အခန်း (၁၈၅)
Vol. 13 Ch. 185
မကောင်းဆိုးဝါးမင်းသားက ဘယ်လက်ကို နောက်ပစ်ထားပြီး ညာလက်နှင့် အင်္ကျီအဝတ်ကို ခါလိုက်သည်။
"ဟုတ်တယ်လေ။ မဟုတ်ရင် အဲဒီမကောင်းဆိုးဝါးအိုကြီးက သခင်ကြီးရဲ့ အမွေအနှစ်တွေကို ဘယ်နေရာမှာသွားပြီး ရှာနိုင်မှာလဲ… "
သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်မှာ သခင်ကြီးက ခေါင်းရိတ်ပြီး ဘုန်းတော်ကြီးတစ်ပါး ဖြစ်သွားတယ်။ အဲဒီအချိန် သူ့အနားမှာ ဘုန်းတော်ကြီးတစ်ပါး ရှိနေတယ်။ သူက ထူးခြားတဲ့ သလင်းကျောက်ကို ဖန်တီးပြီး သေသွားခဲ့တဲ့အချိန်မှာ အဲဒီဘုန်းတော်ကြီးက မြက်ခင်းစိမ်းပေါ်က မိတ်ဆွေတစ်ယောက်နဲ့တွေ့ပြီး ထူးခြားတဲ့ ပုံပြင်ကို သူ့မိတ်ဆွေ သိအောင်ပြောပြခဲ့တယ်…”
“ဒါကြောင့်လည်း နတ်ဆိုးသခင်က ဘယ်နေရာမှာ ရှိနေလဲဆိုတာ ကျန်းမျိုးနွယ် သခင်လေးက သိနေတာပဲ… "
မုန့်ချီက ရုတ်တရက် အမှတ်ရသွားပြီး မကောင်းဆိုးဝါးမင်းသားကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
မကောင်းဆိုးဝါးမင်းသားကတော့ အန္တရာယ်များသော နန်းတွင်းထဲသို့ ရောက်နေခြင်း မဟုတ်ဘဲ သူ့အိမ်တွင် ရှိနေသည့်အလား သက်သောင့်သက်သာ စကားပြောနေခဲ့သည်။
"မကောင်းဆိုးဝါးအိုကြီးက အစွမ်းထက်တဲ့ စွမ်းအားတွေကြောင့် ယာယီသတိလစ်သွားပေမယ့် မြန်မြန်ပြန်နိုးလာတယ်။ ဒါပေမယ့် နိုးနေတာထက် အိပ်နေတာက ပိုပြီးကောင်းတယ်ဆိုတာကို သူက ခံစားမိခဲ့တယ်…။ သူက ဒီအခွင့်အရေးကို အရယူပြီး သူ့သား(၄)ယောက်နဲ့ သူတို့ရဲ့သဘောထားတွေကို စစ်ဆေးကြည့်ချင်နေတယ်လေ…။ တစ်ချိန်တည်းမှာပဲ ထီးနန်းပြဿနာကို အသုံးချပြီး နန်းတော်ထဲကို သိုင်းသခင်တွေ ရောက်လာအောင် ဆွဲဆောင်ချင်နေခဲ့တယ်။ ဒါကြောင့် သူက နတ်ဆိုးသခင်ရဲ့ အမွေအနှစ်ကိစ္စကို သတင်းပြန့်အောင် လုပ်လိုက်ပြီး သိုင်းသခင်တွေကို ထောင်ချောက်ဆင်ဖို့ ကြိုးစားခဲ့တာပဲ…"
"ဒါဆိုရင် အဲဒီညမှာ ပါတူ တိုက်ခိုက်ခံရတာက သူ့နေရာကို ကျန်းသခင်လေး ပြောပြလိုက်လို့လား… "
ရှင်ဘုရင်၏ လှည့်ကွက်ကို ကြားလိုက်ရသည့်အခါ မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေခဲ့သည်။
ဤကမ္ဘာကြီးထဲတွင် သိုင်းသခင်များကို ဆွဲဆောင်ရန် မည်သည့်အရာမျိုး လိုအပ်မည်နည်း…။ နတ်ဆိုးသခင်၏ အမွေအနှစ်ကလွဲလျှင် တခြားမည်သည့်အရာမျှ မရှိချေ။
မုန့်ချီနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူတို့က ထီးနန်းကို အနည်းငယ်သာ စိတ်ဝင်စားကြသည်။ မည်သို့ဖြစ်စေကာမူ သူတို့က အဆင့်သစ်တစ်ခု တက်လှမ်းနိုင်ရန် အစွန်တွင် အချိန်အတော်ကြာ ရပ်တန့်နေခဲ့ကြရသည်။ သူတို့က အဆင့်တက်ရန် နီးစပ်နေသော်လည်း ပြင်ပအကူအညီမရှိလျှင် လုံးဝအောင်မြင်နိုင်မည် မဟုတ်ချေ။
မကောင်းဆိုးဝါး မင်းသားက မုန့်ချီကို အပြုံးနှင့် ပြောလိုက်သည်။
