အခန်း (၁၈၆)
Vol. 13 Ch. 186
ထိုအချိန်တွင် လျှပ်စီးနှင့် မိုးကြိုးများက ပြင်းထန်လွန်းခြင်း မရှိသေးသည့်အတွက် မုန့်ချီက လိုအပ်မှာကို ကြောက်လန့်နေခဲ့သည်။ သူက မိုးကြိုးနတ်ဘုရားတံဆိပ်ကို အသက်သွင်းရဲခြင်း မရှိဘဲ ကြောက်စရာကောင်းစွာ အော်ဟစ်လိုက်၏။
"သေလိုက်စမ်း… "
သူ့အော်သံက မိုးခြိမ်းသံတစ်ခုပမာ အစွမ်းထက်လွန်းလှပြီး အခန်းထဲတွင် ရှိနေသော ပစ္စည်းများနှင့် အမိုးထုပ်တန်းများကပင် လှုပ်ရှားသွားခဲ့၏။ အကယ်၍ အပြင်ဘက်တွင် မိုးခြိမ်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာခြင်း မရှိလျှင် အမိုးပေါ်နှင့် အပြင်ဘက်တွင် ရှိနေသော အစောင့်များက အတွင်းထဲတွင် တစ်စုံတစ်ခု ဖြစ်ပွားနေကြောင်း သိသွားကြပါလိမ့်မည်။
မကောင်းဆိုးဝါးမင်းသား၏ အရှိန်အဝါက အမြင့်ဆုံးအထိ မြင့်တက်လာနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း စွမ်းအားများ လွှမ်းခြုံနေပြီး သူ၏စိတ်ဝိညာဉ်ကို ကာကွယ်ထားခဲ့၏။ သူ၏ခန္ဓာကိုယ်ကလည်း ပေါ်လိုက်ပျောက်လိုက်နှင့် ဖြစ်နေခဲ့၏။ သူက ဤနေရာတွင် ရှိနေသော်လည်း အမှန်တကယ် ရှိမရှိ သေချာမသိနိုင်ချေ။
တစ်ဖက်တွင်တော့ သူက မုန့်ချီ၏ မိုးကြိုးအော်သံကြောင့် ထိခိုက်ခဲ့ရခြင်း မရှိချေ။ ထို့နောက် သူက အစစ်အမှန် ခန္ဓာကိုယ်ကို ဖုံးကွယ်ရန် ကြိုးစားလိုက်ပြီး သူ၏ စွမ်းအားနှင့် စိတ်ဝိညာဉ်များကို လေဟာနယ်တစ်ခုထဲသို့ ပြောင်းလဲလိုက်သလို ထင်မှတ်ရ၏။
သူ၏ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်ကို သုံးပြီး အစွမ်းကုန်တိုက်ခိုက်ရန် ပြင်ဆင်နေသော မုန့်ချီ၏ တိုက်ခိုက်မှုက ထိုစွမ်းအားကြောင့် ပျက်စီးသွားခဲ့ရပြီး သွေးအန်လိုက်ရသည်။
သူက ခုခံ၍ မရကြောင်း သိသွားသည့်အချိန်တွင် မုန့်ချီက သူ၏ စိတ်ဝိညာဉ်စွမ်းအားကို အပြင်ဘက်သို့ ပို့လွှတ်လိုက်ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ထိုလှုပ်ရှားမှုက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းနှင့် ကောင်းကင်ဓားအနှစ်သာရများကို ပေါင်းစပ်ထားခြင်း ဖြစ်၏။
ဓားအလင်းတန်းက ထာဝရရှိနေသလို ထင်မှတ်ရပြီး တစ်နေရာပြီး တစ်နေရာ လှုပ်ရှားနေခဲ့၏။ ထိုအရာက ရေထဲတွင် သွားလာနေသော ငါးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ထိုအရာက သူ၏ အရှိန်အဝါနှင့် စိတ်ဆန္ဒကိုလည်း ပြောင်းလဲပစ်နိုင်ပြီး ထိန်းချုပ်ရန် အလွန်ခက်ခဲ၏။
"တော်တော်ကြောက်စရာကောင်းတာပဲ…"
မကောင်းဆိုးဝါးမင်းသားက ချီးကျူးလိုက်သည်။
သို့သော် သူက ညာလက်ကို မြှောက်လိုက်ပြီး မုန့်ချီ၏ မျက်ခုံးတည့်တည့်ကို ချိန်လိုက်သည်။ သူ၏ လှုပ်ရှားမှုက ဆက်တိုက်ကို ပြောင်းလဲနေ၏။ လှုပ်ရှားမှုတိုင်းတွင် ပုံရိပ်ယောင်များ ပါဝင်နေသည့် အတွက် ခွဲခြားရန် ခက်ခဲနေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အရှိန်အဝါနှင့် လှုပ်ရှားမှုများက ဆက်တိုက်ဆိုသလို ပြောင်းလဲနေခြင်းကြောင့်ဖြစ်၏။ မည့်သည်အရာက အစစ်အမှန် မည်သည့်အရာက အတုဟု ပြောရန် မလွယ်လှပေ။
