အခန်း (၁၉၂)
Vol. 13 Ch. 192
မုန့်ချီက မိုးကြိုးအမှတ်အသားအကြောင်း စတင်ပြောခဲ့သည့်အချိန်တွင် ကျန်းယွင်ရှန် ၊ ကျန်းကျိဝေ ၊ လော်ရှန်းကျိနှင့် တခြားသူများက ထူးဆန်းနေသလို မခံစားခဲ့ကြရပေ။ တစ်ဖက်တွင်တော့ သူက ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်ကြောင်း လူတိုင်းက သိနေသည်။
တစ်ဖက်တွင်လည်း လူတိုင်းတွင် သူတို့ရှာတွေ့ခဲ့သော အရာများရှိနေ၏။ ကောင်းကင်(၉)သွယ် နတ်ဘုရားမိုးကြိုးလှံက သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာကြောင်း သူ မပြောခဲ့လျှင်လည်း သာမန်သာ ဖြစ်သည်။ သူတို့က အဖွဲ့သားများသာ ဖြစ်ပြီး လက်တွဲဖော်များ မဟုတ်ကြပေ။ သူတို့က အဖွဲ့သားများ၏ ပုံမှန်စွမ်းအား ၊ နည်းလမ်းနှင့် သူတို့၏ အခြေအနေကို သိထားလျှင် လုံလောက်ပြီဖြစ်သည်။
ဥပမာအနေနှင့်ပြောရလျှင် ကျန်းကျိဝေက တစ်စုံတစ်ခု တွေ့ခဲ့ရပြီးနောက် သူတို့ကို ပြောပြသည်။ သူမက ပါးစပ်တံခါးပွင့်နေပြီး ခုတ်ပိုင်းခြင်းပင်လယ် သိုင်းကွက်ကို ဖမ်းဆုပ်မိခဲ့သော်လည်း ကံကောင်းသည့်အရာကို ပြောပြခဲ့ခြင်း မရှိချေ။
ကောင်းကင်မိုးကြိုးစွမ်းအားများနှင့် သူ၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်လာသော ချီစွမ်းအင်များကြောင့် သူက ခရမ်းမိုးကြိုးဓား (၇)ချက်ကို ရွေးချယ်သည်မှာ အတော်လေး မှန်ကန်နေသည်။ မည်သို့ဖြစ်စေကာမူ အကျော်ကြားဆုံး ဓားသိုင်းပညာနှင့် လှံသိုင်းပညာများက ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ် ၊ ဧကရာဇ်လှံ (၆)ချက် ၊ မိုးကြိုးနတ်ဘုရားမျိုးနွယ်စု၏ ခရမ်းမိုးကြိုးဓား (၇)ချက် တို့ဖြစ်ကြသည်။
ပထမ သိုင်းကျမ်းနှစ်ခုက ဓမ္မကာရအဆင့်များ ဖြစ်ကြပြီး မုန့်ချီ လဲလှယ်နိုင်သော အရည်အချင်းမျိုး မရှိသေးချေ။ သို့သော် သူက နောက်ဆုံးတစ်ခုကိုတော့ တတ်နိုင်သည်။
သူတို့က သံသယဝင်နေသည်ကို မြင်သည့်အခါ မုန့်ချီက ဖူကျန်းကျန်းကို ကြည့်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"ကောင်းပြီလေ။ ငါ့ဆီမှာ သန့်စင်လက်နက်အဆင့် ဓား (၆)ချောင်း ရှိတယ်။ အစ်ကိုလော်နှင့် မိန်းကလေးရွမ်ဆီမှာ တစ်ယောက်ကို ဓား(၂)ချောင်းဆီရှိတယ်။ နင်က ဘာကို လိုချင်လဲဆိုတာ စစ်ဆေးကြည့်လိုက်ပေါ့…"
သူက မင်းသား (၄)ဆီမှ ရလာခဲ့သော သန့်စင်လက်နက်အဆင့် ဓားရှည် (၅)ချောင်းနှင့် ဓားတပ်မှူးဆီမှ ရခဲ့သော ဓားပြားကြီးကို ထုတ်လိုက်သည်။ ထို့နောက် ဖူကျန်းကျန်းကို ပြလိုက်၏။
ဖူကျန်းကျန်းကလည်း သူမ၏ကျောင်းမှ ပေးထားသော သန့်စင်လက်နက်အဆင့် ဓားရှည်တစ်ချောင်း ပိုင်ဆိုင်ထားသည်။ သို့သော် အဆင့်မြင့်မှု မရှိချေ။ ထို့ကြောင့် သူမက ဓားမောင်နှံကို သဘောကျနေခြင်း ဖြစ်သည်။
ဓားတစ်ချောင်းက အရှည်ဖြစ်ပြီး တစ်ချောင်းက အတိုဖြစ်၏။ ထိုဓား၏ ကိုယ်ထည်ပေါ်တွင်လည်း "ဓားမောင်နှံက ထာဝရချစ်မြတ်နိုးသွားပြီး ထာဝရ အသက်ရှင်သွားကြတယ် "ဟူသော စကားလုံးများရေးထိုးထားသည်။
ဓားမောင်နှံဆိုသည်မှာ အလွန်ကြောက်စရာကောင်းသော သန့်စင်လက်နက် တစ်မျိုးဖြစ်သည်။ ဓားရှည်က မိန်းကလေးကိုင်ရမည် ဖြစ်ပြီး ဓားတိုကတော့ ယောကျ်ားလေးကိုင်ရန် ဖြစ်သည်။ ထိုဓားနှစ်ချောင်းက လုံးဝကို ဆန့်ကျင်ဘက်ဖြစ်၏။ သူတို့ကို သက်ဆုံးတိုင်အတူတူ နေထိုင်သွားကြသော စုံတွဲတစ်တွဲက ထုဆစ်ထားသည်ဟု ပြောကြသည်။
သူတို့က ထိုဓားများကို အမှတ်တရအဖြစ် ဖန်တီးထားကြပြီး အနည်းငယ် အားစိုက်လိုက်ရုံနှင့် သံကိုပင် ဖြတ်နိုင်လောက်အောင် ထက်မြက်နေသည်။ သူတို့၏ ဓားချီစွမ်းအင်များက လူတိုင်းကို နှောင့်ယှက်နိုင်ပြီး အတော်လေးကို ထူးခြား၏။ နောက်ပိုင်းတွင်တော့ သူတို့က မင်းသား (၄)ကို ပေးထားခဲ့သည်။
