကိုင်ကို ပွတ်သပ်နေရာမှ ရုတ်တရက် ရပ်လိုက်မိပြီး ကျောင်းဆောင်ပျက်၏ တံခါးရှိရာကို လှည့်ကြည့်လိုက်မိသည်။ ထိုနေရာတွင် လူသန်ကြီး တစ်ယောက်ရပ်နေပြီး သူ့လက်ထဲတွင်တော့ ဓားပြားကြီးတစ်ခုကို ကိုင်ထားသည်။

သူရောက်လာသည့်အချိန်တွင် မည်သူကမျှ မသိခဲ့ကြပေ။ သူက ကျောင်းဆောင်ထဲတွင် ရှိနေသော လူတိုင်းကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့၏။

တာအိုသခင်ဟူက မတ်တပ်ရပ်လိုက်မိပြီး ကျူးကျော်လာသူကို ကျားဟိန်းသံဓားနှင့် ချိန်လိုက်သည်။ သူ၏ အမူအရာကလည်း အတော်လေး တုန်လှုပ်နေပြီး လေသံက တိုးနေ၏။

"ဓားတပ်မှူး…"

ထိုနာမည်ကို ကြားသည့်အခါ လုကျုံးချီကလည်း ကြောက်လန့်သွားပြီး မတ်တပ်ရပ်လိုက်မိသည်။ ထိုအရာက အမှန်တကယ်ကို သိုင်းလောကတွင် နာမည်ကျော်ကြားသော ဓားသမားတစ်ယောက် ဖြစ်သည့် ဓားတပ်မှူး ဖြစ်နေ၏။ သူ့အစွမ်းက မကောင်းဆိုးဝါးမင်းသားနှင့် နတ်ဆိုးဘုရင်တို့ထက် နိမ့်ကျသည်။

သူက အတွင်းအားကောင်းပြီး လျင်မြန်သွက်လက်သည့် ဓားသိုင်းတစ်ခုကို ကျွမ်းကျင်ထားသည်။ သူ တိုက်ခိုက်လိုက်သည့်အချိန်တွင် တပ်မှူးတစ်ယောက်ကဲ့သို့ လမ်းကြောင်းကို ဖျက်ဆီးပစ်တတ်၏။ ထို့ကြောင့် သူ့ကို ဓားတပ်မှူးဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သူ၏တိုက်ခိုက်မှုက တုဝူချန်၏ တိုက်ခိုက်မှုထက် အဆပေါင်းများစွာ ကြောက်စရာကောင်း၏။

သူက ထိပ်တန်းသိုင်းပညာရှင် (၉)ယောက်ကို စိန်ခေါ်ပြီး လူတိုင်းကို သတ်ပစ်နိုင်ခဲ့သည်။ ထိုဂုဏ်သတင်းအရဖြစ်စေ အစွမ်းကြောင့်ဖြစ်စေ သူက သူတို့အဖွဲ့ထဲတွင် အစွမ်းထက်ဆုံးဖြစ်သော တာအိုသခင်ဟူထက် ပို၍ အဆင့်မြင့်၏။

လုကျုံးချီက သူ့အဖော်(၃)ယောက်ကို ကြောက်လန့်နေသည့် အမူအရာနှင့် ပြန်လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် လုကွမ်က သူ၏ စစ်နည်းဗျူဟာစာအုပ်ကို ‌ဖြည်းညင်းစွာချပြီး မတ်တပ်ရပ်လိုက်ကြောင်း မြင်လိုက်ရသည်။ သူကလည်း တာအိုသခင်ဟူနှင့်အတူ ပြိုင်ဘက်ကို ရင်ဆိုင်တိုက်ခိုက်ရန် စဉ်းစားနေပုံရ၏။ သူ့ပုံစံက စိုးရိမ်ထိတ်လန့်နေပုံ မရှိချေ။

ရွမ်ယုရှုကတော့ ဗျတ်စောင်းကို ဆက်၍ တီးနေသေးပြီး အလွန်လွမ်းဆွတ်ဖွယ် အခြေအနေမျိုးကို ဖန်တီးပေးနေခဲ့၏။ ထိုအရာက ဘာများအသုံးဝင်မည်နည်း။

