အခန်း (၁၇၄)
Vol. 12 Ch. 174
လရောင်အနည်းငယ် တောက်ပနေသော ညအချိန်တွင် ကျောက်တုံးတံတားလေးပေါ်၌ ပြိုင်ဘက်အဖွဲ့များစွာ ရောက်ရှိနေကြသည်။
နတ်ဆိုးဘုရင်က မုန့်ချီ၏နာမည်ကို ပြောလိုက်သည့်အချိန်တွင် ကျင်းရှိုက အလွန်အံ့သြသွားခဲ့သည်။ သူက တစ်ညတည်းနှင့် နာမည်ကျော်ကြားလာခဲ့သော နတ်ဘုရားသတ်ဓား ရှောင်မုန့် ဖြစ်နေ၏။
သူက အလွန်ဝမ်းသာသွားသလို ခံစားလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် သစ္စာရှင်ဓားသမား ရှောင်မုန့်က တပ်မှူးလုကို ကာကွယ်ပြီး မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော မြို့တော်သို့ သူတစ်ယောက်တည်းအစွမ်းနှင့် လိုက်ပို့ခဲ့သည်။ သူ့ဓားချက်အောက်တွင် သေဆုံးသွားခဲ့ရသော ပညာရှင်များစွာ ရှိခဲ့ခြင်းကြောင့် မြို့တော်၏နေရာအနှံ့တွင် နတ်ဘုရားသတ်ဓားဟူသော နာမည်နှင့် လူသိများလာခဲ့ခြင်း ဖြစ်၏။
အမှန်တရားကို မြတ်နိုးသော သူ၏စိတ်ဓာတ်ကြောင့် သူတို့၏ယုံကြည်မှုနှင့် ထိုက်တန်သည်။ လူတစ်ယောက်၏ အောင်မြင်မှုက သစ်ပင်တစ်ပင်၏အရိပ်နှင့် တူသည်ဟူသော စကားပုံတစ်ခုလည်း ရှိ၏။
လုကွမ်ကဲ့သို့သော လူတိုင်း မျှော်လင့်နေသည့် တပ်မှူးတစ်ယောက်ကို မြို့တော်ဆီရောက်အောင် ခေါ်လာခဲ့သည့်အတွက် သိုင်းလောကသားတိုင်း၏ မျက်လုံးထဲတွင်တော့ သူက သူရဲကောင်းတစ်ယောက်ဖြစ်နေသည်။
သူ့နောက်တွင် မိတ်ဆွေကောင်းတစ်ယောက် ရှိနေသည့်အတွက် သူက မုန့်ချီအနားသို့ ဖြည်းညင်းစွာ ကပ်လာနေခဲ့သည်။
မုန့်ချီကတော့ သူတို့ကို တွန်းအားမပေးချင်သည့်အတွက် အေးအေးဆေးဆေး စောင့်နေခဲ့သည်။ မုန့်ချီက ကိုယ့်ကိုယ်ကိုယ် အစစ်အမှန် ဓားသမားတစ်ယောက်အဖြစ် သတ်မှတ်ထားသည့်အတွက် တစ်ဖက်လူ၏ အခြေအနေကိုလည်း အခွင့်ကောင်းယူလိုခြင်း မရှိချေ။
ကျောက်တုံးတံတား ၊ စီးဆင်းနေသောရေနှင့် ဓားသမားက လိုက်ဖက်ညီနေပြီး အရာအားလုံးနှင့် တစ်သားတည်း ဖြစ်နေသလို ထင်မှတ်ရသည်။ ထို့ကြောင့်လည်း ယုယီဘုန်းတော်ကြီး ၊ နတ်ဆိုးဘုရင်နှင့် ပြတ်ရှဓားတို့က အလျင်စလို မတိုက်ခိုက်ရဲကြခြင်း ဖြစ်၏။
သူတို့သာ ရှေ့သို့ ခြေတစ်လှမ်းထွက်လိုက်မည်ဆိုလျှင် မိုးကြိုးသဖွယ် တိုက်ခိုက်မှုကို ကြုံရနိုင်ပြီး မထင်ထားသော ပြဿနာများ ဖြစ်လာနိုင်သည်။