မုန့်ချီကတော့ တုကူးဓား(၉)ကွက်တွင် တိုးတက်မှုများ ရှိလာပြီး ချီဖျက်ဆီးရေးကျင့်စဉ်ကို အခြေခံအားဖြင့် နားလည်ထားခဲ့သော်လည်း မကောင်းဆိုးဝါးမင်းသား၏ တိုက်ခိုက်မှုက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို ပေါင်းစပ်ထားခြင်း ဖြစ်သလို ဟာကွက်များ ၊ အန္တရာယ်များ ပြည့်နှက်နေကြောင်း နားလည်နေသည်။
ထို့ကြောင့် မကောင်းဆိုးဝါးမင်းသား၏ အဆင့်နှင့် စွမ်းအားက သူ့ထက် အဆပေါင်းများစွာ မြင့်မားကြောင်း ဆိုလိုနေ၏။ ထိုသိုင်းကွက်နှင့် ရင်ဆိုင်ရသည့် အချိန်တွင် မုန့်ချီက ဖျက်ဆီးရန် နည်းလမ်းမရှိချေ။ သူ လုပ်နိုင်သည်မှာ ကောင်းကင်ဓားအနှစ်သာရများ ပေါင်းစပ်ထားသော သေမျိုးဖုန်မှုန့်ကျဆင်းခြင်း သိုင်းကွက်ကို အသုံးပြု၍ တားဆီးနိုင်ခြင်းသာ ဖြစ်သည်။
ဓားအလင်းတန်း ထွက်ပေါ်လာသည့်အချိန်တွင် လှုပ်ရှားမှုတိုင်းက မကောင်းဆိုးဝါးမင်းသား၏ ပြောင်းလဲမှုများအတိုင်း တုန့်ပြန်နေပြီး အလိုလို ရင်ဆိုင်နေကြသည်။
"ဗုန်း… "
မုန့်ချီ၏လက်ခလယ်ဆီမှ သွေးများ စီးကျလာပြီး ခန္ဓာကိုယ်ကတော့ မိုးကြိုးအပစ်ခံလိုက်ရသည့်အလား တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ညာလက်ကလည်း ထုံကျင်သွားခဲ့ပြီး ယာယီသတိလွတ်သွားခဲ့၏။
တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာပြီး ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သွေးအန်လုမတတ် ဖြစ်သွားခဲ့၏။ သူက ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို ရောက်နေသည်မှာ ကံကောင်းသွားသည်။
မုန့်ချီကတော့ လက်မလျှော့နိုင်သေးဘဲ ဘယ်လက်နှင့် ရေခဲပေါ်တယ်ဓားကို ဆွဲထုတ်လိုက်၏။ ဓားထဲမှ ထွက်ပေါ်လာသော အလင်းရောင်က အလွန်သန့်စင်ပြီး သွေးဆာနေသယောင် ထင်မှတ်ရသည်။ ထိုအရာက ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်ဖြစ်၏။
စုစည်းထားသော ဓားအလင်းတန်းများက တစ်လွှာပြီး တစ်လွှာ ချိုးဖောက်လာပြီး နောက်ပြန်ဆုတ်မည့် လက္ခဏာမျိုး မရှိဘဲ မကောင်းဆိုးဝါးမင်းသား၏ မျက်ခုံးတည့်တည့်ကို ထိုးဖောက်လာခဲ့၏။
မကောင်းဆိုးဝါးမင်းသားက ပင့်သက်ရှိုက်လိုက်ပြီး ညာလက်ကို ရုတ်သိမ်း၍ သူ၏ လက်ဖဝါးနှင့် ဓားကို ညင်သာစွာ ရိုက်ချလိုက်သည်။ ထိုလက်ဝါးချက်က အစွမ်းမရှိသလို ထင်မှတ်ရသော်လည်း မုန့်ချီ၏ မျက်လုံးထဲတွင်တော့ တဖြည်းဖြည်းပို၍ ကြီးမားလာနေသည်မှာ ကမ္ဘာမြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားတော့မလို ထင်မှတ်ရ၏။
ဓားထိပ်ဖျားက မကောင်းဆိုးဝါးမင်းသား၏ လက်ဖဝါးအလယ်ကို ထိုးမိတော့မည့် အချိန်တွင် လက်ဖဝါး၏ လမ်းကြောင်းက ရုတ်တရက် ပြောင်းလဲသွားပြီး ပုံရိပ်ယောင်အဖြစ်မှ အစစ်အမှန်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ကြောက်စရာကောင်းသော စွမ်းအားများကလည်း ရေလှိုင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ဆက်တိုက် ရောက်လာခဲ့၏။
