← Chapters

အခန်း (၁၈၇)

Vol. 13 Ch. 187

အခန်း (၁၈၇)

Vol. 13 Ch. 187

"လုပ်ကြံသူ… "

သက်တော်စောင့်နှစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် သူတို့၏ ဓားများကို ဆွဲထုတ်ပြီး မုန့်ချီကို တိုက်ခိုက်လိုက်ကြသည်။ ရှင်ဘုရင်က လုပ်ကြံသူ၏ တိုက်ခိုက်ခြင်းကို ခံနေရသည့်အချိန်တွင် သူတို့ကတော့ ရှင်ဘုရင်၏ အစောင့် ဖြစ်သည့်အတွက် တစ်စုံတစ်ခုလုပ်ဆောင်ရန် လိုအပ်သည်။ ထိုသို့ လုပ်ဆောင်မှသာ သူတို့၏ခေါင်းနှင့်ခန္ဓာ အိုးစားမကွဲဘဲ ကျန်နေခဲ့မည်ဖြစ်သည်။

မုန့်ချီ၏ သွေးကြောများကတော့ အလွန်အမင်းကို ဖောင်းကားလာခဲ့၏။ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်နှင့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်တို့က ခန္ဓာကိုယ်၏ အုတ်မြစ်ကို မြှင့်တင်ပေးသော နတ်ဘုရားစွမ်းရည်များသာ မဟုတ်လျှင် သွေးကြောများ ကျယ်ပြန့်လာမှုကြောင့် မုန့်ချီက သေဆုံးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။

မည်သို့ဖြစ်စေကာမူ သူက တံခါး(၉)ပေါက် ပွင့်နေသော မကောင်းဆိုးဝါးမင်းသားကို မခုခံနိုင်ခဲ့ပေ။ ဘုရင်ကြီးက ပထမဆုံးအကြိမ် သတိလစ်သွားခဲ့သည့်အချိန်တွင်လည်း သိုင်းသခင် တစ်ယောက်ဖြစ်သော လက်ယာအမတ်ကြီးက သူ့ကို ဖိနှိပ်ရန် ကူညီပေးနေသေးသည်။ မုန့်ချီကတော့ သူ့ကိုယ်သူ အားကိုးနေရ၏။

သူ၏ အရေပြားများက ဖောင်းကားလာသလို ဖြစ်လာသည်။ ရွှေရောင်အလင်းတန်းများနှင့် ချီစွမ်းအင်များကလည်း အရေပြားအောက်တွင် ကြွက် ကလေးတစ်ကောင် ပတ်ပြေးနေသလို တွေ့မြင်နေရ၏။ မုန့်ချီ၏ အသက်ရှူသံက ပြင်းထန်လာပြီး ခန္ဓာကိုယ်ကြီးကို တစ်စစီ ဖျက်ဆီးပစ်ချင်နေသည်။

မုန့်ချီက ရေခဲပေါ်တယ်ဓားနှင့် တိုက်ခိုက်လိုက်၏။ သူ၏လှုပ်ရှားမှုက အတော်လေး နှေးကွေးသော်လည်း အသံကတော့ ပြင်းထန်သော လေမုန်တိုင်းတစ်ခုသဖွယ် ထွက်ပေါ်လာသည်။ သူ၏ချီစွမ်းအင်များက အလွန်အမင်း များပြားနေပြီး သူက ထိုအရာကို မထိန်းချုပ်နိုင်ချေ။

သူ၏လက်ဝါးနှင့် ဓားသိုင်းကွက်လှုပ်ရှားမှု အနည်းငယ်လေးကပင် တံခါး(၇)ပေါက် (၈)ပေါက်အဆင့် ပညာရှင်တစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ ထိုအချိန်ကျမှသာ ချီစွမ်းအင်များကလည်း စီးဆင်းလာရသည်။ နှေးကွေးသော ဓားချက်က အလွန်လေးလံသော သံချောင်းကြီးတစ်ချောင်းနှင့်ပင် ပို၍ တူနေသည်။

ဓားခုတ်ချက်က အလွန်အစွမ်းထက်သည့်အတွက် အစောင့်က နောက်သို့ လွင့်သွားပြီး အမိုးထုပ်တန်းနှင့် တိုက်မိသွားခဲ့သည်။ ထိုအခါ မုန့်ချီ ၊ မကောင်းဆိုးဝါး မင်းသားနှင့် ကောင်းကင်မိုးကြိုးတို့၏ တိုက်ပွဲကြောင့် လှုပ်ရှားနေခဲ့သော အခန်းကြီးက တစ်စစီ ပျက်စီးသွားခဲ့သည်။

