အခန်း (၁၇၈)
Vol. 12 Ch. 178
သူတို့က အလွန်အကျူး ဟန်ဆောင်နေကြခြင်း ဖြစ်သည်။ မုန့်ချီက မနေနိုင်တော့ပဲ စိတ်ထဲတွင် ကောက်ချက်ချလိုက်မိသည်။
မုန့်ချီက အလွန်အမင်း ချဉ်းကပ်လာခြင်းကို မကြိုက်သော သိုင်းပညာရှင် တစ်ယောက်ဖြစ်ကြောင်း မင်းသား (၃)က သိနေခဲ့သည်။ ထို့ကြောင့် သူ့လက်ကို ဆုပ်ကိုင်နေခဲ့ခြင်း မရှိဘဲ နွေးထွေးစွာ ဝင်ခွင့်ပေးလိုက်၏။
"စစ်သူကြီးလုက မင်းရဲ့အကူအညီကို ရခဲ့တာ တကယ်ကံကောင်းခဲ့တာပဲ ။ မင်းက မိုင်ထောင်ပေါင်းများစွာအတွင်း အစွမ်းထက်တဲ့ ရန်သူတွေကို သတ်ပစ်ခဲ့ပြီး အခက်အခဲတွေကိုလည်း ဖြတ်ကျော်ခဲ့ရတယ်... ။ တကယ်လို့ ငါသာ မင်းရဲ့အကူအညီကို ရခဲ့မယ်ဆိုရင် အောင်မြင်မှုကြီးတွေရဖို့ ဘာကို စိုးရိမ်နေရတော့မှာလဲ... "
သူကတော့ သူ၏လေးစားမှုနှင့် စိတ်အားထက်သန်မှုများကို ပြသနေပြီး အသံက အတော်လေး နားထောင်၍ ကောင်းနေသည်။
"ကျွန်တော်က တတ်နိုင်တဲ့အရာကိုလုပ်ခဲ့ရုံပါပဲ…"
မုန့်ချီက သတိထား၍ ပြောလိုက်သည်။
မင်းသား (၃) ကတော့ သူ၏အပြုအမူကို စိတ်မဝင်စားခဲ့ပေ။ သူက အပြုံးနှင့် ပြောလိုက်၏။
"မင်းက ညီလေး (၇)နဲ့ ညီလေး(၄)တို့ရဲ့ စံအိမ်ကို သွားခဲ့တယ်လို့ ငါကြားတယ်..။ မင်းက ဒီလောက်မြန်မြန် ရောက်လာလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး.။ မင်းက ခဏအနားယူပြီးမှပဲ ငါ့ဆီကို ရောက်လာမယ်လို့ ထင်ထားတာ... "
သူက ဖိနပ်လွဲ၍ စီးထားသည့်အပေါ် ရှင်းပြခြင်းလည်း ဖြစ်သည်။ ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ကောင်းမွန်၏။ သို့သော် သူလုပ်ဆောင်သည့် အရာများက အလွန်များပြားနေသည်။ ထိုအရာက ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုကို ပေးနိုင်၏။
"ငြိမ်းချမ်းရေးဆွေးနွေးမှုက လှည့်စားထားတာဆိုတဲ့အကြောင်း မင်းသားတွေကို လိုက်ပြီး သတင်းပေးရုံပါပဲ…"
မုန့်ချီက အမှန်အတိုင်း ပြောလိုက်သည်။
မင်းသား (၃)က သူ့ဘေးတွင် ရှိနေသော ထိုင်ခုံတွင် မုန့်ချီကို ထိုင်ခိုင်းလိုက်ပြီး သူ၏လေးစားမှုကို ပြသလိုက်သည်။
"ငါက ဒီကိစ္စကို ကြားပြီးပါပြီ ။ ငါလုပ်နိုင်တဲ့အရာကတော့ ဒါကို ရပ်တန့်ဖို့ပဲ ။ ညီလေးမုန့် … ရှန်းကျိနဲ့မင်းက တစ်မြို့တည်းသားတွေလို့ ငါကြားထားတယ်... "
"ဟုတ်ပါတယ်... "
မုန့်ချီက ပြန်ဖြေလိုက်သည်။ သူကတော့ အသေးအဖွဲ့ကိစ္စများတွင် အချိန်ဖြုန်း၍ ဆက်မပြောချင်ခဲ့ပေ။
