အခန်း (၁၈၂)
Vol. 13 Ch. 182
အတွေးထဲမှ သတိပြန်ဝင်လာပြီးနောက် မုန့်ချီက ချက်ချင်းပင် ရည်ရွယ်ချက်ရှိရှိ ခေါင်းစဉ်ပြောင်းလိုက်သည်။ သူက ကောင်းကင်ပေါ်ကို မော့ကြည့်ပြီး သက်ပြင်းချလိုက်မိ၏။
"ဆောင်းဦးရာသီမိုးတွေက မရပ်မနားဆက်ပြီး ရွာနေတုန်းပဲ ။ ဒါပေမဲ့ မိုးကြိုးတွေ လျှပ်စီးတွေကိုမြင်ရတာ တဖြည်းဖြည်းနည်းလာနေပြီ…"
သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
လွန်ခဲ့သော ရက်များအတွင်း မုန်တိုင်းထန်သော ရာသီဥတု အခြေအနေ ရှိနေသော်လည်း မိုးရွာသွန်းမှု နည်းပါးနေသည့်အတွက် ရံဖန်ရံခါမှသာ မိုးခြိမ်းသံများကို ကြားရတော့သည်။
အကယ်၍ မနက်ဖြန်ညတွင် မိုးကြိုးမုန်တိုင်းတစ်ခုသာ ကျရောက်နေမည်ဆိုလျှင် မကောင်းဆိုးဝါးဘုရင်မက သူ့ကို ထောင်ချောက်ဆင်ခြင်း သို့မဟုတ် အကောက်ကြံမည်ဆိုလျှင်ပင် စိုးရိမ်စရာ မလိုအပ်ချေ။ သို့သော် ထိုအရာများအားလုံးက အခွင့်အရေးပေါ် မူတည်နေသည်။
ရွမ်ယုရှုက သူမ၏စောင်းကိုပိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"မနက်ဖြန် မိုးကြိုးတွေ ထွက်လာပါလိမ့်မယ်... "
"နင်က ကံကြမ္မာတွက်ချက်ခြင်းစွမ်းရည်ကိုလည်း ကျွမ်းကျင်နေတာလား... "
မုန့်ချီက သူမကို မျှော်လင့်တကြီး မေးလိုက်မိသည်။
သူမက ခေါင်းခါပြလိုက်၏။
"အခုထိတော့ မတတ်သေးပါဘူး... "
"ဒါဆိုရင် မနက်ဖြန်ကျရင် ဘာလို့ မုန်တိုင်းထန်မယ်လို့ ပြောနိုင်ရတာလဲ... "
သူက ရှုပ်ထွေးစွာ မေးလိုက်မိသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်ဟူသော အရာမျိုးက နေ့စဉ်နေ့တိုင်း ပြော၍ရနိုင်သည်။ သို့သော် ရွမ်ယုရှုက အပိုစကားများ ပြောလိမ့်မည်ဟု သူတော့ မထင်ခဲ့ပေ။ သူမက သူ့ကို နှစ်သိမ့်ရန် ကြိုးစားနေခြင်းပေလော။ သူမကို ကြည့်ရသည်မှာလည်း ထိုကဲ့သို့ ဟုတ်ပုံမရချေ။
ရွမ်ယုရှုက အပြုံးနှင့် ဖြည်းညင်းစွာ ပြောလိုက်သည်။
"မကောင်းဆိုးဝါးဘုရင်မနဲ့ လက်ယာအမတ်ကြီးတို့ရဲ့အဆင့်က ဝေ့ကျင်းအဆင့်ကို ရောက်ခါနီးနေပြီ ။ သူတို့ရဲ့ခန္ဓာကိုယ်ကလည်း ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်လုနီးနေပြီ ။ အဲဒီလိုအဆင့်မျိုးမှာ ကမ္ဘာမြေကြီးအပေါ် သက်ရောက်မှုတွေ ရှိလာစေလိမ့်မယ်... ။ တကယ်လို့ သူတို့ကသာ သူတို့ရဲ့အစွမ်းကို ပြည့်ပြည့်ဝဝ အသုံးချလိမ့်မယ်ဆိုရင် လူသားနဲ့ ကမ္ဘာမြေကြီးကြားထဲမှာ ပြောင်းလဲမှုတွေ ရှိလာမှာပဲ။ ထူးခြားတဲ့သဘာဝဖြစ်စဉ်တွေလည်း ပေါ်လာလိမ့်မယ်..။ အဲဒီလှုပ်ရှားမှုတွေက ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်လောက် အစွမ်းမထက်ပေမယ့် လွှမ်းမိုးမှုကတော့ အရမ်းကို အစွမ်းထက်နေသေးတယ်...။ ရလဒ်အနေနဲ့ ပုံမှန်ဖြစ်ရိုးဖြစ်စဉ် အခြေအနေတွေက အနက်ရောင်တိမ်တိုက်တွေ ၊ မိုးကြိုးတွေ၊ လျှပ်စီးတွေနဲ့ မိုးကြီးမှုတွေပဲ…"
