← Chapters

အခန်း (၁၈၄)

Vol. 13 Ch. 184

အခန်း (၁၈၄)

Vol. 13 Ch. 184

မှေးမိန်နေသော လရောင်က ညအချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးကို အုပ်မိုးထားသလို ထင်မှတ်ရသည်။ ယခု ညသန်းခေါင် အချိန်ကို ရောက်နေပြီဖြစ်၏။ မုန့်ချီနှင့် သူ့အဖော် (၂)ယောက်ကတော့ နံရံပေါ်တွင် ပြားကပ်နေပြီး လွှတ်တော်ခန်းမထဲမှ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်နေခဲ့သည်။

အချိန်က တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့၏။ ရုတ်တရက်ဆိုသလို ခန်းမ၏ အပြင်ဘက်မှနေ၍ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ မိုးထားသော အုတ်ကြွပ်များနှင့် တိုင်လုံးများကပင် ပျက်စီးသွားပုံရ၏။ ကျယ်လောင်သော အသံကြီးတစ်ခုကိုလည်း ကြားလိုက်ရသည်။

ကြည့်ရသည်မှာ အတွင်းအားနှင့် တိုက်ခိုက်လိုက်သော လက်ဝါးသံနှစ်ခုကဲ့သို့ ထင်မှတ်ရ၏။ မုန့်ချီက ခန်းမထဲတွင် လှုပ်ရှားနေသော ဖယောင်းတိုင်မီးအလင်းတန်းနှင့် နံရံကပ်စက္ကူများ လှုပ်ရှားနေသည်ကိုပင် မထင်မရှား မြင်နေရသည်။

ထိုက်ကျိခန်းမထဲတွင် ရှိနေသော အစောင့်များကလည်း ထိုလှုပ်ရှားမှုများကို သတိထားမိကြ၏။ သူတို့က လက်နက်များကို သတိထား၍ ကိုင်ထားကြပြီး တိုက်ပွဲဖြစ်နေသည့်နေရာသို့ သွားရန် ပြင်ဆင်လိုက်ကြသည်။

"ရပ်လိုက်… "

သူတို့(၃)ယောက်က ထိုက်ကျိခန်းမထဲသို့ ဝင်သွားရန် ပြင်လိုက်စဉ် အစောင့်ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်ကို ကြားလိုက်ရသည်။

သူက ကျယ်လောင်စွာ ပြောလိုက်၏။

"ငါတို့ရဲ့တာဝန်က ဘုရင်ကြီးကို ကာကွယ်ပေးဖို့ပဲ…။ တကယ်လို့ ငါတို့ရဲ့‌နယ်မြေ အသိမ်းခံလိုက်ရပြီ ဆိုရင်တောင် ငါတို့နေရာကနေ ထွက်မသွားသင့်ဘူး။ ညီအစ်ကိုတို့.. ငါတို့က စိတ်ပျံ့သွားလို့ လုံးဝမရဘူး။ တကယ်လို့ လက်ယာအမတ်ကြီးက ငါတို့အကူအညီကို လိုအပ်မယ်ဆိုရင် ငါတို့ကို သတိပေးလိမ့်မယ်…"

သူက တခြားသော အစောင့်များ၏ ခေါင်းဆောင်တစ်ယောက် ဖြစ်နေသည်မှာ အရေးပေါ်အခြေအနေနှင့် ပုံမှန်အခြေအနေများကို စနစ်တကျ ကိုင်တွယ်နိုင်သော စွမ်းရည်ရှိနေခြင်းကြောင့် ဖြစ်သည်။ ရှင်ဘုရင်နှင့် လက်ယာအမတ်ကြီးတို့က ထိုအချက်ကြောင့် သူ့ကို အလေးပေးထားခြင်းဖြစ်၏။

အစောင့်များက တစ်ယောက်ပြီး တစ်ယောက် မူလနေရာကို ပြန်ရောက်သွားပြီး အပြင်ဘက်သို့ စိုးရိမ်တကြီး ကြည့်နေသည်။ သူတို့၏ မျက်လုံးများကတော့ လှုပ်ရှားမှုသေးသေးလေးကိုပင် အလွတ်မခံကြချေ။

