← Chapters

အခန်း (၁၉၄)

Vol. 13 Ch. 194

အခန်း (၁၉၄)

Vol. 13 Ch. 194

သူ့အဖွဲ့သားများနှင့် ပတ်သက်သော ပြဿနာများကို ဖြေရှင်းပေးလိုက်ပြီးနောက် ယခု စိတ်ပိုင်းဆိုင်ရာ အကူအညီကလည်း သူ့ပုခုံးပေါ်တွင် မရှိတော့ချေ။ မုန့်ချီက ထိုအရာကို မလုပ်ချင်သော်လည်း ချီကျန်းရန်ဆီကိုတော့ သွားရမည်ဖြစ်၏။

သူက တိတ်ဆိတ်ငြိမ်သက်သော ဘဝတစ်ခုကို စတင်ရန် စီစဉ်နေပြီး သူ၏ အခြေခံအုတ်မြစ်များကို မြင့်တက်လာစေရန်နှင့် သူ၏စွမ်းအားများ မြင့်တက်လာစေရန် စီစဉ်နေခဲ့သည်။ သို့သော် အဖွဲ့သားများ လိုအပ်လာလျှင်လည်း ကူညီပေးရမည်မှာ သူ့တာဝန်ဖြစ်၏။ အဖွဲ့သားများ အချင်းချင်း ပိုမိုရင်းနှီးလာခြင်းက သေမင်းတမန် တာဝန်ကို ရင်ဆိုင်ရသည့်အချိန်တွင် ပို၍ စည်းစည်းလုံးလုံး လုပ်ဆောင်နိုင်စွမ်း ရှိလာနိုင်သည်။ ထိုအရာက သူတို့အသက်ရှင်သန်ရေးအတွက် အလွန်အကျိုးရှိ၏။

သူက သူ့ကိုယ်သူ ရယ်လိုက်မိသည်။

"ဟူး။ ငါ့ပုံစံကလည်း လူတိုင်းကို လိုက်ပြီး ကူ‌ညီနေရသလို ဖြစ်နေတာပါပဲလား…"

"ကောင်းပြီလေ…."

မုန့်ချီက ကျန်းကျိဝေကို ခေါင်းညိတ်ပြလိုက်သည်။ သူ့ဆီတွင် တခြားလုပ်စရာ မရှိသည့်အတွက် ယခု သူက လေလွင့်သိုင်းသမား တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။

သူက အလင်းတိုင်လုံးထဲသို့ ဝင်သွားခဲ့သည့်အချိန်တွင် သူ့ရှေ့၌ ရှိနေသော အရာအားလုံးက မည်းမှောင်သွားခဲ့၏။ ခေါင်းထဲတွင်လည်း မူးဝေသွားသလို ခံစားလိုက်ရ၏။

ထိုအချိန် နားထဲ၌ ညအချိန် ခေါင်းလောင်းထိုးသံများကို ကြားလိုက်ရသည်။ သူ့ရှေ့တွင် သီလရှင်ကျောင်းတစ်ခု ရှိနေပြီး အနောက်ဘက်တွင်တော့ ကျောင်းဆောင်ကြီးတစ်ခု ရှိ၏။

"လူတိုင်းက ဒီတာဝန်မှာ အကျိုးအမြတ် တော်တော်လေး ရခဲ့တယ်။ သံသရာ အရှင်သခင်က ဒီလိုရက်ရောတာ တော်တော်လေးကို ရှားတာပဲ။ ဒါပေမယ့် နောက်ထပ် သေမင်းတမန် တာဝန်က လက်တစ်ကမ်းအလိုကို ရောက်လာပြီ…"

မုန့်ချီက အရာအားလုံးကို ခေါင်းထဲတွင် ပြန်လည်စဉ်းစားပြီး တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

မူလတုန်းကတော့ သူက အပြင်သို့ ထွက်လာသည်မှာ ကျန်းယွင်ရှန်တို့ စုံတွဲ၏ ပြဿနာများကို ရှောင်တိမ်းပြီး ရွှေခေါင်းလောင်းအကာအကွယ်ကျင့်စဉ် အဆင့်(၆)ကို လေ့ကျင့်လိုခြင်းကြောင့် ဖြစ်သည်။ ယခုတော့ အချစ်ငှက်လေး နှစ်ကောင်ဖြစ်သော ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့၏ ပြဿနာက ဖြေရှင်းပြီးသွားပြီဖြစ်ပြီး သူ၏ ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ် အဆင့် (၆)ကလည်း ပြည့်စုံလုနီးပါးအဆင့်ကို ရောက်လာသည်။

သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး ပျင်းရိစွာ အကြောဆန့်လိုက်သည်။ ထို့နောက် သူက သီလရှင်ကျောင်းဆီကို ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။

တံခါးပေါက်သို့ ဝင်သည့်အချိန်တွင် ကျန်းယွင်ရှန်က ဖူကျန်းကျန်းနှင့်အတူ လျှောက်လာကြောင်း မုန့်ချီက မြင်လိုက်ရသည်။ သူတို့က အနည်းငယ် ခွာနေကြ၏။ မည်သို့ဖြစ်စေကာမူ ဤနေရာက ကျန်းဝူဂိုဏ်းနှင့် မလှမ်းမကမ်းတွင် ရှိနေသည်။ အကယ်၍ သူတို့ကိုသာ တခြားလူများ မြင်သွားမည်ဆိုလျှင် ပြဿနာများ ဖြစ်လာနိုင်ပြီး သူတို့၏ အစီအစဉ်အတွက် အကျိုးမရှိနိုင်ပေ။

"ညီလေးမုန့် …

မင်းကို အရမ်းကျေးဇူးတင်ပါတယ်…"

ကျန်းယွင်ရှန်က တည်ငြိမ်စွာ ပြောလိုက်သည်။

မုန့်ချီက အားရပါးရ ရယ်လိုက်၏။ ထိုအချိန်တွင် စိတ်ရှုပ်နေသော သူ့အတွေးများ အားလုံးကလည်း ပျောက်ကွယ်သွားခဲ့သည်။ သူက ပြန်ဖြေလိုက်၏။

"ကျွန်တော် လုပ်ခဲ့တာက အစ်ကိုကြီးနဲ့ အတူတူ အရက်သောက်ပေးရုံပါပဲ။ အဆုံးမှာတော့ ဆုံးဖြတ်ချက်ချရတာက အစ်ကိုကြီးကိုယ်တိုင်ပဲလေ…"

မည်သူမျှ နားထောင်နေခြင်း မရှိကြောင်း သေချာသွားပြီးနောက် ကျန်းယွင်ရှန်က ထပ်ပြောလိုက်သည်။

"ငါက လုံးဝမပြတ်သားခဲ့ဘူး။ ဒါကြောင့် အချိန်တိုင်းမှာ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်ခဲ့ရတယ်။ တစ်ယောက်ယောက်က ငါ့ကို အကြံပေးဖို့ လိုအပ်တယ်လေ။ တကယ်လို့ ညီလေးမုန့်ကြောင့်သာ မဟုတ်ရင် ငါက ဘာတွေဆက်ဖြစ်မလဲဆိုတာ မတွေးနိုင်တော့ဘူး…"

ဖူကျန်းကျန်းကတော့ အလွန်ရှက်ရွံ့နေသည့်အတွက် ခေါင်းငုံ့ထားခဲ့သည်။ သူမက ခေါင်းရိတ်ခဲ့သည့် မြင်ကွင်းကို မှတ်မိနေသည့်အတွက် မုန့်ချီကို မျက်နှာချင်းမဆိုင်ရဲပေ။ မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။

"အစ်ကိုကြီးကျန်း …

ကျွန်တော့်ကို တကယ်ကျေးဇူးတင်တယ်ဆိုရင်တော့ ရွှမ်ဝူမြို့ထဲမှာရှိတဲ့ စားကောင်းသောက်ဖွယ်တွေနဲ့ လိုက်ပြီး ဧည့်ခံလေ…"

"ပြဿနာမရှိဘူး။ ငါတို့ ရွှမ်ဝူမြို့ထဲကို ရောက်တဲ့အချိန်ကျရင် ရေချိုငါးကင်နဲ့ နာမည်ကျော်စားစရာတွေကို သေချာပေါက် စမ်းသပ်ကြည့်ရမယ်။ မဟုတ်ရင် ဒီနေရာကို မရောက်ဖူးသလို ခံစားရမှာပဲ…"

ကျန်းယွင်ရှန်က ရယ်ကာမောကာနှင့် ပြောလိုက်သည်။

ထို့နောက် သူက မုန့်ချီကို သတိပေးလိုက်၏။

"ညီလေးမုန့် မင်းရဲ့ဆံပင် အတုရော…"

ဤကမ္ဘာကြီးထဲတွင် ဆံပင်တို‌နှင့် ရှိနေသော လူတစ်ယောက်က ယခုမှ လူထွက်လာသော ဘုန်းတော်ကြီးတစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ယောက်သာ ဖြစ်နိုင်သည်။

မုန့်ချီက မျက်နှာပျက်သွားခဲ့၏။

"ဟုတ်တယ်။ ကျွန်တော် မေ့သွားတာ…"

