← Chapters

အခန်း (၁၇၁)

Vol. 12 Ch. 171

အခန်း (၁၇၁)

Vol. 12 Ch. 171

မြို့ထဲသို့ ရောက်လာပြီး တော်ဝင်တည်းခိုဆောင်တွင် စာရင်းသွင်းလိုက်ပြီးနောက် လုကွမ်တို့အားလုံးက ဘုရင်၏ဆင့်ခေါ်မှုကို စောင့်နေခဲ့ကြသည်။

မုန့်ချီနှင့် ရွမ်ယုရှုတို့ကတော့ မိတ်ဆွေများထံ သွားရောက်လည်ပတ်မည်ဟု အကြောင်းပြပြီး လမ်းမပေါ်သို့ ထွက်လာခဲ့ကြသည်။ မကောင်းဆိုးဝါး မင်းသားနှင့် တိုက်ပွဲကို ပြန်စဉ်းစားမိသည့်အချိန်တွင် မုန့်ချီက ကိုယ့်ကိုယ်ကိုယ် အတော်လေး ကျေနပ်သွားသလို ခံစားလိုက်ရသည်။ သူက ကောင်းကင်ဓားကို လေ့ကျင့်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။

ရုတ်တရက်ဆိုသလို ရွမ်ယုရှု၏ စကားကို ကြားလိုက်ရ၏။

“အဲဒါက အနတ္တကျိန်စာဖျက် ဓားပညာလား….”

“ဟုတ်တယ်”

မုန့်ချီက အဓိကအချက်ကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။ သူကတော့ လန်းယာ့တွင် နေထိုင်သော ရွမ်မိသားစုမျိုးဆက် တစ်ယောက်ဆီမှ ချီးကျူးမှုကို ကြားချင်နေပုံရသည်။

တည်ငြိမ်စွာ လမ်းလျှောက်နေသော ရွမ်ယုရှုက အေးအေးဆေးဆေးသာ ပြောလိုက်သည်။

“ပြိုင်ဖက်ကင်းတယ်၊ မိုးကြိုးသွား ဒေါသကိုယ်တော်ဆိုတဲ့ နာမည်နဲ့ တကယ့်ကို ထိုက်တန်ပါတယ်…”

“နင်…. နင်……”

မုန့်ချီက ပြောစရာ စကားမရှိတော့ချေ။ တခြားလူများ၏ မှားယွင်းသော နာမည်ပေးမှုများကို ပြင်ဆင်ရန် မည်မျှ ခက်ခဲနေသနည်း။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို မသုံးခဲ့သည်မှာ အတော်လေး ကံကောင်းသွားသည်။ မဟုတ်လျှင် မဆင်မခြင်ကိုယ်တော်ဟူသော နာမည်ကလည်း ထိုက်တန်နေပါလိမ့်မည်။

မြို့တော်၏ လမ်းမများက ကြက်ခြေခတ်သဏ္ဍာန် စီစဉ်ထားခြင်းဖြစ်ပြီး ကျားကွက်ခုံကြီး တစ်ခုပေါ်တွင် စီမံထားခြင်းဖြစ်သည်။ တော်ဝင်တည်းခိုဆောင်က ရှောင်ရှန့် စားသောက်ဆိုင်နှင့် အလွန်ဝေးကွာလွန်းလှသည့်အတွက် မုန့်ချီနှင့် ရွမ်ယုရှုတို့က ထိုနေရာကို ရောက်ရန် နာရီဝက်ခန့် အချိန်ပေးရသည်။

စားသောက်ဆိုင်သို့ ရောက်သည့်အချိန်တွင် အနီရောင်မီးအိမ်ကြီးများ ချိတ်ဆွဲထားကြောင်း မြင်လိုက်ရသည်။ မုန့်ချီက လော်ရှန်းကျိတို့ကို မည်သို့ စုံစမ်းရမည်ဖြစ်ကြောင်း စဉ်းစားနေသည့်အချိန်တွင် အလွန်ကျယ်လောင်သော လော်ရှန်းကျိ၏ အော်သံကို ကြားလိုက်ရ၏။