မုန့်ချီက ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သူတို့က အစောင့်များကို လှည့်စားပြီး ထိုက်ကျိခန်းမထဲသို့ ဝင်သွားရန် ခက်ခဲနိုင်သည်။ မည်သို့ဖြစ်စေကာမူ ထိုအစောင့်များက ထိပ်တန်းပညာရှင်များဟု သတ်မှတ်နိုင်ပြီး အနည်းဆုံး မျက်လုံးတံခါး ပွင့်နေနိုင်သည်။

အကယ်၍ အစောင့်များကသာ ထိုက်ကျိခန်းမကို ကာကွယ်ရန် အစွမ်းကုန် အာရုံစိုက်နေမည်ဆိုလျှင် သူတို့ကို အာရုံလွှဲနိုင်သော အရာမရှိသရွေ့ သူတို့ကို လျစ်လျူရှုမိရန် လုံးဝမဖြစ်နိုင်ပေ။

အကယ်၍ သူတို့ကသာ ရန်သူကို အရူးများကဲ့သို့ သတ်မှတ်ထားမည်ဆိုလျှင် အန္တရာယ်များမည် ဖြစ်၏။ မုန့်ချီက သက်ပြင်းချလိုက်မိပြီး ဒုတိယအစီအစဉ်ကို လုပ်ဆောင်ရန် လော်ရှန်းကျိကို လျှို့ဝှက်အသံ ပို့ဆောင်မှုနှင့် ပြောလိုက်သည်။

သူတို့က အစောပိုင်းအစီအစဉ်များ ရေးဆွဲခဲ့သည့်အချိန်တွင် အလေးမဲ့မနေခဲ့သည်မှာ ကံကောင်းသွား၏။ သူတို့က ကြုံတွေ့လာနိုင်သည့် အခြေအနေ အရပ်ရပ်ကို စဉ်းစားထားခဲ့ပြီး တန်ပြန်အစီအစဉ်များ ဆွဲထားခဲ့သည်။ လက်ရှိအခြေအနေက သူတို့ ခန့်မှန်းထားသည့် အခြေအနေကို ကျော်လွန်သွားခြင်း မရှိသေးပေ။

လော်ရှန်းကျိက ခေါင်းညိတ်ပြလိုက်ပြီး နံရံကို အကာအကွယ်ယူ၍ အဝေးသို့ ဖြည်းညင်းစွာ ရွေ့လျားသွားခဲ့၏။ မုန့်ချီနှင့် ရွမ်ယုရှုတို့ကလည်း နံရံအတိုင်း တွားသွား၍ ထိုက်ကျိခန်းမ၏ အနောက်ဘက်ကို ဝင်သွားခဲ့သည်။

အနက်ရောင် တိမ်တိုက်ကြီးများကို အကာအကွယ်ယူပြီး လော်ရှန်းကျိက နံရံမှထွက်၍ လက်ရန်းတစ်ခုအောက်တွင် ပုန်းနေလိုက်သည်။ သူက လက်ထဲတွင်ကိုင်ထားသော ကျောက်တုံးငယ်လေးနှင့် တစ်ဖက်တွင် ရှိနေသော ရေကန်ရှိရာကို လှမ်းပစ်လိုက်သည်။

"ဘယ်သူလဲ… "

အစောင့်များအားလုံးက ထိုနေရာကို လှည့်ကြည့်လိုက်၏။

လော်ရှန်းကျိက ထိုအခွင့်အရေးကို အရယူပြီး ခုန်ထွက်၍ ခန်းမဆီကို ပြေးသွားခဲ့သည်။ သူက မြင်းတစ်ကောင်ကဲ့သို့ အလွန်လျင်မြန်စွာ ပြေးသွားခဲ့ပြီး အရိပ်ထဲတွင် ပေါင်းစပ်လုနီးပါး ဖြစ်နေခဲ့၏။

"လုပ်ကြံသူ… "

အစောင့်ခေါင်းဆောင်က တည်ငြိမ်နေသေးသည်။ ကျောက်တုံး၏အသံက သူ၏တာဝန်ကို အာရုံလွှဲရန် လုံးဝမဖြစ်နိုင်ခဲ့ပေ။

ထို့ကြောင့် သူက လော်ရှန်းကျိကို ချက်ချင်း သတိထားမိသွားသည့်အချိန်တွင် သူ့လူများကို ကျယ်လောင်စွာ သတိပေးလိုက်သည်။ လက်နက်ထုတ်သံများနှင့်အတူ အစောင့်များ ရောက်လာပြီး လော်ရှန်းကျိကို ဝိုင်းရံထားကြ၏။

