အခန်း(၁၉၁)
Vol. 13 Ch. 191
“သေမင်းတမန်တာဝန် ဟုတ်လား…”
မုန့်ချီက ယခုလေးမှ စိတ်သက်သာရာ ရသွားခြင်းဖြစ်သော်လည်း စိတ်ထဲ၌ တင်းကြပ်သွားခဲ့သည်။ သံသရာအရှင်သခင်က နောက်ထပ် လုပ်ဆောင်ရမည့် တာဝန်ကို ကြိုပြောပြနေသည့်အတွက် ထိုတာဝန်က ခက်ခဲနိုင်ပြီး လူတိုင်းအတွက် အသက်အန္တရာယ်ရှိနိုင်သည်ဟု ဆိုလိုနေသည်။
သံသရာအရှင်သခင်က နောက်ထပ် ရှင်းပြနေခြင်းမရှိဘဲ တည်ငြိမ်စွာ ကြေညာလိုက်၏။
"တာဝန်သုံးသပ်မှု - ကီဟွေအန် သာမန်ပဲ။ အပိုဆုလာဘ် မရဘူး။ ကျန်းယွင်ရှန် ၊ ဖူကျန်းကျန်း ၊ ရွမ်ယုရှုနှင့် လော်ရှန်းကျိ - အလယ်အလတ်။ တစ်ယောက်ကို သံသရာအမှတ် (၅၀)ဆီ ဆုလာဘ်ရမယ်။ ကျန်းကျိဝေ ၊ ချီကျန်းရန်နဲ့ ကျန်းတင် - ကောင်းတယ်။ တစ်ယောက်ကို ကံကြမ္မာအမှတ် (၁၀၀)ဆီ ရမဲ့အပြင် ဝေ့ကျင်းအဆင့်အောက် ပစ္စည်းတိုင်းကို မဲနှိုက်ဖို့ အခွင့်အရေးတစ်ကြိမ်ရမယ်… "
မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက ကောင်းသည်ဟူသော သုံးသပ်မှုကိုသာ ရခဲ့ပြီး ထူးချွန်သည်ဟူသော အရာကိုတော့ မရတော့ပေ။ သံသရာတံဆိပ်ကို ရရှိရန် မျှော်လင့်ချက်ကလည်း ပျက်စီးသွားခဲ့ရသည်။
သို့သော် သေချာစဉ်းစားပြီးနောက် ထိုအရာက ကျိုးကြောင်းဆီလျော်မှု ရှိနေသည်။ သူက သံသရာအရှင်သခင် ပေးအပ်သော တာဝန်ထက် ကျော်လွန်၍ လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသလို သီးခြားစုံစမ်းစစ်ဆေးမှုများလည်း လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိချေ။
အလင်းတိုင်လုံး ပျောက်ကွယ်သွားပြီးနောက် သူတို့က အဖွဲ့ထဲမှ ထွက်လာပြီး သေမင်းတမန် တာဝန်အကြောင်းကို စဉ်စားနေကြသည်။
"အစ်ကိုလော်…
သေမင်းတမန် တာဝန်အကြောင်းကို သိလား…"
မုန့်ချီက သံသရာကမ္ဘာကြီးထဲတွင် အတွေ့အကြုံ အများဆုံးဖြစ်သော လော်ရှန်းကျိကို မေးလိုက်သည်။
လော်ရှန်းကျိကတော့ ပျော်စရာမကောင်းသော မှတ်ဉာဏ်များကို ပြန်လည်အမှတ်ရသွားသည့်အလား သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။ သူ့ပုံစံက အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။
"ငါက တံခါး (၄)ပေါက် ပွင့်ပြီးသွားတဲ့အချိန်မှာ ငါ့ အရင်အဖွဲ့ရဲ့ စုစုပေါင်းစွမ်းအားက တော်တော်လေးကို ကောင်းလာတယ်။ ဒါကြောင့် သေမင်းတမန်တာဝန်ကို ကြုံတွေ့ခဲ့ရတယ်။ အဲဒီသေမင်းတမန်တာဝန်က (၇)ရက်တိတိ အသက်ရှင်အောင် နေရတာပဲ။ ငါတို့ကို ဝေ့ကျင်းအဆင့် ပညာရှင်တစ်ယောက်က လိုက်ပြီး သတ်ဖြတ်ခဲ့တယ်…”
“အဆုံးသတ်မှာတော့ ငါ့အဖွဲ့ထဲမှာ အသက်ရှင်သူ (၃)ယောက်ပဲ ကျန်တော့တယ်။ ငါ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တဲ့ ငါ့ရဲ့အစ်ကိုကြီး နှစ်ယောက်ကလည်း သူ့ဓားချက်နဲ့ တဖြည်းဖြည်း သေသွားခဲ့ရတယ်။ ငါကတော့ ကံကောင်းပြီး လွတ်မြောက်လာခဲ့တာ…”
