← Chapters

အခန်း (၁၇၉)

Vol. 12 Ch. 179

အခန်း (၁၇၉)

Vol. 12 Ch. 179

မုန့်ချီက တစ်ယောက်တည်း တီးတိုးပြောလိုက်သည်ကို ကြားသည့်အခါ လော်ရှန်းကျိက မကောင်းဆိုးဝါးမင်းသား၏ နောက်ကျောရှိရာကို ပြန်လှည့်ကြည့်လိုက်သည်။

သူက ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် ပြောလိုက်၏။

"ဒီနေရာမှာ သူပေါ်လာရတဲ့အကြောင်းအရင်းက သိုင်းသခင်အချင်းချင်း တိုက်ခိုက်နေတဲ့အချိန်မှာ ကြားထဲကနေ အမြတ်ထုတ်ချင်နေတာလည်း ဖြစ်နိုင်တယ်..။ ဒါမှမဟုတ် သခင်လေးကျန်း ပျောက်သွားတာက သူနဲ့ပတ်သက်နေတာလည်း ဖြစ်နိုင်တယ်... "

ဤနေရာတွင် အဖွဲ့တစ်ဖွဲ့ ပုန်းအောင်းနေမည်ဆိုလျှင် ခြေရာလက်ရာများ ကျန်နေနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် သူတို့ဝယ်ယူထားသော ဆန်နှင့် ဟင်းသီးဟင်းရွက်များ ဖြစ်၏။ ထို့ကြောင့် သူတို့က ပါတူကြောင့် ပေါ်သွားရန် မဖြစ်နိုင်သေးပေ။

"နှစ်ခုလုံးတော့ ဖြစ်နိုင်တယ်... ။ ဒါပေမဲ့ ဒုတိယတစ်ခုသာဆိုရင်တော့ မကောင်းဆိုးဝါးမင်းသားက နတ်ဆိုးသခင်ရဲ့နေရာကို သိသွားပြီး ရတနာကိုတောင် ရသွားလောက်ပြီ…"

ထိုအရာက မုန့်ချီ အစိုးရိမ်ဆုံး အရာတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာကိုသာရသွားလျှင် မကောင်းဆိုးဝါးမင်းသားက သိုင်းသခင်အဆင့်ကို ရောက်သွားနိုင်၏။ အကယ်၍ သူကသာ မကောင်းဆိုးဝါးမင်းသားကို ယှဉ်ပြိုင်ချင်သည်ဆိုလျှင် ဓားအင်ပါယာ သို့မဟုတ် လက်ယာအမတ်ကြီးနှင့် ပူးပေါင်းခြင်းမရှိသရွေ့ တိုက်ခိုက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

ခဏကြာ စဉ်းစားနေပြီးနောက် လော်ရှန်းကျိက ပြောလိုက်သည်။

"ငါကတော့ ပထမတစ်ခုလို့ပဲ ထင်တယ်... "

အကယ်၍ ဒုတိယတစ်ခုသာဆိုလျှင် မကောင်းဆိုးဝါးမင်းသား ပေါ်လာရန် မလိုအပ်ပေ။ သူက နတ်ဆိုးသခင်၏ အမွေအနှစ်များကို တိတ်တဆိတ် သွားရောက်ရှာဖွေခြင်းက ပိုကောင်းမည် မဟုတ်ပေလော။

သဲလွန်စမရှိသည့်အတွက် မုန့်ချီကတော့ ဆက်၍စဉ်းစားနေခဲ့ခြင်း မရှိချေ။ ခဏကြာစဉ်းစားပြီးနောက် သူက ပြောလိုက်၏။

"ကျွန်တော်က ညကျရင် ယွင်ရန်ရဲတိုက်ဆီသွားပြီး မကောင်းဆိုးဝါးသခင် လုဟွာရှန်ကိုဖမ်းဖို့ စဉ်းစားထားတယ်... "

ကျန်းကလန်မှ သခင်လေး၏ကိစ္စနှင့် ပတ်သက်ပြီး ညအချိန် သွားစစ်ဆေးလိုက်မည်ဆိုလျှင် ထိုနေရာ၌ မထင်မှတ်ထားသော အရာများ ဖြစ်လာမည်ကို မုန့်ချီက စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက ရွမ်ယုရှုကို သွားခေါ်ရန် စဉ်းစားလိုက်၏။

