အခန်း (၁၈၁)
Vol. 13 Ch. 181
တိတ်ဆိတ်ငြိမ်သက်နေသော ညအချိန်တွင် …
တဝှီးဝှီး တိုက်ခတ်နေသော လေတိုးသံများက အတော်လေးကို မသက်မသာ ခံစားရစေနိုင်သည်။ မကောင်းဆိုးဝါးဘုရင်မက မုန့်ချီ၏ ရှေ့တွင် ရပ်နေသော်လည်း ဤကမ္ဘာကြီးထဲမှ မဟုတ်သလို ခံစားမိနေ၏။
"တကယ့်ကို ထူးခြားတဲ့ ဓားပညာပဲ… "
သူမ၏ စကားသံကို နားထဲ၌ ကြားလိုက်ရသည့်အချိန်တွင် သူ၏နှလုံးသားကို ဆွဲယူသွားသလို ခံစားလိုက်ရသည်။ မုန့်ချီကိုယ်တိုင်လည်း လက်ရှိအချိန်တွင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်၏ တန်ပြန်သက်ရောက်မှုများကို ခံစားနေရသည့် အတွက် အာရုံစိုက်ရန် ခက်ခဲနေ၏။
ထိုအချိန်တွင် စောင်းသံက ပြောင်းလဲသွားပြီး တောင်ပေါ်မှ စီးဆင်းလာသော မြစ်တစ်စင်းကဲ့သို့ ဖြစ်လာခဲ့၏။ မုန့်ချီက သူ့ကိုယ်သူ ထိန်းချုပ်လိုက်ပြီး မကောင်းဆိုးဝါးစမ်းသပ်ရေးဓားကို သိမ်း၍ ရေခဲပေါ်တယ်ဓားကို ကိုင်လိုက်သည်။
"ဒီလိုအနီးကပ် အခြေအနေမျိုးမှာ ခင်ဗျားက ဘယ်လိုလှည့်ကွက်တွေ သုံးနိုင်မလဲ ကြည့်ကြသေးတာပေါ့ …"
မုန့်ချီက စိတ်ထဲတွင် တွေးလိုက်မိသည်။
သူက ဓား ပြောင်းကိုင်လိုက်သည့်အချိန်တွင် မကောင်းဆိုးဝါးဘုရင်မက သက်ပြင်းချလိုက်သည်။ သူမ၏မျက်လုံးထဲတွင်လည်း မကျေနပ်သည့် လက္ခဏာမျိုး ပေါ်လာခဲ့၏။
သူမက ဘယ်လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် မုန့်ချီ၏ ခန္ဓာကိုယ်က တစ်စုံတစ်ခု၏ ရစ်ပတ်မှုကြောင့် သူမ၏ အနားသို့ ဆွဲခေါ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူက ဓားကွက်ထုတ်ရန်ပင် ခက်ခဲနေပြီး ချက်ချင်းပင် ပါသွားခဲ့၏။
"ယင်စွမ်းအား ဆွဲငင်ခြင်း …"
မုန့်ချီဆီတွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အကာအကွယ် ရှိသည်။ ထို့ကြောင့် ယင်စွမ်းအားများက သူ၏ခန္ဓာကိုယ်ကို ထိုးဖောက်နိုင်ခြင်း မရှိသလို သူ၏ ကြွက်သားများ ၊ ချီစွမ်းအင်များကိုလည်း ထိန်းချုပ်နိုင်ခြင်း မရှိပေ။
သို့သော် ယင်စွမ်းအားများက မမြင်ရသော ကြိုးမျှင်များကဲ့သို့ သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်နေနိုင်ပြီး သူ၏လှုပ်ရှားမှုများကို သက်ရောက်စေနိုင်သေးသည်။ ပင့်ကူမျှင်ထဲတွင် ကပ်ညိနေသော သားကောင်များကဲ့သို့ လွှမ်းမိုးခံရသည့် နယ်မြေအတွင်း ရှိနေသောသူက ရုန်းကန်နေရပြီး တဖြည်းဖြည်းနှင့် ပို၍တင်းကြပ်လာပါလိမ့်မည်။
အဆိပ်ပင့်ကူတစ်ကောင်ကဲ့သို့ဖြစ်နေသော မကောင်းဆိုးဝါးဘုရင်မကတော့ သူမ၏ သားကောင်ကိုဖမ်းရန် တည်ငြိမ်စွာ စောင့်နေမည်ဖြစ်၏။ မကောင်းဆိုးဝါးဘုရင်မက ညာလက်ကို ဆန့်ထုတ်လိုက်ရာ သူမ၏လက်ချောင်းလေးများက အနည်းငယ် လှုပ်ရှားသွားသည်။
ထို့နောက် သူမက မုန့်ချီ၏ခေါင်းကို လက်ချောင်းလေးများနှင့် ဆုပ်ကိုင်ရန် ကြိုးစားလိုက်သည်။ သူမ၏လက်ချောင်းလေးများက ပန်းပွင့်လေးများကဲ့သို့ လှုပ်ရှားလာခဲ့၏။ တိုက်ခိုက်မှုက ငြိမ်သက်မှုမရှိသလို ခန့်မှန်း၍လည်း မရနိုင်ပေ။ သို့သော် သူ့အစွမ်းက အလွန်ကြောက်စရာကောင်း၏။
