← Chapters

အခန်း (၁၈၉)

Vol. 13 Ch. 189

အခန်း (၁၈၉)

Vol. 13 Ch. 189

"ငါတို့ရဲ့ခမည်းတော် သေသွားပြီလား…"

မင်းသား(၄)၏ ညာလက်က တုန်ယင်နေပြီး လျှပ်စီးနှင့် မိုးကြိုးများ ထွက်ပေါ်လာနေသော နန်းတော်ထဲကို လှမ်းကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

သူက ဒေါသထွက်နေသလား။ ဝမ်း‌နည်းနေသလား။ ဝမ်းသာနေသလားပင် သေချာမပြောနိုင်တော့ပေ။ မကောင်းဆိုးဝါးဘုရင်မ နန်းတော်ထဲသို့ ဝင်သွားသည့် အချိန်တွင် သူမက တရားခံဖြစ်သည့်အတွက် လက်ယာအမတ်ကြီးက တားဆီးထားသည်ဟုသာ သူက‌ တွေးခဲ့မိသည်။ ယခုတော့ သူ၏ ခမည်းတော်က အိမ်ရှေ့‌မင်းသား၏ အမိန့်ပေးမှုနှင့် လက်ဝဲအမတ်ကြီး၏ အဆိပ်ခတ်မှုကို ခံခဲ့ရသည်။

ဓားအင်ပါယာ၏ အသက်ရှူသံက နှေးကွေးနေ၏။ သူက ဒေါသထွက်နေခြင်း မရှိသလို အံ့ဩနေခြင်းလည်း မရှိပေ။ မုန့်ချီ ပြောပြမည့် စကားကို စောင့်နေခဲ့၏။ အကယ်၍ သူကသာ မုန့်ချီ၏စကားကို ရိုးရှင်းစွာ ယုံကြည်လိုက်မယ်ဆိုလျှင် သူနှင့် မင်းသား(၄)က တခြားလူများ၏ လှည့်စားခြင်းကို ခံရပါလိမ့်မည်။

ပတ်ပတ်လည်တွင် ရှိနေသော အစောင့်များ ၊ ဓားသမားများ၏ အသက်ရှူသံကလည်း လေးကန်နေကြပြီး ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုလို ဖြစ်‌နေခဲ့သည်။

မင်းသား (၄)က မုန့်ချီကို စိုက်ကြည့်လိုက်၏။ သူက အလေးအနက် မေးလိုက်သည်။

"အဲဒါ အမှန်ပဲလား…"

"ဘုရင်ကြီးက ကျန်းသခင်လေးကို လက်ခံထားခဲ့တယ်။ ပြီးတော့ နတ်ဆိုးသခင်ရဲ့ အမွေအနှစ်တွေကို သုံးပြီး သိုင်းသခင် (၃) ယောက်ကို ဆွဲဆောင်သတ်ဖြတ်ဖို့ စီစဉ်ထားခဲ့တယ်။ ဒါပေမယ့် အိမ်ရှေ့မင်းသားက သူ့ရဲ့အကြံအစည်တွေကို သိနေတဲ့အတွက် ဘုရင်ကြီးကို သတ်ဖို့ လက်ဝဲအမတ်ကြီးကို ညွှန်ကြားခဲ့တယ်။ လက်ဝဲအမတ်ကြီးက ဘုရင်ကြီးရဲ့ စားစရာထဲမှာ စွမ်းအားစုပ်ယူမှု မြန်စေတဲ့ အဆိပ်ကို ထည့်ခဲ့တယ်။ ရလဒ်အနေနဲ့ နတ်ဆိုးသခင်ရဲ့ အမွေအနှစ်တွေကို စုပ်ယူနေတဲ့အချိန်မှာ ဘုရင်ကြီးက သေသွားခဲ့တယ်…”

“အဲဒါတွေ လုပ်ပြီးသွားတဲ့အချိန်မှာ လက်ဝဲအမတ်ကြီးက သူ့ကို အိမ်ရှေ့မင်းသား သတ်ပစ်မှာကို ကြောက်လန့်နေတယ်။ ဒါကြောင့် သူက အဲဒီကိစ္စတွေကို မကောင်းဆိုးဝါးမင်းသားဆီ ပြောပြခဲ့တယ်။ မကောင်းဆိုးဝါးမင်းသားက မင်းသား(၇)ကို မြို့‌တော်ထဲကနေ ထွက်သွားအောင် စီစဉ်ထားပြီး အရှေ့တောင်ဘက်မှာ ပုန်ကန်ထကြွဖို့ စေလွှတ်ခဲ့တယ်။ သူ့ကိုတော့ ကျွန်တော်က သတ်ပစ်လိုက်ပြီ…"

မုန့်ချီက အဓိက အချက်အလက်များကို မချွင်းမချန် အသေးစိတ်ပြောပြလိုက်သည်။ မင်းသား(၄)နှင့် ဓားအင်ပါယာတို့က သူတို့ စုံစမ်းထားသော အချက်အလက်များအရ မုန့်ချီ၏ စကား မှန် မမှန် သိနိုင်ကြ၏။

မုန့်ချီက ထိုကိစ္စတွင် ပါဝင်ပတ်သက်နေမိသည်မှာ အတော်လေးကို နက်ရှိုင်းနေသည်။ အကယ်၍ သူကသာ ပါတူနှင့် ကျန်းဆန်းကျင်းတို့ကို ကယ်တင်ခဲ့ခြင်းမရှိလျှင် ကျန်းသခင်လေးက မင်းသားတစ်ယောက်ယောက်၏ လက်ထဲသို့ ရောက်သွားနိုင်ပြီး သိုင်းသခင်များကလည်း ထောင်ချောက်မိသွားနိုင်သည်။