သူတို့က လော်ရှန်းကျိနှင့်အတူ ပူးပေါင်း၍ ရနိုင်သည်။ အကယ်၍ သူတို့က မကောင်းဆိုးဝါးမင်းသား ၊ သို့မဟုတ် မကောင်းဆိုးဝါးဘုရင်မကို တွေ့ရမည်ဆိုလျှင်ပင် လုံလုံခြုံခြုံ ဆုတ်ခွာရန် ယုံကြည်ချက် ရှိနိုင်သေးသည်။

လော်ရှန်းကျိကတော့ မှင်တက်နေပြီး ခဏကြာ စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်တော့ သက်ပြင်းချပြီး ပြောလိုက်၏။

"ကောင်းပြီလေ..။ ငါလည်း မင်းသားတွေနဲ့ အနောက်ပိုင်းကျူးကျော်သူတွေရဲ့ စကားတွေကို သိချင်သေးတယ်... ။ ငါတို့က အဲဒါကိုတော့ လျှို့ဝှက်ထားမှရမယ်... ။ တကယ်လို့ ငါတို့သာ ပေါ်သွားမယ်ဆိုရင် လုကွမ်ကလည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲကို နှောင့်ယှက်တယ်ဆိုပြီး သေချာပေါက် စွပ်စွဲခံရလိမ့်မယ်... "

"ကျွန်တော် နားလည်ပါတယ်...။ ဒီညပဲ လှုပ်ရှားကြစို့.."

မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး တွေဝေမနေတော့ဘဲ ရှေ့ထွက်သွားခဲ့သည်။

သူက နန်းတွင်းတည်းခိုဆောင်သို့ ပြန်ရောက်လာသည့်အချိန်တွင် လုကွမ် ၊ ပါတူ ၊ ကျန်းဆန်းကျင်းနှင့် တာအိုသခင်ဟူတို့က ခန်းမထဲတွင် စောင့်နေကြသည်။

"တပ်မှူးလု သခင်လေးကို ခေါ်လာခဲ့ပြီလား... "

မုန့်ချီက သိသိလျက်နှင့် မေးလိုက်သည်။

လုကွမ်က ပြုံးရုံလေးပြုံးပြီး ခေါင်းခါပြလိုက်၏။

"ငါတို့က နည်းနည်းနောက်ကျသွားတယ်..။ သူက တိုက်ခိုက်တဲ့ ခြေရာလက်ရာမရှိဘဲ သူ့လက်အောက်ငယ်သားတွေနဲ့ ထွက်သွားတယ်... "

"ဘာလို့ သူက ထွက်သွားတာလဲ...။ ပါတူကို ရန်သူတွေ ဖမ်းသွားပြီဆိုတာ စိုးရိမ်သွားလို့များလား... "

မုန့်ချီက စားစရာများ စားနေသော ရွမ်ယုရှုကို ကြည့်လိုက်သည်။

"ငါလည်း မပြောတတ်ဘူး..။ ဒါပေမယ့် ပါတူကို ရန်သူတွေက ဖမ်းသွားလို့ စိုးရိမ်နေတယ် ဆိုတာတော့ မဖြစ်နိုင်လောက်ဘူး..။ မဟုတ်ရင် သူတို့က ဒီနေ့ထိ စောင့်နေမှာ မဟုတ်ဘူးလေ... ။ ကြည့်ရတာ တခြားလူတွေက သစ္စာဖောက်သွားတယ် ဆိုတာကို သူတို့က တွေ့သွားတာ ဖြစ်မယ် ထင်တယ်... "

လုကွမ်က သူ၏ကောက်ချက်ကို ပြောပြလိုက်သည်။

မုန့်ချီကလည်း လက်ခံလိုက်၏။ လုကွမ်၏ကောက်ချက်က ကျိုးကြောင်းဆီလျော်မှုရှိသော ကောက်ချက်တစ်ခု ဖြစ်သည်။ မည်သည့်မင်းသား ဖြစ်နိုင်မည်နည်း။ သူက ကျန်းကလန်မှ သခင်လေးအကြောင်းကို မည်သို့ သိလာခဲ့သနည်း။

