အခန်း (၁၉၀)
Vol. 13 Ch. 190
အမိုးကို ဖောက်ထွက်လိုက်ပြီးနောက် မုန့်ချီက အုတ်ကြွပ်များပေါ်သို့ နင်းလိုက်ပြီး ခြံဝင်းထဲသို့ ပြေးသွားခဲ့သည်။ သူ၏ နောက်မှနေ၍ ယုယီဘုန်းတော်ကြီးနှင့် တခြားပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်လာကြ၏။
"လုပ်ကြံသူကို ဖမ်းကြ… "
တခြားပညာရှင်များက အိမ်ရှေ့မင်းသား၏ စံအိမ်ပတ်ပတ်လည်တွင် ရှိနေသော အစောင့်များကို သတိပေးရန် ကြိုးစားနေကြပြီး မုန့်ချီကို ဝိုင်းဖမ်းချင်နေကြသည်။ ဆံပင်တိုနှင့် မကောင်းဆိုးဝါးဆန်သော ဘုန်းတော်ကြီးကလည်း သူ့အနောက်မှ ပါလာခဲ့၏။
မုန့်ချီက လေအရိပ်ဖမ်းဆီးခြင်းကျင့်စဉ်ကို အသုံးပြုနေသည့်အတွက် မီးခိုးငွေ့တစ်ခုပမာ လျင်မြန်လွန်းလှသည်။ သူက လျှပ်စီးပြောင်းလဲမှုကို သုံးပြီး မကြာခဏဆိုသလို လျှို့ဝှက်လက်နက်များနှင့် အလစ်ချောင်းတိုက်ခိုက်မှုများကို ရှောင်တိမ်းနေရ၏။
သူပြေးနေစဉ် အမိုးအုတ်ကြွပ်တချို့ကို ကန်ထုတ်လိုက်ပြီး သူ့ကို ဝိုင်းရန် ကြိုးစားနေသော အစောင့်များကို တိုက်ခိုက်နေသည်။ တစ်ချိန်တည်းတွင် မိုးကြိုးဟိန်းသံကို အသက်သွင်းပြီး ကြောက်စရာကောင်းစွာ အော်ဟစ်နေခဲ့၏။
"အိမ်ရှေ့မင်းသားက ဘုရင်ကြီးကို သတ်ပစ်ခဲ့တယ်။ ဒါက ခွင့်လွှတ်လို့ မရနိုင်တဲ့ အပြစ်တစ်ခုပဲ။ အခု သူကိုယ်တိုင်လည်း ခေါင်းပြတ်သွားပြီ…"
"အိမ်ရှေ့မင်းသားက ခေါင်းပြတ်သွားပြီလား…"
ထိုအသံက မိုးခြိမ်းသံပမာ ထွက်ပေါ်လာပြီး ပတ်ပတ်လည်သို့ ပျံ့နှံ့သွားသည်။
အစောင့်များကတော့ ခေါင်းထဲတွင် မူးဝေသွားသလို ခံစားလိုက်ရပြီး သူတို့၏ ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်နေကြ၏။
"အိမ်ရှေ့မင်းသားက တကယ်ပဲ သေသွားပြီလား..”
ဒါဆိုရင် သူတို့က ဘာကြောင့် အသက်စွန့်ပြီး တိုက်ခိုက်နေကြဦးမည်နည်း။ ထိပ်တန်းပညာရှင်အများစုကတော့ ခဏကြာ မှင်တက်သွားခဲ့သည်။ အကယ်၍ အိမ်ရှေ့မင်းသားကသာ အမှန်တကယ် သေဆုံးသွားမည်ဆိုရင် ဘာကြောင့် သူတို့က အသက်စွန့်၍ တိုက်ခိုက်ကြရဦးမည်နည်း။ သူတို့က သူတို့၏ပိုင်ဆိုင်မှုများကို ယူဆောင်ပြီး စောစောထွက်ခွာ၍ တခြားသော မင်းသားများဆီတွင် ခိုလှုံခြင်းက ပိုကောင်းနိုင်သည်။
သူတို့လို ပညာရှင်များ ယခုလို စုစည်းနေရသည်မှာ အကျိုးအမြတ်များအတွက်သာ ဖြစ်သည်။ အကယ်၍ အိမ်ရှေ့မင်းသား အသက်ရှင်နေဦးမည်ဆိုလျှင်တော့ သူတို့က သူ့အပေါ် သစ္စာရှိကြဦးမည်ဖြစ်၏။ အိမ်ရှေ့မင်းသား သေသွားမည်ဆိုရင်တော့ သူ၏ ထီးနန်းအိပ်မက်များကလည်း ပျက်စီးသွားရမည်ဖြစ်သည်။
အကယ်၍ သူတို့ကို ဖြည့်ဆည်းပေးမည်ဟူသော ကတိစကားပင် မပြည့်စုံနိုင်သည့်အတွက် သူတို့ကလည်း သစ္စာရှိရန် မလိုတော့ပေ။ ထို့ပြင် ယခုအချိန်က ထီးနန်းလုပွဲအတွက် အရေးပါသော အချိန်ဖြစ်သည်။ သူတို့က နောက်တစ်ကြိမ် ကံကောင်းနိုင်တော့မည် မဟုတ်ချေ။
