အခန်း (၁၇၃)
Vol. 12 Ch. 173
မုန့်ချီနှင့် ရွမ်ယုရှုတို့က ယွင်ရန်ရဲတိုက်ရှိရာကို ဦးတည်သွားနေကြသည်။ ထိုနေရာတွင် လျှို့ဝှက်တမန်တော်နှင့် အနောက်ပိုင်း ကျူးကျော်သူများက ငြိမ်းချမ်းရေး ဆွေးနွေးမည့်နေရာလည်း ဖြစ်သည်။ သူတို့ကတော့ ယွင်ရန်ရဲတိုက်၏အနားတွင် ပုန်းအောင်းနေရန် ဆုံးဖြတ်လိုက်ပြီး အခြေအနေကို အရင်ဆုံး စစ်ဆေးရန် ဆုံးဖြတ်ထားခဲ့သည်။
ထိုနေရာတွင် အလွန်အမင်းကို တိတ်ဆိတ်နေခဲ့၏။ ညမှောင်နေသည့်အချိန်တွင် လူအများစုက အိပ်စက်နေခဲ့သည်။ အစေခံ အနည်းငယ်ကသာ သူတို့၏အလုပ်များ လုပ်ဆောင်ရန်အတွက် တိတ်တဆိတ် သွားလာနေကြ၏။ ထိုကဲ့သို့ အခြေအနေများတွင် ပြဿနာများကို ရှာတွေ့နိုင်မည် မဟုတ်ကြောင်း မုန့်ချီက သိနေ၏။
ထို့ကြောင့် သူက ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး လျှို့ဝှက်တမန်တော်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက ငြိမ်းချမ်းရေး ဆွေးနွေးမှုကို နှောင့်ယှက်နိုင်မည်ဆိုလျှင်လည်း ကျေနပ်စရာ ကောင်းနေသေးသည်။ အကယ်၍ ငြိမ်းချမ်းရေး ဆွေးနွေးမှုသာ ပျက်စီးသွားမည်ဆိုလျှင် လုကွမ်က သေချာပေါက် အသုံးဝင်လာနိုင်၏။ ထိုကဲ့သို့ လက်ရှိအခြေအနေတွင် သူကတော့ ကျင်းထဲကျပ်ထဲသို့ ရောက်နေခဲ့သည်။
"ဟိုမှာ... "
ရွမ်ယုရှုက လျှို့ဝှက်အသံပို့ဆောင်မှုကိုသုံးပြီး တီးတိုးပြောလိုက်သည်။
သူမ လက်ညှိုးထိုးပြလိုက်သည့်နေရာက ယွင်ရန်ရဲတိုက်၏ အနောက်မြောက်ဘက်တွင် ရှိနေသော လမ်းကြားလေးတစ်ခု ဖြစ်သည်။ မုန့်ချီက သူ၏စိတ်ဝိညာဉ်စွမ်းအားများကို နားတံခါးဆီသို့ စုစည်းလိုက်သည်။ ထိုအချိန်ကျမှသာ လက်နက်များ တိုက်ခိုက်နေသည့်အသံကို ကြားလိုက်ရ၏။
"သူ့ရဲ့အကြားအာရုံက ပိုပြီးတော့အစွမ်းထက်တာပဲ…"
ရွမ်မိသားစုက အကြားစွမ်းရည်တွင် အလွန်နာမည်ကျော်ကြားကြောင်း မုန့်ချီက တွေးလိုက်မိသည်။ သူတို့ဆီတွင် နားတံခါးကို လေ့ကျင့်နိုင်သည့် လျှို့ဝှက်ချက်တချို့ ရှိနေသည်။
သူမနှင့် မုန့်ချီတို့နှစ်ယောက်လုံးက နားတံခါး ပွင့်နေကြသော်လည်း ရွမ်ယုရှုက အသံများကို ပို၍အာရုံခံနိုင်စွမ်း မြင့်မားသည်။
သူက စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။ သူက စွမ်းအားများကို စုစည်းလိုက်ပြီး သိမ်းငှက်တစ်ကောင်ကဲ့သို့ အတောင်ပံများကိုဖြန့်ပြီး ထိုနေရာသို့ ပျံသန်းသွားခဲ့၏။
မြို့တော်ထဲတွင် အဖွဲ့အစည်းများ၏ တိုက်ပွဲကို တွေ့ရသည်မှာ သာမန်သာ ဖြစ်သည်။ သာမန်မဟုတ်သော အရာကတော့ ထိုတိုက်ပွဲက ယွင်ယန်ရဲတိုက်အနားတွင် တိုက်ခိုက်နေကြခြင်း ဖြစ်၏။