“နောက်ထပ် ငါက တခြားအဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်နေရင်း သေမင်းတမန်တာဝန်နဲ့ ပတ်သက်ပြီး အကြောင်းအရာတွေ အများကြီးကို ကြားခဲ့ရတယ်။ တချို့ကတော့ လိုက်ပြီး သတ်ပစ်ခံကြရတယ်။ တချို့ကတော့ မျှော်လင့်ချက်မဲ့နေတဲ့ အခြေအနေကို ရောက်ခဲ့ကြရတယ်။ တချို့ကတော့ ဝေ့ကျင်းတစ်ဝက်အဆင့် ပညာရှင်များစွာရဲ့ ဝိုင်းရံတိုက်ခိုက်မှုကို ခံကြရတယ်…”
“အလားတူ အဖြစ်အပျက်တွေကတော့ အများကြီးပဲ။ တကယ်လို့ အဖွဲ့တွေက သေမင်းတမန် တိုက်ပွဲကို အောင်မြင်လာပြီး မူလစွမ်းအား တစ်ဝက်ကျော်ထိ ထိန်းထားနိုင်မယ်ဆိုရင်တော့ သံသရာကမ္ဘာကြီးရဲ့ အခက်အခဲနဲ့ အကျိုးအမြတ်တွေက တိုးမြင့်လာပြီး ရှေးဟောင်းအကြွင်းအကျန် နယ်မြေတွေထဲကိုတောင် ရောက်သွားနိုင်တယ်…"
မုန့်ချီက စိတ်ပျက်ဖွယ်ရာ သတင်းကို ကြားရသော်လည်း ဝမ်းသာစေနိုင်သည့် အရာမျိုးကိုသာ စဉ်စားထားခဲ့သည်။ သူက ပြန်ဖြေလိုက်၏။
"ဒါဆိုရင်တော့ တော်တော်လေး ခက်မယ် ထင်တယ်။ ကြည့်ရတာ ဒီတစ်ကြိမ်တော့ ကံကြမ္မာအမှတ်တွေ အားလုံးကို သုံးရတော့မယ်…"
သူက ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကို လှည့်ကြည့်လိုက်သည်။ သူတို့က အတူတူ အနားကပ်၍ ရပ်နေကြပြီး မျက်နှာအမူအရာကလည်း ကြည်လင်နေသည့်အတွက် မုန့်ချီက စိတ်အေးသွားသလို ခံစားလိုက်ရ၏။
သူက ထိုကဲ့သို့ စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ဖူကျန်းကျန်း၏ မျက်နှာလေးက နီရဲသွားပြီး ချက်ချင်းပင် ခေါင်းငုံ့သွားခဲ့သည်။ သူမ၏ဆံပင်များကလည်း ပျက်စီးသွားခြင်း မရှိတော့ချေ။ သူမက ကံကြမ္မာအမှတ်များကို သုံးပြီး ပြန်ပြင်ထားပုံရ၏။
ကျန်ယွင်ရှန်ကလည်း သူ့ကို ကြည့်ပြီး ကျေးဇူးတင်စွာ ခေါင်းညိတ်ပြလိုက်သည်။
“တော်တော် အားကျဖို့ကောင်းတာပဲ…”
မုန့်ချီက တစ်ယောက်တည်း စဉ်းစားကြည့်လိုက်ပြီး ဖူကျန်းကျန်း၏ ဆံပင်ကို စိုက်ကြည့်နေခဲ့သည်။ သို့သော် သူ့အတွက် ကံကြမ္မာအမှတ်တိုင်းက အလွန်အဖိုးတန်၏။ သူက ဆံပင်ကို ပြန်ပြင်ရန်အတွက်နှင့် ကံကြမ္မာအမှတ်များကို မဖြုန်းနိုင်ပေ။ ထိုဆံပင်က မကြာခင် ပြန်ပေါက်လာမည်သာ ဖြစ်သည်။
“ငါက တော်တော်လေး ကပ်စေးနည်းနေတာပဲ….”
ထို့နောက် မဲနှိုက်သည့်အိုးက ချီကျန်းရန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။ သေမင်းတမန် တာဝန်အတွက် စိုးရိမ်နေသော သူက အိုးကို ယူပြီး ခံစားချက်ကင်းမဲ့စွာ လှုပ်လိုက်သည်။ သို့သော် သူကတော့ သာမန် ကုသရေးဆေးပုလင်း နှစ်ပုလင်းသာ ရရှိခဲ့သည်။
ကျန်းကျိဝေကတော့ မည်သည့်အရာကိုမျှ စိတ်ဝင်စားပုံမရချေ။ သူမက ဆံပင်တိုများ ပေါက်နေသော မုန့်ချီကို ကြည့်ပြီး အိုးကို ပြင်းပြင်းထန်ထန် လှုပ်လိုက်သည်။ အလင်းနှင့် အရိပ်များက တစ်လှည့်ဆီ လှုပ်ရှားနေပြီး သိုင်းကျမ်းများ ၊ သန့်စင်လက်နက်များ ၊ ဆေးလုံးများ ၊ အံ့ဩစရာပစ္စည်းများက တစ်ခုပြီးတစ်ခု ဖြတ်ကျော်သွားပြီး နောက်ဆုံးတွင်တော့ ပုဇဉ်းတောင်ပံကဲ့သို့ ပါးလွှာသော မျက်နှာဖုံးတစ်ခု ပေါ်လာခဲ့သည်။
"မျက်နှာပြောင်းလဲစေနိုင်တဲ့ မျက်နှာဖုံးလား…."