ဆံပင်တု ဟူသည်မှာ ရုပ်ရည်ကို ပြောင်းလဲစေနိုင်သောအရာ တစ်စိတ်တစ်ပိုင်း ဖြစ်သည့်အတွက် သူက သံသရာအရှင်သခင်ဆီတွင် လဲထားခဲ့သည်။ မဟုတ်လျှင် သူ့ခေါင်းကို အဝတ်စနှင့် ပတ်ပြီး သိုင်းလောက ဈေးသည်တစ်ယောက်ကို ရှာဖွေ၍ ဆံပင်တု ဝယ်ရဦးမည်ဖြစ်၏။ ထိုသို့ဆိုလျှင် သူ၏နောက်ခံက ပေါ်သွားနိုင်သည်။

သူတို့(၃)ယောက်က ခဏကြာ စကားပြောနေပြီးနောက် မုန့်ချီက သူတို့ကို သတိပေးလိုက်သည်။

"သခင်လေးယောင်က ယုံကြည်ရနိုင်တယ်။ ဒါပေမယ့် ယောင်မိသားစုကတော့ မသေချာဘူး။ သူ့ရဲ့အကြံပေးချက်က လှည့်စားဖို့ စီစဉ်ထားတာလည်း ဖြစ်နိုင်သေးတယ်။ ဒါကြောင့် အစ်ကိုကြီးက သူ့ရဲ့အကြံအတိုင်း လုပ်မယ်ဆိုရင် သတိထားပါ။ ဘယ်သူမျှ သတိမထားမိအောင်လုပ်ပါ… "

ကျန်းယွင်ရှန်က ခေါင်းညိတ်သဘောတူလိုက်သည်။

"ငါ သိပါတယ်။ ဒီကိစ္စက တော်တော်အရေးကြီးတယ်။ ငါလည်း ပေါ့ပေါ့လေး သဘောမထားပါဘူး။ ညီလေးယောင်ရဲ့ အကြံပေးချက်က အကြံပေးချက် သက်သက်ပဲ။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ငါပဲ ဆုံးဖြတ်ရမှာ။ တကယ်လို့ ငါက အောင်အောင်မြင်မြင် မလုပ်နိုင်ဘူးဆိုရင်လည်း ငါ့တာဝန်ပဲ။ တခြားလူကို အပြစ်တင်လို့ မရဘူး…"

သူက ခဏရပ်ပြီးနောက် ထပ်ပြောလိုက်သည်။

"ညီလေးမုန့် …

ငါက အသွင်းပြောင်း (၇၂) မျိုး ကျင့်စဉ်နဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ အရာတစ်ခုကို သိထားတယ်…."

"အဲဒါက ဘာလဲ…"

သူပြောနေသည့် အသွင်ပြောင်း (၇၂)မျိုး ကျင့်စဉ်က မည်သည့်အရာဖြစ်ကြောင်း မုန့်ချီက မသိပေ။ ထို့ကြောင့် သူက သံသယဝင်မနေခဲ့ပေ။

သို့သော် ကျန်းယွင်ရှန်၏ စိတ်ထဲတွင်တော့ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်က တစ်မျိုးတည်းသာ ရှိနေသည်။ ထိုအရာက ဒဏ္ဍာရီထဲတွင် သူတော်စင်တစ်ယောက်၏ အခြေခံစည်းမျဉ်းများ ဖြစ်ခဲ့၏။

ကျန်းယွင်ရှန်က ခဏကြာ စဉ်းစားပြီး ပြောလိုက်သည်။

"သူတော်စင်ဆိုတာက ဒဏ္ဍာရီထဲမှာ အရမ်းကို ကြောက်စရာကောင်းတဲ့ အင်အားကြီး တစ်ခုပဲ။ သန့်စင်နယ်မြေတွေ ပေါ်ထွက်လာပြီးနောက် သူက ပျောက်ကွယ်သွားတယ်။ သူက နိဗ္ဗာန်(ငြိမ်းအေးရာ)ကို ရောက်သွားတယ်လို့ ပြောကြတယ်။ ဒါပေမယ့် ဒီလောက် အချိန်အများကြီးကြာပေမဲ့ သူနဲ့ ပတ်သက်တဲ့ ပုံပြင်ဒဏ္ဍာရီတွေကတော့ နည်းနည်းပဲ ရှိတယ်။ အသွင်ပြောင်း(၇၂)မျိုးကျင့်စဉ်ကိုတော့ ငါ့ဂိုဏ်းမှာ မှတ်တမ်းတင်ထားတာ တစ်ခုရှိတယ်။ အဲဒီကျင့်စဉ်ကို လေ့ကျင့်လိုက်မယ်ဆိုရင် ဗောဓိရွှေခန္ဓာကို ရနိုင်မယ်လို့ ပြောတာပဲ…"

