အခန်း (၁၉၅)
Vol. 13 Ch. 195
ညစာခန်းမနှင့် မလှမ်းမကမ်းတွင် ရှိနေသော လူအနည်းငယ်က အေးခဲနေသော ကုန်းပတ်ပေါ်တွင် ချက်ပြုတ်ရန်အတွက် မီးမွှေးနေကြသည်။ မုန့်ချီက ပြန့်လှည့်ကြည့်လိုက်ရာ တဝက်တပျက်ခန့် ဟနေသော တံခါး၏ အတွင်းထဲကို မြင်လိုက်ရ၏။
ထိုအချိန်တွင် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု လှေထိုးသား ပြောခဲ့သော စကားလုံးက မည်သည့်အရာဖြစ်ကြောင်း သူလည်း ချက်ချင်း နားလည်သွားခဲ့သည်။ ခန်းမထဲတွင်လည်း အပြင်တွင် ရှိနေသော ရာသီဥတုကဲ့သို့ ရုတ်တရက် အေးစက်လာသည့်အတွက် လှေစီးသူများစွာက သူတို့၏ အခန်းထဲတွင်သာ နေထိုင်ရန် ရွေးချယ်ကြပြီး နွေးထွေးသော စောင်များ ပတ်နေကြသည်။
သူတို့က စားစရာ ၊ အရက်နှင့် ထူထဲသောစောင်များကို အစေခံများ ယူလာပေးရန် စောင့်ဆိုင်းနေကြသည်။ ထို့ကြောင့် ခန်းမထဲတွင် စားသောက်နေကြသော လူများစွာ မရှိကြပေ။ စားပွဲဝိုင်း (၅)ဝိုင်း ၊ (၆)ဝိုင်းခန့်သာ ရှိသည်။
စားပွဲဝိုင်းတစ်ခုတွင်တော့ အလွန်မောက်မာသော မျက်နှာထားရှိသည့် သခင်လေး တစ်ယောက် ထိုင်နေသည်။ သူ့မျက်နှာက ကလေးဆန်သော်လည်း ယဉ်ကျေးသိမ်မွေ့သယောင် ဟန်ဆောင်နေရသည်။ ခေါင်းတွင် ထိုးထားသော ကျောက်စိမ်းဆံထိုးနှင့် ခါးတွင် ချိတ်ထားသော ကျောက်စိမ်းဆွဲပြားတို့ကလွဲလျှင် သူ၏ ခန္ဓာကိုယ်ပေါ်၌ တခြားအဆင်တန်ဆာများ မရှိခဲ့ပေ။
သူ့အပြင် အစေခံတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော အဘိုးအိုတစ်ယောက်လည်း ထိုင်နေခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများ ပြည့်နေပြီး အသက်အရွယ် အိုမင်းနေပုံရ၏။ သို့သော် မျက်လုံးများကတော့ တဖိတ်ဖိတ် တောက်ပနေပြီး မျက်လုံး ဖွင့်လိုက်သည့်အချိန်တိုင်း ကြယ်များကဲ့သို့ ထင်မှတ်ရသည်။
နောက်ထပ် စားပွဲဝိုင်းတစ်ခုတွင်တော့ လှပသော နတ်သမီးလေးတစ်ယောက်သဖွယ် ထင်မှတ်ရသည့် မိန်းမပျို တစ်ယောက် ထိုင်နေသည်။ စားပွဲပေါ်တွင်တော့ အဖြူရောင်ဓားအိမ်ထဲတွင် ထည့်ထားသော ဓားရှည်တစ်လက်ရှိသည်။
သူမ၏ ပုံစံက အနည်းငယ် မသက်မသာ ခံစားနေရပုံပေါ်ပြီး အနားတွင် ရှိနေသော စားပွဲဝိုင်းနှစ်ခုကို ဆက်တိုက်ကြည့်နေခဲ့၏။ သူမ၏အနားတွင်တော့ ကြောက်စရာကောင်းသော လူတစ်ယောက် ထိုင်နေသည့် စားပွဲဝိုင်းတစ်ခု ရှိသည်။
သူ့ပုံစံက သာမန်သာ ဖြစ်သော်လည်း သူ၏လက်နှစ်ဖက်ကတော့ အလွန်ကြီးမားလွန်းလှပြီး လက်နှင့် ပတ်သက်သည့် သိုင်းပညာကို သေချာလေ့ကျင့်ထားပုံပေါ်သည်။
တခြားစားပွဲဝိုင်းတစ်ခုတွင်တော့ စုံတွဲတစ်တွဲ ထိုင်နေကြ၏။ ယောကျ်ား၏ မျက်နှာ အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး ဆက်တိုက်ချောင်းဆိုးနေသည်။ သူ့ပုံစံကို ကြည့်ရသည်မှာ ရောဂါဝေဒနာကြောင့် နာမကျန်းဖြစ်နေသလို ထင်မှတ်ရ၏။
မိန်းမ၏ရုပ်ရည်က အလွန်လှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်နှင့် ချောမွေ့သော အသားအရည်ကို ပိုင်ဆိုင်ထားသည်။ လှေထိုးသားများက တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားမိသည်မှာ တစ်ကိုယ်တော် မိန်းမပျိုနှင့် ရက်စက်ကြမ်းကြုတ်သော လူသန်ကြီးတို့၏ အမူအရာကြောင့် ဖြစ်သည်။ ထိုအရာက သံသယဝင်စရာ ကောင်း၏။
သူတို့၏အနားတွင်တော့ စားပွဲဝိုင်း (၂)ခု ရှိနေသည်။ စားပွဲဝိုင်း တစ်ခုတွင်တော့ အရက်အိုးပေါင်းများစွာကို သောက်ထားသော အရက်သမား တစ်ယောက်ရှိနေပြီး သူ့စားပွဲပေါ်ရှိ စားစရာများကိုတော့ ထိပင် ထိမထားခဲ့ပေ။ သူ၏မျက်နှာက နီရဲနေပြီး မျက်လုံးများက ရီဝေဝေဖြစ်နေသည်။
တံခါးအနားတွင် ရှိနေသော စားပွဲတွင်တော့ သခင်လေးများကဲ့သို့ ဝတ်ဆင်ထားသော လူငယ် (၂)ယောက် ထိုင်နေကြသည်။ တစ်ယောက်က အထက်တန်းလွှာ ခေါင်းဆောင်းတစ်ခုနှင့် ဓားတစ်ချောင်းကို ကိုင်ထားပြီး မျက်နှာက ရှည်ရှည်သွယ်သွယ် မျက်နှာမျိုးဖြစ်သည်။
