← Chapters

အခန်း (၁၇၇)

Vol. 12 Ch. 177

အခန်း (၁၇၇)

Vol. 12 Ch. 177

နောက်တစ်နေ့မနက်တွင် မုန့်ချီက သူ့ဓား (၂) ချောင်းကို သယ်ဆောင်ပြီး လုကွမ် ၊ ပါတူနှင့် တခြားလူများကို နန်းတော်အပြင်ဘက်သို့ ပို့ဆောင်ပေးလိုက်ရာ ထိပ်သီးပညာရှင်များ စောင့်နေသည့်နေရာကို တွေ့လိုက်ရသည်။

"တပ်မှူးလု…

ဒီနယ်မြေကို လက်ယာအမတ်ကြီးက ကာကွယ်ပေးထားတယ်ဆိုတော့ လုံခြုံမှာပါ... "

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

လုကွမ်က ညင်သာစွာ ခေါင်းညိတ်ပြီး ပြောလိုက်၏။

"လက်ယာအမတ်ကြီးက ကျန်းကလန်က သခင်လေးကို ရှာဖွေဖို့အတွက် ငါတို့ကို သေချာပေါက် ကူညီပေးလိမ့်မယ်... ။ မင်းက ဒီနေရာမှာ စောင့်နေဖို့ မလိုတော့ပါဘူး...။ မင်းသွားချင်ရာသွားလို့ရပါတယ်... "

မုန့်ချီကတော့ လေသံတိုးတိုးနှင့် ပြောလိုက်သည်။

"တပ်မှူးလု…

ငြိမ်းချမ်းရေးဆွေးနွေးပွဲက လှည့်စားထားတယ်ဆိုတာ အရမ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ ။ ကျွန်တော်က ဒီကိစ္စကို မင်းသား (၄) ယောက်ဆီ သတင်းပိုပြီး သူတို့ရဲ့အစီအစဉ်ကို မေးကြည့်လိုက်မယ်... "

လုကွမ်က ခဏကြာရပ်လိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေပုံရသည်။ ထို့နောက် သူက ပြောလိုက်၏။

"သွားမှာသာ သွားပါ... "

သူ့ဆီတွင် သိုင်းပညာစွမ်းရည် မရှိသလို အဆက်အသွယ်လည်း မရှိချေ။ လက်ယာအမတ်ကြီး ပိုင်ဆိုင်ထားသော အဆင့်အတန်းမျိုးလည်း မရှိချေ။ ထို့ကြောင့် မည်သည့်ဘက်မျှ မပါဝင်ပဲ မင်းသား (၄) ယောက်၏ ဖိတ်ခေါ်မှုကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

"ငါက မင်းကို စိတ်ကောင်းစေတနာနဲ့ပဲ ခေါ်ထားတာပါ... ။ ငါက မင်းရဲ့အကူအညီရခဲ့တာတောင် တော်တော်လေးကို ကံကောင်းနေပါပြီ ။ ငါ့မှာ ဘာအစွမ်းမှမရှိသလို ဆုံးဖြတ်ခွင့်လည်းမရှိဘူး... "

ထို့ကြောင့် သူက ခံစားချက်များကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ သူ့အပေါ် မျှော်လင့်ချက်များ ရှိမည်ဆိုလျှင်ပင် မင်းသားများကတော့ သူ့ကို တိုက်ရိုက် ဖိတ်ခေါ်လိမ့်မည် မဟုတ်ချေ။ ထို့ပြင် အရေးကြီးဆုံး အရာကတော့ အိမ်ရှေ့စံမင်းသားက ထီးနန်းရရှိရေးအတွက် အနောက်ပိုင်း ကျူးကျော်သူများနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တိတ်တဆိတ် ကြံစည်နေခြင်း ဟုတ်မဟုတ် မည်သူကမှ မသိနိုင်ပေ။

သူကိုယ်တိုင်က ထိုဆွေးနွေးပွဲ၏ ပြဿနာကို သိနေခြင်းလည်း ဖြစ်နိုင်သည်။ ထိုပြဿနာများ အားလုံးက စစ်ဆေးကြည့်ရန် လိုအပ်နေသည့်အတွက် ဆင်ခြေရှာခြင်းက ပိုကောင်းသည်။

သူတို့နန်းတော်ထဲမှ ထွက်သွားကြောင်း မြင်လိုက်ရသည့်အခါ မုန့်ချီကတော့ ဝမ်ဟိုလမ်းကြောင်းအတိုင်း အေးအေးဆေးဆေး လျှောက်လာခဲ့သည်။ သူ့ဆီတွင် မည်သူ့ဆီကို အရင်ဆုံးသွားမည်ဟူသော အစီအစဉ် မရှိခဲ့ပေ။ သူကတော့ လမ်းအတိုင်း လျှောက်လာပြီး အရင်ဆုံးတွေ့သည့် စံအိမ်ထဲသို့ ဝင်ရန် စဉ်းစားထားသည်။