"တကယ်လို့ မင်းကသာ ပြတ်ရှဓားကို အနိုင်ရပြီး ယုယီဘုန်းတော်ကြီးနဲ့ နတ်ဆိုးဘုရင်တို့ကို မခြောက်လှန့်နိုင်ဘူးဆိုရင် ပါတူနဲ့ ကျန်းဆန်းကျင်းတို့ကို ခေါ်မသွားခဲ့ဘူးဆိုရင် ဝမ်တီရန်နှင့် တော်ဝင်အကြံပေးတို့ကလွဲပြီး ယွမ်ကျူးကျောင်းဆောင် အပြင်ဘက်မှာ စောင့်နေတဲ့ သိုင်းသခင်တွေ အားလုံးက ဆရာကြီးရဲ့အမွေအနှစ်အတွက် တိုက်ခိုက်ကြမှာပဲ…”
“ငါ စုံစမ်းထားတဲ့ အချက်အလက်တွေအရ ယွမ်ကျူးကျောင်းဆောင်ရဲ့ အပြင်ဘက်မှာ ပေါက်ကွဲရေးပစ္စည်းတွေ အများကြီး ရှိတယ်။ သိုင်းသခင်တွေကသာ ဝင်သွားတာနဲ့ အသေခံရဲမက်တွေက အဲဒီအရာတွေကို ဖောက်ခွဲပြီး လူတိုင်းကို သတ်ပစ်မှာပဲ…"
မုန့်ချီက တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ဒါကြောင့်လည်း ကျန်းသခင်လေးက လက်ယာအမတ်ကြီး ရောက်မလာခင် ပုန်းနေတဲ့နေရာကနေ ထွက်သွားခဲ့တာပဲ…"
"ဝှစ်…… "
လေလှိုင်းများက သစ်ကိုင်းများကို ပွတ်တိုက်သွားသည့်အတွက် တဝှီးဝှီးမြည်သံများပင် ကြားနေရသည်။ ဆူညံသံများကြောင့် လေလှိုင်း၏ ပြင်းအားကိုပင် အလွယ်တကူ သိနိုင်ကြ၏။
"မင်းက ပါတူကို ခေါ်သွားလိမ့်မယ်လို့ ဝမ်တီရန်ကလည်း ထင်မထားခဲ့ဘူးလေ…။ လုကွမ်က မင်းသား တစ်ယောက်ယောက်ဆီမှာ ခိုလှုံရမဲ့အစား တစ်ယောက်တည်းသွားပြီး ပါတူကို ခေါ်လာမှာ မဟုတ်ဘူးဆိုတာ သူသိတယ်။ ဒါကြောင့်လည်း သူက အချိန်ဆွဲပြီး ကျန်းသခင်လေးရဲ့အကြောင်းကို လူလွှတ်စုံစမ်းခဲ့တာ။ မဟုတ်ရင် သူ့လို သိုင်းသခင်တစ်ယောက်ရဲ့အစွမ်းမျိုးနဲ့ ချက်ချင်း သွားလို့ ရတယ်လေ…။ လုကွမ်နဲ့ပါတူတို့ကို ဘာလို့ဖြည်းဖြည်းချင်း စောင့်ခေါ်နေမှာလဲ… "
မကောင်းဆိုးဝါးမင်းသားက လှောင်ပြောင်နေသည့် ပုံစံနှင့် ပြောလိုက်သည်။
ထိုစကားကလည်း မှန်ကန်နေပုံရ၏။ အကယ်၍ လက်ယာအမတ်ကြီးကသာ ကျန်းသခင်လေးကို တွေ့သွားမည်ဆိုလျှင် အခြေအနေကို ထိန်းထားရန် သူ့အတွက် ခက်ခဲနိုင်သည်။ အကယ်၍ သူကသာ ယွမ်ကျူးကျောင်းဆောင်ထဲသို့ မသွားခဲ့လျှင် အတွေ့အကြုံရှိသော သိုင်းသခင်များက သေချာပေါက် သံသယဝင်နေပြီး သူတို့၏ လက်အောက်ငယ်သားများကို စေလွှတ်၍ ကျောင်းဆောင်ကို စစ်ဆေးကြည့်နိုင်သည်။
အကယ်၍ သူသွားမည်ဆိုလျှင်လည်း အသေခံရဲမက်များက ဖောက်ခွဲရေးပစ္စည်းများကို မီးရှို့ပြီး သတ်ပစ်နိုင်၏။
မုန့်ချီကတော့ သတိလွတ်မနေဘဲ ဓားကို သေချာကိုင်ထားသေးသည်။
"ဘုရင်ကြီးက သိုင်းသခင်တွေအားလုံးကို ကြောက်လန့်နေရုံနဲ့ သူတို့ကို သတ်ပစ်ချင်မယ်လို့တော့ မထင်ဘူး…”
“ဒီကမ္ဘာကြီးရဲ့အရှင်သခင်တစ်ယောက်က သူ့အနားမှာ အစွမ်းထက်တဲ့ နတ်ဆိုးတွေလို ဝိုင်းရံနေတဲ့ သိုင်းသခင်တွေ ရှိနေတာကို ဘယ်လိုများ လက်ခံနိုင်မှာလဲ…။ တကယ်လို့ သူတို့အားလုံးကိုသာ လိုအပ်တဲ့အရာတွေ ပေးလိုက်မယ်ဆိုရင် သူတို့က အစောင့်အကြပ်တွေ ရှိနေရင်လည်း ဘုရင်ကို သတ်ပစ်နိုင်စွမ်းရှိတယ်လေ.."