ထိုကဲ့သို့ တိုက်ခိုက်မှုတွင် မည်သူကမျှ အသက်ရှင်နိုင်မည် မဟုတ်ချေ။ ဉာဏ်အလင်းပွင့်မှုအဆင့် သာမန်ပညာရှင်တစ်ယောက်က လက်ဝါးလှိုင်းများ ဓားချီစွမ်းအင်များကို သုံးပြီး တိုက်ခိုက်နိုင်သော်လည်း သူ့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။
ထို့ပြင် အစွမ်းထက်သော လေလှိုင်းများ တိုက်ခတ်လာမည်ဆိုလျှင် တိုက်ခိုက်မှုအရှိန်ကလည်း ရပ်တန့်သွားနိုင်၏။ မည်သို့ဖြစ်စေကာမူ ဖျက်ဆီးနိုင်သည့် အစွမ်းမျိုးတော့ မရှိချေ။
သို့သော် ထိပ်သီးသိုင်းပညာကို အသုံးပြုနေသော ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုကတော့ မတူညီနိုင်တော့ပေ။ သူတို့၏ စွမ်းအားက တူညီနေမည် ဆိုလျှင်တော့ တိုက်ခိုက်မှုကို ခုခံရန် မခက်နိုင်ပေ။ တစ်ဖက်လူက ဒဏ်ရာအနည်းငယ်သာ ရသွားနိုင်၏။
တိုက်ပွဲက အနီးကပ် တိုက်ပွဲဖြစ်နေချိန်တွင် လက်ဝါးချက်များ ၊ ဓားချီစွမ်းအင်များက အကူအညီအဖြစ်သာ သတ်မှတ်နိုင်သည်။ ထို့ပြင် သွေးကြောမှတ်များ ပို၍ပွင့်နေလေလေ အတွင်းအားများက ပို၍များပြားလေလေဖြစ်ပြီး လက်ဝါးလှိုင်း၊ ဓားချီစွမ်းအင်နှင့် အဖျက်စွမ်းအားကလည်း ပို၍တိုးမြင့်လာနိုင်သည်။
မကောင်းဆိုးဝါးဘုရင်မ၏ အဆင့်မျိုး သို့မဟုတ် ဝေ့ကျင်း တစ်ဝက်အဆင့်မျိုးကို ရောက်သွားမည်ဆိုလျှင် သူ၏စွမ်းရည်က သိုင်းသခင်တစ်ယောက်၏ အဆင့်ကို ရောက်နေနိုင်သည်။ ထိုသို့ဆိုလျှင် သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် ချီစွမ်းအင်များကို ထုတ်လွှတ်နိုင်သည်။ သူ၏ လက်ဝါးနှင့် လက်ချောင်းလေးများ တိုက်ခိုက်မှုကလည်း ကြောက်စရာကောင်းလောက်အောင် အစွမ်းထက်၏။
အဝေးမှပင် လူတစ်ယောက်ကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။ ထိုမျှကြောက်စရာကောင်းသော လက်ဝါးချက်နှင့် လက်ချောင်းတိုက်ခိုက်မှုကို ရင်ဆိုင်ရမည်ဆိုလျှင် မည်သည့်လှုပ်ရှားမှုကမျှ အသုံးမဝင်နိုင်ပေ။ ထိုလူများကတော့ တိုက်ခိုက်ရန် အနားသို့ ကပ်လာရန်ပင် မလိုအပ်ချေ။
ယုဟွမ်တောင်က သူ၏လက်ဝါးကိုသုံးပြီး မုန့်ချီကို သတ်ရန် စဉ်းစားခဲ့ဖူးသည်။ သူက မုန့်ချီ၏ဓားနှင့် တိုက်ခိုက်နိုင်သော နယ်မြေအတွင်း ဝင်မလာခဲ့ဘဲ အဝေးမှ တိုက်ခိုက်ခဲ့၏။ မုန့်ချီက အတွင်းအားများ ဆုံးရှုံးသွားသည့်အတွက် ဓားကွက်သက်သက်ကိုသာ သုံးနိုင်မည်ဟု တွေးနေခဲ့ခြင်းကြောင့်သာ ယုဟွမ်တောင်က ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ရခြင်းဖြစ်သည်။ ထို့ပြင် မုန့်ချီက သိုင်းပညာ လုံးဝဆုံးရှုံးခဲ့ရခြင်း မရှိချေ။
သူ၏လက်ချောင်းတိုက်ခိုက်မှုကတော့ ဓားပျံများ ၊ မြားများနှင့် ပစ်လွှတ်ရသော ဝင်္ကပါတစ်ခုသဖွယ် ဖြစ်နေပြီး လေထဲတွင် အလွှာများသဖွယ် ထိုးဖောက်သွားနေသည်။
အကယ်၍ မုန့်ချီက မကောင်းဆိုးဝါးဘုရင်မ၏ အားနည်းချက်တစ်ခုကို မြင်တွေ့ရမည်ဆိုလျှင်ပင် ထိုကဲ့သို့ အခြေအနေမျိုး၌ သူ့ဓားနှင့် ထိုးဖောက်ရန် လုံးဝမဖြစ်နိုင်ပေ။