ဝမ်ဟိုလမ်းကြောင်းထဲသို့ ရောက်လာသည့်အချိန်တွင် မုန့်ချီက မင်းသား (၇)၏ စံအိမ်ကို အရင်ဆုံး တွေ့လိုက်ရသည်။ သူက စံအိမ်ရှေ့တွင် ရပ်လိုက်ပြီး သူရောက်လာရသည့် ရည်ရွယ်ချက်ကို ပြောလိုက်၏။

တံခါးစောင့်က ရိုးရိုးကျိုးကျိုးနှင့် သူ့ကို အခက်တွေ့အောင် လုပ်ဆောင်ခဲ့ခြင်း မရှိချေ။ ထို့နောက် မုန့်ချီ ရောက်လာခြင်းကို မင်းသားဆီသို့ အလျင်အမြန် သတင်းပို့လိုက်သည်။

ထို့ကြောင့် မုန့်ချီက ရပ်စောင့်နေရ၏။ သူ့လို ရှင်ဘုရင်၏ တန်ဖိုးထားခြင်းကို ခံထားရသော မင်းသား (၇) က သာမန်လူတစ်ယောက် မဟုတ်နိုင်ပေ။ သူက လက်အောက်ငယ်သားများကို စီမံညွှန်ကြားပြီး လေ့ကျင့်ပေးနေရသည့် အလုပ်မျိုး ရှိနိုင်၏။

သိပ်မကြာခင် တံခါးစောင့်က မုန့်ချီကို ပန်းပွင့်ခန်းမတစ်ခုထဲသို့ ခေါ်သွားခဲ့သည်။ ထိုအခန်းထဲတွင် သက်တောင့်သက်သာ အဝတ်အစားမျိုး ဝတ်ဆင်ထားပြီး ဆံပင်ကို ဖဲကြိုးနှင့် စည်းနှောင်ထားသော လူငယ်တစ်ယောက် ရှိနေသည်။ သူက ထိုင်ခုံတစ်ခုပေါ်တွင် အေးအေးဆေးဆေး လဲလျောင်းနေခဲ့သည်။

သူ့ပုံစံက ပျင်းရိနေပုံရသည်။ သူက မုန့်ချီကို လူစိမ်းတစ်ယောက်ကဲ့သို့ သဘောမထားဘဲ မိတ်ဆွေဟောင်းတစ်ယောက်ကဲ့သို့ သဘောထားနေပုံရသည်။ သူ့ပုံစံက အလွန်သိမ်မွေ့ညင်သာ၏။

သူက ထထိုင်ခြင်းပင် မရှိဘဲ မုန့်ချီကို အပြုံးနှင့် ပြောလိုက်သည်။

"မင်းက ငါ့စိတ်ကူးထဲက နတ်ဘုရားသတ်ဓား ရှောင်မုန့်ဆိုတဲ့ ပုံစံအတိုင်း အေးစက်ပြီး ထက်မြက်တဲ့ ဓားသမားတစ်ယောက်ပဲ…"

"ကျေးဇူးတင်ပါတယ်... "

ထိုကဲ့သို့ ချီးကျူးမှုကို မုန့်ချီကလည်း လေးစားစွာ လက်ခံခဲ့သည်။

"မင်းသား (၇)…

ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ လှည့်စားမှုတွေ ရှိနေတယ်... "

ပန်းပွင့်ခန်းမကြီးထဲတွင် ရှိနေသော အစောင့်များစွာက ခေါင်းထောင်ကြည့်လိုက်ကြသည်။ ထိုလူများက သူတို့၏စကားကို တိတ်တဆိတ် နားထောင်နေကြောင်း မုန့်ချီက ခံစားမိနေ၏။

မင်းသား (၇) က သက်ပြင်းချလိုက်မိသည်။ သူကတော့ ဆက်၍ လှဲနေသေးပြီး ညာလက်နှင့် ရေနွေးခွက်ကိုကိုင်၍ ပြောလိုက်၏။

"လှည့်စားမှုရှိရှိမရှိရှိ ငါ့အလုပ်မှ မဟုတ်တာ...။ ငါက ထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်လည်း မဟုတ်ဘူးလေ...။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် နာမည်ကျော်ကြားလာတဲ့အချိန် ခမည်းတော်နဲ့ စာသင်သားအသိုင်းအဝိုင်းမှာတော့ ငါက တော်တော်လေး ကောင်းပါတယ်... ။ ဒါပေမဲ့ နောက်ဆုတ်ဖို့ ရှေ့တိုးဖို့ ကိစ္စတွေမှာတော့ ငါလည်း ဘာမှမလုပ်နိုင်ဘူး... "

