← Chapters

အခန်း (၁၈၀)

Vol. 12 Ch. 180

အခန်း (၁၈၀)

Vol. 12 Ch. 180

လုဟွာရှန်၏ အမူအရာက အနည်းငယ် မှင်တက်နေပြီး ရှုပ်ထွေးနေသည့်အတွက် မည်သည့်အရာများ ဖြစ်နေကြောင်း နားမလည်နိုင်ခဲ့ပေ။

မုန့်ချီနှင့် လော်ရှန်းကျိတို့ကို မြင်သည့်အခါ သူက အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။ သို့သော် သူ့ကိုယ်သူတည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထိုလူက တစ်ချိန်လုံး ထိုကဲ့သို့ အမူအရာမျိုးသာ ရှိနေခြင်းပေလော။

ရွမ်ယုရှုကတော့ စောင်းကို ဒေါင်ခနဲ တီးလိုက်သည့်အတွက် မုန့်ချီကပင် ကြက်သီးမွေးညင်းထသွားခဲ့သည်။ သူမက ဆိုးရွားသောနည်းလမ်းများ စဉ်းစားနေတော့မည်ဟု တွေးနေမိသည့်အချိန်တွင် သူက ထိုကိစ္စကို ချက်ချင်း အာရုံလွှဲပြောင်းလိုက်သည်။

မုန့်ချီ၏ မျက်ခုံးကြားထဲတွင် လှုပ်ရှားလာသည့်အချိန်၌ သူ၏စိတ်ဝိညာဉ် စွမ်းအားများက ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး လုဟွာရှန်၏ အာရုံခံနိုင်စွမ်းများကို နှောင့်ယှက်လိုက်ရာ ဆိုးရွားသော ခံစားချက်များ ပျောက်ကွယ်သွားသည်။

"မင်းက ဘယ်သူနဲ့လာတွေ့တာလဲ... ။ ပြီးတော့ သူတို့တွေက ဘယ်အဖွဲ့ကို ကိုယ်စားပြုနေတာလဲ... "

မုန့်ချီ၏အသံက တည်ငြိမ်အေးချမ်းနေသည်။ သူ၏အစွမ်းထဲတွင် ယုံကြည်မှုများ ၊ လွှမ်းမိုးမှုများ ပြည့်နှက်နေခဲ့၏။

လုဟွာရှန်က ကောင်းကင်ဖျက် မကောင်းဆိုးဝါးကဲ့သို့ ကြောက်စရာကောင်းသော ရန်သူတစ်ယောက်ကို ရုတ်တရက် အမှတ်ရသွားပြီး တစ်ကိုယ်လုံး ကြောက်ရွံ့တုန်လှုပ်လာခဲ့သည်။ သူ့ရှေ့တွင် ရပ်နေသူက သူ့ဘဝတွင် အကြောက်ရဆုံး သူ့ဆရာတစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။

အကယ်၍ သူ့ဆီ၌ အရာအားလုံး ကောင်းမွန်နေမည်ဆိုလျှင်တော့ သူ၏အစွမ်းနှင့် အဆင့်အရ ပြောင်းလဲမှုကျင့်စဉ်က သူ့အပေါ် သက်ရောက်မှုရှိစေရန် ခက်ခဲသည်။ သို့သော် ယခုတော့ သူ၏သွေးကြောများက ပိတ်ဆို့ခံထားရပြီး သူ၏ချီစွမ်းအင်များက တားဆီးခံထားရသည်။ ထို့ကြောင့် သူ၏ခန္ဓာကိုယ်ကိုပင် ကာကွယ်နိုင်စွမ်း မရှိချေ။ အတားအဆီးများကို ချေဖျက်ရန်ကတော့ ပို၍ပင် မဖြစ်နိုင်သေးပေ။

ထို့ပြင် မုန့်ချီ၏ဓားသွားကြောင့် ရရှိခဲ့သော ဓားဒဏ်ရာကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း မရှိခဲ့ပေ။ သူက စိတ်လွတ်နေသော အမူအရာနှင့် ပြန်ဖြေလိုက်၏။

"ကောင်းကင်ဓားစုန့်မင်က ဒီနေရာကို ရောက်လာတယ်... ။ ပြီးတော့ ငါတို့နဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တောင်းဆိုခဲ့တယ်...။ ငါတို့စကားပြောပြီးသွားတဲ့အချိန်မှာ သူလုံးဝပြန်မလာတော့ဘူး...။ နတ်ဆိုးဘုရင်ကလည်း မင်းသား(၇)ကိုယ်စားညှိနှိုင်းဖို့ ဒီနေရာကို ရောက်လာခဲ့တယ်...။ ငါတို့တွေ နောက်ဆုတ်သွားဖို့အတွက် သူက တန်ကြေးတစ်ခုခုပေးဖို့ ဆန္ဒရှိတယ်..။ ဒါပေမယ့် ငါတို့တွေက အပေးအယူတည့်ဖို့ တော်တော်လေး လိုသေးတယ်..။ ငါတို့ရဲ့ဆွေးနွေးမှုတွေက ဆက်ပြီး လုပ်နေရတုန်းပဲ..”

