← Chapters

အခန်း (၁၆၉)

Vol. 12 Ch. 169

အခန်း (၁၆၉)

Vol. 12 Ch. 169

တံခါး ဖျက်ဆီးခံလိုက်ရသည့်အချိန်တွင် လူ(၄)ယောက်က လေပွေများကဲ့သို့ ဝင်လာပြီး ဓားတပ်မှူး၏ အလောင်းရှေ့တွင် ရပ်နေကြသည်။ သူတို့အားလုံး၏ ရုပ်ရည်က တထပ်တည်းဖြစ်ပြီး ရုပ်ဆိုး၍ ကြမ်းတမ်းခက်ထန်ကြ၏။ သူတို့အားလုံးတွင် မည်သည့် လက်နက်မျှ မပါဘဲ လက်ဗလာနှင့် ဖြစ်ကြသည်။

“မင်းတို့တွေ အခုချိန်ကျမှ ထွက်ပြေးဖို့ အရမ်းနောက်ကျသွားပြီ…”

ဘယ်ဘက်ဆုံးတွင် ရပ်နေသူက ကောက်ကျစ်စဉ်းလဲစွာ ရယ်လိုက်၏။

“ဘာလို့လဲဆိုတော့ ငါတို့ရောက်လာလို့လေ…”

သူ့ဘေးတွင် ရှိနေသော တစ်ယောက်က ဆက်ပြောလိုက်၏။

“ငါတို့ရှိနေရင် မင်းတို့တွေ သေရလိမ့်မယ်…”

တတိယ တစ်ယောက်က ပြောလိုက်၏။

“ဒါကြောင့် မင်းတို့တွေက ထွက်ပြေးရင်လည်း ဘာမှအသုံးမဝင်ဘူး…”

ညာဘက်ဆုံးတွင် ရှိနေသူက မုန့်ချီနှင့် သူ့အဖော်များကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး မောက်မာစွာ ပြောလိုက်၏။

မုန့်ချီက ရေခဲပေါ်တယ်ဓားကို ကိုင်ထားပြီး မည်သည့်အရာကိုမျှ စိတ်မဝင်စားသည့်အလား ဓားထိပ်ဖျားကိုသာ စိုက်ကြည့်နေခဲ့သည်။

တစ်ဖက်တွင်တော့ လုကျုံးချီက တဖြည်းဖြည်း နောက်ဆုတ်သွားပြီး သူ့နောက်တွင် ပုန်းနေခဲ့၏။ တာအိုသခင်ဟူကတော့ လုကွမ်၏အနားတွင် ကာကွယ်ပေးနေပြီး မုန့်ချီကို သတိလက်လွတ် စိုက်ကြည့်နေမိသည်။

ရွမ်ယုရှုကတော့ မည်သည့်အရာကိုမျှ စိတ်မဝင်စားသည့်အလား ဗျတ်စောင်းကိုသာ အေးအေးဆေးဆေး တီးနေခဲ့၏။

ဓားတပ်မှူး၏ အလောင်းကိုကြည့်ပြီး ညာဘက်ဆုံးတွင် ရှိနေသောလူက ပြောလိုက်သည်။

“သူက သေသွားပြီ..”

“သူ့ရဲ့သိုင်းပညာ မလုံလောက်လို့ သေသွားတာပေါ့…”

သူ့ဘေးတွင် ရှိနေသူက ထပ်ဖြည့်ပြောလိုက်၏။

“ငါတို့ကတော့ မသေနိုင်ဘူးလေ၊ ဘာလို့လဲဆိုတော့ ငါတို့သိုင်းပညာက သူ့ထက်ပိုကောင်းတယ်…”

ဘယ်ဘက်မှ ရေလိုက်လျှင် ဒုတိယမြောက်လူက ပြောလိုက်၏။

“မင်းတို့က သေကိုသေရမယ်…”

ဘယ်ဘက်ဆုံးတွင် ရှိနေသူက မုန့်ချီတို့ကို ရက်စက်ကြမ်းကြုတ်စွာ စိုက်ကြည့်နေခဲ့၏။

သူတို့က စက်ဝိုင်းခြမ်းသဏ္ဍာန် ရပ်နေပြီး အလှည့်ကျ ပြောနေသည်မှာ အတော်လေး ထူးဆန်းနေ၏။