လော်ရှန်းကျိက သက်ပြင်းချလိုက်မိပြီး ခြေဖော့၍ အစောင့်ခေါင်း‌ဆောင်ပေါ်သို့ ခုန်အုပ်လိုက်သည်။ သူ့လက်သီးက ရိုးရှင်းသော်လည်း စွမ်းအားနှင့် လေလှိုင်းက ဆက်တိုက်ပြောင်းလဲနေ၏။ ခန့်မှန်း၍လည်း မရသလို ရင်ဆိုင်ရန် ခက်ခဲနေ၏။

လော်ရှန်းကျိ၏ လက်သီးက အစောင့်ခေါင်းဆောင်၏ မျက်နှာတစ်လုံးကို ပြည့်နှက်သွားပြီး အစောင့်ခေါင်းဆောင်ကတော့ တောင်မြင့်ကြီးတစ်လုံး အဖိခံလိုက်ရသလို ခံစားလိုက်ရသည်။ ခြေထောက်နှစ်ဖက်ကလည်း မခိုင်တော့ဘဲ တုန်ယင်သွားခဲ့သည်။

သူ၏ လက်သီးစွမ်းရည်က အခြေခံအဆင့်ကို အောင်မြင်ပြီးသားဖြစ်ပြီး ကိုယ်ပိုင်ပုံစံတစ်ခု ရှိသည်။

"ဗုန်း… "

အစောင့်တစ်ယောက်က သူ့ခေါင်းဆောင်နှင့် လော်ရှန်းကျိ၏ ကြားထဲကို ဝင်လာပြီး ဓားဆွဲထုတ်၍ လက်သီးကို တိုက်ခိုက်လိုက်သည်။ သူက ချက်ချင်း နောက်သို့ လွင့်သွားပြီး ပါးစပ်မှ သွေးအန်လိုက်ရ၏။

လော်ရှန်းကျိ၏ လက်သီးကတော့ ရပ်တန့်သွားခဲ့ခြင်း မရှိချေ။ အစောင့်ခေါင်းဆောင်၏ မျက်လုံးထဲတွင်တော့ ထိုလက်သီးက ဤကမ္ဘာမြေကြီးထဲ၌ တစ်ခုတည်းသာ ရှိနေသလို ခံစားလိုက်ရ၏။

"သူ့ကို သတ်စမ်း… "

အစောင့်ခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ ထို့နောက် ခါးကို လှုပ်ရှားလိုက်ပြီး လက်နှစ်ဖက်ကို ကန့်လန့်ဖြတ် ကာကွယ်လိုက်သည်။ တဖန် ညာလက်သီးနှင့် လော်ရှန်းကျိကို ပြန်လည်တိုက်ခိုက်လိုက်၏။

"ဗုန်း… "

လက်သီးနှစ်ခု ရင်ဆိုင်လိုက်မိပြီး အသံတစ်ခု ထွက်ပေါ်လာသည်။ ပတ်ပတ်လည်တွင်လည်း ပြင်းထန်သော လေလှိုင်းတစ်ခု ပြန့်နှံ့သွားခဲ့၏။ အစောင့်ခေါင်းဆောင်၏ ပါးစပ်ထဲမှနေ၍ သွေးများ စီးကျလာနေပြီး သူ့လက်သီးကလည်း အသားစများအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူက နောက်ကို (၃)လှမ်းခန့် ပြန်ဆုတ်လိုက်ရ၏။ သို့သော် သူက လော်ရှန်းကျိ၏ လက်သီးအရှိန်အဝါကို နှေးကွေးအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ကျန်ရှိနေသော အစောင့်များလည်း ရောက်လာကြပြီး အမိုးပေါ်တွင် ရှိနေသော လူများက ဒူးလေးနှင့် ပစ်ရန် အဆင်သင့်ပြင်ထားခဲ့သည်။

လော်ရှန်းကျိက သူ့ကိုယ်သူ ဆိုးရွားသော အခြေအနေမျိုး လုံးဝကျရောက်ခံလိမ့်မည် မဟုတ်ချေ။ လက်သီးနှင့် တိုက်ခိုက်လိုက်သော တန်ပြန်တွန်းအားကို အသုံးချပြီး အပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် နံရံကို လက်နှင့်ထောက်ပြီး ခုန်ကျော်လိုက်၏။

"ဝှစ်…ဝှစ်…."