“လက် (၉) ချောင်း ထိပ်တန်းလူဆိုးထိန်းနီဝမ်ကလည်း ဒီနေရာကို ရောက်လာခဲ့တယ်..။ သူကတော့ အိမ်ရှေ့မင်းသားကို ကိုယ်စားပြုနေတာ..။ သူကလည်း ငါတို့ကို တန်ဖိုးတစ်ခု ပေးနေတယ်။ ဒါပေမယ့် ဆွေးနွေးညှိနှိုင်းမှုတွေက ချက်ချင်းဆိုသလို ရပ်သွားခဲ့တယ်..။ နောက်ဆုံးမှာတော့ မင်းသား (၃)ကို ကိုယ်စားပြုတဲ့ မြူခိုးတိမ်တိုက်ဓား လန်းပိုကလည်း မင်းသား (၇) လို အကြောင်းပြချက်မျိုးနဲ့ ဒီနေရာကို ရောက်လာခဲ့သေးတယ်... "

လော်ရှန်းကျိက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။

"တကယ်လို့ အနောက်ပိုင်းကျူးကျော်သူတွေ နောက်ဆုတ်သွားဖို့အတွက် တန်းကြေးတစ်ခုခု ပေးလို့ အဆင်ပြေမယ်ဆိုရင်တော့ ကျိုးကြောင်းဆီလျော်ပါတယ်..။ ဒါဆိုရင် မင်းသား (၃)က အချိန်ဆွဲဖို့အတွက် ညှိနှိုင်းလို့ ရတာပေါ့...။ ငါကတော့ ဆွေးနွေးမှုကို အကောင်းဆုံး တားဆီးဖို့ ကြိုးစားမှာပဲ…"

မုန့်ချီက ဆက်လက် မေးမြန်းလိုက်သည့်အချိန်တွင် လုဟွာရှန်က ထပ်ပြောလိုက်သည်။

"အနောက်ပိုင်းတပ်မှူးရှုကျင်းကလည်း ငါတို့ရဲ့နောက်ဆုံးအခြေအနေကို လာပြီး မေးခဲ့သေးတယ်... "

"အနောက်ပိုင်းတပ်မှူး ဟုတ်လား... "

"ရှုကျင်းလား... "

မုန့်ချီနှင့် လော်ရှန်းကျိတို့ (၂) ယောက်လုံးက တပြိုင်နက်တည်း မေးလိုက်မိကြသည်။ ထိုလူက အလွန်အရေးပါသော လူတစ်ယောက်ဖြစ်ပြီး ဘုရင့်အတိုင်ပင်ခံအဖွဲ့ထဲတွင် ဒုခေါင်းဆောင် တစ်ယောက်လည်း ဖြစ်သည်။ သူက နန်းတွင်းတပ်ဖွဲ့များထဲတွင် စစ်သူကြီးဖြစ်ပြီး မြို့တော်၏ ဘေးကင်းလုံခြုံမှုကို တာဝန်ယူထားရ၏။

သူ၏ပတ်ပတ်လည်တွင် ကျွမ်းကျင်သော ပညာရှင်များ ရှိနေပြီး ပို၍အရေးကြီးသည်မှာ လိုအပ်လာလျှင် နန်းတွင်းနှင့် မြို့တော်ကို အချိန်မရွေး ပိတ်ပစ်နိုင်စွမ်း ရှိသည်။ သူက နန်းတွင်းတပ်ဖွဲ့၏ စွမ်းအားကို ကိုယ်စားပြုနေသည့်အတွက် ထီးနန်းကို လုယူရာတွင် အဓိက သော့ချက်တစ်ခုလည်း ဖြစ်သည်။

လက်ယာအမတ်ကြီး ဝမ်တီရန် တစ်ယောက်တည်းကသာ သတိလစ်နေသော ရှင်ဘုရင်ကို သစ္စာရှိနေပြီး သူကတော့ မင်းသားများ၏ အခြေအနေကို စောင့်ကြည့်နေခြင်းသာ ဖြစ်၏။

"ဘာလို့ သူက ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ဝင်ပါနေရတာလဲ... "

လော်ရှန်းကျိက မင်းသား (၃) ထီးနန်းသိမ်းယူနိုင်ရန် ကူညီပေးနေခဲ့သည်။ ထို့ကြောင့် သူက နန်းတွင်းထဲတွင် ရှိနေသော အင်အားစုများကို မုန့်ချီထက်ပို၍ ရင်းနှီးနေသည်။

"သူက မင်းသားတစ်ယောက်ယောက်အတွက် အလုပ်လုပ်ပေးနေတာများလား... "

မုန့်ချီ၏အသံက ပို၍ ကြောက်စရာကောင်းလာခဲ့သည်။

"ငါ့ကိုပြောစမ်း..။ သူက ဘယ်သူ့ကို ကိုယ်စားပြုနေတာလဲ..။ ပြီးတော့ ဘယ်အချိန်တုန်းက မင်းကို လာရှာတာလဲ... "

လုဟွာရှန်ကတော့ အနည်းငယ် စဉ်းစားနေပြီး ရိုးရိုးသားသား ပြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။

"သူက ဒီနေရာကို သူ့သဘောနဲ့သူ ရောက်လာတာလို့ပြောတယ်..။ သူက လက်(၉)ချောင်း ထိပ်တန်းလူဆိုးထိန်း ထွက်သွားပြီး သိပ်မကြာခင် ယွင်ရန်ရဲတိုက်ကို ရောက်လာခဲ့တာ...။ သူက အိမ်ယာမဲ့တစ်ယောက်လို ရုပ်ဖျက်ပြီး ရောက်လာတာလေ.."

