အခန်း (၁၉၃)
Vol. 13 Ch. 193
သံသရာအရှင်သခင်က အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်နှင့် ပတ်သက်ပြီး အကြမ်းဖျင်းသာ ပြောပြထားခဲ့သည်။ ထိုအရာက ပြောင်းလဲနေသော ကျင့်စဉ်တစ်ခုဖြစ်ပြီး အင်မော်တယ်ခန္ဓာနှင့် ဗောဓိရွှေခန္ဓာတို့ကို ရရှိနိုင်သည်ဟုလည်း ပြောထားသည်။ ထို့ပြင် သာမန်လူတစ်ယောက်ကို အင်မော်တယ် တစ်ယောက်အဖြစ် ပြောင်းလဲပေးနိုင်သော ကျင့်စဉ်တစ်ခုလည်း ဖြစ်၏။
ထိုအရာကလွဲလျှင် တခြားအရာများကိုတော့ ပြောပြမထားခဲ့ပေ။ တခြားသော ထိပ်သီးသိုင်းကျမ်းများကဲ့သို့ မည်သူကမျှ သူ၏ဇစ်မြစ်ကို မသိကြပေ။ ထို့ကြောင့် မုန့်ချီကလည်း သူသိထားသော အရာများကို ပြောပြ၍ မရနိုင်ပေ။ ရန်ကျန်းနှင့် ချင်းယွင်တာအိုသခင်တို့က အသွင်ပြောင်း (၇၂) ကျင့်စဉ်တို့ကို လေ့ကျင့်ထားသည်။ သို့သော် မဟာတန်ခိုးရှင် စွန်းဝူခုံးကလည်း ထိုအသွင်ပြောင်းကျင့်စဉ် (၇၂)မျိုးကို လေ့ကျင့်ထားခဲ့၏။
တစ်ခုသေချာသည်မှာ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်က အထွဋ်အထိပ်ကျင့်စဉ်တစ်ခု ဖြစ်ပြီး သံသရာအရှင်သခင်၏ စာရင်းထဲတွင် ထိပ်တန်းကျင့်စဉ်တစ်ခုလည်း ဖြစ်သည်။ ထိုအရာက ဗုဒ္ဓလက်ဝါး၊ တာအိုဘိုးဘေးတို့၏ ကောင်းကင်လက်ဝါး (၇)ချက်တို့နှင့် အဆင့်တူနီးပါးဖြစ်နေပြီး ကောင်းကင်ဧကရာဇ် သိုင်းကျမ်းထက်ပင် ပို၍မြင့်မားနိုင်သည်။
ဗောဓိရွှေခန္ဓာနှင့် ဗုဒ္ဓရွှေခန္ဓာက ဗုဒ္ဓလမ်းစဉ်တွင် အစွမ်းထက်ဆုံး ဓမ္မကာရအဆင့် နှစ်ခု ဖြစ်သည်။ ထို့ကြောင့် ထိုအရာက တိုက်ပွဲဗုဒ္ဓ၏ အဆင့်မြှင့်ထားသော အရာတစ်ခု ဖြစ်မည်ဟုပင် မုန့်ချီက သံသယဝင်နေမိသည်။
"ဟုတ်ပြီ…"
သူတို့က အလွန်အံ့ဩနေသည်ကို မြင်သည့်အခါ မုန့်ချီက စနောက်နေခြင်း မဟုတ်ကြောင်း လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်သည်။
"အခု ငါ့ဆီမှာ ဓားမောက် သိုင်းပညာနဲ့ ဓားရှည်သိုင်းပညာ သိုင်းကျမ်းတွေ မလိုတော့ဘူး။ ဒါပေမယ့် ငါက ထိပ်ဆုံးအဆင့်ကို မရောက်သေးဘူး။ ဆက်ပြီး တိုးတက်ဖို့ အခြေအနေတွေ ရှိနေသေးတယ်။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ရန်သူကို ဇဝေဇဝါဖြစ်အောင်လုပ်ဖို့ ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်။ ဒါက စိတ်အာရုံကို ပျံ့လွင့်အောင် လုပ်တဲ့နေရာမှာ အဆင့်မြှင့်ထားတဲ့ ပြောင်းလဲမှုကျင့်စဉ်လို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒါက ရန်သူရဲ့အစွမ်းကို လည်း တွက်ချက်နိုင်သေးတယ်။ အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်မှာ ပုံရိပ်ယောင်လှုပ်ရှားမှုကျင့်စဉ်လည်း ပါတယ်။ ဒါက လျှပ်စီးပြောင်းလဲမှုထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်။ ဒါကြောင့် အဲဒါက ငါသေချာပေါက် လေ့ကျင့်သင့်တဲ့ အဓိကစွမ်းရည်တစ်ခုလို့ စဉ်းစားမိတယ်…"
အကယ်၍ ရန်သူကသာ တံခါး (၄)ပေါက် ပွင့်နေမည်ဆိုလျှင် ပြောင်းလဲမှုကျင့်စဉ်၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုက သူ့အပေါ် အသုံးမဝင်တော့ချေ။