မကောင်းဆိုးဝါးဘုရင်မက အလွန်အမင်း လျင်မြန်နေခြင်း မဟုတ်ဘဲ အမှောင်ထဲတွင် လှုပ်ရှားနေသလို ထင်မှတ်ရသည်။ သူမ၏လှုပ်ရှားမှုက လေးလံပြီး နှေးကွေးသော်လည်း တိုက်ခိုက်မှုကို ကာကွယ်ရန် လုံးဝမဖြစ်နိုင်ပေ။
မုန့်ချီက အကြောက်တရား အနည်းငယ်ကို ခံစားမိသည့်အချိန်တွင် စောင်းသံက ရုတ်တရက် ကြမ်းတမ်းလာသည်။ ထိုအသံကြောင့် သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်ခဲ့ပြီး စွမ်းအားများ၏ ဖိအားများကို ဖယ်ရှားလိုက်နိုင်၏။
မုန့်ချီက အနတ္တကျိန်စာဖျက်ဓားပညာ၏ နှလုံးကျင့်စဉ်ကိုလည်း အသက်သွင်းလိုက်သည်။ သူက ထိုသို့အာရုံစိုက်လိုက်သည့်အတွက် သူ၏စိတ်က တည်ငြိမ်သွားပြီး ဓားနှင့် တိုက်ခိုက်နိုင်ခဲ့၏။
ခဏကြာ အနားယူပြီးနောက် သူ၏ စွမ်းအားများက ပြန်ကောင်းလာခဲ့သော်လည်း သူကတော့ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို တစ်ကြိမ်သာ ထပ်၍ အသုံးပြုနိုင်တော့သည်။ အကယ်၍ နောက်တစ်ကြိမ် အသုံးပြုလိုက်မည်ဆိုလျှင် စွန့်လွှတ်ခြင်းကျင့်စဉ်ကို အသက်သွင်းရပါလိမ့်မည်။
သူက နောက်ထပ်တိုက်ပွဲများ တိုက်ခိုက်ရန်အတွက် နှလုံးကျင့်စဉ်ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် အဆင်သင့်ဖြစ်ရန် ကြိုးစားနေခဲ့၏။ ထိုသို့ဆိုလျှင် သူလည်း ပြိုလဲသွားနိုင်၏။ သူ၏ကြွက်သားများက ဖောင်းပွလာပြီး အနက်ရောင်ဝတ်စုံအောက်တွင် ကြီးထွားလာခဲ့၏။
ရွှေရောင်အလင်းတန်းများကလည်း ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာပြီး ယင်စွမ်းအား လွှမ်းခြုံမှုကို စတင်တွန်းလှန်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာခဲ့၏။
သူက ရုန်းကန်ရန် ကြိုးစားနေခြင်းကို ရပ်တန့်လိုက်ပြီး သူ့ကို ချုပ်နှောင်ထားသော ယင်စွမ်းအားများ၏ စီးကြောင်းများကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။ သူတို့က အတွင်းမှနေ၍ အပြင်ဘက်သို့ ထွက်သွားနေကြခြင်းဖြစ်၏။
မုန့်ချီက တည်ငြိမ်သွားသည့်အချိန်တွင် သူ၏ပတ်ပတ်လည်၌ ဖြစ်နေသောအရာများကို ခံစားမိလာခဲ့သည်။ မမြင်ရသော ယင်စွမ်းအားများက လေထဲတွင် လွင့်မျောလာပြီး တချို့ကတော့ သူ၏လက်နှင့် ခြေကျင်းဝတ်များကို ပတ်ထားခဲ့သည်။ တချို့ကတော့ ပိုက်ကွန်များသဖွယ် ဖြစ်နေခဲ့၏။
ယင်ချီစွမ်းအင်များက မကောင်းဆိုးဝါးဘုရင်မ၏ ခန္ဓာကိုယ်ထဲမှ ရောက်လာခြင်း ဖြစ်သည့်အတွက် သူတို့ကို ထိန်းချုပ်ထားသည်ဟု ဆိုလိုနေသည်။ မုန့်ချီက သူ၏စိတ်ဝိညာဉ်ကို ထုတ်လွှတ်လိုက်ပြီး ထိုပိုးမျှင်လေးများထဲသို့ ပေါင်းစပ်လိုက်သည်။ ထိုသို့ဆိုလျှင် သူက မကောင်းဆိုးဝါးဘုရင်မကို စစ်ဆေးကြည့်နိုင်မည်ဖြစ်၏။
ရလဒ်အနေနှင့် သူက သူမ၏ချီစွမ်းအင်ဖြန့်ဝေမှု ၊ ပုံသဏ္ဍာန်ပြောင်းလဲမှုနှင့် လက်ချောင်းတိုက်ခိုက်မှု၏ လျှို့ဝှက်ဆန်းကြယ်မှုများကို အာရုံခံနိုင်ခဲ့သည်။ သူ၏ စိတ်ဝိညာဉ်က ယခင်တုန်းက အခြေအနေမျိုး မဟုတ်ဘဲ လုံးဝကို တည်ငြိမ်နေခဲ့ပြီး ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို ခံစားမိနေခဲ့သည်။