ပုံမှန်အနေနှင့် ပြောရမည်ဆိုလျှင်တော့ ညသန်းခေါင်အချိန်က ငြိမ်းချမ်းရေးဆွေးနွေးမှုကဲ့သို့သော လျှို့ဝှက်လုပ်ဆောင်မှုများအတွက် အကောင်းဆုံး အချိန်တစ်ခု မဟုတ်ချေ။ လမ်းပေါ်တွင် လူအနည်းငယ်သာ ရှိသည့်အတွက် ခြံဝန်းထဲမှ ထွက်လာသော လူစိမ်းများက အလွယ်တကူ ပေါ်သွားနိုင်သည်။

တစ်ဖက်တွင်တော့ နေ့အချိန်တွင် ယွင်ရန်ရဲတိုက်ထဲသို့ ဝင်ရောက်မည်ဆိုလျှင် အပြင်လူများကို စစ်ဆေးရန် ပို၍ခက်ခဲနိုင်သည်။ လက် (၉) ချောင်းထိပ်တန်း လူဆိုးထိန်းနှင့် အနောက်ပိုင်းတပ်မှူးတို့က ထိုအတွေးမျိုး ရှိနေသည့်အတွက် နေ့အချိန်တွင် ယွင်ရန်ရဲတိုက်ထဲသို့ ဝင်လာခဲ့ကြခြင်း ဖြစ်သည်။

လော်ရှန်းကျိက လက် (၉) ချောင်း ထိပ်တန်းလူဆိုးထိန်းကို စောင့်ကြည့်နေသည့်အတွက် သူက လော်ရှန်းကျိ၏ စောင့်ကြည့်မှုမှ လွတ်မြောက်ခဲ့ခြင်း မရှိချေ။ သို့သော် အနောက်ပိုင်းတပ်မှူးကတော့ မည်သူမျှ သတိမထားမိပဲ လုဟွာရှန်ကို တွေ့သွားခဲ့၏။

"သူ့ကိုယ်သူ ကိုယ်စားပြုတာလား... "

"ဘယ်လို..။ ဒါဆိုရင် သူက ထီးနန်းလိုချင်နေတာလား... "

မုန့်ချီက စဉ်းစားပြီး မေးလိုက်သည်။

"မင်းတို့တွေက ငြိမ်းချမ်းရေးဆွေးနွေးပြီး အချိန်ဆွဲချင်နေတာ မဟုတ်လား..။ ဒါဆိုရင် အတွင်းရေးပြဿနာတွေကို ဖြေရှင်းလို့ ရတယ်လေ..။ ကျန်းမျိုးနွယ်နဲ့ တခြားမျိုးနွယ်စုတွေကို ဖြေရှင်းပြီးသွားရင် မင်းတို့က နောက်တစ်ကြိမ် တိုက်ခိုက်မှာပဲ မဟုတ်လား... "

"ဟုတ်ပါတယ်... "

လုဟွာရှန်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"ခန်းခေါင်းဆောင်ရဲ့ရည်မှန်းချက်က အရမ်းကြီးတယ်... ။ သူက တိုင်းပြည်တစ်ခုလုံးကို အုပ်စိုးချင်နေတာ... ။ ဒီနေရာမှာရှိတဲ့ နယ်မြေလေးတွေကို ပေးလိုက်တာက သူ့အတွက် ဘာမှမဟုတ်ဘူး... "

မုန့်ချီက ခန်းခေါင်းဆောင်နှင့် တခြားလူများအကြောင်းကို မေးပြီးသွားသည့်အချိန်တွင် သူ၏မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် လုဟွာရှန်၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်၏။ ထိုဓားချက်ကြောင့် သူ၏စွမ်းအားများကလည်း ပျောက်ကွယ်သွားခဲ့သည်။

"ကြည့်ရတာတော့ ကိစ္စတွေက ငါတို့ထင်ထားတာထက်တောင် ပိုပြီးရှုပ်ထွေးနေပြီ... "

လော်ရှန်းကျိကတော့ ယခုမှ ထိုအကြောင်းအရာများကို ပို၍ရှင်းရှင်းလင်းလင်း နားလည်လာသည့်အလား ထပ်ပြောလိုက်၏။

မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။

"ငါတို့က မေးခွန်းတစ်ခုကို လျစ်လျူရှုထားမိခဲ့တယ်..။ ဘုရင်ဟောင်းက တကယ်ပဲ သတိလစ်တာ ဟုတ်မဟုတ် ငါတို့မသိသေးဘူး..။ သူက ပထမ သတိလစ်သွားပြီးအခုနိုးနေတာလည်း ဖြစ်နိုင်တယ်..။ ပြီးတော့ အခြေအနေကို စောင့်ကြည့်ပြီး သူ့အတွက် အချိန်ယူနေတာလည်း ဖြစ်နိုင်တာပဲလေ... "