မုန့်ချီက ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည့်အချိန်တွင် လှုပ်ရှားမှုတိုင်းက တစ်ထပ်တည်း ကျနေသလို ထင်မှတ်ရပြီး ထိုအရာကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်ထားဖူးသလို ထင်မှတ်ရသည်။ ထို့ကြောင့်လည်း ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကြခြင်း ဖြစ်၏။ သူတို့၏ စိတ်ထဲတွင် တစ်စုံတစ်ယောက်ကို တွေးလိုက်မိခြင်း ဖြစ်နိုင်သည်။
မုန့်ချီ၏ လှုပ်ရှားမှုများက ဓားအင်ပါယာကို အမှတ်ရသွားစေ၏။ သူတို့က ထိုအရာကို လုံးဝမေ့လျော့နေခဲ့ခြင်း ဖြစ်သည်။
“နတ်ဘုရားသတ်ဓားက အဲဒီအဆင့်ကို ရောက်သွားပြီလား။ သူက ကျွမ်းကျင် အဆင့်ကနေ မရှိခြင်းအဆင့် ၊ မရှိခြင်းအဆင့်ကနေ ကျွမ်းကျင်အဆင့် ပြောင်းလဲမှုတွေကို ကျော်ပြီး ဓားပညာအနှစ်သာရတွေကို ဖမ်းဆုပ်မိသွားပြီလား...။ ဒါမှမဟုတ် သူက ဓားပညာတစ်ခုတည်းကို ကန့်သတ်မထားဘဲ ကမ္ဘာကြီးတစ်ခုလုံးမှာရှိတဲ့ အရာအားလုံးနဲ့ ချီစွမ်းအင်တွေကိုပါ ဓားရဲ့အနှစ်သာရအဖြစ် ပြောင်းလဲနိုင်သွားပြီလား…”
သူတို့က ခန့်မှန်းကြည့်နေကြသည်။
“ဓားဆိုတာ ဘာလဲ..။ ဘာလို့ ဓားလို့ ခေါ်ရတာလဲ…”
ထိုမေးခွန်းများက ဓားပညာကို အမြင့်ဆုံးထိ လေ့ကျင့်ထားသူတိုင်း အကြိမ်ကြိမ် မေးခဲ့ဖူးသော အရာများဖြစ်သည်။
ဓားအင်ပါယာ၏ အဖြေကတော့ အလွန်ရိုးရှင်းသည်။
“ဓားဆိုတာက ဓားပါပဲ….”
ဓားအင်ပါယာ၏ ဓားထုတ်ပုံနှင့် တူညီနေသော မုန့်ချီကို ရင်ဆိုင်ရသည့်အချိန်တွင် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့က အရင်ဆုံး တိုက်ခိုက်လိုခြင်း မရှိကြချေ။ အကယ်၍ သူတို့တစ်ယောက်ချင်းဆီ ဆိုလျှင်တော့ ကိုယ့်အစွမ်းကိုယ် ယုံကြည်ကြသည့်အတွက် ကြိုးစားကြည့်ကြမည် ဖြစ်သည်။ သို့သော် တခြားသော ပညာရှင်(၂)ယောက် ရှိနေသည့်အတွက် သူတို့ကို အရင်ဆုံး လှုပ်ရှားခိုင်း၍ ရနိုင်သည် မဟုတ်ပေလော။
ထို့ပြင် အကယ်၍ ယုယီဘုန်းတော်ကြီး၊ နတ်ဆိုးဘုရင်နှင့် မုန့်ချီတို့သာ နှစ်ဖက်လုံး ဒဏ်ရာရသွားမည်ဆိုလျှင် တတိယတစ်ယောက်က အကျိုးအမြတ်ရသွားနိုင်သည်။ အထူးသဖြင့် သူတို့ (၃)ယောက်က မတူညီသော အဖွဲ့အစည်းများမှ ဖြစ်သည့်အတွက် ပူးပေါင်းရန်လည်း လုံးဝမဖြစ်နိုင်ချေ။