ထိုအချိန်တွင် နတ်ဆိုးသခင်၏ သလင်းကျောက်က ထောင်ချောက်တစ်ခု ဖြစ်လာနိုင်၏။ နောက်တစ်နေ့တွင်တော့ သူက မည်သည့်အရာမျှ ဆက်လုပ်နိုင်တော့မည်မဟုတ်ချေ။ ယခုတော့ အရာအားလုံးက လုံးဝကို ကွဲပြားနေသည်။ အရာအားလုံးက မုန့်ချီ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေ၏။

"သူက အရာအားလုံးကို စီစဉ်ထားတာပဲ…"

ဓားအင်ပါယာက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။ သူလည်း အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်သွားခဲ့၏။ အကယ်၍ ရှင်ဘုရင်ကသာ အသက်ရှင်နေဦးမည်ဆိုလျှင် သူ့ကိုလည်း ရှင်းပစ်နိုင်သည်။

မင်းသား (၄)၏ အမူအရာက လေးနက်ပြီး တည်ငြိမ်နေသည်။

"ညီလေး (၇)က မြို့တော်ကနေ ထွက်သွားပြီ။ တိုင်းပြည်ကလည်း ရှုပ်ထွေးနေပြီ။ အစ်ကိုကြီးကလည်း ရက်စက်ကြမ်းကြုတ်ပြီး အညှာအတာ ကင်းမဲ့တယ်။ သူက ခမည်းတော်ကိုတောင် သတ်ပစ်ရဲတယ်…"

ဓားသမားများက ထိုစကားများကို စောင့်နေသည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ သူတို့အားလုံးက ဓားကို ဆွဲထုတ်ပြီး လေထဲသို့ မြှောက်လိုက်ကြ၏။ ကျယ်လောင်သော အော်ဟစ်သံများကိုလည်း ကြားနေရသည်။

"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်ပစ်လိုက်ပြီ။ မင်းသား(၄)က တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ပြီး မကောင်းဆိုးဝါးတွေ အားလုံးကို ရှင်းပစ်ပေးပါ…"

"မင်းသား (၄)…

ကျေးဇူးပြုပြီး တိုင်းပြည်နဲ့ လူမျိုးကို ကယ်တင်ပြီး မကောင်းဆိုးဝါးတွေ အားလုံးကို ရှင်းပစ်ပေးပါ…"

သူတို့၏ အော်သံက အလွန်ကျယ်လောင်လွန်းလှပြီး မင်းသား (၄)ကို ထီးနန်းအတွက် တိုက်ခိုက်ရန် တွန်းပို့နေကြခြင်းဖြစ်သည်။

မင်းသား‌ (၄)က ညာလက်ကို မြှောက်ပြီး ဒေါသတကြီး ပြောလိုက်၏။

"ငါက သားတစ်ယောက်ဖြစ်တဲ့အတွက် မကောင်းဆိုးဝါးတွေ အားလုံးကို ရှင်းပစ်မယ်လို့ ကတိပေးတယ်…"

"ကျွန်တော်တို့အားလုံးက မင်းသား(၄)အတွက် တိုက်ခိုက်ပါ့မယ်…"

အစောင့်များနှင့် ဓားသမားများ အားလုံးက အော်ဟစ်လိုက်ကြသည်။

သူတို့ တည်ငြိမ်သွားပြီးနောက် မုန့်ချီက ရှေ့ထွက်လာပြီး အလျင်အမြန် ပြောလိုက်၏။ "မင်းကြီး …

မင်းကြီးက အခုချက်ချင်းလုပ်ရမယ့် အရာ (၃)ခု ရှိပါတယ်…"

ဧကရာဇ်ဓားဟူသော အဖြေကို ရရှိခဲ့ပြီးနောက် သူက မင်းသား (၄)ကို မင်းကြီးဟု ပြောင်းခေါ်ခဲ့သည်။

"အဲဒါက ဘာတွေလဲ…"

ကိစ္စရပ်များက သူထင်ထားသည့် အရာများထက် ကျော်လွန်နေတဲ့အတွက် မင်းသား(၄)က ပြင်ဆင်ထားခြင်း မရှိချေ။ သူက မုန့်ချီကိုသာ မေးလိုက်၏။

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

"မင်းသား (၇)က မြို့တော်ကနေ ထွက်သွားပြီဆိုတော့ ကျွန်တော်‌တို့က သူ့ကို စိုးရိမ်စရာ မလိုဘူး။ အခု ကျွန်တော်တို့ မဖြစ်မနေ လုပ်ရမှာက နန်းတွင်းတည်းခိုဆောင်ကို လူလွှတ်ပြီး တပ်မှူးလုကို ရှာရမယ်။ ပြီးတော့ အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်လိုက်တဲ့ အကြောင်းပြောပြရမယ်။ ဒါဆိုရင် ကျွန်တော်တို့က သူ့ကို ခေါ်လာပြီး တပ်ဖွဲ့စခန်းဆီကို သွားလို့ရတယ်။ ပြီးတော့ အနောက်ပိုင်းတပ်မှူးကို ကျွန်တော်တို့ဘက် ရောက်လာအောင် တွန်းအားပေးလို့ရမယ်..”