မုန့်ချီက စိတ်ဝင်တစား မေးလိုက်သည်။
"ဟုတ်တယ်…"
ကျန်းကျိဝေက မျက်နှာဖုံးကို ယူပြီး ပြောလိုက်သည်။
"ဒီမျက်နှာဖုံးကို တခြားလူတွေဆီ ပေးလို့ရတယ်လို့ သံသရာအရှင်သခင်က ပြောလိုက်တယ်။ ဒါပေမယ့် ဒီမျက်နှာဖုံးက မိန်းကလေးတွေအတွက်ပဲ။ ဒါကြောင့် နင် သုံးလို့ မရဘူး။ နင်က ငါတို့ကို သူတို့နှစ်ယောက်နဲ့ မိတ်ဆက်ပေးဦးလေ…"
သူမက ရွမ်ယုရှုနှင့်ကီဟွေအန်တို့ကို လက်ညှိုးထိုးပြလိုက်သည်။
"သူ့နာမည်က ရွမ်ယုရှု… လန်းယာ့ ရွမ်မိသားစုက သခင်မလေးပဲ။ သူကတော့ ကီဟွေအန်… ဉာဏ်အလင်းပွင့်မှုကို ရောက်နေတဲ့ အတွေးအခေါ် ပညာရှင် တစ်ယောက်ပဲ…"
မုန့်ချီက သူတို့နှစ်ယောက်လုံးနှင့် မိတ်ဆက်ပေးလိုက်၏။
ကျန်းကျိဝေက အပြုံးနှင့် ပြောလိုက်သည်။
"မိန်းကလေးယုရှုရဲ့ ထူးခြားတဲ့ တေးဂီတစွမ်းရည်ကို ကြားဖူးတာ တော်တော်လေး ကြာပါပြီ။ မိန်းကလေးက လန်းဝမ် ကောင်းကင်တေးသွား (၁၂)မျိုးနဲ့ ကောင်းကင်ဖျက်ဆီး မြေပြင်ပြောင်းလဲ တေးသံကိုပါ တီးခတ်လာနိုင်ဖို့ အလားအလာရှိတယ်လို့ ကြားဖူးတယ်။ ဒီနေ့တော့ ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…"
ရွမ်ယုရှုကလည်း အေးစက်စွာ ဦးညွတ်လိုက်သည်။
"ကျန်းမိသားစုက မိန်းကလေးကျန်းကလည်း သိုင်းလောကကို ရောက်လာပြီး သိပ်မကြာခင် လူငယ်မှတ်တမ်းမှာ အဆင့်(၁၀) ရောက်ခဲ့တယ်။ ကျွန်မက တကယ်ပဲ လေးစားမိပါတယ်…"
“ဒီကလေးမက စကားပြောတဲ့ လူအပေါ်မူတည်ပြီး ဆက်ဆံနေတာလား။ သူက ငါ့ကိုတော့ ဒီလိုတစ်ခါမှ တလေးတစား မဆက်ဆံဖူးဘူး…”
မုန့်ချီက သူမကို တိတ်တဆိတ် ကျိန်ဆဲလိုက်မိသည်။
ထို့နောက် သူလည်း အိုးကို ယူပြီး လှုပ်လိုက်၏။ သူက အိုးထဲတွင် လှုပ်ရှားနေသော ပုံရိပ်များကို မျှော်လင့်တကြီး စိုက်ကြည့်ခဲ့သည်။
လက်ရှိအချိန်တွင် သူ့ဆီ၌ ဓားမောက်သိုင်းပညာဖြစ်စေ ဓားရှည်သိုင်းပညာဖြစ်စေ လိုအပ်မှုမရှိသည့်အပြင် ပြောင်းလဲမှုကျင့်စဉ်ကို အစားထိုးနိုင်သည့် အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ကိုလည်း ရရှိထားသည်။ ထို့ပြင် မဲနှိုက်သည့် အထဲတွင် ဝေ့ကျင်းအဆင့် ပစ္စည်းများ မရှိသည့်အတွက် သူက ဆေးလုံးများ ၊ လျှို့ဝှက်လက်နက်များ ၊ အဆိပ်နှင့် ထူးခြားသော အရာများကိုသာ မျှော်လင့်နေခဲ့သည်။
သို့သော် ကံကြမ္မာက သူ့ဘက်တွင် မရှိခဲ့ပေ။ သူက ကံကြမ္မာအမှတ် (၂၀၀)ကိုသာ ရရှိခဲ့သည်။
“မဆိုးပါဘူး…. အနည်းဆုံးတော့ ငါက တခြားမှာ သုံးလို့ရတယ်။ တခြားပစ္စည်းတွေဆိုရင် ကံကြမ္မာအမှတ်နဲ့ ပြန်လဲလို့မရဘူး…”
မုန့်ချီက စဉ်းစားကြည့်လိုက်ပြီး ရလဒ်ကို စိတ်ပျက်မနေခဲ့ပေ။
သူက တခြားသူများကို လှည့်ကြည့်ပြီး ပြောလိုက်၏။