နှစ်ယောက်လုံးက စိုးရိမ်နေကြသည့်အတွက် တစ်ယောက်မျှ လှုပ်ရှားကြခြင်း မရှိပေ။ တစ်ယောက်က လှေပေါ်တွင် ရပ်နေပြီး အင်္ကျီစက လေထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ လူသားကမ္ဘာကြီးနှင့် ကင်းကွာနေသလို ထင်မှတ်ရ၏။ တခြားတစ်ယောက်ကတော့ အလွန်ကြောက်စရာကောင်းပုံရပြီး လက်ဖဝါးနှစ်ဖက်ကို အောက်ဘက်သို့ ချထား၏။
သို့သော် ပြတ်ရှဓားကတော့ တိုက်ခိုက်ရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူက သက်သေအားလုံးကို ဖျက်စီးရန်အတွက် ထိုလူနှစ်ယောက်ကို တိုက်ခိုက်ရန် လိုအပ်သည်။ ထို့ပြင် သူက ဓားအင်ပါယာနှင့် လုံးဝမတွေ့ဖူးသည့်အပြင် မုန့်ချီ၏ ဓားပညာကိုလည်း မရင်းနှီးချေ။ သူ့ပုံစံကတော့ မရင့်ကျက်သေးသော ကလေးတစ်ယောက်နှင့် တူညီနေသည်။
သူက ရှေ့ကို တစ်လှမ်းချင်းတက်လာနေပြီး ခြေလှမ်းတိုင်းက တိုင်းတာထားသကဲ့သို့ တူညီသော အကွာအဝေး ရှိနေ၏။
“မောက်မာလှချည်လား…”
သူ့ဓားက လေထဲသို့ မြောက်တက်လာပြီး လရောင်အောက်တွင် မီးလောင်နေသလို ထင်မှတ်ရသည်။
“ဘယ်သူက ကျုပ်ဓားကို စိန်ခေါ်ရဲလဲ…”
ထိုစကားက ကိုယ့်ကိုယ်ကိုယ် အလွန်အထင်ကြီးနေခြင်း ဖြစ်သည်။ ဤနေရာတွင် ရောက်နေသော လူတိုင်းက နာမည်ကျော်ပညာရှင်များ ဖြစ်သည့်အတွက် ထိုကဲ့သို့ အထင်သေးသော စကားကို မည်သူက ခံနိုင်ရည် ရှိနိုင်မည်နည်း။
သို့သော် ပြတ်ရှဓားက ဒေါသထွက်သွားခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ယခင် တိုက်ခိုက်ခဲ့သည့်အချိန်များတွင် ထိုကဲ့သို့ အလားတူ စကားမျိုးကို ကြားခဲ့ဖူးခြင်းကြောင့် ဖြစ်သည်။
သူက အလွန်တည်ငြိမ်နေ၏။ သူက လျှောက်လာလေလေ သူ၏အရှိန်အဝါက ပို၍ မြင့်လာလေလေ ဖြစ်သည်။
မုန့်ချီက နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေသော ပြတ်ရှဓားကို ကြည့်လိုက်ပြီး သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်သည်။ ထို့နောက် ခါးတွင် ပြန်ချိတ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“ခင်ဗျားရဲ့စိတ်ဝိညာဉ်မှာ အားနည်းချက်က အရမ်းကြီးနေတဲ့အတွက် ကျုပ်ဓားနဲ့ မထိုက်တန်ဘူး…”
ထိုအချိန်တွင် သူ၏အနက်ရောင်ဓားက လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ဓားအိမ်ထဲမှ ထွက်လာခဲ့သည်။
“ခင်ဗျားရဲ့စိတ်ဝိညာဉ်မှာ အားနည်းချက်က အရမ်းကြီးနေတဲ့အတွက် ကျုပ်ဓားနဲ့ မထိုက်တန်ဘူး………
ခင်ဗျားရဲ့စိတ်ဝိညာဉ်မှာ အားနည်းချက်က အရမ်းကြီးနေတဲ့အတွက် ကျုပ်ဓားနဲ့ မထိုက်တန်ဘူး….”