“အဲဒါက အရေးကြီးဆုံးအရာပဲ…"

မင်းသား(၄)က ခေါင်းညိတ်ပြီး ပြောလိုက်သည်။

"တပ်မှူးလုရဲ့ အကူအညီရှိနေရင် ငါက ဘာမှမစိုးရိမ်တော့ဘူး…"

သံတောင်တန်းတပ်ဖွဲ့က အလွန်အစွမ်းထက်ခဲ့ဖူးသည်။ လုကွမ်၏ နောက်လိုက်များ အားလုံးကလည်း ထူးချွန်သော ရဲမက်များ ဖြစ်ကြ၏။ သူက အဆင့်နှိမ့်ခံလိုက်ရပြီးနောက် ဘုရင်ကြီးက သံတောင်တန်းတပ်ဖွဲ့ကို ခွဲပစ်ခဲ့သည်။ ရဲမက် (၃၀)ရာခိုင်နှုန်းက တော်ဝင်တပ်ဖွဲ့ထဲတွင် ရှိနေပြီး အနောက်ပိုင်းတပ်မှူး၏ လက်အောက်ကို ကျရောက်နေသည်။

ပုံမှန်အားဖြင့်တော့ တော်ဝင်အမိန့်ရှိနေသည့်အတွက် တပ်သားများက လုကွမ်ကို မည်မျှလေးစားစေကာမူ ရှင်ဘုရင်၏ အမိန့်ကို မဆန့်ကျင်ရဲကြပေ။ လုကွမ်က သူတို့ကို ပေါင်းစည်းရန် ကြိုးစားမည်ဆိုလျှင်ပင် အလုပ်မဖြစ်နိုင်ပေ။ ထို့ကြောင့် လုကွမ်က သူ့ဆီတွင် တပ်ဖွဲ့အင်အားနှင့် အစွမ်းမရှိကြောင်း ပြောခဲ့ခြင်းဖြစ်၏။ မင်းသားများက သူ့ကို အခွင့်အရေးပေးရန် မလိုအပ်ပေ။

သို့သော် ယခုတော့ ဘုရင်ကြီးက သေသွားပြီဖြစ်သည်။ အခြေအနေကလည်း ရှုပ်ထွေးနေ၏။ အကယ်၍ လုကွမ်၏ အနားတွင်သာ တော်ဝင်အာဏာရှိနေသော မင်းသား(၄) ရှိနေပြီး အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်ပစ်လိုက်သော ဆင်ခြေရှိနေသည့်အပြင် မင်းသား(၇)ကပါ အပြင်ဘက်သို့ ရောက်နေကြောင်း သိသွားလျှင် ထိုရဲမက်များက လုကွမ်၏ နောက်သို့ လိုက်လာနိုင်ပြီး အနောက်တပ်မှူး၏ အမိန့်ကို ဆန့်ကျင်နိုင်သည်။

ထို့ကြောင့်လည်း မင်းသား အားလုံးက လုကွမ်ကို သူတို့ဘက်သို့ ခေါ်ချင်နေကြခြင်း ဖြစ်၏။ သူတို့က သူ၏အကူအညီကို လိုချင်နေကြသည်။ ထိုအချိန်တွင် တော်ဝင်တပ်ဖွဲ့ထဲ၌ (၃၀)ရာခိုင်နှုန်းခန့် ရောက်နေသော သံတောင်တန်းတပ်ဖွဲ့ကသာ ပုန်ကန်လိုက်မည်ဆိုလျှင် အမှောင်ထဲတွင် ရှိနေသော ရန်သူက မည်သူဖြစ်ကြောင်း တော်ဝင်တပ်ဖွဲ့ကလည်း ခွဲခြားရန် ခက်ခဲနိုင်သည်။

ထိုအချိန်၌ သူတို့ကို တားဆီးထားမည်ဆိုလျှင်ပင် အနောက်ပိုင်းတပ်မှူးရှုကျင်းကလည်း သံတောင်တန်းတပ်ဖွဲ့ကို ဖိနှိပ်ရန် လုံးဝမဖြစ်နိုင်ပေ။ မင်းသား(၄)၏ လက်အောက်တွင် ရှိနေသော လုကွမ်ကလည်း တပ်သားများ၏ ထောက်ခံမှုကို အလွယ်တကူ ရနိုင်သည်။

အနောက်ပိုင်းတပ်မှူးက သိုင်းပညာ အထွဋ်အထိပ်ကို ရောက်နေသော သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကောင်းကင်ဓား စုန့်မင်နှင့် တခြားလူများကလည်း ကူညီပေးရန် လိုအပ်သည်။ မဟုတ်လျှင် အနောက်ပိုင်းတပ်မှူးက မင်းသား (၄)နှင့် လုကွမ်တို့ကို သတ်လိုက်မယ်ဆိုလျှင် အရာအားလုံးက ဟာသကြီးတစ်ခု ဖြစ်သွားပါလိမ့်မည်။

မုန့်ချီက အနည်းငယ် ခေါင်းမော့ပြီး ပြောလိုက်၏။

"ဒုတိယတစ်ခုကတော့ အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်လိုက်တဲ့အကြောင်း လူတိုင်းသိသွားအောင် မင်းကြီးရဲ့ နောက်လိုက်တွေကို အမိန့်ပေးလိုက်ပါ။ လူတိုင်းက အဲဒီအရာတွေကို သိသွားမှဖြစ်မယ်။ ဒါဆိုရင် တိုက်ခိုက်ဖို့အတွက် သင့်တော်တဲ့ အကြောင်းပြချက်တစ်ခုရပြီပေါ့… "