သူတို့(၂) ယောက်လုံးက ကိုယ်ဖော့ပညာတွင် အတော်လေး ကျွမ်းကျင်ကြသည်။ ထို့ကြောင့် သိပ်မကြာခင် သူတို့က ထိုလမ်းကြားလေး၏အနားသို့ ရောက်လာခဲ့၏။
"ရပ်လိုက်တော့. "
မုန့်ချီက ရွမ်ယုရှုကို တားဆီးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင် အရိပ်တစ်ခုက သူတို့၏အရှေ့မှနေ၍ ခုန်ထွက်လာခြင်းကြောင့် ဖြစ်၏။ သူက မြေခွေးတစ်ကောင်ကဲ့သို့ ရက်စက်ကြမ်းကြုတ်ပြီး သေချာပေါက် လျှော့တွက်၍ မရနိုင်ပေ။
မုန့်ချီက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ဆွဲထုတ်လိုက်၏။ မကောင်းဆိုးဝါး မင်းသားနှင့် တိုက်ပွဲတွင် သူရခဲ့သော အတွေ့အကြုံများအရ သူ၏မျက်ခုံးကြားထဲတွင် လှုပ်ရှားသွားပြီး သူ၏စိတ်ဝိညာဉ်က ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူ့ဓားနှင့် ခုတ်ချလိုက်၏။
သူက ဓားနှင့် ခုတ်ချလိုက်သည့်အချိန်တွင် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက သူ့ခန္ဓာကိုယ်နှင့် တသားတည်း ဖြစ်နေသလို ခံစားနေရသည်။ သူ၏အာရုံခံစွမ်းအားများ ထွက်ပေါ်လာသည့်အချိန်တွင် ပြိုင်ဘက်၏ ဓားကောက်ကြီးပေါ်တွင် ရှိနေသော ချီစွမ်းအင်များကို ခံစားမိနေသည်။
သူက ထိုဓားကောက်ကြီး၏ ပြောင်းလဲမှုများကို စစ်ဆေးကြည့်ရန် ခက်ခဲနေ၏။ မည်သို့ဖြစ်စေကာမူ သူက လမ်းကြောင်းကိုသာ ရှာဖွေနေခြင်း ဖြစ်သည်။ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များ၏ ပြောင်းလဲမှုနှင့် ခန္ဓာကိုယ်တုံ့ပြန်မှုများကို အာရုံစိုက်နေသော်လည်း မုန့်ချီ၏ ဓားသွားတိုက်ခိုက်မှုက အလွန်အစွမ်းထက်ပြီး ထူးခြားနေသေးသည်။
မုန့်ချီက ဓားသွားနှင့် တိုက်ခိုက်လိုက်ပြီးနောက် ပြိုင်ဘက်က စိုးရိမ်ထိတ်လန့်သွားခဲ့၏။ သူ၏ဓားသွားက ပတ်ဝန်းကျင်နှင့် ပေါင်းစပ်သွားပြီး ဆက်တိုက်ဆိုသလို ပြောင်းလဲလာသည်။
သူ၏လှုပ်ရှားမှုများက မည်မျှပြောင်းလဲသွားစေကာမူ ဓားအလင်းရောင်၏ လက်ထဲမှ လွတ်မြောက်ရန် ခက်ခဲနေ၏။ သူက တဖြည်းဖြည်း နောက်ဆုတ်သွားရာ နောက်ကြောက နံရံနှင့် တိုက်မိသွားခဲ့၏။ ထိုအချိန်တွင် သူ၏ဓားကောက်ကြီးက ရင်ဘတ်ရှိရာကို ရောက်သွားကြောင်း တွေ့လိုက်ရသည်။ သို့သော် မကောင်းဆိုးဝါး စမ်းသပ်ရေးဓားက သူ့ခေါင်းဆီကို ရောက်လာနေပြီ ဖြစ်၏။
အသွားမပါသော ဓားနှောင့်နှင့် သူ့ကို တိုက်ခိုက်လိုက်သည့်အတွက် သူလည်း သတိလစ်သွားခဲ့သည်။ ထို့နောက် မုန့်ချီက ရေခဲပေါ်တယ်ဓားနှင့် ထိုလူ၏လည်ပင်းကို ထိုးစိုက်လိုက်သည့်အတွက် သူက ချက်ချင်း သေဆုံးသွားခဲ့သည်။