"ဒီတစ်ကြိမ် တာဝန်မှာ လူတိုင်းက ဘာတွေ ရလာခဲ့တာလဲ။ သေမင်းတမန် တာဝန်က မလွဲမသွေ ကြုံရတော့မှာဆိုတော့ ငါတို့က စုပြီး သေချာစဉ်းစားသင့်တယ်…"
သေမင်းတမန်တာဝန်၏ ဖိအားကြောင့် သူနှင့် ရင်းနှီးနေသော လော်ရှန်းကျိကိုလည်း သူတို့အဖွဲ့ထဲသို့ ခေါ်ရန် မုန့်ချီက ဆုံးဖြတ်လိုက်သည်။ လူသစ်ဖြစ်သော ရွမ်ယုရှုနှင့် ကီဟွေအန်တို့၏ နောက်ခံနှင့် အတွေ့အကြုံများက အလွန်ရိုးရှင်းသည့်အတွက် ကျန်းကျိဝေနှင့် တခြားလူများကလည်း သူတို့ကို လက်ခံမည်ဟု သူက ယုံကြည်နေခဲ့သည်။
ကျန်းကျိဝေက တည်ငြိမ်စွာ တုန့်ပြန်လိုက်၏။
"ငါက ဒီတစ်ကြိမ် တစ်ဦးချင်း တာဝန်မှာ အကျိုးအမြတ်တွေ တော်တော်လေး ရခဲ့တယ်။ ငါက ခရီးသွားနေတဲ့အချိန်အတွင်း လေ့ကျင့်ဖို့ အချိန်လည်း ရခဲ့တယ်။ ငါက ပါးစပ်တံခါးပွင့်နေပြီး အတွင်းပိုင်းနယ်မြေ ကနဦးအဆင့်ကို စရောက်နေပြီ။ ငါက အနန္တဓားသိုင်းကနေ ဆင်းသက်လာတဲ့ ခုတ်ပိုင်းခြင်း ပင်လယ်ဓားကွက်ကိုလည်း တတ်မြောက်ခဲ့တယ်…"
ထိုအရာက အထွဋ်အထိပ် ဓားပညာထဲတွင် မှတ်တမ်းတင်ထားသော သိုင်းကွက်တစ်ခု ဖြစ်သည်။ ထိုအရာက အနန္တဓားသိုင်းပညာမှ ဆင်းသက်လာခြင်းဖြစ်ပြီး သတ်ဖြတ်ရေးဓားသိုင်း (၉)ခုထဲမှ တစ်ခုလည်း ဖြစ်သည်။ ထိုအရာကို နားလည်သွားသည့်အတွက် ကျန်းကျိဝေက အနန္တဓားသိုင်းတွင် အနည်းငယ် တိုးတက်လာသည်ဟု ဆိုနိုင်၏။
သူမက စကားပြောနေစဉ် မုန့်ချီ၏ မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို စိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူမ ရရှိလာသော သန့်စင်လက်နက်နှစ်ခုနှင့် သိုင်းကျမ်း(၃)ခုကို အလယ်တိုင်လုံးထဲသို့ ပစ်ထည့်လိုက်၏။
"ဒီပစ္စည်းတွေနဲ့ ငါ ရထားတဲ့ ဆုလာဘ်တွေအရ ငါ့ဆီမှာ စုစုပေါင်း ကံကြမ္မာအမှတ် (၁၆၇၀) ရှိတယ်။ ငါက အဲဒီအရာတွေကို တောက်ပခြင်းဓားပညာ ၊ ရှောင်လင်ကုသဆေးနဲ့ ဆေးပင်တစ်ရာ ဆေးလုံး(၂)လုံးလဲဖို့ စဉ်းစားထားတယ်…"
သူမဆီတွင် ဆေးပင်တစ်ရာ ဆေးလုံး ကုန်ဆုံးသွားပုံရသည်။ ထို့ပြင် သူမက တစ်နေရာနှင့် တစ်နေရာ ပြောင်းလဲနေရသည့်အတွက် တောင်တန်းများပေါ်တွင် တစ်ယောက်တည်း ရှာဖွေရန် ခက်ခဲ၏။
ထို့ပြင် ရှောင်လင်ကုသဆေးကတော့ ပင်မကမ္ဘာကြီးထဲတွင် ရှောင်လင်ဘုန်းတော်ကြီးများ အသုံးပြုသော အထွတ်အမြတ်ဆေးလုံးတစ်လုံးဖြစ်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့်တွင် အသုံးပြုနိုင်သည်။ ထိုဆေးလုံးများက အသက်ပြန်ရှင်လာအောင် လုပ်မပေးနိုင်သော်လည်း ကျိုးနေသော ခြေလက်များ ၊ အတွင်းဒဏ်ရာ အပြင်ဒဏ်ရာများကို နှစ်နာရီအတွင်း ပြန်ကောင်းလာစေနိုင်သည်။
