← Chapters

အခန်း (၁၇၀)

Vol. 12 Ch. 170

အခန်း (၁၇၀)

Vol. 12 Ch. 170

ပိုင်မြစ်ကြီးက မြို့တော်တွင် နေထိုင်သူများအတွက် ရေအရင်းအမြစ်တစ်ခုဖြစ်ပြီး ရေတက်လာသည့်အချိန်တွင် လှေများ၊သင်္ဘောများ ပြည့်နေတတ်သည်။

မုန့်ချီတို့က ပိုင်မြစ်ကမ်းဘေးတွင် ရပ်နေကြပြီး တစ်ဖက်ကမ်း‌တွင် ရှိနေသော လမ်းမကြီးများ ၊ ဈေးများကို လှမ်း၍ ကြည့်နေမိကြ၏။

"ငါက မြို့တော်ကို မရောက်တာ (၉)နှစ်ရှိသွားပြီ။ ဒါပေမဲ့ မနေ့တစ်နေ့ကလို စည်ကားနေတုန်းပါပဲ…"

လုကွမ်ကတော့ အောက်မေ့သတိရနေသည့်အလား တီးတိုးရေရွတ်လိုက်သည်။

"အနောက်ပိုင်းကျူးကျော်‌သူတွေကသာ တောက်ဘက်ကို ဆင်းလာမယ်ဆိုရင် ဒီလိုမြင်ကွင်းမျိုးကို မြင်ရမှာ မဟုတ်တော့ဘူး။ တပ်မှူးလု… ကျေးဇူးပြုပြီး လူတိုင်းအတွက် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပေးပါ…"

တာအိုသခင်ဟူက လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။

ထို့နောက် သူက မုန့်ချီကို ကြည့်ပြီး တီးတိုးပြောလိုက်၏။

"ညီလေးမုန့်…

မင်းတို့က ဘယ်ကလာလဲဆိုတာ မသိပေမဲ့ မင်းနဲ့မိန်းကလေးရွမ်တို့ရဲ့ အကူအညီအတွက် အရမ်းကျေးဇူးတင်ပါတယ်။ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ လူတွေအများစုက အဲဒီသစ္စာဖောက်တွေ ၊ အာဏာရှင်တွေကို ကြောက်လန့်ကြတယ်။ ဒါပေမဲ့ မင်းကတော့ မိတ်ဆွေအပေါ် သစ္စာရှိတယ်။ ငါက လူတိုင်းကို ကိုယ်စားမပြုနိုင်ပေမဲ့ မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်… "

လုကွမ်ကလည်း ခေါင်းညိတ်ပြလိုက်၏။

"သူရဲကောင်းဆိုတာက လူငယ်တွေထဲကပဲ လာတယ်။ မိတ်ဆွေတို့… မင်းတို့ရဲ့ အကူအညီကို စိတ်ထဲမှာ သေချာမှတ်ထားပါ့မယ်။ တစ်ချိန်ချိန်မှာ မင်းတို့ရဲ့ကျေးဇူးကို သေချာပေါက် ပြန်ပြီးပေးဆပ်ပါ့မယ်… "

"ကျွန်တော်တို့က တရားမျှတမှုအတွက် လုပ်ဆောင်နေကြတာပါ။ အကျိုးမျှော်ကိုးပြီး လုပ်နေတာ မဟုတ်ဘူး။ တကယ်လို့ တပ်မှူးလုကသာ အနောက်ပိုင်း ကျူးကျော်သူတွေကို ဖယ်ရှားနိုင်မယ်ဆိုရင် ကျွန်တော်တို့အတွက် အကောင်းဆုံး ဆုလာဘ်တစ်ခု ဖြစ်လာနိုင်ပါတယ်…"

မုန့်ချီက ဓားသမားတစ်ယောက်ကဲ့သို့ တည်ငြိမ်စွာပြောလိုက်သည်။

လုကွမ်က ခေါင်းညိတ်ပြလိုက်၏။

"ငါ့ရဲ့ရည်မှန်းချက်ကလည်း အနာဂတ်ပြဿနာတွေကို ရှောင်တိမ်းနိုင်ဖို့အတွက် အနောက်ပိုင်းကျူးကျော်သူတွေကို ဖယ်ရှားပစ်ဖို့ပါပဲ…"