သူက စက္ကန့်ပိုင်းလေးအတွင်း နံရံပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ သူ ရပ်နေသော နေရာတွင်တော့ မြားများ တစ်ခုပြီးတစ်ခု ကျရောက်လာခဲ့၏။

အစောင့်ပေါင်းများစွာက သူ့နောက်ကို လိုက်သွားကြသည်။ သူတို့ကတော့ တာဝန်ကျေပွန်ချင်နေပြီး လုပ်ကြံရေးသမားကို ဖမ်းဆီးရန် ဆန္ဒတစ်ခုသာ ရှိနေကြသည်။ အစောင့်ခေါင်းဆောင်၏ လက်ရှိဒဏ်ရာများအရ သူတို့ကို တားရန် ခက်ခဲ၏။

အစောင့်ခေါင်းဆောင်က လုပ်ကြံရေးသမားအကြောင်း အော်ပြောလိုက်သည်ကို ကြားသည့်အချိန်တွင် မုန့်ချီကတော့ ပရမ်းပတာ အခြေအနေများကို အခွင့်ကောင်းယူပြီး တံစက်မြိတ်ပေါ်သို့ ချိတ်နှင့် လှမ်းပစ်လိုက်သည်။ ထို့နောက် ကြိုးကို တင်းတင်းဆွဲလိုက်ပြီး အပေါ်သို့ ခိုးတက်သွားခဲ့၏။

ရွမ်ယုရှုကလည်း နံရံပေါ်မှ ခွာသွားပြီး အနားတွင် ရှိနေသော ဥယျာဉ်ထဲတွင် ပုန်း၍ မုန့်ချီကို စောင့်နေခဲ့သည်။ အကယ်၍ သူမကသာ ထိုက်ကျိခန်းမထဲမှ မုန့်ချီ ထွက်လာသည်ကို မမြင်ရလျှင် အစောင့်များကို လှုပ်လှုပ်ရှားရှား ဖြစ်သွားအောင် လုပ်ဆောင်ရန် စောင့်ဆိုင်းနေခဲ့၏။ သူတို့တစ်ယောက်ချင်းဆီက သူတို့၏ အစီအစဉ်အတိုင်း တာဝန်အသီးသီးကို ယူဆောင်ထားကြသည်။

မုန့်ချီက ခန်းမ၏ အနောက်ဝင်ပေါက်ကို ပျံသန်းသွားခဲ့၏။ သူက တံခါးသော့ကို လက်နှင့် ဖျက်ဆီးလိုက်ပြီး အတွင်းထဲသို့ ဝင်လိုက်သည်။ ရုတ်တရက်ဆိုသလို သူ့ရှေ့တွင် လူရိပ်နှစ်ခုကို တွေ့လိုက်ရ၏။

လူနှစ်ယောက်က ခန်းမကြီးဆီသို့ ဦးတည်သွားသော တံခါးဝတွင် ရပ်နေကြသည်။ သူတို့နှစ်ယောက်ကတော့ အပြင်ဘက်ရှိ လှုပ်ရှားမှုများကို စိတ်မဝင်စားကြဘဲ လက်ထဲတွင် ဓားကိုင်ထားကြသည်။ သို့သော် ကျူးကျော်သူက တံခါးကို တွန်းဖွင့်ပြီး ဝင်လာလိမ့်မည်ဟု သူတို့လည်း မထင်ထားကြပေ။

ခန်းမကြီးကို အလွှာအထပ်ထပ် ကာကွယ်ထားခြင်းဖြစ်၏။ မုန့်ချီက အလွန်တည်ငြိမ်နေပြီး ခြေဖော့၍ ဝင်သွားခဲ့၏။ သူ၏အရှိန်က ထူးထူးခြားခြားကို လျင်မြန်နေပြီး တစ္ဆေတစ်ကောင်ကဲ့သို့ ထင်မှတ်ရသည်။

ယခု သူက အထဲကို ရောက်နေပြီ ဖြစ်သည့်အတွက် သတိလစ်နေသော ဘုရင်ဟောင်း၏ အခန်းနှင့် အလွန်နီးကပ်နေပြီဖြစ်၏။ သူ၏အစီအစဉ်က ထိုအရာကို အားသုံး၍ ဖျက်ဆီးပစ်ရန် ဖြစ်၏။