သူက မကောင်းဆိုးဝါးဘုရင်မ၏ အကာအကွယ်ချီစွမ်းအင်များကိုလည်း အာရုံခံစားမိသည်။ ထိုအရာက အလွန်ရှုပ်ထွေးသောအလွှာများပမာ ဖြစ်နေပြီး သူမ၏ လက်ချောင်းတိုက်ခိုက်မှုတွင်လည်း အားနည်းချက်များ ရှိနေသည်။ သူ့ရှေ့တွင် ရှိနေသော အရာအားလုံးက ရုပ်ရှင်ကားတစ်ခု ကြည့်နေရသလို တစ်ခုချင်းဆီ ပေါ်လာနေသည်။
ထိုအချိန်တွင် သူ၏ရင်ထဲ၌ ချီဖျက်ဆီးရေးကျင့်စဉ် ပေါ်လာပြီး ချက်ချင်း နားလည်သွားခဲ့သည်။ အကယ်၍ သူသာ ထိုကျင့်စဉ်ကို နားလည်ချင်သည်ဆိုလျှင် တည်ငြိမ်အေးချမ်းနေရန် လိုအပ်ကြောင်း နားလည်သွားခဲ့၏။
အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်တွင်လည်း ထိုအရာက သေချာပေါက် အဓိကအချက်များ ဖြစ်နိုင်၏။ ချီစွမ်းအင်များကို အသုံးပြုပြီး ရန်သူ၏စွမ်းရည်ကို အာရုံခံနိုင်သည့် စွမ်းရည်မျိုးက မဖြစ်မနေ လိုအပ်သည်။
သူက ဓားရှည်ကို ဆွဲထုတ်လိုက်၏။ ဓားရှည်က မြောက်များလွန်းလှသော ချီစွမ်းအင်ကြိုးများကို ဖြတ်သွားပြီး လမ်းပြတစ်ခု ရှိနေသည့်အလား ကွေ့လိုက်ကောက်လိုက်နှင့် လှုပ်ရှားနေခဲ့၏။ ထိုဓားသွားက ဆုံမှတ်သဖွယ် ဖြစ်နေသော လက်ချောင်းလေးများ၏ အားနည်းချက်နေရာကို ထိုးဖောက်သွားခဲ့သည်။
“ဖျောက်…”
လက်ချောင်းကွန်ယက်က ပျောက်ကွယ်သွားခဲ့သည်။
မကောင်းဆိုးဝါးဘုရင်မကလည်း နောက်ဆုတ်သွားခဲ့၏။ သူမက လက်ချောင်းလေးများကို လှုပ်ရှားလိုက်ပြီး မုန့်ချီ၏ ဓားကို လက်ညှိုးနှင့် တောက်လိုက်ရာ ဓားက လွဲချော်သွားခဲ့သည်။
ထိုအချိန်တွင် စောင်းသံကလည်း ရုတ်တရက် အက်ရှရှဖြစ်လာပြီး ကြိုးများ ပြတ်သွားသလို ခံစားရ၏။ အစွမ်းထက်သော လေလှိုင်းတစ်ခုကလည်း မကောင်းဆိုးဝါးဘုရင်မကို တိုက်ခိုက်နေခဲ့၏။
မကောင်းဆိုးဝါးဘုရင်မက သူမ၏ အင်္ကျီလက်များကို ဝှေ့ယမ်းလိုက်သည်။ သူမက ယင်ချီစွမ်းအင်များကို ပေါင်းစပ်ပြီး ထိုလေလှိုင်းများကို လမ်းလွှဲလိုက်ပြန်သည်။ ထို့ကြောင့် လေလှိုင်းများက ပတ်ပတ်လည်ရှိ ချုံပုတ်များကို တိုက်ခိုက်မိသွားပြီး ဓားရာများ ပေါ်လာခဲ့သည်။
ရွမ်ယုရှုက ထိုအရာကို မည်သို့လှုပ်ရှားခဲ့ကြောင်း သူလည်း မသိချေ။ သို့မဟုတ် သူမ၏ စောင်းထဲတွင် တစ်စုံတစ်ခု ရှိနေခြင်းပေလော။ ထိုအခွင့်အရေးကို အရယူပြီး မုန့်ချီက ဓားရှည်နှင့် တိုက်ခိုက်လိုက်ပြန်သည်။ ဓားအလင်းတန်းများက အလွန်သန့်စင်ထက်မြက်ပြီး ငရဲကြီး (၉)ထပ်မှ ဆင့်ခေါ်နေသလို ထင်မှတ်ရ၏။
ဓားအလင်းတန်းက မကောင်းဆိုးဝါးဘုရင်မ၏ မျက်ခုံးတည့်တည့်ကို ဦးတည်နေပြီး သူမ၏ ချီစွမ်းအင်အကာအကွယ် အားနည်းချက်ကို ထိုးစိုက်လာသည်။ သူမက ညာလက်နှင့် ဆုပ်ကိုင်သလို လုပ်ဆောင်လိုက်ရာ ယင်ချီစွမ်းအင်ကြိုးမျှင်လေးများက သူမ၏မျက်ခုံးပတ်ပတ်လည်တွင် လွှမ်းခြုံလာပြီး ဥခွံလေးတစ်ခုပမာ ကာကွယ်ပေးလိုက်သည်။
ဓားအလင်းတန်းကတော့ အနှစ်သာရများအတိုင်း တိုက်ခိုက်မှုတစ်ကြိမ် လုပ်လိုက်သည်နှင့် အရှိန်မြန်လာပြီး နောက်ပြန်ဆုတ်ရန် အခွင့်အရေးမရှိတော့ချေ။ ထို့ကြောင့် ဥခွံပေါ်မလာသေးခင် ဓားရှည်က သူမဆီကို ရောက်သွားခဲ့၏။