"ပါတူက လက်ယာအမတ်ကြီးဆီကို ကူးပြောင်းသွားပြီဆိုတာ ငါ သတင်းဖြန့်လိုက်မယ်.။ ကျန်းကလန်က သခင်လေးလည်း ကောင်းကောင်း ဆုံးဖြတ်ချက်ချနိုင်မှာပါ... "

လုကွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

ခဏကြာ စကားပြောနေပြီးနောက် မုန့်ချီက ရွမ်ယုရှုကို ခြံဝန်းထဲသို့ ပြန်လာရန် ပြောလိုက်၏။

"နင်က ငါနဲ့အတူ ယွင်ရန်ရဲတိုက်ဆီ လိုက်မလား... "

မုန့်ချီက သူမကိုမေးလိုက်သည်။

ရွမ်ယုရှုက ရေနွေးသောက်နေရင်း ခေါင်းညိတ်ပြလိုက်သည်။

"နင်ကဘယ်မှမသွားဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား... "

ထိုအချိန်တွင် မုန့်ချီက သူမကို ပြန်မေးလိုက်သည်။

ရွမ်ယုရှုက သူ့ကိုအေးစက်စွာ စိုက်ကြည့်ပြီး ပြောလိုက်၏။

"ဒီတစ်ကြိမ်တော့ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတယ်လေ... "

"ဟုတ်ပါတယ်..။ မင်းသားတွေရဲ့စံအိမ်ကိုသွားတာက ပိုပြီးပျင်းဖို့ကောင်းတယ်... "

မုန့်ချီက သူမကိုနားလည်ရန် ခက်ခဲသည်ဟု ခံစားမိနေခဲ့သည်။

ကောင်းကင်ပေါ်ရှိ လမင်းကြီးကို အနက်ရောင်တိမ်တိုက်များ လွှမ်းခြုံနေသည့် ညအချိန်က လူသတ်ဓားပြတိုက်မှုများ ကျူးလွန်ရန် အချိန်ကောင်းတစ်ခု ဖြစ်သည်။

အနက်ရောင်ဝတ်စုံများ ဝတ်ဆင်လိုက်ပြီးနောက် မုန့်ချီနှင့် ရွမ်ယုရှုတို့က လော်ရှန်းကျိနှင့်အတူ သူတို့၏အနားတွင် ရှိနေသော သစ်ပင်ပေါ်တွင် ပုန်းအောင်းနေကြသည်။

"လုဟွာရှန်က အလယ်ခြံဝန်းထဲမှာ နေတယ်... "

သူက ယေဘူယျအခြေအနေများကို ရှင်းပြနေပြီး သူသိထားခဲ့သည့် အရာများကို ပြောပြနေသည်။

မုန့်ချီက ပြောလိုက်၏။

"မြန်မြန်လုပ်ကြမယ်... "

ထိုအရာက အလျင်လိုသော အခြေအနေတစ်ခု ဖြစ်သည်။ သူတို့က အခွင့်ကောင်းကို စောင့်ရမည့်အစား ယနေ့ည လုပ်ဆောင်ရမည် ဖြစ်၏။ ဤနေရာတွင် အဆိပ်သုံးခြင်းကို ကျွမ်းကျင်သည့်လူ တစ်ယောက်မျှမရှိချေ။ ထို့ကြောင့် သူတို့က အစွမ်းကိုသာ အသုံးချရမည်သာ ဖြစ်သည်။

"နင်က အပြင်ဘက်မှာ အကူအညီ ပေးဖို့နေခဲ့လိုက်...။ ပြီးတော့ လိုအပ်လာမယ်ဆိုရင် ရန်သူတွေကို ခြောက်လှန့်ဖို့ပဲဖြစ်ဖြစ် လမ်းလွှဲဖို့ပဲဖြစ်ဖြစ် စောင်းသံကို သုံးလို့ရတယ်..."