တခြားတစ်ယောက်၏ မျက်နှာ အမူအရာကတော့ ပြုံးနေသလား သက်ပြင်းချနေသလားပင် ခန့်မှန်း၍ ခက်သော အမူအရာမျိုးရှိသည်။
"တစ်ခုခု ဆိုးရွားတာတွေ ဖြစ်တော့မယ်။ လှေပိုင်ရှင်ကို သွားပြီး သတင်းပေးလိုက်။ ပြီးတော့ ဒီနေရာကို အစောင့်တွေ လွှတ်ခိုင်းလိုက် … "
ခေါင်းဆောင်က ပြဿနာကို သတိထားမိသည့်အတွက် သူ့ကို တီးတိုးလာပြောသော လှေထိုးသားကို အမိန့်ပေးလိုက်သည်။
လှေထိုးသားများက ဓားသမားများ၏ တိုက်ပွဲများအကြောင်းကို သိနေကြသည်။ သူတို့သာ တိုက်ခိုက်ကြမည်ဆိုလျှင် လှေထိုးသားများလည်း ဘာမျှမလုပ်နိုင်ကြချေ။ ထို့ကြောင့် လှေထိုးသားက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး လှေပိုင်ရှင်ကို ရှာဖွေရန် လှေအနောက်ဘက်သို့ လျှောက်သွားခဲ့သည်။
မုန့်ချီကတော့ ဝက်အူလေးကို တူနှင့် ညှပ်လိုက်ပြီး အချဉ်တို့၍ စားလိုက်သည်။ ထို့နောက် ခန်းမအနားသို့ ကပ်သွားခဲ့၏။ တရားမျှတမှုမရှိသော အရာများ ဖြစ်လာလျှင်တော့ သူတတ်နိုင်သည့် စွမ်းရည်ရှိလျှင် ကူညီပေးရန် စဉ်းစားထားသည်။
မုန့်ချီက တံခါးဆီသို့ လျှောက်သွားပြီး သူ၏နားတံခါးကို အသက်သွင်းလိုက်သည်။ ပထမဆုံး သူကြားလိုက်ရသည့်အရာက သခင်လေးနှစ်ယောက်၏ စကားသံများဖြစ်ကြ၏။
"အစ်ကိုထန်…
ကျွန်တော်တို့က မတွေ့ရတာ (၃)နှစ်လောက်တောင် ကြာနေပြီ။ အခု အစ်ကိုက တံခါး(၆)ပေါက် ပွင့်နေပြီဆိုတော့ လူငယ်တွေထဲမှာ ပညာရှင်တစ်ယောက်လို့ သတ်မှတ်နိုင်ပြီ။ ကျွန်တော်တို့က ဒါကို သောက်စားပြီး ဂုဏ်ပြုသင့်တယ်…"
ဓားကိုင်ထားသော သခင်လေးက ခွက်ကို မြှောက်ပြီး အပြုံးနှင့်ပြောလိုက်သည်။ သူ၏ဖော်ရွေမှုကို ပြသသည့်အနေဖြင့် အစ်ကိုထန်ကလည်း သူနှင့် ခွက်ချင်း တိုက်လိုက်သည်။ သူက သက်ပြင်းချ၍ ပြောလိုက်၏။
"ညီလေးဝမ်…
ငါက မင်းကို အကြံတစ်ခုတော့ ပေးမယ်။ မိုင်ထောင်ပေါင်းများစွာ ခရီးသွားပြီး မတူညီတဲ့အရာတွေကို တွေ့ကြုံခဲ့ရတာက မင်းရဲ့မြို့မှာ (၁၀)နှစ်လောက် အားကြိုးမာန်တက် လေ့ကျင့်နေတာထက် ပိုပြီးတော့ သာတယ်။ လွန်ခဲ့တဲ့ (၃)နှစ်လောက်တုန်းက ငါလည်း သခင်လေးယဲ့ရဲ့လက်ထဲမှာ ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ရတယ်။ ငါက အရမ်းကို ရှက်သွားတဲ့အတွက် တခြားသူတွေနဲ့တောင် မတွေ့ရဲခဲ့ဘူး…”
“နောက်ဆုံးတော့ ငါလည်း ကိုယ့်ကိုယ်ကိုယ် စိန်ခေါ်မယ်လို့ တွေးပြီး သိုင်းလောကမှာ ကျင်လည်ခဲ့တာပဲ။ ဒီခရီးစဉ်အတောအတွင်း ဒီကမ္ဘာကြီးက အကြီးကြီးပဲ ဆိုတာ ငါနားလည်သွားတယ်။ ဒီကမ္ဘာကြီးထဲမှာ ပညာရှင်တွေလည်း အများကြီးပဲ။ အခက်အခဲတွေနဲ့ အနိုင်ကျင့်မှုမျိုးစုံကို ကြုံပြီးသွားတဲ့အချိန်မှာ ငါက အတော်လေး အကျိုးရှိခဲ့တယ်။ လွန်ခဲ့တဲ့(၃)နှစ်လောက်မှာ ငါက တံခါး (၄)ပေါက် ပွင့်ခဲ့ပြီး ငါ့ရဲ့ ဓားသိုင်းပညာကလည်း တော်တော်လေး တိုးတက်ခဲ့တယ်။ အရင်တုန်းကနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သိသိသာသာကို ပြောင်းလဲသွားပါပြီ။ အခုအိမ်ကို ပြန်လာတဲ့အချိန်မှာ ငါက သခင်လေးယဲ့ရဲ့ တိုးတက်မှုတွေကို ယှဉ်နိုင်မယ်လို့ ထင်တာပဲ…"
သူက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
သခင်လေးဝမ်ကလည်း အပြုံးနှင့် ပြောလိုက်၏။
"သခင်လေးယဲ့နဲ့ သူ့အဖော်တွေက ယီမြို့ထဲမှာ ဆက်ပြီးတော့ ကျင်လည်နေကြတုန်းပဲ။ သူလည်း (၄)နှစ်လောက် အသက်ကြီးသွားပြီပေါ့။ အခုဆိုရင် သူက အရွယ်ရောက်သူ တစ်ယောက်လိုတောင် ဖြစ်နေပြီ။ အစ်ကိုထန် .. အစ်ကို ပြန်ရောက်သွားမယ်ဆိုရင် အစ်ကို့ရဲ့အောင်မြင်မှုတွေကို သိသွားတာနဲ့ သူတို့ရဲ့ အမူအရာတွေက ဘယ်လိုဖြစ်သွားမလဲဆိုတာ သိချင်နေပြီ… "
"ယီမြို့ …."