သို့သော် အင်မော်တယ်ဖိနှိပ်ခြင်း ကျင့်စဉ်ကတော့ ထိုသို့ မဟုတ်တော့ပေ။ ထိုအရာက ရန်သူ၏ အာရုံ (၅)ပါးကို ပို၍အကျိုးသက်ရောက်မှုရှိရှိ နှောင့်ယှက်နိုင်ပြီး ချီစွမ်းအင်များကို သုံး၍ ပို၍ စစ်မှန်သော ပုံရိပ်ယောင်များကို ဖန်တီးနိုင်သည်။ တံခါး(၉)ပေါက် အဆင့်ကို မရောက်သေးသော ပညာရှင်တိုင်းအပေါ် သက်ရောက်မှုရှိကြ၏။ အကျိုးသက်ရောက်မှုကတော့ အသုံးပြုသူ၏ အစွမ်းအပေါ် မူတည်နေသည်။
ထို့ကြောင့် မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်၏ စွမ်းရည်(၃)မျိုးကို လေ့ကျင့်ရန် လိုအပ်သည်။ ပထမဆုံး စိတ်ပိုင်းဆိုင်ရာကို နှောင့်ယှက်ပြီး ရန်သူကို ဇဝေဇဝါ ဖြစ်သွားစေရန်အတွက် ပုံရိပ်ယောင် အသုံးပြုသည့်နည်းလမ်းကို လေ့လာသင့်သည်။ ထိုအရာက သူ့အတွက် အကူအညီတစ်ခု ဖြစ်လာနိုင်၏။ ပြောင်းလဲမှုကျင့်စဉ်ကို ကျွမ်းကျင်ထားသည့်အတွက် ထိုအရာက သူ့အတွက် မခက်နိုင်ပေ။
ဒုတိယတစ်ခုကတော့ ရန်သူ၏အစွမ်းကို အသုံးချပြီး သူတို့ကို ပြန်လည်တိုက်ခိုက်နိုင်ရန် သင်ယူရမည်ဖြစ်သည်။ မုန့်ချီ၏ စွမ်းအင်များက အမြင့်ဆုံးအဆင့်တွင် ရှိနေသည့်အတွက် အနှစ်သာရများကိုသာ နားလည်မည်ဆိုလျှင် သူ့အတွက် မခက်နိုင်ပေ။
တတိယတစ်ခုကတော့ သူက ပုံရိပ်ယောင် ခန္ဓာလှုပ်ရှားမှုကျင့်စဉ်ကို လေ့ကျင့်ရန် လိုအပ်သည်။ ထိုအရာကတော့ အတော်လေး အားစိုက်ရဦးမည်ဖြစ်၏။ သို့သော် သူ၏ပြောင်းလဲမှုကျင့်စဉ်က အသုံးမဝင်တော့သည့်အတွက် သူ၏ သက်ရောက်မှုကလည်း အကျိုးရှိပါလိမ့်မည်။
အဓိအချက်များကို ကျော်လိုက်ပြီးနောက် မုန့်ချီက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်နှင့် သူ၏ ဓားပညာအကြောင်းများ အကြမ်းဖျင်းသာ ပြောပြခဲ့သည်။ ချီစွမ်းအင်များ အမြင့်ဆုံးတွင် အမြဲလိုလို ရှိနေသင့်သည့် အချက်ကတော့ သူလည်း ကောင်းကင်ဓား အနှစ်သာရများထဲတွင် တစ်စုံတစ်ခု နားလည်ထားခြင်းကြောင့်ဖြစ်ပြီး သူတို့ကို ပြောမပြခဲ့ပေ။
မည်သို့ဖြစ်စေကာမူ မိတ်ဆွေက မိတ်ဆွေသာဖြစ်သည်။ သူတို့ထဲတွင်ပင် ရင်းနှီးသူနှင့် သာမန်မိတ်ဆွေဟူ၍ ရှိနေသေး၏။ သူက ကိုယ့်ကိုယ်ကိုယ် အမြဲလိုလို ကာကွယ်ထားသင့်သည်။ ထို့ကြောင့် သူတို့ သိသင့်သောအရာများကို ဖုံးကွယ်ထားခြင်း မရှိဘဲ တစ်ချိန်တည်းတွင်တော့ တချို့သတင်းများကျု လျှို့ဝှက်ထားခဲ့သည်။ သူက ခဏရပ်ပြီး ပြောလိုက်၏။
"ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က လေ့ကျင့်ဖို့ အချိန်အကြာကြီး ပေးရလိမ့်မယ်။ အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကတော့ အဲဒီထက် နည်းနည်း ပိုပြီးကောင်းတယ်။ အရေးကြီးဆုံးအရာကတော့ သူ့ရဲ့စွမ်းဆောင်ရည်ပဲ။ တကယ်လို့ အနာဂတ်အစီအစဉ် မရှိဘူးဆိုရင်တောင် အချိန်တိုအတွင်း ဖြစ်လာမဲ့အရာတွေကိုတော့ ကြိုပြီးစဉ်းစားထားသင့်တယ်။ ပြီးတော့ မာကျောတဲ့ ခန္ဓာကိုယ်အကာအကွယ်နဲ့ မကောင်းဆိုးဝါးတွေကို ဖိနှိပ်တာကလွဲရင် သူ့ရဲ့ပြောင်းလဲမှုတွေက ပိုပြီးတော့ ကောင်းတယ်…”