“ညီလေးမုန့်…

မင်းက မြို့တော်ထဲမှာ တော်တော်နာမည်ကြီးနေတာပဲ…”

သူနှင့် ကီဟွေအန်တို့က စားသောက်ဆိုင် လှေကားတွင် ရပ်စောင့်နေသည့်အတွက် မသိလျှင် လူခေါ်နေသော ဝန်ထမ်းများကဲ့သို့ ဖြစ်ပုံရသည်။

“အစ်ကိုလော်တို့က ဘယ်လိုဖြစ်ပြီးတော့…”

မုန့်ချီက အနည်းငယ် ရှုပ်ထွေးသွားသည်။

လော်ရှန်းကျိက အပြုံးနှင့် ပြောလိုက်၏။

“ဒီမှာ လူတွေ အများကြီးရှိတယ်၊ အရင်ဆုံး အထဲကိုလာခဲ့…”

မုန့်ချီနှင့် ရွမ်ယုရှုတို့က ခေါင်းညိတ်ပြလိုက်ပြီးနောက် ခန်းမကြီးကို ဖြတ်လာခဲ့ကြသည်။ ထို့နောက် စမ်းချောင်းငယ်လေးတစ်ခုနှင့် တံတားငယ်လေးကို ဖြတ်ကျော်လာပြီး စားသောက်ဆိုင်၏ အနောက်ဘက်တွင် ရှိနေသော ခြံဝန်းလေးတစ်ခုဆီသို့ ရောက်လာခဲ့သည်။

“မင်းတို့ရောက်လာခဲ့တဲ့အချိန်မှာ ငါက သံသရာအရှင်သခင်ဆီက သဲလွန်စတွေ ရခဲ့တယ်…”

တံခါးပိတ်လိုက်ပြီးနောက် လော်ရှန်းကျိက ပတ်ပတ်လည်ကို စစ်ဆေးကြည့်ပြီး ရှင်းပြလိုက်သည်။

ထိုတာဝန်က ပူးပေါင်းလုပ်ဆောင်ရမည့် တာဝန်ဖြစ်ကြောင်း မုန့်ချီက ချက်ချင်းနားလည်သွားခဲ့၏။ ထိုအချိန်တွင် သံသရာ အရှင်သခင်၏ စကားသံကို ကြားလိုက်ရသည်။

“ပင်မတာဝန်(၂) …

လုကွမ်ကို ရှင်ဘုရင်ရဲ့ ယုံကြည်မှုရအောင် ကူညီပေးရမယ်။ အသိအမှတ်ပြုမှု ရအောင်လည်း လုပ်ဆောင်ပေးရမယ်။ အောင်မြင်မယ်ဆိုရင် ကံကြမ္မာအမှတ်(၄၀၀)ရမယ်။ ကျရှုံးမယ်ဆိုရင်တော့ တူညီတဲ့ ပမာဏ ပြန်နှုတ်ခံရမယ်…”

“ရှင်ဘုရင်ရဲ့ ယုံကြည်မှု ပြန်ရအောင်လား…”

မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး လော်ရှန်းကျိကို ကြည့်လိုက်သည်။

“အစ်ကိုလော် …

အစ်ကိုလော်ရဲ့ ပင်မတာဝန်ကတော့ ဒါနဲ့ ကွဲတယ်မဟုတ်လား…”

လော်ရှန်းကျိက ခေါင်းညိတ်ပြလိုက်ပြီး စားပွဲပေါ်တွင် ရှိနေသော စားစရာနှင့် သောက်စရာများကို လက်ညှိုးထိုးပြလိုက်သည်။

“ငါတို့က စားသောက်ကြရင်း ပြောကြတာပေါ့…”

မုန့်ချီက လော်ရှန်းကျိနှင့် ကီဟွေအန်တို့ကို ရှက်မနေတော့ပေ။ သူက စားစရာ သောက်စရာများကို သေချာစစ်ဆေးကြည့်လိုက်ပြီး အစားသရဲ ရွမ်ယုရှုနှင့်အတူ စတင်စားသောက်လိုက်ကြ၏။