မြို့တော်ကို မြင်လိုက်ရသည့်အချိန်တွင် လုကွမ်ကတော့ ဂုဏ်ယူဝင့်ကြွားမှုနှင့် ဖိအားများကို တပြိုင်နက်တည်း ခံစားလိုက်ရသည်။ သို့သော် လှေဆိပ်သို့ ဆင်းလာပြီးနောက် သူက တိတ်ဆိတ်သွားပြီး လှိုင်းလုံးများကိုသာ ငေးကြည့်နေမိခဲ့သည်။

"အနောက်ပိုင်းယွဲ့မြို့နဲ့ မြို့တော်က ကောင်းကင်နှင့်မြေကြီးလို ကွာပါတယ်…"

လုကျုံးချီက စိတ်အေးလက်အေးနှင့် ပြောလိုက်၏။

ပိုင်မြစ်ကမ်း၏ တခြားတစ်ဖက်ကို သွားရန်အတွက် သူတို့က ကူးတို့ဆိပ် တစ်ခုကို ရှာဖွေရသည်။ လုကွမ်က တော်ဝင်တံဆိပ်ပြားကို ထုတ်ပြလိုက်သည့်အခါ သူတို့က အဆင်ပြေသွားခဲ့သည်။

ထို့ကြောင့် သူတို့က ပိုင်မြစ်ကမ်း၏ ဘေးနှစ်ဖက်တွင် ရှိနေသော ရှုမျှော်ခင်းများနှင့် မြို့တော်၏ အစွန်တွင် ရှိနေသော ရှုခင်းများကို အေးအေးဆေးဆေး ကြည့်၍ ရနိုင်သည်။

တာအိုသခင်ဟူက ပြောလိုက်သည်။

"တာအိုသခင်တစ်ယောက် ဖြစ်တဲ့အတွက် ငါကတော့ အဲဒီလိုမခံစားရဘူး။ ဒါပေမဲ့ အနီရောင်တိချန်ကျောင်းဆောင်ပြိုင်ပွဲကိုတော့ တကယ်ပဲ လွမ်းဆွတ်မိတယ်။ အဲဒီအရာကို စဉ်းစားမိတဲ့အချိန်တိုင်း အားကျစိတ်တွေ ပေါ်လာခဲ့တယ်… "

လမ်းတလျှောက်တွင် မှားယွင်းသုံးသပ်မိမှာစိုးသည့်အတွက် သူက တစ်ချိန်လုံး အရက်မသောက်ခဲ့ပေ။

လှေက လေဆန်ကို တက်လာစဉ် မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ ရွှမ်ဟူမြို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် မြို့တော်က ပို၍ကြီးမားပြီး ပို၍စည်ကား၏။ ဤနေရာတွင် တုတ်၊ ဓား ၊ လက်နက်များ ကိုင်ဆောင်ထားသော သိုင်းလောကသားများ နည်းပါးသည်မှာ သိသာသည်။

စာသင်သားလူငယ်များနှင့်မိန်းမပျိုများကသာ ဘေးနှစ်ဖက်တွင် ရှိနေသော မိုးမခသစ်ပင်များအောက်တွင် လမ်းလျှောက်နေကြသည်။

ထိုအချိန်တွင် မြစ်ထဲ၌ စုန်ဆင်းလာသော ကုန်သင်္ဘောတစ်စင်းက သူတို့ကို ဖြတ်ကျော်သွားပြီး ကုန်သင်္ဘော၏ အရိပ်က သူတို့(၅)ယောက် စီးလာသော လှေငယ်လေးကို လွှမ်းခြုံသွားခဲ့သည်။ ကောင်းကင်ကြီးကပင် မည်းမှောင်သွားသလို ခံစားလိုက်ရ၏။

ရုတ်တရက်ဆိုသလို ကုန်သင်္ဘောထဲမှနေ၍ အလွန်လျင်မြန်သော လူတစ်ယောက် ထွက်ပေါ်လာသည်။ လေထဲတွင် အရိပ်အနည်းငယ်သာ ကျန်နေခဲ့၏။ သူ၏ လက်နှစ်ဖက်က ယုန်တစ်ကောင်ကို လှမ်းဖမ်းလိုက်သော သိမ်းငှက်တစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။

သူက ရေလှိုင်းများနှင့် ပြီးပြည့်စုံစွာ ပေါင်းစပ်‌နေပြီး သင်္ဘောနှစ်စင်းနှင့် ကုန်သင်္ဘော၏ ကြားထဲတွင် ရှိနေသော အရိပ်ထဲသို့ ဖြည်းညင်းစွာ ကျရောက်လာခဲ့သည်။ သူ့ပုံစံကို ကြည့်ရသည်မှာ ကမ္ဘာမြေကြီးနှင့် တစ်သားတည်းဖြစ်နေသလို ‌ထင်မှတ်ရ၏။