“ဉာဏ်အလင်းပွင့်မှုအဆင့်မှာ သူက အရိုးတွေကို ကျုံ့နိုင်ပြီး ကြွက်သားတွေကို ပြောင်းနိုင်တယ်။ အဲဒါက လေ့ကျင့်တဲ့သူကို ကိုယ့်ရဲ့ခန္ဓာကိုယ်အကြောင်း ကောင်းကောင်းကြီးသိသွားအောင် ကူညီပေးနိုင်တဲ့အတွက် တော်တော်လေးကို အရေးကြီးတယ်…”
အကယ်၍ အသုံးပြုသူကသာ သူ၏လှုပ်ရှားမှုများကို စိတ်ကြိုက် ပြောင်းလဲချင်သည်ဆိုလျှင် ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကို သေချာနားလည်ရန် လိုအပ်ပြီး သူ၏ခန္ဓာကိုယ်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန် လိုအပ်သည်။ ထိုအရာက သာမန်လူတစ်ယောက်အတွက် အလွန်ခက်ခဲ၏။
ဉာဏ်အလင်းပွင့်မှုအဆင့်တွင် လေ့ကျင့်သူက သူ၏ လက်နှစ်ဖက် ၊ ခြေထောက်နှင့် ကြွက်သားများကို ထိန်းချုပ်သင့်သည်။ ဥပမာအနေနှင့်ပြောရလျှင် သာမန်လူ တစ်ယောက်က ပြိုင်ဘက်ကို အနိုင်ရရန် သူ၏စွမ်းအား (၈၀)ရာခိုင်နှုန်းခန့်ကို အသုံးပြုချင်သည်ဆိုလျှင် သူ၏စွမ်းအား (၇၈) ရာခိုင်နှုန်းမှ (၈၂)ရာခိုင်နှုန်းအထိ စိုက်ထုတ်ရနိုင်သည်။
သို့သော် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်ကို လေ့ကျင့်ထားသော အဆင့်တူ ပညာရှင် တစ်ယောက်ကတော့ သူ၏စွမ်းအား (၇၉)ရာခိုင်နှုန်းမှ (၈၀) ရာခိုင်နှုန်းခန့်သာ စိုက်ထုတ်ရနိုင်သည်။ ထိုအရာက အမှားအယွင်း မရှိဘဲ အလွန်တိကျ၏။
ထိုသို့ဆိုလျှင် ကျင့်ကြံသူ၏ပြောင်းလဲမှုများက ပို၍တိုးတက်လာနိုင်ပြီး အားနည်းချက်များကို ဖော်ထုတ်နိုင်၍ အစစ်အမှန်တိုက်ပွဲတွင် စွမ်းဆောင်ရည်များ ပြသနိုင်သည်။
"ဒဏ္ဍာရီထဲမှာတော့ ဗောဓိရွှေခန္ဓာကို ရခဲ့တာ ဗုဒ္ဓတစ်ပါးပဲ ရှိတယ်လို့ ပြောကြတယ်။ သူကတော့ ဗုဒ္ဓနဲ့ အဆင့်တူနီးပါးရှိခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင်သန့်စင်နယ်မြေမှာ နေထိုင်ခဲ့တယ်။ လူသားကမ္ဘာကြီးနဲ့လည်း လုံးဝကို ကင်းကွာနေတယ်။ တကယ်လို့ မင်းကသာ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်ကို လေ့လာဖို့ စဉ်းစားထားတယ်ဆိုရင် သင့်တော်တဲ့ အရင်းအမြစ်တွေကို ရှာဖွေထားတာ ပိုကောင်းမယ်.."
ကျန်းယွင်ရှန်က အံ့ဩမှုကို ထိန်းချုပ်ပြီး ပြောလိုက်သည်။ သူကတော့ မုန့်ချီ၏ ရွေးချယ်မှုကို တားဆီးခဲ့ခြင်းမရှိပေ။
အကယ်၍ သူ၏ကျန်းဝူဓမ္မကာရနှင့် ကျန်းကျိဝေ၏ အထွဋ်အထိပ် တာအိုသခင်တို့ကသာ အစွမ်းထက်သော ဓမ္မကာရများ မဟုတ်လျှင် သူ ကိုယ်တိုင်လည်း ပင်မစွမ်းရည်ကို ပြောင်းလဲလိုစိတ်ရှိသည်။
မုန့်ချီက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ကျွန်တော်က အင်မော်တယ်တာအိုကို လေ့ကျင့်တော့မှာပဲလေ။ ကျွန်တော်က ဗုဒ္ဓနှင့် ပတ်သက်ပြီး အရင်းအမြစ်တွေကို ဘယ်လိုရှာရတော့မှာလဲ…. "
"အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်…
နင်က တဖြည်းဖြည်းနဲ့ ပြိုင်ဘက်ကင်းဖြစ်လာတော့မှာပဲ…"
ကျန်းကျိဝေက စနောက်လိုက်သည်။
ရွမ်ယုရှုက အသံတိုးတိုးနှင့် ဖြည်းညင်းစွာ ပြောလိုက်၏။
"မကိုက်ညီတဲ့ နာမည်ဆိုတာ ရှိပေမဲ့ မှားယွင်းတဲ့ သိုင်းလောကနာမည်ဆိုတာတော့ မရှိဘူး.."