မုန့်ချီ ရက်ပေါင်းများစွာ ပြန်လည်ပြုပြင်ရသော ရွှေခေါင်းလောင်းအကာအကွယ်ကပင် တစ်ရက်အတွင်း ပြန်ကောင်းလာနိုင်သည်။ တောက်ပခြင်းဓားပညာက ကံကြမ္မာအမှတ် (၉၂၀) ကုန်ကျနိုင်သည်။ ကုသဆေးက ကံကြမ္မာအမှတ် (၅၀၀) ကုန်ကျနိုင်ပြီး ဆေးပင်တစ်ရာ ဆေးလုံးနှစ်လုံးက ကံကြမ္မာအမှတ် (၂၀၀) ကုန်ကျသည်။ ကျန်းကျိဝေက ထိုအရာများအားလုံးကို အသုံးပြုလိုက်ပြီးနောက် သူမဆီတွင် ကံကြမ္မာအမှတ် (၅၀) သာ ကျန်နေတော့၏။
“ဒီလိုလဲလိုက်တာက နည်းနည်းတော့ ထူးဆန်းနေတယ်…”
မုန့်ချီက ကျန်းကျိဝေနှင့် အနီးဆုံးဖြစ်သည့်အတွက် တည့်တည့်သာ ပြောလိုက်၏။
"ငါက အရင်ကတည်းက တောက်ပခြင်းဓားပညာကို စိတ်ဝင်စားနေတာလေ။ ဘာလို့လဲဆိုတော့ ငါ့ဆရာက ငါ့ကို အဆင့်တစ်ခုထိ လေ့ကျင့်ဖို့ တိုက်တွန်းထားတယ်။ အခု သေမင်းတမန်တာဝန်ကို ကြားလိုက်ရတဲ့အချိန်မှာ ငါက အချိန်တစ်နှစ် ရနေမှတော့ ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးအစား ကုသဆေးနဲ့ ဆေးပင်တစ်ရာဆေးလုံးကိုပဲ လဲဖို့ ဆုံးဖြတ်ထားတယ်…”
“ငါက တံခါး (၈)ပေါက်အဆင့် ရောက်သွားရင် အစွမ်းထက်တဲ့ ပြိုင်ဘက်တွေကို တိုက်ခိုက်နိုင်တယ်။ ပြောရမယ်ဆိုရင်တော့ ငါက ဆေးလုံးတွေ ၊ ဆေးရည်တွေကို မျှော်လင့်ချက် မထားချင်ဘူး…"
ကျန်းကျိဝေက အလွန်ပြတ်သားနေပုံရသည်။
ဓားသမားတစ်ယောက်၏ အလှတရားက သူမဆီမှနေ၍ ထွက်ပေါ်လာနေသည်။ သူမက အလွန်တောက်ပနေပြီး လှသည်ဟူသော အချက်ထက်ပင် ပြောပြရန် မရှိပေ။ အကယ်၍ သူမကသာ အစွမ်းထက်သော ပြိုင်ဘက်များနှင့် တိုက်ခိုက်ပြီး ကျန်ရှိနေသော တံခါးကို အစွမ်းကုန် လေ့ကျင့်လိုက်မည်ဆိုလျှင် ကုသရေးဆေးလုံးက မရှိမဖြစ် လိုအပ်သည်။
ထို့ကြောင့် ကျန်းကျိဝေက သူမ၏ ကံကြမ္မာအမှတ်များကို ကုသရေးဆေးလုံးနှင့် ဆေးပင်တစ်ရာဆေးလုံးကို လဲလှယ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ကျန်းယွင်ရှန်နှင့် လော်ရှန်းကျိတို့က ကျန်းကျိဝေကို စိုက်ကြည့်နေကြ၏။ သူမဆီမှ အလင်းတန်းများ တောက်ပနေသည့်အတွက် သူတို့ကပင် သူမထက်ပို၍ နိမ့်ကျသည်ဟု စတင်ခံစားလာရသည်။
ကျန်းကျိဝေ၏ ရွေးချယ်မှုနှင့် ပတ်သက်ပြီး မုန့်ချီကို လေးစားနေသည်။ သူက စကားများများ မပြောခဲ့ဘဲ ခေါင်းစဉ်ပြောင်း၍ မေးလိုက်၏။
"ဆရာကြီးစုက နင့်ကို ဘယ်အပိုင်းမှာ လေ့ကျင့်ဖို့ တိုက်တွန်းထားတာလဲ…"
သူက တုကူးဓား(၉)ကွက်တွင် တိုးတက်လာခဲ့ပြီး ဓားအင်ပါယာ၏ လမ်းညွှန်မှုကို ရခဲ့သည်။ ထို့ကြောင့် အပြင်ကောင်းကင်နတ်ဘုရားဓား စုဝူမင်၏ ညွှန်ကြားမှုကိုလည်း အလွန်စိတ်ဝင်စားနေခဲ့၏။