ထိုဓားမောင်နှံ၏ မူလဈေးနှုန်းက ကံကြမ္မာအမှတ် (၃၅၀) ဖြစ်သည်။ အကယ်၍ သံသရာအရှင်သခင်ဆီ၌ လဲလိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ် (၁၅၀) သာ တန်ကြေးရှိပါလိမ့်မည်။
"တကယ်လို့ နင်က ဒီဓားတွေကို ကြိုက်တယ်ဆိုရင် ကံကြမ္မာအမှတ် (၂၀၀) နဲ့ ယူလို့ရတယ်…"
မုန့်ချီကတော့ လမ်းဘေးဈေးသည် တစ်ယောက်သဖွယ ်ပြောလိုက်သည်။
သူ၏ တောင်းဆိုမှုက အလွန်အမင်း နည်းပါးနေခြင်း မရှိပေ။ ထို့ကြောင့် ဖူကျန်းကျန်းနှင့် ကျန်းယွင်ရှန်တို့ကလည်း သူ့အပေါ် အကြွေးတင်နေသည်ဟု ခံစားရလိမ့်မည် မဟုတ်ပေ။ သူတို့က မိတ်ဆွေများ ဖြစ်သည့်အတွက် သူလည်း တမင်တကာ ဈေးလျှော့ပေးနေခြင်းမျိုး မရှိပေ။
"ကောင်းပြီလေ…"
ဖူကျန်းကျန်းက မုန့်ချီကို ကံကြမ္မာအမှတ် (၂၀၀) ပေးလိုက်ပြီး ဓားမောင်နှံကို ယူလိုက်သည်။ သူမက ဓားရှည်ကို သူမကိုယ်တိုင်အတွက် ယူထားလိုက်ပြီး ဓားတိုကိုတော့ ကျန်းယွင်ရှန်၏ ခါးတွင် တိတ်တဆိတ် ချိတ်ပေးလိုက်သည်။
ထို့နောက် သူမက အသုံးမဝင်တော့သော ဉာဏ်အလင်းပွင့်မှုအဆင့် သိုင်းကျမ်းနှင့် သူမ၏ကျောင်းမှ ရလာသော ဓားရှည်တို့ကို အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ပစ်ထည့်ပြီး ပြောလိုက်သည်။
"ငါ့မှာ ကံကြမ္မာအမှတ် (၈၉၀) ကျန်သေးတယ်။ ဒါပေမယ့် ယွင်ရှန်ကို ကံကြမ္မာအမှတ် (၂၆၀) ပြန်ပေးရမယ်။ နောက်ထပ် (၂၆၀) ကတော့ ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးအတွက်ပဲ။ ကျန်တဲ့အမှတ်တွေကိုတော့ ငါနဲ့ သင့်တော်တဲ့ အဆိပ်သိုင်းကျမ်းတစ်ခုနဲ့ အဆိပ်ပစ္စည်းတွေ လဲရမယ်…"
လေ့ကျင့်မှုနှင့် သံသရာ တာဝန်ပြီးဆုံးသွားပြီးနောက် သူမက လေ့ကျင့်မှုနှင့် တံခါး(၂)ပေါက် ပြည့်စုံလုနီးပါး ဖြစ်သွားခဲ့သည်။ သူမက မျက်လုံးတံခါးပွင့်ရန် ကြိုးစားနေခြင်းဖြစ်၏။
အမှန်အတိုင်း ပြောရလျှင်တော့ သူမက ကိုယ်တိုင်ကြိုးစားရန် စီစဉ်ထားခဲ့သည်။ သို့သော် သေမင်းတမန်တာဝန်၏ ဖိအားကြောင့် သူမက ကောင်းကင်မျက်လုံး မြေပြင်နား ဆေးလုံးကို အရေးပေါ် အခြေအနေအတွက် လဲလှယ်ရမည်ဖြစ်သည်။ သူမက တစ်နှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်နိုင်ရန် မျှော်လင့်နေခဲ့၏။
တခြားတစ်ခုကတော့ သူမက လူကယ်ကျင့်စဉ် ပထမပိုင်းကို စတင်လေ့ကျင့်နေသည့်အတွက် ဒဏ်ရာများကို ကုသရန်အတွက် ချီစွမ်းအင်များလည်း လိုအပ်သည်။ နောက်တစ်ခုကတော့ လူကယ်ကျင့်စဉ်နှင့် ဆေးဘုရင်၏ သင်ခန်းစာများကို သင်ယူခွင့်ရခဲ့ပြီးနောက် သူမက အခြေခံဆေးပညာ အယူအဆများကိုလည်း ဖမ်းဆုပ်မိခဲ့သည်။
ထို့ကြောင့် သူမက ဉာဏ်အလင်းပွင့်မှုအဆင့်တွင် နာမည်ကျော်သမားတော် တစ်ယောက်ဟု သတ်မှတ်နိုင်၏။ သို့သော် လူကယ်ကျင့်စဉ်ဖြစ်စေ ဆေးဘုရင်မှတ်တမ်းဖြစ်စေ ထိုအရာက ကုသသူ၏ နှလုံးသားကို အလေးထားရခြင်းဖြစ်သည်။
အဆိပ်နှင့် ပတ်သက်လာလျှင်တော့ သူတို့က အဆိပ်ဖြေခြင်းနှင့် အဆိပ်ထုတ်ခြင်းနည်းလမ်းများကိုသာ လမ်းညွှန်ထားခဲ့သည်။ သူတို့က အဆိပ်ပင် ပြုစုပျိုးထောင်ခြင်းနှင့် အဆိပ်ထုတ်ခြင်း နည်းလမ်းများကိုသာ ညွှန်ပြထားခဲ့သည့်အတွက် သံသရာတာဝန်ထဲတွင် လုံလောက်သည့် အကျိုး သက်ရောက်မှုမရှိခဲ့ပေ။
အကယ်၍ ဆေးပညာကုသမှုကို တစ်ဆင့်တက်၍ ကြိုးစားလိုက်မည်ဆိုလျှင် သူမက ဆေးပညာနှင့် အဆိပ်ပညာကို ချိတ်ဆက်မိပါလိမ့်မည်။ လက်ရှိအချိန်တွင်တော့ ဖူကျန်းကျန်းက ထိုအဆင့်ကို မရောက်သေးပေ။
"ကျန်နေတဲ့ကံကြမ္မာအမှတ် (၃၇၀)နဲ့ဆိုရင် သူက အဆိပ်သိုင်းကျမ်းလဲဖို့ လုံလောက်တဲ့အပြင် အဆိပ်ပစ္စည်းတွေပါ လဲလို့ရတယ်…."