ထိုအချိန်တွင် လက်နက်များနှင့် တိုက်ခိုက်နေသည့်အသံက ပျောက်ကွယ်သွားပြီး ထွက်ပြေးနေသည့် ခြေသံများကိုသာ ကြားလိုက်ရသည်။ မုန့်ချီကတော့ ထိုလူကို စစ်ဆေးနေရန် အချိန်မရှိချေ။ အကယ်၍ သူကသာ ထိုလူများကို သတ်ပစ်နိုင်ခြင်းမရှိလျှင် သူ၏အကြောင်းများ ပေါ်သွားနိုင်ကြောင်း သိနေသည်။
မုန့်ချီက ဓားကိုသုံးပြီး သတ်ပစ်ခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူအားသာသည့် အရည်အချင်းက ဓားမောက်တစ်ချောင်းဖြစ်ကြောင်း တခြားလူများကို မသိစေချင်ခဲ့ပေ။ မကောင်းဆိုးဝါးမင်းသားက ထိုအရာကို သိနေသော်လည်း တခြားပြိုင်ဘက်များနှင့် တိုက်ခိုက်ရာတွင် အလစ်အငိုက်တိုက်ခိုက်၍ ရနေသေး၏။
တခြားသော အကြောင်းပြချက် တစ်ခုကတော့ ယခုချိန်ထိ သူက ဓားရှည်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြုနိုင်သေးပေ။ မုန့်ချီက ဓားအင်ပါယာနှင့် တိုက်ခိုက်ခဲ့ပြီး လမ်းညွှန်မှုတချို့ကို ရခဲ့ပြီးနောက် တော်တော်လေး နားလည်သွားခဲ့သည်။
သို့သော် သူ၏ဓားပညာက ပြန်လည်တည်ဆောက်သည့် အဆင့်သာ ရှိနေသေးပြီး ဓားကို အသုံးပြုရာတွင် အတော်လေး မသက်မသာ ခံစားနေရသေးသည်။ သူက ထိုအရာများကို ကြေညက်အောင် လေ့ကျင့်ပြီး ပေါင်းစပ်ရန် အချိန်လိုအပ်သည်။ သူ၏ဓားပညာက အဆင့်အသစ်တစ်ခုကို ရောက်လာသည့် အချိန်မှသာ ဓားကို အသုံးပြုသည့် အချိန်တိုင်း မသက်မသာ ခံစားမှုများ သေချာပေါက် ပျောက်ကွယ်သွားပါလိမ့်မည်။
တလျှောက်လုံးတွင် သူ၏ဓားပညာက မြေခွေးရိုင်းတစ်ကောင်၏ တိုက်ခိုက်မှုကဲ့သို့ ဖြစ်နေသည်။ ကျန်းကျိဝေက သူ့ကို အခြေခံဓားသိုင်းပညာနှင့် ရာမဖိတ်ခေါ်ခြင်း သိုင်းပညာ၏ အနှစ်သာရများကို နားလည်ရန် ကူညီပေးခဲ့သော်လည်း သူကတော့ စမ်းသပ်မှုများ ၊ အခက်အခဲများမှတဆင့် နားလည်အောင် ကြိုးစားနေရခြင်း ဖြစ်သည်။
ထို့ကြောင့် တုကူးဓား (၉) ကွက်ကဲ့သို့ အရာမျိုးက ရှုပ်ထွေးမှုမှနေ၍ ရိုးရှင်းမှုကို ပြောင်းလဲလာရခြင်း ဖြစ်သည်။ သူ့ဆီတွင် တခြားနည်းလမ်းများလည်း မရှိချေ။ ထိုအရာက ဓားပညာ၏ နောက်ကွယ်တွင် ရှိနေသော သဘာဝတရားနှင့် အနှစ်သာရများ ဖြစ်သည်။
သူတို့က ဓားပညာ နားလည်မှုများအပေါ် တခြားလူ၏ သုံးသပ်ချက်ကို အားကိုးကြရသည်။ တန်ပြန်တိုက်ခိုက်မှုများကတော့ သီးခြား အကျိုးသက်ရောက်မှုတစ်ခုသာ ဖြစ်၏။
