← Chapters

အခန်း (၁၈၈)

Vol. 13 Ch. 188

အခန်း (၁၈၈)

Vol. 13 Ch. 188

မုန့်ချီက ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်ခဲ့သည့်အချိန်တွင် တစ်စုံတစ်ခုမှားယွင်းနေပြီဟု လော်ရှန်းကျိနှင့် ရွမ်ယုရှူတို့က ယူဆခဲ့ကြသည်။ ထို့ကြောင့် သူ၏ချီစွမ်းအင်များက လှုပ်ရှားလာပြီး သွေးများကလည်း ဆူပွက်နေခဲ့ခြင်းဖြစ်၏။ ထို့ကြောင့် သူတို့က မင်းသား(၄)နှင့် မတွေ့ခင် သူ၏ခန္ဓာကိုယ်တွင်း ပြဿနာများကို ဖြေရှင်းပေးရန်အတွက် ဝမ်ဟိုလမ်းမထဲသို့ ခေါ်လာခဲ့ကြခြင်းဖြစ်သည်။

သို့သော် မုန့်ချီက သူတို့နှင့် မစိမ်းသော ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးကို ထုတ်လိုက်သည့်အချိန်တွင် သူတို့က မူမမှန်သော အရာများကို နားလည်သွားခဲ့သည်။ သူတို့က နန်းတော်ထဲတွင် ရောက်ရှိနေသည်ဟူသော အချက်ကြောင့် နတ်ဆိုးသခင်၏ အမွေအနှစ်က ဘုရင်ဟောင်း၏ လက်ထဲသို့ ကျရောက်နေလိမ့်မည်ဟု လုံးဝမတွေးထားခဲ့ကြပေ။ ထို့ကြောင့် မုန့်ချီ၏အကြောင်းအရာများနှင့် ပတ်သက်ပြီး တိတိကျကျ မတွေးနိုင်ခဲ့ကြခြင်း ဖြစ်သည်။

အထက်တန်းလွှာ မိသားစုတစ်ခုမှ အငယ်ဆုံး သခင်မလေး တစ်ယောက်ဖြစ်ပြီး အကြီးအကဲများ၏ မျက်နှာသာပေးမှုကို ခံရသော ရွမ်ယုရှုက ဆေးလုံးများစွာကို ကြားခဲ့ဖူးသည်။ ထို့ကြောင့် မုန့်ချီ၏ လက်ရှိအခြေအနေကိုလည်း ယေဘုယျ ခန့်မှန်းမိနိုင်၏။

သူမက အလွန်စိတ်ဝင်စားနေသည့်အတွက် မုန့်ချီကို စိုက်ကြည့်နေခဲ့သည်။ သူမက ထိုကဲ့သို့ အစစ်အမှန် အခြေအနေကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။

ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးက ပါးစပ်ထဲ၌ ပျော်ကျသွားသည့်အချိန်တွင် အေးစက်စက် အ‌ငွေ့လေးတစ်ခုက လည်ချောင်းထဲမှနေ၍ ‌ဗိုက်ထဲသို့ ပျံ့နှံ့လာခဲ့သည်။ ထိုအရာက မုန့်ချီ၏ နှလုံးသားထဲသို့ ရောက်ရှိလာပြီး သူ၏စွမ်းအားများကို စတင်သိမ်းသွင်းကာ နှာခေါင်းတံခါးများဆီသို့ ပို့ဆောင်ပေးလိုက်သည်။

ယခုမှ သူက နှာခေါင်းတံခါးနှင့် သက်ဆိုင်သော သွေးကြောမှတ်များကို စုစည်းပြီးသွားခဲ့ခြင်း ဖြစ်သည်။ ထိုစွမ်းအားများကို ထူးခြားသော နည်းလမ်းနှင့် ဖြန့်ဝေလိုက်သည့် အချိန်တွင် သူတို့က အပြင်ဘက်ကမ္ဘာကြီးနှင့် အလားသဏ္ဍာန်တူစွာ သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အဆုတ်နှစ်ခုနှင့် ဆက်သွယ်ပြီး တစ်သားတည်း ပေါင်းစပ်သွားကြသည်။ မှိတ်ထားသော မုန့်ချီ၏မျက်လုံးထဲတွင် လင်းလက်တောက်ပနေသော ကြယ်များကဲ့သို့ တစ်ခုပြီးတစ်ခု လင်းလက်လာကြ၏။

ကြယ်များ၏ အလယ်တွင်တော့ နှာခေါင်းတံခါးက လမ်းကြောင်းကို ပိတ်ထားသော တံခါးမကြီးတစ်ခုကဲ့သို့ ဖြစ်နေသည်။ ထိုနေရာက အတွင်းနှင့်အပြင် ကမ္ဘာကြီးကို ဆက်သွယ်ထားသော တံခါးတစ်ခုကဲ့သို့ ဖြစ်နေ၏။