မကောင်းဆိုးဝါးမင်းသား၏ ဘယ်လက်ကတော့ နောက်ပစ်ထားပြီး ညာလက်က ရင်ဘတ်ပေါ်သို့ တင်ထား၏။
"အခွင့်အရေးရတဲ့အချိန်မှာ မကောင်းဆိုးဝါးအိုကြီးက လုံးဝလက်လွှတ်မှာ မဟုတ်ဘူး။ သူက သလင်းကျောက်ထဲမှာရှိတဲ့ စွမ်းအားတွေအားလုံးကို မစုပ်ယူရသေးတာကိုတောင် အဲဒါကို ငါးစာအဖြစ် အသုံးချခဲ့သေးတယ်။ သူ့ရဲ့ခန္ဓာကိုယ်က အသက်ကြီးနေပြီဆိုတော့ စွမ်းအားတွေ အများကြီး စုပ်မယူနိုင်ဘူး။ တကယ်လို့ ဝမ်တီရန်ကသာ အဲဒါကို ဖိနှိပ်ပေးထားတာ မဟုတ်ရင် မကောင်းဆိုးဝါးအိုကြီးက သူ့ကိုလည်း ယွမ်ကျူးကျောင်းဆောင်ဆီ ဝမ်းမြောက်ဝမ်းသာ လွှတ်လိုက်မှာပဲ…"
"သူက တကယ့်ကို ဘုရင်အစစ်လို့ ပြောထိုက်ပါပေတယ်…"
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
"ဟုတ်တယ်။ သူက ရက်စက်ကြမ်းကြုတ်ပြီး နှလုံးသားမရှိဘူး။ ထီးနန်းနဲ့ အာဏာကို ချစ်တာကလည်း သူ့ရဲ့မိဖုရားနဲ့ သားသမီးတွေကို ချစ်တာထက်တောင် ပိုသေးတယ်"
မကောင်းဆိုးဝါးမင်းသားက သူ့စကားကို ထောက်ခံပြီး ပြန်ဖြေလိုက်သည်။
လေလှိုင်းများက တဖြည်းဖြည်းပို၍ အစွမ်းထက်လာ၏။ လေထုကလည်း စိုထိုင်းထိုင်းဖြစ်လာပြီး အနည်းငယ် ငြီးငွေ့စရာ ဖြစ်လာခဲ့၏။
မုန့်ချီက တမင်တကာ မေးလိုက်သည်။
"ဘုရင်က သတိလစ်နေပေမယ့် လက်ယာအမတ်ကြီး ၊ အနောက်ပိုင်းတပ်မှူးကနေ တစ်ဆင့် ပုံမှန်ကိစ္စတွေကို လုပ်နိုင်သေးတယ်လေ။ ဘာလို့ သူက ရုတ်တရက် သေသွားရတာလဲ…။ သူက အနောက်ပိုင်းတပ်မှူးကို လုဟွာရှန်နဲ့ ဆက်သွယ်ဖို့အတွက် တိတ်တဆိတ်စေလွှတ်တာကလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ပဲ မဟုတ်ဘူးလား…"
ရှင်ဘုရင်က သာမန်ကိစ္စရပ်များကို လိမ်လည်ရန် လုံးဝမဖြစ်နိုင်ပေ။ သူလည်း စားသောက်နေထိုင်ရန် လိုအပ်သော လူသားတစ်ယောက်သာ ဖြစ်၏။ ထို့ကြောင့် ထိုကိစ္စများကို ကူညီပေးရန် ယုံကြည်ရသည့် အကူအညီတစ်ယောက် လိုအပ်သည်။
"ငြိမ်းချမ်းရေးဆွေးနွေးမှုကသာ သူလက်ခံနိုင်တဲ့ အခြေအနေထက် မကျော်ဘူးဆိုရင် မကောင်းဆိုးဝါးအိုကြီးက သေချာပေါက် ဆွေးနွေးမှာပဲ။ သူက သိုင်းသခင်တွေနဲ့ အမိန့်မနာခံတဲ့ သူ့သားတွေကို ရှင်းပစ်ဖို့ စီစဉ်ပြီးမှ ရဲမက်တွေကို စုစည်းပြီး အနောက်မြောက်ဘက်ကို ပြန်သိမ်းဖို့ စဉ်းစားနေတာ…။ တကယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကသာ အဆင်မပြေဘူးဆိုရင် သူက လုကွမ်ကို နန်းတော်ထဲ ဆင့်ခေါ်ပြီး တပ်ဖွဲ့တွေကို ဦးစီးခိုင်းမှာပဲ…"
မကောင်းဆိုးဝါးမင်းသားက ရှင်ဘုရင်ဟောင်း၏ စိတ်ကို သိနေသည့်အလား အရာအားလုံးကို ပြောပြနေခဲ့သည်။
