← Chapters

အခန်း (၁၇၂)

Vol. 12 Ch. 172

အခန်း (၁၇၂)

Vol. 12 Ch. 172

မုန့်ချီက ရပ်လိုက်သည့်အချိန်တွင် ထိုအဘိုးအိုက အရပ်ရှည်ရှည်နှင့် ခပ်ပြည့်ပြည့် ဖြစ်ကြောင်း နားလည်သွားခဲ့သည်။ အသက်အရွယ်က ကြီးနေသော်လည်း နွားရိုင်းတစ်ကောင်ကဲ့သို့ သန်မာနေသေးပုံရ၏။

သူက ပြန်လှည့်လာသည့်အချိန်တွင် သူ၏မျက်နှာပေါ်၌ အရေးအကြောင်းများ အစက်အပျောက်များ ရှိနေကြောင်း တွေ့လိုက်ရသည်။ သို့သော် သူ၏ မျက်လုံးများကတော့ စိန်ပွင့်များပမာ တလက်လက် တောက်ပနေပြီး မုန့်ချီနှင့် ရွမ်ယုရှုတို့၏ ပုံရိပ်များက သူ၏မျက်လုံးထဲတွင် ပေါ်နေသည်။ သူ့မျက်လုံးက အသက်ကြီးနေသော လူတစ်ယောက်၏ မျက်လုံးနှင့် အတော်လေးကို ကွဲပြားလှ၏။

သူက လက်ထဲတွင် ဓားတစ်ချောင်းကို ကိုင်ပြီး ကျောက်တုံးကြီးတစ်တုံးကဲ့သို့ တည်ငြိမ်စွာ ရပ်နေသည်မှာ ထိုကဲ့သို့ အမူအရာမျိုး အကြိမ်ပေါင်းတစ်သိန်းခန့် လုပ်ဆောင်ခဲ့ဖူးပုံ ရသည်။ အကယ်၍ သူ၏လှုပ်ရှားမှုများကိုသာ ဘောင်တစ်ခုထဲသို့ ထည့်လိုက်မည်ဆိုလျှင် အရာအားလုံးက ကွဲပြားမှုမရှိဘဲ တစ်ထပ်တည်းဖြစ်နေကြောင်း အံ့အားသင့်ဖွယ် တွေ့လိုက်ရပါလိမ့်မည်။

ထိုအချိန်တွင် မုန့်ချီက မျက်နှာပျက်သွားခဲ့၏။ ထိုအရာက သိုင်းပညာ စတင်သင်ယူခဲ့သည့် အချိန်ကတည်းကစပြီး သူ့ဘဝတလျှောက်လုံးတွင် ကြောက်စရာအကောင်းဆုံး ပြိုင်ဘက်တစ်ယောက် ဖြစ်သည်။

အန်ကုံရှဲ့နှင့် ယုဟွမ်တောင်တို့ကသာ ခန္ဓာကိုယ်အစွမ်း ၊ နည်းလမ်းနှင့် အတွင်းအားအရာတွင် သူ့ကို ရင်ဆိုင်နိုင်ပါလိမ့်မည်။ သို့သော် စွမ်းရည်အရ ပြောရမည်ဆိုလျှင် သူ့ဆီတွင် တခြားသော အဆင့်အတန်းတစ်ခု ရှိနေသည်။

သူတို့က လှုပ်ရှားမှုတိုင်းတွင် သူ၏စွမ်းရည်ကို လုံးဝမမီနိုင်ပေ။ သူ၏ လှုပ်ရှားမှုများက ကမ္ဘာမြေကြီးနှင့် သယဇာတဖြစ်နေသလို ထင်မှတ်ရ၏။ ထိုအဘိုးအိုက မျက်ခုံးကြား လျှို့ဝှက်တံခါးကို ဖွင့်ရန် ခြေတစ်လှမ်းသာ လိုတော့ကြောင်း မုန့်ချီက နားလည်သွားခဲ့သည်။ ထိုအရာသာ ပွင့်သွားမည်ဆိုလျှင် သူက ကမ္ဘာမြေကြီးနှင့် ပေါင်းစပ်နိုင်ပါလိမ့်မည်။ ပြောရမည်ဆိုလျှင် ဝေ့ကျင်းတစ်ဝက်အဆင့်ကို ကျော်လွှားနိုင်တော့မည်ဖြစ်၏။

"သူက တော်ဝင်အကြံပေးလား…။ ဒါမှမဟုတ် ဓားအင်ပါယာလား…"

မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ၏ အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများ အားလုံးကို စုစည်းလိုက်သည်။ အကယ်၍ သူကသာ အဘိုးအိုဆီမှ သတ်ဖြတ်ချင်စိတ်များကို ခံစားမိမည်ဆိုလျှင် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း ၊ ရာမဖိတ်ခေါ်ခြင်း ၊ စွန့်လွှတ်ခြင်းကျင့်စဉ်နှင့် တိတ်ဆိတ်ငြိမ်သတ်ခြင်းခုတ်ချက်များကို ပေါင်းသုံးပြီး လွတ်မြောက်ရန် အခွင့်အရေးတစ်ခု မျှော်လင့်နေခဲ့သည်။