“အနောက်ပိုင်း ကျူးကျော်သူတွေက တိုက်ပွဲတွေ တစ်ခုပြီးတစ်ခု အနိုင်ရခဲ့တယ်။ ပြီးတော့ ပိုင်မြစ်ရဲ့ အပေါ်ခြမ်းမှာ စခန်းချနေကြတယ်။ သူတို့က ငါတို့နဲ့ ညှိနှိုင်းဆွေးနွေးဖို့အတွက်လည်း လူလွှတ်ထားကြတယ်။ ဒါကြောင့် ဘုရင်က စိတ်လှုပ်ရှားပြီး သတိလစ်မေ့မျောသွားခဲ့တယ်…”

လော်ရှန်းကျိက တည်ငြိမ်စွာ ပြောလိုက်၏။

“ငါတို့ရဲ့ ပင်မတာဝန်(၂)ကတော့ မင်းသားတစ်ချို့ဆီက ယုံကြည်မှုကို ရအောင်ယူပြီး ဆွေးနွေးမှုကို ယာယီရပ်ဆိုင်းအောင်လုပ်ဖို့ ကြိုးစားရမှာ။ တကယ်လို့ ငါတို့ကူညီပေးလိုက်တဲ့ မင်းသားကသာ ဘုရင်ဖြစ်သွားမယ်ဆိုရင် ပင်မတာဝန်(၂)က ချောချောမွေ့မွေ့ပြီးဆုံးသွားပြီ…”

မုန့်ချီက သေချာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

“အစ်ကိုလော်က ဘယ်မင်းသားကို ထောက်ခံချင်တာလဲ၊ ဒါက တကယ့်ကို အရေးကြီးတဲ့ အဖြေတစ်ခုပဲ…”

“မင်းသား(၃)…

သူတစ်ယောက်တည်းကပဲ ငါတို့ကို လက်ခံလိမ့်မယ်…”

လော်ရှန်းကျိကတော့ အရေးမပါသည့် အရာတစ်ခုကို ပြောနေသည့်အလား တည်ငြိမ်စွာ ပြောလိုက်သည်။

ကီဟွေအန်ကတော့ သူတို့ကို မနှောင့်ယှက်ဘဲ တိတ်တဆိတ် ထိုင်နေခဲ့၏။

ရွမ်ယုရှုကလည်း စားသောက်ခြင်းကိုသာ အာရုံစိုက်နေပြီး စားစရာများကို သပ်သပ်ရပ်ရပ် စားနေခဲ့သည်။ လော်ရှန်းကျိကတော့ သူမကို ကြည့်ပြီး အံ့ဩနေခဲ့၏။

“မင်းသား(၃)ရဲ့ အစွမ်းက ဘယ်လောက်ရှိလဲ…”

မင်းသားများထဲတွင် မင်းသား(၃)၏ အစွမ်းက အားအနည်းဆုံးဖြစ်ကြောင်း မုန့်ချီလည်း သိနေခဲ့သည်။ မဟုတ်လျှင် သူက နောက်ကြောင်းမရှင်းသော လော်ရှန်းကျိတို့ကို လက်ခံလိမ့်မည် မဟုတ်ချေ။

လော်ရှန်းကျိက အရက်ခွက်ကို ကစားနေရင်း ပြောလိုက်သည်။

“သူက အစွမ်းလည်း မထက်ဘူး၊ အားလည်းမနည်းဘူး၊ မမြင်နိုင်တဲ့အဆင့်ကို ရောက်နေတဲ့ လရောင်တာအိုသခင်နဲ့ အခြားအဆင့်တူပညာရှင်တွေက သူ့ကို ထောက်ပံ့ပေးနေကြတယ်၊ ဒါပေမယ့် အဲဒီလူတွေက ဘယ်သူတွေလဲဆိုတာ ငါလည်း မသိဘူး…”

“သူ့ရဲ့ပြိုင်ဖက်တွေကရော…”