ဓားမောက်သိုင်းပညာ လေ့ကျင့်ခြင်းကို သဘောကျပုံရသော ညီလေးမုန့်ကလည်း နေရာတွင် ထိုင်နေပြီး သူ့အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ဓားတပ်မှူးက သိုင်းပညာရှင်တစ်ယောက်အစား သူ့အဖော်တစ်ယောက်ကဲ့သို့ ထင်မှတ်ရသည်။

မုန့်ချီကို ကြည့်ပြီး လုကျုံးချီကတော့ အတော်လေးကို အံ့ဩသွားမိ၏။ ပြောစရာ စကားလုံးလည်း မရှိတော့ပေ။ မည်သို့ဖြစ်စေကာမူ ဓားတပ်မှူးက လူတိုင်းကို လွှမ်းမိုးထားပြီး သူ့အစွမ်းကလည်း အလွန်ကြောက်စရာကောင်းသည်။

သူက ထိုနေရာတွင် ရပ်နေသော်လည်း သူ့ပုံစံက အလွန်မြင့်မားသော တောင်မြင့်ကြီး တစ်လုံးကဲ့သို့ ထင်မှတ်ရသည်။ ထို့ကြောင့် လုကျုံးချီက ရင်ထဲတွင် တဒိန်းဒိန်း ခုန်လာပြီး တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။

ထိပ်တန်းပညာရှင်များ၏ တိုက်ပွဲတွင် ချီစွမ်းအားနှင့် စိတ်စွမ်းအားတိုက်ပွဲများက မည်မျှအရေးကြီးကြောင်း သူလည်း ကြားဖူးထားသည်။ သို့သော် ယနေ့ အမှန်တကယ်ကြုံလိုက်ရသည့်အချိန်တွင် သူက ထိုအရာကို ယုံကြည်သွားခဲ့၏။ ဓားတပ်မှူးက သူ့ကို ရပ်စရာမြေမရှိအောင် လုပ်ဆောင်နေခဲ့၏။

ဓားတပ်မှူးက တံခါးနားတွင် ရပ်နေသော်လည်း သူ၏စိတ်ဓာတ်ကို ပျက်ပြားအောင် လုပ်ဆောင်နိုင်ပြီး အလွန်စိုးရိမ်ထိတ်လန့်နေခဲ့ရသည့်အတွက် သူ၏ စွမ်းအား(၆၀)ရာခိုင်နှုန်းကိုပင် မသုံးနိုင်တော့ပေ။

ဓားတပ်မှူးက သူတို့ဆီကို တဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။ သူခြေလှမ်း လှမ်းလိုက်သည့်အချိန်တိုင်း ပျက်စီးနေသော ကျောင်းဆောင်ကြီးက တုန်လှုပ်လာသလို ထင်မှတ်ရ၏။ (၇)လှမ်း လှမ်းလိုက်ပြီးနောက် တာအိုသခင်ဟူ၏ လက်ထဲတွင် ကိုင်ထားသော ဓားက စတင်လှုပ်ရှားလာခဲ့သည်။

သူ့ရှေ့တွင် ရှိနေသော လူက ပို၍ကြီးမားလာသလို ထင်မှတ်လိုက်ရပြီး ဒဏ္ဍာရီထဲမှ လူသန်ကြီးတစ်ယောက် ထွက်လာသလို ခံစားနေရသည်။

"တာအိုသခင်ဟူ…

ဒါက မင်းနဲ့မသက်ဆိုင်ဘူး။ တကယ်လို့ မင်းသာ အခုထွက်သွားမယ်ဆိုရင် ငါက မင်းကို မတားဘူး…"