မုန့်ချီက အနည်းငယ် စဉ်းစားနေမိသည်။
“အဲဒါက အစ်ကိုကြီးချီ တာဝန်ယူထားရတဲ့ မြို့ငယ်လေး မဟုတ်ဘူးလား..”
ကျိုးနိုင်ငံထဲတွင် ရှိနေသော ယဲ့တူမြို့က ဟွမ်စီရင်စု၏ မြို့တော်ဖြစ်ပြီး ယီမြို့ကတော့ ယဲ့တူမြို့တော်၏ အနားတွင် ရှိနေသော မြို့ငယ်လေး တစ်မြို့ဖြစ်သည်။ ထိုမြို့ငယ်လေး၏ လယ်ဧက ဆယ်ပုံ တစ်ပုံခန့်ကို ဟွမ်ဟွာဓားဂိုဏ်းက ပိုင်ဆိုင်ထားသည်။
ထို့ကြောင့် ချီကျန်းရန်က တောင်ပေါ်မှဆင်းပြီး အပြင်ဘက်၌ ကာကွယ်ရန် တောင်းဆိုခဲ့သည့်အချိန်တွင် သူ့ကို ထိုမြို့ငယ်လေးဆီသို့ စေလွှတ်ပြီး ဆရာဦးလေးကို ကူညီခိုင်းခဲ့သည်။ ထိုနေရာတွင် တည်းခိုဆောင်များ ၊ လယ်ယာမြေများ ၊ လယ်သမားများ ၊ ဈေးဆိုင်များနှင့် တခြားအလုပ်များကို ကူညီခိုင်းခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုနေရာတွင် စီမံညွှန်ကြားရန် ကိစ္စရပ်များစွာ ရှိနေ၏။ သူနှင့်ဆရာဦးလေးတို့က တစ်ယောက်တစ်ပိုင်းဆီ တာဝန်ယူထားကြရသည်။ သူကတော့ အေးအေးဆေးဆေး လွတ်လပ်သောဘဝတွင် နေထိုင်နေသည့်အတွက် မုန့်ချီက သူ့ဆီတွင် တစ်နှစ်ခန့် နေနိုင်မည်ဟု တွေးထားခဲ့သည်။ ထို့နောက် သူက လုံးဝအရွယ်ရောက်လာပြီး ဆံပင်များ ရှည်လာလျှင် သိုင်းလောက တစ်ခွင်သို့ လှည့်ပတ်ရန် စဉ်းစားထားခဲ့၏။
သူက အစ်ကိုထန်ကို စိုက်ကြည့်လိုက်ရာ ထိုလူငယ်က အသက် (၂၅) (၂၆)ဝန်းကျင်သာ ရှိနေကြောင်း တွေ့လိုက်ရသည်။ သူက အပြစ်ရှိသလို ပြောလိုက်၏။
"ယဲ့စန်းရဲ့ စကားလုံးတွေနဲ့ သူ့စကားတွေအရ သူ့အသက်က ငါနဲ့အတူတူလောက်ပဲ။ သူ့မှာ ဘာအတွေ့အကြုံမှ မရှိဘူး။ သူက အခုမှ တံခါး (၆)ပေါက်ပဲ ပွင့်နေသေးတယ်။ သူ့ကိုကြည့်ရတာ အထက်တန်းလွှာ မိသားစုတစ်ခုက ထင်တာပဲ…"
ယီမြို့က မြို့ကြီးတစ်မြို့ မဟုတ်ချေ။ ထိုမြို့ကို ယဲ့တူမြို့တော်က ကျားကန်ပေးထားသည့်အတွက် ကုန်သည်ပေါင်းများစွာ ဝင်လိုက်ထွက်လိုက် ရှိနေသည့်အတွက် စည်ကားသော နေရာတစ်ခုဟု သတ်မှတ်နိုင်သည်။ သို့သော် အထက်တန်းလွှာမိသားစု (၅)ခုထက် ပို၍မရှိနိုင်ပေ။
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အစ်ကိုထန် ၊ သခင်လေးဝမ်တို့နှင့် စကားပြောရန် အခွင့်အရေးကို ရှာဖွေနေခဲ့သည်။ ထိုသို့ဆိုလျှင် သူက နောက်ပိုင်း ယီမြို့ထဲ၌ နေထိုင်သည့်အချိန်တွင် ပို၍ အဆင်ပြေနိုင်သည်။
မိတ်ဆွေပိုများခြင်းက သူ့အတွက် အခွင့်အရေး ပိုများနိုင်သည်။ အစ်ကိုထန်ကတော့ အရက်တစ်ခွက်ငှဲ့ပြီး လက်ထဲတွင် လှုပ်လိုက်သည်။ သူက ပြောလိုက်၏။
"ငါက ငါရခဲ့တဲ့ အရှက်တရားတွေကို ပြန်ပြီး လက်တုန့်ပြန်ရမယ်။ အဲဒါပြီးသွားရင်တော့ နောက်တစ်ကြိမ် ခရီးသွားပြီး တံခါး (၉)ပေါက် ပွင့်အောင် ကြိုစားရမယ်။ ဒါမှမဟုတ်ရင်လည်း တစ်နေ့နေ့မှာ ဝေ့ကျင်းတစ်ဝက်အဆင့်ကို ရောက်အောင် ကြိုးစားရမယ်။ ညီလေးဝမ် မင်းရော ငါနဲ့လိုက်ခဲ့ချင်လား…"