ဗောဓိဟူသည်မှာ ပြီးပြည့်စုံပြီး အဆုံးမရှိနိုင်သော အသိဉာဏ်ပညာကို ဆိုလိုခြင်း ဖြစ်သည်။ ဗုဒ္ဓ၏သဘာဝအရ သူတို့က ဗုဒ္ဓလမ်းစဉ်တွင် အမြင့်ဆုံးအဆင့်ကို ကိုယ်စားပြုနေသည်။ ထို့ကြောင့်လည်း ဗုဒ္ဓရွှေခန္ဓာက ဗောဓိရွှေခန္ဓာနှင့် တူညီနေခြင်းဖြစ်၏။

မုန့်ချီက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူက ဗုဒ္ဓလမ်းစဉ် တပည့်တစ်ယောက် ဖြစ်ခဲ့သည့်အတွက် ဗုဒ္ဓ၏ သဘာဝနှင့် ဉာဏ်အလင်းပွင့်မှုကို ရှာဖွေခဲ့ရသည်။ သူက ဗုဒ္ဓရွှေခန္ဓာနှင့်‌ ဗောဓိရွှေခန္ဓာ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကိုလည်း ကြားခဲ့ဖူး၏။

ထိုအခေါ်အဝေါ်များထဲတွင်တော့ ဗုဒ္ဓနှင့် သူတော်စင်များက သီးခြားဆီ ဖြစ်တည်နေပြီး သူတို့က ကရုဏာကွမ်ရင် ဗောဓိတဗ္ပနှင့် ကစ္စတီဂါဘ ရွှေခန္ဓာကဲ့သို့ မဟုတ်ကြပေ။ ထိုအရာများက ကိုယ်တိုင်နားလည်ပြီးမှသာ ခေါ်ဝေါ်နိုင်သော အခေါ်အဝေါ်များ ဖြစ်ကြ၏။

"တကယ်လို့ သူကသာ ဉာဏ်အလင်းပွင့်မှုအဆင့်ကို ကိုယ်စားပြုနိုင်ပြီး အဆုံးမဲ့ဉာဏ်ပညာတွေ ရှိနေမယ်ဆိုရင် ဘာလို့ ခန္ဓာကိုယ်ကို အလေးထားရတာလဲ."

ကျန်းယွင်ရှန်က သံသယဝင်စွာ ပြောလိုက်သည်။

"ပြီးတော့ အသွင်ပြောင်းဆိုတဲ့ စကားလုံးက တာအိုဂိုဏ်းကနေ ရောက်လာတာ။ ဒီသူတော်စင်က သူ့ရဲ့သိုင်းပညာကို ဘာလို့ အသွင်ပြောင်း (၇၂)မျိုးကျင့်စဉ်လို့ နာမည်ပေးခဲ့လဲ ဆိုတာ ငါလည်း မစဉ်းစားတတ်တော့ဘူး။ ဒါပေမယ့် ဒီသိုင်းပညာက မသေနိုင်တဲ့ တာအိုတစ်ခုဆိုတာတော့ ငါသိတယ်။ ဒီနာမည်ရဲ့ နောက်ကွယ်မှာ ရှင်းလင်းချက်တွေ ပုံပြင်တွေတော့ အများကြီးပဲ…"

ထိုစကားကို ကြားသည့်အခါ မုန့်ချီကလည်း သံသယဝင်လာခဲ့သည်။

"ဟုတ်တယ်။ သူတော်စင်ရဲ့ခန္ဓာကိုယ်နဲ့ အဆုံးမဲ့ဉာဏ်ပညာတွေက ဘယ်လိုများ ပတ်သက်နေတာလဲ။ အဲဒီအရာတွေ အားလုံးရဲ့ နောက်ကွယ်မှာ ပြောင်းလဲမှုကြီးတွေ ရှိနေတာလား…"

သူကတော့ ဓမ္မကာရအဆင့်နှင့် အတော်လေးကို အလှမ်းဝေးနေသေးသည်မှာ ဝမ်းနည်းစရာကောင်း၏။ သူက ထိုအရာကို မသိနိုင်သေးပေ။

နောက်ပိုင်းနေ့ရက်များတွင် ကျန်းယွင်ရှန်က သူ၏ မိတ်ဆွေဟောင်း မုန့်ချီကို ဧည့်ခံမည်ဟူသော အကြောင်းပြချက်နှင့် ရွှမ်ဝူမြို့ထဲတွင် ဖူကျန်းကျန်းကို ခေါ်ပြီး လှည့်ပတ်သွားလာ၍ အစားအသောက်များကို လှည့်လည်စားသောက်နေကြသည်။ မုန့်ချီကလည်း သူတို့နှင့်အတူ လိုက်သွားခဲ့၏။