ထိုသို့ဆိုရာတွင် သူက‌ အလေးမဲ့ မနေရဲပေ။ ထိုအဘိုးအိုက သူ၏ သက်ဖြတ်ချင်စိတ်များကို ဖုံးကွယ်ထားနိုင်သော ပညာရှင်တစ်ယောက် ဖြစ်နိုင်သည်။ မုန့်ချီက ညာလက်နှင့် ဓားရှည်ကို ဆုပ်ကိုင်ထားပြီး ဘယ်လက်ထဲတွင် ဓားမောက်ကို ဆွဲထုတ်လိုက်သည်။

သူ တိုက်ခိုက်နေသည့်အချိန်တွင် ရွမ်ယုရှုက တံတားအောက်သို့ ခုန်ဆင်းပြီး မြစ်ထဲမှနေ၍ ထွက်ပြေးရန် မျှော်လင့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့ အဆင့်ပညာရှင်တစ်ယောက်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် အာရုံလွတ်၍ပင် မရနိုင်ပေ။

သို့သော် ရွမ်ယုရှုကတော့ အလွန်တည်ငြိမ်နေသေး၏။ သူမကတော့ တခြားမည်သည့်အတွေးမျှမရှိဘဲ အေးအေးဆေးဆေး ရပ်နေသည်။

အဘိုးအိုက ဓားကို ကိုင်ပြီး အလွန်တည်ငြိမ်စွာ လျှောက်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုများက ရှုပ်ထွေးမှု မရှိသော်လည်း ဆက်တိုက်ဆိုသလို ပြောင်းလဲနေခဲ့၏။ ထို့ကြောင့် သူ၏ဟာကွက်များကလည်း လှုပ်ရှားနေသည်ဟု ဆိုလိုနေသည်။ သူက သတိလွတ်သွားရန် အခွင့်အရေးမရှိချေ။

မုန့်ချီကတော့ သူ၏ တိုက်ခိုက်မှုတွင် အရာအားလုံးကို အာရုံစိုက်ထားသည်။ ဓားသိုင်းချေဖျက်ရေးသိုင်းကွက်များနှင့် လှုပ်ရှားမှုများအားလုံးကိုလည်း ခေါင်းထဲတွင် ကြိမ်ဖန်များစွာ ပြန်လည်စဉ်းစားနေခဲ့၏။

"အဲဒီမှာပဲ…"

မုန့်ချီက နောက်ပြန်ဆုတ်ရမည့်အစား တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူက ဓားရှည်ကို လေရဟတ်တစ်ခုသဖွယ် လှည့်ပတ်လိုက်ပြီး အဘိုးအို၏ ဓားထိပ်ဖျားမှ (၇)လက်မခန့်အကွာကို တိတိကျကျ တိုက်ခိုက်လိုက်သည်။

ပြောင်းလဲနေသော သူ၏ဓားပုံစံက ပျက်စီးသွားခဲ့၏။ သို့သော် သိုင်းကွက်ကတော့ ယင်နှင့်ယန်အဖြစ် ရုတ်တရက် နှစ်ပိုင်း ကွဲသွားခဲ့သည်။ မုန့်ချီ၏ ဓားရှည်က ဘယ်ဘက်မှနေ၍ ညာဘက်သို့ လျင်မြန်စွာ ခုတ်ချလိုက်သည့်အချိန်တွင် ယင်နှင့်ယန်၏ အရှိန်အဝါကို ရင်ဆိုင်လိုက်ရ၏။ ထိုအချိန်တွင် ယင်နှင့်ယန်က ဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်လာပြီး မုန့်ချီ၏ ဓားရှည်ကို ချက်ချင်း ဝါးမြိုသွားခဲ့သည်။

"ဒါက ထောင်ချောက်တစ်ခုလား…။ အစစ်အမှန်အားနည်းချက်က ထောင်ချောက်တစ်ခုလား…"

မုန့်ချီက ထိတ်လန့်တုန်လှုပ်သွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှည့်လိုက်ရာ ဓားရှည်က ဝဲကတော့ထဲမှ ပြန်ထွက်လာခဲ့၏။ ဓား၏အရှိန်ကလည်း သိသိသာသာ တိုးမြင့်လာပြီး အဘိုးအို၏ ရင်ဘတ်ဆီကို ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင် အဘိုးအို၏ ဓားက မုန့်ချီ၏ ဓားပေါ်မှ ဖြတ်ကျော်သွားပြီး သူ့ဓားကို အလွယ်တကူ ဖြတ်သွားခွင့်ပေးလိုက်သည်။ အကယ်၍ ထိုအတိုင်းသာ ဆက်၍ တိုက်ခိုက်လိုက်မည်ဆိုလျှင် မုန့်ချီ၏ လက်ကောက်ဝတ်က ပြတ်သွားပါလိမ့်မည်။