ဓားတပ်မှူးက လေးနက်စွာ ပြောလိုက်သည်။

တာအိုသခင်ဟူက သက်ပြင်းချပြီး ပြောလိုက်၏။

"တပ်မှူးလုက ဒီကမ္ဘာကြီးရဲ့မျှော်လင့်ချက်တွေကို သယ်ဆောင်ထားတယ်။ သူက အနောက်ပိုင်းကျူးကျော်သူတွေကို ဖြေရှင်းဖို့အတွက် အဓိကသော့ချက်ပဲ။ ငါက ဘဝတလျှောက်လုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ခွေးတစ်ကောင်လို အသက်ရှင်ရတာထက် လူတစ်ယောက်လို အသက်ရှင်ရတာကိုပဲ ပိုပြီးလိုလားတယ်။ ငါ့မှာ စွမ်းရည်မရှိပါဘူး။ ဒါပေမဲ့ လူသားတွေရဲ့ ငြိမ်ချမ်းမှုနှင့် ပျော်ရွှင်မှုအတွက် ငါ့အသက်ကို စွန့်လွှတ်နိုင်တယ်။ မင်းက ဒီလိုမကောင်းတဲ့လုပ်ရပ်တွေ လုပ်နေတာ။ သိပ်မကြာခင် မင်းရဲ့လုပ်ရပ်အတွက် ပြန်ပြီး ပေးဆပ်ရမှာပါ…"

သူက ဓားတပ်မှူးနှင့် တိုက်ခိုက်နေသည့်အချိန်တွင် လုကွမ်ကို ထွက်ပြေးရန် အချက်ပြလိုက်သည်။

လုကွမ်ကတော့ လှုပ်ရှားခဲ့ခြင်းမရှိချေ။

"ငါ့ရဲ့အသက်က တခြားသူတွေရဲ့အသက်ထက် ပိုပြီးတန်ဖိုးရှိတယ်လို့ ငါ လုံးဝမတွေးခဲ့ဘူး။ ငါက ငါ့ရဲ့ကိုယ်ပိုင်တပ်ဖွဲ့ကို စည်းကမ်းထုတ်တဲ့အခါ ငါကိုယ်တိုင်ပဲ အမြဲဦးဆောင်တယ်။ ဒါကြောင့်လည်း ငါက ဒီလိုအစွမ်းထက်တဲ့ သံတောင်တန်းတပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တာပဲ…"

သူစကားပြောသည့်အချိန်တွင် သူ့အသံက ရဲမက်တစ်သိန်းခန့်ကို ဦးဆောင်နေသကဲ့သို့ အလွန်တက်ကြွနေသည်။ ထို့ကြောင့် ဓားတပ်မှူးက အတော်လေးကို ထိတ်လန့်သွားခဲ့၏။

လုကွမ်၏ ယုံကြည်ချက်က လုကျုံးချီကို လွှမ်းမိုးသွားပြီး သူ၏ အကြောက်တရားများက ချက်ချင်းပျောက်ကွယ် သွားခဲ့သည်။ သူက ယုံကြည်ချက်ရှိရှိပြောလိုက်၏။

"ငါတော့ မသေမချင်း နောက်ဆုတ်မှာ မဟုတ်ဘူး။ သံတောင်တန်းတပ်ဖွဲ့ ရှိနေသေးသရွေ့ ငါတို့က မကောင်းဆိုးဝါးဓားပြတွေကို သတ်ပစ်မှာပဲ… "

ဓားတပ်မှူးက သူ့ဓားကို ဆွဲထုတ်လိုက်သည်။ ထိုဓားက သစ်သားပြားတစ်ခုကဲ့သို့ အပြားကြီးသည်။

"ငါက လူတစ်ယောက်အပေါ် အကြွေးတင်နေတယ်။ ဒီတော့ ငါ့မှာ ရွေးချယ်စရာမရှိဘဲ မင်းကို သတ်ရလိမ့်မယ်။ ကျေးဇူးပြုပြီး ငါ့ရဲ့လေးစားမှုကို လက်ခံပေးပါ…"

ဓားတပ်မှူးက တလေးတစား အရိုအသေပေးလိုက်သည်။ လုကွမ်နှင့် တခြားလူများကို သတ်ပစ်ရခြင်းက သူ့အတွက်တော့ ကြက်ကလေး ၊ ငှက်ကလေးများကို သတ်ပစ်ရသလို ဖြစ်နေသည်။

ထိုအချိန်တွင် လုကျုံးချီ၏ ရင်ထဲတွင် အကြောက်တရားများ နောက်တစ်ကြိမ် ပြန်ပေါ်လာခဲ့၏။

ဓားတပ်မှူး၏ အမူအရာက အလွန်တည်ငြိမ်နေပြီး သနားညှာတာမှုမရှိပေ။ သူ၏ ဓားပြားကြီးကို ဝှေ့ယမ်းလိုက်ပြီး သူက တိုက်ခိုက်ရန် အသင့်ပြင်လိုက်၏။