မုန့်ချီက နောက်ကို ခြေလှမ်း (၃)လှမ်းခန့် ပြန်ဆုတ်လိုက်ရသည်။ သူ့ကို ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က ကာကွယ်ပေးထားသော်လည်း ဘယ်လက်တွင် ရှိနေသော အရိုးများက အနည်းငယ် အက်သွားပြီး သွေးများ စီးကျလာခဲ့၏။
မကောင်းဆိုးဝါးမင်းသား၏ အရှိန်အဝါကတော့ အထွဋ်အထိပ်သာ ရှိနေသေး၏။ သူက ယခုမှ စုစည်းထားသော မုန့်ချီ၏ ဓားချီစွမ်းအင်များကို တိတ်တဆိတ် ဖယ်ရှားနေသည်။ သူက အေးစက်သော အမူအရာနှင့် လက်နှစ်ဖက်ကို မြှောက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်နေသည်မှာ သဘာဝလွန်မကောင်းဆိုးဝါး တစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။
"ဂျိမ်းးး… "
ကောင်းကင်ကြီးပေါ်တွင် ကျယ်လောင်သော မိုးခြမ်းသံများ လျှပ်စီးကြောင်းများ ထွက်ပေါ်လာနေသည်မှာ နေ့အချိန်အလား လင်းထိန်နေသည်။ အဝေးတွင် ရှိနေသော လွှတ်တော်ခန်းမထဲမှ တိုက်ပွဲကလည်း အမြင့်ဆုံးအချိန်ကို ရောက်နေပုံရ၏။
သူ၏ ညာလက်က ခံစားမှု ပြန်ရလာသည့်အချိန်တွင် မုန့်ချီကတော့ ထပ်ပြီး တွေဝေမနေတော့ပေ။ သူက စိတ်စွမ်းအားကို နောက်တစ်ကြိမ် စုစည်းလိုက်သည်။ ထို့နောက် သူ၏ဓားကို မြှောက်လိုက်ရာ ဘယ်လက်ပေါ်တွင် ရှိနေသော ခရမ်းရောင်မိုးကြိုး အမှတ်အသားကလည်း အလင်းရောင်များ တောက်ပလာခဲ့၏။
မကောင်းဆိုးဝါးမင်းသားနှင့် တိုက်ခိုက်လိုက်ပြီးနောက် သူ၏ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် ၊ သူ၏ဓားမောက်ပညာ ၊ သူ၏ဓားရှည်သိုင်းပညာနှင့် သေမျိုးဖုန်မှုန့်ကျဆင်းခြင်း၊ ရာမဖိတ်ခေါ်ခြင်း ၊ စွန့်လွှတ်ခြင်းကျင့်စဉ်နှင့် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်တို့ အားလုံးကို သုံးလိုက်မည်ဆိုလျှင်ပင် မကောင်းဆိုးဝါးမင်းသားကို ထိခိုက်အောင်လုပ်ရန် ခက်ခဲမည်ဖြစ်ကြောင်း မုန့်ချီက သိနေသည်။
သူက အောင်အောင်မြင်မြင် လွတ်မြောက်ရန် အခွင့်အရေးကပင် (၅၀)ရာခိုင်နှုန်းခန့်သာ ရှိသည်။ မကောင်းဆိုးဝါးမင်းသား၏ နတ်ဆိုးခန္ဓာနည်းလမ်းက ပုံရိပ်ယောင်ဖြစ်ပြီး ထိုအရာကို ချေဖျက်ရန် ခက်ခဲသည်။
သူ့ဆီတွင် ခံစားချက်များ ပြည့်နှက်နေသော်လည်း သူ၏စိတ်ဝိညာဉ်က တည်ငြိမ်သော ရေကန်တစ်ခုပမာ ဖြစ်နေသည်။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကိုလည်း ခံစားမိနေခဲ့၏။
သူက မကောင်းဆိုးဝါးမင်းသား၏ ချီစွမ်းအင်နှင့် အတွင်းအားများ ဖြန့်ခွဲမှုကို ပြည့်ပြည့်ဝဝနားလည်ရန် မဖြစ်နိုင်သော်လည်း နှလုံးခုန်သံကိုတော့ ကြားနေရသေးသည်။ သူ၏ဓားဆီမှ အလင်းရောင်တစ်ခု ထွက်ပေါ်လာသည့် အချိန်တွင် အလွန်ကြီးကျယ်ခမ်းနားသော လူသားကမ္ဘာကြီးတစ်ခု ပေါ်လာခဲ့သည်။
ထိုမြင်ကွင်းက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းဟူသော သိုင်းကွက်ကြောင့်သာ ပေါ်လာခဲ့ခြင်းဖြစ်၏။ မကောင်းဆိုးဝါးမင်းသားဆီတွင် မုန်းတီးမှု ၊ ချစ်ခြင်းမေတ္တာတရား ၊ ခွဲခွာမှု စသည့် စွဲလမ်းမှုများ ရှိမရှိ မသေချာသော်လည်း သူက ရည်မှန်းချက်ကြီးသည့် လူတစ်ယောက်ဖြစ်မည်ဟု မုန့်ချီက ယုံကြည်နေသည်။ သူက အချိန်အတိုင်းအတာတစ်ခုအထိ ထိုရည်မှန်းချက်များကို မအောင်မြင်ခဲ့သော အချိန်များလည်း ရှိနိုင်၏။ မည်သို့ဖြစ်စေကာမူ သာမန်လူသားတစ်ယောက်က သေမျိုးဖုန်မှုန့်ကျဆင်းခြင်းကို မည်သို့ ရှောင်လွှဲနိုင်မည်နည်း။