"ငါက ရှုပ်ထွေးမှုကနေ ရိုးရှင်းမှုကို သွားတဲ့ အနှစ်သာရတွေကို ဖမ်းဆုပ်နိုင်နေပြီလို့ ငါ့ဆရာက ပြောခဲ့တယ်။ ဒါပေမယ့် ငါက ပြောင်းလဲမှုတွေကိုတော့ လိုအပ်နေသေးတယ်။ ငါက ဘယ်လို ကြောက်စရာကောင်းအောင် တိုက်ခိုက်ရမလဲ ဆိုတာပဲ သိတယ်။ ဒါကြောင့် သူက ငါ့ကို ရိုးရှင်းမှုကနေ ရှုပ်ထွေးမှုကို သွားတဲ့လမ်းကြောင်း လေ့ကျင့်ဖို့ ညွှန်ကြားထားတာ…"
ကျန်းကျိဝေက ဖုံးကွယ်မနေဘဲ ပြန်ဖြေလိုက်သည်။
သူမက တခြားလူများနှင့် ကွဲပြားသော အနန္တဓားသိုင်းကို နားလည်ထားသည်။ သူမက စတင်လေ့ကျင့်ခဲ့သည့် အချိန်ကတည်းကစပြီး အနှစ်သာရ အနည်းငယ်ကို နားလည်ထားသည့်အတွက် သူမ၏လှုပ်ရှားမှုများက အရှိန်အဝါနှင့် စွမ်းအားများအရ အလွန်ကြောက်စရာကောင်းသည်။
သူမ၏ စိတ်ထဲတွင်တော့ ပြောင်းလဲမှုမရှိသော စည်းမျဉ်းတစ်ခုတည်းကိုသာ စဉ်းစားထားခဲ့၏။ သူမက ပြိုင်ဘက်၏ အားနည်းချက်ကို ဖျက်ဆီးပြီး အစွမ်းကုန် တိုက်ခိုက်သည်။ ရိုးရှင်းမှုမှ ရှုပ်ထွေးမှုကို ရင်ဆိုင်တိုက်ခိုက်ရန် အသုံးပြု၏။ အရှိန်ကို အသုံးချပြီး နှေးကွေးမှုကို အနိုင်ရအောင် တိုက်ခိုက်သည်။ ထိုအရာကို သူမကိုယ်တိုင် ဖန်တီးထားသော ရာမဖိတ်ခေါ်ခြင်း သိုင်းကွက်တွင် မြင်တွေ့နိုင်၏။
ထိုအရာက သန့်စင်သော နိယာမတစ်ခုဖြစ်ပြီး သေခြင်းတရားအငွေ့အသက်များ အပြင်သို့ ပျံ့နှံ့လာစေနိုင်သည်။ သို့သော် ထိုအရာတွင်လည်း အနှစ်သာရများရှိနေပြီး အလွန်ကြောက်စရာကောင်း၏။ နောက်ဆုတ်မည့် လက္ခဏာမျိုး မရှိချေ။
သူမ၏ ပြောင်းလဲမှုများက သူမနှင့် အဆင့်တူပညာရှင်များထက် ပို၍ကောင်းမွန်နေသော်လည်း သူမ၏လက်ရှိ ဓားနိယာမအဆင့်များနှင့် ကိုက်ညီမှု မရှိတော့ချေ။ ထို့ကြောင့် စုဝူမင်က သူမကို ပြောင်းလဲမှု မရှိသော အခြေအနေမှ တိုးတက်လာစေရန် လမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။
သူမက ရိုးရှင်းမှုမှနေ၍ ရှုပ်ထွေးမှုကို သွားရန်အတွက် သေချာလေ့လာရန် လိုအပ်ပြီး သူမ၏အားနည်းချက်များကို ဖြည့်ဆည်းရန် လိုအပ်၏။ ထို့ကြောင့်လည်း သူမက တောက်ပခြင်းဓားသိုင်းကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။ ထိုအရာက တုကူးဓား (၉)ကွက်ပြီးလျှင် အထူးခြားဆုံး ဓားသိုင်းတစ်ခုလည်းဖြစ်၏။
မုန့်ချီက အနည်းငယ် အံ့ဩသွားခဲ့သည်။
"ဒီတစ်ကြိမ် သံသရာကမ္ဘာကြီးထဲမှာ ငါလည်း ဆရာကြီးတစ်ယောက်ဆီကနေ အလားတူ အကြံပေးချက်မျိုးကို ရခဲ့တယ်။ သူကတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီးအလေးထားဖို့ ပြောခဲ့တယ်…"
သူက ဓားအင်ပါယာ ပြောခဲ့သော စကားများကို အကြမ်းဖျင်း ပြောပြလိုက်သည်။
ကျန်းကျိဝေက တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေပုံရ၏။