"မင်းရဲ့ဓားပညာက သာမန်လူတွေထက် ပို၍မြင့်တယ်ဆိုပြီး ရှန်းကျိက အမြဲတမ်း ချီးကျူးနေတာ...။ သူက မင်းကို အမြဲတမ်း ထောက်ခံပေးနေတာလေ..။ အရင်တုန်းကတော့ ငါလည်း မယုံခဲ့ပါဘူး..။ ဒါပေမယ့် အခုတော့ ရှန်းကျိ ပြောခဲ့တဲ့စကားကတောင် အရမ်းလိုနေသေးတယ်ဆိုတာ ငါသိသွားပြီ ။ မင်းက ဓားသိုင်းပညာကို တတ်မြောက်ရုံလေးတင် မဟုတ်ဘဲ တော်တော်လေးကို ကျွမ်းကျင်နေတာပဲ...။ ဒီကမ္ဘာကြီးထဲမှာ မင်းကို တိုက်ခိုက်နိုင်တဲ့သူက (၅)ယောက်ထက် မပိုဘူး... ။ မင်းဓားထုတ်တဲ့ပုံစံက ယုရီဘုန်းတော်ကြီးနဲ့ နတ်ဆိုးဘုရင်တို့ကိုတောင် ခြိမ်းခြောက်နိုင်တယ်လေ... ။ မင်းက အနာဂတ်မှာ ဓားအင်ပါယာ တစ်ယောက် ဖြစ်လာလိမ့်မယ်... "
မင်းသား (၃) ကတော့ စိတ်လိုလက်ရ ပြောနေပြီး လော်ရှန်းကျိက အပြုံးနှင့် နားထောင်နေခဲ့သည်။
"တော်သေးတာပေါ့... ။ ငါ တကယ်အစွမ်းထက်တာက ဓားမောက်ပညာဆိုတာ သူ မပြောရသေးဘူး... "
မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"အဲဒါက ကျွန်တော့်ကို အရမ်းချီးကျူးနေပါပြီ ။ တကယ်လို့ မင်းသားတစ်ပါးပါးကသာ အနောက်ပိုင်း ကျူးကျော်သူတွေနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်မယ်ဆိုရင် ဘယ်သူဖြစ်နိုင်မလဲ... "
မင်းသား (၃) က အံ့ဩမှင်တက်သွားပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါက တာဝန်မယူနိုင်တဲ့စကားတွေကို မပြောချင်ဘူး... ။ ပြီးတော့ အဲဒါတွေက သက်သေလည်း မရှိဘူးလေ..။ ဒါပေမဲ့ ဒီအချိန်အတောအတွင်း ငါ့ရဲ့အစ်ကိုကြီး၊ ညီလေး (၄) နဲ့ ညီလေး (၇) တို့က ယွင်ရန်ရဲတိုက်ထဲကို တိတ်တဆိတ် လူလွှတ်ခဲ့တယ်ဆိုတာ ငါ့လူယုံနဲ့ ရှန်းကျိက မတော်တဆတွေ့ခဲ့တယ်... ။ သူတို့တွေက ဘာတွေပြောနေလဲဆိုတာတော့ ငါလည်း သေချာမသိဘူး... ။ မင်းက ရှန်းကျိကို မေးလို့ရတယ်... "
မုန့်ချီက သူ့ကို စိုက်ကြည့်နေကြောင်း မြင်သည့်အခါ လော်ရှန်းကျိက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
"နတ်ဆိုးဘုရင်က မင်းသား (၇)ရဲ့လူယုံပဲ ။ ဒါပေမဲ့ သူက မကောင်းဆိုးဝါဘုရင်မနဲ့ ပူးပေါင်းထားတယ်..။ ဓားအင်ပါယာရဲ့တပည့်ဖြစ်တဲ့ မင်းသား (၄) ကတော့ ကောင်းကင်ဓား စုန့်မင်ကို လွှတ်လိုက်တယ်..။ အိမ်ရှေ့မင်းသားရဲ့လူယုံကတော့ မြို့တော်မှာရှိတဲ့ လက် (၉) ချောင်း ထိပ်တန်းလူဆိုးထိန်း နီဝမ်ပဲ။ ပြီးတော့ နတ်ဆိုးကျောင်းမှာ အတော်ဆုံးဖြစ်တဲ့ မကောင်းဆိုးဝါးသခင် လုဟွာရှန်ကလည်း အနောက်ပိုင်း ကျူးကျော်သူတွေရဲ့ လူယုံအနေနဲ့ ပုန်းနေတယ်.။ သူတို့ ဘာကိုပြောနေလဲဆိုတာတော့ ငါလည်း မသိဘူး... "