မုန့်ချီက ရှုံ့မဲ့သွားပြီး စကားထပ်မပြောတော့ပေ။ သူက အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်၏ ဉာဏ်အလင်းပွင့်မှုအဆင့်ကို လဲလှယ်လိုက်ပြီး လက်ကြားထဲတွင် ညှပ်လိုက်သည်။
ကျန်ရှိနေသော ကံကြမ္မာအမှတ် (၁၃၁)မှတ်ကိုတော့ ဆေးပင်တစ်ရာ ဆေးလုံးတစ်လုံးကို လဲလှယ်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် ရှိနေသော ဆေးပင်တစ်ရာဆေးလုံးက အသုံးပြုလိုက်ခြင်းကြောင့်ဖြစ်၏။ သူ့ဆီတွင် ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ်နှင့် အင်မော်ဖိနှိပ်ခြင်းကျင့်စဉ်တို့ရှိနေလျှင်ပင် ကုသရေးအတွက် ဆေးရည်တချို့ ရှိနေရန် လိုအပ်သည်။
ထို့နောက် ကံကြမ္မာအမှတ် (၃၀)သုံးပြီး မျက်နှာပြောင်းလဲနိုင်သော အခြေခံပစ္စည်းများနှင့် အသုံးဝင်နိုင်သော အကူအညီ ပစ္စည်းတချို့ကို လဲလှယ်လိုက်၏။ သူ့ဆီတွင် ကံကြမ္မာအမှတ် (၁)မှတ်သာ ကျန်နေတော့သည်ကို ကြည့်ပြီး မုန့်ချီက သူ့ဆံပင်ကို ပြန်ပြင်ရန် အမှတ်ရသွားခဲ့သည်။
သို့သော် စစ်ဆေးကြည့်လိုက်ပြီးနောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၅)မှတ် လိုအပ်ကြောင်း သိသွားခဲ့သည်။ သူက ချက်ချင်းပင် အတွေးကို လက်လျှော့လိုက်ပြီး နတ်ဆိုးသခင်၏ သားရေပြားနှင့် သလင်းကျောက်လေးကို စစ်ဆေးကြည့်လိုက်သည်။
"ကောင်းကင်ဥက္ကာသလင်းကျောက်…
အရမ်းအံ့ဩစရာကောင်းတဲ့ ပစ္စည်းတစ်ခုပဲ။ သန့်စင်တဲ့ ချီစွမ်းအားတွေ ပါဝင်တယ်။ ကံကြမ္မာအမှတ် (၁)မှတ်ပဲ တန်ကြေးရှိတယ်…”
“မကောင်းဆိုးဝါး သားရေပြား …
ခန္ဓာကိုယ်ပိုင်ဆိုင်ထားတဲ့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့အရေပြားကို လှီးယူပြီး ရလာတာ။ အဲဒါကို လက်နက်ဖန်တီးဖို့ အသုံးချနိုင်တယ်။ ကံကြမ္မာအမှတ် (၁၀၀)တန်ကြေးရှိတယ်။ သတိပေးချက်- လူတိုင်းက မတူညီတဲ့မှော်သားရဲတွေကို ပိုင်ဆိုင်ထားကြတယ်။ ဒါကတော့ နတ်ဆိုးသခင်ရဲ့မကောင်းဆိုးဝါးပဲ…"
မိတ်ဆက်မှုကိုကြည့်ပြီး မုန့်ချီက ခဏကြာ စဉ်းစားနေခဲ့သည်။ သူက ထိုအရာများကို သိမ်းထားရန်သာ ဆုံးဖြတ်လိုက်၏။ သူတို့က အနာဂတ်တွင် တစ်ခုခု အသုံးဝင်လာနိုင်သည်။
"နင်က ဘာလဲဖို့ စဉ်းစားထားလဲ…"
မုန့်ချီက ရွမ်ယုရှုကို ကြည့်လိုက်သည်။ ရွမ်ယုရှုကတော့ အေးစက်ပြီး သိမ်မွေ့သော အမူအရာ ရှိသည်။ သူမ၏မျက်နှာလေးက ဝင်းလက်တောက်ပနေသယောင် ထင်မှတ်ရ၏။
"ငါက မမြင်ဖူးတဲ့ ဂီတစာအုပ်နဲ့ လဲချင်တယ်…"
"ဟမ်….။ ဒါဆိုရင် လူမဆန်သော တေးသွား (၈)သွယ် ဆိုရင်ရော ဘယ်လိုလဲ…"
မုန့်ချီက မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောပြလိုက်သည်။
"လူမဆန်သော တေးသွား (၈)သွယ်လား…"
အခြေခံ ဝေ့ကျင့်အဆင့်တွင် လူမဆန်သော တေးသွား (၈)သွယ်က လက်(၆) ချောင်း နတ်ဆိုးတေးသွားနှင့် အတော်လေးကွဲပြားသည်။ ထိုအရာက သံစဉ်များကို အခြေခံပြီး ရန်သူ၏ အတွေးကို ထိန်းချုပ်၍ သူတို့၏စိတ်ကို သတ်ပစ်နိုင်စွမ်းရှိသည်။
ရွမ်ယုရှုက လူမဆန်သော တေးသွား (၈)သွယ် အကြောင်းကို ဖတ်ကြည့်နေပြီး သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှုပ်ထွေးမှု တစ်ခုပေါ်လာခဲ့သည်။ သူမက မသက်မသာ ခံစားလာရပြီး ပြောလိုက်၏။
"ငါက ဒီလိုတေးသွားမျိုးကို လုံးဝမမြင်ဖူးဘူး။ ဒါပေမယ့် ငါ့ရဲ့လက်ရှိအစွမ်းအရ တေးသွားနည်းနည်းပဲ တီးနိုင်မယ်ထင်တယ်…"
သူမဆီတွင် ထိုတေးသွားများအတွက် လုံလောက်သော အစွမ်းမျိုးမရှိသေးပေ။ လူမဆန်သော တေးသွား(၈)သွယ်က ကံကြမ္မာအမှတ် (၁၀၅၀) တန်ကြေးရှိသည်။
"ဒါက နင့်အသက်ကို ကယ်တင်ပေးဖို့ ရည်ရွယ်တာပါ။ ပြီးတော့ နောက်ထပ်တာဝန်က တစ်နှစ် လိုသေးတယ်လေ။ နင်က တံခါး (၆)ပေါက်ပွင့်လာနိုင်တာပဲ…"
မုန့်ချီက အပြုံးနှင့်ပြောလိုက်၏။
ရွမ်ယုရူက မျက်လုံးတံခါးနှင့် နားတံခါးတို့ ပွင့်နေသည်။ သူမ၏ ခန္ဓာကိုယ်အရည်အသွေးနှင့် ပေါများလှသော အရင်းအမြစ်များအရ သူမက တစ်နှစ်အတွင်း နှာခေါင်းတံခါး ပွင့်လာနိုင်သည်။ ရွမ်ယုရှုက နောက်တစ်ကြိမ် အေးစက်သွားပြီး တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်၏။
သူမက လမင်းနီဓားကို အလယ်ရှိ အလင်းတိုင်လုံးထဲသို့ ပစ်ထည့်ပြီးပြောလိုက်သည်။
"ငါ့ဆီမှာ ကံကြမ္မာအမှတ် (၁၁၇၀) ရှိတယ်။ လူမဆန်သော တေးသွား (၈)သွယ်အပြင် ငါက နောက်တစ်နှစ်အတွင်း တံခါး (၆)ပေါက်ပွင့်တာ သေချာဖို့အတွက် ကောင်ကင်တံခါး ဆေးလုံးတစ်လုံးကိုလည်း လဲချင်တယ်… "
"ကောင်းတယ်။ တကယ်လို့ နင်ကသာ တာဝန် မစသေးခင် တံခါး (၆)ပေါက်ပွင့်ရင် ငါက နင့်ကို အရသာရှိတဲ့ စားစရာ လိုက်ကျွေးမယ်…"
မုန့်ချီက ကတိပေးလိုက်သည်။
ရွမ်ယုရှုက သူ့ကို စိုက်ကြည့်ပြီး ပြန်ပြောလိုက်၏။
"ငါက နင့်ထက်ပိုပြီး ငယ်တယ်နော်။ နင်က ငါ့ကို လှည့်စားလို့မရဘူး…"
"သံသရာကမ္ဘာကြီးထဲမှာ ငါက ကတိတည်ပြီး အမှန်တရားကို တန်ဖိုးထားတယ်ဆိုတာ လူတိုင်းသိတယ်…."