မုန့်ချီက စားစရာများကို မစားသေးဘဲ အခြေအနေများကို သေချာနှိုင်းယှဉ်နေခဲ့သည်။

လော်ရှန်းကျိက အရက်ခွက်ကို ပြန်ချလိုက်၏။

“တရားဝင်ဆက်ခံပိုင်ခွင့်ရှိနေတဲ့ အိမ်ရှေ့မင်းသားကို တော်ဝင်အကြံပေး ၊ ယုယီဘုန်းတော်ကြီးနဲ့ မှူးမတ်တွေ အများကြီးက ထောက်ခံနေကြတယ်။ ဓားအင်ပါယာရဲ့ တပည့်တစ်ယောက်ဖြစ်တဲ့ မင်းသား(၄)ကလည်း အရမ်း နာမည်ကြီးတယ်။ မှူးမတ်တွေ အများအပြားက သူနဲ့ပတ်သက်နေတယ်။ ဗဟုသုတ ပြည့်စုံပြီး မြင်းစီး မြားပစ် ကျွမ်းကျင်တဲ့ မင်းသား(၇)ကတော့ ဘုရင်ရဲ့ ယုံကြည်မှုအရှိဆုံး မင်းသားတစ်ပါးပဲ။ ဒါပေမယ့် သူက သိုင်းလောကမှာ အုတ်မြစ်မရှိဘူး။ ဘုရင့်ရဲ့ အားပေးမှုကြောင့် လက်ဝဲအမတ်ကြီးက သူ့ကို ထောက်ခံနေတယ်…”

“အခု ဘုရင်က သတိလစ် မေ့မျောနေပြီဆိုတော့ လက်ဝဲအမတ်ကြီးကလည်း သူ့ဆီကနေ ခွာနေပြီ။ ဒါပေမယ့် အခုတော့ သူက အားနည်းချက်ကို သိနေတဲ့အတွက် မှူးမတ်တွေ ပညာရှင်တွေနဲ့ စပြီး ဆက်သွယ်နေပြီ။ မကောင်းဆိုးဝါးဘုရင်မက မြို့တော်ကို တိတ်တဆိတ် ရောက်လာပြီး မင်းသား(၇)ရဲ့ နန်းတော်ထဲမှာ ရှိနေတယ်လို့ သံသယရှိတယ်…”

မုန့်ချီက တီးတိုးရေရွတ်လိုက်သည်။

“ဒီကမ္ဘာကြီးထဲမှာရှိနေတဲ့ ပညာရှင်တွေက နိုင်ငံရေးအခြေအနေကို ဘယ်လောက်ထိ လွှမ်းမိုးမှုရှိလဲ…”

“ငါက သံသယဝင်နေတဲ့ မကောင်းဆိုးဝါး ဘုရင်မနဲ့ တိုက်ခိုက်ခဲ့ရပေမယ့် ပွတ်ကာသီကာ လွတ်မြောက်လာခဲ့တယ်။ ထူးခြားတဲ့ဖြစ်စဉ်ပြောင်းလဲမှုတွေက လွဲရင် သူ့ရဲ့စွမ်းအားနဲ့ အဆင့်က ဝေ့ကျင်းတစ်ဝက်နီးပါး ရောက်နေပြီ။ တကယ်လို့ နန်းတော်ထဲမှာသာ ပညာရှင်တွေ မရှိရင် အဲဒီလို လူတစ်ယောက်တည်းက ဆန့်ကျင်သူတွေကို ရှင်းပစ်ပြီး နိုင်ငံရေး အခြေအနေကို လုံးဝ ထိန်းချုပ်ပစ်နိုင်တယ်…”

လော်ရှန်းကျိက သက်ပြင်းချလိုက်သည်။

သူကတော့ သံသယဝင်နေသော မကောင်းဆိုးဝါးဘုရင်မနှင့် တိုက်ခိုက်ခဲ့ရသည့်အတွက် အတော်လေး ကြောက်လန့်နေသေးပုံ ရသည်။ သူက ဆက်ပြောလိုက်၏။