သခင်လေးဝမ်က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။
"ကျွန်တော်တို့က အသက်အတူတူပဲ ။ ဒါပေမယ့် ကျွန်တော်ကတော့ ဆေးရည်တွေရဲ့ အကူအညီနဲ့ အခုမှ မျက်လုံးတံခါးပွင့်နေတာ ။ ဒါကြောင့် ကျွန်တော်က သိုင်းပညာလေ့ကျင့်ဖို့ အစီအစဉ်ကို ဖယ်ရှားလိုက်ပြီ။ မိသားစု စီးပွားရေးကိုပဲ အာရုံစိုက်တော့မယ်…"
"ဒါလည်း ကောင်းပါတယ်လေ။ တကယ်လို့ မင်းသာ ကမ္ဘာကြီးထဲမှာ လှည့်ပတ်သွားလာနေမယ်ဆိုရင် ဘယ်အချိန် ခေါင်းဖြတ်ခံရမလဲ ဆိုတာလည်း မသိနိုင်ဘူး။ လမ်းပေါ်မှာ မင်းအလောင်းက ဘယ်အချိန်ကျနေပြီး တောခွေးတွေက လာစားမလဲဆိုတာလည်း မသိနိုင်ဘူး…"
အစ်ကိုထန်ကတော့ အတိတ်မှတ်ဉာဏ်များ ပြန်ပေါ်လာသည့်အလား သူ၏ မျက်နှာပေါ်တွင် အကြောက်တရား အနည်းငယ် ရှိနေသည်။
မုန့်ချီက သိုင်းလောကတွင် အတွေ့အကြုံရှိသူတစ်ယောက်ဟု သတ်မှတ်နိုင်သည်။ အစ်ကိုထန်၏ စကားလုံးနှင့် အမူအရာကို ကြည့်ပြီး သူ အိမ်ပြန်ရသည့် အကြောင်းပြချက်က ကံဆိုးမှုများကို ရှောင်တိမ်းရန်ဖြစ်ကြောင်း နားလည်သွားခဲ့၏။
သူတို့စကားပြောနေစဉ် အတောအတွင်း ခန်းမအလယ်ရှိ အခြေအနေက နောက်ဆုံးတွင် ပေါက်ကွဲလာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သောလူက စားပွဲကို လက်နှင့် ရိုက်ချလိုက်သည့်အတွက် စားပွဲက နှစ်ခြမ်းကွဲသွားခဲ့၏။ ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး တစ်ကိုယ်တော် မိန်းမပျိုဆီသို့ လျှောက်သွားခဲ့သည်။
သူက အံကြိတ်ပြီး ပြောလိုက်၏။
"ခွေးမ… ငါတို့ရဲ့အရေးကြီးကိစ္စကိုများ ဝင်ရှုပ်ရဲတယ်။ နင်က အသက်ရှင်နေရတာ စိတ်ကုန်နေပြီထင်တယ်…"
နောက်ဆုံးတွင်တော့ သူက တည့်တည့်ပင် လှုပ်ရှားလိုက်ပြီး အနီးအနားတွင် ရှိနေသော လူများကို လျစ်လျူရှုလိုက်သည်။ သူက တစ်ကိုယ်တော် မိန်းမပျိုနှင့် တိုက်ခိုက်ရန် ပြင်ဆင်လိုက်၏။
တစ်ချိန်တည်းတွင် ချောင်းဆိုးနေသည့် လူနှင့် အလွန်လှပသော သူ့မိန်းမကလည်း မတ်တပ်ရပ်လိုက်ပြီး သူမ ထွက်မပြေးနိုင်စေရန် တခြားဖက်မှ ချဉ်းကပ်လာကြသည်။
တစ်ကိုယ်တော် မိန်းမပျိုကတော့ အသက်(၂၃) ဝန်းကျင်သာ ရှိနေသေး၏။ သူမ၏ မျက်ခုံးများက တောင်တန်းများသဖွယ် ဖြစ်နေပြီး နှာခေါင်းချွန်ချွန်နှင့် ရှားပါးသော မိန်းမလှတစ်ယောက်ဟု သတ်မှတ်နိုင်သည်။
သူမက မျက်မှောင်ကြုတ်လိုက်သည့်အချိန်တွင် ပြတ်သားမှုများ ပေါ်လွင်နေ၏။ သူမက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး ခုခံရန် ပြင်ဆင်လိုက်သည်။
"ကောင်းကင်ကြီးက တရားမျှတပါတယ်။ တကယ်လို့ ကျွန်မက ရှင်တို့ကိစ္စကို ဝင်မရှုပ်ဘူးဆိုရင်တောင် တခြားဓားသမားတွေက အဲဒီလို လုပ်ကြမှာပဲ…"
"ဖျက်ဆီးရေးဂိုဏ်း…
မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်ထဲက ဖျက်ဆီးရေးဂိုဏ်းလား…"
မုန့်ချီက မျက်မှောင်ကြုတ်၍ တွေးလိုက်မိသည်။
အမှန်တရားကို မြတ်နိုးသော အထက်တန်းလွှာမိသားစုများ၏ ဖိနှိပ်မှုကြောင့် မကောင်းဆိုးဝါး လမ်းစဉ် (၉)သွယ်ကို သာမန်လူများက မသိကြပေ။ ထို့ကြောင့် သူ့အနားတွင် ရှိနေသော သင်္ဘောသားများစွာက အချင်းချင်း စိုက်ကြည့်ပြီး ဇဝေဇဝါဖြစ်နေကြ၏။
"ဖျက်ဆီးရေးဂိုဏ်းလား,…"
မုန့်ချီက ရှင်းပြလိုက်သည်။
"မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်ထဲက တစ်ခုဖြစ်တဲ့အတွက် ဖျက်ဆီးရေးဂိုဏ်းက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး လူသားကမ္ဘာကြီးကို သူတို့ရဲ့အပိုင် သိမ်းပိုက်ချင်နေတယ်။ သူတို့က တော်တော်လေး အစွမ်းထက်ကြပြီး ကြောက်စရာကောင်းတဲ့ အကြံအစည်တွေလည်း အများကြီးရှိတယ်။ ဓမ္မကာရအဆင့်ကို ရောက်နေတဲ့ မကောင်းဆိုးဝါးသခင် ဟန်ကွမ်ကတော့ ရှောင်လင်ကျောင်းထိုင် ကုံဝမ်နဲ့ တိုက်ပွဲမှာ ပျောက်ကွယ်သွားတယ်။ ဒါကြောင့် သူတို့က ဆိုးဆိုးရွားရွားကို ထိခိုက်သွားရပြီး ပုန်းအောင်းနေကြရတာ။ သူတို့ရဲ့နာမည်ကျော်ပညာရှင်တွေထဲမှာ ကောင်းကင်ဖျက် မကောင်းဆိုးဝါး (၈)ယောက်နဲ့ မကောင်းဆိုးဝါး လူသား (၁၉)ယောက်ရှိတယ်…"
"ဪ… "
ထိုလူဆိုးများက အလွန်ကြောက်စရာကောင်းသော စွမ်းအားများ ရှိနေကြောင်း လှေထိုးသားများက နားလည်သွားခဲ့သည်။ သူတို့က အလွန်ထူးခြားသူများ ဖြစ်ကြ၏။
မုန့်ချီ၏ စကားကို ကြားသည့်အခါ ကြောက်စရာကောင်းသောလူက ချက်ချင်း တိုက်ခိုက်ခဲ့ခြင်း မရှိဘဲ တစ်ကိုယ်တော်မိန်းမပျိုကို ကြည့်၍ အပြုံးနှင့် ပြောလိုက်သည်။
"ရှန်ရှို့မေ …
နင်က ဒီနေ့ သေရတော့မယ်ဆိုမှတော့ ငါတို့နဲ့အတူ ပျော်စရာလေးတွေ ဖန်တီးကြရင် ပိုကောင်းမယ်…"
သူက ယုတ်မာရိုင်းစိုင်းသော စကားလုံးများကို သုံးပြီး ထိုမိန်းမပျိုကို အရှက်ရအောင် ကြိုးစားနေသည်။ ထိုသို့ဆိုလျှင် သူအနိုင်ရရန် အခွင့်အရေးက ပိုမြင့်လာနိုင်၏။
"ရှန်ရှို့မေလား… နေမင်းနီဓား ရှုန်ရှို့မေလား…"
မုန့်ချီက တစ်ယောက်တည်း ရေရွတ်လိုက်မိပြီး ညာလက်နှင့် ဓားလက်ကိုင်ကို ကိုင်လိုက်သည်။ သူက သူမကို ကူညီပေးရန် ဆန္ဒရှိနေ၏။
"ရှန်ရှို့မေလား… "
ဘေးတွင်ရှိနေသော လှေထိုးသားများက နောက်တစ်ကြိမ် ဇဝေဇဝါ ဖြစ်သွားကြပြန်သည်။
မုန့်ချီကတော့ သူ့တာဝန်အတိုင်း ရှင်းပြလိုက်သည်။
"သူက တောင်(၃)လုံး မြစ်(၄)သွယ်မှာ နာမည်ကျော် မိန်းမပျိုဓားသမား တစ်ယောက်လေ။ သူက ကျိုးတောင်တန်းမှာ ရှိတဲ့ ဓားဂိုဏ်းတစ်ခုကပဲ။ သူက တံခါး(၆)ပေါက် ပွင့်နေပြီး ထူးခြားတဲ့ ဓားပညာပိုင်ဆိုင်ထားတယ်…"
"ဒါကြောင့်လည်း ဖျက်ဆီးရေးဂိုဏ်းက လူ(၃)ယောက်က တွေဝေမနေကြတာကိုး…."