"နောက်ထပ် ထောင်ချောက်တစ်ခုလား…"

မုန့်ချီက သူ၏တိုက်ခိုက်မှုကို မတတ်သာဘဲ ပြောင်းလဲလိုက်ရသည်။

ထို့ကြောင့် သူက ရှေ့ကို တစ်လှမ်းတိုးလိုက်ပြီး ဓားကို လှုပ်ရှား၍ အဘိုးအို၏ ဓားထိပ်ဖျားကို ရှောင်တိမ်းလိုက်ရ၏။ ထို့နောက် ဓားကို ကန့်လန့်ဖြတ်ကိုင်ပြီး အဘိုးအို၏ လည်ပင်းကို ခုတ်ချလိုက်သည်။

အဘိုးအိုကတော့ သက်ရောက်ခံရပုံ မရဘဲ ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ မုန့်ချီ၏ ဓားချက်က လွဲချော်သွားရ၏။ သူ၏ဓားကတော့ လှုပ်ရှားသွားခဲ့ခြင်း မရှိချေ။ ထို့ကြောင့် မုန့်ချီ၏ရင်ဘတ်နှင့် ဗိုက်က ထိုဓားဆီသို့ တည့်တည့်ပြေးဝင်သွားသလို ဖြစ်နေခဲ့၏။

"အစစ်အမှန်ထောင်ချောက်လား…"

မုန့်ချီ၏ ခေါင်းထဲတွင် အတွေးထောင်ပေါင်းများစွာ ပေါ်လာပြီး တဖြည်းဖြည်းနှင့် သူ၏တိုက်ခိုက်မှုကို ရုတ်သိမ်း၍ နောက်ပြန်ဆုတ်လိုက်၏။

အဘိုးအိုကတော့ သူ့ကို အလွတ်မပေးခဲ့ပေ။ သူ့ဓားက ဆက်တိုက်ဆိုသလို ပြောင်းလဲနေပြီး လှုပ်ရှားမှုများက ပင့်ကူအိမ်ကဲ့သို့ ဖြစ်နေခဲ့၏။ တစ်လွှာပြီးတစ်လွှာ ထောင်ချောက်များ ၊ အားနည်းချက်များနှင့် ပေါင်းစပ်ထားသည့်အတွက် မုန့်ချီ၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေခဲ့သည်။

မုန့်ချီက အားနည်းချက် အမြောက်အများကို မြင်လိုက်ရသော်လည်း မတိုက်ခိုက်ရဲပေ။ အဘယ်ကြောင့်ဆိုသော် ယခင်တုန်းကကဲ့သို့ နောက်ထပ်ထောင်ချောက်တစ်ခုထဲကို ကျရောက်သွားမှာ ကြောက်လန့်နေခဲ့၏။ ထိုဓားချက်တစ်ချက်တည်းကပင် ထောင်ချောက်ပေါင်းမြောက်များစွာနှင့် ဆက်သွယ်ထားနိုင်သည်။

ရင်ထဲတွင် အလွန်ပြင်းထန်သော ခံစားမှုတစ်ခုပေါ်လာပြီး မုန့်ချီ၏ တိုက်ခိုက်မှုများက အရာမဝင်သလို ထင်မှတ်နေရသည်။ အမှန်အတိုင်းပြောရလျှင်တော့ သူက ပြောင်းလဲမှုများ၏ သက်ရောက်မှုကို ခံလိုက်ရခြင်းဖြစ်၏။

တစ်ဖက်တွင်တော့ သူရင်ဆိုင်နေရသည်မှာ အဘိုးအို၏ မျှော်လင့်ချက်ဖြစ်နိုင်သည်။ အဘိုးအို၏ မျှားခေါ်မှုကြောင့် မုန့်ချီက ထောက်ချောက်ထဲသို့ တစ်ကြိမ်ပြီးတစ်ကြိမ် ကျဆင်းသွားခဲ့ရသည်။ ထိုထောင်ချောက်များက လွတ်မြောက်ရန် ခက်ခဲသော ပိုက်ကွန်ကြီး တစ်ခုသဖွယ် ဖြစ်နေ၏။

မုန့်ချီက သူ၏ တိုက်ခိုက်မှုများကို ရုတ်သိမ်းပြီး နောက်ပြန်ဆုတ်သွားနိုင်ခဲ့သည်မှာ ကံကောင်းသွားသည်။ သို့သော် အဘိုးအို၏ဓားကတော့ ပိုက်ကွန်ဆီသို့ ဆွဲခေါ်နေသော ဓားတစ်လက်ကဲ့သို့ ခံစားနေရ၏။ သူက ခုခံရန် ခက်ခက်ခဲခဲ ရုန်းကန်နေရပြီး တဖြည်းဖြည်းနှင့် ချောင်ပိတ်သွားသလို ဖြစ်နေခဲ့သည်။