“ဒါပေမယ့် ဒီနေရာမှာ တော်ဝင်မိသားစုတွေ ၊ စာသင်ကျောင်းတွေ အများကြီးရှိတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် စာသင်သားလို့ သတ်မှတ်ထားတဲ့သူတွေက ဓမ္မ၊ ဂီတ၊ မြားပစ်၊ မြင်းစီး၊ စာရေးနဲ့ ဂဏန်း သင်္ချာလိုမျိုး အခြေခံပညာရပ်တွေကိုလည်း လျစ်လျှူုရှုလို့ မရဘူးလေ။ ဥပမာအနေနဲ့ ပြောရရင် လူဝင်စားကြယ်တာရာဘုရင်လို့ ခေါ်ကြတဲ့ လက်ယာအမတ်ကြီး ဝမ်တီရန်၊ ပြီးတော့ အတွေးအခေါ်ပညာနဲ့ တာအိုလမ်းစဉ်ကို ကျွမ်းကျင်တဲ့ တော်ဝင်အကြံပေးတို့ရဲ့အစွမ်းက တော်တော်လေး အစွမ်းထက်နိုင်တယ်။ သူတို့ကတော့ ဝါစဉ်ကို အရမ်းအလေးထားပြီး ကြားဖူးနားဝ စကားတွေကို လက်မခံကြဘူး။ သူတို့က ပြင်ပအင်အားစုတွေကိုလည်း အရမ်းအထင်သေးနေတာ…”

“ဒါကြောင့် ဘုရင်နဲ့ အိမ်ရှေ့မင်းသားကို သုတ်သင်ရှင်းလင်းဖို့ တော်တော်လေး အချိန်ပေးရနိုင်တယ်။ မကောင်းဆိုးဝါးဘုရင်မနဲ့ ဓားအင်ပါယာကတောင် အခွင့်အရေးရဖို့ တော်တော်လေး ခက်တယ်…”

“ဒီလိုအခြေအနေမျိုးမှာ အိမ်ရှေ့မင်းသားက ထီးနန်းရဖို့ သေချာသလောက်ပဲ။ ဘယ်သူမှ အဲဒါကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး…”

မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိသည်။

လော်ရှန်းကျိက ယုံကြည်ချက်ရှိရှိ ရယ်လိုက်၏။

“နှစ်ပေါင်းများစွာ အုပ်ချုပ်လာတာဆိုတော့ ဘုရင်က သူ့ကို သေချာပေါက် သတိထားနေမှာပဲလေ။ သူက အိမ်ရှေ့မင်းသားကို မကြိုက်တဲ့အတွက် သူ့ကို ဖျက်စီးဖို့ နည်းလမ်းများစွာ ကြိုးစားခဲ့တယ်။ တော်ဝင်အကြံပေးကြောင့်သာ မဟုတ်ရင် အိမ်ရှေ့မင်းသားက သတ်ပစ်ခံရတာကြာပြီ။ ဒါကြောင့် တခြားမင်းသားတွေကလည်း ဘုရင့်ထီးနန်းကို ရနိုင်တယ်လို့ သတင်းထွက်နေတာ။ ဒါပေမယ့် သတိလစ်နေစဉ် အတောအတွင်း ရှင်ဘုရင်ကို သူ့ရဲ့သစ္စာခံလက်ယာအမတ်ကြီးကပဲ နေ့ရောညပါ ဂရုစိုက်နေတာ။ ဒီတော့ ဘာအခွင့်အရေးမှ မရှိဘူး…”

“ဒါတွေအားလုံးကို အချိန်တိုလေးအတွင်း ရှင်းရှင်းလင်းလင်း ပြောပြဖို့က မလွယ်ဘူး။ မနက်ဖြန် ငါက မင်းသား(၃)နဲ့တွေ့ဖို့ မင်းကို ခေါ်သွားပေးမယ်။ မင်းက လူသိများနေပြီ ဆိုမှတော့ သူက မင်းကို အလေးထားမှာပါ…”

ဤကိစ္စတွင် မုန့်ချီဆီ၌ မတူညီသော အမြင်များ ရှိနေသည်။ သူ့အနေနှင့် ပြောရလျှင် မင်းသား(၃) ပုလ္လင်ပေါ်ရောက်ရှိရေးနှင့် လုကွမ် ယုံကြည်ချက် ပြန်ရရေးက ပတ်သက်မှုမရှိချေ။

