← Chapters

အခန်း (၁၈၃)

Vol. 13 Ch. 183

အခန်း (၁၈၃)

Vol. 13 Ch. 183

မကောင်းဆိုးဝါးဘုရင်မက သူတို့ကို အခန်းတစ်ခုထဲသို့ ဝင်ခိုင်းလိုက်သည်။ ထိုအခန်းက လမ်းပေါ်သို့ လှမ်းကြည့်၍ ရနိုင်သော အိမ်တစ်အိမ်ထဲတွင် ဖြစ်၏။

"သခင်မ… "

အိမ်ထဲသို့ ဝင်လာသည့်အချိန်တွင် လူတစ်ယောက်က အလျင်စလို ထွက်လာခဲ့၏။ သူ့ပုံစံက မကောင်းဆိုးဝါးဘုရင်မအပေါ် အလွန်ရိုကျိုး‌နေပုံရသည်။

ထိုလူကို မြင်လိုက်ရသည့် အချိန်တွင် မုန့်ချီက မကောင်းဆိုးဝါးဘုရင်မ၏ အစီအစဉ်ကို ချက်ချင်းနားလည်သွားခဲ့၏။ သူက သက်လတ်ပိုင်းအရွယ် မိန်းမစိုးတစ်ယောက်ဖြစ်ပြီး သူဝတ်ဆင်ထားသော ပုံစံအရ အဆင့်မြင့်ပုံရသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း သူက နတ်ဆိုးကျောင်း၏ လျှို့ဝှက်ကျားစေ့လေးတစ်ခု ဖြစ်ပုံရသည်။ နောက်ဆုံးတွင်တော့ ယနေ့ သူ့ကို အသုံးချရတော့မည်ဖြစ်၏။

နန်းတွင်းက ထိုးဖောက်၍မရနိုင်သော ခံတပ်ကြီးတစ်ခုဖြစ်သည်။ သို့သော် အခြေအနေကို နားလည်နေသော လူတစ်ယောက်ကို မည်သို့တားဆီးနိုင်မည်နည်း။ မုန့်ချီက စိတ်ထဲတွင် ထိုကဲ့သို့ အတွေးတစ်ခု ပေါ်လာခဲ့သည်။

မကောင်းဆိုးဝါး ဘုရင်မက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။

"ဒါက အန္တရာယ်များတဲ့ တာဝန်တစ်ခုပဲ…။ မင်းဆီမှာ မပြည့်သေးတဲ့ ဆန္ဒတွေရှိလား…"

ထိုကဲ့သို့ သေလမ်းကို သွားရသော ကိစ္စမျိုးတွင် မကောင်းဆိုးဝါးဘုရင်မနှင့် တခြားလူများကတော့ သူတို့ကို ရှာတွေ့သွားမည်ဆိုလျှင်ပင် သူတို့၏ သိုင်းပညာကို သုံးပြီး ထွက်ပြေး၍ ရနေသေးသည်။ သို့သော် မိန်းမစိုးအတွက်တော့ ထိုမျှကံကောင်းလိမ့်မည် မဟုတ်ပေ။

ထိုမိန်းမစိုးက ဝမ်းနည်းစွာ ငိုကြွေးလိုက်၏။

"ကျွန်တော်မျိုးက မျိုးနွယ်စုကြီး ပြန်လည်ရှင်သန်လာဖို့အတွက်ဆိုရင် ငရဲပြည်ကို သွားရမယ်ဆိုရင်တောင် သွားမှာပါ။ ကျွန်တော့်မှာ နောင်တမရှိပါဘူး…"

"ကောင်းတယ်။ အရမ်းကောင်းတယ်။ ဒီကိစ္စပြီးသွားတာနဲ့ မင်းက မျိုးနွယ်စုကို ပြန်ပြီး အရေးပါတဲ့တာဝန်တွေကို လုပ်ဆောင်ရလိမ့်မယ်…"

မကောင်းဆိုးဝါးဘုရင်မက ခေါင်းထဲတွင် သိုင်းပညာတစ်ခုတည်းသာ ‌ရှိနေသော ခေါင်းဆောင် တစ်ယောက်မဟုတ်ပေ။ သူမက သူမ၏နောက်လိုက်များကို အားပေးနိုင်သည့် အစွမ်းမျိုးလည်း ရှိသည်။

သူမက မုန့်ချီတို့ကို ပြန်လှည့်ကြည့်ပြီး မိတ်ဆက်ပေးလိုက်၏။

"သူ့နာမည်က ယုတုန်ကန်လို့ ခေါ်တယ်… ။ သူက ဈေးဝယ်ပေးရတဲ့ နန်းတွင်းမိန်းမစိုးတစ်ယောက်ပဲ… "