အရေးကြီးဆုံးအရာကတော့ လက်ယာအမတ်ကြီးက ဆုံးဖြတ်သည့်အချိန်တွင် တွေဝေနေရတော့မည်ဖြစ်သည်။ အရာအားလုံးက သူတို့ထင်ထားသည့်အတိုင်း ကောင်းမွန်စွာ ဖြစ်မည်ဆိုလျှင် တခြားမည်သည့်အရာမျှ မလိုအပ်တော့ပေ။

"ကောင်းတယ်။ ငါလည်း အကြောင်းပြချက် ကောင်းကောင်း မရှိဘဲ တိုက်ပွဲ မစချင်ဘူး"

အိမ်ရှေ့မင်းသားက တစ်လှည့် သူ့ကို စွပ်စွဲပြီး အရေးပေါ်တိုက်ခိုက်မှာကို မင်းသား(၄)က ကြောက်လန့်နေခဲ့ခြင်းဖြစ်သည်။

"အမတ်ကြီးမုန့် …

ဒါဆိုရင် တတိယတစ်ခုကရော ဘာလဲ…”

သူက မုန့်ချီကို နာမည်ပြောင်း၍ ခေါ်လိုက်သည်။

မုန့်ချီက ဓားရှည်၏ လက်ကိုင်ကို ဘယ်လက်နှင့် ပြောင်း၍ ကိုင်လိုက်၏။ သူက ညာလက်ကို သုံး၍ သူ့ကိုယ်သူ ဓားသမားတစ်ယောက်သဖွယ် ပုံဖော်လိုက်သည်။ သူက ဘယ်လက်နှင့် ဓားမောက်ကို ကိုင်၍ အေးစက်စွာ ပြောလိုက်၏။

"အခြေအနေ ရှုပ်ထွေးနေတဲ့ အချိန်အတွင်း မင်းသားရှောင်နဲ့ အိမ်ရှေ့မင်းသားတို့ကို သတ်ပစ်ရမယ်…"

မင်းသားရှောင် ဟူသည်မှာ မင်းသား (၃)၏ နာမည်ဖြစ်သည်။

ထိုစကားကြောင့် ဓားအင်ပါယာကလွဲလျှင် တခြားသူများအားလုံးက အလွန်ထိတ်လန့်သွားကြ၏။ နတ်ဘုရားသတ်ဓား ရှောင်မုန့်က အလွန်ရဲတင်းလိမ့်မည်ဟု သူတို့က မထင်ထားခဲ့ကြပေ။

"ငါက အဘိုးကြီးလင်းကို တားဆီးနိုင်တယ်။ မင်းက အိမ်ရှေ့မင်းသားကို သတ်နိုင်ပါ့မလား…"

ဓားအင်ပါယာက တည်ငြိမ်စွာ မေးလိုက်သည်။ မင်းသား (၃)ကတော့ အိမ်ရှေ့မင်းသားကဲ့သို့ အရေးပါနေခြင်း မရှိချေ။ မုန့်ချီက သူ့ကို မသတ်လျှင်ပင် သူ၏အရှိန်အဝါက အနည်းငယ်သာ နှေးကွေးသွားနိုင်သည်။

မုန့်ချီက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

"တကယ်လို့ ဆရာကြီးကသာ တော်ဝင်အကြံပေးကို တားဆီးထားနိုင်မယ်ဆိုရင် ကျွန်တော်က အိမ်ရှေ့မင်းသားရဲ့ ခေါင်းကို သေချာပေါက် ဖြတ်ပေးနိုင်တယ်…"

"ကောင်းပြီ…"

ဓားအင်ပါယာက မေးခွန်းများ ထပ်မမေးတော့ဘဲ သူ့ဓားကို ဆုပ်ကိုင်လိုက်၏။

မုန့်ချီက လော်ရှန်းကျိကို လက်ညှိုးထိုးပြလိုက်ပြီး ဓားအင်ပါယာကို ပြောပြလိုက်သည်။

"အရင်တုန်းကတော့ ကျွန်တော်ရဲ့ မိတ်ဆွေ လော်ရှန်းကျိက မင်းသားရှောင်ရဲ့ နောက်ကို လိုက်ခဲ့တယ်။ ဒါပေမယ့် မင်းသားရှောင်က သူ့ကို မယုံကြည်ခဲ့ဘူး ။ ဒါကြောင့် သူက အမှောင်ထဲကနေ အလင်းဝင်လာဖို့ ရွေးချယ်လိုက်တယ်။ သူက မင်းကြီးအတွက် မင်းသားရှောင်ကို သတ်ပေးပါလိမ့်မယ်…"

"ကောင်းတယ်။ မင်းရဲ့အစီအစဉ်တွေက လုံးဝကို ပြည့်စုံနေတာပဲ…"

ထိုအရာ (၃)ခုကို ကြားလိုက်ရပြီးနောက် မင်းသား (၄)က စိတ်အေးသွားခဲ့သည်။

သူက မုန့်ချီ ၊ ဓားအင်ပါယာနှင့် ရွမ်ယုရှုတို့ကို ကြည့်ပြီး ပြောပြလိုက်၏။

"ကျေးဇူးပြုပြီး ငါ့အစ်ကိုကြီးကို ဖြေရှင်းပေးပါ။ အောင်မြင်သွားရင် ငါ့ရဲ့စာကြည့်ခန်းကို မင်းတို့အတွက် ဖွင့်ပေးထားမယ်…"