မုန့်ချီနှင့် လော်ရှန်းကျိတို့၏ အဆင့်အတန်းအရ သူတို့ထဲတွင် နတ်ဆိုးဘုရင်က အစွမ်းထက်ဆုံး ဖြစ်သည်။ သူက တံခါး (၉) ပေါက် ပွင့်နေပြီ ဖြစ်၏။ စုန့်မင် ၊ နီဝမ်နှင့် လုဟွာရှန်တို့ကတော့ တံခါး (၈) ပေါက်ဆီ ပွင့်နေပြီး အလွန်အစွမ်းထက်သည်ဟု သတ်မှတ်နိုင်သည်။
လော်ရှန်းကျိက တံခါး (၈) ပေါက် ပွင့်နေပြီး အခြေခံလက်သီးသိုင်းပညာကို ကျွမ်းကျင်ထားသည်။ သူက ပို၍အဆင့်မြင့်သောအဆင့်ကို ရောက်နေနိုင်၏။ သူက လူငယ်မှတ်တမ်းတွင် ထိုက်တန်သော လူတစ်ယောက်လည်း ဖြစ်သည်။ သူက တိုက်ခိုက်ရေးအစွမ်းအရ နတ်ဆိုးဘုရင်ထက် အနည်းငယ် ပိုသာနိုင်၏။ ထို့ကြောင့် သူတို့ကို တိတ်တဆိတ် လိုက်လံချောင်းမြောင်းနိုင်သည်မှာ အံ့ဩစရာတော့ မရှိချေ။
မင်းသား(၃) ကတော့ နန်းတွင်းထဲတွင် အရေးနိမ့်နေပြီး တပ်ဖွဲ့နှင့် ထိပ်တန်းပညာရှင်များလည်း မရှိပေ။ သို့သော် သူ့ဆီတွင် အလွန်ကြီးမားသော သတင်းကွန်ယက်ကြီးတစ်ခု ရှိပုံရသည်။
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"ကျွန်တော်က ဒီကိစ္စကို တပ်မှူးလုဆီ သတင်းပို့လိုက်ပါ့မယ်..."
ဤကိစ္စနှင့် ပတ်သက်သောအရာများက သံသယဝင်စရာ ကောင်းနေသည်။ ယနေ့ည သူကိုယ်တိုင် ယွင်ရန်ရဲတိုက်ထဲသို့ ဝင်သွားပြီး မကောင်းဆိုးဝါးသခင်ကိုဖမ်း၍ ပြောင်းလဲခြင်းကျင့်စဉ်နှင့် စစ်ဆေးမေးမြန်းနိုင်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်။
လက်ရှိအချိန်တွင် မုန့်ချီက အမှန်တကယ်ကို အစွမ်းထက်နေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက်က သူ့ကို ရှာတွေ့သွားမည်ဆိုလျှင်ပင် မတိုက်ခိုက်ခင် သူ့အစွမ်းကို စစ်ဆေးကြဦးမည် ဖြစ်၏။ အကယ်၍ သူကသာ မကောင်းဆိုးဝါးသခင်ကို တိတ်တဆိတ် တိုက်ခိုက်နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
မုန့်ချီ၏ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့် (၆) က ကနဦးအဆင့်သာ ရှိသေးသည်။ သူ၏အဆင့်က တံခါး (၄) ပေါက် အဆင့်ဖြစ်ပြီး တိုက်ခိုက်စွမ်းရည်ကတော့ တံခါး (၆) ပေါက်အဆင့် ဖြစ်သည်။ ထို့ကြောင့် သူက တံခါး (၇) ပေါက်အဆင့် ပညာရှင်တစ်ယောက်ကို သတ်ပစ်ရန် သေချာပေါက် လှုပ်ရှားမှုကြီးများ ထွက်ပေါ်လာပါလိမ့်မည်။
သို့သော် တုကူးဓား (၉) ကွက်ကို အခြေခံအားဖြင့် နားလည်လာသည့်အချိန်တွင် သူ၏တိုက်ခိုက်စွမ်းရည်များက မြင့်တက်လာပြီး လှုပ်ရှားမှုများကလည်း ပို၍ထူးခြားလာသည်။ ထို့ကြောင့် သူက လှုပ်ရှားမှု ကြီးကြီးမားမား မလိုအပ်ဘဲ တံခါး(၈)ပေါက်အဆင့် သာမန်ပညာရှင်တစ်ယောက်ကို အနိုင်ရနိုင်သည်။