မုန့်ချီက သူမနှင့် သိနေရသည်မှာ အနည်းငယ် ကြာနေပြီဖြစ်သော်လည်း သူမက ယခုတစ်ကြိမ်သာ စကားများများပြောနေခြင်း ဖြစ်သည်။
"နင်က ဘယ်လိုလုပ်ပြီး သိတာလဲ... ။ သေချာရဲ့လား... "
သူက ထိတ်လန့်တကြား မေးလိုက်မိသည်။
ဝေ့ကျင်းအဆင့်၊ ဝေ့ကျင်းတစ်ဝက်အဆင့်နှင့် ပတ်သက်ပြီး သူသိထားသော အချက်အလက်များအရ မကောင်းဆိုးဝါးဘုရင်မနှင့် လက်ယာအမတ်ကြီးတို့၏ တိုက်ပွဲက သေချာပေါက် လှုပ်ရှားမှုများ ဖြစ်ပေါ်လာနိုင်သည်။ ထိုအချိန်ကျလျှင် နန်းတော်တစ်ခုလုံး မိုးကြိုးများ ထွက်ပေါ်လာနိုင်၏။ သူက ထိုအရာများကို ဂရုတစိုက်စစ်ဆေးရန် လိုအပ်သည်။
သူမက ဖြည်းညင်းစွာ ပြောလိုက်၏။
"သိုင်းလောကအကျဉ်းချုပ် ထဲကနေ သိခဲ့ရတာ... "
"အဲဒါက ဘာလဲ... "
သူ့စိတ်ထဲတွင် ရှုပ်ထွေးသွားခဲ့သည်။
"အဲဒါက သိုင်းလောက အဖြစ်အပျက်တွေကို နန်းတော်ထဲမှာ မှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်မှတ်တမ်းတစ်ခုပဲ ။ လူသားတွေနဲ့ ကမ္ဘာမြေကြီးရဲ့သက်ရောက်မှုတွေကြောင့် မုန်တိုင်းတွေ ထွက်ပေါ်လာနိုင်တယ်လို့ သေချာမှတ်တမ်းတင်ထားတယ်... "
သူမက ချက်ကျလက်ကျ ပြန်ပြောနေခဲ့သည်။
"နင်က ဘယ်အချိန်တုန်းကများ သိုင်းလောကအကျဉ်းချုပ်ကို ဖတ်ထားခဲ့တာလဲ... "
မုန့်ချီက အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူက ထိုကဲ့သို့သော အရာမျိုးကို သတိမထားမိခဲ့ခြင်းပေလော။
သူမက သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။
"နင်က မင်းသားတွေဆီ သွားနေတဲ့အချိန် ငါက တပ်မှူးလုဆီကနေ ငှားဖတ်ခဲ့တာ... "
နန်းတွင်းနှင့် သိုင်းလောက ရှုပ်ထွေးနေသည့် ကမ္ဘာကြီးတစ်ခုတွင် နန်းတွင်းထဲ၌ သိုင်းလောက၏ မှတ်တမ်းများမရှိလျှင်သာ ထူးဆန်းနေပါလိမ့်မည်။ မုန့်ချီ၏မျက်နှာက နီရဲသွားခဲ့ပြီး အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရ၏။
"နင်က ပျင်းလို့မလိုက်တာ မဟုတ်ဘူးလား... "
"နင်က ဘယ်လိုထင်လို့လဲ... "
ရွမ်ယုရှုက ခေါင်းမော့ပြီး ပြောလိုက်သည်။
သူကတော့ အိုးတိုးအမ်းတမ်း ရယ်လိုက်မိသည်။
"ငါ့ကို အဲဒီစာအုပ်ပြလို့ရမလား..."