ထို့နောက် သူက လုပ်ဆောင်ရမည့်အရာများကို အစီအစဉ်တကျ အမိန့်ပေးနေသည်။ လမ်းမများကို ပိတ်ဆို့ခြင်း ၊ ကြားနေများကို သူ့ဘက်သို့ ပါလာအောင် ဆွဲဆောင်ခြင်းစသည့် အရာများဖြစ်ကြ၏။

မုန့်ချီ ၊ လော်ရှန်းကျိ ၊ ရွမ်ယုရှုနှင့် ဓားအင်ပါယာတို့က မင်းသား (၄)၏ စံအိမ်ထဲမှ ထွက်လာပြီးနောက် အိမ်ရှေ့မင်းသား၏ စံအိမ်ဆီသို့ ဦးတည်သွားခဲ့ကြသည်။ သူတို့က အိမ်ရှေ့မင်းသား၏ စံအိမ်ဆီသို့ ရောက်ခါနီးလာသည့်ချိန်တွင် လော်ရှန်းကျိကတော့ ရှေ့ဆက်ထွက်သွားပြီး မကောင်းဆိုးဝါးဘုရင်မ ပြန်မလာခင် မင်းသား (၃)ကို သတ်ရန် ထွက်သွားခဲ့သည်။

မင်းသား (၄)၏ စံအိမ်ထဲတွင် အနည်းငယ် နှောင့်နှေးမှုကြောင့် အိမ်ရှေ့မင်းသားကလည်း သတင်းကို ကြားထားခဲ့၏။ သူက ပင်မဝင်ပေါက်များအားလုံးတွင် အစောင့်များ စောင့်ကြပ်နေရန် အမိန့်ပေးထားပြီး အလယ်တံခါးများကိုသာ ဖွင့်ထားခဲ့သည်။ သတင်းသမားများကလည်း ဝင်လိုက်ထွက်လိုက်ဖြစ်နေပြီး ကြည့်ရသည်မှာ တိုက်ပွဲကြီးတစ်ပွဲဖြစ်လာတော့မလို ထင်မှတ်ရ၏။

အိမ်ရှေ့မင်းသား၏ စံအိမ်ထဲတွင် ရှိနေသော အစောင့်များက နန်းတွင်းထဲတွင် ရှိနေသော အစောင့်များထက် ပို၍ အစွမ်းထက်ခြင်း မရှိသော်လည်း စနစ်တကျ ဖွဲ့စည်းထားခြင်းဖြစ်သည်။ သူတို့ကို ဖြတ်ကျော်ရန် ခက်ခဲ၏။ သို့သော် မုန့်ချီဆီတွင် အကြံအစည်တစ်ခုရှိနေသည်။

သူက ခဏကြာ စောင့်ကြည့်နေပြီး သူ့အဖော်များနှင့်အတူ ရှေ့ဆက် ထွက်သွားခဲ့သည်။ သူက သတင်းပို့ရန် ပြန်လာသော ရဲမက်တစ်ယောက်ကို တိတ်တဆိတ် တိုက်ခိုက်လိုက်သည်။ ထို့နောက် သူ၏ အဝတ်အစားများနှင့် လက်နက်များကို ချွတ်ပြီး ဝတ်ဆင်လိုက်၏။

"မင်းက စကားဝှက်မသိဘဲ အထဲကို ဘယ်လိုဝင်မှာလဲ…"

ဓားအင်ပါယာက သူ့ကို မေးလိုက်သည်။

မကောင်းဆိုးဝါးမင်းသားကဲ့သို့ မဟုတ်ဘဲ သူ့ဆီတွင် စိတ်ပိုင်းဆိုင်ရာကို ဝေဝါးအောင် လုပ်နိုင်သော နည်းလမ်းတစ်ခုရှိသည်။ မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။

"ဘာမှမစိုးရိမ်ပါနဲ့။ နောက်ထပ် ရေနွေးတစ်အိုးတစ်ဝက် တည်ချိန်လောက်ကျရင် တော်ဝင်အကြံ‌ပေးကို တိုက်ခိုက်ပြီး မျှားခေါ်လိုက်ပါ…"

ရွမ်ယုရှုကတော့ နန်းတွင်းထဲတွင် လုပ်ဆောင်ခဲ့သည့်ပုံစံအတိုင်း မထင်မှတ်ထားသော အရာများ ဖြစ်မလာစေရန် စောင့်နေခဲ့သည်။ ဓားအင်ပါယာက ခေါင်းညိတ်ပြလိုက်၏။ သူက ဓားကို အဆင်သင့်ပြင်ထားပြီး တော်ဝင်အကြံပေးနှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။

လမ်းအရိပ်ထဲတွင် ပုန်းအောင်းနေပြီးနောက် မုန့်ချီက လမ်းပေါ်သို့ ခုန်ဝင်လိုက်သည်။ ထို့နောက် သူက သတင်းပို့ရန် ပြန်လာသော အစောင့်တစ်ယောက်၏ နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့၏။ ထိုအစောင့်က သူ လိုက်လာကြောင်း ခံစားမိနေပုံရသည့်အတွက် ပြန်လှည့်ကြည့်လိုက်သည်။ သို့သော် မုန့်ချီကို သတိမထားမိခဲ့ပေ။

"ဘယ်သူမှမရှိဘူး…. "

သူကတော့ ထင်ယောင်ထင်မှားဖြစ်သည်ဟုသာ ခံစားမိလိုက်ပြီး တံခါးဆီသို့ ပြေးသွားခဲ့၏။

"စကားဝှက်…. "