ထို့ကြောင့်လည်း ယုရီဘုန်းတော်ကြီး ၊ နတ်ဆိုးဘုရင်နှင့် တခြားသော ထိပ်တန်းပညာရှင်များကို ရင်ဆိုင်ခဲ့ရသည့်အချိန်တွင် မကြောက်ခြင်း ဖြစ်၏။ သူက မကောင်းဆိုးဝါးသခင်ကို အနိုင်ရရန် အလွန်အမင်း ခက်ခဲနေခြင်းတော့ မရှိချေ။ သို့သော် လိုအပ်ချက်တစ်ခုတော့ ရှိသည်။ မကောင်းဆိုးဝါးသခင်၏အစွမ်းက သူတို့ ပြောထားသလို အစွမ်းမျိုး ရှိနေရန် လိုအပ်နေသေး၏။ မင်းသား (၃) က ခေါင်းညိတ်ပြလိုက်သည်။
"တကယ်လို့ တပ်မှူးလုကသာ ငါ့ကို ဒီမှာကူညီပေးမယ်ဆိုရင် ငါက သူခိုးဓားပြတွေကို ခြောက်လွှတ်နိုင်ပြီ ။ အဲဒီအချိန်မှာ တိုင်ရှန်တပ်ဖွဲ့ကတော့ အနောက်မြောက်ဘက်မှာ ကာကွယ်ပေးနိုင်တယ်..။ သူတို့တွေက မဆင်မခြင် တိုက်ခိုက်ရဲကြမှာ မဟုတ်ဘူး..။ ပြီးတော့ သူတို့တွေကို နောက်ဆုတ်မရအောင် လမ်းပိတ်ထားလိုက်မယ်ဆိုရင် သူတို့က ငြိမ်းချမ်းရေးယူဖို့ တောင်းပန်ကြရမှာပဲ…"
သူက မုန့်ချီကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။
"ငါတို့က ပထမဆုံးတွေ့ပေမဲ့ မင်းကို မိတ်ဆွေဟောင်းတစ်ယောက်လို ခံစားမိပါတယ်... ။ ငါက မင်းရဲ့အကျင့်စရိုက် ၊ စိတ်နေစိတ်ထားနဲ့ သိုင်းပညာတွေကို တကယ်လေးစားမိတယ်... ။ ဒီတော့ ငါ့ရဲ့ကိစ္စတွေကို ကူညီပေးဖို့အတွက် ရဲတိုက်ကို ဖိတ်ခေါ်ချင်တယ်... "
သူက မုန့်ချီကို သူ့ဘက်သို့ ဆွဲခေါ်ရန် စောင့်မနေနိုင်တော့ပေ။ သူက မင်းသားများထဲတွင် လိုအပ်ချက် အများဆုံး ဖြစ်သည်။ သို့သော် ထိုအရာကြောင့် သူ၏စိတ်ဆန္ဒကို ပြသနိုင်ခြင်းတော့ မဟုတ်ပေ။
မုန့်ချီက ကလေးတစ်ယောက် မဟုတ်သည့်အတွက် အေးအေးဆေးဆေးသာ ပြောလိုက်သည်။
"မင်းသား (၃) ရဲ့စေတနာကို ကျေးဇူးတင်ပါတယ်..။ ကျွန်တော်က အပြင်မှာလွတ်လွတ်လပ်လပ်ပဲ နေချင်တယ်... ။ ပြီးတော့ တပ်မှူးလုကိုပဲ လေးစားတယ်... ။ ဒီကိစ္စတွေ ပြီးသွားတာနဲ့ ကျွန်တော်က ချက်ချင်း ထွက်သွားမှာပါ... "
သူ့ကို ငြင်းဆန်လိုက်သည့်အတွက် မင်းသား (၃) က ဒေါသထွက်နေခြင်း မရှိချေ။ သူက အပြုံးနှင့် ပြောလိုက်၏။
"တပ်မှူးလုက နန်းတော်ထဲမှာ အရေးကြီးဆုံးလူတစ်ယောက်ပဲ ။ ပြီးတော့ သူက အနောက်ပိုင်းကျူးကျော်သူတွေအတွက် အိပ်မက်ဆိုးတစ်ခုလို့လည်း ပြောလို့ရတယ်..။ ငါလည်း သူ့ကို အရမ်းလေးစားပါတယ်..။ ငါတို့တွေ အတူတူပူးပေါင်းပြီး အနောက်ပိုင်းကျူးကျော်သူတွေကို အနိုင်ရနိုင်ဖို့ မျှော်လင့်ပါတယ်... ။ အနာဂတ်မှာတော့ ငါတို့ကမ္ဘာကြီးမှာရှိတဲ့ လူတွေကို ကယ်တင်ပြီး ငြိမ်းချမ်းရေး ယူပေးရမယ်... ။ ကျေးဇူးပြုပြီး ငါ့ရဲ့စကားတွေကို တပ်မှူးဆီ ပြောပြလိုက်ပါ... "