ထိုလှုပ်ရှားမှုတွင် ဓားမောက်နိယာမများ ပို၍ပါဝင်နေပြီး ပိုင်မြစ်အလယ်တွင် တိုက်ခိုက်ခဲ့သော အချိန်ကထက် ပို၍ပြောင်းလဲမှုများ ရှိနေသည်။ ထိုအရာက သိပ်မကြာခင် တိုက်ခိုက်ရေး အတွေ့အကြုံများကို သုံးပြီး မုန့်ချီနားလည်ထားသော အရာများဖြစ်၏။
ကောင်းကင်ပေါ်တွင်လည်း အနက်ရောင်တိမ်တိုက်များ စုစည်းနေပြီး လျှပ်စီးကြောင်းများက ငွေရောင်မြွေများကဲ့သို့ လှုပ်ရှားနေခဲ့သည်။ ရုတ်တရက်ဆိုသလို သူတို့က မိုးကြိုးအလင်းရောင်တစ်ခုအဖြစ် စုစည်းလာပြီး ကောင်းကင်ပေါ်မှ တောက်ပစွာ ကျဆင်းလာခဲ့၏။
လွှတ်တော်ခန်းမထဲတွင် ကြောက်စရာကောင်းစွာ တိုက်ခိုက်နေသော သိုင်းသခင် နှစ်ယောက်ကလွဲလျှင် နန်းတွင်းထဲ၌ ရှိနေသော တခြားလူများအားလုံးက ထိုလှုပ်ရှားမှုများ၏ သက်ရောက်မှုကို ခံလိုက်ရ၏။
သူတို့က ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ နတ်ဘုရားမိုးကြိုးကြီးတစ်ခု ကျဆင်းလာကြောင်း တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက အလွန်ကြီးကျယ်ခမ်းနားပြီး ကြောက်စရာကောင်း၏။
"ဂျိမ်း…"
ထိုက်ကျိခန်းမ၏ ပတ်ပတ်လည်တွင် ရှိနေသော အစောင့်များကလည်း အမိုးကို ဖောက်၍ ကျဆင်းလာသော လျှပ်စီးကြောင်းကြီးကိုကြည့်ပြီး အတော်လေး ကြောက်လန့်သွားကြသည်။ အနီးအနားတွင် ရှိနေသော လူများကလည်း အော်ဟစ်ပြီး ထွက်ပြေးနေကြ၏။
"ကောင်းကင်မိုးကြိုး အပြစ်ပေးမှုလား…"
အနောက်မြောက်ဘက်တွင် ရှိနေသော တိုက်ပွဲက အနိုင်အရှုံး ပေါ်လာသည့်အတွက် ယခုလို အရာမျိုး ပေါ်လာသည်ဟု အစောင့်များနှင့် မိန်းမစိုးများက တွေးနေကြသည်။
"မိုးကြိုးဓား ဒေါသကိုယ်တော်… "
ထိုက်ကျိခန်းမ၏ အနားတွင် ရှိနေသော ဥယျာဉ်ထဲရှိ ရွမ်ယုရှုနှင့် အစောင့်များကို ရှောင်တိမ်းသွားခဲ့သော လော်ရှန်းကျိတို့ကလည်း တပြိုင်နက်တည်း တီးတိုးရေရွတ်လိုက်မိကြသည်။
မကောင်းဆိုးဝါးမင်းသားက သလင်းကျောက်တုံး၏ အနှစ်သာရများကို စုပ်ယူလိုက်ပြီးနောက် အတားအဆီးကို ဖြတ်ကျော်နိုင်ပြီး သိုင်းသခင်အဆင့်ကို ရောက်ရှိသွားခဲ့သည်။ ထို့နောက် သူက လူသားနှင့် သဘာဝ ပေါင်းစည်းခြင်းအဆင့်ကို ရောက်လုနီးပါးဖြစ်လာပြီး အလွန်ကြောက်စရာကောင်းသော စွမ်းအားများကို ခံစားမိလာသည်။
မင်းသား(၇) စေလွှတ်ထားသော ရဲမက်များကလည်း ပြန်လှည့်လာပြီး သူတို့က သူ၏ရုပ်သေးများ ဖြစ်လာကြ၏။ နတ်ဆိုးကျောင်းကလည်း သူ၏လက်အောက်ခံဖြစ်လာပြီး သူက ဤကမ္ဘာကြီးထဲတွင် ရှိနေသော အတွေးအခေါ်ဝါဒ ၊ တာအိုဝါဒနှင့် ဗုဒ္ဓဝါဒများကို ဖိနှိပ်၍ ကိုယ်ပိုင်တိုင်းပြည်ကြီး တစ်ခုတည်ထောင်နိုင်ခဲ့သည်။
“ရှင်ဘုရင်က ထီးနန်းကို စွန့်လွှတ်လိုက်တဲ့အချိန်မှာ ငါ့ရဲ့အိပ်မက်တွေကို နားလည်ပေးရမှာပဲ…။ အတားအဆီးတွေ မရှိတော့ဘူးဆိုမှတော့ ငါက လူသားနှင့် သဘာဝပေါင်းစည်းခြင်း အဆင့်ကို ရောက်သွားပြီး လေဟာနယ်ကို ဖျက်ဆီးတော့မယ်..”