တံခါးကို စောင့်နေသော ခေါင်းဆောင်က အော်ပြောလိုက်သည်။

ရဲမက်က ချက်ချင်း ပြန်အော်ပြောလိုက်၏။

"ဒီနေ့ ဖယောင်းတိုင် …"

စကားဝှက်က မှန်နေသည့်အတွက် ခေါင်းဆောင်ကလည်း သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး အထဲသို့ ဝင်ခိုင်းလိုက်သည်။ သူအထဲသို့ ဝင်သွားသည့် အချိန်တွင် မုန့်ချီကလည်း သူ့အနောက်မှ လိုက်သွားလိုက်ပြီး တံခါးထဲသို့ ဝင်သွားခဲ့၏။

သူတို့နှစ်ယောက်က ကပ်နေခြင်း ဖြစ်သည့်အတွက် တစ်ဖွဲ့တည်းသာ ဖြစ်မည်ဟု ခေါင်းဆောင်က တွေးမိသွားပုံရသည်။ ထို့ကြောင့် စကားတစ်ခွန်းမျှ မပြောသလို မုန့်ချီကို တားဆီးခဲ့ခြင်းလည်း မရှိချေ။

စကားဝှက်မှန်သော ရဲမက်ကတော့ မူမမှန်သည့်အရာများကို ခံစားမိပုံမရချေ။ ထို့ကြောင့် သူတို့က အတူတူဟုသာ တခြားသူတို့က တွေးနေကြ၏။ သူတို့က အတူတူ သတင်းသွားယူခြင်းဖြစ်သည့်အတွက် ပြန်လာသည့်အချိန်တွင်လည်း စကားဝှက်ကို ထပ်၍သတင်းပို့ရန် မလိုဟု တွေးထားကြသည်။

ထိုအရာကို မြင်သည့်အခါ ဓားအင်ပါယာက အနည်းငယ်အံ့ဩသွားခဲ့၏။ သူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ ရဲမက်အစစ်နှင့်အတူ လိုက်ပါသွားသည့်အတွက် မုန့်ချီက မတူညီသော စကားဝှက် (၅)ခုကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပြီး ခန်းမအနားသို့ ချဉ်းကပ်လာနိုင်ခဲ့သည်။

အတွင်းထဲတွင်တော့ အိမ်ရှေ့မင်းသားက အမိန့်ပေးနေပြီး တော်ဝင်အကြံပေးနှင့် လက်ဝဲအမတ်ကြီးတို့ကလည်း အေးအေးဆေးဆေး ထိုင်နေကြ၏။ သူတို့၏အနားတွင်တော့ ယုယီဘုန်းတော်ကြီးနှင့် တခြားသော ထိပ်တန်းပညာရှင်များ ဝိုင်းရံနေကြသည်။

သူတို့က ပြောင်းလဲမှုကျင့်စဉ်ကို ထိုးဖောက်၍ မြင်နိုင်သော်လည်း မုန့်ချီက ရဲမက်အစစ်၏ ကျေးဇူးကြောင့် လုံခြုံနေခဲ့၏။ သူတို့က သူ့ကို အစစ်အမှန် ရဲမက်တစ်ယောက်ဟုသာ တွေးထားကြသည်။ သူတို့က အတွင်းထဲတွင် ရှိနေသော ရဲမက်များအားလုံးကို မည်သို့သိနိုင်မည်နည်း။

သူတို့က အိမ်ရှေ့မင်းသားကို လုပ်ကြံသတ်ဖြတ်ခြင်းမှ သေချာကာကွယ်ထားခဲ့သည်။ သာမန်ရဲမက်များနှင့် မုန့်ချီက ခန်းမထဲသို့ ဝင်နိုင်ခြင်း မရှိဘဲ သူတို့ရလာသော သတင်းများကို လှေကားတွင်သာ သတင်းပို့ကြရသည်။ ထို့နောက် အတွင်းထဲတွင် ရှိနေသော ရဲမက်က တစ်ဆင့်ပြန်၍ သတင်းပို့ရ၏။

"မင်းသား(၄)က မြို့တော်ထဲမှာရှိတဲ့ တပ်စခန်းတွေဆီ ထွက်သွားပြီ…"

မုန့်ချီက အတွင်းထဲတွင် ရှိနေသော လူကို အက်ရှရှလေသံနှင့် ပြောလိုက်သည်။

သူ့စကားကို ကြားသည့်အခါ ရှေ့တွင် ရှိနေသော ရဲမက်က အံ့အားသင့်စွာ ပြန်လှည့်ကြည့်လိုက်၏။

“ဒီမိတ်‌ဆွေက ဘယ်အချိန်တုန်းကများ ရောက်လာတာလဲ။ သူက ဒီနေရာမှာ တစ်ချိန်လုံး ရှိနေတာလား။ ဒါမှမဟုတ် အခုမှ ရောက်လာခဲ့တာလား။ ငါတောင် သူ့ရဲ့ခြေလှမ်းကို မကြားဘူးဆိုတော့ သူ့ရဲ့ကိုယ်ဖော့ပညာက မဆိုးဘူး…”

သူကတော့ ထိုအရာကို များများ စဉ်းစားမနေခဲ့ပေ။ သူ သတိမထားမိခြင်းဟုသာ တွေးထားခဲ့၏။ ထို့နောက် သူက တစ်ယောက်တည်း ရယ်လိုက်ပြီး အတွင်းထဲမှ ပြန်ပေးလာမည့် အမိန့်ကို စောင့်နေခဲ့သည်။