သူက မုန့်ချီကို သူ့ဘက်သို့ ဆွဲခေါ်နေသည်မှာ အလွန်သိသာ ထင်ရှားနေသည်။ လက်ရှိအခြေအနေက သူထိန်းချုပ်၍ ရနိုင်သော အရာတစ်ခုလည်း မဟုတ်ချေ။
မုန့်ချီက မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်လိုက်၏။ မင်းသား (၃) က လော်ရှန်းကျိကို အပြင်သို့ လိုက်ပို့ခိုင်းလိုက်သည်။
"မနေ့ညတုန်းက ကျောက်တုံးတံတားပေါ်မှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကြောင့် မင်းက မြို့တော်ထဲမှာ တော်တော်လေး နာမည်ကြီးနေပြီ ။ မင်းသား (၃)ကလည်း မင်းကို မကောင်းဆိုးဝါးမင်းသားနဲ့ ယှဉ်နိုင်တဲ့ သိုင်းသခင်တစ်ယောက်လို့ သတ်မှတ်ထားတယ်... ။ နတ်ဆိုးဘုရင်ကို တိုက်ခိုက်နိုင်တဲ့ ငါထက်တောင်ပိုပြီးတော့ အလေးထားနေသေးတယ်... "
လော်ရှန်းကျိက စနောက်သလိုနှင့် ပြောလိုက်၏။
မုန့်ချီက အရူးတစ်ယောက် မဟုတ်ချေ။ သူက လော်ရှန်းကျိ ပြောသည့်စကားကို နားလည်နေခဲ့၏။ အကယ်၍ သူသာ တစ်စုံတစ်ယောက်နှင့် ပူးပေါင်းချင်သည်ဆိုလျှင် လော်ရှန်းကျိကဲ့သို့ အစွမ်းရှိသော လူတစ်ယောက်က တခြားလူများ၏ ယုံကြည်မှုကို ပို၍လိုအပ်ပါလိမ့်မည်။ ထို့ကြောင့် ပူးပေါင်းလျှင် ပိုကောင်းနိုင်၏။
ထို့ကြောင့်လည်း သူက မုန့်ချီအပေါ် သူ၏သဘောထားကို ပြောင်းလဲလာခြင်း ဖြစ်၏။ သူနှင့် ရွမ်ယုရှုတို့၏ ရွေးချယ်မှုကြောင့် လော်ရှန်းကျိ၏ သဘောထားက ပြောင်းလဲလာခြင်းဖြစ်ကြောင်း မုန့်ချီကလည်း သိနေသည်။ ယခင်တုန်းက သူ့လုပ်ရပ် အမှားများကိုလည်း နားလည်နိုင်မည် ဖြစ်၏။
ယခုတော့ သူက တန်းတူပူးပေါင်းရန် တောင်းဆိုနေခြင်းဖြစ်ပြီး အဖွဲ့သားများ ၊ လက်အောက်ငယ်သားများကဲ့သို့ ဆက်ဆံနေခြင်း မရှိတော့ချေ။
"ကျွန်တော်က ဓားအင်ပါယာနဲ့တွေ့ခဲ့တယ်..။ ပြီးတော့ ကျွန်တော့်ရဲ့ဓားပညာအပေါ် လမ်းညွှန်မှုတွေရခဲ့တယ်... ။ ဒါကြောင့်လည်း သူ့ရဲ့ဓားထုတ်တဲ့ပုံစံကို အတုခိုးပြီး ယုရီဘုန်းတော်ကြီးနဲ့ နတ်ဆိုးဘုရင်တို့ကို ခြောက်လှန့်နိုင်တာပေါ့... "
မုန့်ချီက ဝေဝါးစွာ ပြန်ဖြေလိုက်သည်။
"ဓားအင်ပါယာလား... "
လော်ရှန်းကျိက မျက်မှောင်ကြုတ်လိုက်ပြီး အသေးစိတ် မေးမြန်းကြည့်လိုက်သည်။
မုန့်ချီကတော့ မည်သည့်အရာမျှ ဖုံးကွယ်ထားခြင်းမရှိဘဲ အကြမ်းဖျင်း ပြောပြလိုက်၏။ မည်သို့ဖြစ်စေကာမူ သူက လော်ရှန်းကျိဆီမှနေ၍ မကောင်းဆိုးဝါးဘုရင်မနှင့် ပတ်သက်သော အချက်အလက်များကို မေးမြန်းရန် လိုအပ်နေသေးသည်။