လုကျုံးချီနှင့် တာအိုသခင်ဟူတို့က စဉ်းစားနေကြသည့်အချိန်တွင် မုန့်ချီက ဓားရှည်ကို ကိုင်ပြီး မတ်တပ်ရပ်လိုက်သည်။ သူကတော့ မနှေးမမြန် လှုပ်ရှားလိုက်ပြီး သူ့ရှေ့တွင် ရှိနေသူ (၄)ယောက်က သူနှင့် မသက်ဆိုင်သလို ထင်မှတ်ရသည်။ သူက ကြက်ကလေး ငှက်ကလေးများကို သွားသတ်တော့မလို ခံစားရ၏။

“မကောင်းဆိုးဝါးမင်းသားက ဒီမှာရှိလား…”

မုန့်ချီက သူ့ဓားကို စိုက်ကြည့်နေရင်း မေးလိုက်သည်။

“သခင် ဒီမှာမရှိဘူး…”

ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်ထဲတွင် အကြီးဆုံးတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ရောက်လာဖို့ မလိုအပ်ဘူးလေ…”

ဘယ်ဘက်ရှိ ဒုတိယတစ်ယောက်က ပြန်ဖြေလိုက်၏။

“မင်းတို့အားလုံးက သူနဲ့ တိုက်ခိုက်ဖို့ မထိုက်တန်ပါဘူး…”

ညာဘက်ရှိ ဒုတိယ တစ်ယောက်ကလည်း ပြောလိုက်သည်။

“ငါတို့တွေနဲ့တင် မင်းတို့ကို ရင်ဆိုင်ဖို့ လုံလောက်တာထက် ပိုနေပြီ…”

ဘယ်ဘက်ဆုံးတွင် ရှိနေသော အငယ်ဆုံးလေးက ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်၏။

မုန့်ချီက သူ့ဓားကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“သနားဖို့ကောင်းလိုက်တာ၊ မင်းတို့ရဲ့အလောင်းကို ပြန်သယ်သွားဖို့ လူတစ်ယောက်မှ မရှိတော့ဘူး…”

သူက ဓားတပ်မှူးကို အလွယ်တကူ သတ်ပစ်လိုက်ကြောင်း မြင်လိုက်ရပြီးနောက် လုကွမ်၊ လုကျုံးချီနှင့် တာအိုသခင်ဟူတို့ဆီတွင်တူညီသော ယုံကြည်ချက်များ ရှိနေကြသည်။ သို့သော် ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်၏ အကြောင်းကို စဉ်စားမိသည့်အခါ သူတို့က လုံးဝ စိတ်မအေးနိုင်ကြသေးပေ။

“အဲဒီလိုလည်း မဟုတ်သေးဘူး…”

ညာဘက်ဆုံးတွင် ရှိနေသော လူက ပြောလိုက်သည်။

“ငါတို့က သေချာပေါက် အနိုင်ရမှာပါ…”

ညာဘက်ရှိ ဒုတိယလူက သူ၏လက်ဝါးများကို မြှောက်၍ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

“မင်းတို့ကမှ အလောင်းသိမ်းဖို့ လူလိုမှာ…”

ဘယ်ဘက် ဒုတိယလူက ပြောလိုက်ပြန်သည်။

“မင်းတို့မှာတစ်ယောက်မှ မရှိတော့တာ ကံဆိုးသွားတယ်…”

ဘယ်ဘက်ဆုံးတွင် ရှိနေသောလူ ရှေ့တက်လာခဲ့သည်။ သူတို့ (၄)ယောက်က တစ်သားတည်း ဖြစ်နေသလို ထင်မှတ်ရ၏။ သူတို့က လက်ဖဝါးများကို တစ်တန်းတည်း မြှောက်ထားကြသည်မှာ ဟာကွက်လုံးဝမရှိပေ။

ထိုအချိန်တွင် မုန့်ချီ၏ ပါးစပ်ထဲမှနေ၍ မိုးခြိမ်းသံတစ်ခု ထွက်လာခဲ့၏။

“ဂျိမ်း….”

“ဒေါင်…ဒေါင်..”