မုန့်ချီက စားစရာများကို စိတ်ဝင်တစား စားသောက်နေရချိန်တွင် ရွမ်ယုရှုက ဘာကြောင့် အစားအသောက် မက်ကြောင်း ရံဖန်ရံခါ စဉ်းစားနေမိသည်။ အကယ်၍ သူ့အခြေအနေကိုသာ သိလျှင် သူမက မနာလိုဖြစ်နေမည်လော။

သူက အချိန်ကြာကြာ မနေခဲ့ပေ။ ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့ကို နှုတ်ဆက်လိုက်ပြီးနောက် လှေတစ်စီးပေါ်သို့ တက်ပြီး ဟွမ် စီရင်စုဆီသို့ ထွက်လာခဲ့၏။

ကျန်းမိသားစုနှင့် စုန့်မိသားစုတို့၏ ပေါင်းစည်းမှုကြောင့် ကျန်းယွင်ရှန်ကို လူတိုင်းက အလေးထားနေသည်။ အကယ်၍ မုန့်ချီကသာ အချိန်ကြာမြင့်စွာ ဆက်နေမည်ဆိုလျှင် သူ၏နောက်ကြောင်းက ပေါ်သွားနိုင်၏။ အကယ်၍ ရှောင်လင်မှ စည်းကမ်းထိန်းသိမ်းရေး ကိုယ်တော်များကသာ သူ့ကို တွေ့သွားမည်ဆိုလျှင် ပြဿနာတက်နိုင်သည်။ ထို့ပြင် သူက ချီကျန်းရန်ဆီတွင်လည်း စုံစမ်းစရာများ ရှိနေသည့်အတွက် ထွက်သွားရန်ဆုံးဖြတ်လိုက်၏။

သူက ကျန်းယွင်ရှန်နှင့် ဖူကျန်းကျန်းတို့အတွက်ကိုတော့ အလွန်အမင်း စိုးရိမ်နေကြခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် အနည်းဆုံး တစ်နှစ်အတွင်း သူတို့က ထွက်ပြေးရန်အတွက် သေချင်ယောင်ဆောင်၍ မရနိုင်သေးပေ။ သူတို့က လေ့ကျင့်မှုကို အာရုံစိုက်ရန် လိုအပ်ပြီး စိန်ခေါ်မှုများ လုပ်ဆောင်၍ ကျရောက်လာမည့် သေမင်းတမန်တာဝန်ကို အဆင်သင့် ပြင်ထားရန် လိုအပ်သည်။

ယခုတစ်ကြိမ်တော့ မုန့်ချီက ဆံပင်တု ၊ ခေါင်းဆောင်းနှင့် ဓားကို ကိုင်ပြီး စာသင်သားတစ်ယောက်ကဲ့သို့ ဟန်ဆောင်ထားခဲ့သည်။ သူက လှေပေါ်သို့ ရောက်သည်နှင့် အခန်းထဲသို့ ဝင်သွားပြီး စာဖတ်ရန် အာရုံစိုက်နေခဲ့၏။ လှေပေါ်ရှိ အလုပ်သမားများက သူ့ဆီသို့ စားစရာများ ယူလာပေးကြသည်။

သူကတော့ ကုမ်လမ်းအစား ရေလမ်းကို ရွေးချယ်ခဲ့သည်မှာ အာရုံစိုက် လေ့လာချင်၍ ဖြစ်သည်။ သူက လက်ရှိအဆင့်ကို တည်ငြိမ်ချင်နေ၏။ ယခု သူ၏နှာခေါင်းတံခါး ပွင့်နေပြီး ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်က ပြည့်စုံလုနီးပါး ဖြစ်သွားသည်။ ထိုအရာနှစ်ခုစလုံးက စွမ်းအင်သလင်းကျောက်၏ တွန်းအားပေးမှုကြောင့် ရရှိသွားခြင်းဖြစ်ပြီး လိုအပ်ချက်များ ရှိနေသေး၏။ သူက ထိုအရာများကို သန့်စင်ရန် လိုအပ်နေသေးသည်။

ထို့ပြင် သူက ပြိုင်ဘက်ကို ဝေဝါးစေနိုင်သော ကျင့်စဉ်တစ်ခုဖြစ်သည့် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ကိုလည်း လေ့ကျင့်ရဦးမည်ဖြစ်သည်။ ထိုအရာက စိတ်ပိုင်းဆိုင်ရာကို နှောင့်ယှက်နိုင်ပြီး ချီစွမ်းအင်များ၏ အနှစ်သာရများကို နားလည်စေနိုင်သည်။