ထို့ကြောင့် အစောင့်မဟုတ်သော ပညာရှင်အများစုက ချက်ချင်း ပြန်လှည့်သွားကြပြီး သူတို့၏ အဖိုးတန်ပစ္စည်းများကို ယူဆောင်နေကြ၏။ အိမ်ရှေ့မင်းသား၏ စံအိမ်ထဲတွင်လည်း ရှုပ်ထွေးလာပြီး မုန့်ချီ ထွက်ပြေးရန်အတွက် ပြီးပြည့်စုံသော အခြေအနေတစ်ရပ်ကို ဖန်တီးပေးနေခဲ့သည်။
သူလုပ်ဆောင်လိုက်သော အရာက အလှည့်အပြောင်းများစွာ ဖြစ်ပေါ်လာစေပြီး သူတို့ကို ခက်ခဲသော အချိန်တစ်ခု ဖန်တီးပေးလိုက်ခြင်းဖြစ်သည်။ လက်ဝဲအမတ်ကြီး ယုလင်းသာ ရှိနေမည်ဆိုလျှင် သူတို့၏ လုပ်ရပ်များကို ရပ်တန့်ရန် တားဆီးပြီး အိမ်ရှေ့မင်းသား၏ ဆက်ခံသူဆီကို တွန်းပို့ဦးမည်ဖြစ်သည်။
ရှင်ဘုရင်၏ မြေးတစ်ယောက်က လူတိုင်းကို တည်ငြိမ်စေနိုင်ပြီး အခြေအနေကို ကိုင်တွယ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ သူတို့အတွက်တော့ အခွင့်အရေး ရှိနေသေး၏။ ထီးနန်းရသည့်သူက အိမ်ရှေ့မင်းသားဖြစ်စေ ၊ ဘုရင်ကြီး၏ မြေးဖြစ်စေ သူတို့အတွက် ကွဲပြားမှုမရှိချေ။
သို့သော် မုန့်ချီကတော့ အဆင့်နိမ့်ပညာရှင်များကို လှည့်စားရန် တမင်တကာ အော်ဟစ်ပြောဆိုနေခြင်းဖြစ်သည်။ စာသင်သားများအားလုံးက သိုင်းပညာကို ကျွမ်းကျင်သော်လည်း အမတ်တိုင်းက စာသင်သားများ မဟုတ်ကြပေ။
အထူးသဖြင့် ကောက်ကျစ်စဉ်းလဲသည်ဟု နာမည်ကျော်ကြားသော ယုလင်းက လူသားသဘာဝကို စစ်ဆေးခြင်းနှင့် လှည့်ကွက်ဆင်ရာတွင် အလွန်ကျွမ်းကျင်သော လူတစ်ယောက် ဖြစ်သည်။ သူက တခြားသူများကို လှည့်စားရန်အတွက် သူ၏ မာနကိုပင် ဖယ်ရှားနိုင်ပြီး ရက်စက်ကြမ်းကြုတ်စွာ ဆုံးဖြတ်ချက်ချနိုင်သည်။
ထို့ကြောင့်လည်း ဘုရင်ကြီးက သူ့ကို တန်ဖိုးထားခဲ့ခြင်းဖြစ်၏။ လူတိုင်းတွင် ကျွမ်းကျင်သော နယ်ပယ်တစ်ခု ရှိသည်။ သို့သော် မိုးကြိုးဓားဒေါသကိုယ်တော်၏ လက်ချက်နှင့် သူ၏ စွမ်းရည်များကို လုံးဝမပြနိုင်ခဲ့ပေ။ သူက ပါးစပ်မဟနိုင်သေးခင် အသတ်ခံလိုက်ရ၏။
အိမ်ရှေ့မင်းသား၏ စံအိမ်က ရုတ်ရုတ်သဲသဲဖြစ်နေသည်။ မုန့်ချီက ဓားအင်ပါယာနှင့် တော်ဝင်အကြံပေးတို့ တိုက်ခိုက်နေသော တိုက်ပွဲကွင်းပြင်ကြီးကို ဖြတ်ကျော်သွားပြီး စံအိမ်ထဲမှ ထွက်သွားခဲ့သည်။ သူ့နောက်တွင်တော့ ယုယီဘုန်းတော်ကြီးနှင့် တခြားသော ပညာရှင်အနည်းငယ် လိုက်နေကြသေးသည်။
ကောင်းကင်ကြီးပေါ်တွင် ကြယ်များ တောက်ပနေပြီး သက်တန့်ကြီးပင် ပေါ်နေခဲ့သည်။ ထိပ်သီးသိုင်းသခင်နှစ်ယောက်ကတော့ အပြင်းအထန်ကို တိုက်ခိုက်နေကြသေး၏။ တိုက်ပွဲ၏ ဘေးပတ်ပတ်လည်တွင် ဓားချီစွမ်းအင်များ အလွန်ကြောက်စရာ ကောင်းသော လက်ဝါးလှိုင်းများ ထွက်ပေါ်လာနေ၏။
မုန့်ချီက သူ၏ဓားရှည်နှင့် ဓားမောက်နှစ်ခုစလုံးကို သုံးပြီး ချီဖျက်ဆီးရေးကျင့်စဉ်၏ အနှစ်သာရများကို သုံး၍ ထိုအရာများကို ဖယ်ရှားနေရသည်။ သူ၏အရှိန်ကလည်း နှေးကွေးသွားခြင်း မရှိပေ။ ထိုကဲ့သို့ အခြေအနေများတွင် သူနောက်ကို လိုက်လာနေသော ပညာရှင်များက သူတို့၏ ခြေလှမ်းကို သတိထားရမည်ဖြစ်၏။
