အခန်း (၁၇၆)
Vol. 12 Ch. 176
ကျန်းဆန်းကျင်းက ပထမတွင် ဇဝေဇဝါဖြစ်သွားသော်လည်း သူ၏ ဓားရှည်ကို ဝမ်းသာအားရ ဆွဲထုတ်လိုက်ပြီး ခြံဝန်းထဲတွင် ရှိနေသော သစ်ပင်ကြီးကို စတင်ခုတ်ပိုင်းပြလိုက်သည်။
သူက ဓားကို ကြောက်စရာကောင်းစွာ ဝှေ့ယမ်းတိုက်ခိုက်နေခဲ့၏။ သူ၏ ဓားပညာက သွေးထွက်သံယို တိုက်ပွဲများထဲတွင် လေ့ကျင့်ထားခဲ့ကြောင်း ကြည့်ရုံနှင့်ပင်သိသာနေသည်။ သူက ဓားကို ပို၍ကြောက်စရာကောင်းစွာ ဝှေ့ယမ်းလိုက်၏။ နေရာငယ်လေးထဲတွင် အော်ဟစ်ကြုံးဝါးနေသော အသံနှင့် ဓားသံ တဝှီးဝှီးကိုသာ ကြားနေရသလို ထင်မှတ်ရသည်။
တာအိုသခင်ဟူကတော့ မျက်နှာပျက်နေခဲ့သည်။ ဘာကြောင့် သူက ထိုကဲ့သို့သော ပါရမီရှင်များနှင့်သာ အမြဲလိုလို တွေ့နေရသနည်း။ သူ့အတွက်တော့ ရှောင်မုန့်၏ အစွမ်းက သူ့အမြင်နှင့် လုံးဝကို ဆန့်ကျင်နေခဲ့သည်။
သို့သော် ကျန်းဆန်းကျင်းကလည်း အလွန်ငယ်ရွယ်ပြီး သိုင်းပညာကို လေ့ကျင့်ထားသည်မှာ နှစ်အနည်းငယ်သာ ရှိသေးသည်။ သူ့ဆီတွင် အလွန်သန့်စင်သော ဝိညာဉ်နှင့် ထူးခြားသော ဓားပညာ မည်ကဲ့သို့ ရလာခဲ့သနည်း။ ထို့ကြောင့်လည်း သူ့ကိုယ်သူ ဓားပါရမီရှင်တစ်ယောက်ဟု သတ်မှတ်ထားခြင်း ဖြစ်နိုင်သည်။
မုန့်ချီက သူ၏ဓားပညာကို လက်ခံနိုင်သည့်အနေနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာက အလွန်ထက်မြက်ပြီး အစွမ်းထက်သည့်အတွက် အရှိန်အဟုန်နှင့် တိုက်ခိုက်ရာတွင် ပြီးပြည့်စုံလှသည်။ သူ၏ဓားသိုင်းပညာတွင် ဟာကွက်များစွာ ရှိသော်လည်း သူ့ကို မည်သူကမျှ လမ်းညွှန်ပေးခဲ့ခြင်း မရှိချေ။
ရုတ်တရက်ဆိုသလို ကျန်းဆန်းကျင်းက ဓားဝှေ့ယမ်းသည့် ပုံစံကို ပြောင်းလဲလိုက်ပြီး အားမာန်အပြည့်နှင့် တိုက်ခိုက်နေရာမှ အလွန်သိမ်မွေ့စွာ တိုက်ခိုက်လိုက်သည်။ သူက ဓားကို ညင်သာစွာ မြှောက်လိုက်ပြီး ရဲမက်တစ်သောင်းကျော်၏ ရှေ့တွင် ရောက်နေသော တပ်မှူးတစ်ယောက်ကဲ့သို့ လှုပ်ရှားလိုက်သည်။
မုန့်ချီက စိတ်ထဲတွင် ကြိတ်၍ ချီးကျူးလိုက်မိ၏။
"တော်တော်လေးကို ကောင်းတယ်။ သူက မာကျောမှုနဲ့ ပျော့ပျောင်းမှုကို ဘယ်လိုပေါင်းစပ်ရမလဲဆိုတာတောင် သိနေတာပဲ…"
လေ့ကျင့်ပြလိုက်ပြီးနောက် ကျန်းဆန်းကျင်းက ဓားကို ပြန်ရုတ်သိမ်းလိုက်သည်။ သူ့ပုံစံက တည်ငြိမ်နေပုံရသော်လည်း မုန့်ချီကို ကြည့်နေမိသည်။
"သူရဲကောင်းမုန့်…
ကျွန်တော်က သူရဲကောင်းမုန့်ရဲ့ အကြံဉာဏ်ကို လိုချင်ပါတယ်… "
"ဒီလှုပ်ရှားမှုမှာ မင်းက ကိုယ့်ကိုယ်ကိုယ် နည်းနည်းလေး ထိန်းချုပ်သင့်တယ်… "