မုန့်ချီ၏ စကားလုံးများက ပြတ်ရှဓား၏ ရင်ထဲတွင် ရှိနေသော ဒေါသများကို လှုှံ့ဆော်ပေးနိုင်သည့်အတွက် သူ၏မျက်လုံးများက နီရဲလာပြီး အံကြိတ်နေခဲ့၏။
“ငါ့ကို တော်တော်အထင်သေးနေတာပဲ…”
ပြတ်ရှဓားက တစ်ယောက်တည်း ကြုံးဝါးလိုက်သည်။
“မုန့်ချီ ပြောလိုက်တဲ့ စကားလုံးရဲ့ ပထမတစ်ဝက်က ငါ့ရဲ့အားနည်းချက်ကို ပစ်မှတ်ထားလိုက်တာပဲ။ မုန့်ချီက ဘာလို့ ငါ့ရဲ့အားနည်းချက်ကို လူကြားထဲမှာ ထုတ်ပြောလိုက်ရတာလဲ။ ပြီးတော့ ဒုတိယတစ်ပိုင်းကတော့ ငါ့ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေတာ။ သူက ဓားမသုံးဘဲ သာမန်လက်နက်သုံးရင်တောင် ငါ့ကို ကြက်ကလေး ငှက်ကလေးလို သတ်ပစ်နိုင်တယ်လို့ သတ်မှတ်နေတာပဲ။ သူက ပိုပြီး နာမည်ကြီးချင်နေတာ…”
ထိုအချိန်မျိုးတွင် မည်သူက တည်ငြိမ်နေနိုင်မည်နည်း။ ပြတ်ရှဓားကလည်း မတည်ငြိမ်နိုင်တော့ဘဲ ရင်ထဲတွင် ဒေါသများ အလိပ်လိုက် တက်လာခဲ့သည်။
ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်ကဲ့သို့သော ကြည့်နေသူများကလည်း အံ့သြနေကြသည်။ အကယ်၍ သူတို့ကပင် စိတ်ဝိညာဉ်ထဲ၌ အားနည်းချက်ရှိနေသော ပြတ်ရှဓားကို အနိုင်ရချင်လျှင် တခြားလက်နက်များကို သုံးရမည့်အစား ကိုယ်ကျွမ်းကျင်သည့် လက်နက်နှင့်သာ တိုက်ခိုက်ရပါလိမ့်မည်။မဟုတ်လျှင် အနိုင်ရရန် အခွင့်အရေး မရှိနိုင်ချေ။
နတ်ဘုရားသတ်ဓား ရှောင်မုန့်၏ ဓားမောက်ပညာက ထူးချွန်နေမည်ဆိုလျှင်ပင် ဓားအင်ပါယာကို ယှဉ်နိုင်သော သူ၏ဓားသိုင်းကို ယှဉ်နိုင်မည်လော…။
ထို့ပြင် သူက အမြဲတမ်း ဓားရှည်ကိုသာ အသုံးပြုနေပြီး ထိုအရာနှင့်သာ နာမည်ကျော်ကြားလာခြင်း ဖြစ်သည်။
ကျင်းရှိုက သူ့မိတ်ဆွေကို ကုန်းပိုးပြီး မုန့်ချီ၏နောက်သို့ ရောက်လာခဲ့သည်။ သူကတော့ ကြားထားသော အရာများကို မယုံကြည်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ပြတ်ရှဓားက ဤကမ္ဘာကြီးထဲတွင် ရှိနေသော ထိပ်တန်းပညာရှင်များထဲမှ တစ်ယောက်ဖြစ်သည်။
သို့သော် နတ်ဘုရားသတ်ဓား ရှောင်မုန့်က အလွန်မောက်မာလွန်းလှပြီး ပြတ်ရှဓားအပေါ် အလွန် အထင်သေးနေသည်။ သူ့ဆီတွင် အနိုင်ရနိုင်သည့်အစွမ်းနှင့် ယုံကြည်ချက် ရှိနေခြင်းပေလော။
သူက ဤကမ္ဘာကြီးထဲကို စရောက်လာသည့်အချိန်ကတည်းက ဓားရှည်ကိုသာ အသုံးပြုခဲ့သည့်အတွက် တည်ကြည်သော ဓားသမားတစ်ယောက်အဖြစ်သာ လူသိများသည်။ ထို့ကြောင့် သူ၏ဓားမောက်ပညာက ဓားရှည်ထက်ပို၍ အဆင့်မြင့်ကြောင်း မည်သူကမျှ မျှော်လင့်ထားလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုတစ်ကြိမ်တော့ သူက ဓားရှည်ကို သုံးရမည့်အစား ဓားမောက်ကိုသာ အသုံးပြုသင့်သည်။