မုန့်ချီက သူတို့ကို ကြည့်လိုက်ပြီး သူ့ခေါင်းထဲတွင် အတွေးတစ်ခုပေါ်လာခဲ့သည်။ သူမက ဒေါ်လေး ဝမ်နန်၏ အဆိပ်သိုင်းကျမ်းကို လဲလှယ်လိုက်မည်ဆိုလျှင် ကံကြမ္မာအမှတ် (၂၀၀) သာ သုံးရနိုင်သည်။
ထိုစကားကို ကြားသည့်အခါ သူမ၏ မျက်နှာလေးက ဝင်းလက်သွားခဲ့၏။
"ဒီအဆိပ်သိုင်းကျမ်းက တကယ့်ကို ကောင်းတယ်။ မုန့်ချီ …နင်က ဒီနယ်ပယ်နှင့် ပတ်သက်ပြီး တော်တော်လေးကို သိနေသလိုပဲ…. "
"ဟားဟားဟား…ငါက စပြီး သိုင်းသင်ခဲ့တဲ့အချိန်မှာ အဆိပ်သုံးတဲ့ နည်းလမ်းတွေနဲ့ ငါ့ကိုယ်ငါ တိုးတက်အောင်လုပ်ဖို့ စဉ်းစားထားခဲ့တာလေ…"
မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
အမှန်အတိုင်း ပြောရလျှင် ဖူကျန်းကျန်းက သူ့ကို စနောက်လိုက်ခြင်းသာဖြစ်ပြီး ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ သူမက ဒေါ်လေးဝမ်နန်၏ အဆိပ်သိုင်းကျမ်းကို လဲလှယ်လိုက်ပြီးနောက် အဆိပ်ပစ္စည်းများကို စတင်ရှာဖွေနေခဲ့၏။
ထိုအရာနှင့် ပတ်သက်လာလျှင်တော့ မည်သူကမျှ သူမထက် ပိုသာနိုင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူတို့လုပ်နိုင်သည်မှာ သူမက ပစ္စည်းတစ်ခုပြီး တစ်ခု ရွေးချယ်နေသည်ကို စောင့်ကြည့်နေခြင်းသာ ဖြစ်သည်။
ဥပမာအနေနှင့်ပြောရလျှင် အနီရင့်ရောင် ပန်းပွင့်များ ၊ တိုက်စားတတ်သော အမှုန့်များ၊ အနီရောင်ကမာခွံများ၏ အပြင်းထန်ဆုံးအဆိပ်များ ၊ အရိုးပျောက်ဆေးပင်များ ဖြစ်သည်။ အလွန်ကြောက်စရာကောင်းသော အဆိပ်ပစ္စည်းများကို မြင်လိုက်ရသည့်အခါ မုန့်ချီနှင့်တခြားလူများက ယခုမှစ၍ သူမကို ရန်မစလျှင် ပိုကောင်းမည်ဟု ခံစားမိကြသည်။
ထိုအရာများ အားလုံးက ကုန်ကြမ်းပစ္စည်းများသာ ဖြစ်၏။ သူတို့ကို မသန့်စင်ဘဲ ကောင်းကောင်းသုံး၍ မရနိုင်ပေ။ ထို့ကြောင့် သူတို့၏တန်ဖိုးက မြင့်မားနေခြင်းမရှိပေ။ အရာအားလုံးကို လဲလိုက်ပြီးနောက် ဖူကျန်းကျန်းက ကံကြမ္မာအမှတ် (၁၅၀) ကုန်ပြီး သူမဆီတွင် (၂၀) ကျန်နေသေးသည်။
ဖူကျန်းကျန်းက လူကယ်ကျင့်စဉ်အတွက် တခြားအရာများကို ရွေးချယ်ခဲ့ခြင်းမရှိချေ။ ချီစွမ်းအင်များကို သုံး၍ ကုသခြင်းကလွဲလျှင် ထိုအရာက ဝိညာဉ်ရှိသော အရာများကိုလည်း ကုသပေးနိုင်သည်။ ကုန်ဆုံးသွားမည်ဆိုရင် လျင်မြန်စွာ ပြန်ကောင်းလာနိုင်၏။ ထို့ပြင် ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် သက်ဆိုင်သော ဓားပညာတစ်ခုလည်း ပါဝင်နေသေးသည်။
သူမ၏ လဲလှယ်မှု ပြီးဆုံးသွားပြီးနောက် မုန့်ချီက ကီဟွေအန်ကို အပြုံးနှင့်မေးလိုက်သည်။
"မင်းကရော သန့်စင်လက်နက်အဆင့် ဓားရှည်တစ်ချောင်း လိုအပ်သေးလား… "
သူက သံသရာအရှင်သခင်ဆီတွင် သူ့ပစ္စည်းများကို လဲလှယ်ခြင်းထက် သူ့အဖော်များဆီတွင် လဲရခြင်းက ပိုကောင်းသည်။ ထိုအရာက နှစ်ဦၤးနှစ်ဖက် အကျိုးရှိ၏။ ကီဟွေအန်ဆီတွင် ဓားတစ်ချောင်းမျှ မရှိသေးသည့်အတွက် ဓားတစ်ချောင်း လိုအပ်သည်။