သူမက ခေါင်းညိတ်ပြီး သူမ၏အခန်းဆီသို့ ထွက်သွားခဲ့သည်။ အလွန်လှပသော ရွမ်ယုရှု တံခါးဝတွင် ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး သူက ပြုံးလိုက်မိ၏။
"တကယ်လို့ လူသားနဲ့ ကမ္ဘာမြေကြီးကြားထဲမှာ ဆက်သွယ်မှုတွေ ရှိလာရင်တော့ တော်တော်လေးကောင်းတယ်..။ ဒါဆိုရင်တော့ ဘယ်သူပဲ ငါ့ကို ထောင်ချောက်ဆင်ဆင် ဘယ်သူပဲ တိုက်ခိုက် တိုက်ခိုက် ငါ့ကိုယ်ငါတောင် ပြန်ကြောက်ရတဲ့ အစွမ်းမျိုး ရှိလာပြီလို့ ပြောနိုင်မှာ သေချာတယ်..."
သူတို့၏တိုက်ပွဲက သဘာဝတရားကြီးကို လှုပ်ရှားစေနိုင်မည်ဆိုလျှင်ပင် သူ၏ကောင်းကင်မိုးကြိုးက မကောင်းဆိုးဝါးဘုရင်မကို သတ်ရန် မဖြစ်နိုင်သေးပေ။ အနည်းဆုံးတော့ သူတို့က တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
ခဏကြာပြီးနောက် ရွမ်ယုရှုက လက်ထဲတွင် စာအုပ်ထူတစ်အုပ်ကို ကိုင်ပြီး ပြန်ရောက်လာခဲ့သည်။ ထို့နောက် သူ့ဆီသို့ ကမ်းပေးလိုက်၏။ သူကတော့ အပြုံးကို ရုတ်သိမ်းလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထို့နောက် စာအုပ်ကို သတိထား၍ ဖတ်ကြည့်လိုက်၏။
ထင်ထားသည့်အတိုင်း တိုက်ပွဲမှတ်တမ်းများစွာကို တွေ့လိုက်ရသည်။ နတ်ဆိုးသခင်နှင့် ဘုန်းတော်ကြီးလုံရှန့်၏တိုက်ပွဲ ၊ လမ်းမကြီးပေါ်တွင် တိုက်ခိုက်ခဲ့သော နတ်ဆိုးသခင်နှင့် တျန်းဟယ် ယုတောင်တို့၏တိုက်ပွဲ ၊ ဟွမ်လင်တွင် တိုက်ခိုက်ခဲ့သော မကောင်းဆိုးဝါးဘုရင်မနှင့် တော်ဝင်အကြံပေးတို့၏တိုက်ပွဲ ၊ ပိုင်မြစ်အလယ်တွင် တိုက်ခိုက်ခဲ့သော ဓားအင်ပါယာနှင့် လက်ယာအမတ်ကြီးတို့၏တိုက်ပွဲ ၊ လွန်တောင်ထိပ်ပေါ်တွင် တိုက်ခိုက်ခဲ့သော လက်ယာအမတ်ကြီးနှင့် သက်ရှိဗုဒ္ဓတို့၏တိုက်ပွဲ ၊ နှင်းတောင်ပေါ်တွင် တိုက်ခိုက်ခဲ့သော ဓားအင်ပါယာနှင့် သက်ရှိဗုဒ္ဓတို့၏တိုက်ပွဲ စသည့် မှတ်တမ်းများ ဖြစ်သည်။
ထိုတိုက်ပွဲများအားလုံးတွင် လူသားများနှင့် ကမ္ဘာမြေကြီး၏ ဆက်သွယ်မှုများ ပေါ်လာခဲ့သည်။ တိုက်ပွဲ (၇ဝ)ရာခိုင်နှုန်း (၈၀) ရာခိုင်နှုန်းခန့်က မိုးကြိုး ၊ လျှပ်စီးနှင့် မိုးသည်းထန်မှုများ ဖြစ်လာစေနိုင်၏။ (၂၀) ရာခိုင်နှုန်း ၊ (၃၀) ရာခိုင်နှုန်းခန့်ကတော့ နေရောင်ကို တားဆီးနိုင်သော အနက်ရောင်တိမ်တိုက်ကြီးများ ထွက်ပေါ်လာစေနိုင်ပြီး ကောင်းကင်ပေါ်တွင် သက်တန့်များ ၊ နှင်းတောင်ကြီးကို လွှမ်းမိုးထားသော မြူခိုးများ ထွက်ပေါ်လာစေသည်။