မကောင်းဆိုးဝါးမင်းသားက ထိုအခြေအနေကို ကျေနပ်နေသည့်အချိန်တွင် တစ်စုံတစ်ခုက သူ၏ခန္ဓာကိုယ်ထဲသို့ ကျူးကျော်တိုက်ခိုက်လာကြောင်း ခံစားလိုက်ရပြီး ခေါင်းကိုက်သွားသလို ခံစားသည်။
သူ သတိပြန်ဝင်လာသည့်အချိန်တွင် လျှပ်စီးကြောင်းများ ပြည့်နှက်နေသော ဓားသွားတစ်ခုက သူ၏အကာအကွယ် ချီစွမ်းအင်များကို ဖြတ်ကျော်လာပြီး လက်တစ်ကမ်းအလိုသို့ ရောက်လာကြောင်း တွေ့လိုက်ရသည်။
အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကို အသုံးပြုလိုက်သည့်အချိန်တွင် သေဆုံးနေသော အရာများကပင် အသက်ဝင်လာနိုင်ပြီး ဓားသွား၏ စွမ်းအားများကို ဖျက်ဆီးပစ်နိုင်သည်။ အလွန်ကြီးမားသော မိုးကြိုးအလင်းရောင်ကြီးက ဤကမ္ဘာမြေကြီး၏ အုပ်စိုးသူသဖွယ် ဖြစ်နေပြီး အခန်းတစ်ခုလုံး ပြည့်နှက်နေသည့်အတွက် မုန့်ချီကပင် မျက်လုံးဖွင့်ရန် ခက်ခဲနေသည်။
မိုးကြိုးအလင်းရောင်များအားလုံးက မကောင်းဆိုးဝါး စမ်းသပ်ရေးဓား၏ ပတ်ပတ်လည်တွင် ဝိုင်းရံနေပြီး မကောင်းဆိုးဝါးမင်းသားကို ရှင်းပစ်ရန် ကျဆင်းလာနေကြသည်။
မကောင်းဆိုးဝါးမင်းသားကတော့ သူ့ကိုယ်သူ ချီစွမ်းအင်များနှင့် ဆက်တိုက်ကာကွယ်နေပြီး မိုးကြိုးအလင်းရောင်များကို ဖယ်ရှားချင်နေခဲ့၏။ သို့သော် ထိုမိုးကြိုးများက သူ၏ ချီစွမ်းအင်အကာအကွယ်ကို ထိုးဖောက်လာပြီး သွေးကြောများထဲသို့ ရောက်လာခဲ့သည်။
အလွန်လျင်မြန်စွာ တားဆီးနေစဉ် အတောအတွင်း လျှပ်စီးအလင်းရောင်များက အလွန်များပြားနေသည့်အတွက် မုန့်ချီကိုပင် ထိခိုက်သွားစေခဲ့သည်။
မုန့်ချီက မြေပေါ်သို့ လဲကျသွားခဲ့၏။ သူ၏ပတ်ပတ်လည်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကလည်း ပျက်စီးလုမတတ် ဖြစ်လာသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာနေပြီး သွေးကြောများ အားလုံးကလည်း ပျက်စီးသွားတော့မယောင် ခံစားနေရ၏။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ အစွမ်းက အမှန်တကယ်ကို ကြောက်စရာကောင်းလှသည်။
လျှပ်စီးကြောင်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် အခန်းကြီးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့၏။ သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို ရောက်ရှိလာပြီး အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကြောင့် စွမ်းအားများ မြင့်တက်လာခဲ့သည်။
သူက ယွမ်မုန်ကျိကို သတ်ပစ်ခဲ့သည့်အချိန်တွင် လမ်းလျှောက်ရန် အစွမ်းပင် မရှိခဲ့ချေ။ ယခုတော့ သူက မတ်တပ်ရပ်နိုင်သေးပြီး မကောင်းဆိုးဝါးမင်းသားကို လှမ်းကြည့်လိုက်သည်။
သူ့ကို မြင်လိုက်သည့်အချိန်တွင် မုန့်ချီက အလွန်ကြောက်လန့်သွားခဲ့၏။ သူက ဓားကို လျင်မြန်စွာ ကောက်ယူလိုက်ပြီး ဒုတိယအကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။ မကောင်းဆိုးဝါးမင်းသားက နေရာတွင် ရပ်နေသေးသည်။ သူ၏မျက်နှာပေါ်တွင် မည်းနက်နေပြီး မျက်နှာပျက်နေသော်လည်း မုန့်ချီကို စိုက်ကြည့်နေသေး၏။ သူ့ပုံစံကို ကြည့်ရသည်မှာ တစ်စုံတစ်ခု လွဲမှားနေပုံ မရချေ။