မုန့်ချီက ခေါင်းညိတ်ပြလိုက်၏။ အကယ်၍ ရှင်ဘုရင်ဟောင်းကသာ အသက်ရှင်နေဦးမည်ဆိုလျှင် သူက ပင်မတာဝန်ကို ပြီးဆုံးရန်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တားဆီးရန် နည်းလမ်းတစ်ခု ရှာရဦးမည် ဖြစ်သည်။
ကျန်းသခင်လေးက ရှင်ဘုရင်၏ လက်ထဲတွင် ကျားစေ့တစ်ခုသဖွယ် ရှိနေသည့်အတွက် သူကလည်း အနောက်ပိုင်း ကျူးကျော်သူများ၏ အတွင်းရေးသတင်းများကို သေချာပေါက် သိနေနိုင်သည်။ ထိုသို့ဆိုလျှင် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတုကလည်း မထင်မှတ်ထားသော အရာများစွာဖြစ်လာနိုင်၏။
မကောင်းဆိုးဝါးမင်းသားက ပြောလိုက်သည်။
"သူကတော့ အရာအားလုံး သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတယ်လို့ တွေးထားတာ။ ဒါပေမယ့် လူတွေရဲ့နှလုံးသားကိုတော့ သေချာနားမလည်ခဲ့ဘူးလေ...။ သတိလစ်နေတဲ့ ရှင်ဘုရင်တစ်ယောက်က လူအများစုအတွက်တော့ ဘာမျှ မထူးခြားတော့ဘူး…”
“သူတို့ရဲ့မျက်လုံးထဲမှာ သူက လူသေတစ်ယောက်ပဲ။ တကယ်လို့ သူ သတိလစ်နေတာက အတုဆိုရင်တောင် သူ စားသောက်နေထိုင်တဲ့ အငွေ့အသက်တွေက ရှိနေသေးတာပဲ…။ ဒီတော့ ရှင်ဘုရင်သာ အမှန်တကယ် သတိလစ်နေတာဆိုရင် သိပ်မကြာခင် နောက်ထပ် ဘုရင်အသစ်တစ်ပါး ပေါ်လာမယ်လို့ အစေခံတွေက တွေးပြီး မင်းသားတွေဆီကို သွားပြီးခိုလှုံကြတယ်လေ။ သူတို့က အိမ်ရှေ့မင်းသားနဲ့ မင်းသား(၇)တို့ကို သတင်းပို့ပြီး သူတို့ရဲ့ခမည်းတော်က တကယ်သတိလစ်တာ မဟုတ်ဘဲ လှည့်စားနေတယ်ဆိုတဲ့အကြောင်းကို ပြောပြလိုက်တာ…”
အကယ်၍ ရှင်ဘုရင် ရုတ်တရက် သတိလစ်သွားခြင်းက မင်းသား(၃)နှင့် မင်းသား(၄)တို့အတွက် မျှော်လင့်ချက်ပေးခြင်းကြောင့်သာ မဟုတ်လျှင် အိမ်ရှေ့မင်းသားနှင့် မင်းသား(၇)တို့ကသာ ထီးနန်းရမည်ဟု လူအများစုက တွက်ဆကြပါလိမ့်မည်။
"ဒါကြောင့်လည်း အိမ်ရှေ့မင်းသားဆီကို သွားတဲ့အချိန်မှာ သူက ငါ့ကို တွေ့ဖို့ငြင်းဆန်ခဲ့တာပဲ.။ သူ့မှာ အကြံအစည်တွေ ရှိနေတာကိုး…"
မုန့်ချီက အမှန်တရားကို နားလည်သွားသည့်အတွက် ပြောလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်၏။
"တကယ်လို့ မင်းသား(၇)ကို ဒါကို သိနေတယ်ဆိုရင်တောင် ဘာလို့ ငါ့ကို တွေ့ခဲ့ရတာလဲ…။ သူက ထီးနန်းကို လိုချင်လို့ပြောပေမယ့် ဘာလို့ ဘာမှမလှုပ်ရှားခဲ့ရတာလဲ…"
မကောင်းဆိုးဝါးမင်းသားကတော့ ကောက်ကျစ်စဉ်းလဲသော အမူအရာနှင့် ပြောလိုက်သည်။
"အဲဒီအချိန်မှာ မကောင်းဆိုးဝါးအိုကြီးက သေသွားပြီလေ…။ မင်းသား(၇)ကလည်း အမှန်တရားကို သိနေတယ်…”
“ဒါဆိုရင် မင်းသား(၇)က အမှန်တရားကို သိနေပြီး အိမ်ရှေ့မင်းသားကတော့ မသိသေးတဲ့အတွက် ဘယ်သူ့ကိုမှ မတွေ့တာလား…"
ထိုရှင်းပြမှုက ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု မုန့်ချီက မတွေးမိခဲ့ပေ။