အကယ်၍ ရှင်ဘုရင်ကသာ သတိပြန်ဝင်လာနေပြီး လုကွမ်က မင်းသား (၄)ပါးနှင့် ပူးပေါင်းသွားမည်ဆိုလျှင် သူ့အပေါ် သေချာပေါက် ယုံကြည်တော့မည် မဟုတ်ချေ။ သို့သော် လုကွမ်က ယခုအချိန်ထိ ကြားနေအဖြစ်သာ ရှိနေပြီး ရှင်ဘုရင်အပေါ်တွင်သာ သစ္စာရှိနေသေးသည်မှာ ကံကောင်းသွားခဲ့၏။

အကယ်၍ ရှင်ဘုရင်ကသာ ငြိမ်းချမ်းရေးဆွေးနွေးမှု ညှိနှိုင်းချင်သည်ဆိုလျှင်တော့ လုကွမ်က နောက်ထပ် အရေးပါဦးမည် မဟုတ်တော့ပေ။ ထီးနန်းကို ဆုံးရှုံးထားရသော ဘုရင်တစ်ယောက်က လူသေတစ်ယောက်ကဲ့သို့သာ ဖြစ်၏။

မုန့်ချီက ရှေ့ကိုတစ်လှမ်းချင်း လျှောက်လာပြီး ထပ်ပြောလိုက်သည်။

"အနောက်ပိုင်းတပ်မှူးက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးဖို့အတွက် ဘုရင်ဟောင်းရဲ့ကိုယ်စား အနောက်ပိုင်းကျူးကျော်သူတွေနဲ့ ဆွေးနွေးတာလည်း ဖြစ်နိုင်တယ်..။ ငါတို့က ဘုရင်ဟောင်းရဲ့အခြေအနေကို အရင်ဆုံး စစ်ဆေးကြည့်ဖို့လိုမယ်...။ သူက တကယ်ပဲ သတိလစ်နေတာလား ဟန်ဆောင်နေတာလားဆိုတာ သိဖို့လိုမယ်..။ တကယ်လို့ သူသာ ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင်တော့ သူသတိလစ်နေတာ ပိုပြီးတော့ကောင်းတယ်... "

သူတို့၏တာဝန်ထဲတွင် ရှင်ဘုရင်ကို မည်သို့လုပ်ရမည်ဟု ကန့်သတ်ထားခြင်း မရှိချေ။ ယုံကြည်မှုကို ရရှိရန်အတွက် တချို့သော အရာများကို လုပ်ဆောင်ရန် လိုအပ်သည်။ မင်းသားများက လုကွမ်ကို အမြဲလိုလို ယုံကြည်နေပြီး သူတို့နှင့်ပူးပေါင်းရန် ဖျောင်းဖျချင်နေခဲ့သည်။ သို့သော် သူကတော့ ယခုအချိန်ထိ ကြားနေအဖြစ်သာ ရှိနေသေး၏။

အဆုံးသတ်တွင်တော့ အနောက်ပိုင်းကျူးကျော်သူများကို တားဆီးရမည့် အဓိကသော့ချက်က တပ်မှူးလုသာ ဖြစ်သည်။ ထို့ကြောင့် သူက လူတိုင်းလိုချင်နေသော အရာတစ်ခုလည်း ဖြစ်နေသည်။

"နန်းတွင်းထဲမှာ အစွမ်းထက်ပညာရှင်တွေ အများကြီးရှိတယ်... ။ ပြီးတော့ လက်ယာအမတ်ကြီးကလည်း စောင့်နေတယ်..။ သိုင်းသခင်တစ်ယောက်ကတောင် သတင်းအချက်အလက်တွေ စုံစမ်းဖို့ တော်တော်လေးခက်တယ်... "

လော်ရှန်းကျိက တီးတိုးပြောလိုက်သည်။

"အနောက်ပိုင်းတပ်မှူးကိုယ်တိုင်က နတ်ဆိုးဘုရင်ကို စိန်ခေါ်နိုင်တယ်လေ..။ တကယ်လို့ ငါတို့ (၃) ယောက် ပူးပေါင်းလိုက်မယ်ဆိုရင်တော့ သူ့ကိုအနိုင်ရဖို့ အခွင့်အရေးရှိနိုင်တယ်..။ ဒါပေမယ့် အခုသူက ထိပ်တန်းပညာရှင်တွေ ဝိုင်းရံနေတဲ့ စခန်းထဲမှာ ရှိနေတယ်..။ ဒီတော့ သူ့အနားကို ရောက်ဖို့တောင် မဖြစ်နိုင်ဘူး..။ တကယ်လို့ ငါတို့သာ စခန်းထဲမှာ ပိတ်မိသွားမယ်ဆိုရင် အသက်ရှင်လျက် ထွက်လာဖို့တောင် တော်တော်ခက်တယ်... "