“ဖောက်…”
ယင်ချီစွမ်းအင်ဥခွံလေးက ပေါက်ကွဲသွားပြီး ဓား၏အရှိန်က ရပ်တန့်သွားသည်။
မကောင်းဆိုးဝါးဘုရင်မက ဓားထိပ်ဖျားကို ဘယ်လက်ညှိုးနှင့် လက်ခလယ်သုံး၍ ညှပ်လိုက်ရာ သူမဆီမှ စွမ်းအားများ ၊ ချီစွမ်းအင်များ ထွက်ပေါ်လာသည်။ သူမကို ချီစွမ်းအင်များနှင့် ကာကွယ်ထားသော်လည်း မုန့်ချီသုံးလိုက်သော ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်၏ အရှိန်အဝါက ဥခွံကြောင့် ပျက်စီးသွားခဲ့သည်။
သူမ လက်ချောင်းလေးများကတော့ ဥခွံကြောင့် အထိအခိုက်မရှိပေ။ သူမ၏ မျက်နှာကို ဖုံးလွှမ်းထားသော ဇာပဝါလေးကတော့ နှစ်ပိုင်းပြတ်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
ထိုနေရာတွင် အလွန်ချောမောလှပသော မျက်နှာလေးတစ်ခု ပေါ်လာခဲ့၏။ သူမ၏ မျက်နှာလေးက အလွန်နူးညံ့သိမ်မွေ့ပြီး အလှတရားများကို ဖုံးကွယ်၍ မရနိုင်ပေ။ သူမ၏ မျက်နှာပေါ်တွင် အသက်ကြီးသည်ဟု သတ်မှတ်နိုင်သော အမှတ်အသားကတော့ သူမ၏ မျက်လုံးများသာဖြစ်သည်။ သူမ၏ မျက်လုံးထဲတွင် ပင်ပန်းနွမ်းနယ်မှုများရှိနေသော်လည်း ရင့်ကျက်တည်ငြိမ်မှုများ ဖြည့်စွက်ထားခြင်းက သူမ၏ အလှတရားကို ပေါင်းထည့်ပေးနေသလိုမျိုး ဖြစ်နေသည်။
"တကယ့်ကို ထူးခြားတဲ့ ဓားပညာပဲ…"
မကောင်းဆိုးဝါးဘုရင်မက နောက်တစ်ကြိမ် ချီးကျူးလိုက်ပြန်သည်။
မုန့်ချီက အံကြိတ်လိုက်သည်။ သူက စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးပြီး သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကို သုံးရန် ပြင်လိုက်သည်။ သူ၏ ရည်ရွယ်ချက်ကတော့ သူမ၏ချီစွမ်းအင်ဖြန့်ဝေမှုကို စစ်ဆေးပြီး သူမကို နောက်ဆုတ်သွားအောင် တွန်းပို့လိုခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သူ ထွက်ပြေးရန် လမ်းပွင့်သွားနိုင်၏။
ထိုအချိန်တွင် ဓားထိပ်ဖျားကို လက်နှင့် ညှပ်ထားသော မကောင်းဆိုးဝါးဘုရင်မက စာရွက်လေးတစ်ရွက်ကဲ့သို့ လေထဲကို ပျံသန်းသွားခဲ့သည်။ သူမက လေလှိုင်းနှင့်အတူ သစ်ပင်ကြီးတစ်ပင်အောက်တွင် ဆင်းသက်လိုက်ပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။
သူမ၏ ပတ်ပတ်လည်တွင် သစ်ပင်ကြီးများ ၊ မြက်ပင်များ ရှိနေသော်လည်း သူမက ထိုနေရာတွင် အမှန်တကယ် မရှိသလို ထင်မှတ်ရသည်။ ထိုအချိန်ကျမှသာ မကောင်းဆိုးဝါးဘုရင်မက သူ့ကို တိုက်ခိုက်လိုက်သည်မှာ အစွမ်းကုန်တိုက်ခိုက်ခြင်း မဟုတ်သေးကြောင်း မုန့်ချီလည်း နားလည်သွားခဲ့သည်။
သူ့ဆီတွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အကာအကွယ်သာ မရှိလျှင် လက်ညှိုးတိုက်ခိုက်မှုက သူ့အပေါ် သက်ရောက်စေနိုင်သည်။
"မင်းက နန်းတော်ထဲကိုသွားပြီး မြေခွေးအိုကြီးရဲ့အခြေအနေကို စစ်ဆေးကြည့်ချင်နေတာ မဟုတ်လား…"
မကောင်းဆိုးဝါး ဘုရင်မက မေးလိုက်သည်။ သူမက နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ တည်ငြိမ်အေးချမ်းစွာ စိုက်ကြည့်နေခဲ့၏။