သို့သော် သူကတော့ အရာဝတ္ထု၏ လွှမ်းမိုးမှုကို ခံလိုက်ရပြီး တုကူးဓား (၉)ကွက်နှင့် ပတ်သက်သည့် သာမန်အမြင်များက အစီအစဉ်လွဲမှားနေခဲ့သည်။ သံသရာအရှင်သခင် ပြောခဲ့သည့်စကားအရ တုကူးဓား (၉) ကွက်က ဝေ့ကျင်းအဆင့် ဓားပညာနှင့် အနီးစပ်ဆုံး စွမ်းအားရှိသည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် သူ့နောက်ကွယ်တွင်ရှိနေသော စည်းမျဉ်းများကြောင့် ဖြစ်သည်။
အကယ်၍ ဓားအင်ပါယာ၏ လမ်းညွှန်မှုသာမရှိလျှင် သူ၏ဓားပညာက ထိုအဆင့်တွင် ရပ်တန့်နေပါလိမ့်မည်။ ထို့ပြင် အတွေးအခေါ်များကသာ ပြောင်းလဲလာမည်ဆိုလျှင် သူ၏ကောင်းကင်ဓားကျင့်စဉ်က အဖိုးမဖြတ်နိုင်သော အရာတစ်ခု ဖြစ်လာနိုင်သည်။
နောက်ဆုံးတွင်တော့ ဂိုဏ်းကြီးများတွင် ရှိနေသော တပည့်များက ဘာကြောင့် တစ်ကိုယ်တော် ကျင့်ကြံသူများထက် ပို၍အစွမ်းထက်ကြောင်း နားလည်လာခဲ့၏။ သူက အလောင်းကို အမှောင်ထဲသို့ ပစ်လိုက်ပြီး သူ၏စွမ်းအင်များကို လှုပ်ရှား၍ လေနတ်ဘုရားခြေလှမ်းသိုင်းကို သုံးလိုက်သည်။
ထိုအချိန်တွင် လေလှိုင်းတစ်ခု ထွက်ပေါ်လာပြီး ထွက်ပြေးသူများကို မီလာခဲ့၏။ မုန့်ချီနှင့် ရွမ်ယုရှုတို့က ရပ်လိုက်ကြပြီး နံရံ၏အရိပ်ထဲတွင် ပုန်းအောင်းလိုက်ကြသည်။ သူတို့၏ရှေ့တွင် ရှိနေသော သစ်ပင်၏ အနောက်တွင်တော့ ပုန်းနေသည့် လူနှစ်ယောက် ရှိနေ၏။
"ကျင်းရှို …
မင်းတစ်ယောက်တည်းပဲ သွားလိုက်တော့... ။ ငါ့ကိုဘာမှမစိုးရိမ်နဲ့ ။ ငါက ပြတ်ရှဓားရဲ့လက်ကနေ မလွတ်နိုင်ဘူးဆိုတာသိတယ်... "
လူတစ်ယောက်က အလွန်အားနည်းစွာ ပြောလိုက်သည်။
"ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုတာက ထောင်ချောက်တစ်ခုဆိုတဲ့သတင်းကို ပျံ့အောင်လုပ်နိုင်ရင် ငါကျေနပ်ပြီ…"
"ငါက ငါ့ရဲ့ညီအစ်ကိုကို တစ်ယောက်တည်း ချန်မထားနိုင်ဘူး... ။ ငါတို့က သစ္စာဖောက်တွေအကြောင်း မင်းရဲ့မျိုးနွယ်စုကို သတင်းပို့ဖို့ လိုနေသေးတယ်... "
ထိုလူက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြန်ဖြေလိုက်၏။
"ပြတ်ရှရဲ့အစွမ်းက ဘယ်လောက်ရှိလဲ...”
“သူ့ရဲ့ဂုဏ်သတင်းက တော်တော်ကြီးတယ်... ။ သူက အလယ်ပိုင်းနယ်မြေထဲမှာရှိတဲ့ မကောင်းဆိုးဝါးမင်းသားနဲ့ နတ်ဆိုးဘုရင်တို့ကိုတောင် ယှဉ်နိုင်တယ်... ။ ဒါပေမယ့် သူက သက်ရှိထင်ရှားဗုဒ္ဓကို စိန်ခေါ်ခဲ့တဲ့အတွက် သူ့ရဲ့စွမ်းအားတွေ နိမ့်ကျသွားခဲ့တာ..။ အဲဒီတိုက်ပွဲကြောင့် သူ့ရဲ့စိတ်ဝိညာဉ်ထဲမှာ အားနည်းချက်တွေ ရှိလာတယ်လို့ ပြောကြတာပဲ.. "
ထိုလူက အသံတိုးတိုးနှင့် အားနည်းစွာ ပြောလိုက်သည်။
ကျင်းရှိုက တီးတိုးရေရွတ်လိုက်၏။
"ဒါက ကိစ္စမရှိဘူး... ။ ငါက တိုက်ခိုက်ရဲတယ်... ။ ငါက နောက်ဆုတ်မှာမဟုတ်ဘူး.."