"မင်းသား (၇)က ဒီလိုအရာတွေကိုသာ ဖြေရှင်းနိုင်မယ်ဆိုရင် အထောက်အပံ့တွေ အများကြီးရနိုင်တယ်... ။ ပြီးတော့ နန်းတော်ထဲမှာလည်း ထောက်ခံသူတွေ အများကြီး ရှိနေသေးတာပဲ ။ မင်းသားက ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ သေချာပေါက် လွှမ်းမိုးနိုင်မှာပေါ့... "

မုန့်ချီကတော့ တည့်တည့်သာ ပြောလိုက်သည်။

ထိုလူငယ်က မာနကြီးနေခြင်းမရှိဘဲ ရင်းနှီးဖော်ရွေပုံရသည်။ သူ့ပုံစံက အတော်လေးကို နှစ်လိုဖွယ်ကောင်း၏။

မင်းသား (၇) က အားရပါးရရယ်ပြီး ပြောလိုက်သည်။

"နတ်ဘုရားသတ်ဓား ရှောင်မုန့်ဆိုတဲ့ နာမည်အတိုင်းပဲ မင်းရဲ့စကားလုံးတွေကလည်း ငါ့ကို ထိုးနှက်နေသလိုပါပဲလား... "

သူကတော့ ဆက်ရယ်နေပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"တကယ်လို့ ခမည်းတော်ကသာ နောက်ထပ်တစ်နှစ်လောက် သတိရှိနေဦးမယ်ဆိုရင်တော့ မင်းရဲ့စကားတွေက မှန်နိုင်ပါတယ်... ။ အရင်တုန်းက ငါက အခြေအနေကောင်းနေတယ်ဆိုတော့ ထီးနန်းက ငါ့အတွက်ဆိုတာ သံသယဝင်စရာ မလိုဘူးလေ... ။ ဒါပေမဲ့ အခုတော့ ငါ့ရဲ့သစ္စာခံအမတ်ကြီးတွေကတောင် ငါ့ကို စွန့်ခွာနေကြပြီ ။ ငါက အတိုင်းအတာတစ်ခုထိပဲ လွှမ်းမိုးနိုင်တော့တယ်... ။ ဒါပေမယ့် ငါလည်း နောက်ဆုတ်လို့ မရတော့ပါဘူး... ။ ကစားပွဲက စနေမှတော့ ငါတစ်ယောက်တည်းနေလို့ မရတော့ဘူးလေ... "

ပြတင်းပေါက်မှ ကျဆင်းလာသော နေရောင်ခြည်က မင်းသား (၇) ဆီသို့ တည့်တည့် ကျရောက်နေသည့်အတွက် သူ့ပုံစံက အလွန်ချောမောခန့်ညားနေသလို ထင်မှတ်ရသည်။ တစ်ချိန်တည်းတွင် သူ၏မျက်နှာပေါ်၌ ဝမ်းနည်းမှုနှင့် စိတ်ဓာတ်ကျမှုများ ပြည့်နှက်နေခဲ့၏။

လဲလျောင်းနေရင်း ဧည့်သည်ကို စကားပြောနေသော လူငယ်ကိုကြည့်ပြီး မုန့်ချီကတော့ စကားတစ်ခွန်းမျှ ထပ်မပြောခဲ့ပေ။ သူက မေးလိုက်၏။

"မင်းသား (၇) …

ဘယ်သူက ငြိမ်းချမ်းရေးစကားဆွေးနွေးမယ်လို့ထင်လဲ... "

ထီးနန်းအရေးနှင့် ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်ဆိုလျှင် သူက လူစိမ်းတစ်ယောက်သာ ဖြစ်သည်။ ထို့ကြောင့် သူ့ဆီတွင် ရည်ရွယ်ချက်ရှိမရှိ ပြောပြရန် မဖြစ်နိုင်ပေ။

မင်းသား (၇) ကတော့ မုန့်ချီကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။

"ငါ့သဘောကို ပြောရမယ်ဆိုရင်တော့ အစ်ကို (၃) နဲ့ အစ်ကို (၄) တို့ပဲဖြစ်နိုင်မယ်... "

"ဟုတ်လား... "