"ဓားအင်ပါယာရဲ့အစွမ်းက မကောင်းဆိုးဝါးဘုရင်မနဲ့ ယှဉ်နိုင်တယ်..။ ဒါပေမဲ့ ဓားအင်ပါယာရဲ့အဆင့်က ပိုပြီးမြင့်မယ်ထင်တယ်... ။ ဒါကြောင့် တိုက်ပွဲမှာ သူက နောက်ယောင်ခံလိုက်လာနိုင်တာပဲ …"
လော်ရှန်းကျိက စပြောလိုက်သည်။
"မကောင်းဆိုးဝါးဘုရင်မကတော့ ယင်စွမ်းအား အနှစ်သာရတွေကို နားလည်ထားတယ်...။ အဲဒါက မမြင်ရတဲ့ ပိုက်ကွန်ကြီးတစ်ခုလိုပဲ ။ ယင်လေလှိုင်းတွေက လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပြီး အဲဒီလူရဲ့ချီစွမ်းအားတွေကို သက်ရောက်တယ်... ။ ပြီးတော့ အဲဒီလူကို ထိန်းချုပ်နိုင်တယ်... ။ တကယ်လို့ သူကသာ သတိထားမနေဘူးဆိုရင် သူ့ရဲ့ရုပ်သေးတောင် ဖြစ်သွားနိုင်တယ်... ။ ဒါကြောင့် သူနဲ့ပထမဆုံးတွေ့ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် သတိထားနေဖို့ လိုအပ်တယ်... "
ထိုအရာက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်မျိုး ဖြစ်သည်။ သူမ၏ယင်စွမ်းအား လေလှိုင်းများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် လော်ရှန်းကျိက ပင်မဝိညာဉ်စွမ်းအားကို သုံးထားရပြီး လက်သီးစွမ်းအားနှင့် ပေါင်းစပ်၍ မကောင်းဆိုးဝါးဘုရင်မ၏ ယင်စွမ်းအား လေလှိုင်းများကို ဖျက်ဆီးခဲ့ရသည်။ ထိုအရာက သူ့ဘဝတစ်လျှောက်လုံး တိုက်ခိုက်ခဲ့ဖူးသမျှ လက်သီးချက်များထဲတွင် အစွမ်းထက်ဆုံးလည်း ဖြစ်၏။
လော်ရှန်းကျိ၏ စကားကိုနားထောင်ပြီး မုန့်ချီက ဤကမ္ဘာကြီးထဲရှိ သိုင်းသခင်များကို ပို၍အလေးထားလာမိခဲ့သည်။ အကယ်၍ သူတို့ကသာ ပင်မကမ္ဘာကြီးထဲ၌ဆိုလျှင် ဝေ့ကျင်းအဆင့်ကို တက်ရောက်နိုင်ပြီး သိုင်းသခင်တစ်ယောက် ဖြစ်လာနိုင်သည်။
ဓားအင်ပါယာက ဓားအနှစ်သာရများကို နားလည်နေပြီး မကောင်းဆိုးဝါးဘုရင်မ၏ ချီစွမ်းအင်များကတော့ တခြားလူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သည်။ ထိုသို့ဆိုလျှင် သူတို့နှင့်အဆင့်တူဖြစ်သော တော်ဝင်အကြံပေး ၊ သက်ရှိဗုဒ္ဓနှင့် လက်ယာအမတ်ကြီးတို့က မည်သည့်အစွမ်းမျိုး ရှိနိုင်မည်နည်း။ မုန့်ချီက မနေနိုင်ဘဲ စဉ်းစားနေမိသည်။
"သိုင်းသခင်တွေရဲ့တိုက်ပွဲကို သွားကြည့်ကြစို့…"
လော်ရှန်းကျိ၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး သူ၏မျက်နှာပေါ်တွင် အလင်းတန်းများ ထွက်ပေါ်လာသည်။
မုန့်ချီက ခဏကြာ အံ့ဩသွားခဲ့ပြီး ချက်ချင်းပင် နားလည်သွားခဲ့၏။
"လက်ယာအမတ်ကြီးက ကျန်းမျိုးနွယ် သခင်လေးကို ကိုယ်တိုင် သွားတွေ့တာလား.."