ထိုအချိန်တွင် စကားတစ်ခွန်းမျှ မပြောသော မုန့်ချီက ရုတ်တရက် မတ်တပ်ရပ်လာခဲ့သည်။ သူက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ဓားတပ်မှူးကို ကြည့်လိုက်၏။

"တကယ်လို့ ခင်ဗျားကသာ ကျုပ်ကို ခုခံလာအောင် လုပ်နိုင်မယ်ဆိုရင် ကျုပ်ရှုံးတယ်လို့ သတ်မှတ်နိုင်တယ်…"

“ဒီကောင်လေးက တော်တော်‌ကို မောက်မာတာပဲ…”

ထိုအရာကို ဓားတပ်မှူးတစ်ယောက်တည်းသာ တွေးနေခြင်း မဟုတ်ပေ။ မုန့်ချီ၏ အဖော်များဖြစ်သော တာအိုသခင်ဟူနှင့် လုကျုံးချီ တို့နှစ်ယောက်စလုံးက တွေးနေမိကြ၏။

မုန့်ချီ၏ဓားပညာက မည်မျှ အစွမ်းထက်စေကာမူ ဓားတပ်မှူးက သိုင်းလောကတွင် နာမည်ကျော်ကြားပြီး အတွေ့အကြုံရှိသော ဓားသမားတစ်ယောက်ဖြစ်သည်။ မုန့်ချီက ခုခံမှု မလုပ်ဘဲ သူ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်အောင် မည်သည့်အစွမ်းမျိုး ရှိနေသနည်း။ အကယ်၍ မုန့်ချီ၏ နေရာတွင် မကောင်းဆိုးဝါးဘုရင်မ သို့မဟုတ် တော်ဝင်အကြံပေးဆိုလျှင်ပင် ထိုကဲ့သို့ စကားမျိုးကို မပြောရဲကြပေ။ ထိုလူငယ်လေးက သူ့အစွမ်းသူ အထင်ကြီးနေခြင်းပေလော။

ဓားတပ်မှူးက စိတ်ထဲ၌ အနှောင့်အယှက်ဖြစ်သွားသည့်အချိန်တွင် မုန့်ချီက သူ့ဓားကို ဆွဲထုတ်ပြီး ရှေ့သို့ တက်လာခဲ့သည်။ သူက ဓားရှည်ကို ကလေးတစ်ယောက် ဆော့ကစားနေသကဲ့သို့ ကိုင်ထားခြင်း ဖြစ်၏။

"ဟမ်…… "

တာအိုသခင်ဟူနှင့် လုကျုံးချီတို့က အလွန်အံ့ဩပြီး စိတ်ရှုပ်သွားကြသည်။ အလွန်မောက်မာသော မုန့်ချီက ထိုကဲ့သို့ အားနည်းချက် ရှိနေသော ဓားပညာတစ်ခုကို သုံးလိမ့်မည်ဟု သူတို့လည်း မယုံကြည်နိုင်ကြပေ။ သူ၏ လှုပ်ရှားမှုက သိုင်းမတတ်သော ဓားသမားတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။

ရွမ်ယုရှုကတော့ တစ်စုံတစ်ခုကို နားလည်နေသည့်အလား လေးလေးနက်နက် စဉ်းစားနေခဲ့သည်။

ဓားတပ်မှူးက မုန့်ချီ၏ ဓားပညာကို နားလည်ရန် ခက်ခဲနေသည်။ ထိုဓားပညာတွင် အားနည်းချက်များ ရှိနေသော်လည်း ထိုအားနည်းချက်များက ဆက်တိုက်ပြောင်းလဲနေသည့်အတွက် သေချာနားလည်နိုင်ရန် ခက်ခဲနေ၏။

မုန့်ချီက သူဖန်တီးထားခဲ့သော အရှိန်အဝါများအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး သူ့ကို အရေးနိမ့်သွားအောင် တွန်းအားပေးနိုင်သည်။ နောက်ဆုံး ဓားတပ်မှူးက တခြားမည်သည့်အရာမျှ မတွေးမိတော့သည့်အတွက် သူ၏ဓားပြားကြီးကိုသာ ဝှေ့ယမ်းလိုက်ပြီး မုန့်ချီကို တိုက်ခိုက်လိုက်ရသည်။