ကီဟွေအန်က တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
"အစ်ကိုမုန့်…
ကျွန်တော်က အကြောင်းတရားအတွက် သေဆုံးခြင်းဓားကို လိုချင်တယ်…"
မုန့်ချီက ဖူကျန်းကျန်းအတွက် လိုအပ်သော ပစ္စည်းများ ရွေးချယ်ပေးနေစဉ် သူက မုန့်ချီ၏ ဓားများအားလုံးကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ အကြောင်းတရားအတွက် သေဆုံးခြင်းဓားက အလွန်ကောင်းမွန်သော သန့်စင်လက်နက် တစ်ခုဖြစ်၏။
အကယ်၍ လူတစ်ယောက်ကသာ စိတ်ထဲတွင် သေဆုံးရန် အကြောင်းတရားတစ်ခု ပေါ်သည်နှင့် ထိုဓားက အလိုလို စွမ်းအားများ မြင့်တက်လာပြီး ရန်သူကို ဖိနှိပ်ထားပါလိမ့်မည်။ ထို့နောက် ပြိုင်ဘက်ကို နိမ့်ကျသွားအောင် ခံစားမိစေပြီး ကြောက်လန့်တုန်လှုပ်သွားစေနိုင်၏။
ထိုအရာကို အလွန်ထူးချွန်သော ပညာရှင်တစ်ယောက်က ဖန်တီးထားခဲ့သည်ဟု ဆိုနိုင်ပြီး ကံကြမ္မာအမှတ် (၃၆၀) တန်ကြေးရှိသည်။ အကယ်၍ သံသရာအရှင်သခင်ဆီတွင် လဲလှယ်လိုက်မည်ဆိုလျှင်တော့ ကံကြမ္မာအမှတ် (၁၆၀) သာ ရနိုင်၏။
"မင်းကလည်း ကံကြမ္မာအမှတ် (၂၀၀) နဲ့ ယူလို့ရတယ်…"
မုန့်ချီက တည့်တည့်သာ ပြောလိုက်၏။
လူသစ်ဖြစ်သည့်အတွက် သူက သေချာစဉ်းစားပေးရသည်။ သူ အဖွဲ့ထဲသို့ ပထမဆုံး ပူးပေါင်းလာသည့် အချိန်တွင် ကျန်းကျိဝေက သူ့ကို စောင့်ရှောက်ခဲ့၏။ သူမ၏ ဂရုစိုက်မှုသာ မရှိလျှင် သူက သေဆုံးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။
ကီဟွေအန်က အကြောင်းတရားအတွက် သေဆုံးခြင်းဓားကို ကံကြမ္မာအမှတ် (၂၀၀)နှင့် လဲလှယ်လိုက်သည်။
ထို့နောက် သူက နောက်ထပ် လဲလှယ်ရမည့်အရာကို စဉ်းစားနေသည့်အချိန်တွင် မုန့်ချီက ဂရုတစိုက် ပြောလိုက်၏။
"မင်းက ဘာလိုချင်လဲဆိုတာ ငါတို့ကို ပြောပါ။ ငါတို့က အကြံပေးမယ်လေ။ ခေါင်းနှစ်လုံးက တစ်လုံးထက်တော့ ပိုပြီးသာပါသေးတယ်…"
ကျန်းကျိဝေ ၊ မုန့်ချီနှင့် ဖူကျန်းကျန်းတို့၏ သဘောကောင်းမှုကို စဉ်းစားမိသည့်အခါ ကီဟွေအန်က အပြုံးနှင့်ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော်က မြန်မြန်မသေချင်သေးဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့မျက်လုံးတံခါးကို မြန်မြန်ဖွင့်ဖို့ လိုအပ်တယ်။ ကျွန်တော့်ဆီမှာ ကံကြမ္မာအမှတ် (၅၈၀) ကျန်သေးတဲ့အတွက် ကောင်းကင်တံခါးဆေးလုံးနဲ့ အခြေတည်ဆေးရည် နှစ်ပုလင်းလဲရမယ်။ ကျွန်တော့်ဆီမှာ ဆရာတပည့်ပတ်သက်မှုမျိုး မရှိပေမဲ့ ဒီတစ်ကြိမ် အတွင်းအားကျင့်စဉ်တစ်ခုကို ရလာခဲ့တယ်။ ပြီးတော့ ကျွန်တော်က သာမန်သိုင်းကျမ်းတွေလည်း မလိုအပ်သေးဘူး။ ဒါပေမယ့် ထူးခြားတဲ့ ကျင့်စဉ်မျိုးတော့ မရှိသေးဘူး။ ဒါကြောင့် ဘာရွေးရမလဲ မသိသေးဘူး ဖြစ်နေတယ်.."