ဤကဲ့သို့ သိုင်းပညာများ ထွန်းကားသော ကမ္ဘာကြီးတစ်ခုတွင် တပ်ဖွဲ့များထဲတွင်လည်း ထိပ်တန်းပညာရှင်များ နည်းပါးမှု မရှိချေ။ သာမန်ရဲမက် အနည်းငယ်ဆိုလျှင်ပင် ရင်ဆိုင်၍ ရနေသေးသည်။ ထို့ပြင် မုန့်ချီနှင့် လော်ရှန်းကျိတို့က ပြိုင်ဘက် (၁)ထောင်ခန့်ကို တစ်ယောက်တည်း တိုက်ခိုက်နိုင်သော ပညာရှင်မျိုးလည်း မဟုတ်ကြပေ။

ထို့ပြင် ပုရွက်ဆိတ်ပမာဏသာ အလုံအလောက်ရှိလျှင် ဆင်တစ်ကောင်ကို သတ်ပစ်နိုင်သည်ဟူသော ရှေးဟောင်းစကားပုံတစ်ခုလည်း ရှိနေသေးသည်။ အကယ်၍ စခန်းထဲတွင် ရှိနေသော သိုင်းသခင်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရမည်ဆိုလျှင် သူတို့က အသက်ရှင်လျက် ထွက်လာနိုင်မည်ဆိုလျှင်ပင် မလွယ်ကူလှပေ။

"ဒီကိစ္စကို ငါတို့ အရင်ဆုံးမလုပ်သေးဘူး... ။ အရင်ဆုံးပြန်သွားပြီး လုကွမ်ကို မေးကြည့်ရမယ်...။ ပြီးတော့ သူ့ရဲ့သဘောထားနဲ့ လက်ယာအမတ်ကြီးရဲ့ ရပ်တည်မှုကို သိပြီဆိုမှ ရှင်ဘုရင်ကို သွားကြည့်ကြမယ်... "

မုန့်ချီဆီတွင် ထိုအတွေးမျိုး ရှိနေသည့်အတွက် သူက စမ်းသပ်ကြည့်ချင်နေသည်။

အကယ်၍ ရှင်ဘုရင်ကသာ သတိလစ်နေခြင်း မရှိလျှင် သူက ငြိမ်းချမ်းရေးဆွေးနွေးမှုကို ဖျက်ဆီးရန် အားသာပါလိမ့်မည်။ လုကွမ်ကို မြို့တော်သို့ ခေါ်လာသည်မှာလည်း အရံအစီအစဉ်တစ်ခုအနေနှင့် ဖြစ်နိုင်သည်။

ရှင်ဘုရင်က ထိုကဲ့သို့ လျှို့ဝှက်ချက်များကို လုပ်ဆောင်ရန် လုကွမ်အပေါ် ယုံကြည်လိမ့်မည် မဟုတ်ချေ။ တစ်ခါတစ်ရံ ဆိုးရွားသော လုပ်ဆောင်ချက်များက ထင်မြင်ယူဆချက်ကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်၏။ ထို့ကြောင့် သူက အမှန်တရားကို ရှာဖွေရန် လိုအပ်သည်။

လော်ရှန်းကျိကလည်း ခေါင်းညိတ်၍ သဘောတူလိုက်၏။

"ကောင်းတယ်..။ ငါလည်း မင်းသား(၃)ကို သတိပေးလိုက်မယ်..."

သူကတော့ သူ၏သစ္စာရှိမှုကို ပြသရန်သာ စဉ်းစားထားခဲ့သည်။

"ကောင်းပြီ ။ ပြဿနာမရှိဘူး... "

မုန့်ချီက လော်ရှန်းကျိ၏ ရိုးသားမှုကို စိတ်မဝင်စားချေ။ မင်းသား (၃) က သူ စဉ်းစားပေးရမည့်လူများထဲမှ တစ်ယောက်ဖြစ်၏။

မုန့်ချီက လုဟွာရှန်၏ ခန္ဓာကိုယ်ကို ရှာဖွေကြည့်လိုက်သည့်အချိန်တွင် ကုသရေးနှင့် အကူအညီဆေးပုလင်းများကို တွေ့လိုက်ရပြီး သူ့အတွက် တစ်ခုမျှ အသုံးမဝင်ချေ။ မုန့်ချီက ထိုအရာများကို လော်ရှန်းကျိနှင့် ရွမ်ယုရှုတို့ (၂)ယောက်ကိုသာ ခွဲပေးလိုက်ပြီး သူ့အတွက် ချန်မထားခဲ့ပေ။

မည်သို့ဖြစ်စေကာမူ သူက လုဟွာရှန် လေ့ကျင့်နေသော နတ်ဆိုးကျောင်း၏ သိုင်းကျမ်းဖြစ်သည့် ယင်စုပ်ယူခြင်း လျှို့ဝှက်ကျင့်စဉ်ကို ရရှိထားခဲ့သည်။ လုဟွာရှန်၏ ခန္ဓာကိုယ်ကို မြစ်ထဲသို့ ပစ်ချလိုက်ပြီးနောက် သူတို့ (၃) ယောက်ကလူခွဲပြီး တစ်လမ်းဆီ ထွက်လာကြ၏။