သူ၏နဖူးပေါ်မှ နေ၍ ချွေးစေးများ ကျဆင်းလာခဲ့၏။ သူက မကောင်းဆိုးဝါးမင်းသားနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားများကို သုံးပြီး ပြိုင်ဘက်၏ လှုပ်ရှားမှုများကို စစ်ဆေးနိုင်သေးသည်။ သူက ချီစွမ်းအင်များကို အသုံးပြုလိုက်သည့်အချိန်တွင် သို့မဟုတ် သူ၏ ကြွက်သားလှုပ်ရှားမှုများကို အခြေခံပြီး မည်သို့လှုပ်ရှားမည်ဖြစ်ကြောင်း သိနေ၏။

သို့သော် ယခုတော့ အရာအားလုံးက ထိန်းချုပ်ခံနေရပြီး တုကူးဓား(၉)ကွက်ကလည်း အလုပ်မဖြစ်တော့ပေ။ အကယ်၍ သူကသာ ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ပြန်လည်ရင်ဆိုင်လိုက်မည်ဆိုလျှင် ပို၍ကြီးမားသော ထောင်ချောက်ထဲကိုသာ ကျရောက်သွားရပါလိမ့်မည်။

လက်ရှိအချိန်တွင် မသေချာမှုများစွာရှိနေသည့်အတွက် မုန့်ချီက သူ၏ ဆုံးဖြတ်ချက်နှင့် ရုတ်တရက် တိုက်ခိုက်ရဲခြင်း မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့သော တိုက်ခိုက်မှုမျိုးက သူ၏အားနည်းချက်ကို ပေါ်သွားစေနိုင်၏။ ထိုအရာက သူ၏ ‌ခေါင်းကို ဓားပေါ်သို့ တင်ပေးလိုက်ခြင်း တူညီနေသည်။

“ချွမ်…”

ရုတ်တရက်ဆိုသလို စမ်းချောင်းသံများ ကြားလိုက်ရပြီး မုန့်ချီ၏ နားထဲတွင် ကြည်လင်နေသော စောင်းသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအချိန်တွင် ရှုပ်ထွေးဝေဝါးနေသော အရာများက ပျောက်ကွယ်သွားခဲ့၏။

ဓားသိုင်းချေဖျက်ရေးသိုင်းကွက်ထဲမှ စကားလုံးများကလည်း သူ၏ မျက်စိရှေ့တွင် နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး ထိုနေ့ရက်များအတွင်း သူသိထားသော အချက်အလက်များအားလုံးက သူ့ခေါင်းထဲတွင် ပြန်ပေါ်လာခဲ့သည်။

ထိုအချိန်တွင် ပြောင်းလဲနေသော ဓားသိုင်း တိုက်ခိုက်မှုများက ပျောက်ကွယ်သွားပြီး သူ့စိတ်ထဲတွင် ပိတ်ဆို့နေခြင်း မရှိတော့ပေ။ သူ့မျက်လုံးထဲတွင် မြင်နေရသည်မှာ ခုတ်ခြင်း ၊ ပိုင်းခြင်း ၊ ပင့်ခြင်း ၊ ဝိုက်ခြင်း ၊ ဖြတ်ခြင်းနှင့် ထိုးခြင်းကဲ့သို့သော ရိုးရှင်းသည့် ဓားကွက်များသာ ဖြစ်လာသည်။

လှုပ်ရှားမှုတစ်ခုချင်းဆီက သူ၏မျက်လုံးထဲတွင် ထင်ထင်ရှားရှား ပေါ်လာခဲ့သည်။ ထိုလှုပ်ရှားမှုများက ပြောင်းလဲသွားသည်ဖြစ်စေ ပေါင်းစည်းသွားသည်ဖြစ်စေ အခြေခံစည်းမျဉ်းများသာ ဖြစ်ကြောင်း နားလည်နေသေး၏။

မုန့်ချီ၏ ခေါင်းထဲတွင် ဝင်းလက်သွားသလို ခံစားလိုက်ရပြီး ထိုအရာများကို နားလည်သွားခဲ့၏ ။ ထို့ကြောင့် သူက ဓားရှည်နှင့် ရင်ဘတ်ပေါ်တွင် ကန့်လန့်ဖြတ် ကာကွယ်ထားလိုက်သည်။

"ချွမ်… "

သူ၏ မျက်စိရှေ့တွင် မြင်နေခဲ့သော ဓားအရိပ်များအားလုံးက ပျောက်ကွယ်သွားခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် ဓားနှစ်လက်က ရင်ဆိုင်လိုက်မိသည်။ မုန့်ချီကတော့ အတော်လေး ဝမ်းသာသွားသလို ခံစားလိုက်ရ၏။

သူက တန်ပြန်တိုက်ခိုက်ရန် ပြင်လိုက်စဉ် အဘိုးအိုက သူ့ဓားကို ရုတ်သိမ်းလိုက်ပြီး နေရာတွင် ရပ်နေခဲ့သည်။ သူကတော့ တည်ငြိမ်သော အမူအရာနှင့် ကောက်ချက်ချလိုက်၏။