မုန့်ချီ၏ တိုက်ခိုက်မှုက အလွန်နှေးကွေးသော်လည်း အစောင့်ကို သိမ်းကြုံး၍ တိုက်ခိုက်နေနိုင်သည်။ သူက တခြားသော ပြောင်းလဲမှုများ မလုပ်နိုင်ခဲ့ပေ။

မည်သို့ဖြစ်စေကာမူ နောက်ထပ်အစောင့်တစ်ယောက်က သူ့ဆီကို ဓားနှင့် ရောက်လာနေကြောင်း မြင်နေရ၏။ သူက ဓားရှည်ကို ရှောင်တိမ်းရန် ခေါင်းကို ခက်ခက်ခဲခဲ လှည့်လိုက်ရသည်။ ထိုအချိန်တွင် ဓားက သူ့ပခုံးပေါ်သို့ ကျရောက်လာခဲ့၏။

ထိုသို့ကျရောက်လာသည့်အချိန်တွင် ‌ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး အစောင့်ကို တားဆီးလိုက်သည့်အတွက် သူက နံရံနှင့် တိုက်မိသွားပြိး ခေါင်းမှသွေးများ စီးကျလာနေသည်။

သူ၏ချီစွမ်းအင်တချို့ ကုန်ဆုံးသွားပြီးနောက် ရွှေရောင်အလင်းတန်းများနှင့် မုန့်ချီ၏ ခန္ဓာကိုယ်ဖောင်းကြွမှုက အနည်းငယ် လျော့ကျသွားသည်။ အစောင့်များက သူ့ကို ဆက်တိုက် တိုက်ခိုက်လာရန်ပင် မျှော်လင့်နေခဲ့၏။ ထိုသို့ဆိုလျှင် ခံစားရသည်မှာ ပို၍ကောင်းနိုင်သည်။

“လာပါ… ငါ့ကို လာပြီး တိုက်ခိုက်ကြစမ်းပါ…”ဟုပင် စိတ်ထဲတွင် အော်ပစ်ချင်နေ၏။

မုန့်ချီက ဆိုးရွားသော အခြေအနေကို တစ်ယောက်တည်း စဉ်းစားနေမိသည်။ သို့သော် သူက သူ့ကိုယ်သူ တည်ငြိမ်အောင်သာ ကြိုးစားလိုက်ပြီး ရလဒ်များကို စိုးရိမ်နေခဲ့ခြင်း မရှိပေ။ အပြင်ဘက်တွင် ရှိနေသော အစောင့်များက ကျယ်လောင်စွာ အော်ဟစ်နေသည်ကို ကြားနေရ၏။

သူ့ရှေ့တွင် ရှိနေသော အစောင့်နှစ်ယောက်က မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။

"သူက ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်တဲ့ အကာအကွယ်ကျင့်စဉ် သုံးနေတယ်။ သူ့ရဲ့ ပင်မနေရာတွေကိုပဲ တိုက်ခိုက်ကြ…"

မုန့်ချီက ဓားကို ရင်ဘတ်ပေါ်တွင် တင်ထားပြီး အစောင့်နှစ်ယောက်၏ တိုက်ခိုက်မှုကို စောင့်နေခဲ့သည်။ တစ်ချိန်တည်းတွင် သလင်းကျောက်၏ စုပ်ယူမှုကလည်း မြင့်တက်လာနေခဲ့၏။

အစောင့်များက တိုက်ခိုက်ရန် ပြင်ဆင်နေသည့်အချိန်တွင် မုန့်ချီကို မြင်လိုက်ရာ သူတို့၏တိုက်ခိုက်မှုကို ပြောင်းလဲလိုက်သည်။ တစ်ချိန်တည်းတွင် သူတို့၏ တိုက်ခိုက်မှုက ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို ခွဲခြားရန် ခက်ခဲနေခဲ့၏။

"ဒေါင်… "

ထိုအချိန်တွင် အလွန်ကျယ်လောင်သော စောင်းသံတစ်ခုကို သူတို့၏ နားထဲတွင် ကြားလိုက်ရ၏။ ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကလည်း အစောင့်များ ရှိနေရာမှ ထွက်ပေါ်လာပြီး ဓားရှည်များက ကျိုး၍ သူတို့၏နှလုံးသားကို ထိုးဖောက်သွားခဲ့သည်။