မုန့်ချီက ထိုစာအုပ်ကို ပို၍ဖတ်မိလေလေ ပို၍လေးနက်လာလေလေ ဖြစ်၏။ ပြောရမည်ဆိုလျှင် မကောင်းဆိုးဝါးဘုရင်မက သူ့ကို တိုက်ခိုက်ရန် အစွမ်းကုန် အသုံးချခဲ့ခြင်း မဟုတ်ချေ။ ထို့ကြောင့်လည်း သူမသာ သူ့အသက်ကို လိုချင်သည်ဆိုလျှင် သူက လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း ပြောခဲ့ခြင်းဖြစ်၏။ သို့သော် အကယ်၍ သူမက အစွမ်းကုန် တိုက်ခိုက်မည်ဆိုလျှင်ပင် သူ့ဆီ၌ ဝှက်ဖဲများတော့ ရှိနေသေးသည်။
သို့သော် သိုင်းသခင်များ၏ တိုက်ပွဲတွင် တုံ့ပြန်မှု အနည်းငယ်လေးကပင် ပြောင်းလဲမှုများ ဖြစ်လာစေနိုင်သည်။ ထိုသို့ဆိုလျှင် သူတို့က ပို၍အဆင့်မြင့်သော နေရာသို့ တက်လှမ်းရန် အချင်းချင်း တွန်းအားပေးနိုင်ပြီး သူတို့၏ ချီစွမ်းအင်များကို လှုံ့ဆော်နိုင်ကြသည်။
အကယ်၍ မကောင်းဆိုးဝါးဘုရင်မက သူနှင့် တိုက်ခိုက်မည်ဆိုလျှင်ပင် သူမက အောင်မြင်နိုင်လိမ့်မည် မဟုတ်ချေ။ သိုင်းသခင်များ၏ တိုက်ပွဲထဲတွင်သာ ထိုကဲ့သို့ တုံ့ပြန်မှုမျိုး ရလာနိုင်၏။ အနည်းဆုံးတော့ ထိုမှတ်တမ်းများထဲတွင်လည်း အကြံပေးချက်များ ရှိသည်။
နတ်ဆိုးသခင်နှင့် ဘုန်းတော်ကြီးလုံရှန့်တို့၏ တိုက်ပွဲကလွဲလျှင် တခြားတိုက်ပွဲများက အသေအပျောက် မရှိခဲ့ချေ။ တိုက်ပွဲအများစုတွင်တော့ ရှုံးနိမ့်သွားသူက ထွက်ပြေးလွတ်မြောက်သွားခဲ့၏။ သူတို့က အခွင့်အရေးကို အရယူပြီး အရေးကြီးသည့် အဆင့်ကို တက်လှမ်းခြင်းဖြစ်မည်ဟု မုန့်ချီက သံသယဝင်ခဲ့သည်။ မဟုတ်လျှင် သူတို့၏စိတ်ဝိညာဉ် ၊ ခန္ဓာကိုယ်နှင့် အသက်က တဖြည်းဖြည်း ကုန်ဆုံးပြီး ပျောက်ကွယ်သွားရမည် ဖြစ်၏။
"မကောင်းဆိုးဝါးမင်းသားက ငါတို့တိုက်ခိုက်ခဲ့ရတာထက် ပိုပြီးအစွမ်းထက်မယ် ထင်တယ်... ။ သူက မကောင်းဆိုးဝါးဘုရင်မနဲ့ တိုက်ခိုက်မှုကနေ အကြိမ်ပေါင်းများစွာ အသက်ရှင်လွတ်မြောက်ခဲ့တာပဲ…"
ပိုင်မြစ်အလယ်တွင် တိုက်ခိုက်ခဲ့ရသော တိုက်ပွဲတွင် မကောင်းဆိုးဝါးမင်းသားက အနည်းငယ် အရေးနိမ့်ပြီး နောက်ဆုတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုမျှထူးခြားသော ဓားပညာမျိုးကို မတွေ့ဖူးခြင်းကြောင့် ဖြစ်၏။ အကယ်၍ မကောင်းဆိုးဝါးမင်းသားကသာ အစွမ်းကုန်ကြိုးစားပြီး တိုက်ခိုက်လိုက်မည်ဆိုလျှင် မုန့်ချီက သူ့ကို ဒဏ်ရာရအောင် တိုက်ခိုက်ရန် စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးရပါလိမ့်မည်။