သူက ဤနေရာတွင် ရှင်ဘုရင်ကို လုပ်ကြံသတ်ဖြတ်ရန် ရောက်လာခြင်း မဟုတ်ချေ။ သူ့အခြေအနေကို စစ်ဆေးရန်သာ ရောက်လာခဲ့ခြင်းဖြစ်၏။ သူက အစောင့်များ၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို မခံရခင် ထွက်ပြေး၍ ရနိုင်သည်။

သူက အစောင့်နှစ်ယောက်ဆီသို့ ပြေးဝင်သွားပြီး ဓားကို မြှောက်လိုက်သည်။ ထို့နောက် ဓားကို အစီအစဉ်မကျ ဝှေ့ယမ်းတိုက်ခိုက်လိုက်၏။ သူ၏လှုပ်ရှားမှုကြောင့် ဓားထိပ်ဖျားက ဆက်တိုက်ဆိုသလို လှုပ်ရှားနေပြီး ခန့်မှန်း၍ မရနိုင်ပေ။ အရှိန်ပင် သုံးစရာ မလိုအပ်ချေ။

အစောင့်များက သူတို့၏ ဓားကို မြှောက်ပြီး တားဆီးခြင်း မပြုနိုင်ခင် သူတို့၏ လည်ချောင်းက ဖြတ်တောက်ခံလိုက်ရ၏။ အစောင့်များက သူတို့၏ ဓားကို ဝှေ့ယမ်းပြီး လုပ်ကြံသူဟူသော စကားလုံးကို အော်ဟစ်သတိပေးချင်နေခဲ့သည်။

မုန့်ချီက ချက်ချင်းပင် ဓားလမ်းကြောင်းကို ပြောင်းလဲလိုက်ရာ ဓားအလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး အစောင့်နှစ်ယောက်၏ လည်ချောင်းကို ဖြတ်သွားခဲ့သည်။ သူတို့၏ လက်ချောင်းထဲတွင်လည်း သွေးများ ပြည့်နှက်လာ၏။ သူတို့ကတော့ သိုင်းကွက်နှစ်ကွက်ပင် မတိုက်ခိုက်ရဘဲ အသတ်ခံလိုက်ရခြင်းဖြစ်သည်။ လုပ်ကြံသူဟူသော စကားကိုပင် အော်ရန် အချိန်မရ‌ခဲ့ပေ။

တုကူးဓား (၉)ကွက်က အမှန်တကယ်ကို သတ်ဖြတ်ရေးလက်နက်တစ်ခုဖြစ်၏။ မုန့်ချီက သက်ပြင်းချလိုက်မိသည်။ သူကသာ ဤကမ္ဘာကြီးထဲတွင် ထိပ်တန်းပညာရှင်များနှင့် မတွေ့ရသရွေ့ အနတ္တကျိန်စာဖျက်ဓားပညာကိုပင် မလိုအပ်ပဲ အလွန်လျင်မြန်သော တုကူးဓား(၉)ကွက်ကို သုံး၍ အနိုင်ရနိုင်သည်။

သူက လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်ကို သုံးပြီး ခန်းမထဲသို့ လေလှိုင်းတစ်ခုပမာ ဖြတ်သန်း၍ စြင်္ကံလမ်းထဲသို့ ဝင်သွားခဲ့သည်။ သူ့ရှေ့တွင်တော့ သတိလစ်နေသော ဘုရင်ဟောင်း၏ အခန်းကို စောင့်ကြပ်နေသော ပညာရှင်(၄)ယောက် ရှိနေသည်။

သူက ရွှေခေါင်း‌လောင်းအကာအကွယ်ကျင့်စဉ်ကို ပြည့်ပြည့်ဝဝ အသုံးချလိုက်ပြီး ပုခုံးနှင့် နံရံကို တွန်းချလိုက်သည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်ကို နားလည်လာပြီးနောက် သူ၏အစွမ်းက သိသိသာသာ တိုးတက်လာပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်ကလည်း အဆင့်(၆)ကို ရောက်လာခဲ့သည်။