ရွမ်ယုရှု၏ စောင်းသံကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာနေပြီး မုန့်ချီ၏ အော်သံနှင့် ပေါင်းစပ်၍ လူတိုင်း၏ နားထဲကို ထိုးဖောက်သွားခဲ့သည်။

ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်က နားအူသွားသလို ခံစားလိုက်ရပြီး မည်သည့်အသံကိုမျှ မကြားရတော့ပေ။ သူတို့၏ ခေါင်းထဲတွင်လည်း မူးဝေသွားပြီး တုန့်ပြန်မှုက နှေးကွေးသွား၏။ အကယ်၍ သူတို့၏ အတွင်းအားကသာ အစွမ်းမထက်လျှင် သူတို့က ချက်ချင်း ရူးသွားနိုင်သည်။

အခွင့်အရေးကို အရယူပြီး မုန့်ချီက မြားဖောက်သိုင်းကွက်ကို အသုံးပြုလိုက်သည်။

“ရွှပ်..”

“အား….အားးး….အား….အား…”

ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်ထံမှ အော်သံများ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခဲ့သည်။ သူတို့၏မျက်လုံးများက မှိတ်နေသော်လည်း မျက်နှာပေါ်သို့ သွေးများ စီးကျလာခဲ့၏။

ယခု မျက်လုံးကန်းသွားပြီ ဖြစ်သည့်အတွက် သူတို့အားလုံးက ဦးတည်ရာကို ဝှေ့ယမ်းတိုက်ခိုက်နေကြသည်။ ထို့ကြောင့် အတော်လေးကို ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့၏။

တဖန် မုန့်ချီက ရှေ့သို့ အနည်းငယ် ငုံ့လိုက်ပြီး သူ့ဓားကို (၄)ကြိမ်တိတိ ဝှေ့ယမ်းလိုက်သည်။ ထို့နောက် ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းလိုက်၏။

ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်က တစ်ယောက်ပြီးတစ်ယောက် လဲကျသွားခဲ့သည်။ သူတို့အားလုံးက လည်ပင်းတွင် တူညီသောဓားရာတစ်ခုဆီနှင့် အသတ်ခံလိုက်ရ၏။ တစ်စုံတစ်ယောက်ကသာ ထိုအရာကို မြင်လိုက်ရမည်ဆိုလျှင် အလောင်း တစ်လောင်းနှင့် အရိပ်(၃)ခုဟု တွေးမိကြပါလိမ့်မည်။

“သိုင်းကွက် (၃)ကွက်…”

အလွန်ကြောက်စရာကောင်းသော ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်ကို သတ်ရန် သိုင်းကွက်(၃)ကွက်သာ လိုအပ်ခဲ့သည်။ စလာသည်မှ ဆုံးသည့်တိုင်အောင် သူတို့က ပြန်လည်တိုက်ခိုက်နိုင်သည့် အခွင့်အရေးပင်မရှိခဲ့ချေ။

တာအိုသခင်ဟူ၏ ဘဝတစ်လျှောက်လုံး တွေ့ကြုံခဲ့ရသည့်အရာများက ယနေ့ ခံစားရသည့် အရာများနှင့် ယှဉ်လိုက်လျှင် အတော်လေး နည်းပါးနေသေးကြောင်း ခံစားလိုက်ရသည်။ အရာအားလုံးက အိပ်မက်တစ်ခုလို ခံစားနေရ၏။

“ဓားတပ်မှူးနှင့် ကျန်းမျိုးနွယ် လူဆိုး(၄)ယောက် ရောက်လာတဲ့အချိန်မှာတောင် သူက သာမန်လို့ပဲ ထင်နေတာလား။ သူတို့က ညီလေးမုန့်ရဲ့ တိုက်ခိုက်မှုကို လုံးဝ မခုခံနိုင်ကြဘူး။ ဒီညီအစ်ကိုတွေက ပူးပေါင်းတိုက်ခိုက်ရင် လရောင် တာအိုသခင်၊ နတ်ဆိုးဘုရင်တို့ကိုတောင် ယှဉ်နိုင်တယ်လို့ ပြောကြတယ်။ ဒီလိုဆိုရင် ညီလေးမုန့်က အဲဒီလူတွေကိုရော သူ့ဓားနဲ့ သတ်ပစ်နိုင်မှာလား…”