မုန့်ချီက ရွမ်ယုရှုကို ပြောလိုက်သည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် ရွမ်ယုရှုက အတော်လေး ပြောစကားနားထောင်နေသည်။ သူမက စကားတစ်ခွန်းမျှ ပြန်မပြောဘဲ ခေါင်းညိတ်လက်ခံလိုက်၏။

အမှောင်ထုအောက်တွင် မုန့်ချီနှင့် လော်ရှန်းကျိတို့က ယွင်ရန်ရဲတိုက်၏ အပြင်ဘက် နံရံဘေးကို လျှောက်လာကြသည်။ သူတို့က အတွင်းထဲတွင် ကင်းလှည့်နေသော ကင်းသမားများ၏ခြေသံကို တိတ်တဆိတ် နားထောင်နေခဲ့၏။

"(၁) ၊ (၂) …"

မုန့်ချီက ခြေလှမ်းများကို ရေတွက်နေခဲ့သည်။ နောက်ဆုံးခြေလှမ်း ပျောက်ကွယ်သွားပြီး နောက်ထပ်ခြေလှမ်းက အဝေး၌ ရှိနေသေးစဉ် အပြင်ဘက်နံရံကို လက်ထောက်၍ ခုန်လိုက်သည်။ သူက အနက်ရောင် ငှက်ကြီးတစ်ကောင်ကဲ့သို့ လေထဲကို မြောက်တက်သွားပြီး အသံမထွက်ဘဲ သစ်ပင်နောက်သို့ ကျသွားခဲ့၏။

လော်ရှန်းကျိကလည်း အခွင့်အရေးကို အရယူခဲ့သည်။ သူက နံရံကို ညာလက်နှင့် ဖိပြီး လေထဲသို့ လှမ်းခုန်လိုက်၏။ လေထဲတွင် တစ်ပတ်ကျွန်းပစ်လိုက်ပြီးနောက် သူက မုန့်ချီ၏ဘေးသို့ ကျသွားခဲ့သည်။

သူ၏ကိုယ်ဖော့ပညာက ကောင်းမွန်သည်ဟု မသတ်မှတ်နိုင်ပေ။ သို့သော် ထူးခြားမှုများ ရှိနေ၏။ မုန့်ချီက လော်ရှန်းကျိ၏ သိုင်းပညာကို စိတ်ထဲတွင် ခန့်မှန့်ကြည့်နေခဲ့သည်။

"ဒီဘက်ကို... "

သူက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်ပြီး ရှေ့သို့ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

မုန့်ချီ၏ မျက်ခုံးကြားထဲတွင်လည်း လှုပ်ရှားနေပြီး သူက စိတ်ဝိညာဉ်စွမ်းအားကို အမြင့်ဆုံး သုံးထားခဲ့၏။ မုန့်ချီကတော့ ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေပြီး သူ့ကိုယ်သူ လုံးဝ လွှမ်းခြုံထားခဲ့သည်။ သူ၏အရိပ်က ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အမှောင်ထဲတွင် ထိတွေ့ကိုင်တွယ်၍မရသော တစ္ဆေတစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ သူ့ကို မမြင်နိုင်သလို အသံနှင့် ရနံ့များကိုလည်း မရပေ။

ရှေ့သို့ တိတ်တဆိတ် လျှောက်သွားရင်း လော်ရှန်းကျိက တစ်စုံတစ်ခု မှားယွင်းနေကြောင်း ရုတ်တရက် ခံစားမိခဲ့သည်။ မုန့်ချီက သူ့နောက်ကို မှီလာခြင်းမရှိဟု ယုံကြည်နေမိသည့်အတွက် သူလည်း နောက်ပြန်လှည့်ကြည့်လိုက်၏။

အကယ်၍ သူ့ဆီတွင် မျက်လုံး ၊ နား ၊ ပါးစပ်နှင့် နှာခေါင်းကဲ့သို့သော တံခါးပေါက်များသာ မပွင့်သေးလျှင် မလှမ်းမကမ်းမှ လိုက်လာသော မုန့်ချီကို လုံးဝ လျစ်လျူရှုမိမည် ဖြစ်သည်။

လုဟွာရှန် နေထိုင်သော ခြံဝန်း၏ အပြင်ဘက်သို့ ရောက်လာသည့်အချိန်တွင် တံခါးတွင် စောင့်ကြပ်နေသော အစောင့်များကို တွေ့လိုက်ရသည်။ ခြေလှမ်း အနည်းငယ်တိုင်းတွင် အစောင့်တစ်ယောက်ဆီ ရှိနေပြီး အဝင်အထွက်တိုင်းတွင် ပညာရှင်များ ရှိနေသည်။ ယုရီဘုန်းတော်ကြီးကဲ့သို့သော ပညာရှင်များကပင် လုဟွာရှန်၏အိမ်ထဲသို့ အသံမထွက်ဘဲ ခိုးဝင်သွားရန် လုံးဝ မဖြစ်နိုင်ပေ။