မုန့်ချီက ဓားအိမ်ထဲတွင် ရှိနေသော မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို ဆွဲထုတ်ပြီး ဝှေ့ယမ်းတိုက်ခိုက်ပြလိုက်သည်။ သို့သော် သူ၏လှုပ်ရှားမှုနှင့် အစွမ်းကတော့ အနည်းငယ်ပို၍ ထိန်းချုပ်ထားခဲ့၏။ ထို့ကြောင့် မြင်းပေါင်းတစ်ထောင်ကျော် ၊ ရဲမက်ထောင်ပေါင်းများစွာ ဆက်တိုက်ရောက်လာမည်ဆိုလျှင်ပင် ခုခံရန် ခက်ခဲနိုင်သည်။ ကျန်းဆန်းကျင်းကတော့ အသက်ရှူရပ်လုမတတ် ခံစားနေရ၏။
ကျန်းဆန်းကျင်း၏ ဓားပညာနှင့် ပတ်သက်ပြီး မုန့်ချီက အမှား (၂၇) ခုကို ဆက်တိုက်ထောက်ပြ၍ လက်တွေ့ရှင်းပြခဲ့သည်။ မခိုင်မာသော အခြေခံဓားမောက်ပညာကြောင့် သူ့ဆီတွင် ဟာကွက်များ ရှိနေသလို ဓားမောက်ချေဖျက်သိုင်းကွက်၏ အကူအညီကြောင့် ပြဿနာများကိုလည်း ရှာတွေ့နိုင်သည်။
ကျန်းဆန်းကျင်းကတော့ တောက်ပနေသော မျက်လုံးများနှင့် ခဏကြာ စဉ်းစားနေပြီး ရင်ဘတ်ပေါ်သို့ လက်တင်၍ ဦးညွှတ်လိုက်သည်။
"သူရဲကောင်းမုန့်ရဲ့ အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ သွေးဆာဓားသိုင်းက ပြိုင်ဘက်ကင်းဖြစ်လာတော့မယ် ထင်တယ်… "
"ဓားသိုင်းပညာအပေါ် မင်းရဲ့စွမ်းရည်က တော်တော်လေး ကောင်းတယ်။ ဒါပေမဲ့ မင်းဆီမှာ အခြေခံစွမ်းရည်တွေတော့ မရှိဘူး။ ထိန်းချုပ်မှုသာမရှိဘူးဆိုရင် အဲဒါက မူလလမ်းကြောင်းကနေ သွေဖယ်သွားလိမ့်မယ်။ ပြီးတော့ လက်တွေ့မကျနိုင်တဲ့ အခြေခံအုတ်မြစ်တွေ ဖြစ်နေတဲ့အတွက် သတိမထားမိဘဲ အမှားတွေ အများကြီး ရှိလာနိုင်တယ်… "
မုန့်ချီကတော့ ဆရာကြီးတစ်ယောက်သဖွယ် အကြံပေးနေခဲ့၏။
ကျန်းဆန်းကျင်းက သေချာစဉ်းစားပြီး ပြောလိုက်သည်။
"ကျွန်တော်က ဓားမောက်သိုင်းကျမ်းတွေကို ရှာခဲ့ဖူးတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ သွေးဆာဓားသိုင်းထက် ပိုကောင်းတဲ့သိုင်းကျမ်းကို ရှာမတွေ့ခဲ့ဘူး… "
မုန့်ချီက သူ့ဓားကို ခါးတွင် ထိုးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဒါက သာမန်ပုံစံတစ်ခုအတိုင်းပဲ သွားတာပါ။ ဓားမောက်သိုင်းပညာနှင့် ဓားရှည်သိုင်းပညာမှာ တူညီတဲ့ လှုပ်ရှားမှုတွေ ရှိတယ် ။ မင်းက ဓားမောက်တစ်ချောင်းကို ဝှေ့ယမ်းလိုက်တာပဲ ဖြစ်ဖြစ် ဓားရှည်တစ်ချောင်းကို ဝှေ့ယမ်းလိုက်တာပဲဖြစ်ဖြစ် ငါက မင်းရဲ့နောက်ထပ်လှုပ်ရှားမှုတွေကို ကြိုတင်ခန့်မှန်းနိုင်ပြီး တချို့အရာတွေကို ကြိုတင်ပြင်ဆင်နိုင်တယ်…”