သူနှင့် လုကျုံးချီတို့ (၂)ယောက်လုံးက မုန့်ချီအပေါ် အတွေးများ ပြောင်းလဲလာကြသည်။ သူတို့က မယုံကြည်နိုင်သလို ဖြစ်နေကြသော်လည်း လက်မခံ၍ မရချေ။ သူတို့ရှေ့တွင် ရှိနေသော လူငယ်က အနာဂတ်တွင် ဓားအင်ပါယာ တစ်ယောက် ဖြစ်လာနိုင်၏။ သူ၏ အရေးပါမှုက မကောင်းဆိုးဝါး ဘုရင်မနှင့် အမတ်ချုပ်တို့ကိုပင် ယှဉ်လာနိုင်သည်။

မုန့်ချီက မီးပုံဆီသို့ ပြန်လျှောက်သွားခဲ့၏။ သူက လုကွမ်ကို အသိအမှတ်ပြုသလို ခေါင်းညိတ်ပြလိုက်ပြီး တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။

ရိုးရိုးသားသားပြောရမည်ဆိုလျှင် သူတို့က မသေနိုင်သေးပေ။ သူ၏မိုးကြိုးအော်သံက အလွန်အစွမ်းထက်သည့် အတွက်ကြောင့်သာ သေဆုံးသွားကြခြင်းဖြစ်၏။ ထို့ပြင် ရွမ်ယုရှု၏ စောင်းသံကလည်း သူ၏တိုက်ခိုက်မှုကို နှစ်ဆ တိုးမြှင့်လာစေနိုင်သည်။

အမှန်တရားကတော့ ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်က အဖွဲ့တစ်ဖွဲ့အနေနှင့် တိုက်ခိုက်မှသာ အစစ်အမှန် ပညာရှင် တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ အကယ်၍ သူတို့က မိုးကြိုးအော်သံနှင့် စောင်းသံသီးသန့်ကိုသာ ရင်ဆိုင်လိုက်ရမည်ဆိုလျှင် တုဝူချန်ထက် အနည်းငယ်သာ ပိုသာသည်။

အကယ်၍ နတ်ဆိုးဘုရင်နှင့် မကောင်းဆိုးဝါးမင်းသားတို့ ကဲ့သို့သော ပညာရှင်များနှင့် ရင်ဆိုင်ရမည် ဆိုလျှင်တော့ မိုးကြိုးအော်သံက သူတို့ကို အနည်းငယ် မူးဝေသွားစေနိုင်ပြီး ယာယီမှင်တက်သွားစေရုံသာ ရှိနိုင်သည်။

လက်ရှိအချိန်တွင်တော့ ထိုအရာက သူတို့တိုက်ခိုက်ရန် အခွင့်အရေးကို ဆုံးရှုံးသွားစေနိုင်၏။ သူတို့က မူးဝေသွားသည့်အချိန်တွင် အဖွဲ့လိုက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ချေ။ ထိုအရာက ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်၏ ကံကြမ္မာကို သတ်မှတ်ပေးလိုက်ခြင်း ဖြစ်သည်။

လုကျုံးချီက ညီအစ်ကို (၄)ယောက်၏ အလောင်းများကို နောက်တစ်ကြိမ် ရှာဖွေကြည့်လိုက်သည်။ သူတို့ဆီတွင် မည်သည့်အရာမျှ မပါသည်မှာ ကံဆိုးသွားသည်။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် စားစရာများသာ ရှိနေခဲ့၏။

“ကျွန်တော်က စာတစ်စောင် တွေ့တယ်…”

လုကျုံးချီက နောက်ဆုံးတစ်ယောက်ကို ရှာဖွေနေသည့်အချိန်တွင် စာတစ်စောင် တွေ့လိုက်ရသည့်အတွက် အတော်လေး အံ့ဩသွားခဲ့သည်။ ထိုအရာက လုပ်ကြံသတ်ဖြတ်ရန် အမိန့်ပေးသော နန်းတော်မှ သစ္စာဖောက်များ၏ သက်သေဖြစ်နိုင်သည်။

သူတို့က ထိုစာကိုသာ ဘုရင်ကြီးဆီသို့ တင်ပြလိုက်မည်ဆိုလျှင် ထိုသစ္စာဖောက်များက သူတို့၏ ပြစ်မှုအတွက် ပေးဆပ်ရမည်ဖြစ်၏။