"မင်းက ဓားကို ရုတ်သိမ်းပြီး ခုခံလိုက်တာကို ငါတွေ့လိုက်တယ်…"

မုန့်ချီကတော့ အလွန်အံ့အားသင့်သွားပြီး မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားလိုက်ရသည်။

“ငါက သူနဲ့ပတ်သက်ပြီး အရာအားလုံးကို သိသွားပြီလို့ တွေးလိုက်မိတဲ့အချိန်မှာ အဲဒါကလည်း သူ့ဓားကွက်ရဲ့ ထောင်ချောက် တစ်စိတ်တစ်ပိုင်းဖြစ်နေသေးတာလား..”

သူကတော့ သူ၏အစစ်အမှန် အားနည်းချက်များကို ထုတ်ဖော်ပြသပြီး အလွန်ရှုပ်ထွေးသော ထောင်ချောက်များကို စီမံထားခဲ့သည်။

“ဒါက ငါ့ကို ဓားနှင့်ခုခံအောင် မျှားခေါ်လိုက်တာလား…။ တကယ်လို့ သူသာ အစွမ်းကုန် တိုက်ခိုက်လိုက်မယ်ဆိုရင် ငါက ဘာလုပ်နိုင်မှာလဲ…။ ငါ့ရဲ့တစ်ခုတည်းသော ရွေးချယ်မှုကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အသက်သွင်းပြီး သေမျိုးဖုန်မှုန့်ကျဆင်းခြင်း ၊ ရာမဖိတ်ခေါ်ခြင်း ၊ စွန့်လွှတ်ခြင်းကျင့်စဉ်နှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်တို့ကို သုံးပြီး မုန်တိုင်းသဖွယ် တိုက်ခိုက်ရမှာပဲ။ ပြီးတော့ ထွက်ပြေးဖို့အခွင့်အရေးကို ရှာရလိမ့်မယ် ။ ငါက မိုးကြိုးသွားဒေါသကိုယ်တော်နှင့် မဆင်မခြင်ကိုယ်တော်ရဲ့ အစွမ်းကို အမြင့်ဆုံးပြသလိုက်ရမှာပဲ…”

"ဒါက ငါ နားလည်ထားတဲ့ ဓားနိယာမတွေထဲက တစ်ခုလေ။ မင်းက ငါ့လက်ထဲမှာ အသက်ရှင်နေနိုင်မှတော့ ဓားနိယာမကို စပြီးနားလည်နေတဲ့ အဆင့်ကို ရောက်နေပြီ။ မင်းရဲ့အသက်အရ ပြောရမယ်ဆိုရင် ဒါက အောင်မြင်မှုကြီး တစ်ခုပဲ။ ဘာလို့လဲဆိုတော့ မင်းလို အသက်အရွယ်မျိုးမှာ ငါကတော့ ချီစွမ်းအားနှင့် ဓားပညာကို တတ်မြောက်ရုံပဲရှိသေးတဲ့ မြေကမ္ဘာအဆင့်ပဲ ရှိသေးတယ်.. "

အဘိုးအိုက ဓားကို သိမ်းလိုက်ပြီးနောက် လက်နောက်ပစ်၍ ရပ်လိုက်ပြီး မုန့်ချီကို ပြောလိုက်သည်။

မုန့်ချီကတော့ အနည်းငယ် စိတ်အေးသွားသလို ခံစားလိုက်ရ၏။ အကယ်၍ သူကသာ ဓားနိယာမအနည်းငယ်ကို ထုတ်ဖော်နိုင်ခြင်း မရှိလျှင် သူ့ဓားကို ပြန်ရုတ်သိမ်း၍ပင် မရဘဲ ရှုံးနိမ့်သွားရပါလိမ့်မည်။

သူက မုန့်ချီ၏ လမ်းကို ဘာကြောင့် တားဆီးထားကြောင်း အဘိုးအိုက မပြောခဲ့ပေ။ သူက ဓားပညာအကြောင်းကိုသာ ဆက်၍ ပြောပြလိုက်၏။

"ဓားပညာမှာ အခြေခံစည်းမျဉ်းနှစ်ခုပဲရှိတယ်။ တစ်ခုကတော့ ရှုပ်ထွေးရာကနေ ရိုးရှင်းသွားတာ။ တခြားတစ်ခုကတော့ ဆန့်ကျင်ဘက်ပဲ။ ပထမတစ်ခုမှာတော့ လှုပ်ရှားမှုတိုင်းမှာ ဓားနိယာမတွေ ပါဝင်နေပြီး ခုတ်ခြင်း ၊ ဖြတ်ခြင်း ၊ နှောင့်ယှက်ခြင်းတို့လို သိုင်းကွက်တွေနဲ့ ပြိုင်ဘက်ကို အလွယ်တကူ လွှမ်းမိုးထားနိုင်တယ်။ ဒုတိယတစ်မျိုးကတော့ သိုင်းကွက်မျိုးစုံကနေ ဆင်းသက်လာတာပဲ။ ဒါကြောင့် သူ့မှာ ပြောင်းလဲမှုတွေ အများကြီး ရှိတယ်လို့ ပြောလို့ရတယ်။ အဲဒီပြောင်းလဲမှုတွေထဲမှာ ထောင်ချောက်တွေ အများကြီး ရှိနေတဲ့အတွက် မင်းရဲ့ပြိုင်ဘက်က မျှော်လင့်ချက်မဲ့ပြီး အားကုန်သွားနိုင်တယ်…”