မုန့်ချီနှင့် ရွမ်ယုရှုတို့ (၂) ယောက်လုံးက ကိုယ်ဖော့ပညာ ကျွမ်းကျင်ကြသည်။ တစ်ယောက်က လေလှိုင်းများပမာ အလွန်လျင်မြန်လွန်းလှပြီး တစ်ယောက်ကတော့ တိမ်တိုက်ထဲတွင် လွင့်မျောနေသော အင်မော်တယ် တစ်ယောက်ပမာ လှပသိမ်မွေ့နေသည်။ အမှောင်ထဲတွင်တော့ သူတို့၏ပုံစံက နတ်ဘုရားနှင့် နတ်သမီးတစ်ပါးကဲ့သို့ ဖြစ်နေခဲ့၏။

ခဏကြာပြီးနောက် သူတို့က နန်းတွင်းတည်းခိုဆောင်သို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် သူတို့၏နားထဲ၌ သက်ပြင်းချသံတိုးတိုးကို ကြားလိုက်ရ၏။ မုန့်ချီက ချက်ချင်းပင် ခြေလှမ်းကို ရပ်တန့်လိုက်ပြီး သူ၏ဓားရှည်နှင့် ဓားမောက်ကိုဆွဲထုတ်၍ သူ့ရှေ့တွင် ရှိနေသော သစ်ပင်ကို ကြည့်လိုက်၏။

သူက ရွမ်ယုရှု၏ ရှေ့တွင် ရပ်လိုက်ပြီး သူမကို ကာကွယ်ပေးထားသည်။ ကြည့်ရသည်မှာ ပြိုင်ဘက်၏အစွမ်းက အတော်လေး ကြောက်စရာကောင်းပုံရ၏။ သစ်ပင်ကြီး၏ အမှောင်ထဲမှနေ၍ အဖြူရောင် ချည်ဝတ်စုံဝတ်ဆင်ထားသော မိန်းကလေးငယ်လေးတစ်ယောက် ထွက်ပေါ်လာသည်။

သူတို့၏ရှေ့တွင် ပေါ်လာသော မိန်းမလှလေးကြောင့် သူ့ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သူမ၏အင်္ကျီက လုံလုံခြုံခြုံ ရှိနေသော်လည်း အလှတရားများ ပေါ်လွင်နေသေးသည်။ သူက ထိုမိန်းမလှလေးကို စိုက်ကြည့်နေချင်ပြီး တစ်ချိန်တည်းတွင် ကြောက်လန့်နေခဲ့သည်။

သူမ၏ မျက်နှာလေးကို ဇာပဝါ ဖုံးအုပ်ထားသော်လည်း ချောမောလှပသော မျက်နှာလေးကို မြင်နေရသေးသည်။ အလွန်ကြီးကျယ်ခမ်းနားသော သူမ၏အလှတရားများက ရင့်ကျက်တည်ငြိမ်မှုနှင့် ပေါင်းစည်း၍ အလွန်ကျက်သရေ ရှိလှသည်။

မုန့်ချီက အံကြိတ်ပြီး တီးတိုးရေရွတ်လိုက်သည်။

"မကောင်းဆိုးဝါးဘုရင်မ... "

"ငါကရော မင်းရဲ့ဓားကိုသုံးပြီးတိုက်ခိုက်ဖို့ အရည်အချင်းရှိရဲ့လား... "

မကောင်းဆိုးဝါးဘုရင်မ၏အသံက အနည်းငယ် ဆွဲဆောင်မှုရှိနေသည်။

ညအချိန်တွင် တိုက်ခိုက်နေသော လေလှိုင်းက အေးစက်နေသော်လည်း မကောင်းဆိုးဝါး ဘုရင်မက ကမ္ဘာမြေကြီးကို ဗဟိုပြုထားသည့်အလား ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။ ထိုအရာက အလွန်ကြောက်စရာကောင်းသော ခံစားမှုတစ်ခု ပေးနိုင်၏။

ဘာကြောင့် သူမက ဤနေရာတွင် ရုတ်တရက် ပေါ်လာပြီး သူတို့ကို တားဆီးနေကြောင်း မုန့်ချီက စဉ်းစားနေရန် အချိန်မရှိခဲ့ပေ။ သူတို့၏ ချီစွမ်းအင်များ ထွက်ပေါ်လာသည့် အချိန်တွင် မကောင်းဆိုးဝါးဘုရင်မ၏ ချီစွမ်းအင်များက မုန့်ချီကို ဖိနှိပ်ထားကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။အကယ်၍ သူသာ တခဏအတွင်း စုစည်းနိုင်ခြင်း မရှိလျှင် တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားပြီး လုံးဝကို ရှုံးနိမ့်သွားရပါလိမ့်မည်။

သူ၏စိတ်ဝိညာဉ်စွမ်းအားများက လက် (၂) ဖက်တွင် ရှိနေသော ဓားရှည်နှင့် ဓားမောက်တို့ဆီသို့ စီးဆင်းသွားပြီး ထိုဓား(၂) လက်လုံးက သူ၏ခန္ဓာကိုယ် အစိတ်အပိုင်းများသဖွယ် ဖြစ်လာသည်။ သူ၏ပတ်ပတ်လည် လေလှိုင်းထဲတွင်လည်း ပိုးသားများကဲ့သို့ ချည်မျှင်လေးများကို ခံစားလိုက်မိသည်။