သူက ဝူချင်းရှင်၊ ရှန့်ကွမ်းဟန်တို့နှင့် စကားပြောသည့်အချိန်တွင် ထိုနာမည်ကို ကြားခဲ့ဖူးသည်။ သူတို့က ထိုမိန်းမပျိုကို အလွန်လှပသော နတ်သမီး တစ်ယောက်သဖွယ် ပုံဖော်ခဲ့ကြ၏။ သူ့ရှေ့တွင် ရှိနေသော မိန်းမပျိုကလည်း သူတို့ပုံဖော်ခဲ့ကြသည့်ပုံစံနှင့် အတော်လေးကို ကိုက်ညီနေသည်။
"ဪ… ငါတို့ နားလည်သွားပြီ…"
ရှန်ရှို့မေကို သိသွားပြီးနောက် သူတို့က သူမအတွက် ဝမ်းနည်းနေကြသည်။ သူတို့က လှေနောက်ဘက်ကို လှမ်းကြည့်ပြီး တခြားအစောင့်များက လာရောက် ကူညီရန် မျှော်လင့်နေကြ၏။
သူပြောလိုက်ပြီးနောက် ဓားလက်ကိုင်ကို ကိုင်ထားသော မုန့်ချီက စိတ်အေးသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ရှန်ရှို့မေ၏ နာမည်ကို ကြားသည့်အခါ မာနကြီးသော အမူအရာ ရှိနေသည့် လူငယ်ကလည်း ဓားလက်ကိုင်ကို ကိုင်လိုက်ကြောင်း မြင်လိုက်ရ၏။ ကြည့်ရသည်မှာ သူက မိန်းမလှလေးကို ကယ်ချင်နေပုံရသည်။
"တကယ်လို့ မင်းက သူ့ကို ကယ်ချင်နေတယ်ဆို သွားကယ်လိုက်ပါ… "
မုန့်ချီကတော့ မလိုအပ်လျှင် လှုပ်ရှားလိုခြင်းမရှိပေ။ ထို့ကြောင့် သူက ပွဲကြည့်သူ တစ်ယောက်အဖြစ်သာ လျင်မြန်စွာ ပြန်ပြောင်းလိုက်၏။
ရှန်ရှို့မေက စိတ်ရှည်လက်ရှည် ပြောလိုက်သည်။
"သံလက်မကောင်းဆိုးဝါးနဲ့ ပျော်ရွှင်ခြင်း မကောင်းဆိုးဝါး… တကယ်လို့ ရှင်တို့က ကျွန်မကို သတ်ချင်တယ်ဆိုရင် အခုပဲ လုပ်လိုက်ပါ။ ဘာတွေများ စိုးရိမ်နေတာလဲ.."
"သံလက် မကောင်းဆိုးဝါးလား… ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးလား…. "
လှေထိုးသားများက မုန့်ချီကိုကြည့်ပြီး ရှုပ်ထွေးစွာ မေးလိုက်ကြပြန်သည်။
မုန့်ချီကတော့ နာမကျန်းဖြစ်နေသော လူနှင့် အလွန်လှပသော သူ့မိန်းမကို ကြည့်ပြီး ပြောလိုက်သည်။
"ဖျက်ဆီးရေးဂိုဏ်းမှာရှိတဲ့ မကောင်းဆိုးဝါး လူသား (၁၉)ယောက်လုံးက ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေပဲ။ သူတို့တွေထဲမှာ အနိမ့်ဆုံးအဆင့်ကတောင် တံခါး (၇)ပေါက် ပွင့်နေပြီ။ သံလက် မကောင်းဆိုးဝါးက သူတို့တွေထဲက တစ်ယောက်ပဲ။ ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးလည်း အတူတူပဲ။ သူတို့က ဘယ်တစ်ယောက်လဲ ဆိုတာ ငါလည်း စဉ်းစားနေခဲ့တာ…"
အလွန်လှပသော မိန်းမဖြစ်သူက အပြုံးနှင့် ပြောလိုက်သည်။
"ညီမလေးရှန် …
နင်က ငါ့ကို မှတ်မိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ငါက နင့်ကို အံ့ဩရအောင်လုပ်ဖို့ ရည်ရွယ်ထားခဲ့တာ…"
သူမက အေးအေးဆေးဆေး အမူအရာနှင့် သူ့ယောကျ်ား၏ ပုခုံးကို ကိုင်၍ ဖြည်းညင်းစွာ ရှေ့တိုးလာခဲ့သည်။ သူ့ယောကျ်ားကတော့ ချောင်းဆိုးနေသေး၏။
"အနိမ့်ဆုံးအဆင့်တောင် တံခါး (၇)ပေါက် ရှိတာလား။ ဒါပေမယ့် မိန်းကလေးရှန်ကတော့ တံခါး (၆)ပေါက်ပဲ ပွင့်သေးတယ်လေ။ ဒါဆိုရင် သူက အန္တရာယ်များနေပြီ မဟုတ်လား…."
အခြေအနေကို စစ်ဆေးကြည့်လိုက်ပြီးနောက် လှေထိုးသားများက ပြောလိုက်သည်။
မုန့်ချီက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"မကောင်းဆိုးဝါးလူသား (၁၉)ယောက်မှာ သူတို့ရဲ့ကိုယ်ပိုင် ထူးခြားမှုတွေရှိတယ်။ သူတို့က သာမန်ဉာဏ်အလင်းပွင့်မှုအဆင့် ပညာရှင်တွေထက် အဆပေါင်းများစွာပိုပြီး အစွမ်းထက်တယ်။ မကောင်းဆိုးဝါးလူသားနှစ်ယောက်ကို ရင်ဆိုင်ရမယ်ဆိုရင် မိန်းကလေးရှန်ဆီမှာ ထူးခြားတဲ့ ဓားပညာရှိနေရင်တောင် သေချာပေါက် ရှုံးနိမ့်ရမှာပဲ…"
အခြေအနေကို ရှင်းပြနေစဉ် သံလက်မကောင်းဆိုးဝါးက တံခါး (၇)ပေါက် ပွင့်နေပြီး ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးက တံခါး (၈)ပေါက် ပွင့်နေကြောင်း သူတို့၏လှုပ်ရှားမှုကို ကြည့်၍ သေချာသွားခဲ့သည်။