မုန့်ချီက သူ၏ရှင်းပြမှုကို စောင့်နေခဲ့သည်။

"အနောက်ပိုင်း ကျူးကျော်သူတွေထဲမှာ ခမ်းမိုတုက ယုကလန်ရဲ့ခေါင်းဆောင်ပဲ ။ သူက နတ်ဆိုးကျောင်းမှာရှိတဲ့ မကောင်းဆိုးဝါးပညာရှင်ရဲ့ တပည့် တစ်ယောက်လို့လည်း ပြောလို့ရတယ်... ။ ဒါပေမယ့် သူတို့တွေက အလယ်ပိုင်းနယ်မြေမှာရှိတဲ့ နတ်ဆိုးကျောင်းနဲ့ မဟာမိတ်တွေလို့ ဆိုလိုတာတော့ မဟုတ်ဘူး... ။ တစ်ဖက်မှာတော့ နတ်ဆိုးကျောင်းကို ပေါင်းစည်းချင်နေတဲ့ မကောင်းဆိုးဝါးဘုရင်မနဲ့ အနောက်ပိုင်း ကျူးကျော်သူတွေကို အသုံးချချင်နေတဲ့ နတ်ဆိုးကျောင်းပညာရှင်တွေရဲ့ကြားထဲမှာ တင်းမာမှုတွေ ရှိနေတယ်... ။ ဒီတော့ သူတို့က ပူးပေါင်းဖို့ လုံးဝမဖြစ်နိုင်ဘူး... "

မင်းသား (၇) က သူ့အမြင်ကို ပြောပြလိုက်သည်။

"လက်ခံသူတွေကို ရှင်းထုတ်မှာလား... "

မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။

မင်းသား (၇) က ဆက်ပြောလိုက်သည်။

"လွန်ခဲ့တဲ့ နှစ်(၂၀) လုံးလုံး အစ်ကိုကြီးက အိမ်ရှေ့မင်းသားဖြစ်နေတယ်... ။ ခမည်းတော်က သူတို့ကို ဖိနှိပ်ဖို့ ဘယ်လောက်ပဲကြိုးစားကြိုးစား သူ့ဆီမှာ ရင်ဆိုင်ဖို့အတွက် စွမ်းအားတွေ ရှိနေတယ်... ။ ခမည်းတော်ရဲ့ သေချာပြုစုပျိုးထောင်ပေးမှုကြောင့် ရုံးတော်နဲ့ နန်းတွင်းတပ်ဖွဲ့တွေက ငါ့အပေါ် သစ္စာရှိကြတယ်..။ အစ်ကို (၃)နဲ့ အစ်ကို (၄) တို့ကတော့ သိုင်းလောကမှာရှိတဲ့ ပညာရှင်တွေရဲ့ အထောက်အပံ့ပဲ ရှိကြတယ်..။ ဒါကြောင့် အဲဒီအချက်မှာ သူတို့က ရှုံးနိမ့်ရမှာပဲ …”

“တကယ်လို့ သူတို့ကသာ ထီးနန်းရချင်တယ်ဆိုရင် အစ်ကိုကြီးနဲ့ ငါ့လက်ထဲမှာရှိတဲ့ လုပ်ပိုင်ခွင့်တွေကို ရဖို့ လိုလိမ့်မယ်... ။ ပြင်ပတိုက်ခိုက်မှုတွေကို ခုခံဖို့အတွက် အတွင်းရေးက အရင်ဆုံး တည်ငြိမ်နေဖို့ လိုအပ်တယ်လေ... ။ ဒီတော့ ဒီလိုအချိန်မျိုးမှာ သူတို့တွေက အနောက်ပိုင်းကျူးကျော်သူတွေနဲ့ တိုက်ခိုက်ချင်မှာ မဟုတ်ဘူး...”

“ဒါဆိုရင် သူတို့က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖြစ်နိုင်တာပေါ့..။ သူတို့က အပြင်ဘက်က ရောက်လာတဲ့ ပြဿနာတွေကို အခွင့်ကောင်းယူပြီး လက်ရှိအခြေအနေကိုပြောင်းလဲဖို့ ကြိုးစားနိုင်လိမ့်မယ်... "

မုန့်ချီက ပြန်ဖြေလိုက်သည်။

မင်းသား (၇)က ပြုံးလိုက်ပြီး ခေါင်းစဉ်ပြောင်းလိုက်၏။

"ငါက နတ်ဆိုးကျောင်းနဲ့ ပူးပေါင်းနေတယ်လို့ နေရာတိုင်းမှာသတင်းထွက်နေတယ်... ။ မင်းအေဲဒီအကြောင်းတွေကို ကြားခဲ့လား ရှောင်မုန့်... "

"ကြားခဲ့ပါတယ်... "

မုန့်ချီက ပြန်ဖြေလိုက်သည်။ သူက သူ၏စကားလုံးများကို အလွန်သတိထားနေရ၏။

မင်းသား (၇)က ခေါင်းခါပြီး ပြောလိုက်သည်။

"ဒီကမ္ဘာကြီးကို အတွေးအခေါ်ပညာတွေ လွှမ်းမိုးနေတဲ့ မှူးမတ်တွေကပဲ အုပ်စိုးနေတာ... ။ သူတို့တွေက နတ်ဆိုးကျောင်းကို ထူးဆန်းတယ်လို့သတ်မှတ်ပြီး မြေလှန်ပစ်ချင်နေတာ... ။ တကယ်လို့ ငါသာ နတ်ဆိုးကျောင်းရဲ့ အထောက်အပံ့ကို ယူခဲ့မယ်ဆိုရင် ထီးနန်းရဖို့ လုံးဝမဖြစ်နိုင်တော့ဘူး...”