ရွှေရောင်အလင်းတန်းများ တောက်ပလာသည့်အချိန်တွင် နံရံပေါ်၌ အလွန်ကြီးမားသော အပေါက်ကြီးတစ်ပေါက်ကို ပေါ်လာခဲ့သည်။

"ဟူး… သူတို့က တံခါးကို စောင့်နေမှတော့ ငါက နံရံကို ဖြတ်လာရမှာပေါ့… "

ထိုအရာက သူ့အတွက် ပို၍ အချိန်ကုန် သက်သာစေသည်။ သို့သော် ထိုအရာက မှန်ကန်ပုံ မရချေ။ သူက လူသားရထားလုံးတစ်ခုသဖွယ် ခံစားနေရ၏။

သူက ထိုက်ကျိခန်းမထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် ခြေဖော့နင်းလိုက်ပြီး ကျောက်တုံးလေးတစ်တုံးနှင့် အိပ်ရာဆီကို လှမ်းပစ်လိုက်သည်။ ဘုရင်ကြီးက တုန့်ပြန်ခြင်း ရှိမရှိကိုသာ သူက သိလိုခြင်း ဖြစ်၏။ ရှင်ဘုရင်၏ အခြေအနေကိုသာ သေချာသွားမည်ဆိုလျှင် ပညာရှင်(၄)ယောက် ရောက်မလာခင် ထွက်ပြေး၍ ရနိုင်သည်။

ကျောက်တုံးလေးက လေထဲသို့ ပျံသန်းသွားပြီး အိပ်ရာပေါ်သို့ ကျ၍ အမှောင်ထဲတွင် အိပ်နေသော ဘုရင်ကို ထိတော့မည့်အချိန်တွင် အဖြူရောင်လက်တစ်ဖက် ရောက်လာပြီး ကျောက်တုံးလေးကို တားဆီးထားလိုက်သည်။ ထို့နောက် ပိုးသားဝတ်ရုံ ဝတ်ဆင်ထားသော သက်လတ်ပိုင်း စာသင်သားတစ်ယောက်က အိပ်ရာအနောက်မှ ထွက်လာပြီး ပြုံးကြည့်နေခဲ့သည်။ သူ့ပုံစံက ချောမောခန့်ညားပြီး ဆံပင်ဖြူများ ရှိနေ၏။

"မကောင်းဆိုးဝါးမင်းသား… "

မုန့်ချီက ရောက်လာသူကို ကြည့်ပြီး ဓားကို ဆွဲထုတ်လိုက်သည်။

“မကောင်းဆိုးဝါးမင်းသားက တကယ်ပဲ ဒီနေရာကို ရောက်လာတာလား…”

မုန့်ချီက ထောင်ချောက်များ ၊ ရန်သူများကို ကြိုတင်တွက်ချက်ထားခဲ့သည်။ သို့သော် ဤနေရာတွင် စောင့်နေသော ရန်သူက မကောင်းဆိုးဝါးမင်းသားဖြစ်နေမည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။

မကောင်းဆိုးဝါးမင်းသား ကွမ်ရင်က သူ့ညာလက်ကို အပြုံးနှင့် စိုက်ကြည့်နေသည်။ အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်ကို ရှိနေသလို ထင်မှတ်ရ၏။

တစ်ဖက်တွင်တော့ မုန့်ချီက သူ့ကို မည်သို့ပြောရမှန်းပင် မသိတော့ချေ။ သူ၏ ရင်ထဲတွင် တိုက်ခိုက်ချင်စိတ်များ မြင့်တက်လာပြီး မကောင်းဆိုးဝါး စမ်းသပ်‌ရေးဓားနှင့် ရေခဲပေါ်တယ်ဓားတို့ကို မြှောက်လိုက်သည်။ သူက ပတ်ဝန်းကျင်အခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။

ချီစွမ်းအင်များ အချင်းချင်း ရင်ဆိုင်နေရသည့်အချိန်တွင် မုန့်ချီက ထွက်မပြေးရဲပေ။ သူတို့၏ ချီစွမ်းအင် လှုပ်ရှားမှုများ ရှုပ်ထွေးနေသည့်အချိန်တွင် မကောင်းဆိုးဝါးမင်းသား၏ တိုက်ခိုက်မှုက သေချာပေါက် ရောက်လာနိုင်သည်။ သူသာ ထွက်ပြေးလိုက်မည်ဆိုရင် စွမ်းအားတစ်ဝက်ခန့်ကိုပင် အသုံးပြုနိုင်တော့မည် မဟုတ်ပေ။