ထိုအရာက ဓားသမားတစ်ယောက်အဖြစ် ပုံရိပ်တည်ဆောက်ထားခြင်း၏ အကျိုးအမြတ်လည်း ဖြစ်သည်။
ဓားအလင်းရောင်တောက်ပလာသည့်အချိန်တွင် ကျင်းရှိုက အနည်းငယ် မျက်ခုံးပင့်လိုက်မိသည်။ မကောင်းဆိုးဝါးစမ်းသပ်ရေးဓားပေါ်သို့ ကျလာသော လရောင်ကလည်း ရေခဲတမျှ အေးစက်နေပြီး ဓားမောက်ဆီမှ ရိုက်ခတ်လာသော အသံလှိုင်းလုံးများက ပြတ်ရှဓား၏ နှလုံးသားထဲတွင် ခေါင်းလောင်းတီးသလို ဖြစ်လာခဲ့၏။ ဓားသွား၏လမ်းကြောင်းက ကျောက်တုံးတံတားလေးနှင့် အပြိုင်ဖြစ်နေပြီး အလွန်လျှို့ဝှက်ဆန်းကြယ်လှသည်။
ကျင်းရှိုကလွဲလျှင် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့ကဲ့သို့ ဓားမောက်ပညာရှင်များ၏ မျက်လုံးထဲတွင် ဓားအလင်းတန်းက ရေထဲရှိ ငါးလေးများကဲ့သို့ ဖြစ်နေသည်။ တစ်ခါတရံ ရေထဲမှ ခုန်ထွက်လာပြီး တစ်ခါတရံ ရေထဲသို့ ခုန်ချသွားသည်။ ထိုကဲ့သို့ မသေချာသော ပြောင်းလဲမှုများကြောင့် သူတို့၏စိတ်ထဲတွင် မငြိမ်မသက်ဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခုခံရန် ခက်ခဲလာသည်။
“သူ့ရဲ့ဓားမောက်ပညာကလည်း ဒီလောက်တောင် အစွမ်းထက်တာလား…”
သူတို့၏ရင်ထဲရှိ လှုပ်ရှားမှုများက ပို၍ပင် ပြင်းထန်လာခဲ့၏။ မုန့်ချီက ထိုဓားကွက်တွင် သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ဆီမှ နားလည်မှုများ ပေါင်းထည့်ထားသော်လည်း စိတ်ဝိညာဉ်နှင့် ဓားဆန္ဒများကို အသက်သွင်းထားခဲ့ခြင်း မရှိချေ။ သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ထဲမှ လှုပ်ရှားမှုများကို ကောင်းကင်ဓားသိုင်းကွက်၏ အနှစ်သာရများနှင့် ပေါင်းစပ်ဖန်တီးထားခြင်း ဖြစ်၏။
ကောင်းကင်ဓားသိုင်းကွက်၏ အနှစ်သာရအနည်းငယ်ကို ဖမ်းဆုပ်မိခဲ့သည့်အတွက် မုန့်ချီသုံးလိုက်သော သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်က ပတ်ဝန်းကျင်နှင့် ဆက်သွယ်နိုင်ပြီး ဓားသွားနှင့် တစ်သားတည်း ပေါင်းစည်းနိုင်ခဲ့သည်။
သူ၏ဓားအလင်းတန်းက ပြတ်ရှဓား၏ မျက်လုံးထဲတွင်တော့ ပို၍ကြောက်စရာကောင်းနေသည်။ သူက မုန့်ချီ၏ ဓားအလင်းရောင်ဆီမှ လှုပ်ရှားမှုများကို ခံစားမိခြင်း မဟုတ်ဘဲ နှလုံးသားထဲမှ ခံစားမိနေခြင်း ဖြစ်သည်။ ထိုအရာက သူ့အတွေးကို လိုက်၍ ပြောင်းလဲနေခဲ့၏။
သူ့စိတ်ထဲတွင် ဓားကွက်ပြောင်းရန် တွေးလိုက်မိသည်နှင့် မုန့်ချီ၏ဓားကွက်က အမှန်တကယ် ပြောင်းလဲသွားခဲ့သည်။ သူက မည်သည့်အရာကို လုပ်စေကာမူ ထိုစိတ်ကို ကျော်လွှားရန် လုံးဝမဖြစ်နိုင်ချေ။
မည်သူက သူ၏စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်သနည်း။ ထို့ကြောင့် သူက ထိုဓားကို ခုခံနိုင်ခြင်း မရှိချေ။