ထိုမေးခွန်းကို ကြားသည့်အခါ မုန့်ချီက ပို၍သေချာသွားခဲ့သည်။ သို့သော် သူကတော့ သတိမလွတ်ရဲသေးပေ။ လက်ရှိအချိန်တွင် သူတို့၏ ချီစွမ်းအင်များက ဆက်လက်လွှမ်းခြုံနေသေး၏။ အကယ်၍ မုန့်ချီကသာ တစ်စက္ကန့်လောက် သတိလွတ်သွားမည်ဆိုလျှင် မကောင်းဆိုးဝါးဘုရင်မက အခွင့်အရေးယူပြီး တိုက်ခိုက်နိုင်သည်။
မုန့်ချီက ဓားမောက်နှင့် ဓားရှည် နှစ်ချောင်းစလုံးကို တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားပြီး အေးစက်စွာ မေးလိုက်သည်။
"ခင်ဗျားက မဟာမိတ် လုပ်ချင်လို့လား…"
"သိုင်းပညာနဲ့ ပတ်သက်ရင် ငါ့ရဲ့လူထဲမှာ မင်းကို ယှဉ်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး"
သူမက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“လုဟွာရှန်ကို ဖမ်းဆီးနေတဲ့ ဖြစ်စဉ်တစ်ခုလုံးကို သူမြင်သွားတာလား … ။ ဒါမှမဟုတ် ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် တိုက်ဆိုင်နေရတာလဲ … ။ နတ်ဆိုးဘုရင်က သူနဲ့မဟာမိတ်မဟုတ်ဘူးလား …”
မုန့်ချီ၏ ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာခဲ့သော်လည်း မျက်နှာပေါ်တွင်တော့ မည်သည့် ခံစားချက်မျှ ပေါ်မလာခဲ့ပေ။ သူက ပြန်မေးလိုက်၏။
"ခင်ဗျားက ဘာလိုချင်တာလဲ..။ ကျုပ်က ဘာလို့ခင်ဗျားကို ယုံကြည်ရမှာလဲ …"
"တကယ်လို့ ငါသာ မင်းကို သတ်ချင်တယ်ဆိုရင် မင်းက မနက်ဖြန် နေထွက်တာကိုတောင် တွေ့ခွင့်ရမှာ မဟုတ်တော့ဘူး…"
မကောင်းဆိုးဝါးဘုရင်မက တည်ငြိမ်စွာ ပြောလိုက်သည်။
သူတို့အချင်းချင်း တိုက်ခိုက်ပြီးသွားသော်လည်း သူမ၏ ယုံကြည်ချက်က လှုပ်ရှားသွားခြင်း မရှိသေးပေ။ သို့သော် သူမက စိတ်ပိုင်းဆိုင်ရာ ကစားပွဲတစ်ခု လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင်သည်။
"မင်းက အဲဒီအဘိုးကြီးရဲ့ အခြေအနေကို ရှာဖွေချင်နေတယ်။ ငါလည်း အတူတူပဲ ။ ဒါဆိုရင် အနည်းဆုံးတော့ ငါတို့က ရည်မှန်းချက်တူတဲ့အတွက် နှစ်ယောက်စလုံး အကျိုးရှိနိုင်တယ်။ နောက်ပိုင်းကျရင်တော့ ငါတို့က မိတ်ဆွေဖြစ်မလား … ရန်သူဖြစ်မလားဆိုတာ နတ်ဘုရားတွေကပဲ သိလိမ့်မယ် ..”
“ငါတို့က အခုကနေ မနက်ဖြန်ညအတွင်း နန်းတော်ထဲကို ဝင်ပြီး အမှန်တရားကို ရှာဖွေလို့ရမယ်။ ငါက ဝမ်တီရန်ကို အာရုံလွှဲထားမယ်။ မင်းတို့အဖွဲ့ကတော့ အဘိုးကြီးရဲ့အခြေအနေကို သွားပြီး စစ်ဆေးကြည့်လိုက်ပေါ့…"
မုန့်ချီက ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။
"ကျုပ်က ခင်ဗျားကို သူ့ရဲ့အခြေအနေတွေ လိမ်ပြောမှာ မကြောက်ဘူးလား…"
"မင်းသာ ရှာတွေ့သွားပြီဆိုရင် သူ့ရဲ့အခြေအနေက ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ မင်းလည်း စိတ်ကြိုက်လှုပ်ရှားနိုင်တယ်။ မင်းမပြောရင်တောင် ငါက အမှန်တရားကို သိရမှာပဲလေ…"
သူမက ခံစားချက် ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။