“အဲဒီနှစ်ခုက ခွဲခြားလို့ရတဲ့အရာတွေ မဟုတ်ဘူး။ ဆန့်ကျင်ဘက်တွေ။ သူတို့က ယင်နှင့်ယန်လိုပဲ။ ဓားနိယာမဆိုတာက တစ်ခုက လိုအပ်ရင် တစ်ခုက ပေးရတာ…"

သူက တောက်ပနေသော မျက်လုံးများနှင့် မုန့်ချီကို စိုက်ကြည့်လိုက်သည်။

"ရှုပ်ထွေးတာကနေ ရိုးရှင်းတာကို သွားတာပဲဖြစ်ဖြစ် ရိုးရှင်းရာကနေ ရှုပ်ထွေးတာကို သွားတာပဲဖြစ်ဖြစ် ဓားနိယာမတွေက လည်ပတ်နေတာပဲ။ ငါက ပြိုင်ဘက်ရှာနေတာ မဟုတ်ဘူး။ ငါက ထူးချွန်တဲ့ လူငယ်တွေကို တန်ဖိုးထားတယ်။ ဒါကြောင့်လည်း ငါက မင်းကို ဒီအရာတွေအားလုံး ပြောပြနေတာ…"

ရုတ်တရက်ဆိုသလို မုန့်ချီ၏ ခေါင်းထဲတွင် အလင်းတန်းများတောက်ပလာပြီး သူ၏ သံသယများ ၊ ရှုပ်ထွေးမှုများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။ မုန့်ချီက ဓားကို ဓားအိမ်ထဲသို့ ထည့်လိုက်ပြီး ဦးညွတ်လိုက်၏။

"အကြီးအကဲရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်…"

သူ၏အကြံပေးမှုက တုကူးဓား(၉)ကွက်ကို လေ့ကျင့်နေသော မုန့်ချီအတွက် အကူအညီပေးနိုင်သည့်အပြင် မုန့်ချီ၏ ဓားပညာများအတွက်လည်း အဖိုးမဖြတ်နိုင်အောင် တန်ဖိုးရှိသည်။ ထို့ပြင် ကောင်းကင်ဓားသိုင်းကျမ်းအပေါ် မုန့်ချီ၏ အမြင်ကိုလည်း ထပ်မံ ပြောင်းလဲပေးလိုက်နိုင်၏။

အဘိုးအိုက ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး မုန့်ချီ၏ အရိုအသေပေးမှုကိုတော့ သတိထားမိပုံမရချေ။ သူက သက်ပြင်းချပြီး ပြောလိုက်၏။

"မင်းက ထူးချွန်ထက်မြတ်တယ်။ ဒါပေမဲ့ မင်းရဲ့ဓားသိုင်းပညာက ပိုပြီးအဆင့်မြင့်တဲ့ နယ်ပယ်ကို ရောက်ဖို့တော့ တော်တော်လေး လိုသေးတယ်။ ငါက လွန်ခဲ့တဲ့(၈)နှစ်တုန်းက ဓားကိုင်ခဲ့တယ်။ ပြီးတော့ ဓားအင်ပါယာဆိုတဲ့ နာမည်ကို ရခဲ့တယ်…"

"တကယ့်ကို ဓားအင်ပါယာပါလား…"

မုန့်ချီက အံ့ဩသွားခဲ့သည်။

"အကြီးအကဲ…

အကြီးအကဲက ဓားကို စွန့်လွှတ်လိုက်ပြီဆိုတာ အမှန်ပဲလား…"

"ငါက စွန့်လွှတ်တယ်လို့ မပြောပါဘူး…။ ဓားနှင့် ငါက အချင်းချင်း မေ့လျော့သွားတယ်လို့ ပြောရင် ပိုမှန်လိမ့်မယ်…"