မုန့်ချီကတော့ သစ်ရွက်လေးတစ်ရွက် ကျဆင်းလာသကဲ့သို့ ဓားတပ်မှူး၏ ဓားပြားကြီးကို သူ့ဓားနှင့် လှမ်းထိုးလိုက်သည်။ ထိုအချိန်တွင် ဓားရှည်၏ အလေးချိန်က ပေါင်တစ်ထောင်ခန့် ‌အလေးချိန်ရှိကြောင်း ဓားတပ်မှူးက ခံစားလိုက်ရ၏။ သူ၏ လက်ကောက်ဝတ်က ထိုအလေးချိန်ကို မခံနိုင်သည့်အတွက် လက်ကို ပြန်ချလိုက်ရသည်။

ထိုအချိန်တွင် မုန့်ချီက သူ့ဓားကို နောက်သို့ ပြန်ဆွဲယူလိုက်ပြီး ဓားတပ်မှူး၏ လည်ပင်းကို လှမ်းခုတ်လိုက်သည်။

ဓားတပ်မှူး လုပ်နိုင်သည်မှာ နောက်သို့တစ်လှမ်းဆုတ်လိုက်ခြင်းသာဖြစ်၏။ သူ‌က နောက်သို့ ဆုတ်သွားသည့်အချိန်တွင် မုန့်ချီက အရိပ်တစ်ခုကဲ့သို့ ရှေ့တိုးလာခဲ့သည်။

ဓားတပ်မှူးက အော်ဟစ်လိုက်ပြီး စွမ်းရည်တစ်မျိုးကို အသုံးပြုလိုက်၏။ သူက ဓားပြားကြီးကို မြှောက်လိုက်ပြီး မုန့်ချီကို နှစ်ခြမ်းဖြတ်ရန် ပြင်ဆင်လိုက်သည်။ သူ၏ ဓားပညာက လူအများစု၏ဓားသိုင်းနှင့် ကွဲပြား၏။ အလွန်အမင်းကို ကြောက်စရာကောင်းသည်။

ထိုအချိန်တွင် မုန့်ချီက လေထဲသို့ ခုန်လိုက်ပြီး သူ့ဓားကိုလည်း အပေါ်သို့ စွေ၍ လှမ်းထိုးလိုက်သည်။ သူတို့၏ အကွာအဝေးအရ မုန့်ချီ၏ ဓားထိပ်ဖျားနှင့် ဓားတပ်မှူး၏ လည်ပင်းကြားထဲတွင် ကွာဟမှု အနည်းငယ် ရှိနေသေးသည်။ သူ့လည်ပင်းကို ဖြတ်ရန် မလွယ်လှပေ။

သို့သော် ဓားသွားက အပေါ်သို့ စောင်းသွားသည့်အတွက် ဓားတပ်မှူး၏ မေးရိုးနှင့် နီးကပ်သွားခဲ့သည်။ ထို့နောက် အသံတစ်ခုထွက်ပေါ်လာပြီး အလွန်ချွန်ထက်သော ရေခဲပေါ်တယ်ဓားက ဓားတပ်မှူး၏ မေးရိုးကို ထိုးဖောက်၍ ဦးနှောက်ထိအောင် ရောက်သွားခဲ့၏။ သူ့ခေါင်းက ထိုးဖောက်ခံလိုက်ရပြီး ဓားပြားကြီးကလည်း လွတ်ကျသွားခဲ့သည်။

မုန့်ချီက ဘေးတစ်ဖက်တွင် ရပ်လိုက်ပြီး သူ၏ဓားရှည်ကို မြေပြင်ဘက်သို့ စိုက်ထားခဲ့သည်။ ဓားထိပ်ဖျားမှနေ၍ သွေးစက်များ ဖြည်းညင်းစွာ ကျဆင်းလာနေခဲ့၏။ အလွန်ကြီးမားသော ဓားတပ်မှူး၏ ခန္ဓာကိုယ်က မြေပေါ်သို့ လဲကျသွားသည့်အတွက် ဖုန်မှုန့်များပင် ထွက်လာခဲ့၏။

"ခင်ဗျားရှုံးသွားပြီ…"