“အဲဒီလို အဆင့်မျိုးမှာ လူတွေက အံ့ဩစရာကောင်းတဲ့ မှတ်ဉာဏ်တွေကို ပိုင်ဆိုင်ထားကြတယ်။ သူတို့က ပုံမှန်လှုပ်ရှားမှုတွေကိုပဲ လုပ်ဆောင်တတ်ကြတယ်။ နောက်တစ်ဆင့် လှုပ်ရှားမယ်ဆိုရင်တော့ သူတို့က စိတ်နဲ့ပေါင်းစပ်ပြီး ပြိုင်ဘက်ရဲ့လှုပ်ရှားမှုတွေကို ခန့်မှန်းအနိုင်ယူတတ်ကြတယ်။ ဒါပေမဲ့ လှုပ်ရှားမှုတိုင်းမှာ ခုတ်ခြင်း ၊ ပိုင်းခြင်း ၊ လွှဲယမ်းတိုက်ခိုက်ခြင်းလို အခြေခံလှုပ်ရှားမှုတွေ အများကြီး ပါနေတယ်။ အကြိမ်ပေါင်းတစ်ရာ၊ အကြိမ်ပေါင်းတစ်ထောင်လောက် လေ့ကျင့်ပြီးသွားရင် သူတို့ရဲ့အားနည်းချက်၊ အားသာချက်တွေကို ရှင်းရှင်းလင်းလင်း သိလာမှာပဲ…”
“မင်းကတော့ အခြေခံလှုပ်ရှားမှုတွေကိုတောင် မသိတဲ့အတွက် အားနည်းချက်တွေ ရှိနေတယ်။ ဒီတော့ ဆန်းသစ်ထားတဲ့ မင်းရဲ့လှုပ်ရှားမှုတွေမှာ ဟာကွက်တွေ အများကြီး ပေါ်လာတယ်။ ဘာလို့လဲဆိုတော့ မင်းက အရင်လူတွေလို အမှားကို ပြုပြင်သင်ယူနိုင်ခွင့် မရှိခဲ့ဘူးလေ။ ရလဒ်အနေနှင့် ပညာရှင်တိုင်းက အဲ့ဒီလို ဓားသမားမျိုးကို အလွယ်တကူရင်ဆိုင်နိုင်ကြတယ်…"
"ဒါကြောင့်လည်း ဒီအတောအတွင်း ကျွန်တော့်ရဲ့ ဓားသိုင်းပညာက အဖြေမရှိဘဲ ရပ်တန့်နေခဲ့တာကိုး… "
ကျန်းဆန်းကျင်းက ရုတ်တရက်နားလည်သွားခဲ့သည်။
မုန့်ချီက လက်နောက်ပစ်ပြီး သစ်ရွက်ကြွေများကို လှမ်းကြည့်နေခဲ့၏။
"လှုပ်ရှားမှုတွေက မင်းရဲ့ နှလုံးသားထဲမှာ စွဲမြဲလာတဲ့အချိန်ကျရင် မင်းက ပြောင်းလဲမှုတွေထဲမှာ ရှုပ်ထွေးမှုကနေ ရိုးရှင်းမှုဆီ သွားတဲ့ နိယာမတွေကို ရှာဖွေလာနိုင်လိမ့်မယ်။ မင်းက မပြောင်းလဲနိုင်တဲ့ နိယာမတွေကို ပိုပြီးနားလည်လာလေလေ ပြောင်းလဲနိုင်တဲ့အရာတွေကို ပိုပြီးကောင်းကောင်းမွန်မွန် လုပ်နိုင်လာလေလေပဲ…။ ဒါဆိုရင် မင်းက မလိုအပ်တဲ့ အချုပ်အနှောင်တွေကို စွန့်လွှတ်နိုင်ပြီး ပြောင်းလဲမှုကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်လိမ့်မယ်။ ပြီးတော့ ရိုးရှင်းမှုကနေ ရှုပ်ထွေးမှုကို နားလည်လာလိမ့်မယ်…”
“နှစ်ခုစလုံးကတော့ အချင်းချင်း ဖြည့်စွက်နေကြတာပဲ။ တစ်ခုကိုမှ လျစ်လျူရှုလို့ မရနိုင်ဘူး။ ရှုပ်ထွေးမှု ကနေ ရိုးရှင်းမှုကိုသွားတဲ့ အနှစ်သာရကို နားမလည်ဘူးဆိုရင် ပိုပြီးအဆင့်မြင့်တဲ့ အရှုပ်ထွေးဆုံးနေရာဆီ သွားတဲ့လမ်းကြောင်းကို ဘယ်လိုများ နားလည်နိုင်မှာလဲ။ ပြီးတော့ ဓားသိုင်းပညာရဲ့ ရိုးရှင်းမှုကနေ ရှုပ်ထွေးမှုကိုသွားတဲ့ လမ်းစဉ်ကို နားမလည်ဘူးဆိုရင် အရိုးရှင်းဆုံးအဆင့်ကို ပြန်သွားဖို့ ဘယ်လိုများထပ်ပြီး နားလည်နိုင်မှာလဲ…"
ကျန်းဆန်းကျင်းက သူ့စကားကို သေချာနားထောင်နေခဲ့သည်။ ပထမဆုံအကြိမ် လူတစ်ယောက်က သူ့ကို ထိုအရာများ ပြောပြနေခြင်းဖြစ်၏။