"ဟူး... ကြည့်ရတာ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က တော်တော်လေးထူးခြားတာပဲ ။ ဒါကြောင့်လည်း သူက အကြိမ်ပေါင်းများစွာ လွတ်မြောက်လာတာ ဖြစ်လိမ့်မယ်... "
မုန့်ချီက စာအုပ်ကို ပိတ်လိုက်ပြီး တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
မြို့တော်ထဲမှ နတ်ဘုရားသတ်ဓားနှင့် မကောင်းဆိုးဝါးမင်းသားတို့၏တိုက်ပွဲ ၊ နတ်ဘုရားသတ်ဓားနှင့် ဓားအင်ပါယာတို့၏ တွေ့ဆုံမှု ၊ နတ်ဘုရားသတ်ဓားနှင့် မကောင်းဆိုးဝါးဘုရင်မတို့၏ မှတ်တမ်းများက မည်သည့်အချိန်တွင် စာရင်းထဲ ပေါ်လာနိုင်ကြောင်း စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် အပျက်အစီးထဲမှ မိုးကြိုးဓားဒေါသကိုယ်တော်နှင့် လောနတ်ဘုရားမတို့၏တိုက်ပွဲ ၊ မြစ်အလယ်မှ မဆင်မခြင်ကိုယ်တော်နှင့် ဓားသမားတို့၏တိုက်ပွဲစသည့် မှတ်တမ်းများကလည်း လူငယ်မှတ်တမ်းတွင် ပေါ်လာနိုင်ကြောင်း စဉ်းစားနေမိခဲ့၏။
"နေဦး..။ ဘာလို့ ငါက မိုးကြိုးဓားဒေါသကိုယ်တော်နှင့် မဆင်မခြင်ကိုယ်တော်ရဲ့ အကြောင်းကို စဉ်းစားနေမိတာလဲ... "
မုန့်ချီက ခေါင်းကို လက်နှင့် ပုတ်လိုက်ပြီး သူ၏အတွေးများကို ချက်ချင်း ပြောင်းလဲလိုက်သည်။
ရုတ်တရက်ဆိုသလို သူ့ခေါင်းထဲ၌ အတွေးတစ်ခု ပေါ်လာပြီး ရွမ်ယုရှုကို ဇဝေဇဝါ မေးလိုက်၏။
"အနက်ရောင်တိမ်တိုက်တွေ ၊မိုးကြိုးတွေ ၊လျှပ်စီးတွေနဲ့ မိုးသည်းထန်မှုတွေ ပေါ်လာမယ်ဆိုတာကို နင်က ဘာလို့အလေးထားပြီး လေ့လာနေရတာလဲ... "
ရွမ်ယုရှုက နောက်ကျောတွင် စောင်းကို သယ်ဆောင်ထားပြီး လက်နောက်ပစ်၍ သူမ၏အခန်းဆီကို ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ ထို့နောက် လျှို့ဝှက်အသံပို့ဆောင်မှုနှင့် အေးစက်စွာ ပြောလိုက်၏။
"မိုးကြိုးမုန်တိုင်းတွေ ၊ မိုးတွေ ရှိနေတဲ့အချိန်မှာပဲ နင်က ကောင်းကင်မိုးကြိုးကိုသုံးပြီး ယွမ်မုန်ကျိကို သတ်ပစ်ခဲ့တယ်လေ... ။ ဒီတော့ နင်က မိုးကြိုးမုန်တိုင်းရာသီဥတုကို လိုချင်နေမယ်ဆိုတာ ငါယုံတယ်... "