မကောင်းဆိုးဝါးမင်းသားက ရယ်လိုက်၏။
"မကောင်းဆိုးဝါးအိုကြီး သေသွားတယ်ဆိုတာကို အိမ်ရှေ့မင်းသားက မသိချင်ယောင်ဆောင်နေတာပါ။ မကောင်းဆိုးဝါးအိုကြီးက အမှန်တကယ် သတိလစ်နေတာ မဟုတ်ဘူးဆိုတာကိုလည်း မင်းသား(၇)က မသိချင်ယောင်ဆောင်နေခဲ့တာ…"
"သူတို့အားလုံးက သရုပ်ဆောင်တွေလား…"
မုန့်ချီက မကောင်းဆိုးဝါးမင်းသား၏ စကားထဲတွင် အရေးပါသော အချက်အလက်များကို သတိထားမိခဲ့သည့်အတွက် ပြောလိုက်၏။
"ဒါဆိုရင် ဘုရင်ကြီးကို သတ်ခဲ့တာက အိမ်ရှေ့မင်းသားလား…"
"မင်းက သူ့ကို အမိန့်ပေးတဲ့လူလို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် အဲဒါကို လူအနည်းစုကပဲ သိတယ်။ မကောင်းဆိုးဝါးအိုကြီးက စွမ်းအားတွေကို အလွန်အကျွံ စုပ်ယူခဲ့တဲ့အတွက် သေသွားတယ်လို့ ဝမ်တီရန်က တွေးထားခဲ့တယ်။ ဒါကြောင့် သူက လျှို့ဝှက်ပြီး မြှုပ်ဖို့ စဉ်းစားထားတာ။ သူက အနောက်ပိုင်းတပ်မှူးနဲ့ တခြားလူတွေကို စုပြီး အိမ်ရှေ့မင်းသားကို ထီးနန်းရအောင် ကူညီပြင်ဆင်နေကြတာ…။ ပြီးရင်တော့ တခြားမင်းသား(၃)ပါးကို ဖိနှိပ်ကြမှာပေါ့… "
မုန့်ချီက ထိုစကားကို မေးခွန်းပြန်မထုတ်ခဲ့ပေ။ လက်ယာအမတ်ကြီး ဝမ်တီရန်က အတွေးအခေါ်အဖွဲ့အစည်း၏ အစွမ်းထက်သော နာမည်ကျော် အထောက်အပံ့ တစ်ယောက် ဖြစ်သည်။ အနောက်ပိုင်း ကျူးကျော်သူများက ပိုင်မြစ်ကို ကျူးကျော်လာသည့်အချိန်တွင် သူကတော့ အိမ်ရှေ့မင်းသားကို ချောချောမွေ့မွေ့ ထီးနန်းတင်နိုင်ရန် သေချာပေါက် မျှော်လင့်နေပါလိမ့်မည်။ သူ့လို အတွေးအခေါ် ပညာရှင်တစ်ယောက်က နောက်ထပ်တက်မည့် ဘုရင်တစ်ယောက်ကို သေချာရွေးချယ်မည်မှာ သာမန်သာဖြစ်သည်။
အိမ်ရှေ့မင်းသားက အချိန်ကြာမြင့်စွာ ဖိနှိပ်ခံထားရပြီး သူ၏လက်အောက်ခံ မှူးမတ်များနှင့် တပ်ဖွဲ့အင်အားများက တခြားမင်းသားများကို မယှဉ်နိုင်ပေ။ ထို့ပြင် မင်းသား(၄)ဆီ၌ ဓားအင်ပါယာ၏ အထောက်အပံ့ ရှိနေပြီး မင်းသား(၃)ဆီတွင် မကောင်းဆိုးဝါးဘုရင်မ၏ အထောက်အပံ့ရှိနေသည်။
အကယ်၍ သူကသာ အိမ်ရှေ့မင်းသားကို ထီးနန်းတင်ပေးမည်ဟု ကြေညာလိုက်မည်ဆိုလျှင် တခြားမင်းသားများက မကျေမနပ်ဖြစ်သွားပြီး ချက်ချင်းပင် ဆန့်ကျင်လာနိုင်သည်။ အကယ်၍ မြို့တော်နှင့် ကမ္ဘာကြီးတစ်ခုလုံးက ရှုပ်ထွေးနေမည်ဆိုလျှင်လည်း အနောက်ပိုင်းကျူးကျော်သူများက ထိုအခွင့်အရေးကို အရယူပြီး ကျူးကျော်လာနိုင်၏။