တာအိုသခင်ဟူကလည်း မုန့်ချီ၏ စကားလုံးများ အားလုံးကို သေချာနားထောင်ပြီး စဉ်းစားနေခဲ့သည်။ ထို့ပြင် သူနောက်ပိုင်း ပြောခဲ့သော စကားလုံးများက သူ၏ပြဿနာများကို ဖြေရှင်းပေးနိုင်ပုံရ၏။ ထို့ကြောင့် သူ့ဆီတွင် အမြင်အသစ်များ ရှိလာပြီး ဓားသိုင်းပညာနှင့် လှုပ်ရှားမှုများအပေါ် အတွေးအခေါ်များ ပြောင်းလဲလာခဲ့သည်။
"သူရဲကောင်းမုန့် …
ရှုပ်ထွေးမှုကနေ ရိုးရှင်းမှု ၊ ရိုးရှင်းမှုကနေ ရှုပ်ထွေးမှုအဆင့် ပြီးသွားရင် ကျွန်တော်တို့က ဘယ်အဆင့်ကို ရောက်နိုင်မှာလဲ…… "
ကျန်းဆန်းကျင်းက မေးလိုက်၏။
မုန့်ချီကတော့ အားတင်း၍ ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"မင်းက နောက်တစ်ကြိမ် သွေးဆာဓားသိုင်းကို လေ့ကျင့်ပြပါ… "
ကျန်းဆန်းကျင်းက သူ့ဓားကို ဆွဲထုတ်လိုက်ပြီး နောက်တစ်ကြိမ် ကြောက်စရာကောင်းစွာ ဝှေ့ယမ်းတိုက်ခိုက်လိုက်ပြန်သည်။
"ညာဘက်လက်ကောက်ဝတ်ကို ထိုးလိုက်… "
မုန့်ချီက အမြန်ပြောလိုက်သည်။
ထိုစကားကို ကြားသည့် ကျန်းဆန်းကျင်းက သူ၏ ဓားသိုင်းကို ပြောင်းလိုက်ပြီး အလွန်ထူးဆန်းသော အမူအရာနှင့် ခုတ်ချလိုက်သည်။
"အပေါ်ကို မြှောက်လိုက်…"
မုန့်ချီက စကားနှင့် ထပ်ပြောလိုက်ပြန်သည်။
ကျန်းဆန်းကျင်းက အံ့ဩမှင်တက်သွားခဲ့ပြီး သူ့စိတ်ထဲတွင် အစစ်အမှန်မြင်ကွင်းများ ပေါ်လာခဲ့သည်။ သူ၏ ပြိုင်ဘက်က ဓားကို မြှောက်လိုက်ပြီး သူ့ရင်ဘတ်နှင့် ဗိုက်ကို ထိုးလိုက်သည့် ပုံစံမျိုး မြင်လာခဲ့သည်။ သူက ဓားနှင့် ကန့်လန့်ဖြတ် လှမ်းခုတ်လိုက်သည်ကို ရှောင်တိမ်းလိုက်၏။ အကယ်၍ သူတို့နှစ်ယောက်စလုံးသာ သေဆုံးသွားရမည်ဆိုရင် မည်မျှကြောက်စရာကောင်းမည်နည်း။
"ဘယ်ခြေထောက်ကို ဖြတ်လိုက်… "
မုန့်ချီက ပြောလိုက်သည်။
ကျန်းဆန်းကျင်း၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဓားက ရောက်မလာခင် ပြိုင်ဘက်က သူ၏ဘယ်ခြေထောက်ကို လှမ်းဖြတ်လိုက်နိုင်ခြင်းကြောင့် ဖြစ်၏။ ထိုအချိန်တွင် သူတို့နှစ်ယောက်စလုံးက အတူတကွ သေဆုံးခြင်းမှ ရှောင်တိမ်းနိုင်ပါလိမ့်မည်။
ထိုအရာကို စဉ်းစားမိသည့်အခါ သူ၏ဓားကွက်ကို နောက်တစ်ကြိမ် ပြောင်းလဲလိုက်၏။ ထိုနည်းလမ်းအတိုင်း သူက သူ၏ဓားမောက်ပညာကို ပြသနေပြီး မုန့်ချီကတော့ အားနည်းချက်များကို စကားလုံးနှင့် ညွှန်ပြနေခဲ့သည်။