“ပထမဆုံး မျိုးစေ့ကိုစိုက်မယ်... ။ ပြီးတော့ ကိုယ်ပိုင်တရားရေးအရာရှိတွေကို လေ့ကျင့်ပေးမယ်... ။ နောက်ဆုံးကျမှ လက်ရှိပညာရှင်တွေကို ဖယ်ရှားမယ်... "

မုန့်ချီက စိတ်ထဲတွင် တစ်ယောက်တည်း တွေးနေခဲ့သည်။

"ဒါက တော်တော်လေးကို သင့်တော်ပါတယ်... "

သူကတော့ စိတ်လိုလက်ရ ပြန်ဖြေလိုက်သည်။

မင်းသား (၇) က ခဏကြာ စကားပြောနေပြီးနောက် မုန့်ချီကို ပြန်ပို့လိုက်သည်။ သူကတော့ မုန့်ချီနှင့် လုကွမ်တို့ကို သူ့ဘက်ကို ဆွဲခေါ်လိုသည့် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

မင်းသား (၇) ၏အိမ်ထဲမှ ထွက်လာပြီးနောက် မုန့်ချီက အဝေးသို့လျှောက်လာပြီး မလှမ်းမကမ်းတွင် မင်းသား (၄) ၏ စံအိမ်ကို တွေ့လိုက်ရသည်။ တံခါးစောင့်ကတော့ ဓားရှည်တစ်ချောင်းနှင့်အတူ ရပ်နေပြီး သူ့ပုံစံက အရာရာကို သတိထားနေပုံရ၏။

"အစိုးရကို ထိန်းချုပ်နိုင်ရင် တပ်ဖွဲ့ကို ထိန်းချုပ်နိုင်တယ်... "

မုန့်ချီ၏ခေါင်းထဲတွင် ထိုအတွေးက ရုတ်တရက် ပေါ်လာခဲ့သည်။

မင်းသား (၄) ၏တံခါးစောင့်က အလွန်တည်ငြိမ်ပြီး အေးစက်သည်။ သို့သော် စံအိမ်ထဲသို့ သူမဝင်ခင် အိမ်တော်ထိန်းက မုန့်ချီကို စံအိမ်ထဲသို့ လာရောက်ဖိတ်ခေါ်ခဲ့သည်။

"မင်းသား (၄) က ဓားသူရဲကောင်းမုန့်ကို လေးစားနေတာကြာပါပြီ ။ သူရဲကောင်း ရောက်လာတယ်ဆိုတာ ကြားတဲ့အချိန်ကတည်းက ကျွန်တော့်ကို တံခါးမှာ စောင့်နေခိုင်းခဲ့တာ... "

အိမ်တော်ထိန်းက ပြောပြလိုက်၏။ မင်းသား (၄) ယောက်က အလွန်အဆင့်အတန်းမြင့်ကြလေသည်။

မုန့်ချီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။

"မင်းသား (၄)က ဓားအင်ပါယာရဲ့တပည့်ပဲ ။ သူ့ရဲ့စွမ်းရည်ကလည်း ငါ့လောက်နီးနီး ကောင်းမှာပါ... "

ထို့နောက် သူက တိတ်ဆိတ်နေပြီး တည်ငြိမ်သော ဓားသမားတစ်ယောက် ပုံစံအတိုင်း နောက်မှ လိုက်သွားခဲ့သည်။ သူ့ကို စာကြည့်ခန်းထဲသို့ ခေါ်သွားခဲ့၏။

မင်းသား (၄)၏ စာကြည့်ခန်းက အလွန်ကြီးမားသည်။ တစ်ဖက်တွင်တော့ စစ်ပရိယာယ်ကျမ်းကဲ့သို့ စာအုပ်ပေါင်းများစွာ ရှိနေပြီး တစ်ဖက်တွင်တော့ အဖိုးတန်ဓားများစွာ ချိတ်ဆွဲထားသည်။

မုန့်ချီက အနားရောက်လာသည့်အချိန်တွင် မင်းသား (၄) က ဓားတစ်ချောင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"ထန်ရှန်းဓား (၃) ပေ (၃) လက်မအရှည်ရှိပြီး (၃) လက်မအကျယ်ရှိတယ်... ။ ဥက္ကာခဲကနေ ဖန်တီးထားပြီး အရမ်းထက်တယ်... ။ ငါ့ဆရာငယ်ငယ်တုန်းက ဒီဓားနဲ့ စွန့်စားခန်းတွေ ထွက်ခဲ့တာပဲ ။ တော်တော်လေးကို ကြောက်စရာကောင်းတဲ့အစွမ်းမျိုးရှိတယ်...”