ထို့ကြောင့်လည်း လက်ယာအမတ်ကြီးက ရှင်ဘုရင်အလောင်း မြှုပ်နှံမည့်အကြောင်းကို အိမ်ရှေ့မင်းသားတစ်ယောက်တည်းကိုသာ သတင်းပေးထားခြင်းဖြစ်သည်။ ထိုအချိန်အတွင်း အိမ်ရှေ့မင်းသားက ကြားနေအဖွဲ့များကို သူ့ဘက်သို့ ဆွဲခေါ်ပြီး တခြားမင်းသားများကို ဖိနှိပ်၍ ထီးနန်းရယူရန် ကူညီပေးနေခြင်းလည်း ဖြစ်သည်။ ထိုသို့ဆိုလျှင် ထီးနန်းတိုက်ပွဲက လျင်မြန်စွာ အဆုံးသတ်သွားနိုင်၏။
"အမိန့်ပေးတာ ဟုတ်လား…။ ဒါဆိုရင် ဘုရင်ကြီးကို သတ်တာ ဘယ်သူလဲ…"
မုန့်ချီက နောက်တစ်ကြိမ် မေးလိုက်သည်။
အပြင်ဘက်တွင် ရှိနေသော ရာသီဥတုက တဖြည်းဖြည်း လျင်မြန်စွာ ပြောင်းလဲလာပြီး လေလှိုင်းများကလည်း လွှတ်တော်ထဲမှနေ၍ ဆူညံသံများနှင့်အတူ ထွက်ပေါ်လာနေသည်။
မကောင်းဆိုးဝါးမင်းသားက ယုံကြည်ချက်ရှိရှိပြောလိုက်၏။
"လက်ဝဲအမတ်ကြီး ယုလင်…"
"လူဆိုးအမတ်ကြီးလား… "
ထိုလူက နှစ်ပေါင်းများစွာ ရာထူးလျှော့ခံထားရခြင်းဖြစ်သည်။
“အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ခဲ့ပြီး အစစ်အမှန်စွမ်းအားရှိတဲ့ မှူးမတ်တစ်ယောက် ဖြစ်ခဲ့တဲ့အတွက် သူ့မှာ ဘုရင်ကြီးဆီကို ညသန်းခေါင် လာလည်နိုင်တဲ့ အခွင့်အရေးရှိတယ်…"
မကောင်းဆိုးဝါးမင်းသားက အမှန်တရားကို ဖုံးကွယ်ထားခဲ့ခြင်းမရှိပေ။
"ယုလင်က တခြားသူရဲ့ ရည်ရွယ်ချက်ကို ကောင်းကောင်းကြီးနားလည်သလို မကောင်းဆိုးဝါးအိုကြီးရဲ့ ယုံကြည်မှုကိုလည်း ရထားတယ်လေ။ လုကွမ်ကို မြို့တော်ဆီ ခေါ်လိုက်တဲ့အချိန်မှာ သူက ဘုရင်ရဲ့အခွင့်အရေးပေးမှုကို ဆုံးရှုံးသွားပြီဆိုတာ နားလည်သွားတယ်…”
“အိမ်ရှေ့မင်းသားက သူ့ကို တိတ်တဆိတ် ပြောလိုက်တဲ့အချိန်မှာ သူထင်ထားတာတွေက မှန်နေတယ်ဆိုတာ သိသွားခဲ့တယ်။ မကောင်းဆိုးဝါးအိုကြီးက သူ့ကို အစီအစဉ်တွေ ပြောမပြခဲ့ဘူး ဘာလို့လဲဆိုတော့ သူ့ကို စွန့်ပစ်ချင်နေလို့ပဲ။ တကယ်လို့ တိုင်းပြည်ကသာ ငြိမ်းချမ်းရေးယူရမယ်ဆိုရင် သူနဲ့ အိမ်ရှေ့မင်းသားက ဒီအခြေအနေကို တာဝန်ယူပေးရလိမ့်မယ်။ တကယ်လို့ ငြိမ်းချမ်းရေးဆွေးနွေးတာ မအောင်မြင်ဘူးဆိုရင်တော့ တစ်စုံတစ်ယောက်က အနောက်မြောက်ပိုင်းကို ပြန်သိမ်းဖို့ တာဝန်ယူပေးရလိမ့်မယ်။ အဲဒါက လုကွမ်ပဲ…”
“ဒီတော့ ဉာဏ်ကောင်းတဲ့ ဘုရင်ကြီးကတော့ ဓားစာခံ အဖြစ်မခံနိုင်ဘူးလေ။ ဒါပေမယ့် အဲဒီလူယုတ်မာအမတ်ကြီးကတော့ ဓားစာခံ ဖြစ်နိုင်တယ်။ ဒါက မကောင်းဆိုးဝါးအိုကြီးအတွက် အကောင်းဆုံး ဆင်ခြေတစ်ခုပဲ…"
မကောင်းဆိုးဝါးမင်းသားက ယခင်တုန်းကထက် ပို၍ ပိန်နေပုံရသည်။ သူ့ပုံစံက လူငယ်တစ်ယောက်ပမာ ချောမောခန့်ညား၏။ သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"အဲဒါကို နားလည်သွားတဲ့အချိန်မှာ ယုလင်က အိမ်ရှေ့မင်းသားကို ကူညီပေးခဲ့တယ်။ သူက အချိန်တော်တော်ကြာ အမတ်လုပ်ခဲ့တာဆိုတော့ သူ့ရဲ့လက်အောက်ခံအမတ်တွေ အများကြီးရှိသလို အစောင့်ထဲမှာလည်း သူ့ရဲ့လက်အောက်ငယ်သားတွေ ရှိတယ်။ သူတို့အားလုံးက ဘုရင်အသစ်ကို စောင့်နေကြတာ။ ဒါကြောင့် သူတို့က ထိုက်ကျိစံအိမ်နဲ့ တော်ဝင်မြို့တော် အဖွဲ့အစည်းကို စုံစမ်းခဲ့ကြတယ်…”