ထို့ကြောင့် တဖြည်းဖြည်းနှင့် မတူညီသော အလွှာများ ဖြစ်ပေါ်လာနေခဲ့၏။ ယုယီဘုန်းတော်ကြီးကတော့ ရှေ့ဆုံးမှ လိုက်လာနေပြီး သူ့နောက်မှနေ၍ ကိုယ်ရံတော် အနည်းငယ်နှင့် သစ္စာရှိပညာရှင်တစ်ယောက် လိုက်လာခဲ့သည်။ တခြားလူများကတော့ နောက်ကျန်နေခဲ့ပြီး သူတို့ကို ဝိုင်းရံထားရန် ကြိုးစားခဲ့သည်။ ထိုသို့ဆိုလျှင် ထွက်ပြေးနိုင်တော့မည်မဟုတ်ချေ။
အိမ်ရှေ့မင်းသား၏ စံအိမ် အပြင်ဘက်ရှိ ခြံဝန်းနံရံကို မြင်လိုက်ရသည့်အချိန်တွင် အစောင့်တစ်ယောက်က သူ့ဓားကို ဝှေ့ယမ်းပြီး ရှေ့မှ ရုတ်တရက် တိုက်ခိုက်လိုက်ကြောင်း မုန့်ချီက မြင်လိုက်ရသည်။
ထိုနေရာက သေချာကာကွယ်ထားသော နယ်မြေတစ်ခုဖြစ်ပြီး ရန်သူများ ကျူးကျော်လာ၍ မရနိုင်ပေ။ မုန့်ချီက သက်ပြင်းချလိုက်မိပြီး ရှေ့ကို ဆက်ပြီး တိုးသွား၏။ သူက အစောင့်များ၏အလယ်သို့ ရောက်သည့်အချိန်တွင် ဓားရှည်ကို ဝှေ့ရမ်းလိုက်ရာ အလွန်တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာခဲ့သည်။
"အား…. "
ကျယ်လောင်သော အော်သံများ ထွက်ပေါ်လာပြီး လက်နက်များ မြေပေါ်သို့ ကျဆင်းသွားခဲ့၏။ တချို့က သူတို့၏လက်ကို ဆုပ်ကိုင်ပြီး တချို့ကတော့ သူတို့၏ မျက်လုံးကို အုပ်ထားကြသည်။
မုန့်ချီ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ဓားရာများစွာ ပေါ်လာခဲ့၏။ ထိဓားရာများမှနေ၍ သွေးများ စီးကျလာနေခဲ့သည်။ သို့သော် သူ့ဆီတွင် အလွန်မာကျောသော အရေပြား ရှိနေသည့်အတွက် ဒဏ်ရာများက ပြင်းထန်မှုမရှိချေ။ သူ၏ ခြေထောက်ကတော့ လုံးဝရပ်တန့်ခဲ့ခြင်း မရှိဘဲ မုန့်ချီက နံရံပေါ်သို့ ခုန်တက်လိုက်သည်။
သူက ခုန်ကျော်တော့မည့်အချိန်တွင် ယုယီဘုန်းတော်ကြီးက အချိန်မီရောက်လာခဲ့၏။ သူက အလွန်ကြီးမားသော လက်ဝါးကြီးနှင့် မုန့်ချီ၏ ခေါင်းကို ရိုက်ချလိုက်သည်။
"ဂျိမ်း…"
ယုယီဘုန်းတော်ကြီးက လူတစ်ယောက် အသတ်ခံလိုက်ရသည့်အသံကို ကြားလိုက်ရပြီး အလွန်အစွမ်းထက်သော လေလှိုင်းတစ်ခုက သူ၏ လည်ပင်းညာဘက်ကို လျှပ်စီးကြောင်းသဖွယ် ထိုးစိုက်လာခဲ့သည်။
ယုယီဘုန်းတော်ကြီးက ထိုတိုက်ခိုက်မှုကို ချီစွမ်းအင်များနှင့် ကာကွယ်ရန် စီစဉ်ထားခဲ့၏။ အသံ ထွက်ပေါ်လာသည့်အချိန်တွင် နောက်ထပ် လေလှိုင်းနှစ်ခု ထွက်ပေါ်လာပြီး ထိုနေရာကိုပင် မထင်မှတ်ထားစွာ ပစ်မှတ်ထားလိုက်ပြန်သည်။ သူက မဖြစ်မနေ ရှောင်တိမ်းလိုက်ရ၏။ သို့သော် သူက အလွန်နှေးကွေးသည်။
မုန့်ချီ၏ ဓားချက်က သူ့ကို ခုတ်နိုင်လိုက်ပြီး လျှပ်စီးကြောင်းက တစ်ကိုယ်လုံးကို ပျံ့နှံ့ သွားသည့်အတွက် သူ၏အာရုံများက အနည်းငယ် ထုံကျင်သွားခဲ့ရသည်။ ထို့နောက် မုန့်ချီက နောက်တစ်ကြိမ် သွေးအန်လိုက်ရပြီး လေထဲတွင် တစ်ပတ်ကျွမ်းထိုးလိုက်သည်။
သူက အဆောက်အဦးငယ်လေး၏ ဝင်ပေါက်တွင် ဆင်းသက်လိုက်ပြီးနောက် တခဏအတွင်း အမှောင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားခဲ့၏။