သူက အားနည်းသောသူကို နောက်ကျောတွင် သယ်ဆောင်ထားပြီး ခြံဝန်းထဲမှထွက်၍ မြစ်ကမ်းပါးဆီသို့ လျှောက်သွားခဲ့သည်။ သူက မြစ်ထဲသို့ ခုန်ဆင်းပြီး ထွက်ပြေးရန် စဉ်းစားနေခဲ့၏။
ထိုအချိန်တွင် သူ၏နားထဲ၌ အေးစက်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ထိုအသံကြောင့် သူက မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး တုန်ယင်သွားခဲ့၏။
သူက ပြန်လှည့်ကြည့်လိုက်ရာ အလွန်ကြီးမားသော အရိပ်ကြီးတစ်ခုက ဓားမောက် တစ်ချောင်းကို ကိုင်ပြီး ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။ သူ့ပုံစံက မကောင်းဆိုးဝါးသခင် တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။ ပို၍များပြားသော အရိပ်များကလည်း ပတ်ပတ်လည်မှ ချဉ်းကပ်လာပြီး သူတို့စီစဉ်ထားသည့် လမ်းကြောင်းတိုင်းကို တားဆီးထားသည်။
"တိုက်ခိုက်ကြစမ်း... ။ အဲဒီခွေးကောင်တွေကို သတ်ပစ်လိုက်... "
ကျင်းရှိုက ကျိန်ဆဲလိုက်သည်။ ထိုသို့ဆိုရာတွင် သူက လှုပ်ရှားနေခြင်းမရှိဘဲ ရန်သူများကိုသာ စောင့်ကြည့်နေခဲ့၏။ သူက တိုက်ခိုက်ရမည့်အစား ရန်သူကို အာရုံလွှဲရန်သာ စဉ်းစားထားခဲ့သည်။
"ငါက မင်းလိုအားနည်းတဲ့ လူပေါင်းများစွာကို သတ်ခဲ့ဖူးတယ်... "
ပြတ်ရှဓားက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျင်းရှိုနှင့် သူ့နောက်ကျောတွင် ရှိနေသော လူက စကားပြန်ပြောရန် ပြင်လိုက်စဉ် 'အော်မီတော်ဖော်' ဟူသော စကားသံကို ကြားလိုက်ရသည်။ သူတို့၏နားထဲတွင်လည်း 'တတောက်တောက်' ခေါက်သံများကို ကြားလိုက်ရ၏။
လူတိုင်းက အံ့အားသင့်စွာ ပြန်လှည့်ကြည့်လိုက်မိသည်။ ထိုအချိန်တွင် လှေငယ်လေးတစ်စီးက ရေစီးနှင့်အတူ မျောပါလာပြီး လှေပေါ်တွင်တော့ အဖြူဝတ် ဘုန်းတော်ကြီးတစ်ပါး ရှိနေခဲ့သည်။ သူ့ပုံစံက လူသားကမ္ဘာကြီးထဲမှ လူတစ်ယောက်နှင့် မတူညီပေ။ သူ၏ဝတ်စုံများ ၊ ဖိနပ်များက သန့်ရှင်းနေပြီး ဗုဒ္ဓနယ်မြေမှ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ တိတ်ဆိတ် အေးချမ်းနေခဲ့သည်။
"ယုယီဘုန်းတော်ကြီး... "
ပြတ်ရှဓားက အနည်းငယ် စိုးရိမ်သွားပုံရသည်။
ယုယီဘုန်းတော်ကြီးက ကျေနပ်စွာ ပြုံး၍ ပြန်မေးလိုက်၏။
"ဒကာကြီးတို့ …
ငါ့လို ဆင်းရဲတဲ့ဘုန်းတော်ကြီးတစ်ပါးနဲ့ လိုက်ခဲ့ချင်လား... "
ကျင်းရှိုနှင့် သူ့နောက်ကျောတွင် ရှိနေသူက တိတ်ဆိတ်သွားပြီး ယုယီဘုန်းတော်ကြီးကို ယုံကြည်ရခြင်းရှိမရှိ စဉ်းစားနေကြသည်။