“အစီအစဉ်အတုက သေချာသွားတဲ့အချိန်မှာ သူတို့က ရွေးချယ်စရာမရှိဘဲ ယုလင်ရဲ့နောက်ကို လိုက်ကြရတယ်။ သူက အချက်အလက်တွေကို စစ်ဆေးကြည့်တဲ့အချိန်မှာ မကောင်းဆိုးဝါးအိုကြီးက နေကောင်းနေတယ်ဆိုတာ သိသွားကြတယ်။ ဒါကြောင့် သူက အဆိပ်မရှိပေမယ့် ပင်မဝိညာဉ်စုပ်ယူနိုင်စွမ်းကို မြန်ဆန်စေတဲ့ ဆေးရည်တစ်ပုလင်းကို ယူလာခဲ့တယ်။ ပြီးတော့ မကောင်းဆိုးဝါးအိုကြီးရဲ့ စားစရာထဲကို ထည့်ဖို့ မိန်းမစိုးကို အမိန့်ပေးလိုက်တဲ့အတွက် နောက်ဆုံးတော့ သူလည်း သေသွားခဲ့ရတာပဲ.…"
မုန့်ချီက စဉ်းစားပြီး ပြန်မေးလိုက်သည်။
"မင်းက ဘယ်လိုဖြစ်ပြီး ဒီလိုလျှို့ဝှက်အစီအစဉ်ကို သိနေရတာလဲ…။ မင်းကို ကြည့်ရတာ အရာအားလုံးကို ဘေးမှာ ရပ်ကြည့်နေသလိုပဲ…”
“ဘာလို့လဲဆိုတော့ ငါ့ကို ဒါတွေအားလုံးပြောပြတာက ယုလင်ပဲလေ။ ငါ ဒီနေရာကို ရောက်လာအောင် ကူညီပေးတာလည်း သူကိုယ်တိုင်ပဲ…"
မကောင်းဆိုးဝါးမင်းသားက အပြုံးနှင့် သက်ပြင်းချလိုက်သည်။
"တခြားရန်သူတွေ မရှိတော့တဲ့ အချိန်ကျရင် သူ့ကို အိမ်ရှေ့မင်းသားက သေချာပေါက် သတ်ပစ်မှာပဲ။ တကယ်လို့ သူက ဒီအစီအစဉ်ကို တခြားလူတွေသိအောင် ဖော်ထုတ်လိုက်မယ်ဆိုရင်တောင် သူက အပိုတွေ ပြောနေတယ်လို့ပဲ ဝမ်တီရန်တို့က တွေးကြမှာ…။ အဲဒီအချိန်ကျရင် အနားမှာ တခြားမင်းသားတွေလည်း မရှိနိုင်တော့ဘူးလေ။ တကယ်လို့ ဝမ်တီရန်က အိမ်ရှေ့မင်းသားကို မယုံကြည်ဘူးဆိုရင်တောင် သူကတော့ ယုံကြည်ရဦးမှာပဲ။ ဒါကြောင့်လည်း ယုလင်က ဒီကိစ္စတွေ ငါ့ကို ပြောပြပြီး အသက်ရှင်နိုင်ဖို့ အကူအညီတောင်းခဲ့တယ်…"
မုန့်ချီက နောင်တရစွာ ပြောလိုက်၏။
"ခင်ဗျားကို ပြောတော့ရော ဘာများ ထူးခြားမှာလဲ။ အခုပဲ မင်းသား(၇)က မြို့တော်အပြင်ဘက် အရှေ့တောင်ဘက်ကို ထွက်ပြီး သူ့ရဲ့ထောက်ခံသူတွေကို စုစည်းနေတယ်။ ပြီးတော့ အိမ်ရှေ့မင်းသားကို ဆန့်ကျင်ဖို့ထွက်သွားပြီ…"
မကောင်းဆိုးဝါးမင်းသားကတော့ အရေးမကြီးသော အရာများကို ပြောနေသလို ထင်မှတ်ရသည်။
မုန့်ချီက မင်းသား(၇) ပြောခဲ့သော စကားလုံး၏ အဓိပ္ပာယ်ကို ရုတ်တရက် နားလည်သွားခဲ့သည်။ လက်ယာအမတ်ကြီးက မြို့တော်ထဲတွင် အိမ်ရှေ့မင်းသားကို ထောက်ပံ့ပေးနေသည့်အတွက် မင်းသား(၇)က အခွင့်အရေးမရှိချေ။ သူ အသက်ရှင်ရန်နှင့် အောင်နိုင်ရေးက မြို့တော်အပြင်ဘက်တွင်သာ ရှိ၏။
"ဒါဆိုရင် မင်းပဲ…။ မင်းက မင်းသား(၇)ရဲ့နောက်မှာ ရှိနေတာပဲ.....”