မုန့်ချီက အေးစက်စွာ ပြောလိုက်ပြီး မီးပုံဘေးတွင် ပြန်ထိုင်လိုက်၏။

ဓားတပ်မှူးက မျက်လုံးပြူးနေပြီး သူ၏မျက်လုံးထဲတွင် အကြောက်တရားများ ၊ အံ့ဩမှုများ ပြည့်နှက်နေပုံရသည်။ သို့သော် မုန့်ချီ၏ မေးခွန်းကို ပြန်မဖြေနိုင်တော့ပေ။ သူက မုန့်ချီကို ခုခံရအောင် လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ ။ မုန့်ချီကသာ ဓားကွက်(၄)ကွက်အတွင်း သတ်ပစ်နိုင်ခဲ့၏။

လုကွမ်၊ တာအိုသခင်ဟူနှင့် လုကျုံးချီတို့အားလုံးက အလွန်တည်ငြိမ်အေးချမ်းသော မုန့်ချီကို စိုက်ကြည့်နေမိကြသည်။ သူတို့က နာနာကျင်ကျင် သေဆုံးသွားရသော ဓားတပ်မှူးနှင့် မုန့်ချီကို တစ်လှည့်ဆီ ကြည့်နေမိကြ၏။

အစောပိုင်းတိုက်ပွဲကို စဉ်းစားမိသည့်အခါ မုန့်ချီ၏ ဓားချက်များက ထူးခြားမှုမရှိကြောင်း နားလည်နေသည်။ တစ်ဖက်တွင် သူ၏သိုင်းကွက်များက သာမန်သာဖြစ်ပြီး အားနည်းချက်များ ရှိနေ၏။ သို့သော် သူ၏ ချိန်သားကိုက်လှုပ်ရှားမှုများက အလွန်တိကျလွန်းလှသည်။ သူက ဓားတပ်မှူး၏ အကြောင်းကို အလုံးစုံ‌သိနေသလို ထင်မှတ်နေရ၏။

"ကမ္ဘာကြီးထဲမှာ ဒီလိုဓားပညာနှင့် ဒီလိုဓားသမားမျိုး ရှိနေသေးတာပဲ…"

ညီလေးမုန့်၏ စွမ်းရည်နှင့် ဓားပညာက သူထင်ထားသည်ထက်ပင် အဆပေါင်းများစွာ ပို၍ကြောက်စရာကောင်းနေကြောင်း တာအိုသခင်ဟူက တွေးလိုက်မိသည်။ မုန့်ချီ၏ ဓားပညာက နတ်ဆိုးဘုရင်နှင့် ယုယီဘုန်းတော်ကြီးတို့ကိုပင် ယှဉ်နိုင်နေသည်။

“သူက တော်တော်လေး ငယ်သေးတယ်။ သူက မွေးရာပါ ဓားသမားတစ်ယောက်‌ဖြစ်နေတာလား…”

သူတို့၏အဖွဲ့ထဲတွင် မုန့်ချီ ရှိနေသည့်အတွက် သူတို့က မြို့တော်ထဲသို့ အန္တရာယ်မကြုံဘဲ ဝင်နိုင်တော့မည် ဖြစ်သည်။ လုကျုံးချီကလည်း စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိပြီး မုန့်ချီကို ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်မိသည်။

ထို့နောက် သူက ဓားတပ်မှူးဆီသို့ ပြေးသွားပြီး အလောင်းကို ရှာဖွေကြည့်လိုက်၏။ ဓားတပ်မှူးက ဤနေရာတွင် သတ်ရန် ရောက်လာခြင်းဖြစ်သည့်အတွက် သူ့ဆီတွင် အစာခြောက်များ ၊ ငွေအိတ်တစ်အိတ်နှင့် စာတစ်စောင်သာ သယ်ဆောင်ထားသည်။

လုကျုံးချီက ဓားတပ်မှူး၏ ဓားပြားကြီးကို ကောက်လိုက်ပြီး မုန့်ချီ၏ ဘေးတွင် ချပေးလိုက်၏။ ထိုအရာက သူ၏ အောင်နိုင်မှုရလဒ်ဖြစ်သည်။

မုန့်ချီက စကားတစ်ခွန်းမျှ မပြောသော်လည်း စိတ်ထဲတွင် အတော်လေး စိတ်လှုပ်ရှားပြီး ဂုဏ်ယူနေခဲ့သည်။ လုကျုံးချီက စာကို ဖတ်လိုက်ပြီးနောက် တီးတိုးရေရွတ်လိုက်မိသည်။