သူ၏ စိတ်ဝိညာဉ်စွမ်းအား တစ်စိတ်တစ်ပိုင်းကို ဓားထဲသို့ ပေါင်းထည့်လိုက်သည့် အချိန်တွင် ဓားက သူ့ခန္ဓာကိုယ်၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ မုန့်ချီက ခံစားလိုက်ရသည်။ ထိုစိတ်ဝိညာဉ်စွမ်းအား၏ အကူအညီနှင့် သူ့စိတ်ထဲတွင် ပတ်ဝန်းကျင်အခြေအနေကို သတိထားမိလာပြီး မကောင်းဆိုးဝါးမင်းသား၏ ချီစွမ်းအင်လှုပ်ရှားမှုကိုလည်း ဝိုးတဝါးသိလာသည်။

သို့သော် တံခါးတွင် ရှိနေသော ပညာရှင် (၄)ယောက်ကတော့ အတွင်းထဲတွင် ရှိနေသော အရာများကို သတိမထားမိသည်မှာ အနည်းငယ် ထူးဆန်းနေသည်။ ယခုတော့ သူတို့၏ခန္ဓာကိုယ်ကို မကောင်းဆိုးဝါး မင်းသားက ထိန်းချုပ်ထားကြောင်း မုန့်ချီလည်း နားလည်သွားခဲ့၏။ ထို့ကြောင့် သူတို့က မည်သည့်အရာကိုမျှ သတိမထားမိခဲ့ခြင်း ဖြစ်သည်။

အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က အလွန်ကြောက်စရာကောင်း၏။ ထို့ကြောင့် မကောင်းဆိုးဝါးမင်းသားက ကြောက်စရာကောင်းနေခြင်း ဖြစ်သည်။ မုန့်ချီနှင့် မကောင်းဆိုးဝါး မင်းသားတို့က အချင်းချင်း ကြည့်နေကြပြီး ကြောက်လန့်နေသလို မခံစားခဲ့ကြရပေ။

အပြင်ဘက်တွင်တော့ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့၏။ ရှင်ဘုရင်၏ အိပ်ခန်းထဲသို့ လူနှစ်ယောက် ရောက်နေကြောင်း အစောင့်များကလည်း သတိမထားမိကြပေ။

"ဒီမကောင်းဆိုးဝါးအိုကြီးက သေချင်ယောင်ဆောင်ပြီး လှည့်ကွက်တွေ လုပ်ခဲ့တယ်။ ဒါပေမယ့် လူသားတွေရဲ့စိတ်က ခန့်မှန်းလို့မရဘူးလေ။ သူက ဉာဏ်ကောင်းသယောင် ဟန်ဆောင်ခဲ့ပေမယ့် အဆုံးသတ်မှာတော့ ကိုယ့်အတတ်ကိုယ်စူးပြီး တကယ်သေသွားရပြီ…"

သိုင်းသခင်တစ်ယောက်၏ အမူအရာနှင့် မကောင်းဆိုးဝါး မင်းသားက အိပ်ရာပေါ်တွင် လဲလျောင်းနေသော ဘုရင်ကြီးကို လက်ညှိုးထိုးပြလိုက်သည်။

လူဆိုးအများစုက စကားများများပြောခြင်းကြောင့် သေသွားကြရသည်ကို ထိုလူက မသိခြင်းပေလော…

မုန့်ချီက မကောင်းဆိုးဝါး မင်းသားကို တိတ်တဆိတ် လှောင်ပြောင်မိခဲ့၏။ သူက ဘုရင့်အိပ်ရာကို စိုက်ကြည့်လိုက်ရာ ရှင်ဘုရင်၏ ဖြူဖပ်ဖြူရော် မျက်နှာ ၊ ဖောင်းပွနေသော အသားအရည်နှင့် သွေးများ စီးကျလာနေသော ခန္ဓာကိုယ်ကို မြင်သည့်အခါ သူသေသွားသည်မှာ အချိန်အတော်လေး ကြာပြီဖြစ်ကြောင်း သေချာသွားခဲ့သည်။

“လှည့်ကွက်လား…”