မင်းသား (၃)နှင့် လော်ရှန်းကျိတို့၏ အစီအစဉ်ကြောင့် သူက နန်းတော်ထဲသို့ ဝင်ရောက်ရန် အခွင့်အရေးရခဲ့ပြီး နန်းတော်ထဲတွင် အစောင့်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက အစောင့်တိုင်း ပိုင်ဆိုင်ရသော အတွင်းအားကျင့်စဉ်ကို ရရှိခဲ့၏။ သူက ထိုအရာကို လဲလိုက်သည့်အတွက် ကံကြမ္မာအမှတ် (၁၀၀)ကျော်ရသည်။
"ညီလေးကီ…
သိုင်းပညာက လွဲလျှင် မင်းက ဘာကို ကျွမ်းကျင်လဲ။ ဘာကို စိတ်ဝင်စားလဲ…"
မုန့်ချီက သေချာစဉ်းစားပြီး မေးလိုက်သည်။
သူက ကပ်စေးနည်းသည်ဟု ထင်ရသော်လည်း အချိန်အများစုတွင်တော့ ကိုယ်ကျိုးမဖက်ဘဲ အကြံပေးတတ်သည်။ ထို့ကြောင့် သူက အဖွဲ့ထဲတွင် အရေးပါသော လူတစ်ယောက်ဖြစ်လာပြီး လူတိုင်းကို ပေါင်းစည်းစေနိုင်သော အရာတစ်ခု ဖြစ်လာသည်။ ထို့ကြောင့် သူက လူတိုင်းနှင့် အဆင်ပြေခဲ့၏။
"ပြောရရင်တော့ ငါ့ပုံစံက အိမ်နီးနားချင်း အဒေါ်ကြီးတစ်ယောက်လိုပါပဲလား…" မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ကီဟွေအန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"အတွေးအခေါ်ဂိုဏ်းတွေမှာ ရှိတဲ့ စွမ်းရည် (၆)မျိုးထဲမှာ ကျွန်တော်က တွက်ချက်ခြင်းစွမ်းရည်ကို သဘောအကျဆုံးပဲ။ ပြီးတော့ ပြောင်းလဲမှုစာအုပ်ကို တော်တော်လေး စိတ်ဝင်စားတယ်။ အဲဒါကရော ဝါသနာအဖြစ် သတ်မှတ်လို့ရလား.."
"သေချာပေါက်ရတာပေါ့…"
ထိုစကားကို ကြားသည့်အခါ မုန့်ချီက လက်မထောင်ပြလိုက်သည်။
"ငါတို့အဖွဲ့ထဲမှာ လိုအပ်နေတာက အဲဒီလို စွမ်းရည်မျိုးပဲ…"
သူမ၏ ရှေးဟောင်းစောင်းကို ကိုင်ထားသော ရွမ်ယုရှုကလည်း အနည်းငယ် ဝင်ပြောလိုက်သည်။
"တကယ်လို့ နင်ကသာ နံပါတ်တွေကို တွက်ချက်ခြင်းကနေ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့အရာတွေကို ကြိုတင်တွက်ချက်ပြီး အန္တရာယ်တွေကို ရှောင်တိမ်းချင်တယ်ဆိုရင်တော့ ဝမ်မိသားစုရဲ့ ပြောင်းလဲမှုစာအုပ်က နင့်အတွက် အကောင်းဆုံးရွေးချယ်မှုပဲ…"
သူတို့က အနီးအနား စီရင်စုထဲတွင် အထက်တန်းလွှာ မိသားစုကြီးများ ဖြစ်ကြသည့်အတွက် ရွမ်ယုရှုက မြစ်အရှေ့ပိုင်းတွင် ရှိနေသော ဝမ်မိသားစုအကြောင်းကို ကောင်းကောင်းကြီး သိနေသည်။
ဝမ်မိသားစု၏ ပြောင်းလဲမှုစာအုပ်က ကံကြမ္မာအမှတ် (၃၀၀)သာ ကုန်ကျသည်။ ထိုအရာက တခြားသော တွက်ချက်ရေးစာအုပ်များထက် အနည်းငယ်ပို၍ ဈေးကြီးသော်လည်း ခိုင်မာသော အုတ်မြစ်တစ်ခု ရှိသည်။ သို့သော် ကြိုတင်ခန့်မှန်းနိုင်တဲ့ စွမ်းရည်မရှိလျှင် ထိုကဲ့သို့ စာအုပ်မျိုးကို လဲလှယ်လျှင်လည်း အသုံးမဝင်နိုင်ပေ။ ထိုကဲ့သို့ ကံကြမ္မာဖတ်ရသည့်အရာများက အလွန်အမင်းကို ခက်ခဲလွန်းလှသည်။
"ဟုတ်တယ်။ ဝမ်မိသားစုထဲမှာ ပြောင်းလဲမှုစာအုပ်ပေါင်းများစွာကို လေ့လာထားခဲ့တဲ့ ဝမ်မျိုးနွယ် ဆရာကြီးတစ်ယောက်က အဲဒါကို ဖန်တီးထားခဲ့တာ။ သူက ပြောင်းလဲမှုစာအုပ်ပေါင်းစုံရဲ့ အခြေခံအချက်တွေကို ခြုံငုံသုံးသပ်ထားပြီး ထူးချွန်တဲ့ အရည်အသွေးရှိနေတဲ့ တပည့်တွေအတွက် အဓိကအရေးပါတဲ့ အရာတွေကိုပဲ ရေးသားထားတာ။ အဲဒါက တော်တော်လေးကို ကျယ်ပြန့်ပြီး ဆန်းကြယ်တယ်.."