မုန့်ချီက သူ၏စွမ်းအားများ အားလုံးကို လှည့်ပတ်ပြီး ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံး၏ အကျိုးအာနိသင်များနှင့် ပေါင်းစပ်လိုက်သည်။ သူတို့က ကြောက်စရာကောင်းသော လှိုင်းလုံးများကဲ့သို့ နှာခေါင်းတံခါးဆီသို့ စီးဝင်သွားကြ၏။ ခန္ဓာကိုယ်၏ နာကျင်မှုနှင့် စိတ်ဝိညာဉ်၏ နာကျင်မှုများက ခံနိုင်ရည် မရှိလောက်အောင် ပြင်းထန်လှသည့်အတွက် ခန္ဓာကိုယ်ကြီးက ဖောင်းပွလာသလိုပင် ဖြစ်လာခဲ့လေသည်။

"ဗုန်း…"

ကျယ်လောင်သောအသံကြီးတစ်ခု ထွက်ပေါ်လာပြီး နှာခေါင်းတံခါးကို ပိတ်ထားသော တံခါးက အလွန်ကြောက်စရာကောင်းသော စွမ်းအားများကြောင့် ပွင့်သွားခဲ့၏။

အရာအားလုံးက ပုံမှန်အတိုင်း ဖြစ်နေသော်လည်း အနည်းငယ်တော့ ကွဲပြားသွားပုံရသည်။ သစ်ပင်များ၏ ရနံ့ ၊ လေထု၏ စိုစွတ်မှု ၊ လော်ရှန်းကျိ၏ ချွေးရနံ့နှင့် ရွမ်ယုရှု၏ ‌အမွှေးရနံ့များ အားလုံးကို သူ့နှာခေါင်းထဲတွင် ရှင်းရှင်းလင်းလင်း ရနေခဲ့၏။

သူ၏အဆုတ်နှစ်ဖက်စလုံးက အလွန်အမင်းကို အစွမ်းထက်လာသည့်အတွက် ကမ္ဘာမြေကြီးထဲတွင် ရှိနေသော ချီစွမ်းအင်အများစုကလည်း သူ၏နှာခေါင်းတံခါးထဲသို့ ရောက်လာခဲ့၏။

ကမ္ဘာမြေကြီးဆီမှ သန့်စင်သော ချီစွမ်းအင်များ ဝင်ရောက်လာသည့်အချိန်တွင် သူ၏ နှလုံးနှင့် သွေးကြောများကို ပြုပြင်ပေးနေပြီး သူ၏ချီစွမ်းအင်များကို အားဖြည့်ပေးနေသည်။

နှာခေါင်းတံခါးက နေ့စဉ် လေ့ကျင့်မှုတွင် အရေးပါသော အရာတစ်ခုဖြစ်သည်။ သူတို့က ပင်မအဖြစ် လုပ်ဆောင်ပြီး ပါးစပ်တံခါးက အကူအညီအဖြစ် လုပ်ဆောင်ပေးသည့်အတွက် ကျင့်ကြံသူများက သန့်စင်သော ချီစွမ်းအားများကို စုပ်ယူနိုင်ကြသည်။

သူတို့က အနည်းငယ် ကြိုးစားရုံနှင့် ကျင့်ကြံသူက နှစ်ဆ အကျိုးရလဒ်များ ပေးနိုင်၏။ ထိုအရာက တိုက်ပွဲအတွင်း ချီစွမ်းအင် မြန်မြန်ပြန်‌ပြည့်အောင်လည်း ကူညီပေးနိုင်သည်။ ထို့ကြောင့် တံခါး(၇)ပေါက်ပွင့်နေသော ပညာရှင်များက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အဓိက အဆင့်ကို ရောက်နေပြီး အတွင်းကမ္ဘာကြီး အခြေခံဖွဲ့စည်းမှုအဆင့်ကို ရောက်နေသည်ဟု သတ်မှတ်နိုင်သည်။ မုန့်ချီက ထိုအဆင့်နှင့် နီးကပ်လာနေပြီး ပါးစပ်တံခါး တစ်ခုတည်းသာ ကျန်နေတော့၏။

ကျန်ရှိနေသည့် စွမ်းအားများက မုန့်ချီ၏ သွေးကြောထဲတွင် ပြည့်နှက်လာပြီး နှာခေါင်းတံခါးဆီသို့ ဖြည်းညင်းစွာ ရောက်သွားနေကြသည်။ သူကတော့ နောက်ထပ် ဖောင်းကားလာသည့် ခံစားမှုမျိုး မရတော့ပေ။ သိပ်မကြာခင် မုန့်ချီက စွမ်းအားများကို ပြည့်စုံစွာ လေ့ကျင့်နိုင်ခဲ့၏။

ထို့နောက် သူ၏ စွမ်းအားများက နောက်တစ်ကြိမ် အထွဋ်အထိပ်ကို ရောက်ရှိလာပြီး မကောင်းဆိုးဝါးမင်းသားနှင့် တိုက်ခိုက်သည့် အချိန်ကထက် နှစ်ဆခန့်ပို၍ များပြားလာသည်။ ထိုအရာက သာမန်တံခါး(၇)ပေါက်အဆင့် ပညာရှင်နှင့် တူညီနေ၏။ လက်ရှိအဆင့်တွင် မုန့်ချီ၏လက်ဝါးလှိုင်းတစ်ခုကပင် လူတစ်ယောက်ကို သတ်ပစ်နိုင်စွမ်းရှိသည်။