ယုယီဘုန်းတော်ကြီးက အရှိန်လျော့လိုက်ပြီး မုန့်ချီ၏ နောက်သို့ ဆက်မလိုက်တော့ပေ။ ပထမအချက်ကတော့ သူတို့နှစ်ယောက်၏ အကွာအဝေးက ဝေးကွာသွားပြီဖြစ်ပြီး မုန့်ချီ၏ ကိုယ်ဖော့ပညာနှင့် အရှိန်က အလွန်ကောင်းမွန်နေ၏။ ဒုတိယ တစ်ချက်ကတော့ ညက အလွန်မှောင်နေသည့်အတွက် သူ့နောက်ကို လိုက်ရန် ခက်ခဲသည်။ တတိယအချက်ကတော့ သူ့ဆီတွင် အမှောင်ထဲတွင် ပုန်းနေသော အကူအညီ မည်မျှရှိနေမှန်း မသိရပေ။ အလျင်စလို လိုက်သွားမည်ဆိုလျှင် သူကိုယ်တိုင်ထောင်ချောက်ထဲသို့ ကျရောက်သွားနိုင်၏။
“နတ်ဘုရားသတ်ဓား ရှောင်မုန့်က အကာအကွယ်ကျင့်စဉ်နဲ့ ခြင်္သေ့ဟိန်းသံကိုလည်း ကျွမ်းကျင်နေလိမ့်မယ်လို့ မထင်ထားဘူး…။ သူက လူထွက်ထားတဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်မယ် ထင်တယ်…”
ယုယီဘုန်းတော်ကြီးက သက်ပြင်းချလိုက်မိသည်။
အဆောက်အဦးငယ်လေးများထဲမှ ထွက်ပြေးသွားပြီး နောက်ဆုံးတွင်တော့ မုန့်ချီက ရွမ်ယုရှုနှင့် သဘောတူထားသော နေရာကို ရောက်လာခဲ့သည်။
ကောင်းကင်ပေါ်တွင် လင်းထိန်နေသော ကြယ်အလင်းရောင်များက ရွမ်ယုရှု၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေသည့်အတွက် သူမက အမှောင်ထဲတွင် တောက်ပသော ကြယ်တစ်ပွင့်ပမာ ဖြစ်နေသည်။ သူမက ဗျတ်စောင်းကို ဂရုတစိုက်ကိုင်ထားပြီး ရပ်နေသည်မှာ ပန်းချီကားထဲမှ မြင်ကွင်းတစ်ခုသဖွယ်ထင်မှတ်ရသည်။
မုန့်ချီက နောက်ထပ်အနည်းငယ် သွေးအန်လိုက်ပြီးနောက် ပို၍နေသာသွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူက အင်္ကျီထဲတွင် ကျန်ရှိနေသော ဆေးပင်တစ်ရာဆေးလုံးကို ထုတ်ပြီး သောက်လိုက်၏။ ထိုအခါ ဆေးအာနိသင်များက ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားကြောင့် ခံစားလိုက်ရသည်။
ပင်မတာဝန်ပြီးဆုံးရန် အချိန်အနည်းငယ် လိုအပ်နေသေးသည်။ သူတို့နှစ်ယောက်ကတော့ အလေးမဲ့နေ၍ မရသေးပေ။ မဟုတ်လျှင် သူတို့ဒဏ်ရာရနေသည့်အတွက် တစ်ဖက်က အလစ်ချောင်း၍ တိုက်ခိုက်နိုင်၏။
"အစ်ကိုလော်နှင့် သွားတွေ့ကြစို့…"
မုန့်ချီက အကြံပေးလိုက်ပြီး လော်ရှန်းကျိနှင့် ချိန်းထားသော နေရာသို့ သွားခဲ့ကြသည်။
ရွမ်ယုရှုကလည်း ခေါင်းညိတ်ပြလိုက်၏။ သူမက စောင်းကိုပိုက်ပြီး မုန့်ချီ၏ ဘေးမှနေ၍ လျှောက်လာခဲ့၏။ သူမ၏ပုံစံက သီးခြားဖြစ်တည်နေသလို ထင်မှတ်ရပြီး သူမ၏ အကြည့်ကလည်း အတော်လေးကို လှုပ်ရှားစေနိုင်သည်။ မုန့်ချီက တစ်ယောက်တည်း စဉ်းစားနေသည့်အချိန်တွင် သူမက သူ့ခေါင်းပေါ်သို့ လှမ်းကြည့်လိုက်၏။
"ငါ ဟန်ဆောင်ထားတာတွေ အားလုံး မရှိတော့ဘူးဆိုတာ ငါ သိတယ်…"
မုန့်ချီက အနည်းငယ် နောင်တရစွာ ပြောလိုက်သည်။
"နင်က အဲဒါကို ကြည့်ချင်တယ်ဆိုလည်း ကြည့်ပေါ့…"
ရွမ်ယုရှုက ခေါင်းညိတ်ပြလိုက်ပြီး မုန့်ချီကို စိုက်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ သူမက မုန့်ချီကို မှတ်ချက်ပေးလိုက်၏။
"ဆံပင်ဆိုတာက အဲဒီလောက်မြန်မြန် ပေါက်မလာနိုင်ဘူးလေ။ ဒီပုံစံကမှ မဆင်မခြင်ကိုယ်တော်နဲ့ ပိုပြီးတော့ တူတာ…"
"ဘယ်လိုပဲဖြစ်ဖြစ် အခုငါက သာမန်လူတစ်ယောက်ဖြစ်နေပြီ…"
မုန့်ချီဆီတွင် သူမနှင့် ပြိုင်ငြင်းနိုင်သည့် အစွမ်းမျိုး မရှိတော့ချေ။