မိန်းမစိုးအများစုကိုတော့ ရိုးရှင်းစွာ ခေါ်ကြသော်လည်း နန်းတွင်းမိန်းမစိုးဟူသည်မှာ နန်းတော်ထဲတွင် သီးခြားတာဝန်‌များကို လုပ်ဆောင်ရန် တာဝန်ပေးအပ်ခံရသူများ ဖြစ်သည်။ ထိုမိန်းမစိုးကတော့ နန်းတော်အပြင်ဘက်တွင် ဈေးဝယ်ခြင်း လုပ်ဆောင်ရသည့် အခွင့်အာဏာရှိသည်။ သူနှင့် နန်းတော်ထဲတွင် ရှိနေသော တခြားနန်းတွင်းမိန်းမစိုးများ၏ ပတ်သက်မှုကလည်း အတော်လေး ကောင်းမွန်နေသည့် အတွက်ကြောင့်သာ ယခုလိုအကျိုးအမြတ်များသည့် နေရာတစ်ခုကို ရရှိနိုင်ခြင်းဖြစ်သည်။

ထိုစကားကို ကြားသည့်အခါ မုန့်ချီက စိတ်ထဲတွင် အနည်းငယ် သက်သောင့်သက်သာ ‌ခံစားလိုက်ရ၏။ လူတိုင်းက မိတ်ဆက်သည့်အနေနှင့် အချင်းချင်း ခေါင်းညိတ်ပြလိုက်သည်။

မကောင်းဆိုးဝါးဘုရင်မကလည်း ဝင်ပြောလိုက်၏။

"ငါတို့နန်းတော်ထဲကို ဝင်သွားပြီးရင် ညမှောင်တဲ့အချိန်ကို စောင့်နေရမယ်…။ နန်းတော်တံခါးတွေ ပိတ်သွားတဲ့အချိန်ကျရင် ငါက လွှတ်တော်ခန်းမထဲကိုသွားပြီး ဝမ်တီရန်ကို အလစ်ချောင်း တိုက်ခိုက်လိုက်မယ်။ နင်တို့တွေကတော့ ထိုက်ကျိခန်းမထဲကို သွားပြီး အဲဒီအဘိုးကြီးရဲ့အခြေအနေကို သွားကြည့်လိုက်…”

လွှတ်တော်ခန်းမဟူသည်မှာ ရှင်ဘုရင်က သူ၏ နေ့စဉ်လုပ်ငန်းများကို လုပ်ဆောင်သော နေရာတစ်ခု ဖြစ်သည်။ ထိုခန်းမ၏ အနားတွင်တော့ ညီလာခံ ကျင်းပသောခန်းမ ရှိနေသည်။

လက်ယာအမတ်ကြီး ဝမ်တီရန်ကတော့ တစ်ညလုံး ထိုနေရာတွင် စောင့်ကြပ်နေတတ်၏။ ထိုနေရာက ရှင်ဘုရင် အနားယူနေသော ထိုက်ကျိခန်းမနှင့်လည်း အလွန်နီးကပ်နေသည်။ သူ့အစွမ်းအရ ထိုကဲ့သို့ နေရာမျိုးကို ကာကွယ်နေခြင်းက ထိုက်ကျိခန်းမကို ကာကွယ်နေခြင်းနှင့် အတူတူပင်ဖြစ်သည်။

သူက ရှင်ဘုရင်ကို လုပ်ကြံသတ်ဖြတ်ခြင်း မခံရစေရန် အလွယ်တကူ တားဆီးနိုင်ပြီး သူ၏ စိတ်ဆန္ဒကို ပြသနိုင်သည်။ ထိုအရာက သူ့အတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ်သည့်အတွက် ‌ရှင်ဘုရင်၏ အနားတွင် အချိန်မရွေး ခစား၍လည်း ရနိုင်သည်။ ထို့ပြင် ဝမ်တီရန်က နယ်ပယ်အစုံတွင် ထူးချွန်ထက်မြက်သော စာသင်သား တစ်ယောက်လည်း ဖြစ်၏။

"နန်းတော်ထဲက အစောင့်အရှောက်တွေရဲ့ နေရာချထားမှုကို ပြောပြပါ။ ပြီးတော့ ကင်းလှည့်တဲ့ အစောင့်တွေရဲ့ မြေပုံကိုလည်း လိုတယ်…"

မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်ကို ပိုင်ဆိုင်ထားသော်လည်း နန်းတော်ထဲတွင် ပညာရှင်ပေါင်းမြောက်များစွာ ရှိနေသည်။ အကယ်၍ သူတို့ကသာ သေချာမသိဘဲ လှုပ်ရှားလိုက်မည်ဆိုလျှင် အသက်အန္တရာယ် စိုးရိမ်ရ၏။ ထို့ကြောင့် သူ၏ ပထမဆုံးလုပ်ရပ်က နန်းတော်ထဲသို့ အေးအေးဆေးဆေး ဝင်သွားရန်သာဖြစ်သည်။