ဓားအင်ပါယာက တည်ငြိမ်စွာ ဖြေလိုက်သည်။

"အရင်တုန်းကတော့ ဓားက ငါ့ရဲ့နှလုံးသားထဲမှာမရှိဘဲ ငါ့ရဲ့လက်ထဲမှာပဲ ရှိနေတာ။ ဓားက လက်ထဲမှာ ရှိရမဲ့အစား နှလုံးသားထဲမှာ ရှိလာတဲ့အချိန်ကျတော့ ငါ့လက်ထဲမှာ ကိုင်ထားတဲ့ သစ်ကိုင်းခြောက်လေးတစ်ခုကတောင် ငါ့ရဲ့ဓားတစ်လက် ဖြစ်လာနိုင်တယ်။ ငါက ဓားတစ်ချောင်းဖြစ်သလို ဓားကလည်း ငါပဲ…။ ဒါကြောင့် ငါနဲ့ ဓားက အချင်းချင်း မေ့သွားပြီ။ ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင်တော့ ဓားနှင့်ငါက တစ်သားတည်း ဖြစ်သွားပြီ။ ဒီအဆင့်ကို ရောက်သွားတဲ့အချိန်မှာ ငါက ဒီဓားကို နောက်တစ်ကြိမ် ပြန်ကိုင်ခဲ့တယ်။ ဒါက ဓားတစ်ချောင်းပါပဲ။ နောက်ဆုံးမှာတော့ ငါက ဓားနိယာမတွေကို ပြည့်ပြည့်ဝဝ နားလည်သွားခဲ့တယ်… "

မုန့်ချီက ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"ပထမဆုံး ဆရာကြီးက တောင်တစ်တောင်ကို တောင်တစ်တောင်လို့ပဲ မြင်တယ်။ ရေကိုလည်း ရေလို့ပဲ မြင်တယ်။ အဲဒီနောက်မှာတော့ တောင်က တောင် မဟုတ်တော့ဘူး ။ ရေကလည်း ရေ မဟုတ်တော့ဘူး။ နောက်ဆုံးကျတော့ တောင်က တောင်တစ်လုံးလို ဆက်ရှိနေပြီး ရေကလည်း ရေအဖြစ် ဆက်ရှိနေသေးတယ်။ အဲဒီအဓိပ္ပါယ်မဟုတ်လား…"

ဓားအင်ပါယာက အသိအမှတ်ပြုစွာ ခေါင်းညိတ်ပြလိုက်သည်။

"မင်းလည်း အခုအဲဒါကို နားလည်သွားပြီဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းရဲ့ကိုယ်ပိုင်နိယာမကို ရှာရဦးမယ်။ အဲဒီအချိန်ကျရင်တော့ မင်းက အမှန်တကယ် နားလည်သွားပါလိမ့်မယ်…"

ထို့နောက် သူက အလွန်တည်ငြိမ်စွာ အဝေးသို့ ထွက်သွားခဲ့သည်။ သူက အမှောင်ထဲတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ သို့သော် သူက နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့သေးသည်။

"ဘယ်သူပဲ ဘုရင်ဖြစ်ဖြစ် အနောက်ပိုင်းကျူးကျော်သူတွေရဲ့ တိုက်ပွဲက ရှောင်လွှဲလို့မရဘူး။ ဒါကြောင့် သူ့ကို သေချာပေါက် လိုအပ်မှာပဲလို့ လုကွမ်ကို ပြောလိုက်ပါ။ ဒါကြောင့် သူက စိတ်ရှည်ရှည်ထားပြီး ဘယ်ဘက်ကိုမှ မပူးပေါင်းနဲ့ဦးလို့ ပြောလိုက်ပါ…"

မုန့်ချီက သက်ပြင်းချ၍ ပြောလိုက်မိသည်။

"ဓားအင်ပါယာမှာ ယုတ်မာတဲ့ အတွေးမျိုးမရှိတာ ကံကောင်းသွားတယ်။ မဟုတ်ရင် ငါနဲ့ရွမ်ယုရှုတို့က ဒုက္ခရောက်ပြီ… "

"ငါတို့က အချိန်အတိုင်းအတာတစ်ခုအထိ ဘက်မရွေးသေးရင် အကောင်းဆုံးပဲ…"

တစ်ချိန်လုံး တိတ်ဆိတ်နေသော ရွမ်ယုရှုက နောက်ဆုံးတွင်တော့ စကား ဝင်ပြောလိုက်သည်။

မုန့်ချီက သူမကို ကြည့်လိုက်ပြီး သူမပြောသည့်စကားကို လက်ခံလိုက်သည်။

"နင်ပြောတာ မှန်တယ်။ ငါလည်း အဲဒီလိုပဲ တွေးနေတာ။ တကယ်လို့ လော်ရှန်းကျိက မင်းသား(၃)ကို ကူညီပေးချင်တယ်ဆိုရင် အဲဒါက သူ့ကိစ္စပဲ။ ငါတို့နဲ့ ဘာမှမဆိုင်ဘူး.."