ထိုအချိန်တွင် လော်ရှန်းကျိ၏ သတိပေးချက်ကို ခေါင်းထဲတွင် တွေးမိခဲ့၏။ ထို့ကြောင့် မုန့်ချီက မည်သည့်အရာကိုမျှ စဉ်းစားမနေခဲ့ပေ။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့် (၅)ကို ပြည့်ပြည့်ဝဝ အသက်သွင်းလိုက်ရာ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ဗုဒ္ဓကျောင်းဆောင်ထဲရှိ လော်ဟန့် ကိုယ်တော်တစ်ပါးကဲ့သို့ ဖြစ်လာခဲ့သည်။

ထိုအရာက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော အဆိပ်ချည်မျှင်နှင့် လေလှိုင်းကဲ့သို့သော အရာများကို တားဆီးပေးလိုက်သည်။ အဆိပ်လေလှိုင်းများ သို့မဟုတ် ယင်ချီစွမ်းအင်များ အားလုံးက ဗုဒ္ဓလမ်းစဉ် ယန်စွမ်းအားများကြောင့် လုံးဝကို ပေါက်ကွဲသွားခဲ့သည်။

မုန့်ချီ၏ ခုခံမှုကြောင့် မကောင်းဆိုးဝါးဘုရင်မက အနည်းငယ် အံ့သြသွားခဲ့၏။ အလွန်အေးစက်သော ဓားသမားရှောင်မုန့်က ထိုမျှ အစွမ်းထက်လိမ့်မည်ဟု သူမလည်း လုံးဝ မထင်ထားခဲ့ပေ။

မကောင်းဆိုးဝါဘုရင်မက ခဏကြာ အံ့သြသွားသည့်အချိန်တွင် သူမ၏အရှိန်အဝါက အနည်းငယ် လျော့ကျသွား၏။ မုန့်ချီက ထိုအရာကို အခွင့်အရေးယူပြီး သူ၏စိတ်ဝိညာဉ်ကို အာရုံစိုက်၍ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကိုသုံးပြီး တိုက်ခိုက်လိုက်သည်။

"ဒါက ငါရှာနေတဲ့ အခွင့်အရေးတစ်ခုပဲ…"

ယခုလို အချိန်မျိုးတွင်တော့ သူက မည်သည့်အရာကိုမျှ စိုးရိမ်မနေနိုင်တော့ပေ။ သေသွားမည်ဆိုလျှင် သူ့ဆီ၌ မည်သည့်အရာမျှ မကျန်နိုင်ပေ။

မုန့်ချီက သူ၏စွမ်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်ဆန္ဒများအားလုံးကို ဓားသွားထဲသို့ ပေါင်းစပ်လိုက်သည်။ ထိုနောက် ကောင်းကင်ဓားကျင့်စဉ်၏ အနှစ်သာရများကိုလည်း တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်နှင့် ပေါင်းစပ်လိုက်၏။ ထိုအချိန်တွင် ဓား၏အစွမ်းက ယခင်တုန်းကထက် ပို၍ အစွမ်းထက်လာခဲ့သည်။

တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်က သူ့နာမည်အတိုင်းသာ ဖြစ်သည်။ ကမ္ဘာကြီးက အချစ် ၊ အမုန်း ၊ အကြောက်တရားနှင့် ခံစားချက်မျိုးစုံကြောင့် အလွန်ရှုပ်ထွေးနေသည်။ ထိုအရာက ကောင်းကင်ဖျက် မကောင်းဆိုးဝါးတစ်ကောင်၏ ဆွဲဆောင်သော အသံများကဲ့သို့ ဖြစ်နေ၏။ မည်သည့်နေရာတွင်မျှ တိတ်ဆိတ်ငြိမ်သက်ခြင်းများ မရှိနိုင်ပေ။

ရုတ်တရက်ဆိုသလို သူတို့၏နားထဲတွင် စောင်းသံတစ်ခုကို ကြားလိုက်ရသည်။ သို့သော် အသံက ရှုပ်ထွေးပြီး ကျယ်လောင်လှ၏။ စိတ်ရှုပ်ထွေးစွာ အော်ဟစ်နေသော အသံတစ်ခုကဲ့သို့ ဖြစ်နေပြီး နားထဲတွင် ဖိအားကလည်း တဖြည်းဖြည်းပို၍ တိုးမြင့်လာသည်။

ပတ်ပတ်လည်တွင်ရှိနေသော ဒုက္ခများကလည်း အမှန်တကယ် ရောက်ရှိလာသလို ခံစားနေရ၏။ ထိုစောင်းသံကြောင့် သူတို့က ပို၍ပင် စိတ်လှုပ်ရှားလာပြီး ချောက်ကမ်းပါးစွန်းသို့ ရောက်လာသလို ခံစားလိုက်ရသည်။ ထိုအရာက တိတ်ဆိတ်ငြိမ်သက်မှု၏ ဆန့်ကျင်ဘက်လည်း ဖြစ်၏။

စောင်းသံနှင့် မုန့်ချီ၏ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်က လုံးဝကို တစ်သားတည်း ဖြစ်နေသည့်အတွက် သူ၏ဓားအစွမ်းက နောက်ထပ် အဆင့်တစ်ခုထိ မြင့်တက်လာခဲ့ပြန်သည်။ တစ်ချိန်တည်းတွင် သူ၏အတွင်းအား ၊ ချီစွမ်းအင် ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားများ အားလုံးက မထင်မှတ်ထားသော အထွဋ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