"ကောင်းပြီလေ… ။ ဒါပေမယ့် ကျုပ်က တပ်မှူးလုကို အရင်ဆုံး မေးရဦးမယ်။ တကယ်လို့ သူတောင် ဘုရင်ကြီးရဲ့အခြေအနေကို မသိဘူးဆိုရင် ကျုပ်တို့က မနက်ဖြန်ည သွားမယ်…"
မုန့်ချီက ခေါင်းညိတ်လက်ခံပြီး ပြန်ဖြေလိုက်သည်။
သူ၏ ဓားမောက်နှင့် ဓားရှည်တိုက်ခိုက်မှုတွင် စွမ်းအားများစွာ သုံးခဲ့ရသည့်အတွက် သူလည်း အတော်လေး ပင်ပန်းနေခဲ့သည်။
မကောင်းဆိုးဝါးဘုရင်မက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်ပြီး နောက်ကို တစ်လှမ်းလှမ်းလိုက်ရာ အရိပ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူမ ထွက်သွားပြီး အချိန်ကြာသည့်ထိအောင် သူမ၏ တည်ရှိမှုကို ခံစားမိနေသေး၏။
မုန့်ချီက ပြန်လှည့်ကြည့်လိုက်ရာ ရွမ်ယုရှုက စောင်းကို ရုတ်သိမ်းလိုက်ကြောင်း မြင်လိုက်ရသည်။ သူမ၏ ဆံနွယ်များကလည်း အနည်းငယ် ရှုပ်ပွနေခဲ့၏။
"နင်က ချီစွမ်းအင်ကို သုံးပြီး သံစဉ်တီးနိုင်မယ်လို့ ငါမသိခဲ့ဘူး…"
သူမ၏ စောင်းသံက ဓားသွားများပမာ ထက်မြက်လွန်းလှသည်။ သူမ တိုက်ခိုက်ရာမှ ထွက်ပေါ်လာသော လေလှိုင်းက ဓားချီစွမ်းအင်များကိုပင် ယှဉ်ပြိုင်နိုင်၏။ ထို့ကြောင့် သူမက အဝေးမှနေ၍ ပြိုင်ဘက်ကို တိုက်ခိုက်နိုင်ကြောင်း ဆိုလိုနေသည်။ အထက်တန်းလွှာ မိသားစုတစ်ခုမှ သခင်မလေးတစ်ယောက်ဖြစ်သည့်အတွက် သူမကို လျှော့တွက်၍ မရနိုင်ပေ။
"ဒီစောင်းကို ငါ့အဖေက လက်ဆောင်ပေးထားတာ။ ဒါက ငါ့ကို အမြဲတမ်း အကျိုးပြုတယ်လေ… "
ရွမ်ယုရှုကတော့ သူမ၏ ပုံစံအတိုင်းပြန်ဖြေလိုက်သည်။
"နင်က တံခါးဘယ်နှစ်ပေါက်ပွင့်ပြီလဲ…"
သူက မနေနိုင်ဘဲ မေးလိုက်မိသည်။
"(၄) ပေါက်… "
သူမက ပြန်ဖြေလိုက်သည်။
“သူက ငါနဲ့ အသက်အတူတူပဲ။ ငါ့ထက်တောင် ပိုပြီးအသက်ငယ်ဦးမယ်။ သူက ကျန်းကျိဝေနဲ့ အဆင့်တူလောက်ပဲ။ ဒါပေမယ့် ကျန်းကျိဝေကတောင် ကောင်းကင်တံခါးဆေးလုံးရဲ့ အကူအညီကို ယူခဲ့ရတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် သူ့ရဲ့စွမ်းရည်အရ သူက လအနည်းငယ်အတွင်း နားတံခါးတွေ ဖွင့်နိုင်လိမ့်မယ်…”
ထိုအချိန်တွင် သူ၏ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်က နောက်တစ်ဆင့် တက်သွားကြောင်း မုန့်ချီက နားလည်နေသည်။ ယခု သူက ယင်ချီစွမ်းအင် ဖိအားများ၏ ကျေးဇူးကြောင့် အတော်လေးကို အဆင်ပြေသွားခဲ့သည်။ နောက်ဆုံးတွင်တော့ အဆင့်(၆)ကို ရောက်လာပြီဖြစ်၏။ ယခု သူကတော့ နှာခေါင်းတံခါးနှင့် တခြားသက်ဆိုင်သည့် သွေးကြောမှတ်များကို လေ့ကျင့်ရန် အာရုံစိုက်နိုင်တော့မည်ဖြစ်သည်။
ခြံဝန်းထဲသို့ ပြန်ရောက်လာပြီးနောက် မုန့်ချီက ဘုရင်၏ အခြေအနေကိုမေးရန် လုကွမ်ဆီကို ချက်ချင်းမသွားခဲ့ပေ။ သူက ချီစွမ်းအင်များကိုသာ လှည့်ပတ်ရန် ဆုံးဖြတ်လိုက်၏။
"ဘာလို့ နင်က ဓားအင်ပါယာကို သွားမရှာရတာလဲ…"
ရွမ်ယုရှုက ရုတ်တရက်မေးလိုက်၏။
မုန့်ချီက သူမကို ပြန်လှည့်ကြည့်လိုက်၏။
"နင်က ဒီမေးခွန်းကို မေးဖို့စောင့်နေတာ ကြာပြီမဟုတ်လား…"
ရွမ်ယုရှုက နှာခေါင်းကို ရှုံ့လိုက်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ မုန့်ချီက လျင်မြန်စွာ ရှင်းပြလိုက်၏။