မုန့်ချီက ပြောလိုက်သည်။
ထို့နောက် သူက လော်ရှန်းကျိကို ပြန်လှည့်ပြီး ကြည့်လိုက်၏။
" အစ်ကိုလော်… အစ်ကိုလော်ကရော ဘာလိုချင်တာလဲ …"
"ငါက ဝေ့ကျင်းအဆင့် လက်သီးသိုင်းပညာတစ်ခုကို လိုချင်နေတာကြာပြီ။ မင်းက ငါ့အတွက် တခြားသိုင်းကျမ်းတွေ ရှာပေးဖို့ မလိုတော့ပါဘူး…"
လော်ရှန်းကျိက အပြုံးနှင့် ပြောလိုက်သည်။
"ငါက တောင်တန်း (၉) သွယ် သံလက်သီး သိုင်းကျမ်းကို လိုချင်နေတာကြာပြီ။ တကယ်လို့ ကံကြမ္မာအမှတ် လုံလောက်ဦးမယ်ဆိုရင်တော့ အတွင်းဆေးရည် တစ်ပုလင်းပါ လိုချင်သေးတယ်။ ဒါဆိုရင် နောက်တာဝန်မစခင် တံခါး (၉)ပေါက်လုံးကို ဖွင့်ဖို့ ကြိုးစားကြည့်လို့ရတယ်…"
ဆေးရည်များကို အစဉ်အတိုင်း ပြောရမည်ဆိုလျှင် ဆေးရည်မျိုးစုံ ရှိနေပြီး အတွင်းဆေးရည် ၊ ကောင်းကင်တံခါးဆေးလုံးနှင့် ကောင်းကင်မျက်လုံး မြေပြင်နားဆေးလုံးတို့က အကျိုးသက်ရောက်မှုရှိသည်။ သူတို့အားလုံးက ကံကြမ္မာအမှတ် (၅၄၀) တန်ကြေးရှိ၏။
"တောင်တန်း (၉)သွယ် သံလက်သီး သိုင်းကျမ်း "
"တောင်တန်း (၉)သွယ် သံလက်သီးသိုင်းကျမ်းကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းက နင် စီရင်စုမှာရှိတဲ့ ဓားသမား အသုံးပြုခဲ့တာ မဟုတ်လား…"
ကျန်းယွင်ရှန် ပင့်သက်ရှှိုက်လိုက်မိသည်။ ကျန်းဝူဂိုဏ်း၏ နယ်မြေက တောင်ပိုင်းတွင် ဟွာစီရင်စု၏ မြောက်ပိုင်းတွင် နင် စီရင်စုအထိ ဖြစ်သည်။
မုန့်ချီက ရှုပ်ထွေးနေသည်ကို မြင်သည့်အခါ သူက ထပ်ပြောလိုက်၏။
"နင် စီရင်စုက ဓားသမားဆိုတာ သိုင်းလောကမှာ စွန့်စားမှုတွေ လုပ်ခဲ့တဲ့ တစ်ကိုယ်တော် ကျင့်ကြံသူတစ်ယောက်ပဲ။ သူက တောင်တန်းကြီးတွေရဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီး ဉာဏ်အလင်းပွင့်မှုအဆင့် လက်သီးသိုင်းများစွာကို ပေါင်းစပ်ခဲ့တယ်။ ရလဒ်အနေနဲ့ ကိုယ်ပိုင်လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ပြီး တောင်တန်း(၉)သွယ် လက်သီးသိုင်းကျမ်းကို ဖန်တီးနိုင်ခဲ့တာပဲ။ အဲဒီသိုင်းကျမ်းက အခြေခံ ဝေ့ကျင်းအဆင့်ကိုရောက်နေပြီ။ အဲဒီသိုင်းကျမ်းကို လေ့ကျင့်တဲ့သူက အဲဒီသိုင်းကျမ်းကို အမြင့်ဆုံးအထိ လေ့ကျင့်နိုင်မယ်ဆိုရင် လက်သီးက တောင်တန်းကြီးတစ်ခုလို အစွမ်းထက်လာနိုင်တယ်လို့ ပြောကြတယ်။ အဲဒါကို သုံးလိုက်တဲ့သူက ရေကို ထက်ပိုင်းဖြတ်နိုင်ပြီး တောင်တန်းတွေကို ဖျက်ဆီးပစ်ဖို့တောင် လွယ်ကူတယ်။ ဒါပေမယ့် သူက မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်ထဲက တစ်ခုဖြစ်တဲ့ အသက်ပြောင်းလဲခြင်းဂိုဏ်းရဲ့လက်ထဲမှာ သေသွားခဲ့ရတယ်။ ဒါကြောင့် ဒီလက်သီးသိုင်းကို အဆင့်မြှင့်တင်ဖို့ မလုပ်နိုင်ခဲ့ဘူး…"
လော်ရှန်းကျိက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။