ယုတုန်ကန်က စကားများများ မပြောခဲ့ပေ။ သူက မုန့်ချီဆီသို့ စာရွက်လိပ်အနည်းငယ် ထည့်ပေးလိုက်ပြီး ပြောလိုက်၏။

"သေချာမှတ်ပြီးသွားရင် ဒါတွေကို မီးရှို့ပစ်လိုက်ပါ… "

ကျန်ရှိနေသော အချိန်တွင် မုန့်ချီ ၊ လော်ရှန်းကျိနှင့် ရွမ်ယုရှုတို့က အစောင့်များ နေရာချထားမှုနှင့် ကင်းလှည့်သည့် လမ်းကြောင်းများကို သေချာလေ့လာနေကြပြီး နန်းတော်ထဲသို့ ဝင်ရောက်မည့် အခြေအနေကို ဆွေးနွေးနေကြသည်။

နေ့လယ်ခင်း ကျော်လာပြီး နေအနည်းငယ် ပြန်ကျလာသည့်အချိန်တွင် ယုတုန်ကန်က မတ်တပ်ရပ်ပြီး ထွက်သွားရန် ပြင်ဆင်လိုက်သည်။

"နန်းတော်ကို ငါ ပြန်ဖို့ အချိန်ရောက်ပြီ။ ကျေးဇူးပြုပြီး နောက်က လိုက်ခဲ့ကြပါ…."

သူက ပြောလိုက်သည်။

သူက သူတို့ကို လျှို့ဝှက်လမ်းကြောင်းမှတစ်ဆင့် ခေါ်သွားပြီး အနီးအနားခြံဝန်းထဲတွင် ရှိနေသော စတိုခန်းတစ်ခုဆီသို့ ခေါ်သွားခဲ့၏။ ထိုနေရာတွင်တော့ အသားငါးနှင့် အသီးအရွက်မျိုးစုံရှိနေပြီး လှည်း (၉) ခုနှင့် တင်ထားသည်။

"ဝက်တွေ၊ နွားတွေရဲ့ ဗိုက်ထဲမှာ ဘာမှမရှိဘူး။ မင်းတို့က အဲဒီအထဲမှာ ပုန်းနေလို့ရတယ်။ ဒါပေမယ့် အသက်ကိုတော့ မျှင်မျှင်လေးရှူဖို့ သတိထားပါ…"

ယုတုန်ကန်က ညွှန်ကြားလိုက်သည်။

မုန့်ချီက ‌မျက်မှောင်ကြုတ်ပြီး သူ၏စိုးရိမ်မှုကို ရှင်းပြလိုက်၏။

"လူတစ်ယောက် ပိုလာမယ်ဆိုရင် လှည်းရဲ့အလေးချိန်က ပိုသွားမယ်။ အသံကလည်း တူမှာမဟုတ်တော့ဘူး…"

အလေးချိန်များက သေချာပေါက် အလွန်သိသာထင်ရှားလှသည်။ ထိုအရာက အဆိုးဆုံး အခြေအနေကို တွေးထားခြင်းဖြစ်သော်လည်း နန်းတွင်းတံခါးစောင့်များက ပညာရှင်များ ဖြစ်ကြသည်။ သူတို့ဆီတွင် ထူးခြားသော စွမ်းရည်များ ရှိနေနိုင်၏။ သူတို့က ထိုကဲ့သို့ အသေးစိတ်လေးများကိုပင် လွဲချော်၍ မရနိုင်ပေ။

"ဒီလှည်းတွေရဲ့ အပေါ်ဘက်မှာပဲ ဂျုံတွေရှိနေတာ။ အောက်ဘက်မှာတော့ ဘာမှမရှိဘူး။ အတွင်းပိုင်းထဲမှာတော့ စာရွက်တွေ၊ ပိုးထည်လိပ်တွေနဲ့ တခြားပေါ့ပေါ့ပါးပါး ပစ္စည်းတွေကိုပဲ ထည့်ထားတယ်။ ဒါကြောင့် လူတစ်ယောက် ပိုလာရင်လည်း ကိစ္စမရှိဘူး…"

ယုတုန်ကန်က ထိုမျှအသေးစိတ်ကိုပင် လျစ်လျူရှုထားခဲ့ခြင်းမရှိပေ။ လူတစ်ယောက်၏ အလေးချိန်ကို ဖုံးကွယ်ခြင်းက လူ (၄) ယောက်၏ အလေးချိန်ကို ဖုံးကွယ်ခြင်းထက်ပို၍ လွယ်ကူသည်။ ထို့ကြောင့် မုန့်ချီနှင့် သူ့အဖွဲ့က လှည်း (၄) ခုတွင် တစ်ယောက်ဆီခွဲ၍ တက်လိုက်ကြသည်။ တခြားသော လှည်း(၅)ခုကတော့ သာမန်သာဖြစ်ပြီး သူတို့၏ လုပ်ရပ်ကို ကြည့်ရုံနှင့် စစ်ဆေးရန် ခက်ခဲနိုင်သည်။