သူက မိုးကြိုးအမှတ်အသားကို အသုံးချပြီး ခရမ်းမိုးကြိုးစွမ်းအားကို လျင်မြန်စွာ အသုံးချနိုင်ရန် ရှာဖွေရဦးမည်ဖြစ်၏။ ခရမ်းမိုးကြိုးစွမ်းအားကို အသွင်ပြောင်း(၇၂)မျိုး ကျင့်စဉ်နှင့် ရေွှခေါင်းလောင်း အကာအကွယ်ကျင့်စဉ် တို့မှနေ၍ လေ့ကျင့်နိုင်ရန်လည်း မျှော်လင့်နေခဲ့၏။

အနှစ်သာရများကိုသာ နားလည်သွားမည်ဆိုလျှင် ခရမ်းမိုးကြိုးစွမ်းအားများက သူ၏ ခန္ဓာကိုယ် တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားနိုင်ပြီး မကောင်းဆိုးဝါး စမ်းသပ်ရေးဓားနှင့်ပေါင်းစပ်၍ မိုးကြိုးအမှတ်အသားကို အကူအညီပေးနိုင်သည်။

သူက ခရမ်းမိုးကြိုးဓား(၇)ချက်၏ (၅)ကွက်မြောက် သိုင်းကွက်ဖြစ်သော ကြမ်းတမ်းမိုးကြိုး လှုပ်ရှားခြင်း ကောင်းကင်ဓားသိုင်းကွက်ကိုလည်း လေ့လာချင်သေးသည်။ ထို့ပြင် သူက ကောင်းကင်ဓား အနှစ်သာရများကို ဆက်လက်လေ့လာပြီး တုကူးဓား (၉)ကွက်နှင့် ပုံရိပ်ယောင် ခန္ဓာလှုပ်ရှားမှုများကိုလည်း နားလည်ရန် လိုအပ်သေးသည်။

မုန့်ချီက လုပ်စရာများနေသည့်အတွက် လှေနှင့် ခရီးသွားရန် ရွေးချယ်လိုက်ခြင်း ဖြစ်၏။ သူကတော့ အချိန်ပြည့် လေ့လာနေရန်သာ အလေးထားနေခဲ့သည်။ လှေက ရေဆန်ကို သွားနေရသည့်အတွက် အလွန်အမင်း နှေးကွေးသည်။

ဟွမ်စီရင်စု၏ ပတ်ပတ်လည်တွင် တောင်ကုန်းများ ၊ ကြမ်းတမ်းသော ရေလှိုင်းများ လွှမ်းခြုံနေ၏။ တချို့မြစ်များက အချိန်ကာလတစ်ခုအတွင်းသာ ဖြတ်သန်းသွား၍ ရနိုင်သည့်အတွက် လမ်းပြများ၏ အကူအညီကိုပင် ယူကြရသည်။ ထို့ကြောင့် ဟွမ်စီရင်စုကိုရောက်ရန် တစ်လခန့် အချိန်ပေးရနိုင်၏။

အခန်းထဲတွင် မုန့်ချီက ဓားရှည်နှင့် ဓားမောက်နှစ်ချောင်းလုံးကို ကိုင်ထားသည်။ သူ၏ လှုပ်ရှားမှုက သာမန်သာ ထင်မှတ်ရသော်လည်း ပြောင်းလဲနေ၏။ ပြောင်းလဲမှုတိုင်းတွင် မည်သည့်အရာက အစစ်အမှန်ဟု ပြောပြရန် ခက်ခဲသော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးပေးနိုင်သည်။

ရုတ်တရက်ဆိုသလို ဓားရှည်နှင့် ဓားမောက်နှစ်ခုစလုံးက ပျောက်ကွယ်သွားခဲ့၏။ သူတို့က ဓားအိမ်ထဲသို့ မည်သည့်အချိန်တွင် ပြန်ရောက်သွားမှန်း ပြောရန် လုံးဝမဖြစ်နိုင်တော့ပေ။

မုန့်ချီက ကျေနပ်စွာ ခေါင်းညိတ်လိုက်မိ၏။

"နောက်ဆုံးတော့ ငါက အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်ရဲ့အနှစ်သာရ (၂)မျိုးကို နားလည်သွားပြီ…”