မုန့်ချီကတော့ ကုန်သင်္ဘော ၊ မြစ်နှင့် အရိပ်များဆီမှ သီးခြား ခွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ ဤကမ္ဘာကြီးက အလွန်ကြီးမားသော်လည်း သူသွားရန် နေရာမရှိသကဲ့သို့ ခံစားလိုက်ရ၏။ မုန့်ချီက ကမ္ဘာကြီးတစ်ခုလုံးကို တစ်ယောက်တည်း စိန်ခေါ်နေရသည့်အလား အားနည်းသွားခဲ့၏။

သူက အနည်းငယ်လေးပင် လှုပ်ရှားရဲခြင်း မရှိချေ။ လှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းကပင် အခြေအနေ တစ်ရပ်လုံးကို သက်ရောက်သွားစေနိုင်သည်။ ထိုအချိန်တွင် မုန့်ချီကတော့ တချို့သော အနှစ်သာရများကို လေးလေးနက်နက် နားလည်သွားခဲ့၏။

“အရှိန်အဝါ ယှဉ်ပြိုင်မှု ၊ စိတ်ဝိညာဉ်ရုန်းကန်မှု…”စသည့်အရာများက စိတ်ပိုင်းဆိုင်ရာ နည်းစနစ်များဖြစ်ပြီး အရှိန်အဝါနှင့် ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးရသည့် နည်းလမ်းများလည်း ဖြစ်သည်။ သူတို့က စကြဝဠာနှင့် ကမ္ဘာမြေကြီး၏ နိယာမများ၊ အနှစ်သာရများအဖြစ် ပြောင်းလဲသွားခဲ့၏။

"ဒါက ဝေ့ကျင်းအဆင့် သိုင်းပညာတစ်ခုဖြစ်နိုင်တယ်…"

မုန့်ချီက ရုတ်တရက် ပြောလိုက်သည်။

တိုက်ခိုက်သူက စွမ်းအားမရှိသယောင် ထင်မှတ်ရသော လက်ဝါးနှင့် ရိုက်လိုက်သည်။ သို့သော် သူ့အစွမ်းက တဖြည်းဖြည်း တိုးမြင့်လာနေသည့်အတွက် လူတိုင်းက မသက်မသာ ခံစားရလာ၏။

“ရွှပ်…”

မုန့်ချီက ဓားအိမ်ထဲမှနေ၍ ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်လိုက်ပြီး ပြတ်သားစွာ တိုက်ခိုက်လိုက်သည်။

“တကယ်လို့ နောက်ဆုတ်လိုက်မယ်ဆိုရင် ဒီတိုက်ခိုက်မှုရဲ့ဖိအားတွေကြောင့် ငါက အရေးနိမ့်သွားပြီး ပြန်တိုက်ခိုက်ဖို့ ခက်ခဲလိမ့်မယ်…”

ဓားရှည်က ပြောင်းလဲရန် ခက်ခဲသော်လည်း တစ်ဖက်တိုက်ခိုက်သူက သူ၏လှုပ်ရှားမှုကို ကြိုတင်တွက်ချက်ထားပုံရသည်။ သူက လက်နှစ်ဖက်ကို ကြက်ခြေခတ်ပုံစံ လုပ်လိုက်ပြီး ဓား၏ ဦးတည်ချက်ကို ပြောင်းလဲအောင် လုပ်ဆောင်လိုက်သည်။ လက်ဝါးတစ်ဖက်က အပူဖြစ်ပြီး တစ်ဖက်က အအေးဖြစ်သည်။

ဓားအလင်းတန်းနှင့် ရင်ဆိုင်လိုက်သည့်အချိန်တွင် တိုက်ခိုက်သူက လေထဲတွင် အနည်းငယ် ရပ်သွားပြီး သူ၏လက်ဝါးသိုင်းကွက်က ပြောင်းလဲသွားပြန်သည်။ ထို့ကြောင့် သူ၏အားနည်းချက်များက ပျောက်ကွယ်သွားရ၏။ ထိုအရာက မုန့်ချီ၏ဓား သူ့ဆီ ရောက်လာစေရန် ထောင်ချောက်ဆင်လိုက်ခြင်း ဖြစ်သည်။