မုန့်ချီကတော့ နောက်ထပ် မေးမြန်းခဲ့ခြင်း မရှိချေ။ သူက ဝက်တစ်ကောင်ကို ရွေးချယ်လိုက်ပြီး ဗိုက်ထဲသို့ ဝင်လိုက်သည်။ ထိုအခါ ညှီစို့စို့ သွေးရနံ့များက သူ၏ နှာခေါင်း‌ထဲသို့ တိုးဝင်လာပြီး အသက်ရှူရန်ပင် ခက်ခဲသွားခဲ့၏။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကို အသက်သွင်းလိုက်သည့် အချိန်မှသာ အသက်ကို မျှင်မျှင်လေး ရှူနိုင်ခဲ့သည်။

ထို့နောက် ယုတုန်ကန်က ထိုအကောင်များ၏ ဗိုက်ကို အပ်နှင့်ပြန်ချုပ်လိုက်ပြီး အပေါ်ဘက်မှနေ၍ အသီးအရွက်များကို ဖုံးလွှမ်းလိုက်သည်။ ကြည့်လိုက်ရုံနှင့် ထိုအရာကို သေချာပြောပြရန် ခက်ခဲ၏။

ထိုအရာများ လုပ်ဆောင်ပြီးနောက် သူက အပြင်ဘက်တွင် ရှိနေသော အဆင်နိမ့် မိန်းမစိုးများကို ခေါ်လိုက်ပြီး လှည်းတွင် မြင်းများ တပ်ခိုင်းလိုက်သည်။ ထို့နောက် နန်းတော်ထဲသို့ ပြန်မောင်းခိုင်းလိုက်၏။

မုန့်ချီကတော့ လမ်းတလျှောက်တွင် တဒုန်းဒုန်း ခုန်နေသည်ကိုသာ ခံစားမိခဲ့၏။ ရံဖန်ရံခါ အထဲမှ ခုန်ထွက်သွားတော့သလိုပင် ဖြစ်သွားခဲ့၏။

အချိန်အတော်ကြာပြီးနောက် မြင်းလှည်းများက ရပ်သွားခဲ့၏။ သူက လူတစ်ယောက်၏ တီးတိုးစကားပြောသံကို ကြားလိုက်ရသည်။

"နန်းတွင်းမိန်းမစိုးယု…

ကြည့်ရတာ ဒီနေ့လည်း အများကြီး ဝယ်လာတယ်ထင်တယ်…”

ယုတုန်ကန်က အက်ရှရှ ရယ်လိုက်၏။

"လူတိုင်းက ကိုယ့်အလုပ်ကိုယ် လုပ်နေကြရတာပဲလေ။ ငါတို့ကတော့ မင်းတို့တွေ အားလုံးအတွက် အစားကောင်း အသောက်ကောင်းတွေ ပြင်ဆင်ပေးရမှာပေါ့…"

"ကျေးဇူးအများကြီး တင်ပါတယ် တော်ဝင်မိန်းမစိုးယု……"

တံခါးစောင့်က လှည်းများဆီသို့ လျောက်လာပြီး သေချာစစ်ဆေးနေခဲ့သည်။ သူက တချို့သော အသားများကိုတော့ လက်နှင့် ပုတ်ကြည့်နေခဲ့၏။ တံခါးစောင့်က သူ ပုန်းနေသော ဝက်ဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်ကို ခံစားမိသည့်အခါ မုန့်ချီက သူ့ကိုယ်သူ မနည်းထိန်းချုပ်နေရသည်။ တစ်ကိုယ်လုံးလည်း တင်းကြပ်နေပြီး အချိန်မရွေး တိုက်ခိုက်နိုင်ရန် ပြင်ဆင်ထားခဲ့၏။

ထိုအချိန်တွင် ယုတုန်ကန်က ရှေ့တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်။

"ဒီနေ့ ငါက ပြဇာတ်ကြည့်နေလို့ နည်းနည်းနောက်ကျနေတယ်။ မဟုတ်ရင် ငါ့ကို ခေါင်းဆောင်ဝမ်က အပြစ်တင်ခံရလိမ့်မယ်… ။ တကယ်လို့ မင်းကသာ ငါ့ကို အချိန်မီပြန်ခွင့်ပေးမယ်ဆိုရင်တော့ တကယ့်ကို ကျေးဇူးတင်မိမှာပါ…”

သူက နန်းတွင်းအစောင့်များ၏ လက်ထဲသို့ ‌ငွေစများ ထိုးထည့်ပေးလိုက်သည်။

"တော်ဝင်မိန်းမစိုးယု…

မင်းက ပြဇာတ်ကြည့်ရတာ တော်တော်လေး သဘောကျတယ်လို့ ကြားဖူးတယ်။ ဒီနေ့ရော ဘယ်မင်းသားကို သဘောကျနေပြန်ပြီလဲ…"