လက်ရှိအချိန်တွင် အနောက်မြောက်ပိုင်း၌ ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေ၏။ သူသာ ရန်သူများကို ရှင်းပစ်နိုင်မည်ဆိုလျှင် ဘုရင်အသစ်က သူ့ကို အရေးကြီးသော တာဝန်များ သေချာပေါက် ပေးအပ်မည်ဖြစ်သည်။ အကယ်၍ ထိုမျှ ရိုးရှင်းသော အရာတစ်ခုသာဆိုလျှင် သံသရာအရှင်သခင်က ကံကြမ္မာအမှတ် (၄၀၀)ပေးလိမ့်မည် မဟုတ်ချေ။

“ပြဿနာမရှိဘူး…”

သူက မင်းသား(၃)၏ အပြုအမူ၊ စိတ်ဓာတ်နှင့် စွမ်းရည်များကို လေ့လာပြီးမှ ဆုံးဖြတ်ချက်ချရန် စဉ်းစားလိုက်သည်။

“ချောင်ကျန်းကရော ဘယ်မှာလဲ…”

ဤနေရာတွင် လော်ရှန်းကျိနှင့် ကီဟွေအန်တို့သာရှိကြောင်း သူက တွေ့လိုက်ရသည်။ ချောင်ကျန်းကိုတော့ မမြင်ရပေ။

“သူက မင်းသား(၃)ကို အကူအညီပေးဖို့ အနားမှာ အရံသင့်စောင့်နေတယ်…”

လော်ရှန်းကျိက တည်ငြိမ်စွာ ပြောလိုက်၏။ ချောင်ကျန်းကသာ သူ၏ကိစ္စများကို ကူညီပေးခြင်း မရှိလျှင် သူလည်း ထိုအရာများကို ဂရုစိုက်နိုင်မည် မဟုတ်ချေ။

“မင်းက မကောင်းဆိုးဝါးမင်းသားကို တိုက်ခိုက်ခဲ့တယ် ပြောတယ်။ အင်မော်တယ် ဖိနှိပ်ခြင်း ကျင့်စဉ်က ဘယ်လိုမျိုးလဲ၊ သူ့ရဲ့အစွမ်းကရော ဘယ်လိုမျိုးလဲ…”

သူကလည်း သီးခြားတာဝန်(၃)ကို စိတ်ဝင်စားနေပုံရသည်။ ထို့ကြောင့် သူက မကောင်းဆိုးဝါးမင်းသား၏ အစွမ်းနှင့် အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်တို့ကို အလေးထားနေပုံရ၏။ ထို့ပြင် သူတို့၏တိုက်ပွဲကို နှိုင်းယှဉ်ကြည့်လိုက်မည်ဆိုလျှင် သူ တိုက်ခိုက်၍ ရမရ သိနိုင်ပေလိမ့်မည်။

သေချာစဉ်းစား ကြည့်လိုက်ပြီးနောက် မုန့်ချီက ဖုံးကွယ်ထားခြင်းမရှိ ချဲ့ကားခြင်းမရှိဘဲ ပြောလိုက်သည်။

“တည့်တည့်ပြောရမယ်ဆိုရင်တော့ ကျွန်တော်က အစွမ်းကုန်သုံးခဲ့တာကိုတောင် အသက်ရှင်ရုံပဲရှိတယ်….”

မြစ်ထဲရှိ တိုက်ပွဲတွင် မကောင်းဆိုးဝါးမင်းသားက မြစ်၊ ကုန်တင်သင်္ဘောနှင့် အရိပ်၏ အကူအညီကြောင့် အတော်လေး အရေးသာနေသည်။ မုန့်ချီကတော့ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကြောင့် သူ့ကို ထိခိုက်အောင် လုပ်နိုင်ခြင်းဖြစ်သည်။ ထို့ပြင် သူက သေမျိုးဖုန်မှုန့် ကျဆင်းခြင်းဟူသော သိုင်းကွက်ကြောင့် မှင်တက်သွားခဲ့သေးသည်။ ထို့ကြောင့်လည်း လွတ်မြောက်ခဲ့ရခြင်းဖြစ်သည်။