မုန့်ချီက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ပြီး တိုက်ခိုက်သူ၏ လည်ပင်းကို လှမ်းထိုးလိုက်၏။ ဓားရှည်က ခက်ခက်ခဲခဲ တိုးဝင်သွားသည့်အချိန်တွင် တိုက်ခိုက်သူက နောင်တစ်ကြိမ် ကြိုတင်တွက်ချက်မိသွားပြန်သည်။ ပူလောင်ပြီး အေးစက်သော သူ၏လက်ဝါးနှစ်ဖက်က ဓားသွား၏ လမ်းကြောင်းကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြန်၏။

“အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်…”

မုန့်ချီက တိုက်ခိုက်သူကို မှတ်မိသွားသည့်အပြင် သူ၏တုကူးဓား(၉)ကွက်က ဘာကြောင့် အသုံးမဝင်ကြောင်း နားလည်သွားခဲ့လေသည်။

"အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်ကို သုံးပြီး ရန်သူများကို ရှာဖွေရတဲ့‌ နေရာတွင် အတော်လေးထူးခြားတယ်။ ငါက ဓားသိုင်းကွက် မသုံးနိုင်သေးခင် သူကတော့ ငါ့ရဲ့လှုပ်ရှားမှုတွေကနေ ငါ့ရဲ့သိုင်းကွက်တွေကို ကြိုပြီးခန့်မှန်းမိနေပြီ။ ဒါကြောင့် သူ့ရဲ့လှုပ်ရှားမှုတွေက အရင်ရောက်လာပြီး ငါ့ကိုထောင်ချောက်ဆင်နိုင်တာ…"

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး ဓားရှည်ကို လှည့်၍ ပိုင်းရန် ကြိုးစားလိုက်သည်။ သူ့ဓား၏ ဦးတည်ချက်ကလည်း ဆက်တိုက်ဆိုသလို ပြောင်းလဲလာခဲ့၏။

“ချွင်…”

နောက်ဆုံးတွင်တော့ မုန့်ချီ၏ ဓားက တိုက်ခိုက်သူ၏ လက်ဝါးကို တိုက်ခိုက်နိုင်ခဲ့သည်။ ထိုအချိန်တွင် ပထမဆုံး ရင်ဆိုင်လိုက်ရသည်မှာ မာကျောကြမ်းတမ်းသော ကြွက်သားများဖြစ်ပြီး တဖြည်းဖြည်း ပျော့ပျောင်းသည့် အရာများအဖြစ် ပြောင်းလဲသွားသည်။

ထို့နောက် မုန့်ချီ၏ ဓားကို ဆန့်ကျင်ဘက်သို့ ဆွဲယူလိုက်သည့်အတွက် သူလည်း မှင်တက်သွားခဲ့သည်။ မုန့်ချီက ထိုအရာကို လုံးဝမထင်ထားခဲ့ပေ။ သူ၏ တုကူးဓား(၉)ကွက်က အဆင့်တစ်ခုအထိ မြင့်မားနေပြီဖြစ်သည်။

ရန်သူ၏ အခြေအနေကို ကြိုတင်ခန့်မှန်းမိသည့်အတွက် သူ၏သိုင်းကွက်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး ကန့်လန့်ဖြတ်ခုတ်ချလိုက်ပြန်သည်။ တစ်ချိန်တည်းတွင် ယင်စွမ်းအားနှင့် ယန်စွမ်းအားများလည်း ထွက်ပေါ်လာပြီး လေဟာနယ်သို့ ခုတ်လိုက်သလို ထင်မှတ်ရသည်။

သို့သော် ဓားချက် ပြောင်းလဲသွားသည့်အချိန်တွင် တိုက်ခိုက်သူကလည်း သူ၏လက်ဝါးကို ထိုနေရာသို့ ရွှေ့လိုက်ပြန်သည်။ ယခုတစ်ကြိမ်တွင်တော့ တိုက်ခိုက်သူက မုန့်ချီ၏ဓားချက်ကို ကြိုတင်စစ်ဆေးနိုင်မည်ဆိုလျှင်ပင် ရှောင်တိမ်းနိုင်ခြင်း မရှိတော့ပေ။

ရုတ်တရက်ဆိုသလို တိုက်ခိုက်သူ၏ ညာလက်ဝါးက အပေါ်သို့ တွန်းလိုက်ရာ မုန့်ချီ၏ ဓားထိပ်ဖျားမှနေ၍ အငွေ့များ ထွက်လာခဲ့၏။ မုန့်ချီကတော့ ပန်းချီဆရာ တစ်ယောက်၏ ပန်းချီကားထဲကို ကျရောက်သွားသလို ခံစားနေရသည်။