"ပြီးသွားပြီ…"

သူ၏အခြေအနေကို ပြန်လည်စစ်ဆေးကြည့်လိုက်ပြီးနောက် မုန့်ချီက လော်ရှန်းကျိ၏ အကူအညီကို မလိုအပ်ကြောင်း အချက်ပြလိုက်၏။

လော်ရှန်းကျိက အပြုံးနှင့်ပြောလိုက်သည်။

"မင်းက တံခါး(၆)ပေါက် ပွင့်သွားပြီလား…"

ထိုမျှ နီးကပ်နေသည့်အတွက် သူက မုန့်ချီ၏ အဆင့်တက်မှုကို သတိမထားမိဘဲ နေမည်လော။ သို့သော် မည်သည့်အရာများ ဖြစ်နေမှန်းမသိသလို စွန့်စားရသည့် အရာတစ်ခု ဖြစ်ခဲ့မှန်းလည်း မသိခဲ့ပေ။ သူတို့က ပင်မတာဝန်ပြီးဆုံးသွားမည်ဆိုလျှင် ကံကြမ္မာအမှတ် နှစ်ဆရနိုင်ပြီး တစ်ထောင်ကျော် ရနိုင်သည်။

မုန့်ချီက ဘယ်လက်ကို ထုတ်ပြလိုက်ရာ နတ်ဆိုးသခင်၏ သလင်းကျောက်တုံးလေး ပေါ်လာခဲ့သည်။ ထိုသလင်းကျောက်တုံးထဲတွင် စွမ်းအားမရှိတော့ဘဲ အတွင်းထဲတွင် ဂျယ်လီကဲ့သို့သော အရာလေးများသာ ပေါ်နေခဲ့၏။ ထိုသလင်းကျောက်လေးက အလွန်အေးစက်နေသည်။

"နတ်ဆိုးသခင်ရဲ့အမွေအနှစ်တွေက ဘုရင်ဟောင်းရဲ့လက်ထဲကို ရောက်နေတာ…။ ကျွန်တော်က အဲဒီသလင်းကျောက်ထဲက စွမ်းအားတွေကို ရသွားတာပါ…"

ယခုအချိန်က ဖြစ်ခဲ့သည့်အရာများကို လွတ်လွတ်လပ်လပ် ပြန်ပြောရမည့် အချိန်မဟုတ်သေးပေ။

"တကယ်လို့ ငါတို့ကသာ ဒီနေ့ည ဘုရင်ကြီး သေ မသေ သွားပြီး မစစ်ဆေးကြည့်ခဲ့ဘူးဆိုရင် အိမ်ရှေ့မင်းသားက တခြားမင်းသားတွေကို ရှင်းပစ်ပြီး ရက်အနည်းငယ်အတွင်း ထီးနန်းကို ရသွားတော့မှာ…။ ဒါဆိုရင် ငါတို့က ပင်မတာဝန် ဘာလို့ကျရှုံးသွားလဲဆိုတာကိုတောင် သိလိုက်ရမှာ မဟုတ်ဘူး…"

လော်ရှန်းကျိက ခံစားချက် ပြည့်နှက်စွာ ပြောလိုက်ပြီး နတ်ဆိုးသခင်၏ သလင်းကျောက်လေးကို စိုက်ကြည့်လိုက်သည်။

သိုင်းလောကတွင် တစ်ယောက်တည်း ကျင်လည်နေသူ တစ်ယောက် ဖြစ်သည့်အတွက် သူလည်း ကံကောင်းသည့် အခွင့်အရေးများစွာ ကြုံခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သာမန်အဆင့်တက်သည့် နည်းလမ်းများက အတော်လေးကို ရှားပါးသည်။ ထိုသလင်းကျောက်လေးကတော့ စွမ်းအားများကို သိုလှောင်ထားသည့်အတွက် အလွန်ရှားပါးသည်ဟု သတ်မှတ်နိုင်၏။

ထို့နောက် မုန့်ချီက အနက်ရောင်သားရေပြားလေးကို ထုတ်လိုက်သည်။ ထိုအရာက သားမေွှးတစ်ခုနှင့် တူညီနေသော်လည်း သားမေွှးတော့ မဟုတ်ပေ။ ထိုအရာက သလင်းကျောက်ကို ပတ်ထားခြင်း ဖြစ်သည်။ သူက ထိုအရာကို ယူမလာခင် သလင်းကျောက်လေးကို အနက်ရောင် သားရေပြားနှင့် ပတ်ထားရန် ဘာကြောင့် လိုအပ်ကြောင်းမသိခဲ့ပေ။

အနက်ရောင် သားရေပြားလေးကို ဖြန့်လိုက်သည့်အချိန်တွင် စကားလုံးများ ပေါ်လာခဲ့၏။

"ဒီလိုပါပဲလား …”