"ဟုတ်တယ်... ။ လက်ယာအမတ်ကြီးက လုကွမ်နဲ့ ပါတူတို့ခေါ်ပြီး ထွက်သွားပြီလို့ သတင်းရတယ်... "
လော်ရှန်းကျိက ခေါင်းညိတ်ပြလိုက်သည်။
ကျန်းမျိုးနွယ် သခင်လေးက နတ်ဆိုးသခင်၏ တည်နေရာကို သိနေသည်။ ထို့ကြောင့် နတ်ဆိုးဘုရင်မက သူ့ကို လက်ယာအမတ်ကြီး၏လက်ထဲသို့ ကျရောက်မသွားစေရန် ကာကွယ်ပေးမည် ဖြစ်၏။ သူမသာ မြို့တော်ထဲ၌ ရှိနေသေးသရွေ့ သေချာပေါက် တိုက်ပွဲဖြစ်ပါလိမ့်မည်။
မုန့်ချီက ပင့်သက်ရှိုက်လိုက်မိ၏။
"သွားကြစို့ .."
ထိုကဲ့သို့အဆင့် တိုက်ပွဲမျိုးကို သူတို့က မကြည့်ဘဲ နေရမည်လော။ သူတို့က အချိန်ကြာမြင့်စွာ လေ့ကျင့်နေခြင်းထက် တိုက်ပွဲတစ်ပွဲကို ကြည့်ရခြင်းက ပိုကောင်းနိုင်သည်။
မင်းသား(၃)၏ သတင်းကွန်ယက်အကူအညီကြောင့် သူတို့ (၂) ယောက်လုံးက အရှိန်မြှင့်လိုက်ပြီး သိပ်မကြာခင် မြို့တော်ထဲမှ ထွက်လာပြီး ပိုင်မြစ်နှင့် ပူးပေါင်း သွားသော မြစ်ဝသို့ ရောက်လာခဲ့သည်။ အဝေးတွင်တော့ လုကွမ် ၊ ပါတူနှင့် နန်းတွင်းဝတ်စုံ ဝတ်ထားသော အဘိုးအိုတစ်ယောက်တို့ကို လှေတစ်စီးပေါ်တွင် တွေ့လိုက်ရသည်။ သူတို့က မျက်နှာချင်းဆိုင်တွင်ရှိနေသော အိမ်တစ်လုံးဆီသို့ ဦးတည်နေကြ၏။
ဤကမ္ဘာကြီးထဲတွင်ရှိနေသော သိုင်းသခင်များက လူသားအဆင့်သာ ရှိသေးသည်။ အကယ်၍ သူတို့ကိုသာ တခြားပညာရှင်များက ဝိုင်းဝန်းတိုက်ခိုက်ကြမည်ဆိုလျှင် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို မသုံးသရွေ့ သူတို့ကလည်း အဆုံးသတ် မကောင်းနိုင်ပေ။
သို့သော် သူတို့၏အစွမ်းနှင့် အဆင့်အရ ထိပ်တန်းပညာရှင် (၁၀၀) ခန့် ပူးပေါင်းတိုက်ခိုက်ခြင်း မရှိသရွေ့ အန္တရာယ်မရှိနိုင်ပေ။ ထို့ကြောင့်လည်း လက်ယာအမတ်ကြီးက နန်းတော်ထဲမှ ထွက်လာနိုင်ခြင်း ဖြစ်၏။
ပညာရှင်များအားလုံးက နန်းတွင်းထဲတွင် စုဆောင်းပြီး ရှင်ဘုရင်ကို လုပ်ကြံချင်သည်ဆိုလျှင်လည်း အောင်မြင်ရန် ခက်ခဲနိုင်သည်။ ထို့ကြောင့် အရာအားလုံး ချောချောမွေ့မွေ့ဖြစ်သွားလျှင် လက်ယာအမတ်ကြီးက ပြန်သွားရန်အတွက် အချိန်လုံလုံလောက်လောက် ရှိနေသေး၏။
မုန့်ချီနှင့် လော်ရှန်းကျိတို့ကတော့ တခြားလှေတစ်စင်းပေါ်သို့ တက်လိုက်ပြီး မြစ်လယ်တွင် ရပ်လိုက်သည်။ လက်ယာအမတ်ကြီး ၊ လုကွမ်နှင့် ပါတူတို့ကတော့ ကျောက်တုံးခြံဝန်းလေး၏ တံခါးအနောက်ဘက်တွင် ရပ်လိုက်ကြောင်း သူတို့က တွေ့လိုက်ရ၏။
ထိုခြံဝန်း၏ အရှေ့ဘက်တွင်တော့ စည်ကားသိုက်မြိုက်သော မြို့တစ်မြို့နှင့် လမ်းမများရှိနေပြီး အနောက်ဘက်တွင်တော့ မြစ်ဝရှိသည်။ ထိုနေရာက ပုန်းအောင်းနေရန်နှင့် ထွက်ပြေးရန် အတော်လေး သင့်တော်သော နေရာတစ်ခု ဖြစ်သည်။