သူက ဓားရှည်ကို (၄၅)ဒီဂရီခန့် စောင်း၍ ကိုင်ထားခြင်းဖြစ်၏။ မုန့်ချီ၏ ချီဖျက်ဆီးရေးသိုင်းကွက်က ကျွမ်းကျင်သည့်အဆင့်ကို မရောက်သေးပေ။ ညာလက်ဓားသမား တစ်ယောက်ဖြစ်သော မုန့်ချီက ယခုတစ်ကြိမ် ဘယ်လက်နှင့် တိုက်ခိုက်နေရသည်။

နောက်ဆုံးတွင်တော့ သူက အနက်ရောင်ဓားတစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်၏။ ထိုတိုက်ခိုက်မှုက ကမ္ဘာကြီးတစ်ခုလုံးနှင့် အရာများအားလုံးကိုပင် ဆန့်ကျင်နေခဲ့သည်။

ဓားအလင်းရောင်များ ထွက်ပေါ်လာသည့်အချိန်တွင် အရိပ်များက ပျောက်ကွယ်သွားခဲ့၏။ ရုတ်တရက်ဆိုသလို လူသားနှင့် သဘာဝတရားကြီး၏ ပေါင်းစပ်မှုကလည်း နှောင့်ယှက်ခံလိုက်ရသည်။

လူသားများက တောင်တန်းကြီးများကို ဖြတ်၍ လမ်းဖောက်ကြပြီး ပင်လယ်ကို ပတ်၍ အသက်ရှင်နေထိုင်ရန် နယ်မြေများကို ရှာဖွေကြသည်။ ထိုအရာကမှ ရှင်သန်ခြင်း၏ လမ်းစဖြစ်၏။

တိုက်ခိုက်သူက အံ့ဩမှင်တက်သွားခဲ့သည်။ အလွန်ကြောက်စရာကောင်းသော စက်ဝိုင်းများကလည်း အလိုလို ပျက်စီးသွားခဲ့၏။ သူ၏မျက်လုံးများကလည်း နီရဲနေခဲ့သည်။ သူက သူ၏အောင်မြင်မှုများကို ပြန်လည်စဉ်းစားမိနေပုံရပြီး နတ်ဆိုးကျောင်းတော်ကို အုပ်ချုပ်နေရသည့် ပုံရိပ်များမြင်လာရ၏။

လင်းလက်တောက်ပလာသော ဓားသွားက အနားသို့ ချဉ်းကပ်လာသည့်အချိန်မှသာ သူလည်း သတိပြန်ဝင်လာခဲ့သည်။ သူက လေထဲတွင် လျင်မြန်စွာ လှုပ်ရှားလိုက်ရာ ဓားသွားက ပျောက်ကွယ်သွားခဲ့သည်။ သူကိုယ်တိုင်ကလည်း မုန့်ချီကို လက်ဝါးနှင့် တစ်ချက်ရိုက်လိုက်ပြီး နောက်သို့ ပြန်ဆုတ်သွားခဲ့၏။

ကုန်တင်သင်္ဘောက လှေငယ်လေးကို ဖြတ်ကျော်သွားသည့်အချိန်တွင် အရိပ်များက ပျောက်ကွယ်သွားသည်။ နေလုံးကြီးကိုလည်း နောက်တစ်ကြိမ် မြင်လာရ၏။ အသက်ရှူမှားဖွယ် ကြောက်စရာကောင်းသော တိုက်ပွဲကတော့ အိပ်မက်တစ်ခုသဖွယ် ဖြစ်နေခဲ့၏။

မုန့်ချီက ထိုကုန်သင်္ဘောကို လှမ်းကြည့်လိုက်ရာ သင်္ဘောပေါ်တွင် သက်လတ်ပိုင်းအရွယ် စာသင်သားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ခါးတွင် အပြားကြီးသော ခါးပတ်တစ်ခုကို ပတ်ထား၏။ သူတို့က အကြည့်ချင်း စုံသွားသည့်အချိန်တွင် မျက်လုံးထဲမှ မီးပွားများ ထွက်ပေါ်လာသလိုပင် ထင်မှတ်ရသည်။

"မကောင်းဆိုးဝါး မင်းသားကွမ်ရင်…"

မုန့်ချီက အေးစက်စွာ ရေရွတ်လိုက်ပြီး သူ၏ ဓားမောက်နှင့်ဓားရှည်တို့ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။

"နတ်ဘုရားသတ်ဓား ရှောင်မုန့်…"