"နင်စီရင်စုက ဓားသမားက ငါအရမ်းလေးစားတဲ့ ဆရာကြီး တစ်ယောက်ပဲ။ သူ့ရဲ့ လက်သီးသိုင်းပညာက ငါ့အတွက် ပိုပြီးသင့်တော်တယ်။ ဒါကြောင့် ငါက တောင်တန်း (၉)သွယ် သံလက်သီးကျင့်စဉ်ကို လိုချင်နေတာကြာပြီ။ ဒီတစ်ကြိမ်တော့ ငါ့ရဲ့ကံကြမ္မာအမှတ်တွေ လုံလောက်သွားတာ ကံကောင်းသွားတာပေါ့…"
သူက ရှို့ဟွာဓား၊ တခြားသော သန့်စင်လက်နက်များနှင့်မြို့တော်ထဲတွင် ရခဲ့သော သိုင်းကျမ်းများစွာကို အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။ ကံကြမ္မာအမှတ်များ ထွက်လာပြီးနောက် သူက စဉ်းစားကြည့်လိုက်ပြီး လျှို့ဝှက်လက်နက်များစွာကိုပါ နောက်တစ်ကြိမ် ထပ်ထည့်လိုက်၏။ နောက်ဆုံးကျမှ သူလည်း စိတ်သက်သာရာ ရသွားခဲ့သည်။
"အခုတော့ ကံကြမ္မာအမှတ် (၁၅၆၀) ရှိသွားပြီ။ တောင်တန်း (၉)သွယ် သံလက်သီးသိုင်းက ကံကြမ္မာအမှတ် (၁၀၂၀)ကျမယ်။ ကျန်တဲ့ ကံကြမ္မာအမှတ်က အတွင်းဆေးရည် တစ်ပုလင်းဝယ်ဖို့အတွက် လုံလောက်တယ်.."
သူက လျင်မြန်စွာ ပြီးဆုံးသွားပြီးနောက် နောက်ပြန်ဆုတ်လိုက်သည်။
ထို့နောက် ယခုအချိန်ထိ မလဲရသေးသော ကျန်းယွင်ရှန်နှင့် ချီကျန်းရန်တို့ကို လှည့်ကြည့်လိုက်၏။
"အစ်ကိုလော်က သူ့ရဲ့ပင်မစွမ်းရည်ကို မပြောခဲ့ဘူးပဲ…"
မုန့်ချီက တစ်ယောက်တည်း တီးတိုးရေရွတ်နေပြီး သူ့ကို မမေးခဲ့ပေ။ သူက ကျန်းယွင်ရှန်ကို ပြုံးပြလိုက်သည်။
"အစ်ကိုကြီးကျန်း ဘာကို ရွေးမှာလဲ…"
“သူက အယောင်ဆောင် သေဆုံးခြင်းနည်းလမ်းကို လဲချင်နေတာလား…”
သို့သော် သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ထိုအရာက သူ့အလုပ်မဟုတ်ကြောင်း တွေးခဲ့မိသည်။ သူက သိပ်မကြာခင် ကျန်းယွင်ရှန်နှင့် တွေ့ရတော့မည် ဖြစ်သည့်အတွက် ယခု မမေးသေးသည်မှာ ပိုကောင်း၏။
"သေမင်းတမန်တာဝန်က တော်တော်လေး အလျင်လိုနေပြီဆိုတော့ ငါလည်း အတွင်းဆေးရည် လဲရလိမ့်မယ်။ ငါက နောက်တာဝန်မစခင် တံခါး (၇)ပေါက်ပွင့်အောင် ကြိုးစားသင့်တယ်။ ဒါပေမယ့် ငါ့ရဲ့အခြေခံအုတ်မြစ်ကိုလည်း ခိုင်မာလာအောင် အရင်ဆုံး အားဖြည့်ရဦးမယ်… "
ကျန်းယွင်ရှန်က မသက်မသာ ပြောလိုက်သည်။
“ကျန်တဲ့ ကံကြမ္မာအမှတ်တွေကိုတော့ သွေးဝိညာဉ်လောင်ကျွမ်းခြင်း ကျင့်စဉ်ပဲ လဲလိုက်တော့မယ်…"
"အသံကတော့ ကြားရတာ တော်တော်လေး ကြောက်စရာကောင်းတယ်…"
ထိုအရာက ဝေ့ကျင်းအဆင့် သိုင်းကွက်တစ်ခုဖြစ်ကြောင်း မုန့်ချီက တွေ့လိုက်ရသည်။ ထိုအရာက ဝေ့ကျင်းအဆင့် ကျင့်စဉ်များထဲတွင် စွန့်လွှတ်ခြင်းကျင့်စဉ်ထက်ပင် ပို၍ အဆင်မြင့်နေသေး၏။ ထိုအရာက စိတ်ဝိညာဉ်စွမ်းအားကို ဆက်တိုက် လောင်ကျွမ်းစေနိုင်ပြီး အသုံးပြုသူကို မူလစွမ်းအား၏ (၅၀)ရာခိုင်နှုန်း သို့မဟုတ် (၁၀၀)ရာခိုင်နှုန်းအထိ မြှင့်တင်ပေးနိုင်သည်။ ထိုစွမ်းရည်က စက္ကန့် (၃၀)ခန့် ခံနိုင်ရည်ရှိသည်။