လက်ယာအမတ်ကြီးက သက်လတ်ပိုင်းဖြစ်ပြီး အတော်လေး ကြည့်ကောင်းသည်။ သူ့ဆီတွင် မုတ်ဆိတ်မွေးများ ၊ ထင်ရှားသည့် အမှတ်အသားများ မရှိချေ။
သူတို့က လှေပေါ်မှဆင်းပြီး ခြံဝန်းထဲသို့ ဝင်သွားကြောင်း မြင်သည့်အခါ မုန့်ချီနှင့် လော်ရှန်ကျိတို့ကလည်း လှေကိုအနားသို့ တိုးလိုက်ကြ၏။ သူတို့ကတော့ သိုင်းသခင်များ၏ တိုက်ပွဲကို လွတ်မသွားချင်ကြပေ။
ခဏကြာပြီးနောက် လက်ယာအမတ်ကြီးက လက်နောက်ပစ်ပြီး ပြန်ထွက်လာကြောင်း တွေ့လိုက်ရသည်။ သူ့နောက်မှနေ၍ လုကွမ် ၊ ပါတူတို့ လိုက်လာကြ၏။ တခြားမည်သူမျှ ပါမလာခဲ့ပေ။
"သခင်လေးက ဒီမှာမရှိဘူးလား... ။ ဒါဆိုရင် ငါတို့လာတာ အချည်းနှီး ဖြစ်သွားပြီလား..။ သိုင်းသခင်တွေရဲ့ကြားထဲမှာ တိုက်ပွဲမရှိတော့ဘူးလား... "
မုန့်ချီ၏ ခေါင်းထဲတွင် ထိုအတွေးများ ပေါ်လာခဲ့သည်။
လက်ယာအမတ်ကြီးနှင့် လုကွမ်တို့က တည်ငြိမ်နေကြပြီး အမူအရာ ပြောင်းလဲသွားခြင်း မရှိချေ။ ပါတူကတော့ အနည်းငယ် စိုးရိမ်ထိတ်လန့်နေပုံရ၏။
မုန့်ချီနှင့် လော်ရှန်းကျိတို့ကလည်း ကျောက်တုံးခြံဝန်းလေးထဲသို့ တိတ်တဆိတ် ခိုးဝင်လိုက်ကြပြီး သဲလွန်စများကို ရှာဖွေကြည့်လိုက်သည်။
"ဒီပစ္စည်းတွေနဲ့ လက်ရာတွေရဲ့အပူချိန်အရ လူထွက်သွားတာ သိပ်မကြာသေးဘူး... "
လော်ရှန်းကျိက စစ်ဆေးပြီး ကောက်ချက်ချလိုက်သည်။
မုန့်ချီကလည်း တူညီစွာ ကောက်ချက်ချလိုက်၏။ သူက တီးတိုးပြောလိုက်သည်။
"တကယ်လို့ သူတို့ကသာ လုံခြုံရေးအတွက် တစ်နေရာရာမှာ ပုန်းနေမယ်ဆိုရင် ပါတူ တစ်ရက်ပျောက်သွားတာနဲ့ မနေ့ညကတည်းက ထွက်သွားသင့်တယ်... ။ ဘာလို့ လက်ယာအမတ်ကြီး ရောက်မလာခင်လေးကျမှ ထွက်သွားရတာလဲ...”
“ဒါက တော်တော်လေး ထူးဆန်းနေတယ်... "
လော်ရှန်းကျိကလည်း စဉ်းစဉ်းစားစားနှင့် ပြောလိုက်သည်။
သူတို့ ခြံဝန်းထဲမှ ထွက်လာပြီးနောက် လှေတစ်စင်း ဖြတ်သွားသည်ကို မြင်လိုက်ရသည်။ လှေပေါ်တွင်တော့ သက်လတ်ပိုင်းအရွယ် စာသင်သားတစ်ယောက် ရပ်နေပြီး ကျောက်စိမ်းခါးပတ်ကို ဝတ်ဆင်ထားသည်။ မီးခိုးရောင်ခေါင်းဆောင်းကို ဆောင်းထားပြီး သူ့ပုံစံက ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပြည့်ဝနေသလို ထင်မှတ်ရ၏။
သူက မုန့်ချီကိုကြည့်ပြီး နှုတ်ဆက်သလို အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရေစုန်ကို ဆင်းသွားပြီး အဝေးတွင် ပျောက်ကွယ်သွားခဲ့၏။
"မကောင်းဆိုးဝါးမင်းသား... "
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိလေသည်။
Translated by Hein Htet.