ကွမ်ရင်က တီးတိုးရေရွတ်ပြီး ပြုံးလိုက်မိသည်။ သူ့အပြုံးက အတော်လေးကို ထူးခြားလှသည်။

သူတို့က ဝေးသွားသည့်အချိန်တွင် မုန့်ချီက ရုတ်တရက် ရေရွတ်လိုက်သည်။

"အကြီးအကဲတွေရဲ့အလုပ်က အေးအေးဆေးဆေး ညှိနှိုင်းစကားပြောဖို့ပဲ။ အဲဒါတွေက ဘဝတလျှောက်လုံး မူးယစ်‌သောက်စားနေတာမျိုးတော့ မဟုတ်ဘူး…"

ကွမ်ရင်က လက်နောက်ပစ်ပြီး မြစ်ထဲကို ငေးကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် သူ၏ အရိပ်ကလည်း သင်္ဘောနှင့်အတူ အဝေးတွင် ပျောက်ကွယ်သွားခဲ့၏။

"ဘဝတလျှောက်လုံး မူးယစ်သောက်စားနေတာ မဟုတ်ဘူးလား…။ ဟုတ်တယ်… ဟုတ်တယ်။ ငါကတော့ အဲဒီစကားကို ကြိုက်တယ်…"

တာအိုသခင်ဟူက ကျယ်လောင်စွာ ရယ်လိုက်သည်။ ညီလေးမုန့်ဆီတွင် ထိုကဲ့သို့ စွမ်းရည်နှင့် စိတ်ထားမျိုး ရှိနေသည့်အတွက် သူလည်း အံ့ဩနေခဲ့၏။

မုန့်ချီနှင့် မကောင်းဆိုးဝါးမင်းသားတို့၏ တိုက်ပွဲက ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့သည်။ ရွမ်ယုရှု အပါအဝင် တခြားလူများအားလုံးကတော့ ထိုအရာကို သတိမထားမိကြပေ။ အလွန်တည်ငြိမ်သော ညီလေးမုန့်က မြို့တော်၏ မြင်ကွင်းများကို ကြည့်ပြီး ကဗျာတစ်ပုဒ် ရွတ်ဆိုနေသည်ဟုသာ တွေးမိကြသည်။

မုန့်ချီက ပြုံးလိုက်ပြီး အနည်းငယ် ချောင်းဆိုးလိုက်မိ၏။ သူ၏ပါးစပ်ထဲမှနေ၍ သွေးအနည်းငယ် စီးကျလာခဲ့သည်။ မကောင်းဆိုးဝါးမင်းသားက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ် သုံးလိုက်သည့်အချိန်တွင် မုန့်ချီက အတွင်းဒဏ်ရာ အနည်းငယ် ရရှိသွားခဲ့သည်။ ထိုအရာက သူ၏ချီစွမ်းအင်များကို သက်ရောက်စေခဲ့၏။

သို့သော် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က မုန့်ချီ၏ သွေးကြောများကို အားဖြည့်ပေးထားသည့်အတွက် ဒဏ်ရာက သူ့အပေါ် အနည်းငယ်လေးသာ သက်ရောက်မှုရှိသည်။ သူသာ ခဏကြာအနားယူလိုက်မည်ဆိုလျှင် အဆင်ပြေနိုင်၏။

သို့သော် မကောင်းဆိုးဝါးမင်းသားကလည်း ဒဏ်ရာမရခြင်း မဟုတ်ပေ။ မုန့်ချီက သူ၏ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဆွဲထုတ်လိုက်ရာ ဓားထိပ်ဖျားတွင် သွေးစွန်းနေကြောင်း တွေ့လိုက်ရသည်။ အလင်းတန်းကလည်း အနည်းငယ် မည်းနေခဲ့၏။

ရုတ်တရက်ဆိုသလို မုန့်ချီက ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူသွားခဲ့၏။ ထိုတိုက်ပွဲက သရေကျလုနီးပါ‌ဖြစ်နေပြီး ဓားချက်တစ်ချက်နှင့် လက်းဝါးချက်တစ်ချက် အပြန်အလှန် တိုက်ခိုက်မိခဲ့ခြင်းဖြစ်သည်။

အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို အသက်သွင်းထားခဲ့သည့်အချိန်တွင် သူက ကောင်းကင်ဓားသိုင်းကျမ်း၏ အနှစ်သာရများကို ပို၍ရှင်းရှင်းလင်းလင်း နားလည်လာခဲ့၏။