ထိုအရာက ပြတ်ရှဓား၏ရင်ထဲတွင် ပေါ်လာသော အတွေးတစ်ခုဖြစ်ပြီး သူက သက်ရှိဗုဒ္ဓနှင့် ရင်ဆိုင်နေရသလို ခံစားနေရ၏။ သူ့ကို ကမ္ဘာမြေကြီးက ဖိနှိပ်ထားပြီး သူ၏စိတ်ဝိညာဉ်က ပျက်စီးနေသည့်အတွက် သူလည်း အလွန်စိတ်ဓာတ်ကျသွားခဲ့သည်။
သူက နောက်ကို တစ်လှမ်းချင်း ပြန်ဆုတ်သွားနေသော်လည်း လျင်မြန်သည်ဟု မထင်ရသော မုန့်ချီ၏ ဓားအလင်းတန်းက သူ့ကို လုံးဝအလွတ်မပေးခဲ့ချေ။ ထို့ကြောင့် သူက လုံးဝမလွတ်မြောက်နိုင်သလို ရင်ထဲရှိ အကြောက်တရားများကိုလည်း ဖယ်ရှားနိုင်ခြင်း မရှိခဲ့ချေ။
ဓားအလင်းတန်းက သူ၏ခန္ဓာကိုယ်နှင့် ထိမိသွားသည့်အချိန်တွင် ပြတ်ရှဓားက ကြောက်လန့်တကြား အော်ဟစ်လိုက်ပြီး သူ့ဓားနှင့် သူသေကိုယ်သေ တိုက်ခိုက်လိုက်၏။
အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် မုန့်ချီက ကျောက်တုံးတံတားလေးပေါ်တွင် ရပ်နေပြီး ဓားထိပ်ဖျားမှနေ၍ သွေးများ တစက်စက် ကျဆင်းလာနေသည်။ လမင်းကြီးကတော့ ပုံမှန်အတိုင်း ဆက်ရှိနေပြီး ရေများကလည်း ဆက်၍ စီးဆင်းနေသည်။
ပြတ်ရှဓား၏ ရင်ဘတ်နှင့် ဗိုက်တွင် နက်ရှိုင်းသော ဓားဒဏ်ရာကြီးတစ်ခု မရှိသော်လည်း လျှပ်စီးကြောင်းလေးများက ခန္ဓာကိုယ်ပေါ်တွင် လှုပ်ရှားနေသည့်အတွက် အရေပြားက မည်းနက်ပြီး သွေးများ အငွေ့ပျံနေသည်။
ထိုသို့ဆိုရာတွင် သူက မသေနိုင်သလို ဒဏ်ရာကလည်း မပြင်းထန်ချေ။ အဘယ်ကြောင့်ဆိုသော် သူက တံခါး (၉)ပေါက် ပွင့်နေပြီး သူ၏ချီစွမ်းအင်များကလည်း ဒဏ်ရာများကို ကာကွယ်ပေးနေခြင်းကြောင့် ဖြစ်သည်။
အကယ်၍ သူကသာ ပြတ်ရှဓားကို ဓားချက်တစ်ချက်တည်းနှင့် သတ်ချင်သည်ဆိုလျှင် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သို့မဟုတ် တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကိုသုံးပြီး သူ၏ချီစွမ်းအင်အကာအကွယ်များ နှေးကွေးသွားအောင် လုပ်ဆောင်၍ ရနိုင်သည်။ အန်ကုံရှဲ့နှင့် မကောင်းဆိုးဝါးမင်းသားကို လုပ်ဆောင်ခဲ့သလိုမျိုး ဖြစ်၏။
အကယ်၍ သူသာ ထိုသို့လုပ်လိုက်မည်ဆိုလျှင် သူ၏ဓားမောက်ပညာအကြောင်း ပေါ်သွားနိုင်ပြီး စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးမှသာ နောက်ထပ်ရန်သူများကို ရင်ဆိုင်တိုက်ခိုက်နိုင်ပါလိမ့်မည်။
သို့သော် မကောင်းဆိုးဝါး စမ်းသပ်ရေးဓား၏ ခုတ်ချက်ကြောင့် ပြတ်ရှဓားက အကြောဆွဲသွားခဲ့သည်။ သူ့ဆီတွင် အကာအကွယ်ချီစွမ်းအင်များ ရှိနေသေးလျှင်ပင် နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ရုံနှင့် သူက ရှုံးသွားနိုင်သည်။ ထိုသို့ဆိုလျှင် မုန့်ချီက ပြိုင်ဘက်ကင်းပညာရှင်ဟူသော အခြေအနေကို ထိန်းမထားနိုင်တော့ဘဲ ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့ကို ခြောက်လှန့်နိုင်တော့မည် မဟုတ်ချေ။