အဖြူရောင်ဝတ်ထားသော ရွမ်ယုရှုက မြေပေါ်သို့ ဆင်းသက်လာပြီး သူမ၏ လက်ထဲတွင်တော့ (၇)ကြိုးတပ် စောင်းကို သယ်ဆောင်ထားသည်။ သူမက ကြိုးတစ်ချောင်းကို တီးလိုက်ရာ နောက်ထပ် စူးရှသော အသံတစ်ခု ထွက်ပေါ်လာပြီး သူတို့၏ အတွေးများကို နှောင့်ယှက်လိုက်သည်။နောက်ထပ် ပေါက်ကွဲသံတစ်ခုလည်း ထွက်ပေါ်လာပြီး ကျန်ရှိနေသော အစောင့်များ၏ လည်ပင်းကို ဖြတ်သွားခဲ့၏။

သူမက အထက်တန်းလွှာ မိသားစုတစ်ခုမှ ဖြစ်သည်။ ထို့ကြောင့် ဉာဏ်အလင်းပွင့်မှုအဆင့်တွင် ဝေ့ကျင်းအဆင့် တိုက်ခိုက်မှုမျိုး တိုက်ခိုက်ပြီးသွားသည်နှင့် မည်သည့်အရာများ ဖြစ်လာနိုင်ကြောင်း သိနေသည်။ ထိုတိုက်ခိုက်မှုတိုင်းက အဖိုးတန်လက်နက်များ သို့မဟုတ် တခြားသော ရတနာများကို သုံးလိုက်သည်နှင့် တူညီနေပြီး အလွန်အမင်း စွမ်းအင် ကုန်ဆုံးရသည်။ တစ်ကြိမ် တိုက်ခိုက်လိုက်ပြီးနောက် လှုပ်ရှားရန်ပင် အတော်လေးခက်ခဲနိုင်၏။

ထို့ကြောင့်လည်း မုန့်ချီက ကောင်းကင်မိုးကြိုးကို သုံးလိုက်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် သူမက ချက်ချင်းလာရောက် ကူညီနေခြင်းဖြစ်သည်။

"ဒီနေရာကနေ ထွက်သွားကြမယ်…"

ရွမ်ယုရှုက နတ်သမီးတစ်ပါးကဲ့သို့ ထွက်လာသည်ကို မြင်သည့်အခါ မုန့်ချီက ဝမ်းသာသွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

မုန့်ချီ၏ အခြေအနေက တစ်စုံတစ်ခု ထူးဆန်းနေကြောင်း မြင်လိုက်ရသည့်အခါ ရွမ်ယုရှုက မည်သည့်မေးခွန်းမျှ မမေးတော့ဘဲ သူ့ပုခုံးကို ကိုင်ပြီး ထုပ်တန်းပေါ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် မျက်နှာချင်းဆိုင်တွင် ရှိနေသော နံရံပေါ်သို့ လှမ်းခုန်လိုက်၏။

ထိုအချိန်တွင် သူမက ခန်းမထဲသို့ ဝင်လာသော အစောင့်အနည်းငယ်ကို မြင်လိုက်ရသည်။ ထို့ကြောင့် သူမက အချိန်မဖြုန်းတော့ဘဲ မုန့်ချီကို ခေါ်ပြီး လုံလုံခြုံခြုံ ထွက်ခွာသွားခဲ့၏။

သူတို့က နံရံကို ကျော်သွားသည့်အချိန်တွင် သူတို့၏ပတ်ပတ်လည်၌ ပညာရှင် အနည်းငယ် ဝိုင်းရံထားကြောင်း မုန့်ချီက မြင်လိုက်ရသည်။ သူတို့က တံခါး(၆)ပေါက် (၇)ပေါက် ပွင့်နေသော ထိပ်တန်းအဆင့် ပညာရှင်များ ဖြစ်ကြ၏။

ရွမ်ယုရှု၏ (၇)ကြိုးတပ် ဗျတ်စောင်းတွင်တော့ မပျက်စီးသေးသော ကြိုး(၅)ကြောင်း ကျန်နေသေးသည်။ ရွမ်ယုရှုက မုန့်ချီကို လွှတ်လိုက်ပြီး ညာလက်ကို စောင်းပေါ်သို့ တင်လိုက်သည်။

"ဒေါင်… "