“ဘာအကြောင်းလဲ…”

လုကွမ်က တည်ငြိမ်စွာ မေးလိုက်သည်။

လုကျုံးချီက သေချာစစ်ဆေးကြည့်လိုက်ပြီးနောက် စာကို ဖွင့်ကြည့်လိုက်ရာ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။

“ဒီစာက မကောင်းဆိုးဝါးမင်းသားဆီကပဲ…”

သူက စာကို ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

“ငါ့ရဲ့လက်အောက်ငယ်သားတွေက မဆင်မခြင် လုပ်ခဲ့တာ တော်တော်လေး ဆိုးတာပဲ။ ငါက မင်းဆီကို သေချာပေါက် လာခဲ့ဦးမယ် တပ်မှူးလု။ ကျေးဇူးပြုပြီး ငါရောက်လာမယ့်အချိန်ကို စောင့်နေပါ…”

သူ၏စကားသံထဲတွင် ယုံကြည်မှုများ အလွန်အကျွံ ဖြစ်နေသည်။ မကောင်းဆိုးဝါးမင်းသားက တပ်မှူးလုကို သေချာပေါက် ခေါင်းဖြတ်မည်ဟု ပြောနေသလို ထင်မှတ်ရ၏။

ထို့ပြင် ထိုစာက ကျန်းမျိုးနွယ် လူဆိုး(၄)ယောက် မသေခင် ရေးထားသော စာဖြစ်သည်။ သူ့ဆီတွင် အနာဂတ်ကို ကြိုတင်ခန့်မှန်းနိုင်သော စွမ်းရည်ရှိပုံရ၏။

“ဒါက ငါတို့ကို လှည့်စားရုံ သက်သက်ပါပဲ…”

မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။

တာအိုသခင်ဟူကလည်း မည်သည့်အရာများ ဖြစ်နေကြောင်း နားလည်သွား၏။

“မကောင်းဆိုးဝါးမင်းသားက ဒီစာကို ကြိုပြီးရေးထားတာ။ တကယ်လို့ ကျန်းမျိုးနွယ် လူဆိုး(၄)ယောက် အနိုင်သွားပြီဆိုရင် ငါတို့က ဒီစာကို ဖတ်ရမှာ မဟုတ်ဘူး။ သူတို့ပြန်သွားတဲ့အချိန်ကျရင် ဒီစာကို မီးရှို့လိုက်ရုံပဲ။ တကယ်လို့ သူတို့ရှုံးသွားမယ်ဆိုရင်တော့ ငါတို့ဖက်မှာ အစွမ်းထက်တဲ့ ပညာရှင်တွေ ရှိနေပြီလို့ ဆိုလိုတာပဲ။ ဒါဆိုရင် ဒီစာက ငါတို့ရဲ့စိတ်ကို အနှောင့်အယှက် ပေးလိမ့်မယ်…”

“တော်တော်လေး ကောက်ကျစ်တဲ့ လူတွေပဲ…”

လုကျုံးချီက ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

ခဏကြာ တည်ငြိမ်သွားပြီးနောက် သူက သက်ပြင်းချလိုက်မိ၏။

“ဒါပေမယ့် အနည်းဆုံးတော့ မကောင်းဆိုးဝါးမင်းသားက သေချာပေါက် ရောက်လာလိမ့်မယ်…”

“ဟုတ်တယ်…”

တာအိုသခင်ဟူကလည်း သက်ပြင်းချလိုက်မိသည်။

ထိုနေရာတွင် ဗျတ်စောင်းအသံမှလွဲလျှင် မည်သည့်အသံမျှ မကြားရတော့ဘဲ တိတ်ဆိတ်ငြိမ်သက်မှုကသာ နောက်တစ်ကြိမ် ကြီးစိုးလာခဲ့သည်။ မည်သူကမျှ စကားမပြောခဲ့ပေ။

ညီလေးမုန့်က အလွန်အစွမ်းထက်ပြီး သူ၏ဓားပညာက ကြောက်စရာ ကောင်းသော်လည်း အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ပုံရိပ်ယောင်နတ်ဆိုး ကိုယ်ဖော့ပညာကို နှစ်ပေါင်းများစွာ ကျွမ်းကျင်လာသော မကောင်းဆိုးဝါးမင်းသားနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ အနည်းငယ် လိုအပ်နေသေးသည်။