"ဒါဆိုရင် နင်က အသားစားလို့ ရပြီလား…"
ရွမ်ယုရှုက အလေးအနက်မေးလိုက်သည်။
"အဲဒါက အဓိက မဟုတ်ဘူး…"
မုန့်ချီက ဆေးအာနိသင်များကို ခန္ဓာကိုယ်တစ်ခုလုံးတွင် လှည့်ပတ်နေပြီး ဒဏ်ရာများကို ကုသနေသည်။
ရွမ်ယုရှုက ရှေ့ကို စိုက်ကြည့်ပြီး ပြောလိုက်၏။
"နင့်အသံကို အပြင်ဘက်ကနေတောင် ငါကြားရတယ်…"
မုန့်ချီကတော့ ကုသမှုကိုသာ အာရုံစိုက်ရန် ဆုံးဖြတ်ထားခဲ့၏။ သူတို့နှစ်ယောက်က မင်းသား(၄)၏ စံအိမ်ဆီသို့ ချက်ချင်းပြန်မသွားခဲ့ပေ။ အနီးအနားတွင် ရှိနေသော အဆောက်အဦးတစ်ခုဆီကိုသာ ဦးတည်သွားခဲ့၏။ သူတို့က ထိုနေရာတွင် လော်ရှန်းကျိကို စောင့်နေမည်ဟု ကတိပေးခဲ့သည်။
လက်ရှိအချိန်တွင် အခြေအနေက ရှုပ်ထွေးနေပြီး တိုက်ပွဲများနှင့် သွေးထွက်သံယို အခြေအနေများ ရှိနေသည်။ ထို့ကြောင့် သူတို့ကို မထင်မှတ်ဘဲ တိုက်ခိုက်လိုသော လူများလည်း ရှိနေနိုင်၏။ လက်ရှိအချိန်တွင် သူတို့က ဒဏ်ရာရနေပြီး အားနည်းနေသေးသည့်အတွက် အခြေအနေပြန်ကောင်းမှသာ ပြန်သွားရန် မုန့်ချီက စဉ်းစားထားခဲ့သည်။
ခဏကြာပြီးနောက် မုန့်ချီ၏ ဒဏ်ရာများက အနည်းနှင့်အများ ပြန်ကောင်းလာခဲ့သည်။ ဆုတ်ပြဲနေသော အဝတ်အစားများမှလွဲလျှင် မည်သည့်အရာမျှ ဆိုးရွားမှု မရှိတော့ချေ။ ထိုအချိန်တွင် ခြေသံပြင်းပြင်းတစ်ခုကို ကြားလိုက်ရပြီး လော်ရှန်းကျိက အဆောက်အဦးထဲသို့ ဒယိမ်းဒယိုင်နှင့် ဝင်လာကြောင်း တွေ့လိုက်ရသည်။
သူ၏ ညာဘက်ရင်ဘတ်ပေါ်တွင်လည်း ဓားဒဏ်ရာတစ်ခု ရှိနေ၏။ သူက ပင်မသွေးကြောမှတ်များကို ပိတ်ဆို့ထားခဲ့သော်လည်း ထိုနေရာမှ သွေးများ ထွက်နေသေးသည်။ ထိုနေရာမှ သွေးများ စိမ့်ထွက်လာနေပြီး အဝတ်အစားများက နီရဲနေခဲ့၏။
"အစ်ကိုတော် အဆင်ပြေရဲ့လား…"
မုန့်ချီက မေးလိုက်သည်။
လော်ရှန်းကျိက အနည်းငယ် လှုပ်ရှားသွားပြီး အပြုံးနှင့်ပြန်ဖြေလိုက်၏။
"ငါက လရောင်တာအိုသခင်ရဲ့ ဓားချက်မိခဲ့တယ်။ ဒါပေမယ့် အနည်းဆုံးတော့ မင်းသား(၃)ကို ရှင်းပစ်နိုင်ခဲ့တယ်လေ…"
ထို့နောက် သူက မျက်နှာပျက်သွားခဲ့၏။
"ဒါပေမယ့် ချောင်ကျန်းကတော့ မင်းသား(၃)ရဲ့လူတွေကြောင့် သေသွားခဲ့ပြီ။ ငါက သူ့ကို အချိန်မီမကယ်နိုင်ခဲ့ဘူး… "
တခြားလူများ၏ မျက်လုံးထဲတွင်တော့ သူတို့နှစ်ယောက်က ပူးပေါင်းလုပ်ဆောင်နေခြင်း ဖြစ်သည်။ လော်ရှန်းကျိက မင်းသား(၃)ကို သတ်ပစ်လိုက်သည့်အချိန်တွင် ချောင်ကျန်းလည်း တိုက်ခိုက်ခံရမည်သာ ဖြစ်၏။
"တကယ်လို့ လူသစ်တစ်ယောက် သေသွားတာဆိုရင် ဘာလို့ကျွန်တော်က သတိပေးချက် မရတာလဲ..။ အော်… ဟုတ်သားပဲ။ ကျွန်တော်က လူသစ်ဆိုလို့ ရွမ်ယုရှုတစ်ယောက်တည်းကိုပဲ တာဝန်ယူရတာ။ တခြားလူနှစ်ယောက်က အစ်ကိုလော်ရဲ့ လက်အောက်မှာပဲ…"
မုန့်ချီက ခေါင်းငုံ့ပြီး ပြောလိုက်သည်။
မုန့်ချီက ချောင်ကျန်းနှင့် အလွန်ရင်းနှီးနေခြင်းမရှိသည့်အတွက် အနည်းငယ် သက်ပြင်းချရုံသာ ရှိသည်။ ပထမတွင်တော့ သူက အကျိုးအမြတ်များစွာနှင့် ပြန်ခွင့်ရလိမ့်မည်ဟု တွေးထားခဲ့၏။ သို့သော် နောက်ဆုံးတွင်တော့….