မုန့်ချီပြောသည့် စကားကို ကြားသည့်အခါ ရှန်ရှို့မေက သက်ပြင်းချလိုက်ပြီး ပြတ်သားစွာ ပြောလိုက်၏။
"တိုက်ခိုက်ပါ။ ဒီနေ့ တစ်ယောက်ယောက်တော့ သေးရမှာပဲလေ…"
"တော်တော်ကို ခေါင်းမာတဲ့ မိန်းကလေးပဲ။ ငါက နင့်ကို ခေါ်ပြီး ကောင်းကောင်းလေ့ကျင့်ပေးဖို့ ဆန္ဒရှိနေခဲ့တာ… "
သံလက်မကောင်းဆိုးဝါးက ညာလက်နှင့် ရှန်ရှို့မေ၏ ဓားကို ဆွဲဖမ်းရန် ကြိုးစားလိုက်သည်။
တစ်ချိန်တည်းတွင် သူမ၏ ခန္ဓာကိုယ်က အလွန်အမင်းကို ဆွဲဆောင်မှုရှိစွာ လှုပ်ရှားလာခဲ့၏။ သံလက်မကောင်းဆိုးဝါး၏ ကြောက်စရာကောင်းသော လက်ဝါးချက်ကို ရင်ဆိုင်နေရသည့်အချိန်တွင် ရှန်ရှို့မေ၏ မျက်နှာတွင် ပူလောင်သော လေလှိုင်းတစ်ခု တိုက်ခတ်လာသည်ကို ခံစားလိုက်ရသည်။ ရှန်ရှို့မေက သူမ၏ ဓားရှည်ကို သွက်လက် ဖြတ်လက်စွာလှုပ်ရှားလိုက်၏။
“နဂါးတံခါးကို ကျော်လာတဲ့ ငါး(၃)ကောင် ဓားကွက်…
မိန်းကလေးရှန်က ဒါကို ကောင်းကောင်းကြီး ကျွမ်းကျင်နေတာပဲ။ ဒါပေမဲ့ သံလက်မကောင်းဆိုးဝါနဲ့ ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးတို့က ပိုပြီးအစွမ်းထက်တယ်…"
မုန့်ချီက လှေထိုးသားများကို ပြောပြလိုက်သည်။
"ရပ်လိုက်…"
ရုတ်တရက်ဆိုသလို အော်သံတစ်ခု ထွက်ပေါ်လာ၏။ ထိုအရာကတော့ မာနကြီးသော လူငယ်ဆီမှ ဖြစ်သည်။ သူက ခါးတွင် ချိတ်ထားသော ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။
"မကောင်းဆိုးဝါးလမ်းစဉ်ကို လူတိုင်းမုန်းတီးကြတယ်။ မိန်းကလေးရှန် ငါ မင်းကို ကူညီပေးမယ်…"
လှေထိုးသားများက အံ့အားသင့်သွားကြသည်။
"လူတစ်ယောက်တော့ လာကူနေပြီ။ သူ့ရဲ့အစွမ်းကရော ဘယ်လိုရှိလဲ…"
မုန့်ချီက ပြုံးလိုက်၏။ အကယ်၍ ထိုသခင်လေးက သူတို့၏ ပြိုင်ဘက်မဟုတ်လျှင်ပင် အစေခံအိုကြီးကတော့ သူတို့ကို တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် သူက ပြောလိုက်၏။
"ကြည့်ရတာ ဒီသခင်လေးရဲ့ လှုပ်ရှားမှုအရ သူလည်း တံခါး (၆)ပေါက် ပွင့်နေပြီ ထင်တယ်။ ဒါပေမဲ့ သူက ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးရဲ့ပြိုင်ဘက်မဟုတ်ဘူး…"
ပုံမှန်အားဖြင့် လူတစ်ယောက်က ကြည့်နေသူဆီမှ ထိုကဲ့သို့ မှတ်ချက်မျိုးကို ကြားရလျှင် ပေါက်ကွဲသွားနိုင်သည်။ မုန့်ချီကတော့ မည်သည့်အရာများဖြစ်လာနိုင်ကြောင်း စိတ်ဝင်တစား စောင့်ကြည့်နေ၏။
အရှိန်အဝါများ မြင့်တက်လာသည့်အချိန်တွင် ထိုသခင်လေးကတော့ အမှန်တရားအပေါ် ရပ်တည်လိုသော စိတ်ဓာတ်များ ပြင်းပြလာပြီး ကြောက်စရာကောင်းစွာ တိုက်ခိုက်ခဲ့သည်။ သူက ဓားကွက်တစ်ကွက်တည်းနှင့် ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးကို နောက်ဆုတ်သွားအောင် တွန်းအားပေးနိုင်ခဲ့၏။
"အဆင့်မြင့်ဝိညာဉ်… ကျိုးနိုင်ငံမှာရှိတဲ့ ဝမ်မိသားစု…"
မုန့်ချီက ဟွမ်စီရင်စုထဲသို့ ဝင်လာရန် စီစဉ်ထားသည့်အတွက် ကျန်ယွင်ရှန်ဆီမှ ဟွမ်စီရင်စုနှင့် ပတ်သက်သော သတင်းများကို စုံစမ်းထားခဲ့သည်။ အထက်တန်းလွှာမိသားစု (၁၄)ခုထဲမှ တစ်ခုဖြစ်သော ကျိုးနိုင်ငံ ဝမ်မိသားစုက သူသိထားသင့်သော အရာများထဲမှ ပထမဆုံးတစ်ခုဖြစ်သည်။ သူတို့ မိသားစု၏ နာမည်ကျော်ကြားသော စွမ်းရည်က အဆင့်မြင့်ဝိညာဉ်ဖြစ်၏။
ကြည့်နေသူ၏ စကားကြောင့် လူငယ်က ထိတ်လန့်သွားသော်လည်း ကျိုးနိုင်ငံ ဝမ်သခင်လေးက သူ၏ဓားသိုင်းပညာကို လျင်မြန်စွာ စုစည်း၍ ပျော်ရွှင်ခြင်း မကောင်းဆိုးဝါးနှင့် သူမ၏ခင်ပွန်းကို ဆက်တိုက် နောက်ဆုတ်သွားစေခဲ့၏။