“လစန္ဒာဓား (၃) ပေအရှည်ရှိတယ်... ။ သွေးရောင်တောက်ပနေတဲ့ လမင်းကြီးကို ပုံစံယူထားတဲ့ အနီရင့်ရောင်ဓားတစ်ချောင်းပဲ ။ ဒီဓားကို အရူးအရက်သမား ဓားပညာရှင်တစ်ယောက်က တစ်ကြိမ်သုံးခဲ့ဖူးတယ်... "

သူကတော့ ယခုမှတွေ့သော မိတ်ဆွေတစ်ယောက်ကို သူ စုဆောင်းထားသော အရာများ ဝေမျှနေသလို ထင်မှတ်ရသည်။ သူက အတော်လေးကို စိတ်အားတက်ကြွနေခဲ့၏။

မုန့်ချီကလည်း အတော်လေးကို စိတ်ဝင်စားနေခဲ့သည်။ သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေပြီး ထိုရတနာများအားလုံးကို ယူသွားချင်နေခဲ့၏။ ထိုအရာက သူ့အတွက် ကံကြမ္မာအမှတ်များ ဖြစ်သည်။

"ဒါကတော့ သံသစ်သားဓား... ။ ငါ့ဆရာ ဓားတွေကိုမမေ့ခင် သုံးခဲ့တဲ့ဓားပဲ…"

မင်းသား (၄) က မုန့်ချီကို လှည့်ကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။

"ငါက အခုချိန်ထိ ဓားနိယာမတွေကို လေ့လာနေတုန်းပဲ ရှိသေးတယ်... ။ ဒါပေမယ့် ငါ့အတွက် အခက်အခဲတွေ ရှိနေသေးတယ်... ။ မင်းကတော့ မင်းရဲ့စွမ်းရည်တွေကို မြှင့်တင်ပြီး နောက်ထပ်အဆင့်တစ်ခုကို တက်လှမ်းနေပြီ ။ အရင်နှစ်တွေ အတောအတွင်း ငါ့ဆရာက ဓားသမားတစ်ယောက်ကို ချီးကျူးတာ ဒါပထမဆုံးပဲ…"

သူက မုန့်ချီကို သူနှင့်ဆရာတူ လူငယ်တစ်ယောက်အဖြစ် သတ်မှတ်ထားပြီး တစ်ချိန်တည်းတွင် သူနှင့် နှိုင်းယှဉ်နေခဲ့သည်။

မင်းသား (၄) ၏စကားကိုနားထောင်ပြီး မုန့်ချီကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးသွားသလို ခံစားလိုက်ရ၏။

"ထီးနန်းအုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့အရာတွေကို သူတို့က ဖယ်ရှားနိုင်မှာလား... ။ အောင်မြင်မှုနဲ့ ကြွယ်ဝချမ်းသာမှုကိုရော သူတို့က ဖယ်ရှားနိုင်မှာလား... ။ မင်းရင်ဆိုင်နေရတဲ့ သာမာန်ပြဿနာတွေကိုရော သူတို့က ဖယ်ရှားနိုင်မှာလား... ။ တကယ်လို့ မင်းကသာ ဓားနိယာမတွေကို အမှန်တကယ် စွဲလမ်းနေမယ်ဆိုရင် မင်းရဲ့လမ်းကြောင်းမှာရှိတဲ့ အရာအားလုံးကို သေချာပေါက် ဖယ်ရှားနိုင်ပါလိမ့်မယ်... "

ဆက်တိုက်မေးလိုက်သော မေးခွန်းများကြောင့် နံပါတ် (၄) မင်းသားက တုန်လှုပ်သွားခဲ့သည်။ မူလတုန်းက သူ့ပုံစံက ယုံကြည်ချက် ရှိနေသော်လည်း ယခုတော့ ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။