“ဒါက ဘယ်လိုဖြစ်ရတာလဲ…။ ကောင်းကင်မိုးကြိုးကတောင် သူ့ကို မသတ်နိုင်တာလား…”
မုန့်ချီက ထိတ်လန့်သွားပြီး စွန့်လွှတ်ခြင်းကျင့်စဉ်ကို သုံးရန် ပြင်ဆင်လိုက်သည်။
တန်ပြန်တိုက်ခိုက်မှုကို ဖိနှိပ်လိုက်ပြီးနောက် သူ၏ စိတ်ဝိညာဉ်က တည်ငြိမ်သွားခဲ့၏။ ထိုအချိန်ကျမှသာ မုန့်ချီက တစ်စုံတစ်ခု လွဲမှားနေကြောင်း နားလည်သွားခဲ့သည်။ သူက မကောင်းဆိုးဝါးမင်းသား၏ နှလုံးခုန်သံကို မခံစားမိတော့ချေ။ တခဏလေးအတွင်း သူ့စိတ်ထဲတွင် နားလည်သွားခဲ့၏။
အကယ်၍ မကောင်းဆိုးဝါးမင်းသားကသာ အသက်ရှင်နေဦးမည်ဆိုလျှင် တစ်စုံတစ်ခုပြောဦးမည်သာ ဖြစ်သည်။ သူ့အသံက အားနည်းနေပြီး သူ့မျက်လုံးများက အရောင်ကင်းမဲ့နေသည်။ အမှန်အတိုင်းပြောရရင်တော့ စွဲလမ်းမှုတစ်ခုကြောင့်သာ သူက စကားပြောချင်နေခြင်းဖြစ်ပြီး အသက်က မရှူတော့ချေ။ ထီးနန်းသိမ်းပိုက်မည့် အတွေးများကလည်း လုံးဝကို ပျက်စီးသွားခဲ့ရပြီဖြစ်သည်။
"ဘုန်း… "
သူက မြေပေါ်သို့ မှောက်ရပ်လဲကျသွားခဲ့ပြီး သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ အနက်ရောင်အငွေ့များ ထွက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်ကတော့ မရပ်မနား လှုပ်ရှားနေပြီး လျင်မြန်စွာ တည်ငြိမ်သွားခဲ့၏။ သူ့အသံကလည်း ထိုက်ကျိခန်းမထဲတွင် အချိန်တော်တော်ကြာ ဆက်ရှိနေခဲ့သည်။
"မကောင်းဆိုးဝါးမင်းသား ကွမ်ရင်က သေဆုံးသွားပြီ။ အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကိုလည်း ရုတ်သိမ်းနိုင်ခဲ့ပြီ။ ဒါကြောင့် သီးခြားတာဝန်(၃)ကလည်း ပြီးဆုံးသွားခဲ့ပြီ။ မင်းက ကံကြမ္မာအမှတ်(၃၀၀) ရမယ်။ ပြီးတော့ မကောင်းဆိုးဝါးမင်းသားဆီကနေ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို ကိုယ်တိုင်ယူလို့ရမယ်။ ဒါပေမယ့် အဲဒါကို ကံကြမ္မာအမှတ်နဲ့ ပြန်လဲလို့မရသလို တခြားလူကိုလည်း သင်ပေးလို့ မရနိုင်ဘူး…"
မုန့်ချီ၏ နားထဲတွင် သံသရာအရှင်သခင်၏ စကားသံကိုကြားလိုက်ရသည့်အတွက် သူလည်း သက်ပြင်းချလိုက်မိသည်။ နောက်ဆုံးတော့ မကောင်းဆိုးဝါးမင်းသားက အမှန်တကယ် သေဆုံးသွားခဲ့ပြီဖြစ်၏။
သီးခြားတာဝန်တွင် ပါဝင်ခဲ့သူများကသာ ကံကြမ္မာအမှတ်များ ရရှိနိုင်သည်။ ထို့ကြောင့် ယခုတစ်ကြိမ်တော့ မုန့်ချီတစ်ယောက်တည်းသာ ရရှိခဲ့၏။
မုန့်ချီက မကောင်းဆိုးဝါး မင်းသား၏ အနားသို့ ချဉ်းကပ်သွားပြီး အစွမ်းထက်ရန်သူ တစ်ယောက် ဖြစ်သည့်အတွက် တလေးတစား ဦးညွတ်လိုက်သည်။ ထို့နောက် သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး မကောင်းဆိုးဝါးမင်းသား၏ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို ရှာဖွေလိုက်သည်။
မကောင်းဆိုးဝါးမင်းသားက သူ၏ ဓားအလင်းရောင်ကို တားဆီးရန် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကို သုံး၍ ချီစွမ်းအင်အကာအကွယ်များ ဖန်တီးခဲ့သည့်အတွက် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ပျက်စီးသွားဦးမည် မဟုတ်ပေ။