မုန့်ချီက မျက်နှာပျက်သွားခဲ့၏။ လူငယ်မှတ်တမ်းက အမှန်တကယ်ကို ကောင်းမွန်သော အရာတစ်ခု မဟုတ်ချေ။ ယပ်တောင် (၆)လက်ကျောင်းဆီတွင် ဆိုးရွားသော ရည်ရွယ်ချက်များ ရှိနေသည်။
"နေဦး... "
သူက စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏။
ရွမ်ယုရှုက ပြန်လှည့်လာခဲ့ပြီး မျက်ခုံးပင့်၍ ကြည့်လိုက်သည်။ ထို့နောက် သူ့ဆက်ပြောမည့်စကားကို စောင့်နေခဲ့၏။
"ဒီနေ့ည မြို့တော်ထဲကိုသွားပြီး သတင်းစုံစမ်းကြမယ်... ။ မဟုတ်ရင် ငါတို့က မနက်ဖြန် မဆင်မခြင် လုပ်မိလိမ့်မယ်... "
အကယ်၍ အချိန်ရမည်ဆိုလျှင်တော့ မုန့်ချီက ဖြစ်နိုင်ချေများ အားလုံးကို သေချာပြင်ဆင်ချင်ခဲ့သည်။
သူမကလည်း ခေါင်းညိတ်ပြီး သဘောတူလိုက်၏။ သူတို့က နောက်တစ်ကြိမ် နန်းတွင်းတည်းခိုဆောင်ထဲမှ ခိုးထွက်လာပြီး မြို့တော်ထဲသို့ ထွက်လာခဲ့ကြသည်။ သူတို့က လမ်းတလျှောက်တွင် မှောင်ရိပ်ခိုပြီး လျှောက်လာကြရာ သိပ်မကြာခင် နန်းတော်၏အပြင်ဘက်ကို ရောက်လာကြ၏။
သူတို့နှစ်ယောက်က လမ်းပေါ်တွင် ရှိနေသော သစ်ပင်ကြီးများအောက်တွင် ပုန်းအောင်းနေကြသည်။ နန်းတော်ကြီးကို ကြည့်ပြီး မုန့်ချီက မျက်မှောင်ကြုတ်နေမိ၏။ နန်းတော်ကို လေးထောင့်ဆန်ဆန် အဖြူရောင် ကျောက်တုံးများနှင့် ကာရံထားခြင်း ဖြစ်သည်။ ပတ်ပတ်လည်တွင် မည်သည့်သစ်ပင်မျ ှမရှိသလို သူတို့ပုန်းအောင်းနေရန် နေရာလည်း မရှိချေ။
ထို့ပြင် မြို့နံရံပေါ်ရှိ အလင်းရောင်များက နေ့အချိန်အလား လင်းထိန်နေသည်။ လူတစ်ယောက်ကို မပြောနှင့်။ ခြင်တစ်ကောင် ၊ ငှက်တစ်ကောင်ဆိုလျှင်ပင် အစောင့်များက စစ်ဆေးနိုင်ကြ၏။ နန်းတွင်းထဲကိုခိုးဝင်ရန် ခက်ခဲမည်ဖြစ်သည်။
မုန့်ချီနှင့် ရွမ်ယုရှုတို့က နန်းတော်ကို တစ်ပတ်ပြည့်အောင် ပတ်ကြည့်လိုက်ရာ မြို့နံရံပေါ်၌ ခြေလှမ်း (၃) လှမ်းတိုင်းတွင် အစောင့်တစ်ယောက် နေရာချထားသည်ကို တွေ့လိုက်ရသည်။ သူတို့ဆီတွင် အလွန်ထက်မြက်သော မျက်လုံးများရှိကြ၏။
နံရံ၏ ပတ်ပတ်လည်တွင် ပုန်းစရာနေရာတစ်ခုမျှ ရှာမတွေ့ခဲ့ပေ။ ထို့ပြင် မြို့နံရံက (၁၀) မီတာကျော် မြင့်မားသည့်အတွက် ခုန်ကျော်ရန်လည်း လုံးဝမဖြစ်နိုင်ပေ။ နန်းတော်က သိုင်းလောကရှိ ထိပ်တန်းပညာရှင်များကို ကိုင်တွယ်ရန် သေချာပြင်ဆင်ထားပုံရသည်။