သူက ခဏကြာ တိတ်ဆိတ်သွားပြီး ခါးသီးစွာ ရယ်လိုက်သည်။

"ဒါကြောင့်လည်း မင်းက ဒီလိုအသက်အရွယ်နဲ့ ထိပ်တန်းဓားသမားတစ်ယောက် ဖြစ်နေတာပဲ ရှောင်မုန့်... ။ ကျောက်တုံးတံတားပေါ်မှာ မင်းပြောလိုက်တဲ့စကားတွေက ငါ့နားထဲမှာ စွဲနေသေးတယ်... ။ ခင်ဗျားကို တိုက်ခိုက်ဖို့အတွက် ကျုပ်ဓားကိုသုံးဖို့ မသင့်တော်ဘူးဆိုတဲ့စကားက ငါ့ရဲ့သွေးတွေကို ဆူပွက်လာစေခဲ့တယ်... ။ ငါ့မှာတော့ မင်းလို အစွမ်းထက်တဲ့နှလုံးသားမျိုး ပိုင်ဆိုင်မထားဘူး... "

သူက သက်ပြင်းချပြီး ပြောလိုက်သည်။

"အနောက်ပိုင်းကျူးကျော်သူတွေက ရက်စက်ကြမ်းကြုတ်တယ်... ။ ငါက လူသားတွေကို ကပ်ဆိုးကနေ ကယ်တင်ဖို့ ရဲမတ် (၁၀)သန်း စေလွှတ်ဖို့ပဲ တတ်နိုင်တယ်... "

"ငြိမ်းချမ်းရေးဆွေးနွေးမှုမှာ လှည့်စားမှုတွေရှိနေတာကို မင်းသား (၄)က သိလား... "

မုန့်ချီကတော့ မင်းသား (၄)၏စကားအတိုင်း လိုက်မပြောခဲ့ပေ။

မင်းသား (၄) က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"ငါက မင်းရောက်လာရတဲ့ ရည်ရွယ်ချက်ကို သိပါတယ်... ။ ငါက ငြိမ်းချမ်းရေးဆွေးနွေးမှုကို တားဆီးဖို့အတွက် နည်းလမ်းမျိုးစုံ သုံးပြီး ကြိုးစားမှာပါ... "

"ဘယ်မင်းသားက ငြိမ်းချမ်းရေးဆွေးနွေးမယ်လို့ မင်းသား(၄)က ထင်လဲ... "

မုန့်ချီက မင်းသား (၇) ၏စံအိမ်တွင် မေးခဲ့သော မေးခွန်းအတိုင်း မေးလိုက်သည်။

မင်းသား (၄) က ခဏကြာစဉ်းစားပြီး ပြောလိုက်၏။

"အခုအစ်ကိုကြီးက တိုင်းပြည်ကို အုပ်ချုပ်နေတယ်... ။ တကယ်လို့ သူသာ ဆွေးနွေးမှုကို ဆန့်ကျင်မယ်ဆိုရင် ဒီနေ့လိုအခြေအနေမျိုး ရောက်လာမှာမဟုတ်ဘူး.."

မုန့်ချီက သူ့ကို နောက်ထပ်မေးခွန်း မမေးတော့ပေ။ သူနှင့်ဓားပညာ အတွေးအမြင်တချို့ကို ဖလှယ်ပြီးနောက် နှုတ်ဆက်ထွက်ခွာလာခဲ့သည်။

မုန့်ချီက ခဏကြာ လျှောက်လာပြီးနောက် အိမ်ရှေ့မင်းသား၏စံအိမ်ကို တွေ့လိုက်ရ၏။ သူ၏တံခါးစောင့်ကတော့ အလွန်မောက်မာပုံရပြီး သူရောက်လာခြင်းကို လက်ခံတွေ့ဆုံခဲ့သည်။

မုန့်ချီကလည်း သူ့ကို အေးစက်စွာ ကြည့်နေခဲ့၏။ သူက ပြောင်းလဲမှုကျင့်စဉ်ကို အမြင့်ဆုံးသုံး၍ တိတ်ဆိတ်နေခဲ့သည်။ အလွန်အေးစက်သော မုန့်ချီ၏အကြည့်ကြောင့် တံခါးစောင့်က ကြက်သီးမွေးညင်းများထလာပြီး နဖူးပေါ်မှ ချွေးစေးများ ကျလာခဲ့သည်။

ထို့နောက် သူက အံကြိတ်ပြီး အိမ်ရှေ့မင်းသားကိုသွား၍ သတင်းပို့ခဲ့သည်။ ခဏကြာပြီးနောက် သူပြန်ရောက်လာပြီး ပြောလိုက်၏။

"အိမ်ရှေ့မင်းသားက မင်းကိုမတွေ့ချင်ဘူး... ။ သူက မင်းရောက်လာတဲ့အကြောင်းကို သိတယ်... "

"ကောင်းပါပြီ…"

မုန့်ချီက မကျေမနပ် ဖြစ်မနေခဲ့ပေ။ သူက ပြန်လှည့်ပြီး ထွက်သွားခဲ့၏။ မည်သို့ဖြစ်စေကာမူ သူ့ကိုတွေ့ရန် ငြင်းဆန်ခြင်းကလည်း သူ၏သဘောထားသာ ဖြစ်သည်။