အတွင်းထဲတွင် ရှိနေသူများကလည်း အစီအစဉ်တကျ လှုပ်ရှားနေကြ၏။ သူက ထိုသတင်းကို အိမ်ရှေ့မင်းသားဆီသို့ ပို့လိုက်ပြီး အိမ်ရှေ့မင်းသားက ရဲမက်များကို အမိန့်ပြန်ပေးလိုက်သည်။ အိမ်ရှေ့မင်းသားက မင်းသား (၄) အကြောင်း သတင်းများထပ်၍ စုံစမ်းရန် မုန့်ချီကို တာဝန်ပေးလိုက်ပြန်သည်။

မုန့်ချီက လှေကားပေါ်မှ ဖြည်းညင်းစွာ ဆင်းလာခဲ့၏။ သူတို့၏ အစောင့်များ လျော့ရဲနေသည်ကို အခွင့်ကောင်းယူပြီး သူက ရှေ့တွင် ရှိနေသော အမှောင်ထဲတွင် ပြေးဝင်၍ ပုန်းလိုက်သည်။

ထိုအချိန်တွင် အပြင်ဘက်မှ အော်ဟစ်ဆူညံသံများကို ကြားလိုက်ရ၏။ အသံက အဝေးတွင် ရှိနေသော်လည်း မုန့်ချီကတော့ အလွန်ကြောက်စရာကောင်းသော စွမ်းအားများနှင့် ဓားချီစွမ်းအင်များကို ခံစားလိုက်ရသည်။ ထိုအရာက ဓားနိယာမ အဆင့်ကိုပင် ကျော်လွန်နေသည်ဟု ဆိုနိုင်၏။ မုန့်ချီက ထိုအရာကို ရင်ထဲတွင် ချီးကျူးလိုက်မိသည်။

တစ်ချိန်တည်းတွင် တော်ဝင်အကြံပေးက မတ်တပ်ရပ်လိုက်ပြီး တိုက်ခိုက်ရန် အဆင်သင့်ပြင်လိုက်၏။ သူက ဓားအင်ပါယာကို သူတို့၏ အနားသို့ ကပ်လာခွင့်မပေးနိုင်ပေ။ မဟုတ်လျှင် ဓားအင်ပါယာက သူ့အသက်ကို စတေးပြီး အိမ်ရှေ့မင်းသားကို သတ်ပစ်နိုင်၏။

"အဘိုးကြီးလင်း ငါ့ဓားကို ရင်ဆိုင်ကြည့်လိုက်…"

တခဏအတွင်း သူတို့က အနောက်ဘက် ခြံဝန်းထဲတွင် ရင်ဆိုင်လိုက်ရသည်။ ဓားအင်ပါယာ၏ အသံကိုလည်း လူတိုင်းက ကြားလိုက်ရ၏။

တော်ဝင်အကြံပေးက အလွန်အသက်ကြီးနေပုံရသည်။ သူက ပြောလိုက်၏။

"အိမ်ရှေ့မင်းသားက အကုန်လုံးပြင်ဆင်ပြီးသွားပြီ။ မင်းတို့ရဲ့ ကြိုးစားမှုတွေက အသုံးမဝင်ဘူး…"

အလွန်ကျယ်လောင်သော အသံက ရုတ်တရက် ပျောက်ကွယ်သွားပြီး မှေးမှိန်နေသော ကောင်းကင်ပေါ်တွင် ကြယ်များ စတင်တောက်ပလာသည်။ ထိုအရာကြောင့် မင်းသားများ နေထိုင်သော ဝမ်ဟိုလမ်းက လင်းလက်လာပြီး အိပ်မက်‌နယ်မြေ တစ်ခုသဖွယ် ဖြစ်လာ၏။

“သူတို့က စလာကတည်းက အစွမ်းကုန်သုံးပြီး တိုက်ခိုက်နေကြတာပဲ…” တော်ဝင်အကြံပေးက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်နိုင်ကြောင်း မုန့်ချီက သိနေသည်။ သူတို့၏ အော်သံက လေထဲကို ထိုးဖောက်သွားခဲ့၏။ ကောင်းကင်ပေါ်တွင်လည်း သက်တံ့ကြီးတစ်ခု ပေါ်လာခဲ့သည်။

မုန့်ချီက ပင့်သက်ရှိုက်လိုက်မိပြီး ရုတ်ခြည်း ပြန်လှည့်လိုက်သည်။ ထို့နောက် သူ့ဓားကို လျင်မြန်စွာ ဆွဲထုတ်လိုက်ပြီး ခန်းမထဲသို့ လေလှိုင်းတစ်ခုသဖွယ် လျင်မြန်စွာ ခုန်ဝင်လိုက်သည်။ ခန်းမထဲသို့ ရောက်လာသည်နှင့် ကျယ်လောင်စွာ အော်လိုက်၏။

"ဂျိမ်း…. "

ကျယ်လောင်သော မိုးခြိမ်းသံကြီးကြောင့် ထိပ်တန်းအဆင့် ပညာရှင်များအားလုံးက ခေါင်းထဲတွင် မူးဝေသွားသလို ခံစားလိုက်ရသည်။ ယုယီဘုန်းတော်ကြီး တစ်ယောက်တည်းကသာ ကောင်းမွန်နေသေး၏။ သူ၏ ညာလက်ထဲတွင်တော့ သွေးရောင်ပုတီးကုံးရှိနေပြီး ထိုပုတီးက မူလအရွယ်အစား၏ နှစ်ဆခန့် ကြီးမားလာသလို ထင်ရသည်။