အစောင့်ခေါင်းဆောင်က ထိုကဲ့သို့ အခြေအနေများကို သေချာသိနေသော လူဟောင်း တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူက ယုတုန်ကန်၏ လာဘ်ထိုးမှုကို လက်ခံလိုက်ပြီး ရယ်ကာမောကာနှင့် နောက်ပြန်ဆုတ်သွားခဲ့၏။

ယုတုန်ကန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။

" နောက်တစ်ကြိမ်ကျမှ ပြောပြပါမယ်……"

ထို့နောက် မြင်းဆွဲသော လှည်းများက နန်းတွင်းထဲသို့ ဝင်သွားခဲ့ပြီး နောက်ဆုံးတွင်တော့ အတွင်းထဲကို ရောက်လာခဲ့ကြသည်။

အသံမကြားရတော့သည့် အချိန်မှသာ မုန့်ချီကလည်း စိတ်အေးသွားခဲ့၏။ သူက သက်ပြင်းချလိုက်မိပြီး ထိုကဲ့သို့ ခန့်မှန်းမရနိုင်သော တာဝန်ကြောင့် အနည်းငယ် စိတ်ပျက်နေမိသည်။ အကယ်၍ အစောင့်အရှောက်များက သိပ်သည်းနေမည် ဆိုလျှင်ပင် လူသားသဘာဝအရ လုပ်ဆောင်၍ရနိုင်သော အရာများ ရှိနေသေး၏။

မြင်းဆွဲသော လှည်းများက အချိုးအကွေ့များစွာကို ကျော်လွန်လာပြီးနောက် နန်းတွင်းစားဖိုဆောင်၏ သိုလှောင်ခန်းထဲသို့ ရောက်လာခဲ့၏။

ထိုအချိန်တွင် ယုတုန်ကုန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"တော်တော်လည်း နေစောင်းနေပြီ။ မင်းတို့တွေက ညစာ သွားစားကြတော့…။ ဒီပစ္စည်းတွေကိုတော့ အလုပ်သမားတွေကိုပဲ ရွှေ့ခိုင်းလိုက်တော့မယ်…"

အလုပ်သမားများဟူသည်မှာ အသေးအဖွဲကိစ္စများကို လုပ်ဆောင်ရသည့် အဆင့်နိမ့် မိန်းမစိုးများ ဖြစ်ကြသည်။

"ကျေးဇူးတင်ပါတယ် မိန်းမစိုးယု…"

သူ့လက်အောက်တွင် ရှိနေသော မိန်းမစိုးများက အလွန်ဝမ်းသာသွားကြသည်။ သူက သူတို့အပေါ် အလွန်စေတနာထားနေသည်ဟု သူတို့က ခံစားမိနေကြ၏။

သူတို့ထွက်သွားသည့်အချိန်တွင် ယုတုန်ကန်က လျှို့ဝှက်အချက်ပြသည့်အနေဖြင့် ချောင်းဟန့်လိုက်သည်။ သူ၏ လက်အောက်ငယ်သားများအားလုံးကတော့ ညစာပြင်ဆင်ရန် ထွက်သွားနေကြ၏။

မုန့်ချီနှင့်တခြားလူများက အကောင်များ၏ ဗိုက်ထဲမှနေ၍ ထွက်လာပြီး သိုလှောင်ခန်း၏ အတွင်းထဲကို ဝင်သွားခဲ့ကြသည်။ မုန့်ချီကတော့ ကိုယ်ပေါ်တွင် ကပ်နေသော သွေးရနံ့များကို ရှူရှိက်ကြည့်လိုက်ပြီး ဖြူစင်တောက်ပနေသေးသော မကောင်းဆိုးဝါး ဘုရင်မနှင့် ရွမ်ယုရှုတို့၏ အင်္ကျီကို လှည့်ကြည့်လိုက်မိသည်။

သူကတော့ သူတို့ကိုကြည့်၍ စိတ်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်မိ၏။ သူတို့က ထိုကဲ့အခြေအနေများကို ကာကွယ်ရန် ကိုယ့်ကိုယ်ကိုယ် တစ်ချိန်လုံး ချီစွမ်းအင်များနှင့် ကာကွယ်ထားပုံရသည်။

ထို့နောက် ယုတုန်ကန်က အလုပ်သမားများကို ပစ္စည်းများ မြန်မြန် သယ်ခိုင်းလိုက်သည်။ မုန့်ချီတို့ကတော့ သိုလှောင်ခန်းထဲမှ ထွက်သွားပြီး စားဖိုဆောင်ထဲသို့ ဝင်သွားခဲ့ကြ၏။