တာအိုသခင်ဟူ ၊ ပါတူနှင့် ရွမ်ယုရှုတို့ကတော့ ဘေးမှနေ၍ တိတ်တဆိတ် စိုက်ကြည့်နေကြ၏။ တဖြည်းဖြည်းနှင့် ကျန်းဆန်းကျင်းက ပို၍အချိန်ပေးလာရပြီး ဓားကို အာရုံစိုက်လာရသည်။ အစစ်အမှန်တိုက်ပွဲသာဆိုလျှင် သူက မြေပေါ်သို့ လဲကျနေပြီ ဖြစ်၏။ သို့သော် မုန့်ချီကတော့ ပြသရုံသာ ပြသနေခြင်းဖြစ်သည်။
ခဏကြာပြီးနောက် ကျန်းဆန်းကျင်းက သူ့ဓားကို ပြန်သိမ်းလိုက်ပြီး သက်ပြင်းချလိုက်၏။
"သူရဲကောင်းမုန့် … ကျွန်တော် ရှုံးသွားပြီ… "
သူ၏ နဖူးပေါ်တွင် ချွေးများ စို့နေပြီး အတော်လေးလည်း စိတ်ဓာတ်ကျနေခဲ့၏။ သူက အမှန်တကယ် တိုက်ခိုက်ရသည်ထက်ပင် ပို၍ပင်ပန်းနေပုံရသည်။
ကျန်းဆန်းကျင်းက မျှော်လင့်ချက်များ အပြည့်နှင့် ပြောလိုက်၏။
"ဒါက ရှုပ်ထွေးမှုကနေ အရှုပ်ထွေးဆုံးအဆင့်လို့ ပြောလို့ရပြီ။ ကျွန်တော့်ရဲ့ ဓားသိုင်းပညာကတော့ လျှို့ဝှက်ချက် မရှိတဲ့အတွက် အရိုးရှင်းဆုံး ပြောင်းလဲမှုတွေကိုပဲ ပေါင်းစပ်ထားတာ။ ပြီးတော့ သူရဲကောင်းမုန့်က ကျွန်တော့်ရဲ့လှုပ်ရှားမှုတွေကိုလည်း ခန့်မှန်းနိုင်နေတယ်… "
"ရိုးရှင်းမှုကနေ အရှုပ်ထွေးဆုံးအဆင့်ကို ရောက်ပြီးသွားရင် ပြောင်းလဲမှုတွေက ဆက်တိုက်ရှိနေတယ်။ ဒါကြောင့် အားနည်းချက်တွေ ထောင်ချောက်တွေကို ခွဲခြားလို့ မရနိုင်ဘူး။ ဓားသမားတွေနဲ့ ရင်ဆိုင်တဲ့အချိန်မှာ ဘယ်သူကမှ အဲဒီနည်းလမ်းတွေကနေ မလွတ်မြောက်နိုင်ကြဘူး။ သူတို့တွေက ပိုက်ကွန်တစ်ခုထဲမှာ ပိတ်မိနေသလိုပဲ။ ဘယ်သူက ပိုပြီးကောင်းသလဲဆိုတာကတော့ အခြေအနေနဲ့ အဆင့်ပေါ် မူတည်နေလိမ့်မယ်…”
“ရှုပ်ထွေးမှုကနေ အရှုပ်ထွေးဆုံး အဆင့်ကို ထားလိုက်ပါတော့…။ တကယ်လို့ မင်းကသာ ပြောင်းလဲမှုတွေ ကောင်းကောင်းနားလည်တဲ့ ြပိုင်ဘက်တစ်ယောက်ကို ရင်ဆိုင်ရမယ်ဆိုရင် ဓားရှည်ပညာနှင့် ဓားမောက်သိုင်းပညာတွေရဲ့ မပြောင်းလဲနိုင်တဲ့ နိယာမတွေကို လုံးဝဆန့်ကျင်ပြီး လှုပ်ရှားရလိမ့်မယ်။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ အဲဒါက သာမန်အမြင်နဲ့ ဆန့်ကျင်နေတာပဲ။ ဒါပေမဲ့ မင်း တိုက်ခိုက်လိုက်တဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းလို့ မရနိုင်တော့ဘူး။ အဲဒါကိုတော့ ဗလာနည်းလမ်းလို့ခေါ်တယ်…”
“ဒါပေမဲ့ အဲ့ဒါက လုံးဝဗလာဖြစ်နေတာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းက ဓားကို ဝှေ့ယမ်းနေသေးသရွေ့ အဲဒါက ကျွမ်းကျင်တဲ့ နည်းလမ်းလို့ခေါ်နိုင်တုန်းပဲ… "
"ဗလာနည်းလမ်းလား … "
ကျန်းဆန်းကျင်းနှင့် တာအိုသခင်ဟူတို့က စဉ်းစားနေကြသည်။