ရှန်ရှို့မေကလည်း သူမ၏ ဓားသိုင်းကို အစွမ်းကုန်သုံးနေပြီး သံလက်မကောင်းဆိုးဝါးကို ကြောက်စရာကောင်းစွာ တိုက်ခိုက်နေသည်။ ထိုသခင်လေးက ကျိုးနိုင်ငံ ဝမ်မိသားစုမှ ဖြစ်ကြောင်း နားလည်သွားပြီးနောက် ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးနှင့် သံလက်မကောင်းဆိုးဝါးတို့က နောက်ဆုတ်သွားရန် ရည်ရွယ်ထားကြ၏။
သူတို့က ထိုသခင်လေးကို မကြောက်ချေ။ သို့သော် ထိုသခင်လေး၏ အနားတွင် ရှိနေသော ထိုအစေခံအိုကြီးကို စိုးရိမ်နေကြသည်။ ထိုအချိန်၌ တခြားသော စားပွဲဝိုင်းတွင် ထိုင်နေသော အရက်သမားက မတ်တပ်ရပ်လိုက်၏။
သူက ညာဘက်သို့ လှမ်းခုန်လိုက်ပြီး အနားတွင် ရှိနေသော အစ်ကိုထန်နှင့် သခင်လေးဝမ်တို့ကို သူ့လက်ထဲတွင် ရှိနေသော တူနှင့် ထိုးစိုက်လိုက်သည်။ သူက မထင်မှတ်ထားသော အချိန်ကို ရွေးချယ်ထားခဲ့ပြီး သတ်ဖြတ်လိုစိတ်ကိုလည်း ပြသခဲ့ခြင်း မရှိပေ။ သူတို့နှင့် အနီးဆုံးတွင် ရှိနေသော မုန့်ချီကပင် ကယ်တင်ရန် အချိန်မရခဲ့ပေ။
ထိုအရာက ဝါးတူနှစ်ချောင်းသာဖြစ်၏။ တစ်ခုက သခင်လေးဝမ်၏ လည်ပင်းကို ထိုးဖောက်သွားပြီး တခြားတစ်ခုက သခင်လေးထန်၏ လည်ပင်းကို ဦးတည်နေသည်။
သခင်လေးထန်ကတော့ တစ်ချိန်လုံး သတိထားနေပုံရ၏။ သူက ရှန်ရှို့မေနှင့် တခြားလူများ၏ တိုက်ပွဲကြောင့် အာရုံပျံ့သွားသော်လည်း ပတ်ပတ်လည်ကို အာရုံစိုက်နေသေး၏။ ထိုကဲ့သို့ အရေးပေါ်အခြေအနေမျိုးတွင် သူက ချက်ချင်း နောက်သို့ ပြန်ဆုတ်လိုက်ပြီး သစ်သားနံရံဆီကို လှမ်းခုန်လိုက်သည်။ ထို့နောက် ရေထဲသို့ ခုန်ချသွားခဲ့၏။
"ဗွမ်း…"
သူကျသွားသည့်နေရာတွင် သွေးများ ပေါ်လာခဲ့သည်။ အဆုံးတွင်တော့ သူလည်း အနည်းငယ် နောက်ကျသွားပုံရ၏။ သစ်သားတူက သူ့လည်ပင်းကို ထိုးဖောက်သွားပုံရသည်။
သူတို့ကို လုပ်ကြံသတ်ဖြတ်ပြီးသွားသော အရက်သမားကလည်း ဆက်မနေတော့ဘဲ နံရံအပေါက်မှ ခုန်ချပြီး မြစ်ထဲသို့ ဆင်းပြေးသွားခဲ့သည်။ သူတို့ကို ကယ်တင်ရန် မအောင်မြင်ခဲ့သည့်အတွက် မုန့်ချီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
ထိုလုပ်ကြံသူက နေရာတိုင်းတွင် ကျွမ်းကျင်နေပုံရသည်။ သူ့ပုံစံအရ မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်ထဲရှိ ရက်စက်ခြင်းကျောင်းဆောင်အဖွဲ့အစည်းမှ နာမည်ကျော်လုပ်ကြံရေးသမားဖြစ်နိုင်သည်။ သူတို့အပြင် အခကြေးငွေဖြင့် လုပ်ကြံသတ်ဖြတ်သော နောက်ထပ်အဖွဲ့နှစ်ဖွဲ့ (၃)ဖွဲ့ခန့်ရှိသည်။
ဥပမာအနေနှင့် ပြောရလျှင် မကောင်းဆိုးဝါးလမ်းစဉ် (၉)သွယ်ထဲမှ အသက်ပြောင်းလဲခြင်းဂိုဏ်းနှင့် ဂိုဏ်ကြီး(၆)ခုထဲမှ သံချပ်ဝတ်ကျောင်းဆောင်တို့ ဖြစ်ကြသည်။
တစ်ဖက်တွင်တော့ နောက်ဆုတ်ရန် ပြင်ဆင်နေသော ပျော်ရွှင်ခြင်းမကောင်းဆိုးဝါးက ဝမ်မိသားစုမှ သခင်လေးကို နောက်ဆုတ်သွားအောင် တွန်းလိုက်သည်။ ထို့နောက် သူလည်း သစ်သားနံရံကို တိုက်ပြီး သူ့ယောကျ်ားနှင့်အတူ ရေထဲသို့ ခုန်ချသွားခဲ့၏။
အစေခံအိုကြီးကတော့ လှုပ်ရှားခြင်းမရှိဘဲ ရပ်နေခဲ့၏။ သူ့သခင်လေးက အန္တရာယ်မကြုံမချင်း လှုပ်ရှားမည့်ပုံ မရှိချေ။
သံလက် မကောင်းဆိုးဝါးကလည်း ရှန်ရှူမေကို နောက်ဆုတ်သွားအောင် တွန်းထုတ်လိုက်သည်။ သူလည်း တံခါးမှ ပြေးထွက်ပြီး သင်္ဘောကုန်းပတ်ပေါ်သို့ တက်၍ မြစ်ထဲသို့ ခုန်ချရန် ပြင်လိုက်၏။
မုန့်ချီကို ဖြတ်သွားသည့်အချိန်တွင် သူက မျက်မှောင်ကြုတ်နေမိသည်။ အလွန်စကားများသော ထိုလူငယ်က အတော်လေးကို ကြောက်စရာကောင်း၏။ ထို့ကြောင့် သူက ပြေးနေစဉ် မုန့်ချီကို ခြေထောက်နှင့် လှမ်းကန်ရန် ကြိုးစားလိုက်လေသည်။
Translated by Hein Htet