ထိုအခြေအနေကြောင့် မုန့်ချီက မသက်မသာ ခံစားလိုက်ရသော်လည်း သင့်တော်မှုရှိကြောင်း တွေ့လိုက်ရသည်။ အကယ်၍ နန်းတွင်းက သိုင်းလောကသားများကို သတိမထားလျှင်သာ ထူးဆန်းနေပါလိမ့်မည်။ ထိုနန်းတော်က မည်သို့ရှင်သန်နေကြောင်း သူက စဉ်းစားနေခဲ့၏။
မကောင်းဆိုးဝါးဘုရင်မ ၊ ယုရီဘုန်းတော်ကြီး ၊ နတ်ဆိုးဘုရင်နှင့် တခြားပညာရှင်များ တည်ရှိနေသော ကမ္ဘာကြီးထဲတွင် ထိုလူများက သူတို့ကို စိတ်ကြိုက်လုပ်ဆောင်နိုင်စွမ်း ရှိနေသည်။
"တကယ်လို့ ငါတို့က အစောင့် အားနည်းတဲ့နေရာကနေ ပြောင်းလဲမှုကျင့်စဉ်ကိုသုံးပြီး ဝင်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတယ်... ။ ဒါပေမယ့် (၁၀) မီတာကျော်မြင့်တဲ့နံရံကို ငါက ဘယ်လိုကျော်ရမလဲ... "
မုန့်ချီက စိတ်ထဲတွင် တွေးနေခဲ့သည်။
အကယ်၍ သူကသာ ပြောင်းလဲမှုကျင့်စဉ်နှင့် လူသားများကို ပစ်မှတ်ထားလိမ့်မည်ဆိုလျှင် သူတို့၏ အာရုံခံနိုင်စွမ်းကို ရှုပ်ထွေးသွားစေနိုင်သည်။ အကယ်၍ အားနည်းသော အစောင့်များက လှမ်းကြည့်လိုက်မည်ဆိုလျှင် သူတို့ကို အဝေးတွင် ရှိနေသယောင် အလွယ်တကူ လှည့်စားနိုင်သည်။ သူတို့က မုန့်ချီ ရှိနေသောနေရာကို လျစ်လျူရှုသွားနိုင်၏။
သူတို့က အစွမ်းထက်သော်လည်း အာရုံစိုက်နေခြင်း မရှိလျှင် မုန့်ချီ၏ လှည့်ကွက်ထဲသို့ ကျရောက်သွားရပါလိမ့်မည်။ မုန့်ချီက ဒုတိယနည်းလမ်းကို သုံးချင်နေသော်လည်း အစောင့်များ၏ အစွမ်းကို တွက်ချက်ရန် ခက်ခဲနေခဲ့သည်။ ထို့ကြောင့် သူက နေရာမှန်ကို ရှာတွေ့ရန် ကံတရားကိုသာ အားကိုးရပါလိမ့်မည်။
မြို့နံရံကြီးက ထိုးဖောက်၍ မလွယ်လှသည့်အတွက်မုန့်ချီက သက်ပြင်းချလိုက်မိ၏။ နောက်ဆုံးတော့ သူလည်း ရွမ်ယုရှုနှင့်အတူ နန်းတွင်းတည်းခိုဆောင်သို့ပြန်လာပြီး ထိုပြဿနာကို မကောင်းဆိုးဝါးဘုရင်မဆီသို့ တာဝန်ပေးရန်သာ ဆုံးဖြတ်လိုက်၏။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်အဆင့် (၆) ကို ကြိုးစားလေ့ကျင့်နေပြီး ကောင်းကင်မိုးကြိုး (၅) ချက်၏ ပထမသိုင်းကွက်နှင့် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉) သွယ်၏ ပြောင်းလဲမှုများကို စဉ်းစားနေခဲ့သည်။ ထို့ပြင် သူက ကောင်းကင်ဓားကျင့်စဉ်၏ အနှစ်သာရ ဓားသိုင်းပညာ (၉) ကွက်ထဲမှ တစ်ခုခုကို ဉာဏ်အလင်းပွင့်မှု ရနိုင်မလား စဉ်းစားနေခဲ့သည်။