ဓားအလင်းရောင်ကလည်း ရေပေါ်တွင် ရောင်ပြန်ဟပ်နေသော အလင်းတန်း တစ်ခုကဲ့သို့ ဖြစ်နေပြီး ဓား၏အနှစ်သာရများကို ပြသနေခဲ့သည်။ ထိုအရာက မကောင်းဆိုးဝါးဘုရင်မကို သူမ၏အတိတ်ဆီ ပြန်ခေါ်သွားခဲ့ပြီး စိုးရိမ်မှု ၊ သေဆုံးမှု ၊ ချစ်ခြင်းမေတ္တာတရား ၊ အမုန်းတရားများကို ပြန်ပေါ်စေခဲ့သည်။

မုန့်ချီကတော့ သီးခြားကမ္ဘာလေးထဲတွင် နစ်မြုပ်နေခဲ့သည့်အတွက် သူ၏ဓားပညာ ပြောင်းလဲမှုများက စိတ်ဝိညာဉ်ထဲတွင် သက်ရောက်ခံလိုက်ရပြီး ပုံသဏ္ဍာန်မရှိပေ။ ထိုအရာက မကောင်းဆိုးဝါးဘုရင်မ၏ ချီစွမ်းအင်များကို လွှမ်းခြုံသွားပြီး အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ မုန့်ချီက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို နားလည်လာခဲ့သည့် အချိန်ကတည်းကစပြီး အစွမ်းထက်ဆုံး တိုက်ခိုက်မှုကို တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်၏။

မကောင်းဆိုးဝါးဘုရင်မ၏ မျက်လုံးထဲတွင် မသေချာမှုများ ၊ ရှုပ်ထွေးမှုများ ပေါ်လာပြီး သူမ ငယ်ရွယ်စဉ် နေ့ရက်များကို ပြန်လည်ရောက်ရှိသွားသလို ခံစားလိုက်ရသည်။ နတ်ဆိုးသခင်က ပျောက်ကွယ်သွားပြီး နတ်ဆိုးကျောင်းကို ပိတ်လိုက်ရသည်။ တပည့်များကလည်း သီးခြားဆီ လမ်းခွဲသွားသည်ကို သူမဆီတွင် တားဆီးနိုင်သော အရည်အချင်း မရှိခဲ့ပေ။

သူမက တျန်းလော်ပညာကို အောင်မြင်ခဲ့သော်လည်း အသေးအဖွဲ့ကိစ္စများတွင် ဝန်ထုတ်ဝန်ပိုးများ ရှိနေသေးသည်။ ထို့ပြင် သူခိုးဓားပြများလည်း ထွက်ပေါ်လာသည့်အတွက် သူမ၏မျှော်လင့်ချက်များ ပြည့်နှက်နိုင်ခြင်း မရှိချေ။

မုန့်ချီက ရုတ်တရက်ဆိုသလို မကောင်းဆိုးဝါးဘုရင်မ၏ အကာအကွယ် ချီစွမ်းအင်များထဲတွင် ဟာကွက်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။ မကောင်းဆိုးဝါး စမ်းသပ်ရေးဓား၏ အလင်းရောင်က ထိုနေရာကို တည့်တည့် တိုက်ခိုက်လိုက်၏။

သို့သော် မကောင်းဆိုးဝါး စမ်းသပ်ရေးဓား အလင်းရောင် ပျံ့နှံ့လာသည့်အရှိန်က မမြင်ရသော ပိုက်ကွန်တစ်ခုကို တိုက်ခိုက်လိုက်ရသည့်အလား အနည်းငယ် နှေးကွေးသွားပုံရသည်။

ဓားဆီမှ မိုးကြိုးစပါးအုံးမြွေများ ရုတ်တရက် ထွက်ပေါ်လာပြီး ယင်စွမ်းအား ပိုက်ကွန်ကြီးကို ဖျက်ဆီးလိုက်သည်။ သို့သော် မကောင်းဆိုးဝါးဘုရင်မ၏ အကာအကွယ်ချီစွမ်းအင်များကို ထိုးဖောက်နိုင်ခဲ့ခြင်း မရှိချေ။ သူမ၏အရေပြားနှင့် လက်မအနည်းငယ်ခန့်အကွာတွင် ရပ်တန့်သွားခဲ့ရ၏။

ထိုအချိန်တွင် သူမက သတိပြန်ဝင်လာပြီး ဓားသွားကို လက်နှင့် ဖမ်းထားလိုက်သည်။ သူမ၏မျက်နှာပေါ်တွင် ဒေါသမရှိသလို တုန်လှုပ်သွားခြင်းလည်း မရှိချေ။ တည်ငြိမ်စွာ ချီးကျူးလိုက်၏။

"တကယ့်ကို ထူးခြားတဲ့ ဓားပညာပါလား... "

သူမ၏ခေါင်းပေါ်မှ ဆံပင်မွှေးလေးတစ်ပင်သာ ကျဆင်းလာခဲ့လေသည်။

Translated by Hein Htet.

All Chapters