"ဒါက ငါ့ဆရာ ငါ့ကို ပြောခဲ့တဲ့ စကားတွေနဲ့ တော်တော်လေးတူတယ်။ ဒါဆိုရင် ဓားသိုင်းပညာတွေအားလုံးက မတူညီတဲ့ နည်းလမ်းကနေ တူညီတဲ့ ဦးတည်ချက်ကို ရောက်သွားနိုင်တာလား…"
ထိုမေးခွန်းကိုတော့ သူတို့အဆင့်တွင် ဖြေကြားနိုင်ခြင်း မရှိပေ။ ထို့ကြောင့် သူတို့က ရွေးချယ်စရာ မရှိဘဲ ထိုခေါင်းစဉ်ကို ဖယ်ရှားလိုက်ကြ၏။ ကျန်းကျိဝေက တောက်ပခြင်းဓားသိုင်းနှင့် ဆေးပုလင်း(၃)လုံးကို ကံကြမ္မာအမှတ်များနှင့် လဲလှယ်လိုက်၏။
ထို့နောက် သူမက မုန့်ချီကို လှည့်မေးလိုက်၏။
"နင်ကရော ဘာတွေ ရခဲ့လဲ။ ပြီးတော့ ဘာတွေ လဲမှာလဲ…. "
"ငါက အနည်းဆုံး ကံကြမ္မာအမှတ် (၂၀၀၀) ကျော် ရနိုင်တယ်။ ဒါပေမယ့် မိုးကြိုးအမှတ်အသားကို တစ်ကြိမ်သုံးလိုက်ရပြီ…"
မုန့်ချီက ပြန်ဖြေလိုက်သည်။
သူက ယခုအချိန်အထိ သူ၏သန့်စင်လက်နက်များနှင့် သိုင်းကျမ်းများကို ကံကြမ္မာအမှတ်နှင့် မလဲရသေးပေ။ ထို့ကြောင့် ကံကြမ္မာအမှတ် မည်မျှရနိုင်ကြောင်း မုန့်ချီက သေချာမသိချေ။
သို့သော် ပင်မတာဝန်ပြီးဆုံးမှုနှင့် သီခြားတာဝန်ပြီးဆုံးမှုတွင် ရရှိခဲ့သော အမှတ်များကပင် ကံကြမ္မာအမှတ် (၁၁၅၀) ရှိသည်။ ယခင်တစ်ခေါက် ကျန်ရှိနေသော အမှတ်များနှင့် ပေါင်းလိုက်မည်ဆိုလျှင် သူ့ဆီ၌ ကံကြမ္မာအမှတ် စုစုပေါင်း (၁၁၇၁)မှတ် ရှိသည်။
မိုးကြိုးအမှတ်အသားက ဝေ့ကျင်းအဆင့် စွမ်းအားတစ်ခုဖြစ်သည်။ ထိုအရာကို သုံးလိုက်ခြင်းက ကံကြမ္မာအမှတ် (၁၀၀၀) နီးပါးခန့် အသုံးပြုလိုက်ခြင်းနှင့် တူညီ၏။ ထို့ကြောင့် သူက ကျန်းကျိဝေနှင့် အတူတူသာ ဖြစ်သည်။
သူက ဆက်ပြောလိုက်၏။
"ငါလည်း တာဝန်အတောအတွင်း အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်။ ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၆)က ပြည့်စုံသွားပြီ။ နှာခေါင်းတံခါးလည်း ပွင့်လာပြီ။ ငါ့ရဲ့ဓားရှည်သိုင်းပညာနဲ့ ဓားမောက် သိုင်းပညာတို့ကလည်း နှစ်ခုစလုံး တိုးတက်လာပြီ။ ပြီးတော့ ငါက သီးခြားတာဝန်ပြီးဆုံးခဲ့တဲ့အတွက် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုလည်း ရခဲ့တယ်။ သန့်စင်လက်နက်အဆင့် ၊ မီးတစ်ရာ လက်နက်အဆင့် ဓားရှည်တွေနဲ့ သိုင်းကျမ်းတွေကိုလည်း ရခဲ့တယ်…"
မုန့်ချီက ရပ်လိုက်ပြီး ခဏကြာ စဉ်းစားလိုက်သည်။ ထို့နောက် သူက နတ်ဆိုးသခင် ချန်ထားခဲ့သော အနက်ရောင် သားရေပြားလေးကို တည်ငြိမ်စွာ ထုတ်ပြလိုက်၏။ သူက ထိုအရာကို အဖွဲ့ဆီပြပြီး ပြောလိုက်သည်။
"ငါက ဒီတစ်ကြိမ် တာဝန်ကနေ ဒါလေးကို ရခဲ့တယ်။ ဒါက နတ်ဆိုးသခင် ချန်ထားခဲ့တဲ့ အရာပဲ…"