"ဘာလို့လဲဆိုတော့ မင်းသား(၄)က ရန်သူလား မိတ်ဆွေလားဆိုတာ ငါမသိဘူးလေ။ ငါက ဓားအင်ပါယာကို သွားပြီး အကူအညီတောင်းလိုက်မယ်ဆိုရင် စွန့်စားရာကျလိမ့်မယ်။ အနည်းဆုံးတော့ မကောင်းဆိုးဝါး ဘုရင်မက ငါတို့နဲ့မဟာမိတ်လို့ သတ်မှတ်နိုင်တယ်…"
"မဟာမိတ်လား…"
သူမက ပြန်မေးလိုက်သည်။ သူမ၏ ခြေလှမ်းကလည်း ရပ်တန့်သွားခဲ့၏။
"လုဟွာရှန်ကို ဖမ်းမယ်ဆိုတဲ့ အကြံက ငါ ပြောလိုက်တာလေ။ ဒါပေမယ့် မကောင်းဆိုးဝါးဘုရင်မက သိနေပြီး ဖြစ်စဉ်တစ်ခုလုံးကိုလည်း မြင်နေတယ်။ ဒါက တိုက်ဆိုင်တယ်လို့ နင်ထင်နေတာလား…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
ရွမ်ယုရှုက မျက်မှောင်ကြုတ်လိုက်၏။
"လော်ရှန်းကျိကြောင့်လား…။ သူက ငါတို့ကို ရောင်းစားလိုက်တာလား…"
"မဟုတ်ဘူး။ တကယ်လို့ သူကသာ ငါတို့ကို ရောင်းစားလိုက်တာဆိုရင် ငါတို့က လုဟွာရှန်ကို ဖမ်းဆီးနေတာကို မကောင်းဆိုးဝါးဘုရင်မက စောင့်ကြည့်နေမှာ မဟုတ်ဘူး။ သူက လော်ရှန်းကျိ သတင်းပို့တဲ့အချိန်အထိ စောင့်နေရုံပဲလေ…"
မုန့်ချီက အနည်းငယ် ရှင်းပြလိုက်သည်။
"ငါတို့ရဲ့အစီအစဉ်ကို သိနေတဲ့ တခြားတစ်ယောက်ရှိသေးတယ်လေ…"
"မင်းသား(၃)လား…… "
ရွမ်ယုရှုက ချက်ချင်းနားလည်သွားခဲ့၏။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ်။မင်းသား (၃) ပဲ။ မကောင်းဆိုးဝါးဘုရင်မနဲ့ ပူးပေါင်းနေတာက သူပဲ။ မင်းသား(၇) မဟုတ်ဘူး။ တကယ်လို့ သူသာ မကောင်းဆိုးဝါးဘုရင်မနဲ့ ပူးပေါင်းနေတာ ပေါ်သွားမယ်ဆိုရင် နန်းတွင်းထဲမှာရှိတဲ့ မှူးမတ်တွေက ဆန့်ကျင်မယ်ဆိုတာ မင်းသား(၃)က သိနေတယ်။ ဒါကြောင့် သူက အခြေအနေကို ဖုံးကွယ်ဖို့အတွက် လော်ရှန်းကျိကို တိုက်ခိုက်ဖို့တောင် မကောင်းဆိုးဝါးဘုရင်မကို တောင်းဆိုခဲ့တာ ဖြစ်နိုင်တယ်။ တစ်ချိန်တည်းမှာပဲ အဲဒါက လော်ရှန်းကျိရဲ့ သံသယတွေကိုလည်း ဖယ်ရှားနိုင်တယ်လေ…”
“မကောင်းဆိုးဝါးဘုရင်မက သူ့ရဲ့အဖွဲ့ထဲမှာ ငါနဲ့အဆင့်တူ လူတစ်ယောက်မှ မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား…။ တကယ်လို့ သူသာ မင်းသား(၇)နဲ့ ပူးပေါင်းနေမယ်ဆိုရင် နတ်ဆိုးဘုရင်က သူ့ရဲ့လူယုံ ဖြစ်လိမ့်မယ်လေ။ သူက ငါ့ထက်တောင် ပိုပြီးတော့ အစွမ်းထက်သေးတယ်…”
“နတ်ဆိုးဘုရင်နဲ့ မကောင်းဆိုးဝါးဘုရင်မတို့က မတူညီတဲ့ လက်အောက်ခံတွေပဲ။ နတ်ဆိုးဘုရင်က မင်းသား(၇)ကို သစ္စာခံထားပေမယ့် မကောင်းဆိုးဝါးဘုရင်မနဲ့ ပူးပေါင်းနေတယ်လို့ ဆိုလိုတာမှ မဟုတ်တာ။ ပြီးတော့ နှစ်ပေါင်းများစွာ တိတ်တဆိတ် လှုပ်ရှားနေတဲ့ နတ်ဆိုးကျောင်းရဲ့ အကူအညီရှိနေမှပဲ မင်းသား(၇)က သတင်းတွေကို တိတိကျကျရနိုင်တယ်လေ…"
ရွမ်ယုရှုက အနည်းငယ် အံ့ဩသွားခဲ့သည်။
"ဒီလိုကျတော့လည်း မဆင်မခြင်ကိုယ်တော်က တော်တော်လေး စဉ်းစားတတ်တာပဲ.."
ထိုစကားကြောင့် ပြုံးနေသော မုန့်ချီ၏ မျက်နှာလေးက ချက်ချင်းပင် အေးစက်သွားခဲ့လေသည်။
Translated by Hein Htet