"ကီဟွေအန်ကရော ဘယ်လိုလဲ…"
မုန့်ချီက လော်ရှန်းကျိ၏ ဒဏ်ရာကို ကုသပေးနေရင်း တခြားလူသစ်တစ်ယောက်၏ အကြောင်းကို မေးလိုက်သည်။
လော်ရှန်းကျိက ကုသရေးဆေးလုံးကို သောက်ပြီး ခါးသီးစွာ ပြောလိုက်၏။
"သူကတော့ ကံကောင်းပါတယ်။ ငါက သူ့ကို တခြားအစောင့်တွေနဲ့အတူ ထွက်ပြေးခိုင်းလိုက်တယ်။ ဒါကြောင့် သူက လုံခြုံတယ်။ သူက အောင်အောင်မြင်မြင် ပြန်ရောက်လာနိုင်မှာပါ…"
ဘုရင်ကြီးက အသတ်ခံလိုက်ရသည်ကို သူမသိခဲ့ပေ။ မူလတုန်းကတော့ သူသာ သတိပြန်ဝင်လာမည်ဆိုလျှင် မင်းသားတစ်ယောက်မျှ အောင်မြင်နိုင်တော့မည် မဟုတ်ချေ။ ထို့ကြောင့် သူက ကီဟွေအန်ကို နန်းတော်ထဲတွင် အစောင့် တစ်ယောက်အဖြစ် ဝင်ခိုင်းလိုက်၏။
အကယ်၍ မကောင်းဆိုးဝါးဘုရင်မကသာ နန်းတော်ထဲသို့ ဝင်ရန် နည်းလမ်းရှာမတွေ့ခဲ့လျှင် သူက ထိုနည်းလမ်းကို အသုံးပြုမည်ဖြစ်သည်။ ပထမတွင်တော့ ဘုရင်ကြီးကသာ သတိပြန်ဝင်လာမည်ဆိုရင် အရာအားလုံး ပြီးဆုံးသွားပြီဖြစ်သည်။
အမိန့်မနာခံသော မင်းသားများအားလုံးကလည်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမည်ဖြစ်၏။ ထီနန်းရမည့်သူကလည်း ထင်ရှားလာပါလိမ့်မည်။ သူက ညအချိန်တွင် ကွာကွယ်ပေးရန် မလိုတော့သလို ထိုက်ကျိခန်းမထဲတွင် တစ်ချိန်လုံး နေရန်လည်း မလိုတော့ပေ။
ထိုအချိန်ကျလျှင် သူ့ကို လုပ်ကြံသတ်ဖြတ်ရန် အခွင့်အရေးက သိသိသာသာ များပြားလာနိုင်၏။ မည်သို့ဖြစ်စေကာမူ သူတို့ကတော့ တခြားသူများကဲ့သို့ မဟုတ်ပေ။ သူတို့က သူတို့၏ လုပ်ရပ်အကျိုးဆက်ကို စဉ်းစားနေရန် မလိုအပ်ပေ။ ဘုရင်ကြီးသေသွားသည်နှင့် သံသရာအရှင်သခင်က သူတို့ကို ပြန်ခေါ်မည်သာ ဖြစ်သည်။
"ဘယ်လိုပဲဖြစ်ဖြစ် မကောင်းဆိုးဝါးဘုရင်မနဲ့ မတွေ့ခဲ့တာ ကံကောင်းသွားတယ်…"
မုန့်ချီက နန်းတော်ကြီးထဲတွင် ငြိမ်သက်သွားသော မုန်တိုင်းကို လှမ်းကြည့်လိုက်သည်။ မကောင်းဆိုးဝါးဘုရင်မနှင့် လက်ယာအမတ်ကြီးတို့ကလည်း နန်းတော်ထဲရှိ ပြောင်းလဲမှုများကြောင့် လက်လျှော့သွားပုံရ၏။
လော်ရှန်းကျိ၏ အခြေအနေ တည်ငြိမ်သွားပြီးနောက် သူတို့(၃)ယောက်က မင်းသား(၄)၏ စံအိမ်ဆီသို့ ဖြည်းညင်းစွာ ထွက်လာခဲ့ကြသည်။ မင်းသား(၄)ကတော့ ပြန်ရောက်နေပြီဖြစ်ပြီး လက်နောက်ပစ်၍ ရှေ့နောက် လမ်းလျှောက်နေခဲ့သည်။ သူ၏ မျက်နှာအမူအရာပေါ်တွင် ကျေနပ်မှုများ ပြည့်နေသည့်အတွက် အရာအားလုံးက သူ၏ အစီအစဉ်အတိုင်း ဆက်သွားနေပုံရသည်။
သူတို့(၃)ယောက်ကိုကြည့်ပြီး သူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"အစ်ကိုကြီးနဲ့ အစ်ကို(၃)တို့က ရှင်းပစ်ခံလိုက်ရပြီလို့ ငါကြားတယ်။ မင်းတို့က ကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ မင်းတို့က ဒီလိုအရေးပါတဲ့ အရာတွေကို လုပ်ဆောင်ပေးတဲ့အတွက် ငါက မင်းတို့ကို ဆုချမယ်။ မင်းတို့က ဘယ်လို ဘွဲ့ထူး ရာထူးမျိုးကို လိုချင်လဲ။ မင်းတို့ ကြိုက်တဲ့နယ်မြေကို ပေးမယ်…”