ထိုအချိန်တွင် ညရောက်လာပြီး ညစာစားချိန်ကလည်း ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ စားဖိုဆောင်ထဲတွင်တော့ ကိတ်မုန့်ဖုတ်ရန် တာဝန်ကျနေသော အလုပ်သမား အနည်းငယ်ကလွဲလျှင် မည်သူမျှ မရှိသည့်အတွက် ပုန်းအောင်းနေရန် အကောင်းဆုံးနေရာတစ်ခုဖြစ်သည်။

သူတို့က အမိုးထုပ်တန်းပေါ်တွင် ပုန်းအောင်းနေကြပြီး ကိတ်မုန့်ဖုတ်သည့်နေရာမှ ထွက်လာသော မွှေးရနံ့များကို ရှူရှိုက်နေရ၏။

ရွမ်ယုရှုက ထိုမီးဖိုများကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

"အာလူးပူတင်း ၊ ကြာပန်းစေ့ကိတ်၊ သစ်အယ်သီးကိတ်မုန့် ၊ ကန်စွန်းဥ ပါစတာလိပ် ၊ ပဲစိမ်းကိတ် ၊ သစ်အယ်သီးအမှုန့်ဖြူးထားတဲ့ မုန့်… "

သူမ တံတွေးမြိုချနေသည်ကို မုန့်ချီက တိုးတိုးလေး ကြားနေရသည်။ ထို့ကြောင့် သူလည်း စိတ်ထဲတွင် တီးတိုးရယ်လိုက်မိပြီး သူမကို စနောက်လိုက်၏။

"သွားလေ… ဒီနေရာကိုတော့ ငါ့တာဝန်ထားလိုက်… "

"တကယ်လား… "

ရွမ်ယုရှုက သူ့ဆီကို လှမ်းကြည့်လိုက်သည်။

"အခုဆို ညစာစားချိန်က ပြီးသွားပြီလေ…။ ဒီတော့ ခဏလေးအတွင်း ဘယ်သူမှ အဆာပြေ လာစားကြဦးမှာ မဟုတ်ဘူး။ တစ်ယောက်ယောက်က သိသွားပြီ ဆိုရင်တောင် ငါတို့က အခြေအနေကို ကြည့်ပြီး နန်းတွင်းထဲကနေ ထွက်သွားတော့မှာပဲ"

မုန့်ချီက ပြောပြလိုက်သည်။

အကယ်၍ တစ်ယောက်ယောက်က တွေ့သွားမည်ဆိုလျှင်ပင် တရားခံက အဆင့်နိမ့် မိန်းမစိုးများ သို့မဟုတ် အလုပ်သမားများဟုသာ သံသယဝင်ပါလိမ့်မည်။ သိပ်မကြာခင် သူတို့ကလည်း နေရာပြောင်းရတော့မည်ဖြစ်၏။

ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်သည်။ ထိုအရာက သူတို့အတွက်တော့ ခက်ခဲသော အရာတစ်ခု မဟုတ်ပေ။ အလုပ်သမားများ မီးထိုးရန် အာရုံများနေသည်ကို အခွင့်ကောင်းယူပြီး သူမက တိုင်လုံးမှ လျှောဆင်းလိုက်သည်။ ထို့နောက် သူမက ကိတ်ပေါင်းများစွာကို လျင်မြန်စွာ ယူလိုက်ပြီး တိုင်လုံးတစ်ခုမှ တစ်ခုကပ်၍ နေရာပြောင်းနေခဲ့၏။

ထို့နောက် သူမက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မီးဖိုတစ်ခု၏ နောက်တွင် နေရာယူလိုက်သည်။ ထိုမီးဖိုကြီးက အလုပ်သမားများကို ကွယ်နေကြောင်း သေချာမှသာ သူမက သတိထား၍ မတ်တပ်ရပ်လိုက်ပြီး အိုးထဲတွင် ရှိနေသော ကိတ်အနည်းငယ်ကို ထပ်၍ ယူလိုက်ပြန်သည်။

ထိုအရာများအားလုံးက တခဏအတွင်း ပြီးဆုံးသွားခဲ့သည့်အတွက် သူမက ခေါင်းထဲတွင် အကြိမ်ပေါင်းများစွာ လုပ်ဆောင်နေပုံရသည်။ ထုပ်တန်းပေါ်သို့ ပြန်ရောက်လာပြီးနောက် ရွမ်ယုရှုက သူမ ယူလာခဲ့သော စားစရာများကို ဖြည်းဖြည်းချင်းဆီ စားနေခဲ့၏။ စားနေရင်း ရုတ်တရက်ရပ်လိုက်ပြီး မုန့်ချီကို တစ်ခုလှမ်းပေးလိုက်သည်။

သူမက ပေးနေရင်း မျက်လုံးကတော့ တခြားသို့ ကြည့်နေခဲ့၏။ မဟုတ်လျှင် နောင်တရမှာ စိုးရိမ်နေပုံရသည်။

"ဒါက နင့်အတွက်…"