သူက ယာယီလုံခြုံနေသည့်အတွက် ထိုကိစ္စကို ရှင်းရှင်းလင်းလင်း သိချင်နေသည်။

မကောင်းဆိုးဝါးမင်းသားက ရယ်လိုက်၏။

"ဒီမကောင်းဆိုးဝါးအိုကြီးဆီမှာ အစစ်အမှန် တိုက်ခိုက်စွမ်းရည်မရှိပေမဲ့ သူ့ဆီမှာ သိုင်းကျမ်းတွေ အများကြီး ရှိတယ်လေ။ ပြီးတော့ ပညာရှင်တွေလည်း အများကြီး ရှိတယ်။ သူက ဘယ်လိုဖြစ်ပြီး ဒီလောက် အလွယ်တကူ သတိလစ်ရမှာလဲ.. "

သူ ပြောသည့်စကားက ဟုတ်မှန်နေသည်။ သိုင်းပညာကမ္ဘာကြီးထဲတွင် ရှင်ဘုရင် တစ်ယောက်က ထိပ်တန်းပညာရှင်တစ်ယောက်ဖြစ်ရန် မလိုအပ်ပေ။ သို့သော် အနည်းဆုံးတော့ စွမ်းအားတချို့ ရှိရမည်ဖြစ်၏။

မတော်တဆဖြစ်ရပ်များ၊ လုပ်ကြံသတ်ဖြတ်မှုများကို စိတ်ပူစရာမလိုသည့်အတွက် ရှင်ဘုရင်များက သူ၏ကျန်းမာရေးနှင့် သက်တမ်းကို ဆွဲဆန့်ရန်သာ သိုင်းပညာကို လေ့ကျင့်ကြသည်။ ထိုစကားကို ကြားသည့်အခါ မုန့်ချီက အံ့ဩသွားခြင်းမရှိပေ။

"ဒါကြောင့် သူက သတိမေ့ချင်ယောဆောင်နေတာလား…"

မုန့်ချီက လေးလေးနက်နက် မေးလိုက်သည်။

"မဟုတ်ဘူး…။ ဒီမကောင်းဆိုးဝါးအိုကြီးက အသက်ကြီးနေပေမယ့် သူ့ရဲ့သက်တမ်းကို မကျေနပ်နိုင်သေးဘူး။ သူက အသက်ကို ဆွဲဆန့်ဖို့ နည်းလမ်းရှာနေတာ။ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် အတောအတွင်း ကျန်းသခင်လေးက မြို့တော်ကို ထွက်ပြေးလာတယ်။ သူက ဝမ်တီရန်ရဲ့အကူအညီနဲ့ ဒီမကောင်းဆိုးဝါးအိုကြီးဆီမှာ ခိုလှုံခွင့်တောင်းတယ်။ အပေးအယူအနေနဲ့ သခင်ကြီးရဲ့နောက်ဆုံး တည်နေရာကို ပြောလိုက်ရတယ်။ ဒီမကောင်းဆိုးဝါးအိုကြီးက သခင်ကြီးရဲ့အမွေအနှစ်တွေကို ရသွားတယ်လေ။ အဲဒါက နတ်ဆိုးကျောင်းရဲ့အနှစ်သာရတွေနဲ့ ‌ဗုဒ္ဓအမွေအနှစ်တွေကို စုစည်းထားတဲ့ သလင်းကျောက်တုံးတစ်တုံးပဲ။ ဒါပေမယ့် သူက သူ့ရဲ့စွမ်းအားတွေကို မြှင့်တင်ပြီး အသက်ကြီးလာတာကို နှေးကွေးဖို့အတွက် အရမ်းစိတ်လောနေတယ်။ သူက အဲဒီအစွမ်းတွေကို ခံနိုင်ရည်မရှိဘဲ သတိလစ်သွားတာပဲ…"

"ကျန်းကလန်က သခင်လေးကို လက်ယာအမတ်ကြီးက တွေ့သွားပြီလား…။ တပ်မှူးလုက မြို့တော်ကို ရောက်မလာခင် တွေ့သွားတာလား…"

ထိုသတင်းကြောင့် မုန့်ချီက အံ့ဩသွားခဲ့ပြီး လက်ယာအမတ်ကြီး၏ အပြုအမူကို နားမလည်နိုင်တော့ပေ။

Translated by Hein Htet

All Chapters