အကယ်၍ မကောင်းဆိုးဝါးမင်းသား၏ ပစ္စည်းများက ကောင်းကင်မိုးကြိုးကြောင့် ပျက်စီးသွားမည်ဆိုလျှင်ပင် သံသရာအရှင်သခင်က အင်မော်ဖိနှိပ်ခြင်းကျင့်စဉ်ကို ပြန်ပေးလိမ့်မည်ဖြစ်ကြောင်း မုန့်ချီက ယုံကြည်နေသည်။
သူက ပထမဆုံး အဝတ်စလေးတစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက သားရေပြားတစ်ခုကဲ့သို့ ဖြစ်နေပြီး နတ်ဆိုးသခင်၏ သလင်းကျောက် အငွေ့အသက်များကို ခံစားမိနေသည်။ ထိုသားရေပြားလေးက သလင်းကျောက်ကို လွှမ်းခြုံထားကြောင်း ချက်ချင်း နားလည်သွားခဲ့၏။
ကောင်းကင်မိုးကြိုး၏ လှုပ်ရှားမှုကြောင့် အမိုးပေါ်နှင့် ပတ်ပတ်လည်တွင် ရှိနေသော အစောင့်များက သတိထားမိသွားနိုင်သည်။ သူတို့က အခြေအနေကို စစ်ဆေးရန် လူတချို့ စေလွှတ်နိုင်၏။ ထို့ကြောင့် မုန့်ချီက ထိုသားရေပြားကို စစ်းဆေးရန် အချိန်မရခဲ့ဘဲ သူ၏ အင်္ကျီထဲကို ချက်ချင်းထည့်လိုက်သည်။
ထို့နောက် မီးခိုးရောင်သိုင်းကျမ်းတစ်ခုကိုတွေ့လိုက်ရာ ထိုသိုင်းကျမ်းပေါ်တွင် အင်မော်ဖိနှိပ်ခြင်းကျင့်စဉ်ဟု ရေးသားထားသည်။ သိုင်းကျမ်းကို သိမ်းလိုက်ပြီးနောက် မုန့်ချီက နောက်တစ်ကြိမ် ရှာကြည့်လိုက်ရာ မည်သည့်အရာမျှ ထပ်မတွေ့တော့ပေ။ သူက နတ်ဆိုးသခင်၏ သလင်းကျောက်ကို အာရုံစိုက်၍ ရှာဖွေနေသည်မှာ နောက်ထပ် အနည်းငယ်ပင် မဆုံးရှုံးလိုခြင်းကြောင့်ဖြစ်သည်။
သိပ်မကြာခင် မုန့်ချီက အေးစက်နေသော သလင်းကျောက်လေးကို ကိုင်ကြည့်လိုက်၏။ ထိုအရာက အသက်မရှိသော ကျောက်တုံးတစ်တုံးကဲ့သို့ မဟုတ်ဘဲ အလွန်ထူးဆန်းသလို ခံစားနေရသည်။ ထိုအရာက သွေးသားရှိနေသော သက်ရှိတစ်ခုကဲ့သို့ ဖြစ်နေ၏။
သူက သလင်းကျောက်လေးကို ထိလိုက်မိသည့်အချိန်တွင် သူ၏ နှလုံးသားထဲ၌ အေးစက်သွားပြီး သူ၏နှလုံးသားနှင့် ပေါင်းစပ်သွားသလို ခံစားလိုက်ရသည့်အတွက် မုန့်ချီက ချက်ချင်းလက်ကို ရုတ်သိမ်းလိုက်၏။
ထိုအချိန်တွင် ထူးဆန်းသောအရာတစ်ခု ဖြစ်ပေါ်လာပြီး နတ်ဆိုးသခင်၏ သလင်းကျောက်ဆီမှ အဆီအနှစ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲကို ပေါင်းစပ်လာခဲ့သည်။ ထိုအဆီအနှစ်စွမ်းအင်များက သွေးကြောထဲသို့ စီးဝင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြည့်နှက်လာခဲ့၏။ သူက ထိုသလင်းကျောက်လေးကို ဖယ်ရှား၍ မရနိုင်ပေ။
ထို့ကြောင့် မုန့်ချီက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အသက်သွင်းပြီး ခန္ဓာကိုယ်ထဲရှိ အဆီအနှစ်စွမ်းအင်များကို စုပ်ယူနေရ၏။ ထိုစွမ်းအင်များက သဘာဝအတိုင်း ဖြစ်နေပြီး မသန့်စင်သည့်အရာများ တစ်ခုမျှ မပါခဲ့ပေ။
ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည့်အချိန်တွင် မုန့်ချီက ထိုအဆီအနှစ်စွမ်းအင်များကို စုပ်ယူရန်သာ အာရုံစိုက်နေခဲ့၏။ သူက အလွန်လေးလံသော အရာများကို မထားရသည့်အလား မတ်တပ်ရပ်နိုင်ရုံသာ ရှိသေးသည်။
ထိုအချိန်ကျမှသာ မကောင်းဆိုးဝါးမင်းသားက ဘာကြောင့် အလွန်အန္တရာယ်များသော ထိုက်ကျိခန်းမထဲ၌ ပုန်းနေရကြောင်း မုန့်ချီက နားလည်သွားခဲ့၏။ သူက အဆီအနှစ်စွမ်းအင်များကို စုပ်ယူပြီး သူ့အစွမ်းကို မြှင့်တင်နိုင်ရန်ဖြစ်သည်။ အဆုံးတွင်တော့ သူ့အတွက် အချိန်ဆွဲနေခဲ့ခြင်းဖြစ်၏။