ကျန်းကျိဝေကလည်း ရွမ်ယုရှု၏ စကားကို ထောက်ခံလိုက်သည်။
ကီဟွေအန်က ခဏကြာ စဉ်းစားပြီး ဝမ်မိသားစု၏ ပြောင်းလဲမှုစာအုပ်ကို လဲလှယ်ရန် စဉ်းစားလိုက်သည်။ ထိုအရာက သူ့ကို တချို့သော အရာများမှ ရှောင်တိမ်းရန် ကူညီပေးနိုင်၏။ ထို့နောက် သူက ကျန်ရှိနေသော ကံကြမ္မာအမှတ် (၇၀)ကို အကူအညီပစ္စည်းများအတွက် လဲလှယ်လိုက်သည်။
မုန့်ချီက ဓားနှစ်လက်ရောင်းချသည့်အတွက် ကံကြမ္မာအမှတ် (၄၀၀) ရခဲ့သည်။ ထို့ပြင် ဆုလာဘ်ရခဲ့သော (၁၀၀)နှင့် မဲနှိုက်သည့် အိုးထဲမှနေ၍ (၂၀၀) ရခဲ့သည်။ စုစုပေါင်း သူ့ဆီတွင် ကံကြမ္မာအမှတ် (၁၈၇၁)မှတ် ရှိနေသည်။ သူ့ဆီတွင် ကျန်ရှိနေသော လက်နက်များနှင့် သူဖတ်ပြီးသွားသော ယင်စွမ်းအင် စုပ်ယူခြင်းလျှို့ဝှက်ကျင့်စဉ်တို့က အသုံးမဝင်တော့သည့်အတွက် အလယ်တိုင်လုံးထဲသို့ ပစ်ထည့်လိုက်သည်။
ကျန်ရှိနေသော သန့်စင်လက်နက်အဆင့် ဓား (၄)ချောင်းအတွက် ကံကြမ္မာအမှတ် (၆၂၀) ရခဲ့ပြီး ယင်စွမ်းအင် စုပ်ယူခြင်း လျှို့ဝှက်ကျင့်စဉ်အတွက် ကံကြမ္မာအမှတ် (၂၂၀) ၊ မီး(၁၀၀)လက်နက်အဆင့် ဓား (၆)ချောင်းအတွက် ကံကြမ္မာအမှတ် (၁၂၀) ရခဲ့သည့်အတွက် မုန့်ချီဆီတွင် ကံကြမ္မာအမှတ် (၂၈၃၁) မှတ် ရှိလာသည်။
သူက မိုးကြိုးအမှတ်အသား သုံးခဲ့သည့်အတွက် ဆုံးရှုံးခဲ့ရသည့်အရာကို ဖယ်ရှားလိုက်မည်ဆိုလျှင်ပင် သူ၏အကျိုးအမြတ်က ကျန်းကျိဝေထက် ပို၍ များနေသေး၏။
လူတိုင်းက အကျိုးအမြတ်များကြောင်း သိနေသည့်အတွက် ထိုအရာက သေမင်းတမန် တာဝန် မစခင် သူတို့၏ အသက်ရှင်သန်ခွင့်ကို ပို၍ မြင့်တက်လာစေနိုင်သော သံသရာအရှင်သခင်၏ လက်ဆောင်ဖြစ်မည်ဟု သူက တွေးခဲ့မိသည်။
"နင်က ဓားဂိုထောင်ကို လုယူခဲ့တာတော့ မဟုတ်ဘူးမလား.."
မုန့်ချီဆီတွင် အလွန်များပြားသော ဓားများရှိနေသည်ကို မြင်သိအခါ သူမက မနေနိုင်ဘဲ စနောက်လိုက်သည်။
"ဟုတ်တယ်။ လုယူလုနီးပါးပါပဲ…"
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။
သူက လဲလှယ်မည့် စာရင်းထဲရှိ ဝေ့ကျင်းအဆင့် သိုင်းပညာများကို မော့ကြည့်နေသည့်အချိန်တွင် ခရမ်းမိုးကြိုးဓား (၇)ချက်ကို တွေ့လိုက်ရသည်။ ထိုအရာက ဝေ့ကျင်းအဆင့် ထိပ်တန်းဓားသိုင်း ပညာတစ်ခု ဖြစ်၏။ သူ၏ တန်ဖိုးက ကံကြမ္မာအမှတ် (၈၈၀၀) ဖြစ်၏။
သူ၏ ပင်မသိုင်းကျမ်းနှင့် မူလလမ်းညွှန်ချက်များ ပါဝင်နေသော ခရမ်းမိုးကြိုးစွမ်းအားက ကံကြမ္မာအမှတ် (၁၀၀၀) လိုအပ်သည်။ ပထမဆုံး သိုင်းကွက်(၆)ခုအတွက် လိုအပ်သော ကံကြမ္မာအမှတ်များကတော့ (၈၀၀)မှ (၁၀၀၀) အထိ အသီးသီးရှိသည်။ သို့သော နောက်ဆုံးသိုင်းကွက်ကတော့ ကံကြမ္မာအမှတ် (၂၄၀၀) လိုအပ်သည်။ နောက်ပိုင်းမှ ဆက်စပ် ဆင်းသက်လာသော (၈)ခုမြောက်နှင့် (၉)ခခုမြောက် သိုင်းကွက်များကတော့ သာမန် ဓမ္မကာရအဆင့် သိုင်းကွက်များဖြစ်သည်။
အကယ်၍ သူကသာ ခရမ်းမိုးကြိုးဓား (၇)ချက်ကို သုံးရန်ပြင်ဆင်ထားမည်ဆိုလျှင် ခရမ်းမိုးကြိုးစွမ်းအားကို အရင်ဆုံး သင်ယူထားရန် လိုအပ်သည်။ သို့သော် သူက ထိုအရာကို နားလည်ထားခြင်းမရှိဘဲ အနှစ်သာရတစ်ခုတည်းကိုသာ သိထားသည်ဟု ဆိုနိုင်သည်။
မိုးကြိုးအမှတ်အသားနှင့် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်တို့၏ အကူအညီကြောင့် သူက ထိုအရာကို လေ့လာမည်ဆိုလျှင်လည်း ပိုကောင်းသော ရလဒ်တစ်ခု ရနိုင်သည်။ ပြောရမည်ဆိုလျှင်တော့ သူက ကံကြမ္မာအမှတ် (၂၀၀၀) နီးပါးခန့် သုံးရမည်ဖြစ်၏။