မကောင်းဆိုးဝါးမင်းသားဟု နာမည်ကျော်သော ကွမ်ရင်က အမတ်ချုပ်နှင့် မကောင်းဆိုးဝါးဘုရင်မ၏ လက်ထဲမှနေ၍ အောင်အောင်မြင်မြင် လွတ်မြောက်လာခဲ့ဖူးသည်။ သူက နတ်ဆိုးဘုရင်၊ ပြတ်ရှဓား ၊ ယုယီဘုန်းတော်ကြီးတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရာတွင် အနိုင်ရခဲ့၏။ ထို့ကြောင့် သူ့အစွမ်းကို လျှော့တွက်၍ မရနိုင်ချေ။

ထိုအချိန်တွင် လေလှိုင်းများ တိုက်ခိုက်လာပြီး မိုးများ ရွာကျလာခဲ့သည်။ ကျောင်းဆောင်၏ အပြင်ဘက်တွင်လည်း မိုးများ သည်းထန်လာပြီး ညက တဖြည်းဖြည်း မှောင်မဲလာခဲ့သည်။

လုကျုံးချီကတော့ ညအမှောင်ထဲတွင် မြို့တော်သို့ သွားရန် သူတို့ကို မတိုက်တွန်းတော့ပေ။ ထိုကဲ့သို့ အခြေအနေမျိုးတွင် သူတို့သာ ညအချိန် လျှောက်သွားနေလျှင် အလွယ်တကူ တိုက်ခိုက်ခံရနိုင်သည်။ ထိုအချိန်ရောက်လျှင် ညီလေးမုန့်ကလည်း သူတို့ကို ကယ်တင်ရန် အချိန်လုံလောက်မည် မဟုတ်ချေ။

ထို့ကြောင့် ကျောင်းဆောင်ထဲတွင် ဆက်နေခြင်းက ပိုကောင်း၏။ မိုးများ သည်းထန်စွာ ရွာသွန်းပြီး လေများ တိုက်ခတ်လာသည့်အတွက် အမိုးများက တဒုန်းဒုန်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် တိတ်ဆိတ်သော ညအချိန်တွင် အနည်းငယ် ထိတ်လန့်စရာ ကောင်းနေသည်။

ထိုအချိန်တွင် ပြတင်းပေါက် (၄)ခုက ပျက်စီးသွားပြီး လူ(၅)ယောက်၊ (၆)ယောက်ခန့် ခုန်ဝင်လာခဲ့၏။ သူတို့က တိုက်ခိုက်တော့မည့်အချိန်တွင် မုန့်ချီက ဓားရှည်ကို ပောင်ပေါ်သို့ တင်ထားပြီး မလှုပ်မယှက် ရပ်နေကြောင်း မြင်လိုက်ရ၏။ သူက သူတို့ကို အေးစက်စွာ စိုက်ကြည့်နေပြီး ဓားထုတ်မည့်ပုံ မရှိချေ။

ထိုလူများက အံ့ဩမှင်တက်သွားကြပြီး ပတ်ပတ်လည်သို့ လှည့်ကြည့်လိုက်ရာ ကျောင်းဆောင်၏ တံခါးဝတွင် ပြန့်ကျဲနေသော အလောင်း(၅)ခုကို တွေ့လိုက်ရသည်။ အလောင်းများထဲတွင် တစ်ခုက သန်သန်မာမာ လူသန်ကြီး တစ်ယောက်ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းနှင့် မျက်လုံးပြူးနေသည်။ သူ၏ မေးရိုးတွင် နက်ရှိုင်းသော ဓားရာကြီးတစ်ခု ရှိနေ၏။

တခြား(၄)ယောက်ကတော့ တူညီသော ရုပ်ရည်ရှိနေပြီး ရုပ်ဆိုး၍ ကြောက်စရာကောင်းသည်။ သူတို့အားလုံး၏ လည်ပင်းတွင် ဓားရာတစ်ခုဆီ ရှိနေ၏။ ကြည့်လိုက်မည်ဆိုလျှင် ထိုအရာက ပုံရိပ်ယောင်တစ်ခုပမာ ထင်နေရသည်။

သူတို့က ကျောင်းဆောင်ထဲကို ကြည့်လိုက်ရာ တိတ်ဆိတ်ငြိမ်သက်နေသော မုန့်ချီက ကြောက်စရာ အကောင်းဆုံးဖြစ်ကြောင်း တွေ့လိုက်ကြရသည်။ သူ၏ ဓားထိပ်ဖျားမှနေ၍ သွေးများ တစက်စက် စီးကျလာနေသည်။ ထိုသွေးကျသံက မြေပေါ်တွင် ရေစက်များ ကျနေသလို ထင်မှတ်ရ၏။

“ပြေးကြ….”