"မပြောင်းလဲနိုင်တဲ့ နိယာမအနည်းငယ်ကနေ ဗလာနည်းလမ်းကို နားလည်နိုင်တဲ့ အခြေအနေတစ်ခုတော့ လိုအပ်တယ်။ တကယ်လို့ မင်းကသာ ကလေးတစ်ယောက်လို လှုပ်ရှားနေမယ်ဆိုရင် ပြိုင်ဘက်ကို မင်းကို အရူးလုပ်ပြီး အနိုင်ရသွားလိမ့်မယ်။ ပြီးတော့ ပြိုင်ဘက်က အလွယ်တကူ နားလည်နိုင်တဲ့အတွက် မပြောင်းလဲနိုင်တဲ့ နိယာမတွေကို တမင်တကာ ရှောင်တိမ်းဖို့ ခက်လိမ့်မယ်.. "
မုန့်ချီက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူက ရှေ့တွင် အရိပ်တစ်ခုသဖွယ် လျှောက်သွားခဲ့သည်။
"ဗလာနည်းလမ်းတွေ ပြီးသွားရင်ရော ဘာဆက်လာမှာလဲ … "
ကျန်းဆန်းကျင်းက အတင့်ရဲစွာ မေးလိုက်သည်။
အမှန်အတိုင်းပြောရလျှင်တော့ မုန့်ချီလည်း ရှင်းရှင်းလင်းလင်းမသိပေ။ သူက အတွေးများကို စုစည်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
"နောက်ထပ်အဆင့်ကတော့ ကျွမ်းကျင်တဲ့ နည်းလမ်းကို ပြန်သွားတာပဲ။ အဲဒါကတော့ အခြေခံနိယာမတွေကို နှံ့နှံ့စပ်စပ် ကျွမ်းကျင်ပြီး ပြောင်းလဲမှုအနှစ်သာရတွေကို လုံးဝကျွမ်းကျင်သွားပြီလို့ ဆိုလိုနေတယ်။ အဲဒါကတော့ အံ့ဩစရာအကောင်းဆုံး လှုပ်ရှားမှုလို့ သတ်မှတ်နိုင်တယ်…”
“အဲဒါက အသိဉာဏ်ကို လှည့်စားထားသလို ရိုးရှင်းပေမယ့် ဝင်္ကပါတစ်ခုလိုလည်း ရှုပ်ထွေးတယ်။ ပြီးတော့ ဗလာနည်းလမ်းတွေက တစ်ဖက်လူကို အလစ်ချောင်း တိုက်ခိုက်နိုင်တယ်။ ပညာရှင်တွေအတွက်တော့ ဗလာနည်းလမ်းဆိုတာက အဓိပ္ပါယ်မရှိနိုင်ဘူး။ ဘာလို့လဲဆိုတော့ လှုပ်ရှားမှုဆိုတာက သုံးလို့ရတာနဲ့ သုံးလို့မရတာပဲ ရှိတယ်… "
"အဲဒါပြီးရင်ရော… "
ကျန်းဆန်းကျင်းကတော့ စိတ်ဝင်တစား နားထောင်နေခဲ့သည်။
"အဲဒါပြီးရင်လား… "
မုန့်ချီက ခံစားချက်များနှင့် ပြောလိုက်သည်။
"ဓားတစ်ချောင်းရှိတာပဲ ဖြစ်ဖြစ် မရှိတာပဲ ဖြစ်ဖြစ် ဓားနှလုံးသားက လူတစ်ယောက်ရဲ့ ဝိညာဉ်ကို သန့်စင်ပေးလိမ့်မယ်။ သူတို့ရဲ့ ဓားနဲ့ သဘာဝတရားကြီးကို ဆက်သွယ်ပြီးသွားရင် သူတို့ရဲ့လှုပ်ရှားမှုတွေက သဘာဝတရားနှင့် နီးစပ်လာတာကို တွေ့ရလိမ့်မယ်။ အဆုံးသတ်မှာတော့ အရာအားလုံးက ဓားရဲ့သဘာဝဆီကို ပြန်ရောက်သွားတာပဲ။ အဲဒီအချိန်မှာ မေးခွန်းတွေ ရှိလာလိမ့်မယ်…”
“ဓားတစ်ချောင်းဆိုတာ ဘာလဲ… ။ ဘာကြောင့်လဲ။ ဘာအတွက် အသက်ရှင်နေပြီး သိုင်းပညာက ဘာအတွက်လဲ။ ကမ္ဘာမြေကြီးရဲ့နိယာမတွေ အနှစ်သာရတွေက ဘယ်အရာကို ကိုယ်စားပြုနေတာလဲ…”
“မတူညီတဲ့ အတွေးအမြင်တွေအပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ဓားစည်းမျဉ်းတွေ စပြီး ပုံပေါ်လာလိမ့်မယ်..။ အဲဒါပြီးသွားရင်တော့ အတွင်းအပြင်ကမ္ဘာကြီးတွေ ပေါင်းသွားပြီး ဓားက သဘာဝနဲ့ ပေါင်းစပ်သွားလိမ့်မယ်..”