အသုံးပြုသူဆီတွင် လုံလောက်သော ဆေးရည်များ ၊ စွမ်းအားများ ရှိမည်ဆိုရင် သူက နာမကျန်းဖြစ်ရုံလောက်သာ ဖြစ်နိုင်သည်။ အကယ်၍ အသုံးပြုသူကသာ သူ့အသက်ကို စတေးပြီး တိုက်ခိုက်လိုက်မည်ဆိုလျှင် သူ၏အစစ်အမှန်စွမ်းအားထက် (၃)ဆမှ (၅)ဆခန့်အထိ ပို၍ အစွမ်းထက်လာနိုင်၏။ သို့သော် ထိုလှုပ်ရှားမှုကလည်း အလောင်းပင် မကျန်တော့သော အရာမျိုးဖြစ်သည်။ ထို့ကြောင့် မုန့်ချီက ရင်ထဲတွင် တစ်ယောက်တည်း ကျိန်ဆဲလိုက်မိ၏။
"အစ်ကိုကြီး ကျန်းယွင်ရှန်က ဒါကို ဘယ်လိုများတွေ့သွားတာလဲ…”
သူ့ဆီတွင် ရှိနေသော အရာများကို လဲလှယ်လိုက်ပြီးနောက် ကျန်းယွင်ရှန်ဆီတွင် ကံကြမ္မာအမှတ် (၁၃၆၀)သာ ကျန်နေပြီး ဖူကျန်းကျန်း ပေးလိုက်သော အရာနှင့် ပေါင်းလိုက်လျှင် သူ့ဆီ၍ ကံကြမ္မာအမှတ် စုစုပေါင်း (၁၆၂၀)ခန့်ရှိသည်။
သူက သွေးဝိညာဉ် လောင်ကျွမ်းခြင်းကျင့်စဉ်နှင့် အတွင်းဆေးရည်ကို လဲလှယ်လိုက်ရာ ကံကြမ္မာအမှတ် (၃၀)သာ ကျန်တော့သည်။ အနာဂတ်အတွက် စဉ်းစားပြီး သူလည်း မုန့်ချီကဲ့သို့သော အကူအညီ ဖြစ်စေမည့် အခြေခံပစ္စည်းများကို လဲလှယ်လိုက်၏။
"ငါလည်း အတွင်းဆေးရည်လိုချင်တယ်.."
နောက်ဆုံးတွင်တော့ တစ်ချိန်လုံး တိတ်ဆိတ်နေသော ချီကျန်းရန်က ပြောလိုက်သည်။ ဖရိုဖရဲကျင့်စဉ်ကြောင့် သူ၏ခန္ဓာကိုယ်စွမ်းရည်ကလည်း တိုးတက်လာကြောင်း သူသိနေသည်။ သူ့အတွက် ဆေးရည်များ မလိုတော့ပေ ။ သို့သော် သေမင်းတမန်တာဝန်က အလွန်လေးနက်ပြီး ခက်ခဲသည်။
သူက ပိုင်ဆိုင်ထားသော ကံကြမ္မာအမှတ်များအားလုံးကို လဲလှယ်လိုက်ပြီး ပြောလိုက်သည်။
"အခုငါ့ဆီမှာ ကံကြမ္မာအမှတ် (၁၃၂၀) ရှိတယ်။ ငါက တံခါး (၉)ပေါက် ပွင့်နေပြီး နှာခေါင်းတံခါးနဲ့ ပတ်သက်တဲ့ သွေးကြောအမှတ်တွေကို စုစည်းနေတယ်။ ငါက နောက်တာဝန်မစခင် တံခါး(၆)ပေါက်ပွင့်ဖို့ ကြိုးစားနေတယ်။ ငါက စိမ်းပြာနှင်းမုန်တိုင်း သိုင်းကွက်ရဲ့ အခြေခံအဆင့်ကိုလည်း နားလည်သွားပြီ။ ငါ့ရဲ့ လက်ဝါးက ပြိုင်ဘက်ကို အေးခဲသွားစေနိုင်တယ်.."
သူ၏လက်ရှိအစွမ်းကို အကြမ်းဖျင်း ပြောပြလိုက်ပြီးနောက် အတွင်းဆေးရည် တစ်ပုလင်းကို လဲလှယ်လိုက်သည်။ ထို့နောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၇၈၀)သာ ကျန်တော့၏။ သူက တံခါး (၈)ပေါက် မပွင့်ခင် ဖရိုဖရဲကျင့်စဉ်၏ အဆင့် (၅)ဖြစ်သော ကြယ်ခရမ်းမြစ်သိုင်းကွက်ကို လေ့ကျင့်၍ မရနိုင်သေးပေ။ ထို့ကြောင့် လဲလှယ်ရန် ကံကြမ္မာအမှတ်များများ မလိုအပ်ချေ။
သူက မည်သည့်အရာများ လဲလှယ်သင့်ကြောင်း မုန့်ချီနှင့် တခြားလူများက စဉ်းစားနေသည့်အချိန်တွင် သူက ပြောလိုက်သည်။
"ဒီတာဝန်အတောအတွင်း ငါက ပန်းပဲပညာကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်ကို တွေ့ခဲ့ရတယ်။ သူ့ဆီကနေ ငါ့ရဲ့ရွှေနဂါးဓားကို အဆင့်မြှင့်ဖို့ နည်းလမ်းတစ်ခု ရလာခဲ့တယ်…"
ဖရိုဖရဲကျင့်စဉ်က အလွန်အစွမ်းထက်သည်။ သူက မည်သည့်စွမ်းရည်မျှ မလိုအပ်တော့ပေ။ သူက သံသရာကမ္ဘာကြီးထဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ရသည့် အချိန်တွင်တော့ အလွန်စိုးရိမ်နေသည့်အတွက် သူ့အသက်ကို ကာကွယ်ရန် လျှို့ဝှက်လက်နက်များ ၊ အဆိပ်များကို သယ်ဆောင်သွားခဲ့သည်။ သို့သော် ယခုတော့ သူ၏ ကိုယ်ပိုင်အစွမ်းကို ယုံကြည်နေခဲ့၏။