ပေါက်ကွဲသွားသည့်အချိန်တွင် ပညာရှင်တစ်ယောက်က နောက်ပြန်လွင့်သွားပြီး နံရံနှင့် တိုက်မိသွားသည်။ သူက အသံပင် မထွက်နိုင်တော့ပေ။

လော်ရှန်းကျိကလည်း ဥယျာဉ်ထဲမှ ထွက်လာပြီး လက်သီးနှင့် နဂါးတစ်ကောင်ကဲ့သို့ တိုက်ခိုက်လိုက်၏။ သူက ပုံရိပ်ယောင် လက်သီး (၇)သွယ်၊ တစ္ဆေလက်သီးတိုက်ခိုက်မှု ၊ ခြေလှမ်းတစ်ရာ ဆန်းကြယ်လက်သီး ၊ သံလက်သီးစသည့် သိုင်းကွက်မျိုးစုံနှင့် တိုက်ခိုက်လိုက်သည်။

တချို့သော လက်သီးပုံစံများက ကနဦးအဆင့်သာ ရှိသေးပြီး တချို့သော လက်သီးပုံစံများကတော့ အလယ်အလတ် အဆင့်ကို ရောက်နေသည်။ တချို့ကတော့ ပြည့်စုံလုနီးပါး အဆင့်ကို ရောက်နေကြ၏။ တိုက်ခိုက်မှု အနည်းငယ်လေးအတွင်း ထိုပညာရှင်များက ဆိုးဆိုးရွားရွား ထိခိုက်ဒဏ်ရာရခြင်း ၊ သေဆုံးခြင်းများ ဖြစ်ပေါ်လာကြသည်။

ထိုပညာရှင်များနှင့် ရင်ဆိုင်လိုက်ပြီးနောက် သူက မုန့်ချီ၏ ပုခုံးကို လျင်မြန်စွာ ဆုပ်ကိုင်ပြီး ရွမ်ယုရှုနှင့်အတူ ဥယျာဉ်ထဲ၌ ပုန်းနေခဲ့သည်။

မုန့်ချီက သလင်းကျောက်ကို စုပ်ယူနေရင်း ဇဝေဇဝါ မေးလိုက်သည်။

"အစ်ကိုလော်… ဘယ်လိုဖြစ်ပြီး ထွက်မသွားရသေးတာလဲ. ..."

သူတို့၏ အစီအစဉ်အရ လော်ရှန်းကျိက အစောင့်များကို အာရုံလွှဲလိုက်ပြီးနောက် လွှတ်တော်ခန်းမဆီသို့ သွားရောက်ရမည်ဖြစ်သည်။ ထို့နောက် သိုင်းသခင်နှစ်ယောက် တိုက်ခိုက်နေခြင်းကို အသုံးချပြီး နန်းတော်ထဲမှ ထွက်သွားရမည်ဖြစ်၏။

“သူက ပြန်လာမယ်လို့ ဘယ်သူက သိထားမှာလဲ…”

လော်ရှန်းကျိက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ငါက တော်တော်လေး မာနကြီးပေမယ့် ငါ့ရဲ့အဖော်ကို လုံးဝ စွန့်မပစ်တတ်ဘူး…"

မုန့်ချီက ‌ကောင်းကင်မိုးကြိုးကို သုံးလိုက်သည့်အချိန်တွင် ကောင်းကင်မိုးကြိုး၏ အကူအညီနှင့် အစောင့်များကို ဖယ်ရှားနိုင်ခဲ့သည်။ သို့သော် ဆူဆူညံညံအသံများကို ကြားလိုက်ရပြီးနောက် မုန့်ချီက ကြိုမမြင်နိုင်သော အခြေအနေတစ်ရပ်နှင့် တွေ့နေရကြောင်း သူလည်း သေချာသွားခဲ့သည်။ ထို့ကြောင့်လည်း သူ ကူညီနိုင်သော အရာရှိ မရှိ သိချင်၍ ပြန်လှည့်လာခြင်းဖြစ်သည်။

မုန့်ချီကတော့ ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လော်ရှန်းကျိနှင့် ရွမ်ယုရှုတို့ကို နန်းတော်ထဲတွင် အော်ပြောရန် တောင်းဆိုလိုက်၏။

"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်ပစ်လိုက်ပြီ… . ။ လက်ဝဲအမတ်ကြီးက ဘုရင်ကြီးကို အဆိပ်ခပ်ခဲ့တယ်။ ဘုရင်ကြီးက သေသွားပြီ…"