ထို့နောက် သူက နတ်ဆိုးသခင် ဖြစ်ခဲ့သည့်အရာများနှင့် သူမြင်ခဲ့ရသည့် မြင်ကွင်းများကို တခြားလူများသိအောင် ပြောပြလိုက်သည်။ သူက ထိုအရာကို မြင်ခဲ့သည်ဟု ဆင်ခြေပေးလိုက်သော်လည်း အမှန်အတိုင်း ပြောရရင်တော့ ပထမဦးဆုံး စိတ်ဝိညာဉ်လွှဲပြောင်းမှုကို ရခဲ့သည့်အချိန်တွင်လည်း ထိုကဲ့သို့ ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကျန်းယွင်ရှန် ၊ လော်ရှန်းကျိနှင့် တခြားလူများကတော့ မျက်မှောင်ကြုတ်၍ နားထောင်နေကြ၏။
"ဒါဆိုရင် ရှေးဟောင်းပညာရှင်တွေက အခုအချိန်ထိ အသက်ရှင်နေသေးတာလား။ သူတို့တွေက ဆက်တိုက် ပြန်လည်ဝင်စားနေကြတာလား…။ သံသရာကမ္ဘာကြီးနှင့် ရှေးဟောင်းလျှို့ဝှက်ချက်တွေက ဘယ်လိုပတ်သက်မှုတွေ ရှိနေတာလဲ…”
ထိုအရာက အလွန်ထူးဆန်းနေသည့်အတွက် သူတို့၏ လက်ဖဝါးတွင် ချွေးများ စိုလာကြသည်။ တဖြည်းဖြည်းနှင့် သူတို့က တည်ငြိမ်သွားကြပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသော ကျန်းကျိဝေနှင့် ရွမ်ယုရှုတို့ကပင် သံသယ ဝင်နေကြသည်။
"အနတ္တက ရှောင်လင်ရဲ့အနောက်ဘက်မှာ ရှိတဲ့ တောင်ပေါ်မှာ သေဆုံးသွားတယ်လို့ ငါကြားခဲ့ဖူးတယ်…"
ကျန်းကျိဝေက ရုတ်တရက် ပြောလိုက်၏။
တောင်အနောက်ဘက်တွင် တားမြစ်နယ်မြေတစ်ခုရှိကြောင်း မုန့်ချီက အမှတ်ရသွားသည်။ ထိုနေရာတွင် ‘ သစ္စာရှိပြီး ကရုဏာရှိသူ မဝင်ရ’ ဟူသော စကားလုံးကိုလည်း ပြန်တွေးမိသွား၏။ သူက ခဏကြာ စဉ်းစားနေခဲ့သော်လည်း ဘာဆက်ပြောရမှန်း မသိခဲ့ပေ။
သူတို့အဖွဲ့က ခဏကြာ စဉ်းစားနေကြသော်လည်း မည်သည့်အရာကိုမျှ မဖော်ထုတ်နိုင်သည့်အတွက် ထိုအရာကို လက်လျှော့လိုက်ကြသည်။
"ပြောရမယ်ဆိုရင်တော့ ငါက အနတ္တကျိန်စာဖျက် ဓားပညာကို သုံးတာ လျှော့မှ ဖြစ်တော့မယ်။ ဒါကြောင့် ငါက နောက်ထပ် ဝေ့ကျင်းအဆင့် ဓားပညာတစ်ခုကို လဲဖို့ လိုနေပြီ။ ငါ့ဆီမှာ မိုးကြိုးအမှတ်အသား ရှိနေမှတော့ ငါက ခရမ်းမိုးကြိုးဓား (၇)ချက်ကို လဲဖို့ စဉ်းစားထားတယ်…"
မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်သည်။
ထို့နောက် သူက ဓားရှည်များနှင့် သိုင်းကျမ်းများကို ထုတ်ပြီး အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ပစ်ထည့်ရန် ပြင်လိုက်သည်။
"နေဦး…"
ဖူကျန်းကျန်းက သူ့ကို တားထားလိုက်၏။ သူမက အနည်းငယ် ရှက်ရွံ့စွာ ပြောလိုက်သည်။
"ငါက သန့်စင်လက်နက်အဆင့် ဓားရှည်တွေကို လဲဖို့ စဉ်းစားထားတာ။ တကယ်လို့ နင့်ရဲ့ဓားတွေထဲမှာ ငါနဲ့ သင့်တော်တာ ရှိမယ်ဆိုရင် နင့်ဆီကနေ ပြန်ဝယ်မယ်လေ။ ဒါဆိုရင် သံသရာအရှင်သခင်ဆီမှာ ကံကြမ္မာအမှတ်တွေနဲ့ လဲလိုက်တာထက် ပိုပြီးတော့ ကောင်းတာပေါ့…"
Translated by Hein Htet.