အကယ်၍ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် နောက်တစ်ကြိမ် ရင်ဆိုင်ရမည်ဆိုလျှင်တော့ ကောင်းကင်ပေါ်တွင် မိုးကြိုးတိမ်တိုက်များမရှိလျှင် သေချာပေါက် ရှုံးနိမ့်ရမည်ဖြစ်သည်။

အင်မော်တယ်ဖိနှိမ်ခြင်း ကျင့်စဉ်က စွမ်းအားစုပ်ယူခြင်း၊ ပြောင်းလဲခြင်းနှင့် ထုတ်သုံးရသော သိုင်းပညာတစ်ခု ဖြစ်ကြောင်း မုန့်ချီက သိနေသည်။ ချီစွမ်းအင်များကို မြင့်မားစွာ ဖိနှိပ်ထားနိုင်သည့် အစွမ်းမရှိလျှင် သူက မကောင်းဆိုးဝါး စမ်းသပ်ရေးဓား၏ ထက်မြက်မှုနှင့်ပင် မကောင်းဆိုးဝါးမင်းသားကို ထိခိုက်ရန် အခွင့်အရေး အနည်းငယ်သာ ရှိသည်။

ထိုအချက်တွင် ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်က အနတ္တကျိန်စာဖျက် ဓားပညာထက် ပို၍ အစွမ်းထက်၏။ အနတ္တကျိန်စာဖျက် သိုင်းပညာ၏ ပထမဆုံးသိုင်းကွက်နှစ်ခုက တစ်ဖက်၏စိတ်ကို နှောက်ယှက်နိုင်ရုံသာဖြစ်ပြီး ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်ကသာ လူသတ်နိုင်စွမ်းရှိသည်။ အကယ်၍ သေချာစီစဉ်ထားမည်ဆိုလျှင်တော့ အနိုင်ရရန် အခွင့်အရေး အနည်းငယ် ရှိနေနိုင်သေး၏။

သို့သော် အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်နှင့် ပုံရိပ်ယောင်နတ်ဆိုး ကိုယ်ဖော့ပညာကို ကျွမ်းကျင်နေသော မကောင်းဆိုးဝါးမင်းသားကိုသတ်ရန် အလွန်ခက်ခဲသည်။

“နောက်တစ်ကြိမ်ကျရင်တော့ ငါက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၊ အနတ္တကျိန်စာဖျက် ဓားပညာ၊ ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်နဲ့ တူကူးဓား(၉)ကွက်တို့ကို သုံးပြီး မကောင်းဆိုးဝါးမင်းသားကို တိုက်ခိုက်ရမယ်။ ငါ ထိန်းသိမ်းထားရတဲ့ ပုံရိပ်တွေကလည်း နောက်တစ်ကြိမ် ပြောင်းလဲသွားတော့မှာပဲ။ အဲဒီအချိန်ကျရင် အနားမှာရှိတဲ့လူတွေက မဆင်မခြင်ကိုယ်တော်ဆိုတဲ့ နာမည်နဲ့ ထိုက်တန်တယ်လို့ ပြောကြဦးမှာပဲ…”

ပြတင်းပေါက်ကို ကြည့်ပြီး မုန့်ချီက အနည်းငယ် ဝမ်းနည်းနေခဲ့သည်။

“ဒါဆိုရင် မင်းက အရေးနိမ့်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။ တကယ်လို့ ငါတို့ပူးပေါင်းလိုက်မယ်ဆိုရင်တော့ ငါတို့က မကောင်းဆိုးဝါးမင်းသားကို သတ်နိုင်မယ်လို့တော့ ထင်တာပဲ…”

လော်ရှန်းကျိ၏ စကားမဆုံးသေးခင် သူက ဝင်ပြောလိုက်သည်။

“အဖွဲ့လိုက် တိုက်ခိုက်မယ်ဆိုရင်တောင် အင်မော်တယ်ဖိနိမ့်ခြင်းကျင့်စဉ်က ရင်ဆိုင်လို့မရဘူးလို့ ပြောကြတယ်…”