လူဆိုးအမတ်ကြီးက အိမ်ရှေ့မင်းသားကို သစ္စာခံထားသည်။ အကယ်၍ သူသာ ထီးနန်းရသွားမည်ဆိုလျှင် လုကွမ်ကို သေချာပေါက် ဆင့်ခေါ်လိမ့်မည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ ဤသို့ကျယ်ပြောလှသော ကမ္ဘာကြီးထဲတွင် လုကွမ်ကဲ့သို့ တပ်မှူး နည်းပါးခြင်း မရှိပေ။

ထို့ကြောင့် မုန့်ချီအတွက် အကောင်းဆုံးနည်းလမ်းက အိမ်ရှေ့မင်းသား၏ လှည့်ကွက်ကို ဖော်ထုတ်ရန်ဖြစ်သည်။ ထိုအရာများက မှန် မမှန် နန်းတွင်းထဲရှိ လူများက မေးခွန်းထုတ်နေမည်ဆိုလျှင်ပင် အနည်းဆုံးတော့ သူတို့၏ စိတ်ထဲတွင် သံသယမျိုးစေ့တစ်ခု ရှိလာနိုင်သည်။

အနည်းဆုံးတော့ လက်ယာအမတ်ကြီးက ‌အခြေအနေတစ်ခုလုံးကို ပြန်စဉ်းစားပြီး သူ၏ ရွေးချယ်မှုကို ပြောင်းလဲပစ်နိုင်သည်။ ဉာဏ်ပညာထက်မြက်သော လူတစ်ယောက် ဖြစ်သည့်အတွက် ရှင်ဘုရင်ဖြစ်သော အဖေကို သတ်ပစ်ခြင်းက ခွင့်လွှတ်၍ မရနိုင်သော ပြစ်မှုတစ်ခု ဖြစ်သည်။ သူက လုံးဝရှင်ဘုရင်တစ်ယောက်မဖြစ်‌သင့်ပေ။

ထိုအရာက တာဝန်၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။ သူတို့က နန်းတော်ထဲမှ ထွက်သွားပြီးသွားလျှင် လုပ်ဆောင်ရန် တခြားအရာများ ရှိနေသေးသည်။ ထို့ကြောင့် မုန့်ချီက ပင်မတာဝန်ကို ပြီးဆုံးရန် အကောင်းဆုံးကြိုးစားလိုခြင်းသာ ဖြစ်၏။

မုန့်ချီ၏ ဆိုလိုရင်းကို လော်ရှန်းကျိကလည်း နားလည်နေသည်။ ထို့ကြောင့် သူက အသံကုန် အော်ဟစ်လိုက်၏။

"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်ပစ်လိုက်ပြီ… . ။ လက်ဝဲအမတ်ကြီးက ဘုရင်ကြီးကို အဆိပ်ခပ်ခဲ့တယ်။ ဘုရင်ကြီးက သေသွားပြီ…"

ရွမ်ယုရှုကတော့ နောက်မှ လိုက်မအော်ခဲ့ပေ။ သူမကတော့ နေမြဲအတိုင်းသာ နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ လူတစ်ယောက် အော်ဟစ်ခြင်းကပင် လုံလောက်၏။

"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ လက်ဝဲအမတ်ကြီးက ဘုရင်ကြီးကို အဆိပ်ခပ်ခဲ့တယ်။ ဘုရင်ကြီးက သေသွားပြီ…"

လော်ရှန်းကျိက နေရာပြောင်းပြီး ဆက်အော်နေသည့်အတွက် သူ့အသံက နန်းတော်တစ်ခုလုံးကို ပျံ့နှံ့သွားခဲ့သည်။

သိပ်မကြာခင် နန်းတော်ကြီးထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာခဲ့၏။

"ဘုရင်ကြီးက သေသွားပြီ။ အဲဒါကို အိမ်ရှေ့မင်းသားက သတ်လိုက်တာလား…. "

သူတို့က ထွက်ပြေးနေကြစဉ် မုန့်ချီက သလင်းကျောက်ကို ရူးသွပ်စွာ စုပ်ယူနေခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော ရွှေရောင်အလင်းတန်းများကလည်း တဖြည်းဖြည်းပို၍ တောက်ပလာပြီး ရေွှခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၆)က ပြည့်စုံလုနီးပါးအဆင့်ကို ရောက်လာခဲ့သည်။

မုန့်ချီက စွမ်းအားတချို့ကို ရရှိလာပြီးနောက် သလင်းကျောက်ဆီမှ စွမ်းအားများကို သူ၏နှာခေါင်းတံခါးနှင့် သက်ဆိုင်သော သွေးကြောမှတ်များဆီသို့ ပို့ဆောင်လိုက်သည်။

"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်။ လက်ဝဲအမတ်ကြီးက ဘုရင်ကြီးကို အဆိပ်ခပ်ခဲ့တယ်။ ဘုရင်ကြီးက သေသွားပြီ..."