“သဘာဝတရားကြီးနဲ့ တသားတည်းပေါင်းစပ်နိုင်ဖို့အတွက် သဘာဝတရားကြီးကို သင်ယူရလိမ့်မယ်။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က တကယ့်ကို ထူးခြားတာပဲ။ ဘာလို့လဲဆိုတော့ သူက ချီစွမ်းအားတွေနဲ့ စိတ်ဝိညာဉ်ရဲ့ ပူးပေါင်းမှုကို သဟဇာတဖြစ်အောင် လုပ်ဆောင်ပေးနေတာ။ တစ်ယောက်ယောက်ကသာ မျက်ခုံးကြားပင်မတံခါးကို အောင်မြင်သွားပြီဆိုရင် သူ့ရဲ့ဝိညာဉ်က အစွမ်းထက်လာနိုင်သလို ပင်မဝိညာဉ်ကလည်း တိုးတက်လာနိုင်တယ်။ ဒါဆိုရင် သူက ကမ္ဘာကြီးနဲ့ ဆက်သွယ်လာနိုင်ပြီး မမြင်နိုင်တဲ့အဆင့်ကို ရောက်လာလိမ့်မယ်…”

မုန့်ချီက လမ်းတလျှောက်တွင် သူတို့၏ ဆွေးနွေးချက်များကို နားထောင်ပြီး ဤကမ္ဘာကြီးထဲရှိ အဆင့်ခွဲခြားမှုများကို နားလည်လာခဲ့သည်။ ထိုအဆင့်များက သာမန်ပညာရှင်၊ အဆင့်မြင့်ပညာရှင် ၊ မြေကမ္ဘာပညာရှင် ၊ ကောင်းကင်ပညာရှင် ၊ မမြင်နိုင်သောအဆင့်နှင့် အနှစ်သာရကို နားလည်ခြင်း အဆင့်တို့ဖြစ်ကြ၏။

"ငါက ကောင်းကင်ဓားသိုင်းကျမ်းကို လေ့ကျင့်ဖို့အတွက် ပြောင်းလဲမှုကျင့်စဉ်ရဲ့ အနှစ်သာရတွေကို သုံးရလိမ့်မယ်…"

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေသည့်အချိန်တွင် ရွမ်ယုရှုကတော့ သူမ၏ ဗျတ်စောင်းကို အေးအေးဆေးဆေး တီးနေခဲ့သည်။

တစ်ဖက်ကမ်းသို့ ရောက်လာသည့်အချိန်တွင် သူတို့(၅)ယောက်က လှေပေါ်မှ ဆင်းလိုက်ပြီး ပို့ဆောင်ရေးစခန်းဆီသို့ ဦးတည်သွားခဲ့သည်။ ပို့ဆောင်ရေးစခန်းတွင် ရှိနေသော တာဝန်ရှိသူများ၏ အစီအစဉ်နှင့် မုန့်ချီတို့က မြို့တော်ဆီသို့ လျင်မြန်စွာ ထွက်လာကြခဲ့၏။ တခဏအတွင်း သူတို့က မြို့အပြင်သို့ ရောက်လာကြသည်။

မုန့်ချီက အလွန်မြင့်မားသော မြို့တံခါးကြီးကို မော့ကြည့်လိုက်၏။ အထဲတွင် မြင်နေရသော မြင်ကွင်းများက သူ့အတွက် ပန်းချီကားထဲရှိ မြင်ကွင်းတစ်ခုပမာ ဖြစ်နေ၏။

ထို့နောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

"မကောင်းဆိုးဝါး ဘုရင်မ၊ တော်ဝင်အကြံပေး ၊ မကောင်းဆိုးဝါးမင်းသား ၊ နတ်ဆိုးဘုရင်… ငါလာပြီကွ…"

"မင်းတို့က လုကွမ်ကို မြို့တော်ဆီ အောင်အောင်မြင်မြင် ခေါ်လာနိုင်ခဲ့တယ်။ ဒါကြောင့် ပထမပင်မတာဝန် ပြီးဆုံးသွားပြီ။ လူတိုင်းက ကံကြမ္မာအမှတ် (၂၀၀) ဆီရမယ်။ မင်းတို့က နေရာချပြီးသွားရင် ရှောင်ရှန့် စားသောက်ဆိုင်ကိုသွားပြီး လော်ရှန်းကျိနဲ့ သူ့အဖော်တွေကို သွားတွေ့ပါ။ ပြီးတော့ ဒုတိယ ပင်မတာဝန်ကို စတင်ရမယ်.."

မုန့်ချီနှင့် ရွမ်ယုရှုတို့၏ နားထဲတွင် အလွန်တည်ငြိမ်သော သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

…………………….