အမှောင်ထဲတွင် ပုန်းအောင်းနေရင်း မုန့်ချီက အခင်းအကျင်းကိုကြည့်၍ လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်သည်။

"ကျွန်တော့်နောက်က လိုက်ခဲ့... "

လော်ရှန်းကျိက ရန်သူကို မည်သို့အာရုံလွှဲရမည်ဖြစ်ကြောင်း စဉ်းစားနေသည်။ မုန့်ချီ၏စကားကို ကြားသည့်အခါ သူလည်း အနည်းငယ် တွေဝေနေပြီး နောက်မှ လိုက်သွားရန် ရွေးချယ်လိုက်သည်။

သူက မုန့်ချီ၏နောက်မှ လိုက်သွားပြီး အိမ်နံရံဆီသို့ ကပ်သွားခဲ့၏။ ထို့နောက် တောက်တဲ့တစ်ကောင်ကဲ့သို့ အမိုးပေါ်ကို တက်သွားခဲ့သည်။ ထိုအချိန် အတောအတွင်း သူ၏ပတ်ပတ်လည်တွင် တစ်စုံတစ်ခု လွှမ်းခြုံနေကြောင်း ဝိုးတဝါး ခံစားမိခဲ့သည်။ ထိုအရာက မမြင်ရသော လှိုင်းများကဲ့သို့ ဖြစ်နေ၏။

အနားတွင် ရှိနေသော အစောင့်များက သူတို့ (၂) ယောက်ဆီကို လှည့်ကြည့်နေသော်လည်း ဤနေရာတွင် လူမရှိသည့်အလား အဝေးသို့ ပြန်လှည့်သွားကြသည်။ အကယ်၍ လော်ရှန်းကျိ ကိုယ်တိုင်သာ မကြုံရလျှင် ထိုအရာကို သံသယဝင်မိမည် ဖြစ်၏။ ယခင်တုန်းကလည်း သူတို့က ပူးပေါင်း၍ လုပ်ဆောင်ခဲ့ဖူးပြီး အလားတူ အခြေအနေများကို ကြုံခဲ့ဖူးသည်။

သို့သော် ယနေ့ညကဲ့သို့ ရှင်းလင်းနေသည့် အခြေအနေမျိုးကို လုံးဝ မတွေ့ခဲ့ရပေ။ မုန့်ချီကို မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ သူ့စိတ်ထဲတွင် ထင်မှတ်နေမိသည်။ မုန့်ချီ၏ မျက်ခုံးကြားထဲတွင် လှုပ်ရှားနေပြီး သူ၏စိတ်ဝိညာဉ်က သူတို့နှစ်ယောက်လုံးကို လွှမ်းခြုံထား၏။

သူတို့က စွမ်းအားအနိမ့်ဆုံးဖြစ်သော အစောင့်များကို ဖယ်ရှားလိုက်ပြီး အလယ်သို့ ကပ်သွားခဲ့သည်။ ထို့နောက် အမိုးပေါ်သို့ ချောချောမွေ့မွေ့ တက်သွားနိုင်ပြီး အမှောင်ထဲတွင် ပုန်းနေနိုင်ခဲ့၏။

သူတို့က အမိုးပေါ်တွင်ရှိနေသော အစောင့်များကို ရှောင်တိမ်းသွားခဲ့သည်။ ထို့နောက် မုန့်ချီက လုဟွာရှန် နေထိုင်သည်ဟု ထင်မှတ်ရသော အခန်းတစ်ခုကို တွေ့လိုက်ရသည်။

သူက နားတံခါးကို ပြည့်ပြည့်ဝဝ အသုံးချလိုက်ပြီး အတွင်းထဲတွင် ရှိနေသော အသံများကို နားထောင်ကြည့်လိုက်၏။ သူက အသက်ရှူသံတိုးတိုးကိုသာ ကြားနေရသည်။ ကြည့်ရသည်မှာ အခန်းထဲတွင် တစ်စုံတစ်ယောက်က လေ့ကျင့်နေပုံရ၏။