"ကောင်းတယ် အစ်ကိုကြီးချီ…. ။ အစ်ကိုကြီးချီရဲ့ ရွှေနဂါးဓားက အခု အစ်ကိုကြီးရဲ့ ရန်သူတွေနဲ့ယှဉ်ရင် နည်းနည်းနိမ့်နေပြီ… "
မုန့်ချီကလည်း သူ့စကားကို ထောက်ခံလိုက်သည်။ သူ၏ရေခဲပေါ်တယ်ဓားက သာမန် စွမ်းရည်တစ်ခုသာ ဖြစ်သော်လည်း မကောင်းဆိုးဝါးစမ်းသပ်ရေးဓားက အလွန်အစွမ်းထက်၏။
ကျန်းကျိဝေကတော့ ထိုအရာကို သူတို့ထက်ပို၍ မျှော်လင့်နေခဲ့၏။
ချီကျန်းရန်က နဂါးသွေးအရိုး ၊ တိမ်မြူခိုးအဆက်နှင့် တခြားပစ္စည်းများကို လဲလှယ်လိုက်သည်။ ထို့နောက် ရွှေနဂါးဓားနှင့်အတူ ပစ္စည်းများကို အလယ်တွင် ရှိနေသော အလင်းတိုင်လုံးထဲသို့ ထည့်လိုက်သည်။ လဲလှယ်လိုက်ပြီးနောက် သူ့ဆီတွင် ကံကြမ္မာအမှတ် (၂၀)သာ ကျန်နေတော့၏။
ပတ်ပတ်လည်တွင် တိမ်တိုက်များ ထွက်ပေါ်လာသည်။ ချီကျန်းရန်က အဆင့်မြှင့်ထားသော ရွှေနဂါးဓားကို ဆွဲထုတ်လိုက်၏။ အစွမ်းထက်သော နဂါးစွမ်းအားများကြောင့် မုန့်ချီတို့အားလုံးကပင် ထိတ်လန့်သွားကြပြီး ကိုယ့်ကိုယ်ကိုယ် ဟန်ချက်မထိန်းနိုင်အောင် ဖြစ်သွားကြ၏။ ထို့ပြင် ရွှေနဂါးဓား၏ ပတ်ပတ်လည်တွင် ရှိနေသော တိမ်တိုက်များကြောင့် ရန်သူ၏ တိုက်ခိုက်မှုကပင် နှေးကွေးသွားနိုင်သည်။
"ဒါက ဝေ့ကျင်းတစ်ဝက်အဆင့်ကိုတောင် ရောက်ခါနီးနေပြီပဲ…"
ကျန်းကျိဝေက မှတ်ချက်ပေးလိုက်ပြီး မျက်လုံးများက တောက်ပနေသည်။ ထိုအရာက ဉာဏ်အလင်းပွင့်မှုအဆင့် သန့်စင်လက်နက်များထဲတွင် အမြင့်ဆုံးအစွမ်းလည်း ဖြစ်၏။ အကယ်၍ ပန်းပဲပညာရှင်များ၏ မှတ်တမ်းနှင့်သာ ပေါင်းစပ်လိုက်မည်ဆိုလျှင် ထိုအရာက ကံကြမ္မာအမှတ် (၇၆၀)ခန့် တန်ကြေးရှိသည်။ သို့သော် ရွှေနဂါးဓားက သန့်စင်လက်နက်တစ်ခုသာ ဖြစ်နေသေး၏။
ချီကျန်းရန်က သူ့ဓားကို စမ်းသပ်ကြည့်လိုက်ပြီး အလွန်သဘောကျနေခဲ့၏။ သူ့ဓားကို သိမ်းလိုက်ပြီးနောက် သူတို့အားလုံးက သေမင်းတမန်တာဝန်အကြောင်း ဆွေးနွေးနေသည့်အချိန်တွင် သံသရာအရှင်သခင်က သူတို့ကို ထွက်သွားရန် သတိပေးလိုက်သည်။
မုန့်ချီက အလင်းတိုင်လုံးထဲသို့ ဝင်တော့မည့် အချိန်တွင် ကျန်းကျိဝေက လျှို့ဝှက်အသံပို့ဆောင်မှုနှင့် ပြောလိုက်၏။
"ကိုရင်လေး ဒီတစ်ကြိမ် ငါက အစ်ကိုချီနဲ့ ပူးပေါင်းရတဲ့ တာဝန်တစ်ခု လုပ်ခဲ့ရတယ်။ ဒါပေမယ့် သူ့ကို ကြည့်ရတာ စိုးရိမ်မှုနည်းနည်း ရှိနေသလိုပဲ။ ကြည့်ရတာ ပင်မကမ္ဘာကြီးထဲမှာ ပြဿနာတက်နေတယ်ထင်တယ်။ နင်က သူ့ဆီ အကူအညီ သွားတောင်းမယ်ဆိုမှတော့ သူဘာဖြစ်နေလဲဆိုတာ မေးကြည့်လိုက်ဦး။ တကယ်လို့ နင်က အကူအညီလိုတယ်ဆိုရင် ကျိကျန်းဓားစံအိမ်ရဲ့ ဓားအရောင်းဆိုင်တွေကို သွားရှာပြီး ငါ့ဆီကို သတင်းပို့ခိုင်းလိုက်လို့ရတယ်…"
စီရင်စု တစ်ခုချင်းဆီတိုင်းတွင် ကျိကျန်းဓားစံအိမ်၏ ဓားအရောင်းဆိုင်များ ရှိနေသည်။
Translated by Hein Htet.