လက်ရှိအချိန်တွင် ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့၏ ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများ ပြည့်နှက်နေ၏။
“မုန့်ချီရဲ့ဓားမောက်ပညာက တော်တော်လေးဆန်းကြယ်ပြီး ကြောက်ဖို့ကောင်းတယ်။ သဘာဝတရားကြီးနဲ့တောင် ပေါင်းစပ်နေသလိုပဲ။ ဒါဆိုရင် ပိုပြီးအစွမ်းထက်တဲ့သူ့ရဲ့ ဓားပညာကကော..။ အဲဒါက ဓားအင်ပါယာ၏အဆင့်မျိုးကို ရောက်လုနီးပါး ဖြစ်နေပြီလား..။သူ ဓားထုတ်တဲ့ပုံစံက ဓားအင်ပါယာနဲ့ တော်တော်တူနေတော့ သူတို့ရဲ့ကြားထဲမှာ ဘယ်လိုပတ်သက်မှုတွေ ရှိနေတာလဲ…”
မုန့်ချီက ဓားမောက်ကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး ပြတ်ရှဓားကို တည်ငြိမ်စွာ လှမ်းကြည့်လိုက်သည်။ သူက ပြောလိုက်၏။
“ကျုပ်ပြောခဲ့သလိုပဲ။ ခင်ဗျားရဲ့စိတ်ဝိညာဉ်အားနည်းချက်က အရမ်းကြီးတဲ့အတွက် ကျုပ်က အနိုင်ရခဲ့တာ…။ ပြီးတော့ ကျုပ်ရဲ့ဓားမောက်ပညာက နှလုံးသားရဲ့အားနည်းချက်ကိုပဲ တိုက်ခိုက်ခဲ့တာ…”
ခဏကြာမှင်တက်နေပြီးနောက် ပြတ်ရှဓားက မြေခွေးတစ်ကောင်ကဲ့သို့ လမင်းကြီးကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ ထို့နောက် အရာအားလုံးနှင့် ဝေးရာကို သွားနေသည့်အလား အလွန်လျင်မြန်စွာ ထွက်ပြေးသွားခဲ့လေသည်။
ပြတ်ရှဓားနှင့် သူ့လူများ နောက်ဆုတ်သွားကြသည်ကို မြင်သည့်အခါ ယုယီဘုန်းတော်ကြီးနှင့် နတ်ဆိုးဘုရင်တို့က ပို၍သတိထားလာကြ၏။
မုန့်ချီက သူတို့ကို ပြန်လှည့်ကြည့်လိုက်ပြီး ဓားကို ကိုင်၍ နောက်တစ်ကြိမ် ဆွဲထုတ်လိုက်သည်။ သူက ပြောလိုက်၏။
“ခင်ဗျားတို့ကရော ကျုပ်ဓားနဲ့ ထိုက်တန်ရဲ့လား..”
ထိုအချိန်တွင် သူတို့၏နားထဲတွင် အလွန်ရင်းနှီးသော အသံတစ်ခုကို ကြားလိုက်ရသကဲ့သို့ ထင်မှတ်လိုက်ရသည်။
“အဲဒါ ဓားအင်ပါယာပဲ…”
မုန့်ချီ၏ ဓားဆွဲထုတ်ပုံကို မြင်သည့်အခါ နတ်ဆိုးဘုရင်က ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး အမှောင်ထဲသို့ နောက်ပြန်ဆုတ်သွားခဲ့လေသည်။
“ဒကာလေးမုန့်ချီရဲ့ အမှန်တရားဝိညာဉ်တွေက လူသားအားလုံးကို လုံခြုံစေတာပဲ။ ဒီဒကာကြီးနှစ်ယောက်က ဒကာလေးဆီ ရောက်သွားတဲ့အတွက် ကိုယ်တော်လည်း စိတ်အေးသွားပါပြီ..အော်မီတော်ဖော်…”
ထိုစကားပြောလိုက်ပြီးနောက် ယုယီဘုန်းတော်ကြီးလည်း လှေနှင့် ထွက်သွားခဲ့လေသည်။
မုန့်ချီက သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး လက်နောက်ပစ်၍ ရပ်နေခဲ့သည်။ သူ့နောက်ကျောတွင်တော့ အေးစက်နေခဲ့၏။
“သူက တကယ့်ကို လန်းယာ့ ရွမ်မိသားစုကပဲ။ တခြားသူရဲ့အသံအပေါ် လွှမ်းမိုးနိုင်တဲ့ သူ့ရဲ့စွမ်းရည်က တော်တော်အစွမ်းထက်လွန်းတယ်..”
Translated by Hein Htet.