“ဓားကို ဆွဲထုတ်လိုက်တဲ့အချိန်မှာ အနှစ်သာရတွေ ထွက်ပေါ်လာလိမ့်မယ်။ ဒါကြောင့် ဓားက အရမ်းကို အစွမ်းထက်လာပြီး လွင့်မျောနေတဲ့ တိမ်တိုက်တွေ ငရဲကမ္ဘာကြီးကိုတောင် ခုခံလာနိုင်လိမ့်မယ်…”
“ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်ဖို့က ဝေ့ကျင်းအဆင့်ကို ရောက်ဖို့ထက် ပိုပြီးခက်တယ်လို့ ပြောကြတယ်။ နှစ်ခုစလုံးကတော့ သေခြင်းရှင်ခြင်း လျှို့ဝှက်တံခါးကို ဖွင့်ပြီး ကောင်းကင်နှင့်မြေကြီးကြားမှာရှိတဲ့ လျှို့ဝှက်တံခါးကို ဆက်သွယ်ရတာပဲ။ အဲဒီအရာနှစ်ခုစလုံးက မျက်ခုံးကြားပင်မတံခါး ဆက်သွယ်မှုနဲ့ ပတ်သက်နေပြီး အရမ်းကို လျှို့ဆန်းကြယ်တယ်။ အရမ်းလည်း အန္တရာယ်များတယ်။ ဒါကြောင့် မင်းသာ သတိမထားဘူးဆိုရင် အရူးတစ်ယောက်ဖြစ်သွားနိုင်သလို ချက်ချင်းလည်း သေသွားနိုင်တယ်…”
“အဲဒီအချိန်မှာတော့ စိတ်ဝိညာဉ်နှင့် အာရုံခံနိုင်စွမ်းတွေ လိုအပ်တယ်။ ပြီးတော့ ဝေ့ကျင်းအဆင့် ဆိုတာကလည်း အဲဒီလောက် မလွယ်ဘူး။ စိတ်ဝိညာဉ်အတွက် လိုအပ်ချက်တွေက သဘာဝတရားကြီးအပေါ် အာရုံခံစားမှုတွေနှင့် သက်ဆိုင်နေတယ်။ ကောင်းမွန်တဲ့ လေ့ကျင့်ရေးနည်းလမ်းတွေ အရင်းအမြစ်တွေ ရှိနေရင်တောင် စိတ်ဝိညာဉ်နဲ့ အာရုံခံနိုင်စွမ်းအတွက် လိုအပ်ချက်တွေကတော့ အရမ်းနိမ့်သေးတယ်..”
“ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ပညာရှင်တွေအတွက်တော့ ပြောင်းလဲမှုကျင့်စဉ်လို အရာမျိုး မရှိတဲ့အတွက်မျက်ခုံးကြားလျှို့ဝှက်တံခါးကို ဖွင့်ဖို့ နည်းလမ်းမရှိနိုင်သလို အတွင်းအပြင်ကမ္ဘာကြီးကို ပေါင်းစပ်တဲ့ နည်းလမ်းလည်း တိတိကျကျ မရှိနိုင်ဘူး။ တကယ်လို့ သူတို့သာ အောင်မြင်ချင်တယ်ဆိုရင် စိတ်ဝိညာဉ်အဆင့်နဲ့ သဘာဝတရားကြီးအပေါ် အာရုံခံနိုင်စွမ်းက အတော်လေး မြင့်မားနေဖို့ လိုအပ်တယ်။ အဲဒါက အစစ်အမှန် ဝေ့ကျင်းအဆင့်နဲ့ တစ်ထပ်တည်းနီးပါပဲ..”
“အဲဒါမှသာ လျှို့ဝှက်တံခါးက ပွင့်သွားနိုင်ပြီး အတွင်းအပြင်ကမ္ဘာကြီးကို ဆက်သွယ်နိုင်မယ်။ ပြီးတော့ တံခါး(၉)ပေါက်အဆင့်ကနေ ဝေ့ကျင်းအဆင့်ကို ရောက်နိုင်လိမ့်မယ်။ ဒါကြောင့် ဓားအင်ပါယာရဲ့စိတ်နဲ့ အာရုံခံနိုင်စွမ်းက သူ့ရဲ့လူသားခန္ဓာကိုယ်နဲ့ တိုက်ခိုက်စွမ်းရည်ထက် သေချာပေါက်ပိုပြီး မြင့်မားနေတာပဲ.."