လော်ရှန်းကျိက မုန့်ချီနှင့် မဆွေးနွေးဘဲ ဆုံးဖြတ်ချက်ချလိုက်သည့်အတွက် မုန့်ချီက အလွန်ဒေါသထွက်နေခဲ့သည်။ သို့သော် သူက ဒေါသထွက်နေသော်လည်း အတိုက်အခံ မလုပ်သည်မှာ အခြေအနေကို စောင့်ကြည့်လိုခြင်းကြောင့် ဖြစ်သည်။

မည်သို့ဖြစ်စေကာမူ သူ၏ပစ်မှတ်က လုကွမ်ဖြစ်ပြီး မင်းသားများကို ဘုရင်ဖြစ်အောင် အကူအညီပေးရန် မဟုတ်ပေ။ သူက ဒေါသထွက်သည်ဖြစ်စေ မထွက်သည်ဖြစ်စေ နောက်တစ်နေ့တွင် မင်းသား(၃)ကို သွား၍ တွေ့ရမည်ဖြစ်၏။ အနည်းဆုံးတော့ သူက ထိုမင်းသား၏ အကြောင်းကို သိနိုင်သည်။ ထိုအရာက အချိန်ကျလာလျှင် ဆုံးဖြတ်ချက်ချရန် ကူညီပေးနိုင်၏။

"ငါတို့တွေ အားလုံးက နန်းတွင်းရေးနဲ့ပတ်သက်ပြီး ဘာမှအတွေ့အကြုံမရှိကြဘူး။ ဒီတော့ လုကွမ်ကို သွားမေးသင့်တယ်…"

ရွမ်ယုရှုက အေးစက်စွာ ပြောလိုက်သည်။

"နင်ပြောတာ အဓိပ္ပါယ်ရှိတယ်… "

မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ ထိုအရာများက နားလည်သော ပညာရှင်တစ်ယောက်၏ အကြံဉာဏ်ကို တောင်းသင့်သည်။

တော်ဝင်တည်းခိုဆောင်ထဲတွင် …

မုန့်ချီဆီမှနေ၍ ဓားအင်ပါယာ၏ အမှာစကားကို ကြားသည့်အခါ လုကွမ်က ခါးသီးစွာ ရယ်လိုက်မိသည်။

"အခုအချိန်မှာ ငါ့ရဲ့အမိန့်ကို လိုက်နာနိုင်တဲ့ ရဲမက်နည်းနည်းလေးပဲ ရှိတာပဲ။ ငါက ထီးနန်းကို ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ။ ဖြစ်နိုင်မယ်ဆိုရင် ဘုရင့်ရဲ့သစ္စာရှိ လူယုံတစ်ယောက်ဖြစ်လာဖို့ပဲ မျှော်လင့်နေတာပါ။ ငါက လက်ယာအမတ်ကြီးကိုလည်း တောင်းဆိုထားတယ်။ ပြီးတော့ ဘယ်သူပဲ ထီးနန်းကိုရရ ငါက ထောက်ပံ့ပေးမှာပဲ…"

ထို့နောက် သူက တီးတိုးရေရွတ်လိုက်သည်။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင် ထီးနန်းလိုချင်တဲ့သူတိုင်းက ငါ့ရဲ့အကူအညီကို လိုအပ်တာ မဟုတ်ဘူး။ တကယ်လို့ အနောက်ပိုင်းကျူးကျော်သူတွေနဲ့ ဆွေးနွေးချင်တဲ့ မင်းသားတစ်ပါးသာ ဘုရင်ဖြစ်သွားမယ်ဆိုရင် ငါက စွန့်ပစ်ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါလည်း မဆိုးပါဘူးလေ။ လူတွေ အထိအခိုက်မရှိဘဲ တိုက်ပွဲပြီးသွားဖို့ မျှော်လင့်မိတယ်။ ဒါပေမဲ့ အပေးအယူအတွက် စွန့်လွှတ်ရတာ သိပ်မများဖို့ပဲ မျှော်လင့်မိပါတယ်… "

မုန့်ချီက အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ ပုံမှန်အခြေအနေမျိုးတွင် ထီးနန်းလုပွဲက မင်းသားများ၏ အင်အားစုများ ယှဉ်ပြိုင်ကြရခြင်းဖြစ်၏။ သို့သော် ယခုတော့ အနောက်ပိုင်းကျူးကျော်သူများက ပိုင်မြစ်ကမ်း၏ အပေါ်ဘက်တွေ စခန်းချထားသည်။ သူတို့က အချိန်မရွေး တောင်ပိုင်းကို စုန်ဆင်းလာနိုင်၏။ ထို့ကြောင့် သူတို့၏ ရွေးချယ်မှုကလည်း ထီးနန်းဆက်ခံမည့်သူအပေါ် သက်ရောက်မှု ရှိနေသည်။

"တမန်တော်တစ်ယောက်က အပေးအယူလုပ်ဖို့ မြို့တော်ကို ရောက်နေတယ်လို့ ကြားတယ်။ ဒါပေမဲ့ အခု သူက ဘယ်နေရာမှာလဲ။ သူက ဘယ်သူနဲ့ ပူးပေါင်းနေတာလဲ ဆိုတာ ငါမသိဘူး…"

မုန့်ချီက ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ထိုအရာများကို စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်လေသည်။

Translated by Hein Htet

All Chapters