ဝမ်ဟိုလမ်း၏ တခြားတစ်ဖက်တွင်တော့ မင်းသား (၃) ၏စံအိမ်ရှိသည်။ မုန့်ချီက လှေကား၌ ခြေချလိုက်သည့်အချိန်တွင် တံခါးပွင့်သွားခဲ့သည်။ ထိုအချိန်တွင် ချောင်ကျန်းက အပြုံးနှင့် နှုတ်ဆက်လိုက်ကြောင်း တွေ့လိုက်ရ၏။

"ဒီနေ့မင်းရဲ့နာမည်က မြို့တော်ထဲမှာ တော်တော်လေးကို နာမည်ကြီးနေတာပဲ ။ မင်းသားလေးက မင်းကို မနက်ကတည်းက စောင့်နေတာ... "

သူ၏ငွေရောင်ဝတ်စုံနှင့် ကျောက်စိမ်း အဆင်တန်ဆာများကိုကြည့်ပြီး မုန့်ချီက ပြုံးလိုက်သည်။

"မင်းက ကောင်းကောင်းလုပ်ဆောင်နေတာပဲ…"

"ဟီး ဟီး... ။ ဒီလိုပါပဲ .."

ချောင်ကျန်းက ဝမ်းသာအားရ တုံ့ပြန်လိုက်သည်။

“မင်းသားလေးက ပညာရှင်တွေအားလုံး စုစည်းနေတယ်... ။ ဒါကြောင့် သူက သူ့လူတွေကို သိုင်းလောကဓလေ့ထုံးစံတွေအတိုင်း ဆက်ဆံနေတာ... ။ ငါကတော့ အဲဒီအရာတွေမှာ ကျွမ်းကျင်တယ်လေ... ။ ဒါကြောင့် ငါ့ကို လက်နက်တွေ သိုင်းကျမ်းတွေ ဆုချထားတာ... "

"မဆိုးပါဘူး... "

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူ၏ပထမဆုံး သံသရာတာဝန်ကတော့ ထိုမျှအောင်မြင်ခဲ့ခြင်း မရှိချေ။ ချောင်ကျန်းကတော့ ကံကြမ္မာအမှတ်များ သုံးရန် မလိုအပ်ဘဲ ရှားပါးသိုင်းကျမ်းများ ၊ လက်နက်များကို ရခဲ့သည်။

လမ်းတလျှောက်တွင် ချောင်ကျန်းကတော့ သူတို့နှင့် မင်းသား၏ ပတ်သက်မှုများ တိုးတက်လာရန် အကောင်းဆုံး ကြိုးစားနေကြောင်း ပြောပြခဲ့သည်။ သူ၏မိတ်ဆွေက ယခုအချိန်တွင် အလွန်အမင်း ကျော်ကြားသော သူရဲကောင်းတစ်ယောက် ဖြစ်နေပြီး လူငယ်မှတ်တမ်းအရ ဓားမောက်သိုင်းပညာတွင် ပို၍ ကျွမ်းကျင်နေနိုင်သည်။

သူတို့ (၂) ယောက်က ဥယျာဉ်နှင့် ခန်းမကို ဖြတ်လျှောက်လာပြီး စာကြည့်ခန်းထဲသို့ ရောက်လာခဲ့၏။ သူတို့ရောက်လာသည့်အချိန်တွင် မုန့်ချီက မင်းသား တစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော အသက် (၃၀) အရွယ် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူကတော့ လက်နောက်ပစ်၍ရပ်နေပြီး သူ့ပုံစံက ငိုကြွေးနေသလို ထင်မှတ်ရ၏။

"နောက်ဆုံးတော့ ရောက်လာပြီပဲ ရှောင်မုန့်... "

ထိုလူကတော့ မင်းသား (၇) ဖြစ်သည်။ သို့သော် သူ့ပုံစံက မုန့်ချီကို အလွန်အလေးထားနေပုံရ၏။

လော်ရှန်းကျိကတော့ မင်းသား (၃) ၏နောက်တွင် ရပ်နေခဲ့သည်။ သူက တည်ငြိမ်နေပြီး ပြုံးနေခဲ့၏။ မုန့်ချီက တခြားသော မင်းသားများဆီသို့ သွားလည်ခဲ့သည့်အတွက် သူက စိတ်ဓာတ်ကျနေခြင်း မရှိချေ။

ကီဟွေအန်ကိုတော့ မည်သည့်နေရာမျှ မတွေ့ရသည့်အတွက် တခြားကိစ္စများကို လုပ်ဆောင်နေပုံရသည်။

Translated by Hein Htet.

All Chapters