“ဒီလိုပါပဲလား… "

ထိုစကားလုံးများကို မြင်လိုက်ရသည့်အချိန်တွင် မုန့်ချီက မိုးကြိုးပစ်ခံရသလို အံ့ဩသွားခဲ့သည်။ သူ့ခေါင်းထဲတွင်လည်း အတွေးပေါင်းမြောက်များစွာ ပေါ်လာပြီး မတည်ငြိမ်နိုင်တော့ပေ။ သူက သေမျိုးဖုန်မှုန့်ကျဆင်းခြင်းသိုင်းကွက်ကို နားလည်ခဲ့သည့်အချိန်တွင် ကြုံတွေ့ခဲ့ရသော မြင်ကွင်းများက တစ်ခုပြီးတစ်ခုပေါ်လာခဲ့၏။

မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း စိတ်ပျက်မှုများ ရှိနေသော ဘုန်းတော်ကြီးတစ်ပါးကို မြင်ခဲ့ရသည်။

သူ၏ခန္ဓာကိုယ်က ကျုံ့သွားသည့်အချိန်တွင် အလွန်ချစ်စရာကောင်းသော ကလေးတစ်ယောက်ဖြစ်လာပြီး မိဘများ၏ ချစ်မြတ်နိုးမှုကို ခံခဲ့ရ၏။ သူ အသက်ကြီးလာသည့်အချိန်တွင် လူတိုင်း၏ လေးစားခြင်းကို ခံခဲ့ရပြီး မိဘများကို ‌ပြုစုနိုင်ခဲ့သည်။ ထိုအချိန်တွင် သူ့မိဘများကတော့ အရာအားလုံး သူ့အပေါ်တွင် မှီခိုနေရ၏။ သူ့မိဘများ သေဆုံးသွားသည့်အချိန်တွင် သူတို့၏ အခေါင်းကိုကြည့်ပြီး တစ်ယောက်တည်း သက်ပြင်းချကာ ပြောလိုက်၏။

"ဒီလိုပါပဲလား…"

သူက တော်ဝင်မိသားစု တစ်ခုထဲတွင် မွေးဖွားလာပြီး လူတိုင်း၏ ချစ်ခင်မြတ်နိုးမှုကို ခံစားခဲ့ရသည်။ သူ ကြီးလာသည့်အချိန်တွင် အာဏာရခဲ့ပြီး ထီးနန်းကို ပိုင်ဆိုင်ခဲ့၏။ သူက စကားတစ်လုံးတည်းနှင့် လူတစ်ယောက်၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်၏။ သူဒေါသထွက်နေသည့်အချိန်တွင် လူပေါင်းများစွာကို သတ်ပစ်ခဲ့သည်။ သူပျော်ရွှင်နေလျှင် တခြားသူများကို ရာထူးတိုးပေးတတ်သည်။ ဆယ်နှစ်ကြာပြီးနောက် သူက နန်းတော်ထဲမှ ထွက်သွားပြီး စကားတစ်ခွန်းသာ ပြောခဲ့သည်။

"ဒီလိုပါပဲလား … "

အလွန်ထူးခြားသည့် ပါရမီရှင် တစ်ယောက်ဖြစ်သော နတ်ဆိုးသခင်က အသက် (၃၀) မတိုင်ခင် သိုင်းသခင်အဆင့်ကို ရောက်လာခဲ့သည်။ သူက မျိုးရိုးစဉ်ဆက် တကွဲတပြားဆီ ဖြစ်နေသော နတ်ဆိုးကျောင်းကို တစ်ယောက်တည်း စုစည်းနိုင်ခဲ့ပြီး နတ်ဆိုးကျောင်း၏ တည်ထောင်သူ ပြီးလျှင် အထူးခြားဆုံး အရှင်သခင် တစ်ယောက် ဖြစ်လာခဲ့၏။

ထို့နောက် သူက သိုင်းကျမ်း(၉)ခုကို ပေါင်းစပ်ခဲ့ပြီး ပြည့်ပြည့်ဝဝ နားလည်သွားခဲ့၏။ သူက ကမ္ဘာမြေကြီးနှင့် တသားတည်းဖြစ်ရန် ခြေတစ်လှမ်းသာ လို‌တော့သည်။ ထို့နောက် သူက အရှင်သခင်တစ်ယောက်ဖြစ်လာပြီး သိုင်းသခင်များကိုပင် သတ်ပစ်နိုင်ခဲ့၏။

သူနှင့် သိုင်းကွက် (၃)ကွက်ကျော် တိုက်ခိုက်နိုင်သည့် ပညာရှင်ကို နာမည်ကျော် သိုင်းသမားတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ထိုအချိန်တွင် လက်ရှိဘုရင်ဟောင်းက အိမ်ရှေ့မင်းသားဖြစ်ခဲ့ပြီး မင်းသား(၈)၏ လွှမ်းမိုးမှုကို ခံထားရသည်။ သူ့ကို နတ်ဆိုးသခင်က ထောက်ပံ့ပေးသည့်အတွက် မင်းသား(၈)က ထီးနန်းကို ဆုံးရှုံးခဲ့ရ၏။