မုန့်ချီက ခက်ခက်ခဲခဲစုထားရသော ကံကြမ္မာအမှတ်များ ပေးရမည်ဖြစ်သည့်အတွက် ရင်ထဲတွင် စိတ်ဓာတ်ကျနေခဲ့သည်။ သို့သော် သူက ထိုအရာကို မဖြစ်မနေ လုပ်ရမည်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အနတ္တကျိန်စာဖျက်ဓားပညာကို မကြာခဏ အသုံးပြုခြင်းက မထင်မှတ်ထားသော ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်သည်။ အကယ်၍ သူကသာ ထိုအရာကို သုံးပြီး ပြိုင်ဘက်များကို သတ်ပစ်နိုင်မည်ဆိုလျှင် သူကိုယ်တိုင်လည်း တစ်နေ့နေ့တွင် အစစ်အမှန် ဘုန်းတော်ကြီးတစ်ပါး ဖြစ်လာနိုင်သည်။ သူ၏ ဆံပင်များကလည်း လျှို့ဝှက်ပြဿနာများကြောင့် တဖြည်းဖြည်းဆုံးရှုံးသွားနိုင်သည်။ ထို့ပြင် သံသရာကမ္ဘာကြီးထဲတွင် အနတ္တက ယခုအချိန်ထိ တစ်ယောက်တည်း အသက်ရှင်နေသေး၏။
"ခရမ်းမိုးကြိုးစွမ်းအားက ကံကြမ္မာအမှတ် (၁၀၀၀) တန်ကြေးရှိတယ်။ နံပါတ် (၅)သိုင်းကွက် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်းကောင်းကင် သိုင်းကွက်က ကံကြမ္မာအမှတ် (၁၀၀၀) တန်ကြေးရှိတယ်…"
မုန့်ချီက ထိုအရာကို လဲလှယ်ရန် ဆုံးဖြတ်ချက် ချလိုက်သည်။
ထူးခြားသော စွမ်းရည်များဖြစ်သည့်အတွက် သူတို့က နေ့စဉ်အသုံးပြုရခြင်းထက် ပို၍ ကြောက်စရာကောင်းသော အနေအထားမျိုး ရှိသည်။ မုန့်ချီက ကံကြမ္မာအမှတ်များ ကုန်ဆုံးသွားသည်ကို ကြည့်ပြီး ရင်ထဲတွင် လှုပ်ရှားသွားခဲ့၏။ သူက သိုင်းကျမ်းများကို ချက်ချင်းပင် ကောက်ယူလိုက်သည်။
စိတ်ဝိညာဉ်လွှဲပြောင်းမှုနှင့် သိုင်းကျမ်းစာအုပ်အတွက် ကုန်ကျသော ကံကြမ္မာအမှတ်က အတူတူနီးပါး ဖြစ်သည်။ တစ်ခုတည်းသော ပြဿနာကတော့ စိတ်ဝိညာဉ်လွှဲပြောင်းမှုဆိုလျှင် သူက မည်သည့်အရာကိုမျှ နားလည်နိုင်လိမ့်မည် မဟုတ်ချေ။
မုန့်ချီဆီတွင် ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်၏ တစ်ပိုင်းတစ်စ စိတ်ဝိညာဉ်လွှဲပြောင်းမှု ရှိနေသော်လည်း သူက ထိုအရာကို စမ်းသပ်ရဲခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အဖိုးတန်သော ကံကြမ္မာအမှတ်များ ဆုံးရှုံးသွားနိုင်၏။ သို့သော် အကယ်၍ ကောင်းကင်ည သုတ်သင်ရှင်းလင်းရေး (၉)သွယ်၏ တစ်ပိုင်းတစ်စ စိတ်ဝိညာဉ်လွှဲပြောင်းမှုနှင့် မိုးကြိုးအမှတ်အသားကသာ သူ့ကို အကူအညီပေးနိုင်မည်ဆိုလျှင် ခရမ်းမိုးကြိုးစွမ်းအားနှင့် ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်း ကောင်းကင်သိုင်းကွက်တို့ကို တစ်နှစ်အတွင်း နားလည်သွားနိုင်ပြီး ကိုယ်ပိုင်ပုံစံတစ်ခု ဖြစ်ပေါ်လာနိုင်သည်။
မုန့်ချီက သိုင်းကျမ်းကို ဖတ်ကြည့်လိုက်ပြီးနောက် သိမ်းလိုက်၏။ ထို့နောက် သူက သူ့ဆရာပေးခဲ့သော ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့် (၅)နှင့် အဆင့်(၆)တို့ကို ထုတ်ပြီး ကံကြမ္မာအမှတ် (၃၀၀)နှင့် တွေဝေစွာ လဲလိုက်ရသည်။
"နင်က ဘာကိုလဲဖို့ စဉ်းစားထားသေးလို့လဲ…"
ကျန်းကျိဝေက အနည်းငယ် အံ့သြသွားခဲ့သည်။ မုန့်ချီဆီတွင် ကံကြမ္မာအမှတ် (၈၀၀)ကျော် ကျန်နေသေး၏။
မုန့်ချီက အလယ်တွင် ရှိနေသော အလင်းတိုင်လုံးကြီးကို ကြည့်ပြီးပြန်ဖြေလိုက်သည်။
"အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ရဲ့ ဉာဏ်အလင်းပွင့်မှုအဆင့် ကျင့်စဉ်တွေလေ။ ငါက ဝေ့ကျင်းအဆင့်ကို မရောက်ခင် ပင်မသိုင်းပညာတစ်ခုကို ပြောင်းလဲဖို့လိုတယ်…”
ယခုအချိန်အထိ မုန့်ချီဆီတွင် အလွန်ထူးခြားသော သိုင်းပညာများစွာ ရှိနေသည်။ ဥပမာအနေနှင့် ပြောရလျှင် ဓားရှည်သိုင်းပညာတွင် တုကူးဓား (၉)ကွက် ၊ ဓားမောက် သိုင်းပညာတွင် ကောင်းကင်ဓားကျင့်စဉ် ၊ ဖိနှိပ်ရန်အတွက် မိုးကြိုးဟိန်းသံ ၊ အဖွဲ့လိုက် တိုက်ခိုက်ရန်အတွက် အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ် ၊ ထွက်ပြေးရန်အတွက် အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ထဲတွင် မှတ်တမ်းတင်ထားသော ပုံရိပ်ယောင် ခန္ဓာကိုယ်လှုပ်ရှားမှုတို့ ရှိနေသည်။ ထို့ပြင် အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ထဲ၌ အင်မော်တယ် ပုံရိပ်ယောင် (၇)မျိုးလည်း ရှိနေသေးသည်။
မုန့်ချီက လောဘကြီးနေခြင်း မရှိသလို စိတ်ပြောင်းသွားခြင်းလည်း မရှိပေ။ သူက စွမ်းအားများနှင့် အနှစ်သာရများကို ငှား၍ အသုံးချနိုင်သော စွမ်းအားတစ်ခုကို သင်ယူပြီး သူ၏ချီစွမ်းအင်များကို အထွဋ်အထိပ်တွင် ထိန်းသိမ်းထားနိုင်သော နည်းလမ်းတစ်ခုကို သင်ယူချင်ခဲ့သည်။
သူက ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို ပြည့်စုံသွားပြီဖြစ်ပြီး ပါးစပ်တံခါး ပွင့်သွားသည့်အချိန်မှသာ အဆင့်(၇)ကို လေ့ကျင့်နိုင်ပါလိမ့်မည်။ ထို့ကြောင့် သူက တခြားအရာများကို လေ့ကျင့်စရာမလိုတော့ဘဲ တစ်နှစ်အတွင်း ထိုသိုင်းပညာနှစ်ခုကို လေ့ကျင့်ရမည်ဖြစ်သည်။
ထို့ကြောင့်လည်း လက်ရှိ မုန့်ချီအတွက် အချိန်အတိုင်းအတာတစ်ခုအထိ တခြားသိုင်းပညာများ မလိုအပ်တော့ပေ။ ထို့ပြင် သူက စွမ်းအင်သလင်းကျောက်၏ အကူအညီနှင့် ယခုမှ အဆင့်တက်ထားခြင်းဖြစ်သည်။
ထို့ကြောင့် သူ၏ အုတ်မြစ်က တည်ငြိမ်မှုမရှိသေးပေ။ အကယ်၍ သူကသာ နောက်တစ်ကြိမ် ဆေးရည်များ သုံးလိုက်မည်ဆိုလျှင် စွမ်းအားမလုံလောက်မှုကြောင့် သူ၏အခြေခံအုတ်မြစ်က ပျက်စီးသွားနိုင်၏။ ထို့ကြောင့် သူက အဓိက သိုင်းပညာများကို ဆက်လက်လေ့ကျင့်ရန် လိုအပ်သည်။
"အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်လား…. "
ကျန်းယွင်ရှန် ၊ လော်ရှန်းကျိနှင့် တခြားလူများက ဝေဝါးသွားကြသည်။
ထိုနတ်ဘုရားစွမ်းရည်က စာရင်း၏ ထိပ်ဆုံးတွင် ရှိနေသည့်အတွက် လူတိုင်းက သတိထားမိကြသည်။ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်က တာအိုသခင်တစ်ယောက် ဖြစ်ချင်လျှင် လေ့ကျင့်ရသော ထာဝရတာအိုတစ်ခု ဖြစ်လာပါလိမ့်မည်။ အကယ်၍ သူသာ ဗုဒ္ဓနှင့် ပတ်သက်၍ ဉာဏ်အလင်းပွင့်လာမည်ဆိုလျှင်တော့ ရွှေကိုယ်တော်ဗောဓိ ဖြစ်လာနိုင်၏။
ထိုအရာက သူ့ဆီတွင် အညစ်အကြေးများ ၊ မသန့်စင်မှုများ မရှိဟု ဆိုနိုင်သည်။ သူ၏ ခန္ဓာကိုယ်က သန့်စင်မွန်မြတ်နေပြီး ဒုက္ခထောင်ပေါင်းများစွာကြောင့် လုံးဝ ပျက်စီးသွားခြင်းလည်း မရှိနိုင်တော့ပေ။ သူက ထူးခြားသောစွမ်းအားများနှင့် လူသား တစ်ယောက်ဖြစ်လာပြီး ကမ္ဘာမြေကြီး၏ ပြောင်းလဲမှုများကို နားလည်၍ ဒုက္ခကပ်ဆိုးများကို ရှောင်တိမ်းနိုင်ပါလိမ့်မည်။
ထို့ပြင် သူက အကန့်အသတ်မဲ့ အရင်းအမြစ်များကို ရရှိလာနိုင်သည့်အပြင် ကြောက်စရာကောင်းသော စွမ်းအားများကို ရရှိလာနိုင်၏။
Translated by Hein Htet.