"အဲဒါက လုဟွာရှန်ဆိုတာ ငါတို့က ဘယ်လိုလုပ် သိနိုင်မှာလဲ... "

မုန့်ချီက လော်ရှန်းကျိကို သတိထား၍ မေးလိုက်သည်။ သူတို့ဆီတွင် အခွင့်အရေးတစ်ခုသာ ရှိ၏။ မဟုတ်လျှင် သူက အသံမထွက်ဘဲ ဖမ်းရန် ယုံကြည်ချက် မရှိနိုင်ပေ။

လော်ရှန်းကျိက ပြောလိုက်၏။

"ငါက လုဟွာရှန်ကိုမြင်ဖူးတယ်... ။ သူ့အသံကိုလည်း ကြားဖူးတယ်... ။ သူအသံထွက်လိုက်တာနဲ့ ငါ ချက်ချင်း မှတ်မိနိုင်တယ်... "

အမှန်အတိုင်းပြောရလျှင် လေ့ကျင့်နေစဉ် အတောအတွင်း ထူးခြားသော အသက်ရှုပုံစံမျိုး ရှိကြသည်။ ထို့ကြောင့် အခန်းထဲတွင် ရှိနေသော ပညာရှင်က ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်ကြောင်း မုန့်ချီနှင့် လော်ရှန်းကျိတို့က သေချာသိနေကြ၏။ သို့သော် ထိုပညာရှင်တစ်ယောက် ရှိနေခြင်းက လုဟွာရှန်ဟု မသေချာပေ။

ခဏကြာ စဉ်းစားနေပြီးနောက် မုန့်ချီက လော်ရှန်းကျိနှင့် ခဏလူခွဲလိုက်ပြီး အမှောင်ထဲတွင် ပုန်းအောင်းလိုက်သည်။ ထို့နောက် သူက ပြောင်းလဲမှုကျင့်စဉ်ကို အသုံးချလိုက်၏။ ထိုအရာက လေလှိုင်းတစ်ခုကဲ့သို့ ပြန့်နှံ့သွားခဲ့၏။

အားနည်းသည့် အစောင့်တစ်ယောက်က အမိုးပေါ်တွင် ကင်းလှည့်နေရင်း စိတ်ဝိညာဉ်စွမ်းအားများက မမြင်ရသော လက်သည်းကြီးတစ်ခုပမာ သူ့ကို တွယ်ကပ်သွားခဲ့သည်။

"ဘုန်း... "

အစောင့်က ချော်ကျသွားပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ... "

အခန်းထဲတွင် လေ့ကျင့်နေသောလူက နိုးလာခဲ့၏။

အစောင့်က အနည်းငယ် အိုးတိုးအမ်းတမ်း ခံစားလိုက်ရသည်။ သူက ဘာကြောင့် ယခုလို ခြေချော်သွားရသနည်း။ သူက ချက်ချင်းပင် ပြန်ဖြေလိုက်၏။

"ကျွန်တော် ..ကျွန်တော်ပါ ဆရာကြီး... ။ ကျွန်တော် ခြေချော်သွားတာပါ... "

အနားတွင် ရှိနေသော အစောင့်များကလည်း သူ့ကို လာ၍စစ်ဆေးလိုက်ကြပြီး တခြားမည်သူမျှမရှိကြောင်း သေချာသွားခဲ့၏။

"နောက်ကို သတိထား... "

အမိုးပေါ်တွင် ရှိနေသော အခြေအနေကို တိတ်တဆိတ် စစ်ဆေးကြည့်လိုက်ပြီးနောက် အတွင်းထဲတွင် ရှိနေသောလူက ကျိန်ဆဲလိုက်ပြီး ဆက်၍ လေ့ကျင့်နေခဲ့သည်။

လော်ရှန်းကျိက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။

"အဲဒါ လုဟွာရှန်ပဲ…"

"အဲဒါဆိုရင် ကျွန်တော်အရင်ဆုံး လှုပ်ရှားလိုက်မယ်... ။ ခင်ဗျားက နောက်ဆုံးမှ လှုပ်ရှားလိုက်ပေါ့... "

မုန့်ချီက ပြောလိုက်သည်။

မုန့်ချီက ဘာကြောင့် ထိုသို့ပြောခဲ့ကြောင်း လော်ရှန်းကျိက နားမလည်သော်လည်း သူ့ဆီတွင် အကြံတစ်ခု ရှိနေသေးသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ပြဿနာမရှိကြောင်း အချက်ပြလိုက်၏။