သူက မုန့်ချီ၏ ရင်ဘတ်ကို ပုတီးနှင့် ရိုက်ချလိုက်၏။ သို့သော် သူ့ရှေ့တွင် ရှိနေသောလူက သူ၏တိုက်ခိုက်မှုကို ခုခံခြင်း မရှိသည့်အတွက် သူလည်း အံ့သြသွားခဲ့ရသည်။ ထိုအစား မုန့်ချီက သူ့ကိုယ်သူ အသေခံနေသည့်အလား သူ၏ လက်ဝါးရှိရာကို ပြေးဝင်လာခဲ့သည်။

"ဘုန်း…. "

ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ချက်ချင်းပင် မှေးမှိန်သွားခဲ့၏။ ထိုအရာ ပျက်စီးတော့မည့်အချိန်တွင် ယုယီဘုန်းတော်ကြီးက ကြောက်လန့်ပြီး နောက်သို့ပြန်ဆုတ်သွားလိုက်ရသည်။

ပြည့်စုံလုနီးပါးဖြစ်နေသော ရွှေခေါင်းလောင်းအကာအကွယ် အဆင့်(၆)က တိုက်ခိုက်မှုများကို ခုခံရာတွင် အလွန်ထူးခြားသည်။ ယုယီဘုန်းတော်ကြီး၏ လက်ဝါးချက်ကို အရှိန်ယူပြီး မုန့်ချီက ယုယီဘုန်းတော်ကြီး၏ အနောက်တွင် ရှိနေသော အိမ်ရှေ့မင်းသားဆီသို့ ခုန်ဝင်သွားလိုက်သည်။

သူက ဓားရှည်နှင့် ရာမဖိတ်ခေါ်ခြင်းသိုင်းကွက်ကို သုံးပြီး အိမ်ရှေ့မင်းသားကို သတ်ရန် ကြိုးစားခဲ့သည်။ ပတ်ပတ်လည်တွင် မူးဝေနေကြသော ပညာရှင်များအားလုံးကလည်း မုန့်ချီကို ဝိုင်းထားကြ၏။ ဓားအလင်းရောင်က အလွန်တောက်ပလွန်းလှသည့်အတွက် သူတို့အားလုံးက တုန်လှုပ်သွားကြသည်။

အိမ်ရှေ့မင်းသားက သိုင်းပညာရှင်တစ်ယောက်ဖြစ်သော်လည်း ထိုမျှကြောက်စရာကောင်းသော တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ၏ အရှိန်အဝါများအားလုံး ဖိနှိပ်ခံထားရသည်။ ထို့ပြင် သူက ထိတ်လန့်သွားသည့်အတွက် သူ၏ လှုပ်ရှားမှုများက အလွန်နှေးကွေးနေခဲ့၏။

အလင်းရောင်ပျောက်ကွယ်သွားသည့်အချိန်တွင် အိမ်ရှေ့မင်းသားက အနောက်ကို ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်လိုက်ရသည်။ သူ၏ နဖူးအလယ်တည့်တည့်တွင်လည်း အနီရင့်ရောင် အလင်းတန်းတစ်ခု ပေါ်လာပြီး ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့၏။ သူက ခေါင်းငိုက်စိုက်ပြီး သေဆုံးသွားခဲ့လေသည်။

"ချွမ်…"

ပတ်ပတ်လည်တွင် ရှိနေသော ပညာရှင်များလည်း ရောက်လာကြ၏။ သူတို့က ဓားများ၊ လက်ဝါးများနှင့် မုန့်ချီကို တိုက်ခိုက်လိုက်ကြသည်။ မုန့်ချီကတော့ သူ၏ ပင်မသွေးကြောများကိုသာ ကောင်းမွန်စွာ ကာကွယ်ထားခဲ့သည်။ ထို့နောက် ရွှေရောင် အလင်းတန်းများ နောက်တစ်ကြိမ် တောက်ပလာပြီး ဆူညံသံများ တစ်ခုပြီးတစ်ခု‌ ထွက်ပေါ်လာသည်။

မုန့်ချီ၏ ခုခံမှုကြောင့် ထိုလူများအားလုံးက အလွန်ထိတ်လန့်သွားကြသည်။ တစ်ချိန်တည်းတွင် သူက လက်ဝဲအမတ်ကြီးရှိရာကို ဓားနှင့် လှမ်းထိုးလိုက်ရာ လက်ဝဲအမတ်ကြီးက ရှောင်ရန် အချိန်မရှိ‌ခဲ့ပေ။

သူကတော့ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်ကို အောင်မြင်ထားသည့်အတွက် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့ခြင်း မရှိပေ။ ထို့နောက် သူက ယုယီဘုန်းတော်ကြီးနှင့် တခြားလူများ ပူးပေါင်းတိုက်ခိုက်ခြင်းမရှိခင် တစ်ဖက်လူများ၏ ဓားသွားပေါ်တွင် နင်းလိုက်ပြီး တွန်းကန်အားကို သုံး၍ အမိုးပေါ်မှ ဖောက်ထွက်လိုက်၏။

“သေဆုံးသူ - အိမ်ရှေ့မင်းသား။

သေဆုံးရသည့် အကြောင်းအရင်း - အကာအကွယ်အောက်တွင် ဓားတစ်ချက်ကြောင့် နဖူးအလယ်တည့်တည့်တွင် ထိုးစိုက်သတ်ဖြတ်ခံရခြင်း။

သတ်ဖြတ်သူ - နတ်ဘုရားသတ်ဓား ရှောင်မုန့် "

Translated by Hein Htet.

All Chapters