နတ်ဆိုးကျောင်းက တဖြည်းဖြည်း အထွဋ်အထိပ်သို့ ရောက်လာသည့်အချိန်တွင် သူက ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခဲ့ပြီး အဝေးသို့ ထွက်သွားခဲ့သည်။ သူက မီးအိမ်လေး ကိုင်ထားသော ဗုဒ္ဓနှင့်အတူ ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာပြီး စာရွက်ပေါ်တွင် စကားလုံးများ ရေးထားခဲ့သည်။

"ဘဝဆိုတာ ဒါပါပဲလား…"

မုန့်ချီကတော့ ကြက်သီးမွေးညင်းထသွားသလို ခံစားလိုက်ရ၏။

“သူက အနတ္တလား…။ သူက အသက်ရှင်နေတာလား…..”

နတ်ဆိုးသခင်က နတ်ဆိုးများ လွှမ်းမိုးနေသည့်အချိန်တွင် အင်အားကြီးလာခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီများ အဆုံးသတ်သွားသည့်အချိန်တွင် သူလည်း ပျောက်ကွယ်သွားခဲ့၏။ နောက်ဆုံးတွင်တော့ သူ၏အချိန်က အဆုံးသတ်သွားခဲ့သည်။ အလယ်ခေတ်တွင်တော့ လူသားဧကရာဇ်က မွေးဖွားလာပြီး နဂါးကျောင်းဆောင်ကြီးကိုပင် လူသားဧကရာဇ်၏ ဓားနှင့် ဖျက်ဆီးပစ်ခဲ့သည်။

အနတ္တနှင့် သူက တစ်ချိန်တည်း ဖြစ်သော်လည်း အနည်းဆုံးတော့ လွန်ခဲ့သော နှစ်ပေါင်းတစ်သိန်းခန့်က ဖြစ်သည်။ သူက မည်သို့အသက်ရှင်နေနိုင်ဦးမည်နည်း။ သူက ဆက်တိုက်ပြန်လည်ဝင်စားနေခြင်းပေလော။

ဤအချိန်အတောအတွင်း သူက သံသရာထဲသို့ ကျရောက်သွားပြီး ခါးသီးမှု ပင်လယ်ထဲတွင် နစ်မွန်းသွားခြင်းပေလော။ နောက်ဆုံးကျမှ ဗုဒ္ဓလမ်းစဉ်ကို ပြည့်ပြည့်ဝဝ နားလည်လာပြီး သူ့ကိုယ်သူ မေ့လျော့သွားခြင်းပေလော။

ခါးသီးမှုပင်လယ်ဆိုသည်မှာ အိပ်မက်တစ်ခုသဖွယ် ဖြစ်နေပြီး အရာအားလုံးက စစ်မှန်မှုမရှိချေ။ အရာအားလုံးကို မေ့ပျောက်ပစ်ရန်သာ ဖြစ်သည်။ တိကျသော အကြောင်းပြချက် မရှိသော်လည်း မုန့်ချီက အနတ္တကျိန်စာဖျက်ဓားပညာအပေါ် ပို၍ နားလည်သွားခဲ့သည်။

"ဘာဖြစ်တာလဲ…"

မုန့်ချီက ရုတ်တရက် ငြိမ်သက်သွားပြီး လက်ထဲတွင် ကိုင်ထားသော အနက်ရောင် သားရေပြားကို ငေးကြည့်နေကြောင်း မြင်လိုက်ရသည့်အခါ လော်ရှန်းကျိနှင့် ရွမ်ယုရှုတို့က နောက်ဆုတ်ပြီး မေးလိုက်ကြသည်။

ထိုသားရေပြားပေါ်တွင် ရှိနေသော စကားလုံးများက အလွန်ကြီးသည့်အတွက် သူတို့နှစ်ယောက်စလုံးကလည်း ရှင်းရှင်းလင်းလင်း မြင်နိုင်ကြ၏။ သို့သော် ‘ဒါပါပဲလား’ ဟူသည့် စကားလုံးကို သူတို့လည်း နားမလည်နိုင်ကြပေ။

ထိုစကားလုံးများက မည်ကဲ့သို့သော မှော်အစွမ်းမျိုး ရှိနေသည့်အတွက် သေရေးရှင်ရေး အခြေအနေမျိုးတွင်ပင် တည်ငြိမ်နေသော မုန့်ချီကို မှင်တက်သွားစေခဲ့သနည်း ။

မုန့်ချီက သက်ပြင်းချလိုက်ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။

"နတ်ဆိုးသခင်က သိုင်းပညာနဲ့ ပတ်သက်ပြီး သူ့ရဲ့အတွေ့အကြုံတွေ ချန်ထားမယ်လို့ ငါက တွေးခဲ့တာ။ ဒါပေမယ့် သူက ဒီလိုပုံဖော်လို့ မရနိုင်တဲ့ စကားလုံးတွေပဲ ရေးထားခဲ့တယ်။ ဒါကြောင့် ငါက နည်းနည်းလေး အံ့ဩသွားခဲ့တာ…"