သူတို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး သူတို့ဝင်လာသည့်ပုံစံအတိုင်း ပြန်ထွက်ပြေးကြသည်။ တစ်ခုကွာခြားသွားသည်မှာ သူတို့ဆီတွင် သတ်ဖြတ်ချင်စိတ်များ မရှိတော့ဘဲ စိုးရိမ်ကြောက်လန့်မှုသာ ရှိနေခဲ့၏။

ကျောင်းဆောင်ကြီးက နောက်တစ်ကြိမ် တိတ်ဆိတ် ငြိမ်သက်သွားပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ လုကျုံးချီနှင့် အားလုံးက ပို၍ စိတ်အေးသွားသလို ခံစားလိုက်ရ၏။

ရွမ်ယုရှု၏ ဗျက်စောင်းသံကလည်း ကြည်လင်လာပြီး နားထောင်ရသည်မှာ သာယာနာပျော်ဖွယ်ကောင်းလာသည်။

လုကွမ်ကတော့ စစ်နည်းဗျူဟာ စာအုပ်ကို ကောက်လိုက်ပြီး မီးပုံ၏ အလင်းရောင်အောက်တွင် သေချာ ဖတ်နေခဲ့သည်။

အပြင်ဘက်တွင် နောက်ထပ် လူအုပ်တစ်အုပ် ရောက်လာကြ၏။ သူတို့က ပျက်စီးနေသော ပြတင်းပေါက်နှင့် တံခါးကို မြင်လိုက်ရသည့်အချိန်တွင် အံ့ဩမှင်တက်သွားကြသည်။ အတွင်းထဲတွင်လည်း မည်သည့်အသံမျှ မကြားရပေ။

သူတို့က ပြတင်းပေါက်နားသို့ တိတ်တဆိတ် ကပ်လာပြီး အတွင်းထဲကို ချောင်းကြည့်လိုက်ကြ၏။ အထဲတွင် ဖြစ်ခဲ့သော အရာများကို မြင်လိုက်ရသည့်အခါ သူတို့ကပင် ကြောက်လန့်သွားကြ၏။

လုကွမ်နှင့် သူ့လူများက အေးအေးဆေးဆေး ရှိနေကြသည်။ သူတို့က စိုးရိမ်ထိတ်လန့်နေသည့် လက္ခဏာမျိုးလည်း မရှိချေ။ ထိုနေရာတွင် သူတို့ကို ဆွဲဆောင်နိုင်သည့် လူကတော့ ပေါင်ပေါ်တွင် ဓားရှည်ကို ကန့်လန့်ဖြတ်တင်ထားသော လူငယ်ဖြစ်သည်။ သူက မျက်လုံးမှိတ်နေပြီး အတော်လေး တည်ငြိမ်အေးချမ်း၏။ သူ့ကိုမြင်လိုက်ရုံနှင့် သူတို့၏ရင်ထဲတွင် အကြောက်တရားများကို ခံစားလိုက်ရသည်။

သူတို့က တံတွေးမြိုချလိုက်မိပြီး ပျက်စီးနေသော ကျောင်းဆောင်၏ အတွင်းထဲကို သေချာစိုက်ကြည့်နေကြ၏။ သိပ်မကြာခင် သူတို့က မျက်မှောင်ကြုတ်လိုက်မိသည်။

“ဓားတပ်မှူး…”

“ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်…”

တော်တော်များများက ခဏကြာ တိတ်ဆိတ်ငြိမ်သက်ပြီးနောက် ပြန်လှည့်မကြည့်ဘဲ ထွက်ပြေးသွားကြသည်။ ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်၏ အလောင်းကို မြင်လိုက်ရပြီးနောက် မည်သူကရော သူတို့ကို တိုက်ခိုက်ရဲဦးမည်နည်း။