အလွန်ကြီးကျယ်ခန်းနားသော ရဲတိုက်ထဲတွင်…

အလွန်ဆွဲဆောင်မှုရှိသော အဘိုး‌အိုတစ်ယောက်က သူ့ရှေ့တွင် ရှိနေသောလူကို ကြည့်ပြီး အံ့အားသင့်စွာ မေးလိုက်၏။

"လုကွမ်က မြို့တော်ကို ရောက်လာပြီလား…"

"အမတ်ချုပ်ကြီး …

ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ…။ လုကွမ်ရဲ့အနားမှာ နတ်ဆိုးဘုရင်လို ကြောက်စရာကောင်းတဲ့ ပညာရှင်တွေ ရှိနေမယ်လို့ ကျွန်တော်လည်း မထင်ထားခဲ့ဘူး "

သူ့ရှေ့တွင် ရှိနေသော လူ၏နဖူးပေါ်မှနေ၍ ချွေးစေးများ ကျလာသည်။

"ဘယ်ပညာရှင်လဲ.။ မကောင်းဆိုးဝါးမင်းသားက သူနဲ့တိုက်ခိုက်ခဲ့တယ်လို့ ပြောခဲ့တာ မဟုတ်လား…"

အဘိုးအိုက တည်ငြိမ်သွားခဲ့သည်။

သတင်းပေးက ခေါင်းခါပြလိုက်၏။

"မကောင်းဆိုးဝါး မင်းသား ဘယ်နေရာမှာလဲဆိုတာ ကျွန်တော်တို့ မသိခဲ့ရဘူး။ ကျွန်တော်တို့ သိခဲ့တာကတော့ လုကွမ်ရဲ့အနားမှာရှိတဲ့ ပညာရှင်က အရမ်းငယ်သေးတယ်။ သူ့ကို နတ်ဘုရားသတ်ဓား ရှောင်မုန့်လို့ ခေါ်ကြတယ်…"

"ရှောင်မုန့်…"

အဘိုးအိုက ထိုနာမည်ကို ရေရွတ်ကြည့်နေခဲ့သည်။

……………………….

မွှေးရနံ့များ ပျံ့နှံ့နေသော ခြံဝန်းထဲတွင်…

မျက်နှာကို ဖုံးအုပ်ထားသော မိန်းမပျိုတစ်ယောက်က လှပစွာ မတ်တပ်ရပ်လိုက်၏။

"လုကွမ် မသေသေးဘူးလား…"

"ဟုတ်ပါတယ်။ မကောင်းဆိုးဝါးမင်းသားကိုယ်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လုကွမ်က တော်တော်လေးအစွမ်းထက်တဲ့ ပညာရှင် တစ်ယောက်ရဲ့ အကူအညီနဲ့ အသက်ရှင်နေသေးတယ်။ အဲဒီပညာရှင်ကိုတော့ နတ်ဘုရားသတ်ဓား ရှောင်မုန့်လို့ ခေါ်တယ်…"

မိန်းကလေး သတင်းပေးက မကောင်းဆိုးဝါးမင်းသားအကြောင်း ပြောသည့်အချိန်တွင် အနည်းငယ် ကြောက်လန့်ပြီး အထင်သေးနေပုံရသည်။

"ဟမ်… အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ဒီကမ္ဘာကြီးထဲမှာ နံပါတ်(၁)ကျင့်စဉ်မဟုတ်ဘူးလား…။ နတ်ဘုရားသတ်ဓား ရှောင်မုန့် ။ သူက ဘယ်သူလဲ…"

…………………..

ကြယ်တာရာကြည့် ကျောင်းဆောင်ထဲတွင်…

ဆံဖြူအဘိုးအိုတစ်ယောက်က သူ့ရှေ့တွင် ရှိနေသော တပည့်ကို ကြည့်၍ မျက်မှောင်ကြုတ်လိုက်မိသည်။

"လုကွမ်က သေချာပေါက် သေရမှာလေ… ။ ဘာလို့ ဥက္ကာခဲတွေက လမ်းကြောင်းပြောင်းသွားရတာလဲ…"

"ကျွန်တော်လည်း မသိဘူး…"

သူ့တပည့်ကလည်း အကြောင်းပြချက်ကို နားမလည်ခဲ့ပေ။

အဘိုးအိုက တီးတိုးရေရွတ်လိုက်၏။

"နတ်ဘုရားသတ်ဓား ရှောင်မုန့်…"

Translated by Hein Htet.

All Chapters