သူက လော်ရှန်းကျိနှင့် ရွမ်ယုရှုတို့ကို ကောင်းကောင်း ရင်းနှီးနေခြင်းမရှိပေ။ ထို့ကြောင့် သူတို့ကို အနတ္တကျိန်စာဖျက်ဓားပညာနှင့် ပတ်သက်ပြီး လတ်တလော မပြောသေးသည်မှာ ပို၍အဆင်ပြေလှ၏။ သူက ပင်မကမ္ဘာကြီးဆီသို့ ပြန်ရောက်လာပြီးနောက် ကျန်းကျိဝေနှင့် ကျန်းယွင်ရှန်တို့‌ကို တွေ့သည့်အချိန်မှသာ ဆွေးနွေးရန် စဉ်းစားထားခဲ့သည်။

ယခု သူက အနည်းငယ် ကြောက်လန့်ပြီး သတိထားနေခဲ့၏။

“တကယ်လို့ အနတ္တကသာ အသက်ရှင်နေဦးမယ်ဆိုရင် သူက အဲဒီဓားပညာကို ဆက်ပြီး သုံးဖို့အတွက် လျှို့ဝှက်အန္တရာယ်တွေ ရှိနေတာများလား။ အဲဒီဓားပညာက သူ့ကို ထူးဆန်းတဲ့ နည်းလမ်းနဲ့ အသက်ရှင်စေနိုင်ဖို့အတွက် ပတ်သက်နေတာလား။ ဒီကိစ္စကို အဖြေမရှာနိုင်သေးခင် အနတ္တကျိန်စာဖျက်ဓားပညာကို တတ်နိုင်သမျှ နည်းနည်းပဲ သုံးသင့်နေပြီ…”

မုန့်ချီက တစ်ယောက်တည်း တိတ်တဆိတ် တွေးမိနေပြီး သိပ်မကြာခင် ပြုံးလိုက်သည်။ သံသရာကမ္ဘာကြီးကဲ့သို့ အလွန်ရှုပ်ထွေးနေသော ကမ္ဘာကြီးထဲတွင် အနတ္တကျိန်စာဖျက်ဓားပညာသာ မရှိလျှင် သူ အသတ်ခံရသည်မှာ အချိန်အတော်လေး ကြာလောက်ပါပြီ။

ဥပမာအားဖြင့် ယခုလို လူသစ်များကို တွဲခေါ်ရသည့် တာဝန်ကလည်း အလွန်အန္တရာယ်များသည်။ သူ၏ရွေးချယ်မှုကြောင့်သာ လမ်းကြောင်းတစ်ခုလုံး ပြောင်းလဲလာပြီး အခက်အခဲက တိုးမြင့်လာခြင်းဖြစ်၏။ သူက အနတ္တကျိန်စာဖျက်ဓားပညာကို အသုံးပြုနေခဲ့ခြင်းဖြစ်ပြီး မိုးကြိုးနတ်ဘုရားတံဆိပ်ကိုလည်း နှစ်ကြိမ်တိတိ အသုံးပြုနိုင်ခဲ့သည်။ ထို့ပြင် ရရှိလာသော အကျိုးအမြတ်များကလည်း ပို၍ များပြားလာ၏။

“ငါက အနတ္တကျိန်စာဖျက်ဓားပညာကို အားကိုးနေရမယ့်အစား တခြားဝေ့ကျင်းအဆင့် သိုင်းပညာတစ်ခုကို မြန်မြန်ရဖို့လိုတယ်…”

မုန့်ချီက စိတ်ထဲတွင် ဆုံးဖြတ်ချက်ချလိုက်၏။

သူက သလင်းကျောက်ကို ကိုင်ရင်း စဉ်းစားနေပြီးနောက် လော်ရှန်းကျိ ၊ ရွမ်ယုရှုတို့နှင့်အတူ ဝမ်ဟိုလမ်းထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့ကြသည်။

ထိုအချိန်တွင် နန်းတော်ထဲ၌ ဆူညံသံများနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာနေပြီး မြို့တော်ကြီး တစ်ခုလုံးကို ပျံ့နှံ့နေခဲ့သည်။ နန်းတော်၏အပြင်ဘက်တွင်တော့ မုန်တိုင်းများ ၊ လျှပ်စီးများ မရှိချေ။ သူတို့က အလျင်အမြန် ထွက်လာရာ သိပ်မကြာခင် ဝမ်ဟိုလမ်းထဲတွင် နေထိုင်သော မင်းသား(၄)၏ စံအိမ်ဆီသို့ရောက်လာခဲ့၏။

"ငါက နန်းတော်ထဲမှာ ဖြစ်နေတဲ့ ပြောင်းလဲမှုတွေနဲ့ သက်ဆိုင်တဲ့ အရေးကြီးသတင်းတွေ ပြောပြဖို့အတွက် မင်းသား(၄)ကို တွေ့ဖို့လိုတယ်…"