ထိုအရာက မှန်လား မှားလား …။ မည်သူကမျှ ရှင်းမပြနိုင်သော်လည်း နန်းတွင်းထဲတွင် ထိုစကားလုံးများက ပျံ့နှံ့နေခဲ့သည်။ သိပ်မကြာခင် မင်းသား(၃) ၊ မင်းသား(၄)နှင့် မင်းသား(၇)တို့၏ သစ္စာခံအစောင့်များ ၊ မိန်းမစိုးများက ထိုအရာကို အခွင့်ကောင်းယူပြီး သူတို့၏ အရှင်သခင်များအတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးကြတော့မည်ဖြစ်သည်။

သူတို့(၃)ယောက်ကတော့ လွှတ်တော်ခန်းမနှင့် တဖြည်းဖြည်းပို၍ ဝေးလာကြ၏။ သူတို့က နန်းတော်၏အပြင်ဘက်အပိုင်းကို ရောက်လာသည့်အချိန်တွင် အလွန်မြင့်မားသော မြို့နံရံကြီးကို တွေ့လိုက်ရသည်။

နံရံပေါ်တွင် ရှိနေသော အစောင့်များက အပြင်ဘက်မှ ကျူးကျော်လာသော ရန်သူများကိုသာ အာရုံစိုက်နေခြင်းဖြစ်၏။ ထို့ပြင် နန်းတွင်းထဲ၌ အဆောက်အဦးများစွာ ရှိနေသည့်အတွက် သူတို့(၃)ယောက်က မည်သူမျှ သတိမထားမိခင် တံခါးအနားသို့ ကပ်လာနိုင်ခဲ့သည်။

သို့သော် တံခါးကျော်သွားပြီးလျှင် နောက်ဆုံးအခြေအနေက မြေကွက်လပ်တစ်ခုကို ဖြတ်သွားရမည်ဖြစ်သည်။ မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်ကို မသုံးနိုင်သေးပေ။

ထို့ကြောင့် လော်ရှန်းကျိက သက်ပြင်းချလိုက်ပြီး တံခါးဆီသို့ အရှိန်ဖြင့် ပြေးသွားခဲ့၏။ ရွမ်ယုရှုလည်း နောက်မှလိုက်လာခဲ့သည်။ သူမ၏လှုပ်ရှားမှုကတော့ နတ်သမီးတစ်ပါးသဖွယ် လှပလွန်းလှ၏။

သူတို့(၃)ယောက်ကို မြို့နံရံပေါ်၌ ရှိနေသော အစောင့်များက ချက်ချင်း တွေ့သွားကြ၏။ သို့သော် သူတို့၏ မြှားကို မပစ်နိုင်ခင် လော်ရှန်းကျိက တံခါးဆီကို ရောက်သွားပြီဖြစ်၏။ သူက ပြေးဝင်လာသော အစောင့်(၃)ယောက်၏ ရင်ဘတ်ကို ညာလက်သီးနှင့် ထိုးလိုက်ရာ အစောင့်(၃)ယောက်က ချက်ချင်းသေသွားခဲ့သည်။

ရွမ်ယုရှုကလည်း သူမ၏ စောင်းကြိုးတစ်ခုကို ဖြတ်လိုက်ရာ အစောင့် (၂)ယောက်၏ လည်ပင်းက ပြတ်သွားခဲ့၏။ တံခါးအနားတွင် ရှိနေသော အစောင့်များက လျင်မြန်စွာ ရှင်းပစ်ခံလိုက်ရသည်။ ထို့နောက် လော်ရှန်းကျိက သော့ကို ဖျက်ဆီးလိုက်ပြီး တံခါးကြီးကို ဖွင့်လိုက်၏။

တံခါးပွင့်သွားသည့်အချိန်တွင် ရွမ်ယုရှုက အလောင်းတစ်ခုကို အရင်ဆုံး လှမ်းပစ်လိုက်ရာ မြှားပေါင်းတစ်ထောင်ခန့် ရောက်လာပြီး ထိုအလောင်းက ဖြူကောင်ကြီး တစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့၏။