မနက်စောစောတွင် မုန့်ချီက လုကွမ်ဆီသို့ သွားလည်ပြီး မထင်မှတ်စွာ မေးလိုက်၏။
"တပ်မှူးလု …
ဘုရင်ကြီးက ဘယ်လိုနေသေးလဲ...။ တပ်မှူးက သူ့ကို တွေ့ခဲ့ရလား... "
"ငါ သူ့ကို အဝေးကနေ မြင်ခဲ့တယ်... ။ သူက သတိလစ်နေတုန်းပဲ…"
လုကွမ်က သက်ပြင်းချလိုက်မိပြီး အတော်လေး စိတ်ညစ်နေပုံရသည်။ သူက မထင်မရှားဘဝမှနေ၍ ရှင်ဘုရင် မြှောက်စားထားခဲ့သော လူတစ်ယောက် ဖြစ်သည်။ အရှေ့မြောက်ပိုင်း နယ်မြေကြီးက ဆက်တိုက် ရှုံးနိမ့်နေသည့်အချိန်တွင် သူက သံတောင်တန်းတပ်ဖွဲ့ကို တစ်ဆင့်ချင်းဆီ တည်ထောင်ပြီး တိုင်းပြည်၏ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်သိမ်းယူပေးခဲ့သည်။ ရန်သူများကိုလည်း မောင်းထုတ်ပေးခဲ့၏။
သူက ရှင်ဘုရင်၏ သစ္စာအရှိဆုံး ဘက်တော်သားတစ်ယောက်ဖြစ်ပြီး တိုင်းပြည်အပေါ် ပေးဆပ်မှုကြောင့် လက်အောက်ငယ်သားများကလည်း သဘောကျကြသည်။ သို့သော် အဆုံးတွင်တော့ သူ၏စွမ်းရည်ကို မနာလိုသူများ ရှိလာခဲ့သည်။ မှူးမတ်များ၏ ချောက်တွန်းမှုကြောင့် သူ့ကို ရှင်ဘုရင်က သံသယဝင်လာပြီး အနောက်ဖျားသို့ ပို့ဆောင်လိုက်ခြင်း ဖြစ်၏။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး စကားထပ်၍ မပြောတော့ပေ။ သူက ဆင်ခြေပေးလိုက်ပြီး ရွမ်ယုရှုနှင့်အတူ လော်ရှန်းကျိ ရှာဖွေရန် ထွက်လာခဲ့သည်။ ထိုအရာက အလွန်အန္တရာယ်များသော တာဝန်တစ်ခု ဖြစ်သည်။ ထို့ကြောင့် အကူအညီများလေလေ ရှင်သန်ရန် အခွင့်အရေးများလေလေ ဖြစ်သည်။
လော်ရှန်းကျိကတော့ မင်းသား (၃) ကြောင့် သူတို့၏ ပင်မအစီအစဉ်တွင် ဖယ်ရှားခံထားရသည်။ မုန့်ချီ၏ ရှင်းပြမှုကို နားထောင်ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။
"မင်းသား (၃) က တကယ်ကို ခေါင်းမာတာပဲ ။ ကျန်းတင် …ငါတို့က ဘယ်အချိန် လှုပ်ရှားကြမှာလဲ... "
"ကျွန်တော်တို့က မကောင်းဆိုးဝါးဘုရင်မကို စောင့်ရမယ်... "
မုန့်ချီက ပြန်ဖြေလိုက်သည်။
နေမင်းကြီးက ခေါင်းပေါ်တည့်တည့်သို့ ရောက်လာသည့်အချိန်တွင် မကောင်းဆိုးဝါးဘုရင်မက သူတို့ (၃) ယောက်၏ရှေ့တွင် ပေါ်လာခဲ့သည်။
"ငါ့နောက်က လိုက်ခဲ့ကြ... "
မကောင်းဆိုးဝါးဘုရင်မက သူမ၏မျက်နှာပေါ်တွင် နောက်ထပ်ဇာပဝါတစ်ခုကို ဖုံးလွှမ်းထားခဲ့လေသည်။
Translated by Hein Htet