မုန့်ချီက တံခါးစောင့်ကို တိုက်ရိုက်ပြောလိုက်သည်။

မင်းသား(၄)က ဆူဆူညံညံ အသံများကို ကြားမိသော်လည်း လက်ရှိအခြေအနေကိုတော့ မသိသေးပေ။ ထို့ကြောင့် စံအိမ်ထဲတွင် လင်းထိန်နေပြီး လူတစ်ယောက်မျှ အဝင်အထွက်မရှိဘဲ အစောင့်အကြပ်များသာ သိပ်သည်းစွာ ချထားခဲ့သည်။

မုန့်ချီကို မှတ်မိနေသည့်အတွက် တံခါးစောင့်က သူ့ကို လျစ်လျူရှုရဲခြင်း မရှိပေ။ သူက ချက်ချင်းပင် အတွင်းထဲ၌ ရှိနေသော မင်းသား(၄)ကို သွား၍ သတင်းပို့လိုက်၏။

မင်းသား(၄)က ဆုံးဖြတ်ချက်ပြတ်သားသော လူတစ်ယောက်ဖြစ်သည်။ သူနှင့်အတူ ဓားအင်ပါယာလည်း ပါလာခဲ့၏။ ယခုလို ရှုပ်ထွေးနေသော အခြေအနေတွင် မုန့်ချီက မင်းသား(၄)ကို လုပ်ကြံသတ်ဖြတ်ခြင်းမှ ကာကွယ်ရန်လည်း လိုအပ်သေးသည်။

မုန့်ချီက ရုတ်တရက် အတွေးတစ်ခု ရသွားပြီး လေးလေးနက်နက် ပြောလိုက်၏။

"မင်းသား(၄)…

ကျွန်တော့်မှာ ဓားနှစ်လက်ရှိတယ်။ မင်းသား (၄)က ဘယ်ဓားကို လိုချင်လဲ…"

မင်းသားလေးက သူ၏ ဆိုလိုရင်းကို နားလည်နေသည့်အတွက် တည်ငြိမ်စွာ မေးလိုက်သည်။

"ဘယ်လိုဓား(၂)လက်လဲ…"

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။

"တစ်ခုက အရှိန်အဝါကို ဓားသွား၊ ရွှေနဲ့သံက ဓားအပြား၊ သတ္တိက ဓားကိုယ်ထည် ၊ စိတ်ဆန္ဒက ဓားနှောင့်နဲ့ ကိုယ်ကိုယ်တိုင်က အချုပ်အနှောင်အဖြစ် ရှိနေတယ်။ အဲဒီဓားက လည်ပင်းကို ဖြတ်နိုင်ပြီး အောက်ခြေထိ ခုတ်လိုက်မယ်ဆိုရင် အသည်းနှင့် အဆုတ်ကိုတောင် ထက်ဝက်ပိုင်းဖြတ်နိုင်တယ်။ ဒေါသထွက်နေတဲ့အချိန် ခြေ(၅)လှမ်း အဝေးမှာ ရှိနေတဲ့ ရန်သူတစ်ယောက်ကိုတောင် သတ်ပစ်နိုင်တယ်။ အဲဒီဓားနဲ့ဆိုရင် အမုန်းတရားတွေ ယုတ်မာရိုင်းစိုင်းမှုတွေကို ပြန်လည်ပေးဆပ်နိုင်ပြီး သွားချင်တဲ့နေရာကို စိတ်ကြိုက်သွားနိုင်တယ်။ အဲဒါက ဓားသမားတစ်ယောက်ရဲ့ ဓားပဲ…”

“တခြားတစ်ချောင်းကတော့ ရဲရင့်မှုကို ဓားသွား ၊ အဂတိ မလိုက်စားမှုကို ဓားအပြား ၊ သူတော်ကောင်းတရားကို ဓားကိုယ်ထည်၊ သစ္စာရှိမှုကို ဓားနှောင့်နဲ့ သူရဲကောင်းစိတ်ဓာတ်က ဓားရဲ့အချုပ်အနှောင်အဖြစ် ရှိနေတယ်။ အဲဒီဓားက မှန်ကန်မှုကိုပဲ ကိုယ်စားပြုတယ်။ ဓားကို မြှောက်လိုက်တဲ့အချိန်မှာ အထွဋ်အထိပ်စွမ်းအားတွေ ရမယ်။ ဓားကို ဖိနှိပ်ခံရမယ်ဆိုရင်တောင် နိမ့်ကျသွားမှာ မဟုတ်ဘူး။ ဓားကို သုံးလိုက်တဲ့အချိန်မှာလည်း ဖိနှိပ်ခံရမှာ မဟုတ်ဘူး။ အပေါ်ကို မြှောက်လိုက်မယ်ဆိုရင် ကောင်းကင်ကြီးပေါ်မှာရှိတဲ့ နေ ၊ လ နှင့် ကြယ်ကိုတောင် ဖျက်ဆီးနိုင်တယ်။ အောက်ကို ခုတ်လိုက်မယ်ဆိုရင် ကမ္ဘာမြေကြီးနဲ့ ဥတု(၄)ပါးကို အမိန့်ပေးနိုင်လိမ့်မယ်။ လောကတခွင်ကို စုစည်းဖို့အတွက် လူသားတွေရဲ့ အမြင်ကို လက်ခံပေးရမယ်။ အဲဒီဓားကို အသုံးပြုလိုက်မယ်ဆိုရင် မိုးကြိုးတစ်ခုလိုပဲ။ တိုင်းပြည်တစ်ခုလုံးမှာ အမိန့်မနာခံတဲ့သူ တစ်ယောက်မျှ မရှိတော့ဘူး။ အဲ့ဒါကတော့ ဧကရာဇ်ဓားပဲ…”