မုန့်ချီနှင့် လော်ရှန်းကျိတို့ကလည်း အလောင်းတစ်ခုဆီကို လှမ်းပစ်လိုက်ရာ ပို၍များပြားသော မြားများ ရောက်လာခဲ့သည်။ ထို့နောက်တွင်မှသာ သူတို့က မြေကွက်လပ်၏ ဆန့်ကျင်ဘက်သို့ ပြေးသွားခဲ့၏။

သူတို့၏ အရှိန်က လျှပ်စီးကြောင်းပမာ လျင်မြန်လွန်းလှသည်။ ထိုအရာက သူတို့ဘဝတွင် အလျင်မြန်ဆုံး ပြေးသွားခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်၏။ သိပ်မကြာခင် သူတို့က မြေကွက်လပ်၏ အစွန်သို့ ရောက်သွားကြသည်။ မြားများက သူတို့ဆီကို ရောက်လာသော်လည်း ထိခိုက်စေနိုင်ခြင်း မရှိတော့ချေ။

သူတို့က လမ်းတစ်ခုထဲသို့ ရောက်သွားမှသာ အရှိန်ကို လျှော့လိုက်ကြသည်။

သလင်းကျောက်၏ သက်ရောက်မှုကြောင့် မုန့်ချီ၏ နှာခေါင်းတံခါးနှင့် သက်ဆိုင်သော သွေးကြောမှတ်များအားလုံးက တစ်ခုပြီး တစ်ခုပွင့်လာပြီး ပြည့်စုံလုနီးပါးဖြစ်လာသည်။ သို့သော် စွမ်းအားများကတော့ ဆက်၍ စီးဆင်းလာနေသေး၏။

ထို့ကြောင့် မုန့်ချီက သလင်းကျောက်ကို သုံးပြီး သူ၏ နှာခေါင်းတံခါးကို ဖွင့်ရန် ကြိုးစားချင်ခဲ့သည်။ သို့သော် သူ့ဆီတွင် အတွေးတစ်ခုရှိ၏။

“ဒါဆိုရင် မင်းသား(၃)လား၊ မင်းသား (၄)လား…”

အိမ်ရှေ့မင်းသားက မဖြစ်နိုင်တော့ဘဲ မင်းသား(၇)ကတော့ မြို့တော်နှင့်အဝေးကို ရောက်နေသည်။ သူတို့ ရွေးချယ်ရန် မင်းသား(၂)ယောက်သာ ကျန်ရှိနေတော့၏။

ထို့နောက် လော်ရှန်းကျိက ထပ်ပြောလိုက်သည်။

"ငါ့ရဲ့ ပင်မတာဝန်က မင်းသားတစ်ယောက်ကို ထီးနန်းရအောင် ကူညီ‌ပေးဖို့ပဲ လိုတာ။ ဘယ်မင်းသားလဲဆိုတာ သေချာပြောမထားဘူး။ ဒီတော့ မင်းက ဘယ်လိုစဉ်းစားထားလဲ… "

"ဒါဆိုရင် ပင်မတာဝန်တွေမှာ ကွဲလွဲချက်တွေ ရှိနေတာလား…"

အစောပိုင်းတွင် မုန့်ချီ၏ ထင်မြင်ချက်က မှန်ကန်ကြောင်း သေချာသွားခဲ့သည်။

ထို့ကြောင့် သူက တိုးတိုးလေး ပြောလိုက်၏။

"မင်းသား(၄)က အကောင်းဆုံးဖြစ်မယ်ထင်တယ်…"

လော်ရှန်းကျိက ဆက်မေးလိုက်သည်။

"မင်းက သူ့ကို အကြံပြုရတာ အကြောင်းပြချက်ရှိလား..."

"ပထမဆုံး လုဟွာရှန်ရဲ့ စကားအရ မင်းသား(၄)က ငြိမ်းချမ်းရေး ဆွေးနွေးမှုကို စိတ်ဝင်စားမှု အနည်းဆုံး လူတစ်ယောက်ပဲ။ ဒုတိယအချက်ကတော့ မကောင်းဆိုးဝါးဘုရင်မက လက်ယာအမတ်ကြီးနဲ့ တိုက်ခိုက်နေတယ်။ ဒါကြောင့် သူက ဘာမှမလုပ်နိုင်ဘူး။ ငါတို့က နောက်ထပ်ဆက်လုပ်ရမည့် ကိစ္စတွေအတွက် နောက်ထပ် သိုင်းသခင်တစ်ယောက် လိုအပ်တယ်…"