မကောင်းဆိုးဝါးမင်းသားက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်တယ်… ငါပဲ ။ ပြီးတော့ အိမ်ရှေ့မင်းသားက မကောင်းဆိုးဝါးအိုကြီးကို သတ်ဖို့ ညွှန်ကြားခဲ့တယ်ဆိုတာလည်း ငါ သူ့ကို ပြောမပြခဲ့ဘူး။ ငါက သူ့ကို မြို့တော် အပြင်လွှတ်ဖို့ ဆင်ခြေတစ်ခုပေးလိုက်တာပါ.. "
"မင်းက တိုင်းပြည်ကို အရှုပ်အထွေးဖြစ်စေချင်နေတာလား… "
မုန့်ချီက မကောင်းဆိုးဝါးမင်သား၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။
မကောင်ဆိုးဝါးမင်းသားက ဂုဏ်ယူစွာ ပြောလိုက်၏။
“တကယ်လို့ လှည့်ကွက်တွေ ကောက်ကျစ်စဉ်းလဲမှုတွေနဲ့ ထီးနန်းကို ရသွားကြမယ်ဆိုရင် ရှင်ဘုရင်ရဲ့အုတ်မြစ်က လုံးဝတည်ငြိမ်နေမှာမဟုတ်ဘူး။ သူက ဗုဒ္ဓလမ်းစဉ် ၊ အတွေးအခေါ် လမ်းစဉ်နဲ့ တာအိုလမ်းစဉ် ပညာရှင်တွေရဲ့ ဖိနှိပ်မှုကိုပဲ အမြဲတမ်းခံနေရလိမ့်မယ်။ တကယ် အစွမ်းထက်တဲ့ လူတစ်ယောက်ကပဲ အဲဒါကို ထိန်းချုပ်နိုင်လိမ့်မယ်။ ငါက အရှေ့မြောက်ပိုင်းမှာ မင်းသား(၇)အတွက် လူသူလက်နက်တွေ ပြင်ဆင်ပေးပြီးသွားပြီ…"
မကောင်းဆိုးဝါးမင်းသားက အမှန်တကယ်ကို ကြီးမားသော အရာတစ်ခု စီစဉ်နေခြင်းဖြစ်သည်။ သူက သက်ပြင်းချလိုက်၏။
"ဒီကိစ္စကြောင့် လူတွေ သေဆုံးရတော့မယ်…”
“သူတို့ရဲ့ သေဆုံးမှုက ထိုက်တန်ပါတယ်…"
မကောင်းဆိုးဝါး မင်းသားက ရက်စက်စွာ ပြောလိုက်သည်။ သူက ရုတ်တရက် ရယ်လိုက်သည်။
"ဘာလို့ ငါက မင်းကို စကားတွေ အများကြီး ပြောပြနေလဲဆိုတာ သိလား…"
မုန့်ချီ ပြန်ဖြေသည်ကို စောင့်မနေဘဲ သူ၏ ဘယ်လက်ထဲတွင် အဝါရင့်ရောင် သလင်းကျောက်လေးတစ်ခု ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်၏ အတွင်းထဲတွင် ပုံသဏ္ဍာန်မရှိသော အရာတစ်ခု ရှိနေပုံရ၏။
သူက အေးစက်စွာ ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါက အချိန်ဆွဲချင်လို့လေ…"
သူက သလင်းကျောက်တုံးကို ကိုင်ထားသည့်အချိန်တွင် သူ၏ အငွေ့အသက်များက မကောင်းဆိုးဝါးဘုရင်မနှင့် တူညီလုနီးပါး မြင့်တက်လာသည်။
"ငါက ဒီစွမ်းအားတွေကို ပြည့်ပြည့်ဝဝ မစုပ်ယူရသေးပေမဲ့ မင်းကို သတ်ဖို့တော့ လုံလောက်ပါတယ်…"
"ဂျိမ်းးး… "
အပြင်ဘက် ညကောင်းကင်ကြီးပေါ်တွင် လျှပ်စီးကြောင်းများ တောက်ပလာပြီး မိုးကြိုးမုန်တိုင်းများ ထွက်ပေါ်လာသည်။ မကောင်းဆိုးဝါးမင်းသားက နတ်ဆိုးသခင်၏ အမွေအနှစ်ကို မည်သို့ရခဲ့ကြောင်း မသိသော်လည်း မုန့်ချီ၏ပုံစံက တည်ငြိမ်နေသေး၏။
"ငါကရော ဘာလို့ မင်းရဲ့ စကားတွေကို နားထောင်နေလဲဆိုတာ သိလား… "
မုန့်ချီက မကောင်းဆိုးဝါးမင်းသား၏ အဖြေကို စောင့်မနေဘဲ အပြုံးနှင့် ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါလည်း အချိန်ဆွဲချင်လို့ပဲလေ…"
Translated by Hein Htet.