သူကတော့ သူ့ကိုယ်သူ ဘုရင်တစ်ယောက်ဟု သတ်မှတ်ထားခဲ့သည်။
"ကျွန်တော်က သိုင်းလောကမှာ လေလွင့်သွားလာနေတဲ့ လူတစ်ယောက်ပါပဲ။ ဒီလိုနေ့စဉ်တာဝန်ယူရမယ့် အရာတွေကို ဂရုမစိုက်နိုင်ပါဘူး။ တကယ်လို့ မင်းကြီးကသာ ကျွန်တော့်ကို ဆုပေးချင်တယ်ဆိုရင် အရင်တုန်းက ပေးထားတဲ့ ကတိကိုပဲ ဖြည့်ဆည်းပေးပါ။ မင်းကြီးရဲ့စာကြည့်ခန်းထဲမှာရှိတဲ့ ဓားတွေ အားလုံး ကျွန်တော့်ကို ပေးပါ… "
မုန့်ချီက ချမ်းသာကြွယ်ဝမှုနှင့် ရာထူးအာဏာကို မက်မောခြင်းမရှိဟု မင်းသား(၄)က ခံစားမိလိုက်သည်။ ဘာကြောင့် သူက သိုင်းကျမ်းများကို မတောင်းရသနည်း။ ထိုလူငယ်က သိုင်းကျမ်းများ စုဆောင်းခြင်းကိုလည်း စိတ်မဝင်စားခြင်းပေလော။ သူက ထိုအရာများကို စုဆောင်းရန် လူလွှတ်လိုက်မည်ဆိုလျှင်လည်း အချိန်အတော်လေး ကြာနေနိုင်သည်။
မင်းသား(၄)က ခဏကြာ မှင်တက်သွားခဲ့၏။ သူတို့က အောင်မြင်မှုနှင့် ကြွယ်ဝချမ်းသာမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ဟု မင်းသား(၄)က တွေးထားခဲ့သည်။ ယခုတော့ သူတို့က အကျိုးအမြတ်အစား အမှန်တရားကိုသာ တန်ဖိုးထားသည့် လူများဖြစ်ကြောင်း နားလည်သွား၏။
သူက သက်ပြင်းချလိုက်မိသည်။
"မင်းတို့ကြိုက်ရာကို ယူလို့ရတယ်။ ငါ့ဆရာ ငါ့ကို လက်ဆောင်ပေးထားတဲ့ ထန်ရှန့်ဓားနဲ့ သံသစ်သားဓားတို့ကလွဲရင် ကျန်တာတွေအားလုံးက မင်းတို့အပိုင်ပဲ… "
"မင်းကြီး…
တပ်မှူးလုကရော ဘယ်လိုဖြစ်သွားပြီလဲ…"
မုန့်ချီက မေးလိုက်သည်။ မည်သို့ဖြစ်စေကာမူ မုန့်ချီက လုကွမ်နှင့် အချိန်တော်တော်ကြာနေခဲ့ရသည်။
မင်းသား(၄)က အပြုံးနှင့် ပြောလိုက်၏။ သူက ပြန်ဖြေလိုက်သည်။
"အခု တပ်မှူးလုက ပေကျင်းစခန်းထဲကို သွားပြီး အပြင်မထွက်ရ အမိန့်ထုတ်ထားလိုက်ပြီ…"
သူတို့(၃)ယောက်က စာကြည့်ခန်းထဲသို့ လိုက်သွားခဲ့၏။ အိမ်တော်ထိန်းက ဓားအင်ပါယာ ကိုင်ဆောင်ခဲ့သော ဓားနှစ်လက်ကို ယူလိုက်ပြီးနောက် တံခါးကို ပိတ်လိုက်၏။
မုန့်ချီက အားရပါးရ ရယ်ပြီး ပြောလိုက်သည်။
"ဒါက ငါတို့အားလုံးရဲ့ ပူးပေါင်းလုပ်ဆောင်မှုကြောင့်ပဲ။ ငါက မင်းတို့နှစ်ယောက်စလုံးကိုလည်း အားကိုးခဲ့ရတယ်။ ဒီတော့ မင်းတို့အရင်ဆုံး ရွေးချယ်ကြပါ…"
နံရံပေါ်တွင် ချိတ်ထားသော အဖိုးတန်ဓား (၃၀) နီးပါးခန့်တွင် (၉)လက်က သန့်စင်လက်နက်ဖြစ်သည်။ သူတို့ထဲတွင် လမင်းနီဓား ၊ ရှို့ဟွာဓား ၊ သစ္စာဓား နှင့် တခြားသော ဓားများ ပါဝင်သည်။