အစစ်အမှန် အင်မော်တယ်ဖိနှိပ်ခြင်းကျင့်စဉ်က ခန္ဓာကိုယ် အတွင်းပိုင်းနှင့် အပြင်ဘက်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ ပေါင်းစပ်နေသည့် အတောအတွင်း ကိုယ်တွင်းအင်္ဂါများက ကမ္ဘာမြေကြီးနှင့် ဆက်သွယ်သွားပြီး အပြင်ခန္ဓာကတော့ စကြဝဠာကြီးနှင့် ဆက်သွယ်သွားသည်။ ထိုအရာကတော့ အတွင်းနှင့်အပြင် ပေါင်းစပ်နိုင်သော ထူးခြားသည့်အနှစ်သာရတစ်ခု ဖြစ်သည်။ အနှစ်သာရ‌အခြေခံအဆင့်ကို နားလည်သွားသည့်အချိန်တွင် ဝိညာဉ်နှင့် ချီစွမ်းအားကို ပေါင်းစပ်နိုင်ပြီး ပြိုင်ဘက်၏ အာရုံများကို နှောင့်ယှက်နိုင်သည့် ပုံရိပ်ယောင်များ ဖန်တီးနိုင်သည်။

မုန့်ချီက ဓားရှည်နှင့် ဓားမောက်ကို အသုံးပြုနေသည့်အတွက် သူ၏ ချီစွမ်းအင်များကို သုံးထားရ၏။ ထို့ကြောင့် သူ့ခန္ဓာကိုယ်တွင် အတွင်းအပြင် သဘောတရားများ ဖြစ်ပေါ်လာပြီး မျက်ခုံးကြားပင်မတံခါးမှ စိတ်ဝိညာဉ်စွမ်းအားများကို သုံးစရမလိုတော့ပေ။

အဆုံးတွင်တော့ ထိုနည်းလမ်း၏ အခြေခံအဆင့်ကို နားလည်နိုင်ခဲ့၏။ မုန့်ချီက ပင်မနည်းလမ်းများကို ကောင်းကောင်းကြီး နားလည်သွားသည့်အချိန်တွင် သူ၏ ချီစွမ်းအင်များကို အမြင့်ဆုံးအထိ လေ့ကျင့်ရန် မခက်တော့ပေ။

မည်သို့ဖြစ်စေကာမူ ရှင်သန်ခြင်း၏ အဆုံးသတ်တွင် သေခြင်းတရားရှိနေပြီး အပြန်အလှန်ဖြစ်သည်။ အသွင်ပြောင်း (၇၂) မျိုးကျင့်စဉ်နှင့် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်မှ‌ လေ့ကျင့်ထားသော ချီစွမ်းအင်များက အလွန်လျင်မြန်သော အားဖြည့်ပေးနိုင်စွမ်း ရှိသည်။

ထိုနည်းလမ်း၏ အခြေခံအဆင့်ကို ရောက်ရှိသွားပြီးနောက် စွမ်းအားများက တစ်ဆင့်ထက်တစ်ဆင့် ပို၍များပြားလာပြီး အင်မော်တယ် ဖိနှိပ်ခြင်းကျင့်စဉ်ကိုသာ ရိုးရှင်းစွာ အလေးထား၍ မရတော့ပေ။ သို့သော် ရွှေခေါင်းလောင်း အကာအကွယ်ကျင့်စဉ်၏ အကာအကွယ် ရှိနေသည့်အတွက် မုန့်ချီက ရန်သူများကို ရင်ဆိုင်ရသည့်အချိန်တွင် လုံလောက်သည်ထက် ပိုလာသည်။

ထိုအချိန်တွင် အလွန်အေးစက်သော လေလှိုင်းတစ်ခု တိုက်ခတ်လာသည့်အတွက် သူလည်း တစ်ကိုယ်လုံး အေးစက်သွားခဲ့၏။

"ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် အေးနေရတာလဲ.။ အခုမှ နွေရာသီ အစောပိုင်းပဲ ရှိသေးတာကို…"

သူက ခရမ်းမိုးကြိုးစွမ်းအားနှင့် ဓားသိုင်းပညာ လေ့လာနေခြင်းကို ရပ်တန့်လိုက်ပြီး အခန်းထဲမှ ထွက်လာခဲ့သည်။ ထိုအချိန်တွင် မြစ်ထဲ၌ ဆောင်းရာသီ ရောက်နေသည့်အလား နှင်းပွင့်များ ကျဆင်းနေသည်ကို မြင်သည့်အခါ သူလည်း အလွန်ထိတ်လန့်သွားခဲ့၏။