မုန့်ချီက စတင်လှုပ်ရှားလိုက်သည်။ သူက တိုင်လုံးအတိုင်းကပ်၍ ဖြည်းညင်းစွာ လျှောဆင်းသွားခဲ့ပြီး ပြတင်းပေါက်အနားသို့ ရောက်လာခဲ့သည်။ ထို့နောက် အမှောင်ထဲတွင် ပုန်းနေခဲ့၏။

လော်ရှန်းကျိကလည်း အလားတူ လုပ်ဆောင်ခဲ့သည်။ မုန့်ချီ၏ အကူအညီနှင့် သူက တံခါးအနားတွင် ရှိနေသော အရိပ်ထဲတွင် အသံမထွက်ဘဲ ပုန်းအောင်းနေနိုင်ခဲ့၏။

မုန့်ချီက သက်ပြင်းချလိုက်မိပြီး နှလုံးသားနှင့် စိတ်အာရုံကို အာရုံစိုက်လိုက်သည်။ ထိုအချိန်တွင် ပတ်ဝန်းကျင်၏ တည်ငြိမ်မှုကို အာရုံခံနိုင်သည့်အပြင် သဘာဝတရားကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုများကိုပါ အာရုံခံနိုင်ခဲ့သည်။ သူက အနတ္တကျိန်စာဖျက်ဓားပညာကို အသုံးပြုရန် အဆင်သင့် ဖြစ်နေခဲ့၏။

သူက ပြတင်းပေါက်ဘောင်ကို ဘယ်လက်နှင့် ကိုင်ပြီး တိတ်တဆိတ် ခုန်ဝင်လိုက်သည်။

အထဲတွင် ရှိနေသူက ချက်ချင်းပင် သတိထားမိသွားခဲ့၏။ သူက အိပ်ရာပေါ်မှ ခုန်ထလိုက်ရာ ပြတင်းပေါက်တွင် ရပ်နေသော အနက်ရောင် အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် ငရဲကြီး (၉) ထပ်၏အစွမ်းနှင့် အမှောင်ထုကြီး ပေါင်းစပ်နေသော စွမ်းအားတစ်ခုက သူ၏နှလုံးသားကို အလွန်ကြောက်စရာကောင်းစွာ ဖိနှိပ်ထားသလို ခံစားလိုက်ရသည်။

လုဟွာရှန်က အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရသည့်အတွက် ချက်ချင်းပင် အရေးနိမ့်သွားခဲ့၏။ ထို့နောက် ဓားအလင်းတန်းတစ်ခုကို တွေ့လိုက်ရသည်။ ထိုဓားအလင်းတန်းက ငရဲပြည်မှ တိုက်ခိုက်လိုက်သော ဓားတစ်လက်ကဲ့သို့ ထင်မှတ်ရပြီး အလွန်ကြောက်စရာကောင်းသည်။

ထို့ကြောင့် သူ့စိတ်ထဲတွင် ထိုအရိပ်က တဖြည်းဖြည်း ပို၍ အရပ်ရှည်လာပြီး ပို၍ကြီးမားလာသလို ခံစားလိုက်ရသည်။ နတ်ဆိုးတစ်ကောင်ကဲ့သို့ ပို၍လည်း ကြောက်စရာကောင်းလာခဲ့၏။ မသိလျှင် အရိပ်က ကောင်းကင်ဖျက် မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ခံစားနေရသည်။

အကြောက်တရားက သူ၏တိတ်ဆိတ် ငြိမ်းချမ်းမှုကို ဖျက်ဆီးလိုက်၏။ လုဟွာရှန်ကတော့ အကြောက်တရားများ၏ လွှမ်းမိုးမှုများကြောင့် ရေနစ်နေသော လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရသည်။