“ဟုတ်တယ် ငါလည်း အဲဒါကို ကြားခဲ့တယ်…”

မုန့်ချီကတော့ အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်အကြောင်းကို သေချာ နားလည်သည်ဟု မပြောခဲ့ပေ။ သူတို့က ရောက်တတ်ရာရာ စကားများပြော၍ ညစာများ စားခဲ့ပြီးနောက် ရွမ်ယုရှုနှင့် မုန့်ချီတို့က ထွက်ခွာလာကြသည်။ တစ်ချိန်တည်းတွင် သူတို့က နောက်တနေ့ မနက်တွင် မင်းသား(၃)ဆီ လာလည်မည်ဟု ပြောထားခဲ့၏။

အချိန်က ညမှောင်နေပြီဖြစ်သည်။ လမ်းမကြီးတွင် တိတ်ဆိတ်နေ၏။ မုန့်ချီနှင့် ရွမ်ယုရှုတို့ကတော့ ဘေးချင်းကပ်၍ လျှောက်လာကြ၏။ ထိုအချိန်တွင် သူက စိတ်ဝင်စားမှုကို တောင့်မထားတော့ဘဲ ရွမ်ယုရှုကို မေးလိုက်တော့သည်။

“နင်က ဗျတ်စောင်းကိုသုံးပြီး အကူအညီပေးတာက လွဲရင် ရန်သူကို တိုက်ရိုက်သတ်ပစ်နိုင်တဲ့ နည်းလမ်းတွေရောရှိလား…”

ရွမ်ယုရှုက သူ့ကိုကြည့်လိုက်ပြီး ဗျက်စောင်းကို ညင်သာစွာ တီးလိုက်သည်။

“ဒေါင်…တင် တောင်….”

တဖြည်းဖြည်းနှင့် ကြိုးသံက အလွန်ထက်မြက်သော ဓားတစ်ချောင်းကဲ့သို့ ထင်မှတ်လာရသည်။

“ငါနားလည်သွားပြီ…”

မုန့်ချီက ကျေနပ်ပြီး ဝမ်းသာသွားခဲ့၏။

ကြိုးကို လက်နှင့် ဖိလိုက်ပြီးနောက် ရွမ်ယုရှုက သူနှင့်အတူ အေးစက်စွာ လျှောက်လာခဲ့သည်။ သူတို့က ကျောက်တုံးတံတားလေးပေါ်သို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည့်အချိန်တွင် မီးခိုးရောင်ဆံပင်နှင့် အကြီးအကဲ တစ်ယောက်ကို မြင်လိုက်ရ၏။

သူ့လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ထားပြီး ကျောက်လှေကားတွင်ထိုင်၍ မုန့်ချီကို နောက်ကျောပေးနေခဲ့သည်။ သူ၏တည်ရှိမှုက အတော်လေးကို ထူးဆန်းပြီး မည်သည့်အရာနှင့်မျှ မတူသလို ခံစားလိုက်ရ၏။

မုန့်ချီက မျက်နှာပျက်သွားပြီး ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် ရွမ်ယုရှု၏ ရှေ့တွင် ရပ်လိုက်၏။

“နတ်ဘုရားသတ်ဓား ရှောင်မုန့်ကို ခုခံလို့ မရဘူးလို့ ကြားခဲ့တယ်။ သူ့ရဲ့ တိုက်ခိုက်မှုတွေကလည်း ကြောက်စရာကောင်းတယ်တဲ့။ ဒါကြောင့် ငါက စမ်းသပ်ကြည့်ချင်နေတာ…”

အကြီးအကဲက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ သူ့ပုံစံက ဓားအိမ်ထဲမှ ထုတ်လိုက်သော ဓားတစ်လက်ပမာ ဖြစ်နေပြီး မုန့်ချီ၏ရင်ထဲကို ထိုးစိုက်တော့ပမာ ခံစားလိုက်ရလေ၏။

Translated by Hein Htet.

All Chapters