မုန့်ချီက မကောင်းဆိုးဝါး စမ်းသပ်ရေးဓားကို ချက်ချင်း ယူလိုက်ပြီး အခန်းထဲမှထွက်၍ ထူးဆန်းသော အခြေအနေကို မေးရန် ထွက်လာခဲ့သည်။ သူက လှေကြီး၏ စားသောက်ခန်းထဲသို့ ရောက်လာသည့်အချိန်တွင် လှေထိုးသားအနည်းငယ် စုနေကြောင်း မြင်လိုက်ရသည်။

သူတို့က အိုးတစ်လုံးထဲတွင် စားစရာများကို အပူပေးနေကြ၏။ အလွန်မွှေးပျံ့သော ရနံ့များကလည်း နှာခေါင်းထဲသို့ တိုးဝင်လာကြသည်။

"သူတို့က ပိုပြီးတော့ သတိထားသင့်တယ်။ မဟုတ်ရင် အပြင်ဘက်မှာ မီးလောင်သွားနိုင်တယ်…."

မုန့်ချီက သူတို့ဆီကို လျှောက်သွားပြီး တလေးတစား မေးလိုက်သည်။

"အစ်ကိုတို့ … ဒီမှာဘာလို့နှင်းတွေ ကျနေရတာလဲ…"

လှေသမားများက အပူပေးထားသောအိုး၏ ပတ်ပတ်လည်တွင် ရှိနေကြသည်။ မုန့်ချီ၏ မေးခွန်းကို ကြားသည့်အခါ ခေါင်းဆောင်က ပြန်ဖြေလိုက်၏။

"လွန်ခဲ့တဲ့ လဝက်လောက်မှာ ပင်ကျင်းမှာရှိတဲ့ ကွေကလန်က ကွေချင်းယုက ဒီနေရာနဲ့ မလှမ်းမကမ်းမှာ တခြားပညာရှင်တစ်ယောက်နဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်လေ။ အဲဒီအချိန် ကတည်းကစပြီး ရာသီဥတုက ဒီလိုမျိုးဖြစ်နေတာပဲ။ ပုံမှန်အခြေအနေကို ပြန်ရောက်ဖို့ တစ်နှစ်လောက်တော့ အချိန်ပေးရဦးမယ်…"

"ဪ… ဒီလိုလား။ တော်တော်လေးကို ဆိုးတာပဲ…"

မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ထို့နောက် မုန့်ချီက သူတို့၏ အိုးထဲတွင် ရှိနေသော စားစရာများကို လက်ညှိုးထိုးပြီး မေးလိုက်၏။

"အစ်ကိုတို့ ….

ဘာတွေ စားနေကြတာလဲ။ စိတ်မရှိရင် ကျွန်တော့်ကိုရော ကျွေးလို့ရမလား။ ကျွန်တော်က ကျသင့်ငွေပေးပါ့မယ်…"

"ကိစ္စမရှိပါဘူး။ ဒါက ဝက်သားနဲ့ အမဲသား အတိုအစလေးတွေပါပဲ…"

ခေါင်းဆောင်က ‌တလေးတစား ပြန်ဖြေလိုက်ပြီး မုန့်ချီကို သူတို့နှင့်ထိုင်ရန် အချက်ပြလိုက်သည်။

"ငါ့အကြိုက်ဆုံးတွေပဲ…"

မုန့်ချီက စိတ်ထဲတွင် တွေးလိုက်ပြီး ထိုင်လိုက်၏။ သူက လှေသမားများကို ငွေစ တချို့ ပေးလိုက်ပြီး ပန်းကန်လုံးတစ်ခုယူ၍ အချဉ်ရည်နှင့် သောက်စရာတချို့ကို ယူလိုက်သည်။ ထို့နောက် သူက အသည်းနှင့်ကလီစာတချို့ကို ယူပြီး စားနေခဲ့သည်။

ထိုစာသင်သားက သူတို့၏ အခြေအနေကို ဂရုမစိုက်ကြောင်း မြင်သည့်အခါ လှေသမားများကလည်း အေးအေးဆေးဆေး ဆက်စားနေကြ၏။ သူတို့စားနေသည့် အချိန်တွင် နဖူးပေါ်မှ ချွေးများ ကျဆင်းလာနေခဲ့သည်။ ထိုကဲ့သို့ အစားအစာမျိုးက ယခုလို ရာသီဥတုအတွက် အလွန်ပြည့်စုံလှ၏။

"ဆရာကြီး …

ညစာခန်းမထဲမှာ တစ်ခုခုမှားနေတယ် ထင်တယ်…"

လှေသမားတစ်ယောက်က အတွင်းထဲကို ကြည့်ပြီးပြောလိုက်၏။

မုန့်ချီကလည်း အတွင်းထဲကို လှမ်းကြည့်လိုက်သည်။

Translated by Hein Htet.

All Chapters