မုန့်ချီက သူမကို ကြည့်၍ ပြုံးလိုက်ပြီး ကိတ်မုန့်ကို စားကြည့်၍ အရသာခံကြည့်နေသည်။

ထိုအချိန်တွင် လော်ရှန်းကျိနှင့်မကောင်းဆိုးဝါး ဘုရင်မတို့ကတော့ မျက်လုံးမှိတ်ပြီး ညရောက်လာမည့် အချိန်ကို အနားယူရင်း စောင့်နေကြသည်။

တစ်နာရီနီးပါးခန့် ကြာပြီးနောက် ယုတုန်ကန်က စားဖိုဆောင်အပြင်ဘက်မှနေ၍ လျှို့ဝှက်အချက်ပြလိုက်သည်။ သူတို့ (၃)ယောက်က လျင်မြန်စွာ ထွက်သွားလိုက်ရာ သူ့ကို ဥယျာဉ်၏ ထောင့်တွင် တွေ့လိုက်ရသည်။ သူက သူတို့ကို အစောင့်ဝတ်စုံ (၃)စုံနှင့် တစ်နေနှင့် တစ်နေရာ လှမ်းချိတ်ရန် ချိတ်တစ်ခုပါသော ကြိုးခွေကို ပေးလိုက်သည်။ ထို့နောက် စကားတစ်ခွန်းမျှ မပြောဘဲ ထွက်သွားခဲ့၏။

သူတို့(၃)ယောက်ကတော့ အဝတ်လဲရန် နေရာရှာပြီး အစောင့်ဝတ်စုံများကို အလျင်အမြန် လဲလှယ်လိုက်ကြသည်။

"ငါက တစ်နာရီအတွင်း လှုပ်ရှားမယ်…။ မင်းတို့က အဲဒီအချိန်အတွင်း ထိုက်ကျိခန်းမကို ရောက်နိုင်ပါ့မလား…"

မကောင်းဆိုးဝါး ဘုရင်မက မေးလိုက်သည်။

ထိုက်ကျိခန်းမကို ပညာရှင်ပေါင်းများစွာ ကာကွယ်ထား၏။ အကယ်၍ လွှတ်တော်ခန်းမထဲတွင် ဘယ်သူမျှ မရှိလျှင်ပင် မကောင်းဆိုးဝါးဘုရင်မက တစ်ယောက်တည်း လှုပ်ရှားရန် ခက်ခဲသည်။ ဤအလုပ်တွင် အချိန်ကိုက် လှုပ်ရှားမှုက အလွန်အရေးပါ၏။

မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။

"ကိစ္စမရှိပါဘူး…"

အစောင့်များ ကင်းလှည့်မည့် လမ်းကြောင်းနှင့် သူတို့၏ အစောင့်အကြပ် နေရာချပုံကို သိထားသည့်အတွက် သူတို့၏အကြီးမားဆုံး ပြဿနာက ထိုက်ကျိခန်းမကို စောင့်ကြပ်နေသော အစောင့်များသာ ဖြစ်သည်။ သူတို့က တစ်နာရီအတွင်း ဘုရင်ကြီး အိပ်စက်နေသော အဆောင်ထဲသို့ ရောက်ရမည်ဖြစ်၏။

မကောင်းဆိုးဝါး ဘုရင်မက စကားတစ်ခွန်းမျှ မပြောတော့ဘဲ အေးအေးဆေးဆေး လျှောက်သွားခဲ့၏။ သူမက အမှောင်ထဲတွင် ပေါင်းစပ်သွားသည့်အလား တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ကျန်ရှိနေသည့် လူ(၃)ယောက်ကတော့ အချင်းချင်းကြည့်လိုက်မိကြပြီး သူတို့စီစဉ်ထားသည့် လမ်းကြောင်းအတိုင်း ထွက်လာခဲ့ကြသည်။ လမ်းတလျှောက်တွင် သူတို့က အချိန်ကိုက်‌ရန် သေချာစောင့်ကြည့်နေခဲ့ရ၏။

သူတို့က အစောင့်အဖွဲ့(၂)ခု နေရာ ပြောင်းခြင်း သို့မဟုတ် လူခွဲသည့် အချိန်မျိုးကို စောင့်နေကြရသည်။ အမိုးပေါ်တွင် ရှိနေသော အစောင့်များက အဝေးသို့ လှမ်းကြည့်နေသည့်အချိန်မျိုးတွင် သူတို့က ရှည်လျားသော စြင်္ကံများ ၊ လမ်းကြောင်းများကို ဖြတ်သွားကြ၏။