"ကံကြမ္မာအမှတ်တွေ အများကြီးပါပဲလား။ ညီလေးမုန့်… မင်းက စကားပြောတာ တော်တော်လေးကို ကောင်းတယ်…"
လော်ရှန်းကျိက ချီးကျူးလိုက်သည်။ သူလည်း မုန့်ချီကို ခေါ်ဆိုသည့်ပုံစံ ပြောင်းလဲလိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ၏ ဓမ္မနာမည်ကို ဆက်ခေါ်ရန် မသင့်တော်တော့ပေ။
သူက ငြင်းဆန်မနေဘဲ ရှို့ဟွာဓားနှင့် တခြားသော သန့်စင်လက်နက်အဆင့် ဓားရှည်တစ်ချောင်းကို ကောက်ယူလိုက်သည်။ ရွမ်ယုရှုကလည် အေးစက်စွာ ခေါင်းညိတ်ပြလိုက်ပြီး လမင်းနီဓားနှင့် တခြားသော သန့်စင်လက်နက်တစ်ခုကို ကောက်ယူလိုက်၏။
သူတို့က အခြေအနေကို ကောင်းကောင်းနားလည်နေသည့်အတွက် သစ္စာဓားအပါအဝင် သန့်စင်လက်နက် (၅)ခုကို မုန့်ချီအတွက် ချန်ထားပေးခဲ့သည်။ ကျန်ရှိနေသော မီး(၁၀၀)လက်နက် (၁၈)ချောင်းထဲတွင်လည်း သူတို့က တစ်ယောက်ကို (၆)ချောင်းဆီ ယူခဲ့ကြသည်။
ထို့နောက် သူတို့က ဒဏ်ရာများကို ကုသပြီး စားစရာများကို စား၍ နောက်တစ်နေ့ မနက်ထိအောင် စောင့်နေခဲ့ကြသည်။
ထိုအချိန်တွင် သူတို့၏ နားထဲ၍ သံသရာအရှင်သခင်၏ စကားသံကို ကြားလိုက်ရ၏။
"ဒုတိယ ပင်မတာဝန်ပြီးဆုံးသွားပြီ။ တစ်ယောက်ချင်းဆီက ကံကြမ္မာအမှတ် (၄၀၀)ဆီ ရမယ်…”
“ပထမဆုံး ပင်မတာဝန်အတွက် တစ်ယောက်ချင်းဆီမှာ လူသစ်တစ်ယောက်ဆီ အသက်ရှင်နေသေးတယ်။ ကျန်းတင်နဲ့ လော်ရှန်းကျိတို့က တစ်ယောက်ကို ကံကြမ္မာအမှတ် (၂၀၀)ဆီ ရမယ်။ ပြန်လာခဲ့တော့…... "
မနက် အရုဏ်တက်ချိန်၌ စာကြည့်ခန်းထဲတွင် မည်သူမျှ မရှိတော့ကြောင်း သိလိုက်ရသည့်အချိန်တွင် သူတို့(၃)ယောက်က အောင်မြင်မှုနှင့် ချမ်းသာမှုကြွယ်ဝမှုကို မမက်မောကြောင်း မင်းသား(၄) က အမှန်တကယ် ယုံကြည်သွားခဲ့သည်။ သူက လွတ်နေသော စာကြည့်ခန်းနံရံကိုသာ စိုက်ကြည့်နေခဲ့၏။ အခန်းထဲတွင် တခြားမည်သည့်အရာကိုမျှလည်း ယူမသွားခဲ့ကြချေ။
သူက သက်ပြင်းချပြီး ရေရွတ်လိုက်၏။
"သူတို့က တကယ့်အစစ်အမှန် သူရဲကောင်းတွေပဲ…"
အလင်းတိုင်လုံးများစွာ ကျဆင်းလာနေပြီး သူတို့အဖွဲ့ကို ကုသပေးနေ၏။ မုန့်ချီ၏ ရွှေခေါင်းလောင်း အကာအကွယ်ကလည်း ပြည့်ပြည့်ဝဝ ပြန်ကောင်းလာခဲ့သည်။ တိုင်လုံးများကို ရေတွက်ကြည့်လိုက်ပြီး လူတိုင်းက အဆင်ပြေနေကြောင်း သိသည့်အတွက် သူလည်း စိတ်အေးသွားခဲ့၏။
ထိုအချိန်တွင် သံသရာအရှင်သခင်၏ စကားသံကို သူ့နားထဲတွင် ကြားလိုက်ရ၏။ "မင်းက အတွေ့အကြုံမရှိတဲ့ လူတစ်ယောက် မဟုတ်တော့ဘူး။ သံသရာကမ္ဘာကြီးထဲမှာ အချိန်အကြာကြီး ကျင်လည်ပြီးသွားပြီ။ နောက်ထပ် တာဝန်ကတော့ တစ်နှစ်ကြာရင် ထမ်းဆောင်ရမယ့် သေမင်းတမန် တာဝန်ပဲ။ ကျေးဇူးပြုပြီး အဲဒီအတွက် ပြင်ဆင်ထားပါ… "
Translated by Hein Htet