တာအိုသခင်ဟူက စိုးရိမ်စွာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ…"

လုကျုံးချီက မျက်နှာပျက်သွားသည်။

"ဒီစာက ကျန်းမျိုးနွယ်လူဆိုး(၄)ယောက်ဆီက စာပဲ။ သူတို့ကလည်း တပ်မှူးလုကို သတ်ချင်နေကြတယ်…"

"ကျန်းမျိုးနွယ်ညီအစ်ကို(၄)ယောက်လား…"

တာအိုသခင်က အံ့ဩသွားခဲ့ပြီး လုကွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့ အားကိုး၍ ရသည်မှာ ညီလေးမုန့် တစ်ယောက်တည်းသာရှိကြောင်း လုကျုံးချီက သိနေသည်။ ထို့ကြောင့် သူက ချက်ချင်းရှင်းပြလိုက်၏။

"တစ်ယောက်ချင်းဆီ ကွဲနေမယ်ဆိုရင်တော့ ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်က ဓားတပ်မှူးရဲ့ ပြိုင်ဘက်မဟုတ်ကြဘူး။ သူတို့ရဲ့အဓိက အားသာချက်က ပူးပေါင်းတိုက်ခိုက်မှုပဲ။ သူတို့(၄)ယောက်က တစ်သားတည်းလိုပဲ တိုက်ခိုက်တာနဲ့ နောက်ဆုတ်တာကို အလှည့်ကျလုပ်နိုင်ကြတယ်။ ဒါကြောင့် သူ‌တို့တွေက နတ်ဆိုးဘုရင်နှင့် လရောင်တာအိုသခင်တို့ကိုတောင် ယှဉ်နိုင်တယ်လို့ သတ်မှတ်နိုင်တယ်…”

“ဒါပေမဲ့ သူတို့တွေက လုပ်ကြံသတ်ဖြတ်ရေးတာဝန်တစ်ခုမှာ မကောင်းဆိုးဝါးမင်းသားကို အလွယ်တကူ ရှုံးနိမ့်သွားခဲ့တယ်။ ဒါကြောင့် သူ့ရဲ့‌အစေခံတွေ ဖြစ်သွားကြတယ်။ ဒါကြောင့် သူတို့က ထိပ်တန်းပညာရှင် စာရင်းမှာ မရှိတော့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ ပူးပေါင်းစွမ်းအားက ဒီကမ္ဘာကြီးထဲမှာ အမြင့်ဆုံးအဆင့် စွမ်းအားပဲ။ ဓားတပ်မှူးကတောင် သူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူး…"

"ပူးပေါင်းတိုက်ခိုက်မှုက တကယ်ပဲ အကျိုးရှိတယ်။ ဒါပေမဲ့ တကယ်လို့ ငါသာ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံးလိုက်မယ်ဆိုရင် သူတို့က ကိုယ့်သေတွင်း ကိုယ်တူးနေသလို ဖြစ်နေမှာပဲ။ သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ဘာမှ ကြောက်စရာမလိုဘူး… "

မုန့်ချီက တစ်ယောက်တည်းစဉ်းစားနေခဲ့သည်။

"ကြောက်စရာအကောင်းဆုံးအရာကတော့ အခုသူတို့က မကောင်းဆိုးဝါးမင်းသားရဲ့ အစေခံတွေဖြစ်နေပြီ။ ဒါကြောင့် ဒီကိစ္စမှာ မကောင်းဆိုးဝါးမင်းသားလည်း ပါလာပြီလို့ ဆိုလိုနေတာပဲ.. "

လုကျုံးချီက နောက်တစ်ကြိမ် စိုးရိမ်ထိတ်လန့်စွာ ပြောလိုက်သည်။

"ညီလေးမုန့် ၊ မိန်းကလေးရွမ်…

ငါတို့က ဒီညဆက်သွားကြရင် မကောင်းဘူးလား… "

"အခုတော့ အရမ်းကို နောက်ကျသွားပြီ…ဟားဟားဟားဟား…. "

တံခါးအပြင်ဘက်မှနေ၍ ကြောက်စရာကောင်းသော ရယ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

Translated by Hein Htet.

All Chapters