သတ္တိရှိသူတစ်ချို့ကတော့ ကျန်နေခဲ့သည်။ သူတို့ကတော့ ထိုအရာကို ထူးဆန်းသည်ဟု တွေးနေကြ၏။ အကယ်၍ အတွင်းထဲတွင် ရှိနေသောလူများကသာ ကျန်းမျိုးနွယ် လူဆိုး(၄)ယောက်ကို သတ်နိုင်မည်ဆိုလျှင် ဘာကြောင့် သူတို့ကို အပြင်ထွက်၍ မတိုက်ခိုက်ရသနည်း။

ညီအစ်ကို(၄)ယောက်၏ သေဆုံးမှုက တစ်ခြားတစ်ယောက်၏ လက်ချက်လည်း ဖြစ်နိုင်သည်။ ထို့ကြောင့် အတွင်းထဲတွင် ရှိနေသော လူများက သူတို့ကို ခြောက်လှန့်ရန်သာ ရည်ရွယ်ပြီး မတိုက်ခိုက်ခြင်းဖြစ်မည်ဟု တွေးမိသွားကြသည်။

တစ်ချို့ကတော့ အားတင်းလိုက်ပြီး အမိုးပေါ်သို့ ခုန်တက်သွားကြသည်။ ထို့နောက် နေရာတစ်ခုရှာပြီး အမိုးကို ဖျက်စီး၍ ကျောင်းဆောင်ထဲသို့ ခုန်ဆင်းသွားကြ၏။

တစ်ခြားလူများကတော့ ပတ်ပတ်လည်မှနေ၍ အတွင်းထဲကို ကြည့်နေကြသည်။ ထိုလူများကသာ အားနည်းကြောင်း ပြသလိုက်သည်နှင့် သူတို့က ချက်ချင်း တိုက်ခိုက်ကြမည်ဖြစ်သည်။

“အား….”

ညအချိန်တွင် အလွန်ကျယ်လောင်သော အော်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

အလစ်ချောင်း တိုက်ခိုက်ရန် ကြိုးစားလိုက်သူက မြေပေါ်တွင် လဲကျနေကြောင်း မြင်လိုက်ရ၏။ သူတို့က တိုက်ခိုက်လိုက်သည်ကိုပင် မမြင်ခဲ့ရပေ။ ထိုလူက ခေါင်းပြတ်နေပြီး ခြေလက်များအားလုံးကလည်း တစ်စစီဖြစ်နေသည်။ အဓိက သေစေနိုင်သော ဒဏ်ရာကတော့ မျက်ခုံးကြားထဲတွင် ရှိနေသော ဓားရာကြီးဖြစ်၏။

တည်ငြိမ်အေးချမ်းပြီး ရက်စက်ကြမ်းကြုတ်သော လူငယ်ကတော့ အေးအေးဆေးဆေး ဆက်ထိုင်နေသေးသည်။ တစ်ခုကွဲပြားသွားသည်မှာ သူ့ဓားပေါ်တွင် သွေးများ ပို၍များပြားလာခြင်းဖြစ်၏။

“တောက်…… တောက်…… တောက်…… တောက်……”

သွေးကျသံ တစက်စက်က သူတို့၏ ရင်ထဲကို ထိုးဖောက်လာနေသလို ခံစားလိုက်ရသည့်အတွက် သူတို့က ဆက်မနေရဲကြတော့ဘဲ အဝေးသို့ တိတ်တဆိတ် ထွက်ပြေးသွားကြသည်။

နောက်ပိုင်းတွင် အဖွဲ့ပေါင်းများစွာ ရောက်လာသော်လည်း မည်သူကမျှ ကျောင်းဆောင်ထဲကို မဝင်ရဲကြပေ။ သူတို့အားလုံးက အခြေအနေကြည့်ပြီး တိတ်တဆိတ် ထွက်ခွာသွားကြ၏။

မိုးတိတ်သွားပြီးနောက် အာရုံတက်ချိန်တွင် တိမ်တိုက်များ ပေါ်လာခဲ့သည်။ မုန့်ချီက ဖြည်းညင်းစွာ ရပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“သွားချိန်တန်ပြီ…..”

Translated by Hein Htet

All Chapters