“မင်းသား(၄) ဘယ်ဓားကို ချွေးချယ်ချင်သလဲ။ တခြားဓားတစ်ချောင်းကိုရော စွန့်လွှတ်ဖို့ ဆန္ဒရှိလား…”

သူ့စကားကြောင့် မင်းသား(၄)က အလွန်အမင်းကို ထိတ်လန့်သွားခဲ့သည်။ ဓားအင်ပါယာကပင် အနည်းငယ် လှုပ်ရှားသွားခဲ့၏။ ပတ်ပတ်လည်တွင် ရှိနေသော ရဲမက်များ ၊ ဓားသမားများ အားလုံးက မင်းသား(၄)ကို ခံစားချက်မျိုးစုံနှင့် စိုက်ကြည့်နေကြပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

မင်းသား‌(၄)က လက်နောက်ပစ်ပြီး တည်ငြိမ်စွာ စဉ်းစားနေခဲ့၏။ ထိုအချိန်တွင် သူ၏ မျက်နှာပေါ်၌ ပြတ်သားသော အမူအရာတစ်ခုပေါ်လာခဲ့သည်။ သူက မုန့်ချီကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်၏။

"ငါက ဧကရာဇ်ဓားကို ရွေးချယ်မယ်…”

ထိုသို့ ပြောလိုက်ပြီးနောက် သူက အရာအားလုံးကို ဖြတ်တောက်ပစ်လိုက်သည့်အလား အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ တစ်ချိန်တည်းတွင် အစောင့်များ ၊ ဓားသမားများ အားလုံးကလည်း စိတ်လှုပ်ရှားလာကြ၏။

"တကယ်ပဲလား….။ တကယ်လို့ မင်းသား(၄)ကသာ ဧကရာဇ်ဓားကို ရွေးချယ်လိုက်မယ်ဆိုရင် မင်းသား(၄)ရဲ့ စာကြည့်ခန်းထဲမှာရှိတဲ့ ဓားတွေအားလုံး ကျွန်တော့်ကို ပေးနိုင်ရဲ့လား…"

မုန့်ချီက နောက်ထပ် မေးခွန်းတစ်ခုကို မေးပြီး သူ့ကို စမ်းသပ်လိုက်သည်။ မင်းသား(၄)၏ စာကြည့်ခန်းထဲတွင်ရှိနေသော ဓားများထဲတွင် (၁၀)ချောင်းခန့်က သန့်စင်လက်နက်များဖြစ်ပြီး တခြားလက်နက်များကတော့ မီး(၁၀၀)လက်နက်များ ဖြစ်သည်။

မင်းသား(၄)က ရယ်နေရင်း ပြောလိုက်၏။

"ဧကရာဇ်ဓားက ငါ့လက်ထဲကို မရောက်သေးဘူးလေ။ တကယ်လို့ မင်းသာ လိုချင်တယ်ဆိုရင် ငါ့ဆရာပေးထားတဲ့ ဓား(၂)ချောင်းကလွဲရင် ကြိုက်တဲ့ဓားကို ယူလို့ရတယ်…"

ဆရာဟူသည်မှာ အဖေတစ်ယောက်ကဲ့သို့ ဖြစ်သည်။ သူပေးထားသော ဓားကို ခွင့်ပြုချက်မရှိဘဲ ပေး၍ မရချေ။ ထိုစကားကို ပြောလိုက်ပြီးနောက် သူက မုန့်ချီနှင့် သူ့အဖော်များကို စိုက်ကြည့်ပြီး သူ့ဓားနှင့် ထိုက်တန်သော သတင်းအချက်အလက်များကို စောင့်နေခဲ့သည်။

"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်ပစ်လိုက်တယ်။ လက်ဝဲအမတ်ကြီးက ဘုရင်ကြီးကို အဆိပ်ခတ်ခဲ့တယ်။ ဘုရင်ကြီးက သေသွားပြီ…"

မုန့်ချီ ထင်ထားသည့်အတိုင်း သူတို့က အလွန်ထိတ်လန့်သွားခဲ့သည်။ ထိုကဲ့သို့သော အချိန်မျိုးတွင် (၁၅)မိနစ်ခန့် စော၍ သတင်းရမည်ဆိုလျှင်ပင် တခြားလူများထက်ပို၍ မြန်မြန်ဆန်ဆန် လှုပ်ရှားနိုင်ပေသည်။

Translated by Hein Htet.

All Chapters