ကြောက်စရာကောင်းသော ပုံပြင်ဒဏ္ဍာရီမျိုးစုံကလည်း အမှောင်ထုကြီးထဲမှ ထွက်ပေါ်လာခဲ့၏။ သူကတော့ ထိုအရာများထဲမှ ရုန်းထွက်ရန် ခက်ခဲနေခဲ့သည်။ သူက နောက်ကို တစ်လှမ်းချင်း ဆုတ်သွားနေခဲ့၏။ သို့သော် ရေနစ်နေသူတစ်ယောက်ကဲ့သို့ ပို၍ရုန်းကန်လေလေ ပို၍နစ်မြုပ်လေလေသာ ဖြစ်သည်။ သူ၏အကြောက်တရားများက ပို၍ပြင်းထန်လာသည့်အချိန်တွင် သူလည်း မွန်းကျပ်လာသလို ခံစားနေရ၏။

"ဘုန်း... "

ဓားနှောင့်က သူ၏စိတ်ပိုင်းဆိုင်ရာ အတားအဆီးများအားလုံးကို ဖျက်ဆီးလိုက်ပြီး မျက်နှာကို ရိုက်ချလိုက်သည်။ သူက မူးဝေသွားပြီး မည်သည့်အရာများဖြစ်ခဲ့ကြောင်း နားမလည်တော့ပေ။

မုန့်ချီက လှုပ်ရှားလိုက်သည့်အချိန်တွင် လော်ရှန်းကျိကတော့ အသံမထွက်ဘဲ တံခါးကို ဖွင့်ဝင်လာခဲ့သည်။ သူက လုဟွာရှန် နောက်သို့ ချက်ချင်းရောက်လာပြီး လုဟွာရှန်၏ နောက်ကျောတွင် ရှိနေသော သွေးကြောများအားလုံးကို ပိတ်လိုက်သည်။ လုဟွာရှန်က ချက်ချင်းပင် သတိလစ်သွားခဲ့၏။

မုန့်ချီက အခန်းထဲကို စစ်ဆေးကြည့်လိုက်ရာ သိုင်းကျမ်းတစ်ခုကို တွေ့လိုက်ရသည်။ သူက ထိုသိုင်းကျမ်းကို ဂရုတစိုက် ဖတ်ကြည့်ရန် အချိန်မလုံလောက်တော့သည့် အတွက် လုဟွာရှန်ကို သယ်ဆောင်သွားရန် လော်ရှန်းကျိကိုပြောလိုက်ပြီး ထိုအရာကို ကောက်သိမ်းလိုက်သည်။

ရန်သူက အတွင်းထဲမှနေ၍ ထွက်လာမည်ဟု မည်သူမျှ ထင်မှတ်ထားလိမ့်မည် မဟုတ်ချေ။ မုန့်ချီနှင့် လော်ရှန်းကျိတို့က အတွေ့အကြုံများစွာ ရှိနေသည့်အတွက် ပြောင်းလဲမှုကျင့်စဉ်၏ အကူအညီကို သုံးလိုက်သည့်အချိန်တွင် ခြံဝန်းထဲမှ အောင်အောင်မြင်မြင် ထွက်လာနိုင်ခဲ့သည်။

သူတို့က ရွမ်ယုရှုကိုခေါ်ပြီး အတူတူ ထွက်ခွာသွားကြ၏။ သူတို့က အဝေးတွင် ရှိနေသော ခြံဝန်းအလွတ်တစ်ခုကို ရောက်လာသည့်အချိန်ကျမှသာ မုန့်ချီက လုဟွာရှန်ကို နှိုးလိုက်ရန် လော်ရှန်းကျိကို အချက်ပြလိုက်သည်။

လုဟွာရှန်က ဖြည်းညင်းစွာ နိုးလာပြီး မည်သည့်အရာများဖြစ်နေကြောင်း ချက်ချင်း နားလည်သွားခဲ့၏။ သူက ရုန်းကန်ကြည့်ချင်နေသော်လည်း သူ၏စွမ်းအားများ အားလုံး ပိတ်ဆို့ခံထားရကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် မလှုပ်နိုင်ခဲ့ပေ။

သူ၏မျက်နှာအမူအရာကို မြင်သည့်အခါ မုန့်ချီက ထူးဆန်းစွာ ပြုံးလိုက်၏။

"မင်းက အော်ချင်တယ်ဆိုရင်လည်း လည်ချောင်းကွဲသွားအောင် အော်လို့ရတယ်... ။ ဒါပေမယ့် မင်းကိုဘယ်သူမှ လာမကယ်ဘူး... "

Translated by Hein Htet.

All Chapters