မုန့်ချီက သူ့အတွေးကို ပြောပြလိုက်သည်။

လက်ရှိအချိန်တွင် မင်းသား(၄)က လုကွမ်ကို သူ၏ တပ်မှူးအဖြစ် လက်ခံနိုင်ခြင်းရှိမရှိ သူက သေချာမသိသေးချေ။ သို့သော် သူ့ဆီတွင် အခွင့်အရေးတစ်ခု ရှိနေသေး၏။ မည်သို့ဖြစ်စေကာမူ သူ့ဆီတွင် ကံကြမ္မာအမှတ်များ ကျန်နေသေးသည့်အတွက် လိုအပ်လာလျှင်လည်း ရွမ်ယုရှုကို ငှားပေး၍ ရနိုင်သည်။

"အဲဒါက ဘာလဲ… "

လော်ရှန်းကျိက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး ထိုကိစ္စကို အသေးစိတ် မေးလိုက်၏။

"အိမ်ရှေ့မင်းသားကို သတ်ပစ်ဖို့ပဲ… "

မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်၏။

ဘုရင် သေသွားသည့် သတင်းကို လူတိုင်းက ကြားထားသည်။ ထို့ကြောင့် တစ်ဖက်ချင်းဆီကလည်း အလားတူ လှုပ်ရှားကြမည်သာဖြစ်၏။ ညအချိန်က အတော်လေးကို ရှုပ်ထွေးလာနိုင်ပြီး သွေးချောင်းစီးသည့် တိုက်ပွဲများ ဖြစ်လာနိုင်သည်။ အရုဏ်တက်ချိန်မရောက်သေးခင်အထိ ထိုပြဿနာက ပြီးဆုံးဦးမည် မဟုတ်ပေ။

ထို့ကြောင့် နန်းတွင်းနှင့် ပတ်သက်မှုမရှိသော သူတို့(၃)ယောက်က မည်သူနှင့်မျှ မဟာမိတ်မဖွဲ့ရသေးပေ။ သူတို့က ရွေးချယ်ထားသော အရာအားလုံးကို ဖယ်ရှားရန် လိုအပ်သည်။ သူတို့၏ အရှင်သခင်ကို ပြောင်းလဲနိုင်သည့် စွမ်းရည်ကလည်း အနည်းဆုံးတော့ အကျိုးသက်ရောက်မှု ရှိနိုင်၏။

"ကောင်းပြီလေ… ဒါဆိုရင်လည်း အဲဒီအတိုင်းလုပ်ကြတာပေါ့…"

လော်ရှန်းကျိက မုန့်ချီ၏အတွေးကို နားလည်သွားသည့်အချိန်တွင် အေးစက်စွာ ထပ်ပြောလိုက်သည်။

"ငါက ဒီကိစ္စကို သတင်းပြန်ပို့လိုက်မယ်။ ပြီးတော့ တစ်ဆက်တည်းမှာပဲ မင်းသား(၃)ကို သတ်ပစ်လိုက်မယ်…"

အကယ်၍ သူက မင်းသား(၃)ဆီ၌ မြှုပ်နှံထားခဲ့ရသည့် အရာများသာ မရှိလျှင် မင်းသား(၃)၏ သဘောထားကို သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။

မုန့်ချီ၏ လက်ထဲတွင် ရှိနေသော သလင်းကျောက်ကတော့ စွမ်းအင်များ ဆက်၍ စီးနေသေးပြီး နှာခေါင်းတံခါးနှင့် တခြားသော သွေးကြောမှတ်များက ပြည့်ပြည့်ဝဝ ပွင့်လာခဲ့သည်။

“ဒီအတိုင်း ဆက်သွားမယ်ဆိုရင် ငါက ပေါက်ကွဲသွားလိမ့်မယ်…”

မုန့်ချီက အံကြိတ်လိုက်ပြီး ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးကို ထုတ်လိုက်သည်။ သူက မီးတောက်ကို လောင်စာဖြည့်ပေးရန် ‌ဆုံးဖြတ်လိုက်ပြီး တစ်ကြိမ်တည်းနှင့် အဆင့်တက်ရန် ကြိုးစားလိုက်၏။ ထိုသို့ဆိုလျှင် သူ့အတွက်ပို၍ အဆင်ပြေသွားနိုင်သည်။

Translated by Hein Htet.

All Chapters