"မင်းတို့က ငါ့နောက်ကို လိုက်လာတာပိုကောင်းမယ်... "
အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်ကလည်း တခြားတစ်ဖက်မှ ရောက်လာခဲ့သည်။ သူကတော့ ကောင်းကင်ဘုံမှ ကျရောက်လာသလို ထင်မှတ်ရ၏။
"ဒကာကြီး နတ်ဆိုးဘုရင် …
မင်းက အဆင်ပြေမယ်လို့ထင်ပါတယ်... "
ယုယီဘုန်းတော်ကြီးက လက်အုပ်ချီပြီး တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။
လက်ရှိအခြေအနေက ပြောင်းလဲသွားပြီး ဤနေရာတွင် တူညီသော အစွမ်းရှိသည့်လူ (၃) ယောက် ရှိနေသည်။ မည်သူက မိတ်ဆွေဖြစ်ပြီး မည်သူက ရန်သူဖြစ်ကြောင်း ကျင်းရှိုက မသိပေ။ ထိုအချိန်တွင် တစ်စုံတစ်ခု လွဲမှားစွာ ဆုံးဖြတ်မိသည်နှင့် အကျိုးသက်ရောက်မှုများ ရှိလာနိုင်၏။ ထိုအခြေအနေမျိုးတွင် သူတို့အားလုံးဆီ၌ လျှို့ဝှက်သော လှုပ်ရှားမှုများ ရှိနေနိုင်သည်။
သူက ငြိမ်သက်သွားပြီး ကျောက်တုံးတံတားပေါ်သို့ တက်လိုက်သည့်အချိန်တွင် တံတားပေါ်၌ လူတစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရ၏။ ထိုလူက လက်နောက်ပစ်၍ ရပ်နေပြီး အလွန်အေးစက်သည့် အမူအရာ ရှိနေသည်။ အဖြူရောင် ဝတ်စုံကိုလည်း ဝတ်ဆင်ထား၏။
သူက တံတားအောက်တွင် ရှိနေသော ရေစီးကြောင်းကို စိုက်ကြည့်နေသည်။ သူ့ပုံစံက ကမ္ဘာမြေကြီးနှင့် တသားတည်းကျနေသလို ထင်မှတ်ရ၏။
"နောက်ထပ် အဆင့်မြင့်ပညာရှင်တစ်ယောက်ပဲ…"
ကျင်းရှိုက တစ်ယောက်တည်း တွေးလိုက်မိသည်။
ထိုအချိန်တွင် ထိုပညာရှင်က ဖြည်းညင်းစွာ ပြန်လှည့်လာကြောင်း တွေ့လိုက်ရ၏။ သူ၏မျက်နှာ အမူအရာက ချောမောခန့်ညားသော်လည်း အလွန်အေးစက်နေသည်။ သူက ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။ သူ့ပုံစံက ထိုအလုပ်မျိုးကို အကြိမ်ထောင်ပေါင်းများစွာ လုပ်ဆောင်ထားသလို ထင်မှတ်ရသည်။ သူက အနှစ်သာရများကို ကျွမ်းကျင်နေသလို ထင်မှတ်ရ၏။
ဓားကို ဆွဲထုတ်လိုက်သည့် အချိန်တွင် မုန့်ချီက နတ်ဆိုးဘုရင် ၊ ယုယီဘုန်းတော်ကြီးနှင့် တခြားလူများကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
"ဘယ်သူက ကျုပ် ဓားကို စိန်ခေါ်ချင်တာလဲ... "
နတ်ဆိုးဘုရင်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထို့နောက် သူက အသံတိုးတိုးနှင့် ရေရွတ်လိုက်၏။
"ဒါက နတ်ဘုရားသတ်ဓား ရှောင်မုန့် မဟုတ်လား... "
"နတ်ဘုရားသတ်ဓားလား... "
ပထမတွင် ကျင်းရှိုက ထိတ်လန့်သွားခဲ့သော်လည်း ချက်ချင်းပင် ဝမ်းသာပျော်ရွှင်သွားခဲ့လေသည်။
Translated by Hein Htet.