ဘုရင်အိုကြီးက ဘာကြောင့် သတိလစ်သွားကြောင်း သူသိနေသည့်အတွက် အဆီအနှစ်စွမ်းအင်များကို စုပ်ယူနေသည့်အချိန်တွင် အလျင်အမြန် စုပ်ယူခဲ့ခြင်း မရှိချေ။ ထိုအရာက သူတို့၏ ရွေးချယ်မှုမဟုတ်ခဲ့ပေ။ ယခုလည်း မုန့်ချီကိုယ်တိုင်၏ ရွေးချယ်မှု မဟုတ်ပေ။
သူက အလွန်အမင်းကို စိတ်ပျက်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်ပြီး အဆီအနှစ်စွမ်းအင်များကို အကောင်းဆုံး စုပ်ယူရန် ကြိုးစားနေခဲ့သည်။ ထိုအဆီအနှစ် စွမ်းအင်များကို ရူးသွပ်စွာ စုပ်ယူနေသည့်အချိန်တွင် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့်(၆)က လျင်မြန်စွာ တိုးတက်လာခဲ့၏။
မုန့်ချီကတော့ လုံးဝ ဝမ်းမသာနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အမိုးပေါ်တွင် ရှိနေသော အစောင့်များက ကောင်းကင်မိုးကြိုးကြောင့် ဘုရင်ကြီး ထိခိုက်မှုရှိမရှိ လာရောက်စစ်ဆေးကြ၏။
အောက်သို့ရောက်လာပြီးနောက် သူတို့က တွေ့လိုက်ရသော မြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုက်ကျိခန်းမထဲတွင် ရှိနေသော စားပွဲများ ၊ ခုံများနှင့် တခြားအရာများအားလုံးက ပျက်စီးနေသည်။ ဘုရင်ကြီးကတော့ အိပ်ရာပေါ်တွင် သွေးများ စီးကျ၍ သေဆုံးနေ၏။
ဘုရင့်အိပ်ရာ၏ အရှေ့ဘက်တွင်တော့ လူနှစ်ယောက်ရှိနေပြီး တစ်ယောက်က မြေပေါ်တွင် လဲကျ၍ တစ်ယောက်က အလယ်တွင် ရပ်နေသည်။ လဲကျနေသော တစ်ယောက်က မျက်နှာမည်းတူးနေပြီး သေဆုံးနေခဲ့၏။
ရပ်နေသူကတော့ ဘယ်လက်က နောက်ပစ်ထားပြီး ညာလက်က ဓားလက်ကိုင်ကို ကိုင်ထားသည်။ ဆံပင်များကလည်း ရှုပ်ပွနေပြီး အလွန်မောက်မာသော သိုင်းသခင်တစ်ယောက်၏ အမူအရာမျိုးဖြစ်သည်။
မုန့်ချီက အမိုးပေါ်တွင်ရှိနေသော အပေါက်ကိုကြည့်ပြီး တည်ငြိမ်စွာပြောလိုက်၏။
"ငါက ဘုရင်ကြီးရဲ့ သက်တော်စောင့်တစ်ယောက်ပဲ။ ငါက နည်းနည်း နောက်ကျသွားတဲ့အတွက် ဘုရင်ကြီးကို မကောင်းဆိုးဝါးမင်းသားက သတ်လိုက်တာ တွေ့ခဲ့တယ်။ ငါက ဘုရင်ကြီးရဲ့ကျေးဇူးကို ပြန်ဆပ်ဖို့အတွက် သူ့ကို သတ်ပစ်လိုက်တာ…."
“ငါ ဒီလိုပြောရင်ရော သူတို့က ငါ့ကို ယုံမှာတဲ့လား…”
အစောင့်နှစ်ယောက်က အချင်းချင်း ကြည့်လိုက်မိကြပြီး ခေါင်းခါလိုက်ကြသည်။ အကယ်၍ သူကသာ သက်တော်စောင့်တစ်ယောက်ဆိုလျှင် ဘာကြောင့် သူ့ကို မမြင်ဖူးရသနည်း။
မုန့်ချီကတော့ သက်ပြင်းချလိုက်မိသည်။
"ဒါဆိုရင် ဘုရင်အသစ်က ဘယ်သူဖြစ်လာမလဲဆိုတာ မင်းတို့သိလား…။ ဘယ်မင်းသားက သူ့ရဲ့ခမည်းတော်ကို သတ်ချင်မှာလဲ…"
အစောင့်နှစ်ယောက်၏ အမူအရာက ချက်ချင်းပြောင်းလဲသွားကြပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။
"လုပ်ကြံသူ…"
"ဒီလိုမလုပ်ကြပါနဲ့… "
မုန့်ချီက စိတ်ထဲတွင် စိတ်ဓာတ်ကျစွာ အော်ဟစ်လိုက်သည်။
ထို့နောက် သူ့ဓားကို ဆွဲထုတ်၍ အရင်ဆုံး တိုက်ခိုက်လိုက်၏။ တစ်ချိန်တည်းတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို သုံးပြီး သလင်းကျောက်၏ စွမ်းအင်များကိုလည်း ကြောက်စရာကောင်းစွာ စုပ်ယူနေခဲ့သည်။
Translated by Hein Htet