ခဏကြာပြီးနောက် သူတို့(၃)ယောက်က ထိုက်ကျိခန်းမနှင့် ခန်းမတစ်ခုသာ ဝေးတော့၏။ သို့သော် ထိုနေရာတွင် အစောင့်များ ပြည့်ကြပ်နေပြီး အဖွဲ့များကလည်း ရှေ့ပြန်နောက်ပြန် သွားလာနေကြ၏။ ထိုနေရာတွင် သူတို့ပုန်းနေနိုင်သည့် မျက်ကွယ်နေရာများ မရှိသလို အခွင့်အရေးလည်း မရှိပေ။

သူတို့လက်ရှိ ပုန်းနေသော စံအိမ်က ထိုခန်းမနှင့် သိသိသာသာ ဝေးနေသေး၏။ ထို့ကြောင့် သူတို့က ပြောင်းလဲမှုကျင့်စဉ်ကို သုံးပြီး အတင်းအကြပ်ဝင်သွားရန်လည်း မဖြစ်နိုင်သေးပေ။

မုန့်ချီကတော့ သေချာပြင်ဆင်ထားခဲ့၏။ သူက သက်ပြင်းရှည်ကြီး ချလိုက်မိပြီး သူ၏ စိတ်ဝိညာဉ်ကို ဖြန့်ကျက်၍ ရွမ်ယုရှုနှင့် လော်ရှန်းကျိတို့ကို လွှမ်းခြုံလိုက်သည်။ ထို့နောက် သူက တောက်တဲ့တစ်ကောင်ကဲ့သို့ စံအိမ်ကို ကပ်တက်ပြီး အမိုးပေါ်မှ ငှက်တစ်ကောင်ကဲ့သို့ ပထမဆုံးအစောင့်ခေါင်းဆောင်၏ ခေါင်းပေါ်သို့ ခုန်ချလိုက်သည်။

ပြောင်းလဲမှုကျင့်စဉ်၏ အကျိုးသက်ရောက်မှုကြောင့် သူတို့၏ အသံက ကြားသာရုံသာရှိပြီး အစောင့်များက သတိမထားမိကြပေ။ လေထဲမှနေ၍ အောက်ထဲသို့ ကျတော့မည့် အချိန်တွင် မုန့်ချီက ချိတ်ကို အနားတွင် ရှိနေသော ခန်းမ၏ လက်ရန်းဆီသို့ လှမ်းပစ်လိုက်သည်။

ချိတ်က လက်ရန်းကို ချိတ်သွားသည့်အချိန်တွင် အသံတိုးတိုးကို ကြားလိုက်ရသည်။ ထိုအချိန်တွင် အစောင့်တစ်ယောက်က ခြေချော်ပြီး ပြုတ်ကျလာသည့်အတွက် ပို၍ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

တစ်ချိန်တည်းတွင် မုန့်ချီက ချိတ်နှင့် ဆက်သွယ်ထားသော ကြိုးကို တင်းတင်းဆွဲလိုက်ရာ နောက်တစ်ကြိမ် လေထဲသို့ မြောက်သွားသည်။ သူက အရိပ်တစ်ခုသဖွယ် အမိုးပေါ်သို့ ရောက်သွားပြီး တစ်ချိန်တည်းလိုလိုပင် ရွမ်ယုရှုနှင့် လော်ရှန်းကျိတို့လည်း ရောက်လာခဲ့၏။

“ပြောင်းလဲမှုကျင့်စဉ်က တော်တော်လေးကို အကျိုးများတာပဲ…”

မုန့်ချီက ဝမ်းသာသွားခဲ့သည်။ ထိုကဲ့သို့ ထူးခြားသော စွမ်းရည်များက အစစ်အမှန်တိုက်ပွဲထဲတွင် အသုံးမဝင်သော်လည်း သူ့အတွက်တော့ နတ်ဘုရားသဖွယ် ဖြစ်နေသည်။

အစောင့်များက ပြုတ်ကျသွားသော သူတို့၏ မိတ်ဆွေကို မေးမြန်းနေသည့်အချိန်တွင် သူတို့(၃)ယောက်က အခွင့်အရေး ရသွားခဲ့သည်။ သူတို့က အမိုးကို လျင်မြန်စွာ ဖြတ်ကျော်သွားပြီး ထိုက်ကျိခန်းမ၏ အနားတွင် ရှိနေသော နံရံပေါ်တွင် ကပ်၍ပုန်းလိုက်သည်။

ထိုက်ကျိခန်းမ၏ အပြင်ဘက်တွင်တော့ ခြေလှမ်း(၁၀)လှမ်းတိုင်းတွင် အစောင့်တစ်ယောက်ဆီ ရှိနေသည်။ အမိုးပေါ်တွင်လည်း ရှိနေသည့်အတွက် ကြည့်ရသည်မှာ လူပေါင်းများစွာ ‌ရှိနေ၏။ ထိုလူများအားလုံးက အကာအကွယ်ကျင့်စဉ် လေ့ကျင့်ထားသော အဆင့်မြင့် ပညာရှင်များ ဖြစ်ပုံရသည်။

Translated by Hein Htet.

All Chapters