ကျန်းဆန်းကျင်း ၊ ပါတူနှင့် တာအိုသခင်ဟူတို့၏ အတွေးများက အဝေးသို့ လွင့်သွားကြသည်။ ရှောင်မုန့် ပြောနေသည့်စကားများက အမှန်ဖြစ်စေ အမှားဖြစ်စေ သူတို့အတွက်တော့ အလွန်ကြီးကျယ်သော အနာဂတ်တစ်ခု ဖြစ်သည်။
"ပြီးရင်တော့ အဲဒီဖြစ်စဉ်တွေက နောက်တစ်ကြိမ် ပြန်စလာလိမ့်မယ်။ ဖန်တီးထားတဲ့ လှုပ်ရှားမှုတွေက ကမ္ဘာမြေကြီးရဲ့အနှစ်သာရတွေကို ပြန်ပြီး ပေါင်းစပ်အသုံးချရတာပဲ။ ပြီးရင် ဗလာနည်းလမ်းတွေက အနှစ်သာရတွေနဲ့ ဆန့်ကျင်ပြီး လှုပ်ရှားမှုတွေ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်… "
မုန့်ချီဆီတွင် ဝေ့ကျင်းအဆင့်နှင့် ပတ်သက်သော ဗဟုသုတမရှိသော်လည်း အေးအေးဆေးဆေး ပြောပြနေခဲ့သည် ။
"နောက်ပိုင်းတွေကိုတော့ သိပ်ပြီး အများကြီး စဉ်းစားမနေပါနဲ့။ ငါက ဒီတိုင်းပဲ ပြောလိုက်တာ။ အရင်အပိုင်းတွေကိုတော့ မင်းက နားလည်တယ် မဟုတ်လား…"
မုန့်ချီက ပြန်လှည့်ပြီး တိတ်တဆိတ် မေးလိုက်သည်။
ကျန်းဆန်းကျင်းက အရိုအသေပေးလိုက်၏။
"ကျွန်တော်က အခြေခံဓားမောက်ပညာကို နောက်တစ်ကြိမ် လေ့လာပါ့မယ် သူရဲကောင်းမုန့်… ။ သူရဲကောင်းမုန့်ရဲ့ စကားတွေက ကျွန်တော့်ကို တော်တော်လေး အလင်းပြနိုင်တယ်။ တကယ်လို့ နောက်ပိုင်းတစ်ခုခုလိုအပ်မယ်ဆိုရင် ကျွန်တော့်ကို ပြောလိုက်ပါ။ ကျွန်တော်က အစွမ်းကုန် ကူညီပေးပါ့မယ်… "
သူက သူတောင်းစားမိသားစုတစ်ခုထဲတွင် မွေးဖွားလာခြင်းဖြစ်သည့်အတွက် သူ့စကားလုံးများက ယဉ်ကျေးနေခြင်း မရှိချေ။
"မင်းရဲ့ဓားသိုင်းပညာက နောက်ထပ်အဆင့်မြင့်လာရင် ငါက မင်းနဲ့ နောက်တစ်ကြိမ် တိုက်ခိုက်မယ်…"
မုန့်ချီက သူနှင့် တိုက်ခိုက်ပြီး ကောင်းကင်ဓားသိုင်း၏ အနှစ်သာရများကို နားလည်ရန် မျှော်လင့်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဓားအင်ပါယာ၏လမ်းညွှန်မှုက သူ့ကို အတော်လေး အကျိုးရှိစေခဲ့သည်။ ထို့ကြောင့် မုန့်ချီက ထိုအတွေးအခေါ်ကို ကျန်းဆန်းကျင်းဆီသို့ တိုက်ရိုက်ပြောပြလိုက်ခြင်းဖြစ်၏။
ယခုအခြေအနေက ရှုပ်ထွေးနေ၏။ ထို့ကြောင့် တော်ဝင်အကြံပေး၊ ဓားအင်ပါယာနှင့် မကောင်းဆိုးဝါး သခင်မတို့က ဤနေရာကို သေချာပေါက် စောင့်ကြည့်နေလိမ့်မည်ဟု မုန့်ချီက ယုံကြည်နေခဲ့သည်။ သို့သော် သူတို့က အချင်းချင်း ထိန်းချုပ်ထားသည့်အတွက် ညအချိန်တွင် အရာအားလုံးက အဆင်ပြေနိုင်သည်။
ခြံဝန်းထဲသို့ ပြန်လာပြီး အခန်းထဲသို့ ရောက်လာပြီးနောက် မုန့်ချီက အေးစက်သည့် ပုံစံဟန်ဆောင်နေရန် မလိုအပ်တော့ပေ။ သူက မျက်နှာကို အကြောလျှော့လိုက်ပြီး ရွမ်ယုရှုကို ပြောလိုက်၏။
"ငါက မင်းသား(၃)နဲ့ သွားတွေ့ဖို့ ဆင်ခြေစဉ်းစားနေတာ။ အခုတော့ စိုးရိမ်စရာ မလိုတော့ဘူး။ မနက်ဖြန်ကျရင် မင်းသား(၄)ယောက်ဆီကို တစ်ယောက်ပြီး တစ်ယောက် သွားတွေ့ရမယ်။ အနောက်ပိုင်းကျူးကျော်သူတွေအပေါ် သူတို့ရဲ့ အပြုအမူနဲ့ သူတို့ရဲ့သဘောထားတွေကို စစ်ဆေးကြည့်ကြတာပေါ့…"
ရွမ်ယုရှုက သူမ၏ ဗျတ်စောင်းကို ကိုင်ပြီး သူ့အခန်းထဲသို့ ဝင်လာခဲ့၏။
မုန့်ချီက ဇဝေဇဝါဖြစ်နေခဲ့သည်။
"နင်က ဆင်ခြေအကြောင်းကို စိတ်မဝင်စားဘူးလား…”
“ငါက ဘယ်မှမသွားဘူး … ."
ရွမ်ယုရှုက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဟမ်… "
မုန့်ချီက တစ်ယောက်တည်း ရယ်လိုက်မိလေ၏။
Translated by Hein Htet